အပိုင်း၃၄၁
Vol. 25 Ch. 341
မျှော်လင့်ထားသည့် အတိုင်းပါပဲ။ အထီးကျန်တောင်နယ်မြေ အတွင်းထဲ အထိတော့ မိစ္ဆာတွေနဲ့ မိစ္ဆာသားရဲတွေက လိုက်လံ တိုက်ခိုက်ခြင်း မပြုခဲ့ပါဘူး။
ဒါပေမဲ့လည်း ဂိုဏ်းပေါင်း တစ်ရာဟာ သူတို့၏ အကြီးမားဆုံး ဆုံးရှုံးမှုကြီးဟု ဆိုရနိုင်တဲ့ ပြန်လည် ဝင်စားခြင်းနယ်ပယ် ပညာရှင် ၅ယောက်ကို ဆုံးရှုံးလိုက်ရပါပြီ။
သူတို့ထဲက တစ်ယောက်က ပြန်လည် ဝင်စားခြင်းနယ်ပယ် အလယ်အလတ်ပိုင်း ပညာရှင် ဖြစ်ပြီး ကျန်လေးယောက်ကတော့ ပြန်လည် ဝင်စားခြင်းနယ်ပယ် အဆင့်နိမ့်ပိုင်း ဖြစ်ပါတယ်။
ထို့အပြင် ကောင်းကင်နယ်ပယ် ပညာရှင်ပေါင်း တစ်ထောင်ကျော်နှင့် မြေကမ္ဘာ ပညာရှင်ပေါင်း တစ်သောင်းကျော် တို့၏ အသက်တွေကိုပါ ပေးလိုက် ရပါသေးတယ်။
ဒါက သည်တိုက်ပွဲ တစ်ခုပဲ ရှိပါသေးတယ်။ နောက်ထပ်လာမယ့် တိုက်ပွဲတွေမှာ အသက်ပေါင်း ဘယ်လောက် ထပ်ပေးဆပ် ရဦးမလဲ ဆိုတာကိုတော့ ဘယ်သူမှ ကြိုမပြောနိုင်သေးပါဘူး။
လီဖူချန်းကတော့ တောင်နက် နယ်မြေထဲကို ရောက်ရောက်ချင်းမှာပဲ ကျင့်ကြံဖို့ အတွက် ပြင်ဆင်ပါတော့တယ်။
သူရွေးချယ်လိုက်တဲ့ နေရာကတော့ တောင်နက်မြို့ထဲမှာ မဟုတ်ပါဘူး။ သူက တောင်နက်မြို့နဲ့ မိုင်ပေါင်း၁၀၀ ကွာဝေးတဲ့ အနက်ရောင် တောင်တန်းတွေ ပေါ်မှာ ကျင့်ကြံဖို့ အတွက် ရွေးချယ်လိုက်တာပါ။
မိုင်ပေါင်း တစ်ထောင်ကျော် ရှည်လျားတဲ့ အနက်ရောင် တောင်တန်းကြီးရဲ့ အတွင်းပိုင်း တစ်နေရာ ... ... ...
ပူပြင်းတောက်ပတဲ့ အလင်းရောင် တစ်ခုကတော့ ပတ်ဝန်းကျင် တစ်ခုလုံးကို ထိန်ထိန်လင်း နေအောင် စွမ်းဆောင် ပေးထားပါတယ်။
ဟူး ... ... ဟူး ... ... ဟူး ... ...
တိုက်ခတ်လာတဲ့ လေနီကြမ်းတစ်ခုနဲ့အတူ နေဝန်းငယ်လေး တစ်ခုဟာ ကောင်းကင်ယံသို့ တဖြည်းဖြည်း မြှင့်တက် လာနေပါပြီ။ ထိုနေဝန်းငယ်ရဲ့ အလယ်ဗဟိုတွင်တော့ ဖြစ်တည်စ ပြုနေတဲ့ မီးတောက် ဆန္ဒလေးတစ်ခု။
အစစ်အမှန် ငရဲမီးတောက်ဆန္ဒ ... ... ...
ဟုတ်ပါတယ်။ ဒါက ငရဲမီးဓားဆန္ဒထက် ပိုအားကောင်းတဲ့ ပိုအားကောင်းတဲ့ အတွင်းအား ဆန္ဒပါ။
အကယ်၍ ငရဲမီးဆန္ဒက လူတစ်ယောက်ရဲ့ ဓားသိုင်းကို တိုးတက် စေနိုင်စွမ်း ရှိတယ်ဆိုရင် အစစ်အမှန် ငရဲမီးတောက် ဆန္ဒက လူတစ်ယောက်ရဲ့ ချီအတွင်းအား တွေကို တိုက်ရိုက် တိုးတက် စေနိုင်ပါတယ်။
လူတစ်ယောက်ရဲ့ ခုခံနိုင်စွမ်း၊ တိုက်ခိုက်နိုင်စွမ်းနဲ့ အမြန်နှုန်းဟာ ချီအတွင်းအားနဲ့ သက်ဆိုင် နေတာပါ။ ချီအတွင်းအား ကောင်းလာလေလေ အဲဒီ ဘက်တွေမှာ ပိုအစွမ်းထက်လာလေလေပါပဲ။
စိတ်မကောင်းစရာ တစ်ခုကတော့ လီဖူချန်းရဲ့ အစစ်အမှန် ငရဲမီးတောက် အတွင်းအား ကျင့်စဉ်ဟာ အဆင့်၁၉မှာပဲ ရှိပါသေးတယ်။ သူ့အနေနဲ အစစ်အမှန် ငရဲမီးတောက် အတွင်းအား ဆန္ဒကို အပြည့်အဝ ထုတ်သုံးနိုင်ဖို့ အတွက်ဆိုရင် နောက်ထပ် အဆင့်၂ဆင့်ကို အောင်မြင်မှ ရမှာပါ။ အဲဒီ အဆင့်၂ဆင့်ကို အောင်မြင်ဖို့ အတွက်ကတော့ ထင်ထားသလောက် လွယ်ကူမှာ မဟုတ်ပါဘူး။
အစစ်အမှန် ငရဲမီးတောက် အဆင့်၁၉ အတွင်းအားတွေ အခြေကျသွားတဲ့ နောက်မှာတော့ လီဖူချန်းဟာ ဆင်နဂါးခန္ဓာကိုယ် သွန်းလောင်းခြင်း နည်းစနစ်ရဲ့ စတုတ္ထအခန်းကို စတင် လေ့ကျင့် ပါတော့တယ်။
ဒီအခန်းကတော့ ကောင်းကင်နယ်ပယ်နဲ့ သက်ဆိုင်နေတာပါ။ ဒီအခန်းကို လေ့ကျင့် အောင်မြင် သွားရင်တော့ လီဖူချန်းရဲ့ ခံနိုင်ရည်ဟာ အဆင့်၅ မိစ္ဆာသားရဲ အရေခွံ ချပ်ဝတ် တန်ဆာတွေနဲ့တောင် ယှဉ်လို့ ရနေပါပြီ။ အဆင့်၄ မိစ္ဆာတွေရဲ့ ခန္ဓာကိုယ်တောင်မှ သူ့လောက် ကြံ့ခိုင်ခြင်း ရှိတော့မှာ မဟုတ်ပါဘူး။
အချိန်တွေ တဖြည်းဖြည်း ကုန်ဆုံးသွားတာနဲ့ အမျှ လီဖူချန်းရဲ့ ဆင်နဂါး ခန္ဓာကိုယ် သွန်းလောင်းခြင်း နည်းစနစ်ဟာလည်း ပိုပိုပြီး တိုးတက် လာခဲ့ပါတယ်။
အဆင့်၄ မိစ္ဆာ သွေးအဆီအနှစ်တွေ လုံလုံလောက်လောက် ရထားတဲ့ လီဖူချန်း အတွက်ကတော့ ဒီစတုတ္ထ အခန်းကို လေ့ကျင့်ရတာက ငှက်ပျောသီး အခွံနွှာ ရသလောက်ကို မခက်ပါဘူး။
မိစ္ဆာသွေး အဆီအနှစ်နဲ့ လေ့ကျင့်ချင်သူတွေ အတွက် လိုအပ်ချက်က တစ်ခုပဲ ရှိပါတယ်။ အဲဒါကတော့ မိစ္ဆာသွေး အဆီအနှစ်တွေထဲမှာ ကိန်းအောင်းနေတဲ့ မိစ္ဆာချီတွေရဲ့ ဖိနှိပ်မှုကို တောင့်ခံနိုင်ဖို့ပါပဲ။
မိစ္ဆာသားရဲတွေရဲ့ သွေးအဆီအနှစ် တွေထဲမှာ ဆိုရင် သူတို့ရဲ့ ရုန့်ရင်း ကြမ်းတမ်းတဲ့ အရိုင်းစိတ်တွေနဲ့ မိစ္ဆာချီတွေ ကိန်းအောင်းနေလေ့ ရှိပါတယ်။ သာမန် ကောင်းကင်နယ်ပယ် ပညာရှင်တွေကတော့ သွေးအဆီအနှစ်တွေ ပါဝင်တဲ့ သွေးစက် အနည်းငယ်ကို တစ်ထိုင်တည်းနဲ့ သန့်စင် နိုင်ပါတယ်။ ဒါပေမဲ့ သွေးအဆီအနှစ် သွေးစက်၁၀စက်ထက် ကျော်ပြီး သန့်စင် လိုက်ရင်တော့ ထိုပညာရှင်ရဲ့ စိတ်အခြေအနေဟာ မကောင်းတာ့ပါဘူး။ သွေးအဆီအနှစ် သွေးစက် ၂၀အထိ သန့်စင်လိုက်ရင်တော့ ထိုပညာရှင်ဟာ သေချာပေါက်ကို ရူးပါပြီ။
အဲသည်အတွက် စိတ်ဝိညာဉ် ခွန်အား ကောင်းလှပါတယ်ဆိုတဲ့ ထွဋ်ခေါင်ပါရမီရှင် တွေတောင်မှ မိစ္ဆာသွေး အဆီအနှစ် အများကြီးကို တစ်ထိုင်တည်းနဲ့ မသန့်စင်ဝံ့ပါဘူး။
ဒါပေမဲ့လည်း အရာရာတိုင်းမှာတော့ ချွင်းချက်ဆိုတာ ရှိနေတတ်တာပါပဲ။
လီဖူချန်းကတော့ သူ့ရဲ့ အပြာရောင် စိတ်ဝိညာဉ်နဲ့ ရွှေရောင်လက်ဖွဲ့ အဆောင်တို့ကို အားကိုးပြီး မိစ္ဆာသားရဲ သွေးအဆီအနှစ်တွေကို အကြောက်အလန့် မရှိ စိတ်တိုင်းကျ သန့်စင် နေပါတယ်။
သိပ်မကြာခင်မှာတော့ လီဖူချန်းဟာ ဆင်နဂါးခန္ဓာကိုယ် သွန်းလောင်းခြင်းကျမ်း စတုတ္ထ အခန်းရဲ့ အကြိုပြီး ပြည့်စုံခြင်း အဆင့်အထိ ရောက်သွားခဲ့ပါပြီ။
ယခုလက်ရှိ လီဖူချန်းရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုက ကောင်းကင်နယ်ပယ် အဆင့်၃ သာမန် ပညာရှင် တစ်ယောက်ရဲ့ တိုက်ခိုက်မှုကိုတောင် ဂရုစိုက်စရာ မလိုတော့ပါဘူး။
ဒါပေမဲ့ အကြိုပြီး ပြည့်စုံခြင်း အဆင့်ကို ရောက်ပြီးသွားတဲ့ နောက်မှာတော့ သူ့ရဲ့ ကျင့်စဉ် ကျင့်ကြံမှုနှုန်းဟာ အတော်လေး နှေးကွေးသွားပြီ ဆိုတာကို လီဖူချန်း တစ်ယောက် သတိပြုမိ လိုက်ပါတယ်။
သူ့ရဲ့ စိတ်ဝိညာဉ် ခွန်အားက မိစ္ဆာသွေး အဆီအနှစ်ထဲမှာ ခိုဝင် ကိန်းအောင်းနေတဲ့ မိစ္ဆာချီတွေကို တောင့်ခံနိုင်ခြင်း မရှိတော့လို့တော့ မဟုတ်ပါဘူး။ သူ့ရဲ့ ခန္ဓာကိုယ်က ပြဿနာ ဖြစ်နေတာပါ။ ရုတ်တရက် ဖြစ်ပေါ်လာတဲ့ ခန္ဓာကိုယ် ပြောင်းလဲမှုတွေ အတွက် လီဖူချန်းရဲ့ ခန္ဓာကိုယ်က အဆင်သင့် ဖြစ်ဟန် မရှိသေးပါဘူး။
သည်လိုနဲ့ပဲ လီဖူချန်းရဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှုက ကောင်းကင် နယ်ပယ် အဆင့်၅ ပညာရှင် တစ်ယောက်ရဲ့ တိုက်ခိုက်မှုကိုတောင် ဂရုစိုက်စရာ မလိုတော့တဲ့ အထိ ဖြစ်လာခဲ့ပါပြီ။
တစ်နေ့မှာတော့ လီဖူချန်းရဲ့ တံဆိပ်တော်ဟာ တုန်ခါလာခဲ့ပါတယ်။
"တိုက်ပွဲက ပြန်စတော့မှာလား "
လီဖူချန်းက ကျင့်ကြံနေရာကို အလျင်အမြန် ရပ်လိုက်ပြီး တောင်နက် မြို့ဘက်သို့ ကမန်းကတန်း ပျံသန်း သွားပါတော့တယ်။
အချိန်တို အတွင်းမှာပဲ အနီးအနားမှာ ရှိနေတဲ့ ပညာရှင်တွေ အကုန်လုံးဟာ တောင်နက်မြို့ထဲကို ရောက်ရှိ လာကြပါပြီ။
တောင်နက်မြို့ရဲ့ ကောင်းကင်ယံ ထက်မှာတော့ ခမ်းနားကြီးကျယ်တဲ့ ချီအရှိန်အဝါတွေကို ထုတ်လွှတ်နေတဲ့ ပုဂ္ဂိုလ် တစ်ယောက် ရှိနေပါတယ်။ အဲဒီလူကတော့ ဆံဖြူအဘိုးကြီး တစ်ယောက်ပါပဲ။
" ပြန်လည် ဝင်စားခြင်းနယ်ပယ် အထွတ်အထိပ် ပညာရှင် "
လီဖူချန်းက ထိုအဘိုးကြီးကို အကဲခတ်နေရင်းနဲ့ ခပ်တိုးတိုး ရေရွတ် လိုက်ပါတယ်။
ပြန်လည် ဝင်စားခြင်းနယ်ပယ် အထွတ်အထိပ် ပညာရှင်တွေဟာ အင်မတန် ရှားပါးပါတယ်။ အရှေ့ယူနီကွန်း တိုက်ကြီး တစ်ခုလုံးမှာ တောင်မှ ပြန်လည် ဝင်စားခြင်းနယ်ပယ် အထွတ်အထိပ် ပညာရှင်တွေက လက်ဆယ်ချောင်း မပြည့်ပါဘူး။
လီဖူချန်းကတော့ ဒီဆံဖြူ အဘိုးကြီးဟာ အခြားသော ပြန်လည် ဝင်စားခြင်း နယ်ပယ် အထွတ်အထိပ် ပညာရှင်တွေထက်ကို ပိုပြီး အစွမ်းထက် လောက်တယ်လို့ ခံစားနေရပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ ဒီအဘိုးကြီးရဲ့ ခန္ဓာကိုယ်ပေါ်မှာ သိပ်မွေ့နက်နဲတဲ့ အသိဆန္ဒတစ်ခု လှည့်ပတ် သွားနေလို့ပါပဲ။
အသိဆန္ဒတစ်ခုက အခုလို ခန္ဓာကိုယ် အပြင်ဘက်မှာ လှည့်ပတ် သွားလာစေဖို့ ဆိုရင် ထိုပညာရှင်ဟာ မြေကမ္ဘာအဆင့် အတွင်းအား ကျင့်စဉ် သို့မဟုတ် မြေကမ္ဘာအဆင့် သိုင်းပညာကို လေ့ကျင့် ထားရပါမယ်။
" ဂိုဏ်းပေါင်းတစ်ရာရဲ့ အခြေခံ အုတ်မြစ်တွေကလည်း အရမ်းကို နက်ရှိုင်းနေတာပဲ။ ဒီအတိုင်းဆိုရင်တေ့ာ နတ်ဆိုး ၁၀ပါးနယ်မြေက ဂိုဏ်းပေါင်း တစ်ရာကို လွယ်လွယ်နဲ့တော့ အနိုင်ယူနိုင်မှာ မဟုတ်သေးဘူး "
ယခုအချိန်မှာတော့ လီဖူချန်းဟာ ဂိုဏ်းပေါင်း တစ်ရာကို ပိုပြီး ယုံကြည်လာမိပါပြီ။
" အထွဋ်ခေါင်ချုပ် ပင်မ အကြီးအကဲက တံခါးပိတ် ကျင့်ကြံ နေရာကနေ ထွက်လာခဲ့ပြီ။ သူပါ တိုက်ပွဲထဲကို ဝင်ပါလာပြီဆိုတော့ ငါတို့အနေနဲ့ နတ်ဆိုး၁၀ပါးနယ်မြေကို ကြောက်စရာ မလိုတော့ဘူး။ အထွဋ်ခေါင်ချုပ် ပင်မအကြီးအကဲက ချိုတစ်ချောင်း နတ်ဆိုးဘုရင်ကိုတောင် တစ်ယောက်ချင်း ယှဉ်တိုက်နိုင်တယ်။ "
အနက်ရောင် ကြေးခွံမိစ္ဆာနဲ့ ရင်ဆိုင်ခဲ့တဲ့ ဖုန်းရွှယ်ဂိုဏ်းက အထွဋ်ခေါင်ချုပ် အကြီးအကဲ လေးယောက် ကတော့ ပြုံးလို့ရွှင်လို့ပါပဲ။
ဖုန်းရွှယ်ဂိုဏ်းမှာ အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်ဖြစ်တဲ့ အထွဋ်ခေါင်ချုပ် ပင်မ အကြီးအကဲက စစ်ပွဲထဲကို ဝင်လာခဲ့ပြီ မဟုတ်ပါလား။
အထွဋ်ခေါင်ချုပ် ပင်မအကြီးအကဲက မပြည့်စုံတဲ့ မြေကမ္ဘာအဆင့်နိမ့် အတွင်းအား ကျင့်စဉ်ကို အဆင့်၂၃အထိ လေ့ကျင့်ထားပြီးပြီ ဖြစ်သလို မြေကမ္ဘာ အဆင့်နိမ့် သိုင်းပညာတစ်ခုရဲ့ ပထမပိုင်းကိုလည်း အောင်မြင်ထားပြီးပါပြီ။
အထွဋ်ခေါင်ချုပ် ပင်မအကြီးအကဲက သာမန် ပြန်လည် ဝင်ခြင်းနယ်ပယ် အထွတ်အထိပ် ပညာရှင်တွေ ထက်ကို အများကြီး ပိုအစွမ်းထက်ပါတယ်။
" ထွက်ခွာမယ်ဟေ့ "
ပြန်လည် ဝင်စားခြင်း နယ်ပယ် ပညာရှင်တစ်ယောက်ကတော့ သူ့ရဲ့လက်ကို ဝှေ့ယမ်းပြီး ထွက်ခွာဖို့ အတွက် အချက်ပြလိုက်ပါပြီ။
ဟူး ... ... ဟူး ... ... ဟူး ... ... ဟူး ... ...
သည်တစ်ကြိမ်မှာတော့ တောင်နက်မြို့ထဲမှာ ပညာရှင်တစ်ယောက်မှ ကျန်မနေခဲ့ပါဘူး။
***
- တောင်ဖြူနယ်မြေ -
အချိန်ကာလက ၂ပတ် ကျော်လွန်လာခဲ့ပါပြီ။ ဒီတစ်ကြိမ်မှာတော့ ဂိုဏ်းပေါင်း တစ်ရာဟာ အရင်လို ခက်ခက်ခဲခဲနဲ့ နတ်ဆိုး ၁၀ပါးနယ်မြေကို ရင်မဆိုင်ရတော့ပါဘူး။
အထူးသဖြင့် ဂိုဏ်းပေါင်း တစ်ရာက ပြန်လည်ဝင်စားခြင်းနယ်ပယ် ပညာရှင်တွေဟာ နတ်ဆိုး၁၀ပါး နယ်မြေနဲ့ လက်ရည်တူ ယှဉ်လာနိုင်ခဲ့ပါတယ်။
အရင်တိုက်ပွဲတွေမှာ ဂိုဏ်းပေါင်း တစ်ရာဘက်က ရှုံးနိမ့်ခဲ့ရတာဟာ အစွမ်းထက်တဲ့ ပြန်လည် ဝင်စားခြင်းနယ်ပယ် အထွတ်အထိပ် ပညာရှင်တွေ စစ်ပွဲထဲကို မဝင်လာသေးလို့ပါပဲ။ ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ ဖုန်းရွှယ်ဂိုဏ်းရဲ့ အထွဋ်ခေါင်ချုပ် ပင်မအကြီးအကဲ ပါလာခဲ့ပါပြီ။
ဖန်း ... ... ဖန်း ... ... ဖန်း ... ...
ဝုန်း ... ဝုန်း ... ...
ဟူး ... ... ဟူး ... ...
စစ်မြေပြင်ရဲ့ အလယ်မှာတော့ လူသား တစ်ယောက်နဲ့ မိစ္ဆာတစ်ကောင်ဟာ အကျိတ်အနယ် တိုက်ခိုက် နေကြပါတယ်။
ချိုတစ်ချောင်း နတ်ဆိုးဘုရင် ဆိုတာက အဆင့်၅ မိစ္ဆာ အမျိုးအစား ထဲကပါပဲ။ ဒါပေမဲ့ သူက အဆင့်၅ မိစ္ဆာတွေထဲမှာ အစွမ်းအထက်ဆုံး မိစ္ဆာ ဖြစ်ပါတယ်။ အနက်ရောင် ကြေးခွံ မိစ္ဆာတောင်မှ ချိုတစ်ချောင်း နတ်ဆိုး ဘုရင်ကို မော်မကြည့်ဝံ့ပါဘူး။
ချိုတစ်ချောင်း မိစ္ဆာကြီးရဲ့ ခန္ဓာကိုယ် တစ်ခုလုံးကိုတော့ အစိမ်းရောင် ကြေးခွံတွေ ထူထပ်စွာ ဖုံးအုပ်ထားပြီး ဦးခေါင်းထက်မှာတော့ အင်မတန် မာကျောဟန်တူတဲ့ ဦးချိုတစ်ချောင်း ရှိနေပါတယ်။ ဒီဦးချိုကြီးက အခြားသောမိစ္ဆာတွေရဲ့ ဦးချိုတွေနဲ့ မတူပါဘူး။ ချိုတစ်ချောင်း နတ်ဆိုးဘုရင် တိုက်ခိုက်နေပြီဆိုရင် ဦးချိုပေါ်မှာ ရှိနေတဲ့ အင်းကွက်တွေက မြစိမ်းရောင် တောက်ပလာကာ ပြိုင်ဘက် ရန်သူတွေကို စိတ်တုန်လှုပ် မောပန်း သွားအောင် လုပ်ဆောင်ပေးပါတယ်။
ချိုတစ်ချောင်း နတ်ဆိုးဘုရင်နဲ့ တိုက်ခိုက်နေတဲ့ လူသားကတော့ ဖုန်းရွှယ်ဂိုဏ်းရဲ့ အထွဋ်ခေါင်ချုပ် ပင်မ အကြီးအကဲ ဖြစ်သူ ဆံဖြူအဘိုးအိုပါပဲ။ ဆံဖြူအဘိုးအိုက ရေခဲသမျှ အေးစက်နေတဲ့ သူ့ရဲ့ ချီအရှိန်အဝါတွေကို ထုတ်လွှင့် ထားခဲ့ပါပြီ။ သူ့ရဲ့ လက်ဝါးရိုက်ချက်တိုင်းမှာ ပါလာတဲ့ သိုင်းစက်ကွင်း အားတွေကလည်း ချိူတစ်ချောင်း နတ်ဆိုးဘုရင်ကြီးကို ဖိနှိပ် ထားနိုင်ပါတယ်။ ဒီလက်ဝါး ရိုက်ချက်တွေက သေချာပေါက်ကို မြေကမ္ဘာအဆင့် လက်ဝါးသိုင်းပါပဲ။.
ချိုတစ်ချောင်း နတ်ဆိုးဘုရင်ကတော့ တစ်ဖက်ရန်သူရဲ့ ဖိနှိပ်ထားမှုကို ခံနေရတဲ့ အတွက် လုံးဝကို ကြိတ်မနိုင်ခဲမရ ဖြစ်နေပါတယ်။ ဒါပေမဲ့လည်း သူက သည်အခြေအနေကနေ ဘယ်လိုမှကို ရုန်းထွက်လို့ မရပါဘူး။ တစ်ဖက်ရန်သူရဲ့ တိုက်ခိုက်မှုမှာက မြေကမ္ဆာအဆင့် သိုင်းအသိဆန္ဒ တစ်ခုနဲ့ သိုင်းစက်ကွင်း အားတွေ ပါဝင်နေသည် မဟုတ်ပါလား။
" ဒါကြောင့် ဒီလူသားတွေက ငါတို့ကို နောက်ထပ် တစ်ကြိမ် ပြန်လာပြီး တိုက်ခိုက်ရဲတာကိုး ... ... ... "
ချိုတစ်ချောင်း နတ်ဆိုးဘုရင်ရဲ့ မျက်လုံးတွေကတော့ အေးစက် သွားခဲ့ပါပြီ။
ချိုတစ်ချောင်း နတ်ဆိုးနယ်မြေကို အပိုင်စားရထားတဲ့ သူဟာ အရှေ့ယူနီကွန်း တိုက်ကြီးရဲ့ ထိပ်ဆုံးမှာ ရပ်တည်နေတဲ့ ပြယုဂ်တစ်ခု ဖြစ်ပါတယ်။ တစ်ယောက်ချင်း တိုက်ပွဲမှာ ဆိုရင်တော့ သူ့ကို အနိုင်ယူနိုင်တဲ့သူ လုံးဝ မရှိပါဘူး။ ထို့အတူ သူအနိုင် မယူနိုင်တဲ့သူ အချို့လည်း ရှိနေပါသေးတယ်။ အခုသူနဲ့ တိုက်ခိုက်နေတဲ့ ဆံဖြူ အဘိုးကြီးဟာ ထိုသူတွေထဲက တစ်ယောက်ပါပဲ။
'မရတော့ဘူး ... ... ။ ငါ့ရဲ့ လက်နက်ကို ထုတ်မှ ရတော့မယ် '
အတွေးနဲ့အတူ ချိုတစ်ချောင်း နတ်ဆိုးဘုရင်ဟာ သူ့ရဲ့ဦးခေါင်းထက်က ချိုကြီးကို ဖြုတ်ယူ လိုက်ပါပြီ။
ဒီဦးချိုကြီးက သူ့ရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်း တစ်ခု ဖြစ်သလို သူ့ရဲ့ လက်နက်ဆိုရင်လည်း မမှားပါဘူး။
သိပ်သည်းလှတဲ့ မိစ္ဆာချီတွေကို ဦးချိုထဲသို့ ပို့ဆောင်လိုက် အပြီးမှာတော့ ဦးချိုကြီးမှာရှိတဲ့ အင်းကွက်က အရောင် တဖိတ်ဖိတ် တောက်ပလာသလို ဦးချိုထိပ်မှာလည်း မြစိမ်းရောင် အလင်းတန်းတွေ ဖြစ်ပေါ် လာခဲ့ပါတယ်။
ရွှီး ... ...
ထို့နောက်မှာတော့ ချိုတစ်ချောင်း နတ်ဆိုးဘုရင်က သူ့ရဲ့ ဦးချိုကြီးကို မြှောက်ကာ ခုတ်ချ လိုက်ပါပြီ။
ပတ်ဝန်းကျင် လေဟာနယ် တစ်ခုလုံးကတော့ ဒီခုတ်ချက်ကြီးကြောင့် တွန့်လိမ် ပျက်စီး သွားတော့မည့်ပုံပင်။
"ကြောက်ဖို့ ကောင်းလိုက်တဲ့ စွမ်းအားပါလား ... ... "
ချိုတစ်ချောင်း နတ်ဆိုးဘုရင်ရဲ့ ဒီခုတ်ချက်ကြီးက တကယ့်ကို အားမာန် အပြည့်ပါပဲ။ ဆံဖြူ အဘိုးအိုကတော့ သူ့ရဲ့ နှလုံးသား တစ်ခုလုံးကို မမြင်ရတဲ့ လက်ကြီးတစ်ခုက လာရောက် ဖျစ်ညှစ်နေတဲ့ အလား ခံစားနေရပါပြီ။
" လာစမ်းပါ ... ... ။ ငါ့ရဲ့ လက်ဝါး ရိုက်ချက်ကိုလည်း မြည်းကြည့်ပါဦး "
ဆံဖြူ အဘိုးအိုက အံကျိတ်လိုက်ပြီး သူ့ရဲ့ မဟူရာ ရေခဲလက်ဝါးသိုင်းကို အဆင့်အမြင့်ဆုံး အထိ ထုတ်လိုက်ပါတော့တယ်။
ဟူး ... ... ဟူး ... ဟူး ... ...
အေးစက်လှတဲ့ စွမ်းအင် စက်ကွင်းတစ်ခုက လက်ဝါးသိုင်း ဆန္ဒ တစ်ခုနဲ့ အတူ ထွက်ပေါ် လာခဲ့ပါပြီ။
ဒါကတော့ မဟူရာ ရေခဲလက်ဝါးသိုင်း ဖြစ်တဲ့ မြေကမ္ဘာအဆင့်နိမ့် သိုင်းပညာပါပဲ။
လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတုန်းက အထွဋ်ခေါင်ချုပ် ပင်မအကြီးအကဲဟာ ဒီလက်ဝါးသိုင်း ပထမပိုင်းကို အပျက်အစီး နယ်မြေ တစ်ခုကနေ ရရှိလာခဲ့တာပါ။ သူ့အနေနဲ့ နှစ်ပေါင်းများစွာ တံခါးပိတ် ကျင့်ကြံပြီးမှသာ ဒီမဟူရာ လက်ဝါးသိုင်းဆန္ဒကို နားလည် အသုံးပြုလာနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဆံဖြူ အဘိုးအိုရဲ့ သိုင်းစက်ကွင်းက သူ့ထဲကို ဝင်လာတဲ့အရာမှန်သမျှကို အေးခဲစေနိုင်စွမ်း ရှိပုံပါပဲ။
ချိုတစ်ချောင်း မိစ္ဆာကြီးရဲ့ ဦးချိုဟာလည်း နှေးကွေး သွားခဲ့ပါပြီ။ ဒါပေမဲ့လည်း ဒီဦးချိုကြီးက သိုင်းစက်ကွင်း အတားအဆီးရဲ့ အေးခဲမှုတွေကို အလျော့ ပေးလိုဟန် မရှိပါဘူး။
ဝုန်း ... ... ...
သိုင်းစက်ကွင်းနဲ့ မဟူရာ ရေခဲလက်ဝါး ဆန္ဒကတော့ ဖျက်ဆီး ခံလိုက်ရသလို ဆံဖြူ အဘိုးအိုကလည်း အနောက်ကို လွင့်ထွက် သွားခဲ့ပါပြီ။ သူ့ရဲ့ ရင်ဘတ်ပေါ်မှာလည်း သွေးအနည်းငယ် စို့နေပါတယ်။
" ဒါက နတ်ဆိုး၁၀ပါး နယ်မြေက ခေါင်းဆောင်ယောက်ရဲ့ အစစ်အမှန် စွမ်းရည်လား ... ... "
ဆံဖြူအဘိုးအိုက သူဟာ ချိုတစ်ချောင်း နတ်ဆိုးဘုရင်ကို လျော့တွက် လိုက်မိတယ် ဆိုတာကို သတိပြုမိ လိုက်ပါပြီ။ တစ်ယောက်ချင်း တိုက်ပွဲမှာတော့ သူ့အနေနဲ့ ချိုတစ်ချောင်း ဘုရင်ကို ယှဉ်နိုင်ဖို့အတွက် အများကြီး လိုနေပါသေးတယ်။
ချိုတစ်ချောင်း နတ်ဆိုးဘုရင်ရဲ့ အစွမ်းကုန် တိုက်ခိုက်မှုကို ခုခံနိုင်ဖို့ဆိုတာက လွယ်တဲ့ အရာတော့ မဟုတ်ပါဘူး။ အရင်တစ်ခေါက် တိုက်ပွဲမှာတုန်းက ဆိုရင် နတ်ဆိုးဘုရင်ဟာ နတ်စမ်းရေ တောင်ကြားရဲ့ အထွဋ်ခေါင်ချုပ် အကြီးအကဲ ၅ယောက်ရဲ့ ပူးပေါင်း တိုက်ခိုက်ကွက်ကိုတောင် တစ်ယောက်တည်းနဲ့ ဖျက်ဆီးပြခဲ့တာပါ။
" မင်းက ခုခံနိုင်တာလား ... ... "
ဝုန်း ... ...
ချိုတစ်ချောင်း နတ်ဆိုးဘုရင်က ဒေါသတကြီးနဲ့ သူ့ရဲ့ ဦးချိုကိုကိုင်ကာ နောက်ထပ်တစ်ကြိမ် တိုက်ခိုက် လိုက်ပြန်ပါပြီ။
ဆံဖြူအဘိုးအိုက သည်တစ်ခါမှာတော့ ဒီဦးချိုကို ထိပ်တိုက် ရင်ဆိုင်ခြင်း မပြုတော့ပါဘူး။ သူက သူ့ရဲ့ သိုင်းစက်ကွင်းနဲ့ မဟူရာရေခဲ လက်ဝါးဆန္ဒကို ကျင်လည်စွာ အသုံးပြုပြီး အောက်စည်း ကနေသာ ခုခံနေပါတော့တယ်။
စစ်မြေပြင်မှာတော့ အသက်လုပွဲတွေက နေရာအနှံ့မှာ ဖြစ်ပွားနေပါပြီ။
လီဖူချန်းဟာ သူ့အနေနဲ့ သည်လို စစ်ပွဲတွေထဲမှာ တစ်ယောက်ထဲ တိုက်ခိုက်နေတာက အလုပ်မဖြစ်ဘူး ဆိုတာကို သဘောပေါက်ပြီး သားပါပဲ။သူက စစ်ပွဲထဲကို ရောက်တာနဲ့ တစ်ပြိုင်နက် ကောင်းကင်နယ်ပယ် ပညာရှင် တစ်ဖွဲ့ထံ သွားရောက် ပူးပေါင်း လိုက်ပါတယ်။
လီဖူချန်း ပါဝင်နေတဲ့ အဖွဲ့ကတော့ သူတို့ရဲ့ ပစ်မှတ် ရန်သူတွေကို လျင်လျင်မြန်မြန်ပဲ ရှင်းလင်း ပစ်လိုက် နိုင်ပါတယ်။
သည်လို ပျားပန်းခတ်မျှ တိုက်ခိုက်နေတဲ့ စစ်ပွဲထဲမှာတော့ လီဖူချန်းရဲ့ တိုက်ပွဲ အသိစိတ်ဟာ သူ့ကို ကောင်းကောင်းကြီး အကျိုးပြုနေပါပြီ။ လီဖူချန်းဟာ သူတို့ရန်သူတွေရဲ့ အားနည်းချက်နဲ့ ဟာကွက်တွေကို ကောင်းကောင်းကြီး မြင်နေရပါတယ်။
အစစ်အမှန် ငရဲမီးတောက် အတွင်းအား ကျင့်စဉ် အဆင့်၁၉ကို ရောက်သွားတဲ့ သူ့ရဲ့ ပင်ကို စွမ်းရည်ကလည်း ကောင်းကင် နယ်ပယ် အဆင့်၉ ပညာရှင် တစ်ယောက်ထက် လုံးဝ နိမ့်ကျနေခြင်း မရှိတော့ပါဘူး။
အဲဒီအတွက် လီဖူချန်းကို ရရှိထားတဲ့ ကောင်းကင် နယ်ပယ်အဖွဲ့ဟာ ဒီစစ်မြေပြင်မှာတော့ အတိုင်းထက် အလွန်ကြီးကို အစွမ်းပြနေပါတော့တယ်။
" မင်း ... ... ဟိုနားက ဓားသမားကို မရရအောင် သတ်လိုက် "
ကောင်းကင်ပေါ်မှာ ဝဲပျံနေပြီး တိုက်ပွဲအခြေအနေကို အကဲခတ်နေတဲ့ အဆင့်၅ အလယ်အလတ် အဆင့် မိစ္ဆာ သားရဲကြီးကတော့ ကောင်းကင်နယ်ပယ် ပညာရှင်တွေ ကြားထဲမှာ နေပြီး ဓားစွမ်းပြနေတဲ့ လီဖူချန်းကို သတိပြုမိသွားခဲ့ပါပြီ။
အဆင့်၅ အလယ်အလတ်အဆင့် မိစ္ဆာသားရဲကြီးက လီဖူချန်းကို သတ်ဖြတ်ဖို့ အတွက် သူ့ရဲ့ လက်အောက်ခံဖြစ်တဲ့ အဆင့်၄ အထွတ်အထိပ်အဆင့် သန္ဓေပြောင်း မိစ္ဆာသားရဲကြီးကို အမိန့်ပေး လိုက်ပါတယ်။
" ရတယ် ... ... ။ ကိစ္စမရှိဘူး ... ... "
အဲဒီ သန္ဓပြောင်း မိစ္ဆာသားရဲကြီးကတော့ မီးလျှံမြေနဂါးကြီးပါပဲ။
မြေနဂါးတွေဆိုတာက နဂိုမူလ မျိုးရင်းကတည်းက အရမ်းကို ကြောက်စရာ ကောင်းတဲ့ သားရဲကြီးတွေပါ။ သူတို့တွေဟာ မျိုးရိုးဗီဇ ပြောင်းလဲသွားတဲ့ အခါမှာတော့ မီးလျှံ မြေနဂါးကြီးတွေ ဖြစ်သွားကြပါတယ်။ သူတို့တွေရဲ့ ခွန်အားတွေကို အဆင့်၄ မိစ္ဆာတွေတောင် မယှဉ်နိုင်ပါဘူး။ မီးမှုတ်ထုတ်နိုင်တဲ့ စွမ်းရည်ကိုပါ ထပ်ပေါင်းလိုက်တဲ့ အခါမှာတော့ ဒီမီးလျှံ မြေနဂါးတွေဟာ အဆင့်၄ မိစ္ဆာတွေထက်တောင် အများကြီး ကြောက်စရာ ကောင်းသွားခဲ့တာ အမှန်ပါပဲ။
ဝုန်း ... ...
ဂါး ... ဂရား ... ... ...
မီးတောက်ကြီးတွေကို မှုတ်ထုတ်နေတဲ့ မိစ္ဆာသားရဲကြီးကတော့ တိုက်ပွဲထဲကို ဝင်လာခဲ့ပါပြီ။
" အဲဒါက အဆင့်၄ အထွတ်အထိပ်အဆင့် သန္ဓေပြောင်း သားရဲဖြစ်တဲ့ မီးလျှံမြေနဂါးကြီးဟေ့ ... ... ။ အားလုံးပဲ သတိထားကြ ... ... "
လက်ရှိမှာတော့ လီဖူချန်းတို့ရဲ့ အဖွဲ့ထဲမှာ လူ၂၀ကျော် ရှိနေပါတယ်။ သူကလွဲပြီး ကျန်တဲ့လူတွေ အကုန်လုံးဟာ ကောင်းကင်နယ်ပယ် အဆင့်မြင့်ပိုင်း ဒါမှမဟုတ် ကောင်းကင်နယ်ပယ် အထွတ်အထိပ်ပိုင်းက ပညာရှင်တွေပါပဲ။ ဒါပေမဲ့ သူတို့အတွက်ကတော့ ဒီသန္ဓေပြောင်း မီးလျှံမြေနဂါးကြီးကို ပူးပေါင်း ရင်ဆိုင်ဖို့ မဖြစ်နိုင်သေးပါဘူး။
မိစ္ဆာသားရဲ အများစုဟာ ဧရိယာလိုက် တိုက်ခိုက်နိုင်တဲ့ အစွမ်းကို ပိုင်ဆိုင်ထားခြင်း မရှိပါဘူး။ ဒါပေမဲ့ အခုလာနေတဲ့ မိစ္ဆာသားရဲကြီးကတော့ ဧရိယာလိုက် တိုက်ခိုက်နိုင်စွမ်းကို ပိုင်ဆိုင်ထားတဲ့ မိစ္ဆာသားရဲတွေထဲက တစ်ကောင်ပါပဲ။
ဒီမီးလျှံနဂါးကြီးရဲ့ အသွင်အပြင်ကတော့ ဖွတ်ကြီးတစ်ကောင်နဲ့ ဆင်တူပါတယ်။ ခေါင်းကနေ အမြီးအထိ ပေ၂၀၀ကျော် ရှည်သလို အမြင့်ကလည်း ပေ၁၀၀နီးပါးပါပဲ။
သူ့ရဲ့ ပါးစပ်ကနေ ထွက်လာတဲ့ မီးတောက်၊ မီးလျှံတွေဟာ လူသား ကျင့်ကြံသူတွေကို မီးတောင် တစ်ခုထဲသို့ ရောက်ရှိ သွားတဲ့အလား ခံစားရစေပါတယ်။
သူ့ရဲ့ မီးတောက်မီးလျှံတွေကို မရှောင်နိုင်တဲ့ ကောင်းကင်နယ်ပယ် အဆင့်၇ ပညာရှင်တစ်ယောက်ကတော့ မီးသွေးတုံးဘဝကို ပြောင်းသွားခဲ့ပါပြီ။
" အားလုံးပဲ ... ... လူစုခွဲကြ "
လီဖူချန်းကတော့ ဒီမီးလျှံမြေနဂါးကြီးကို တစ်စက်ကလေးမှ ကြောက်ရွံ့ခြင်း မရှိပါဘူး။
တကယ်လို့သာ လီဖူချန်းက သူ့ရဲ့ အစစ်အမှန် စွမ်းအားကို ထုတ်ဖော် လိုက်မယ်ဆိုရင်ဖြင့် ဒီမီးလျှံ မြေနဂါးကြီးကို တစ်ချက်တည်းနဲ့တောင် သတ်ပစ် နိုင်စွမ်း ရှိပါတယ်။
ကောင်းကင် နယ်ပယ် ပညာရှင်တွေဟာ လူစုခွဲကာ အရပ်မျက်နှာ ပေါင်းစုံကို ပျံသန်း သွားကြပါပြီ။ ဒါပေမဲ့လည်း မီးလျှံမြေနဂါးကြီးက တွေဝေနေခြင်း မရှိဘဲနဲ့ လီဖူချန်းနောက်ကိုသာ သည်းသည်းမည်းမည်း လိုက်နေပါတယ်။
" ဒီကောင်ကြီးရဲ့ ပစ်မှတ်က ငါလား ... ... "
လီဖူချန်းက ဒီမိစ္ဆာသားရဲကြီးဟာ သူ့အတွက်သီးသန့် လာခဲ့တယ် ဆိုတာကို သဘောပေါက် သွားခဲ့ပါပြီ။
" ဖူချန်း ... ... ဘေးကို ဖယ်လိုက် "
အဲသည်အချိန်မှာပဲ လူရိပ် တစ်ရိပ်ဟာ လီဖူချန်းရဲ့ ဘေးကို ရောက်လာခဲ့ပါတယ်။
" အဲဒါက ဇောင်ဝူကျင်း မဟုတ်ဘူးလား ... ... "
ကောင်းကင်နယ်ပယ် ပညာရှင် အချို့ကတော့ ဇောင်ဝူကျင်းကို မှတ်မိနေကြပုံပါပဲ။
အခုဆိုရင် ဇောင်ဝူကျင်းဟာ အတော်လေး နာမည်ကျော်ကြားနေတာ ဖြစ်ပါတယ်။ အတော်ဆုံး ကောင်းကင် နယ်ပယ်ပညာရှင် အယောက် ၁၀၀ထဲမှာတောင်မှ ဇောင်ဝူကျင်းရဲ့ နာမည် ပါဝင်နေခဲ့ပါပြီ။
အတော်ဆုံး ကောင်းကင် နယ်ပယ်ပညာရှင် အယောက် ၁၀၀စာရင်းထဲကို ပါဝင်ဖို့ဆိုတာက ထင်ထားသလောက် မလွယ်ပါဘူး။ ဒီစာရင်းထဲမှာ ပါဝင်တဲ့ ပညာရှင်တွေဟာ တကယ့်ထိပ်တန်း ပါရမီရှင်တွေပါပဲ။ သူတို့ထဲက အများစုဟာ ကျားနဂါးစာရင်းရဲ့ ထိပ်ပိုင်းကလူတွေ ဖြစ်ခဲ့ကြတာပါ။
" မူလဘူတဓား ... ... ဖွဲ့စည်းစမ်း "
ဇောင်ဝူကျင်းက အချိန်ဆိုင်းမနေဘဲ ထောင်နဲ့ချီတဲ့ မူလဘူတ ဓားချီတွေကို စုစည်းကာ ဓားကြီးတစ်လက် အဖြစ် ဖန်တီးလိုက်ပါပြီ။ ထို့နောက်မှာတော့ သူက မီးလျှံမြေနဂါးကြီးကို အားရပါးရ ခုတ်ပိုင်း စေလိုက်ပါတယ်။
ရွှမ်း ... ... ...
ကြီးမားလှတဲ့ ဓားဒဏ်ရာကြီး တစ်ခုက မီးလျှံမြေနဂါးကြီးရဲ့ ကျောပေါ်မှာ ပေါ်လာခဲ့ပါပြီ။ ဓားဒဏ်ရာကနေ မြေကြီးပေါ်သို့ စီးကျနေတဲ့ သွေးတွေကလည်း ရေတံခွန် အလားပါပဲ။
ဇောင်ဝူကျင်း အနေနဲ့ကတော့ သူ့ရဲ့ ပင်ကိုစွမ်းရည် သက်သက်ချည်းပဲနဲ့တော့ အတော်ဆုံး ကောင်းကင် နယ်ပယ်ပညာရှင် စာရင်းထဲကို ဝင်ရောက်နိုင်စရာ အကြောင်း မရှိပါဘူး။ သူ့ရဲ့ မူလဘူတဓား လျှို့ဝှက်နည်းစနစ်က အတော်လေး အားကောင်းလာလို့သာ အတော်ဆုံး ကောင်းကင် နယ်ပယ်ပညာရှင် စာရင်းထဲကို ဝင်ရောက်နိုင်တာပဲ ဖြစ်ရပါမယ်။
"ကြည့်ရတာတော့ အကြီးအကဲ ခေါင်ချုပ်ဇောင်က ကံကောင်းမှုတွေ အများကြီးနဲ့ ကြုံခဲ့ပုံရတယ် ... ... "
လီဖူချန်းက မှတ်ချက် ချလိုက်ပါတယ်။
ဒဏ်ရာ အကြီးအကျယ် ရသွားတဲ့ မီးလျှံမြေနဂါးဟာ ကောင်းကင်နယ်ပယ် ပညာရှင်တွေရဲ ပြိုင်ဘက် မဟုတ်တော့ပါဘူး။
တစ်နာရီလောက် အကြာမှာတော့ သူတို့တွေဟာ မီးလျှံမြေနဂါးကြီးကို အောင်အောင်မြင်မြင် သတ်ပစ် လိုက်နိုင်ပါပြီ။
မီးလျှံမြေနဂါးကြီးရဲ့ မိစ္ဆာအမြူတေကိုလည်း မိစ္ဆာသားရဲကြီးကို သတ်ဖြတ်ရာမှာ ပါဝင်ခဲ့တဲ့ ပညာရှင်တွေပဲ ခွဲဝေယူလိုက်ကြပါတယ်။
အဆင့်၄ အထွတ်အထိပ် အဆင့် သန္ဓေ ပြောင်းသားရဲကြီးရဲ့ မိစ္ဆာအမြူတန်ဖိုးဟာ တကယ့်ကို မျက်လုံး ပြူးချင်စရာပါပဲ။ အဲဒါကို ရွှေဒင်္ဂါးပေါင်း သန်းရာနဲ့ချီပြီး တန်ပါတယ်။
အဆင့်၄ အထွတ်အထိပ် အဆင့် မိစ္ဆာသားရဲ အမြူတေဟာ ရွှေဒင်္ဂါး သန်းရှစ်ဆယ်သာ ရှိပေမယ့် အဆင့်၄ အထွတ်အထိပ် အဆင့် သန္ဓေပြောင်းသားရဲ အမြူတေ တန်ဖိုးဟာ ရွှေဒင်္ဂါး သန်းသုံးရာနဲ့ သန်းလေးရာ ကြားကနေ ပြေးမလွတ်ပါဘူး။
***