ငြိမ်းချမ်းရေး
Vol. 26 Ch. 345
ဒီလိုနဲ့ပဲ အချိန်တွေဟာ တစ်ရက်ပြီးတစ်ရက် ကုန်ဆုံး လာခဲ့ပါတယ်။ ထိပ်တန်းဂိုဏ်းကြီး ၁၀ဂိုဏ်းက အဖွဲ့ဝင်တွေက လွဲပြီး ကျန်တဲ့ဂိုဏ်းတွေရဲ့ အဖွဲ့ဝင်တွေဟာ မဟူရာ ကောင်းကင်ဂိုဏ်းရဲ့ အကြွင်းအကျန် နယ်မြေထဲကနေ ပြန်ထွက် လာခဲ့ကြပါပြီ။
လုပ်စရာ ဘာမှ မရှိတော့တဲ့ လီဖူချန်းကတော့ ငရဲမီးဓားဆန္ဒနဲ့ လျှို့ဝှက် ကောင်းကင်ဘုံ ဓားဆန္ဒကို ပိုပြီးနားလည် အသုံးပြုနိုင်အောင် လုပ်ဖို့အတွက် ဆုံးဖြတ်လိုက်ပါတယ်။
သူ့ရဲ့ ဒီဓားဆန္ဒနှစ်ခုက သန္ဓေတည်စ အဆင့်မှာပဲ ရှိနေသေးပြီး အများကြီး တိုးတက်ဖို့ လိုအပ်နေဆဲပါပဲ။
( note - ဓားဆန္ဒက အဆင့်၃ဆင့် ရှိပါတယ်။ သန္ဓေတည်စ အဆင့်၊ ဖွံ့ဖြိုးစအဆင့်နဲ့ အရွယ်ရောက်တဲ့ အဆင့်ပါ။)
လီဖူချန်းရဲ့ ထိုးထွင်း သိမြင်မှုကတော့ ဒီဓားသိုင်း၂ခုကို အတော်လေး အထောက်အကူ ပြုပါတယ်။ တစ်လ အတွင်းမှာတင် လီဖူချန်းရဲ့ ဓားဆန္ဒနှစ်ခုဟာ အတော်လေးကို တိုးတက် လာခဲ့တာပါ။
အထူးသဖြင့် ဘုံခုနစ်ဆင့် ကောင်းကင်ဓားထဲမှာ ရှိနေတဲ့ လျှို့ဝှက် ကောင်းကင်ဘုံ ဓားဆန္ဒဟာ လီဖူချန်းကို အတော်လေး အထောက်အကူ ပြုနေပါတယ်။ အခုဆိုရင် လီဖူချန်းရဲ့ လျှို့ဝှက် ကောင်းကင်ဘုံ ဓားဆန္ဒဟာ ဖွံ့ဖြိုးစအဆင့်ကိုတောင် ရောက်လုနီးပါး ဖြစ်နေပါပြီ။
***
" သိုင်းကျမ်းကို ထားခဲ့စမ်း "
တစ်နေ့မှာတော့ တွင်းနက်ထဲကနေ လူနှစ်ယောက်ဟာ ရှေ့ဆင့်နောက်ဆင့် တက်လာ ခဲ့ပါတယ်။ နောက်ကလူက အရှေ့က လူနောက်ကို သဲကြီးမဲကြီး လိုက်နေတာပါ။
ပထမဆုံး တက်လာတဲ့ သူကတော့ မိုးပြာရောင်ဂိုဏ်းက ကောင်းကင် နယ်ပယ်ပညာရှင် ဖြစ်ပါတယ်။ သူက မဟူရာ ကောင်းကင်ဂိုဏ်းရဲ့ အကြွင်းအကျန် နယ်မြေကနေ ဘယ်လိုလုပ် အသက်ရှင်လျက် ထွက်လာနိုင်မှန်း မသိပါဘူး။ အနောက်ကလူက အသည်းအသန် လိုက်နေပုံကို ထောက်ရင်တော့ သူဟာ အကြွင်းအကျန် နယ်မြေထဲကနေ ရတနာပစ္စည်း တစ်ခုခု ရလာပုံပါပဲ။
" နောက်ဆုတ်စမ်း "
အထွဋ်ခေါင်ချုပ် အကြီးအကဲဂို ဟာ အရှေ့ကို ခုန်ထွက်သွားပြီး အနောက်က လိုက်နေတဲ့ သူကို တွန်းထုတ်လိုက်ပါပြီ။
" အထွဋ်ခေါင်ချုပ် အကြီးအကဲ "
မိုးပြာရောင်ဂိုဏ်းရဲ့ ပညာရှင်က အကြီးအကဲဂိုကို မြင်မှသာ စိတ်ကို လျော့ချ လိုက်ပါတော့တယ်။
" အကြီးအကဲယွန် ...။ ဘာတွေ ဖြစ်နေတာလဲ ..."
အသံနဲ့အတူ အနောက်က လိုက်တဲ့သူရဲ့ ဂိုဏ်းက ပြန်လည်ဝင်စားခြင်းနယ်ပယ် ပညာရှင် တစ်ယောက်ဟာ ပြဿနာ ဖြစ်ပွားရာ နေရာကို ရောက်လာခဲ့ပါပြီ။
အထွဋ်ခေါင်ချုပ် အကြီးအကဲဂိုရဲ့ လက်ချက်ကြောင့် အနောက်ကို လွင့်ထွက်သွားတဲ့ ကောင်းကင် နယ်ပယ် ပညာရှင်က ဖြစ်ကြောင်း ကုန်စင်ကို အမြန် ပြောလိုက်ပါတယ်။
"အထွဋ်ခေါင်ချုပ် အကြီးအကဲလူ ... သည်လူက ကျွန်တော်ရထားတဲ့ သိုင်းကျမ်းကို လုသွားတယ်။ အဲဒါက ကြယ်၅ပွင့် လျှို့ဝှက် နည်းစနစ်ကို မှတ်တမ်းတင်ထားတဲ့ ကျမ်းတစ်အုပ်ပါ "
" ကြယ်၅ပွင့် လျှို့ဝှက်နည်းစနစ်လား ..."
အထွဋ်ခေါင်ချူပ်အကြီးအကဲလူရဲ့ မျက်လုံးတွေက အရောင် တောက်သွားခဲ့ပါပြီ။
ကြယ်၅ပွင့် လျှို့ဝှက် နည်းစနစ်ကို မလိုချင်တဲ့ ဂိုဏ်းဆိုတာကတော့ မရှိပါဘူူး။ တိတိကျကျ ပြောရမယ် ဆိုရင်တော့ ကြယ်၅ပွင့် လျှို့ဝှက်နည်း စနစ်တိုင်းဟာ သူ့ရဲ့ အသုံးဝင်ပုံနဲ့သူ ရှိပါတယ်။ အချို့သော လျှို့ဝှက်နည်းစနစ်တွေက တိုက်ခိုက်မှု ပိုင်းမှာသာ အသုံးဝင်ပြီး အချို့သော လျှို့ဝှက် နည်းတွေကတော့ ခုခံမှု အပိုင်းမှာသာ အသုံးဝင်တာပါ။ ခုခံမှု အပိုင်းမှာကော တိုက်ခိုက်မှု အပိုင်းမှာပါ အသုံးဝင်တဲ့ လျှို့ဝှက်နည်းစနစ် အချို့လည်း ရှိပါသေးတယ်။
ကြယ်၅ပွင့် လျှို့ဝှက်နည်း စနစ်တစ်ခု ထပ်ရှိနေတာက နောက်ထပ် ရွေးချယ်ဖို့ အခွင့်အလမ်း တစ်ခု ရှိနေတာနဲ့ အတူတူပါပဲ။ ဒါက ဂိုဏ်းရဲ့ အစွမ်းကို ပိုအား ကောင်းလာအောင် ထောက်ပံ့ ပေးနိုင်တယ်လေ။
" အကြီးအကဲစု ... ခင်ဗျားရခဲ့တဲ့ ကျမ်းက ဘာကျမ်းလဲ ..."
အထွဋ်ခေါင်ချုပ် အကြီးအကဲဂိုက သူကယ်တင်လိုက်တဲ့ အတွင်းစည်း အကြီးအကဲကို မေးလိုက်ပါတယ်။
အကြီးအကဲ စုကတော့ ကောင်းကင်နယ်ပယ် အဆင့်၉ ပညာရှင် တစ်ယောက်ပါ။ သူက ရိုသေ လေးစားစွာဖြင့် ပြန်ဖြေလိုက်ပါတယ်။
" အထွဋ်ခေါင်ချုပ် အကြီးအကဲခင်ဗျား ...။ အဲဒါက ကြယ်၅ပွင့် လျှို့ဝှက်နည်း စနစ်ပါဝင်တဲ့ ကျမ်းပါ။ အဲဒီနည်းစနစ်က တိုက်ခိုက်မှု အပိုင်းသာမက ခုခံမှု အပိုင်းမှာလည်း အသုံးပြုလို့ ရပါတယ် ..."
" ဟုတ်ပြီ ...။ ငါတို့စခန်းကို အရင်ပြန်ကြရအောင် ..."
အထွဋ်ခေါင်ချုပ် အကြီးအကဲဂိုက အရမ်းအံ့သြပြီး ပျော်သွားတာတော့ အမှန်ပါပဲ။ ဒါပေမဲ့လည်း သူက သူ့ရဲ့ ဝမ်းသာ ပျော်ရွှင်မှုကို ထုတ်မပြပါဘူး။
ထို့နောက်မှာတော့ အထွဋ်ခေါင်ချုပ် အကြီးအကဲဂိုက အထွဋ်ခေါင်ချုပ် အကြီးအကဲ အိုးရန်ထိုင်ကို လျှို့ဝှက် သတင်း ပို့လိုက်ပါတယ်။
အကြောင်းအရင်းကို သိသွားတဲ့ အိုးရန်ထိုင်ကလည်း အချိန်ဆိုင်း မနေဘဲ သူတို့ဆီကို ချက်ချင်း ရောက်လာခဲ့ပါပြီ။
ကြယ်၅ပွင့် လျှို့ဝှက်နည်း စနစ်တစ်ခု ရလာတယ်ဆိုတာက မင်္ဂလာရှိတဲ့ သတင်းတစ်ခုပင် မဟုတ်ပါလား။
" ဂိုတာ့လျန် ...။ မင်းတို့ မိုးပြာရောင်ဂိုဏ်းရဲ့ အတွင်းစည်း အကြီးအကဲ တစ်ယောက်က ငါတို့ ဂိုဏ်းရဲ့ အတွင်းစည်း အကြီးအကဲ ရလာတဲ့ သိုင်းကျမ်းတစ်ခုကို လုသွားခဲ့တယ်။ အဲဒီ သိုင်းကျမ်းကို ငါ့တို့လက်ထဲ မြန်မြန် ပြန်အပ်စမ်း ..."
ပြန်လည်ဝင်စားခြင်းနယ်ပယ် ပညာရှင် တစ်ယောက်က ဒေါသတကြီးဖြင့် မိုးပြာရောင်ဂိုဏ်း စတည်းချရာ နေရာကို ပျံသန်းလာခဲ့ပါပြီ။
အထွဋ်ခေါင်ချုပ် အကြီးအကဲဂိုကတော့ တစ်ဖက်လူကို ဂရုစိုက်ပုံ မရပါဘူး။ သူက အေးစက်စက် လေသံဖြင့်
" လူဟိုင် ...။ အရှက်လေးတော့ နည်းနည်း ရှိစမ်း ....။ အကြီးအကဲစုက မင်းတို့ဂိုဏ်းရဲ့ အတွင်းစည်း အကြီးအကဲဆီက လုသွားတာကို မင်းမျက်လုံးနဲ့ မြင်ခဲ့လို့လား ..."
လူဟိုင် ဆိုတာက တိမ်ပျံဂိုဏ်းရဲ့ အထွဋ်ခေါင်ချုပ် အကြီးအကဲ တစ်ယောက်ပါ။ တိမ်ပျံဂိုဏ်းဆိုတာ ဒုတိယတန်းစား ဂိုဏ်းတစ်ဂိုဏ်း ဖြစ်ပြီး ကောင်းကင် နတ်ဆိုးဂိုဏ်းနဲ့ အင်အားချင်း တူညီပါတယ်။ သူတို့က တတိယ တန်းစား ဂိုဏ်းတစ်ဂိုဏ်းဖြစ်တဲ့ မိုးပြာရောင် ဂိုဏ်းကို ဖိနှိပ်ချင်နေတာ အသိသာကြီးပါပဲ။
"ဘာလဲ ...။ သိုင်းကျမ်းကို ပြန်မပေးချင်ဘူးပေါ့ ...။ ဟုတ်ပြီလေ ...။ ဒီကိစ္စအတွက် နောင်တ မရပါစေနဲ့ ...'
လူဟိုင်က အထွဋ်ခေါင်ချုပ် အကြီးအကဲဂိုကို ခြိမ်းခြောက်လိုက်ပါတယ်။ သူက မိုးပြာရောင်ဂိုဏ်းကို ပေါ်တင်ကြီးတော့ ပြသနာ မရှာရဲသေးပါဘူး။ ဒါက ဂိုဏ်းပေါင်းတစ်ရာ မဟာမိတ်အဖွဲ့ ဖွဲ့စည်းထားတဲ့ အချိန်ကာလပင် မဟုတ်ပါလား။ သူတို့ တိမ်ပျံဂိုဏ်း အနေနဲ့ နောင်တစ်ချိန်မှာတော့ မိုးပြာရောင်ဂိုဏ်းကို သေချာပေါက် ပြဿနာ လာရှာပါလိမ့်မယ်။
" နောင်တရ ရမယ် ဟုတ်လား ...။ သဘောကျစရာပဲ ..."
လူဟိုင်ရဲ့ ခြိမ်းခြောက် စကားကို ကြားလိုက်ရတဲ့ အထွဋ်ခေါင်ချုပ် အကြီးအကဲ အိုးရန်ထိုင်က မထီမဲ့မြင် ပုံစံမျိုးဖြင့် ပြက်ရယ် ပြုလိုက်ပါတယ်။
'ဟမ့် ...…။ နောက်မှ တွေ့ကြသေးတာပေါ့ကွာ ...'
လူဟိုင်က ဘာမှဆက်ပြီး အငြင်းမပွားတော့ပါဘူး။ သူက စိတ်ထဲကနေ ကြိမ်းဝါးပြီး တိမ်ပျံဂိုဏ်း စတည်းချရာ နေရာသို့ ပြန်သွားပါတော့တယ်။
ကျန်တဲ့ ဂိုဏ်းတွေကတော့ မိုးပြာရောင်ဂိုဏ်းဟာ ဘယ်လို သိုင်းကျမ်းမျိုး ရသွားတာလည်း ဆိုတာကို တိတိကျကျ မသိခဲ့ပါဘူး။ ဒါပေမဲ့ သူတို့တွေဟာ တိတ်တဆိတ် ခန့်မှန်းနေကြပါတယ်။
" မိုးပြာရောင်ဂိုဏ်း ရသွားတာက မြေကမ္ဘာအဆင့် သိုင်းကျမ်းတော့ မဟုတ်လောက်ဘူးကွ ...။ မြေကမ္ဘာအဆင့် သိုင်းကျမ်းဆိုရင် တိမ်ပျံဂိုဏ်းက အခုလို လွယ်လွယ်နဲ့ လက်လျှော့သွားမှာ မဟုတ်ဘူး ..."
ဒုတိယတန်းစား ဂိုဏ်းတစ်ဂိုဏ်းက အထွဋ်ခေါင်ချုပ် အကြီးအကဲ တစ်ယောက်ကတော့ သူ့ရဲ့ ထင်မြင်ချက်ကို ပြောလိုက်ပါတယ်။
လီဖူချန်းကတော့ ဒီအဖြစ်အပျက်ကို ကြည့်ပြီး ခေါင်းတခါခါ ဖြစ်နေခဲ့ပါပြီ။
တတိယတန်းစား ဂိုဏ်းတစ်ဂိုဏ်းဟာ အားနည်း လွန်းလှပါတယ်။ တကယ်လို့သာ မိုးပြာရောင်ဂိုဏ်းက ထိပ်တန်း ဂိုဏ်းတစ်ဂိုဏ်း ဆိုရင် တိမ်ပျံဂိုဏ်းဟာ အခုလို လာလုပ်ရဲမှာ မဟုတ်ပါဘူး။
သည်လိုနဲ့ပဲ ရှေးဟောင်း အပျက်အစီး နယ်မြေကို တွေ့ခဲ့တဲ့အချိန်ဟာ လေးလတိုင်တိုင် ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။
ထိပ်တန်း ဂိုဏ်းကြီးတွေက ပြန်လည်ဝင်စားခြင်း ပညာရှင်တွေ တောင်မှ တွင်းနက်ကြီး ထဲကနေ ပြန်တက်လာကြပါပြီ။ သူတို့ရဲ့ မျက်နှာတွေကတော့ ပြုံးလို့၊ရွှင်လို့ပါပဲ။ သူတို့ဟာ မဟူရာ ကောင်းကင်ဂိုဏ်းရဲ့ အကြွင်းအကျန် နယ်မြေထဲက နေပြီး အဖိုးထိုက်တန်တဲ့ ရတနာတွေ ရလာတယ် ဆိုတာ သိသာလွန်းနေပါတယ်။
အခုဆိုရင် လီဖူချန်းရဲ့ လျှို့ဝှက် ကောင်းကင်ဘုံ ဓားဆန္ဒဟာ ဖွံ့ဖြိုးစ အဆင့်ကို ရောက်ရှိ သွားခဲ့ပါပြီ။ သူ့ရဲ့ ငရဲမီး ဓားဆန္ဒကတော့ ဖွံ့ဖြိုးစ အဆင့်ကို ရောက်ဖို့အတွက် ခြေလှမ်း တစ်လှမ်းစာမျှ လိုနေပါသေးတယ်။
တစ်ချိန်တည်း လိုလိုမှာပင် သူ့ရဲ့ ကျင့်ကြံခြင်းကလည်း ကောင်းကင်နယ်ပယ် အဆင့်၄ အထွတ်အထိပ်ကို ရောက်ရှိလာခဲ့ပါပြီ။ ဒါကတော့ အဆင့်နိမ့် ဝိညာဉ် ကျောက်တုံးတွေနဲ့ သူ့ရဲ့ မျက်ခုံး နှစ်ခုကြားမှာ ရှိနေတဲ့ အစစ်အမှန် နဂါးတံဆိပ်ကြောင့်ပါပဲ။
မျက်စိတစ်မှိတ် အတွင်းမှာပဲ နောက်ထပ် အချိန်နှစ်လ ကုန်ဆုံးခဲ့ပြန်ပါတယ်။ နောက်ဆုံး မှာတော့ လီဖူချန်းရဲ့ ငရဲမီးဓားဆန္ဒဟာ ဖွံ့ဖြိုးစ အဆင့်ကို ရောက်သွားခဲ့ပါပြီ။
ဒါပေမဲ့ လီဖူချန်းရဲ့ ကျင့်ကြံမှုနဲ့ ယှဉ်လိုက်မယ် ဆိုရင်တော့ဖြင့် ဒီဓားဆန္ဒတွေဟာ သိပ်ပြီး အံ့သြစရာ မဟုတ်တော့ပါဘူး။
လီဖူချန်းဟာ ကောင်းကင်နယ်ပယ် ပညာရှင်ဖြစ်လာတာ တစ်နှစ်လောက်ပဲ ရှိပါသေးတယ်။ ဒါပေမဲ့ သူ့ရဲ့ ကျင့်ကြံခြင်းကတော့ ကောင်းကင်နယ်ပယ် အဆင့်၅ကိုတောင် ရောက်ရှိသွားခဲ့ပါပြီ။
သူ့ရဲ့ ကျင့်ကြံမှုနှုန်းဟာ ထိပ်တန်းဂိုဏ်းကြီး ၁၀ဂိုဏ်းက လူတွေကိုတောင် ထိတ်လန့် စေခဲ့ပါတယ်။
" ဒီကလေးရဲ့ တိုးတက်မှုနှုန်းက မယုံနိုင်စရာ ပါပဲလား ...။ ဒီပုံစံ အတိုင်း ဆိုရင်တော့ သူက ပြန်လည် ဝင်စားခြင်းနယ်ပယ်ကို ချိုးဖောက် ဝင်ရောက်ဖို့ အတွက် ၁၀နှစ်တောင် ကြာမယ် မထင်ဘူး ..."
ကောင်းကင် နဂါးဂိုဏ်းရဲ့ ပြန်လည် ဝင်စားခြင်းနယ်ပယ် ပညာရှင် တစ်ယောက်ကတော့ ဟိုးအဝေးမှာ ရှိနေတဲ့ လီဖူချန်းကို ကြည့်ရင်းနဲ့ သက်ပြင်း ချနေမိပါတယ်။
လီဖူချန်းက အခုတောင်မှ ကောင်းကင်နယ်ပယ် အဆင့်၅ပညာရှင် ဖြစ်နေပါပြီ။ ဒီပုံအတိုင်း ဆိုရင်တော့ နောက်ထပ် ၁၀နှစ်လောက် ဆိုရင် လီဖူချန်းဟာ သေချာပေါက်ကို ပြန်လည် ဝင်စားခြင်း နယ်ပယ် ပညာရှင် ဖြစ်လာတော့မှာပါ။
လီဖူချန်းရဲ့ တိုးတက်မှုနှုန်းက ပြန်လည် ဝင်စားခြင်းနယ်ပယ် ပညာရှင်တွေ အတွက်တော့ ဖိအားကြီး တစ်ခုပါပဲ။
" သည်ကောင့်ရဲ့ တိုးတက်မှုနှုန်းက သာမန်တော့ မဖြစ်နိုင်ဘူး။ ဒါက အစစ်အမှန် နဂါး အမှတ်အသားကြောင့်ပဲ ဖြစ်ရမယ် ..."
မိုးကြိုး နတ်ဘုရားဂိုဏ်းက စီးတုလေ့ကလည်း လီဖူချန်းကို ကြည့်ပြီး မှတ်ချက် ချလိုက်ပါတယ်။
လီဖူချန်းရဲ့ အစစ်အမှန် နဂါး အမှတ်အသားက သူ့ရဲ့ နဂါး အမှတ်အသား ထက်ပိုပြီး အပြစ်အနာအဆာ ကင်းပါတယ်။ နဂါး အမှတ်အသားဟာ အပြစ်အနာအဆာ ပိုကင်းလေလေ ကျင့်ကြံမှုမှာ ပိုမြန်လေလေပါပဲ။ ဒါကိုတော့ ဘယ်လိုမှ ငြင်းမရပါဘူး။
"ဒီကလေးက တကယ့် ဆူးညှောက် ခလုတ်ပဲဟေ့ ..."
ကောင်းကင် နတ်ဆိုးဂိုဏ်းက ဂိုဏ်းသားတွေကလည်း လီဖူချန်းကို ကြည့်ပြီး စိတ်မသက်မသာ ခံစားနေရပုံပါပဲ။
" အဲဒီလောက် မြန်တာလား ..."
မိုးပြာရောင်ဂိုဏ်းရဲ့ စခန်းအတွင်းမှာတော့ အထွဋ်ခေါင်ချုပ် အကြီးအကဲတွေ ဖြစ်တဲ့ အိုးရန်ထိုင်နဲ့ ဂိုတာ့လျန်တို့ဟာ တစ်ယောက်နဲ့ တစ်ယောက် စိုက်ကြည့် နေကြပါတယ်။ သူတို့ရဲ့ မျက်လုံးတွေထဲမှာတော့ ဝမ်းသာ ကြည်နူးမှုတွေ အပြည့်နဲ့ပေါ့။
လီဖူချန်းရဲ့ လက်ရှိကျင့်ကြံမှု နှုန်းနဲ့ဆိုရင်တော့ မိုးပြာရောင်ဂိုဏ်းရဲ့ အဓိက ထောက်တိုင်ကြီး တစ်ခု ဖြစ်လာဖို့အတွက် အချိန်သိပ်ယူရတော့မှာ မဟုတ်ပါဘူး။ ဒါက သူတို့ ဝမ်းသာရမယ့် အချက် တစ်ခုပါပဲ။ ဒါပေမဲ့လည်း သူတို့အနေနဲ့ လီဖူချန်းနဲ့ ပတ်သက်ပြီး အနည်းငယ် စိုးရိမ် နေပါသေးတယ်။
' မြင့်လွန်းတဲ့ အပင်က လေပို တိုက်ခံရတတ်တယ် 'ဆိုတဲ့ ဆိုရိုးစကား ရှိနေသည် မဟုတ်ပါလား။
မိုးပြာရောင် ဂိုဏ်းလို တတိယတန်းစား ဂိုဏ်းတစ်ခုက လီဖူချန်းကို လုံလောက်တဲ့ အကာအကွယ် ပေးနိုင်မှာ မဟုတ်ပါဘူး။
*******
ထိပ်တန်းဂိုဏ်းကြီး ၁၀ဂိုဏ်းက ပြန်လည်ဝင်စားခြင်း နယ်ပယ်ပညာရှင်တွေ မြေပြင်ပေါ်ကို ပြန်ရောက်လာပြီးတဲ့ နောက်မှာတော့ ဂိုဏ်းပေါင်း တစ်ရာဟာ နတ်ဆိုး၁၀ပါးနယ်မြေနဲ့ ငြိမ်းချမ်းရေး ရယူဖို့ အကျေအလည် ဆွေးနွေးပါတော့တယ်။
နောက်ဆုံးမှာတော့ နှစ်ဖက်စလုံးဟာ ပြသနာ တစ်စုံတရာ မလုပ်ဘဲ နှစ်ပေါင်း၂၀ ငြိမ်းချမ်းရေး ရယူဖို့ သဘောတူလိုက် ကြပါပြီ။
ဒါပေမဲ့လည်း အပေးအယူ တစ်ခုတော့ ရှိပါတယ်။ နတ်ဆိုး ၁၀ပါးနယ်မြေ သိမ်းယူထားတဲ့ နယ်မြေ၆ခုထဲက ၅ခုကို နတ်ဆိုး ၁၀ပါးနယ်မြေ အပိုင်အဖြစ် သတ်မှတ် ပေးရမှာပါ။ နတ်ဆိုး၁၀ပါး နယ်မြေကလည်း သူတို့သိမ်းယူထားတဲ့ နယ်မြေတွေထဲက လူသားတွေကို အခြားနယ်မြေတွေသို့ ရွှေ့ပြောင်းခွင့် ပြုပါတယ်။
တောင်ဖြူ နယ်မြေကိုတော့ အပိုင်စားရသူ ဆိုပြီး သတ်မှတ်ထားခြင်း မရှိပါဘူး။ မျိုးနွယ်၂ခုစလုံးဟာ တောင်ဖြူနယ်မြေနဲ့ မဟူရာ ကောင်းကင်ဂိုဏ်းရဲ့ အကြွင်းအကျန် နယ်မြေထဲကို စိတ်ကြိုက် သွားလာခွင့် ရမှာပါ။
နှစ်ပေါင်း၂၀ကတော့ ငြိမ်းချမ်း သွားခဲ့ပါပြီ ...။
နှစ်ဖက်စလုံးကလည်း ဒီစစ်ပွဲကို သင်ခန်းစာ ရယူပြီး နောက်တစ်ခေါက် စစ်ပွဲအတွက် ကြိုတင် ပြင်ဆင်ရမယ် ဆိုတာကို နားလည် သွားကြပါပြီ။
နောက်ထပ် ရက်အနည်းငယ် အကြာမှာတော့ ဂိုဏ်းအများစုဟာ သူတို့ရဲ့ သက်ဆိုင်ရာ နေရပ်အသီးသီးသို့ ပြန်ကြ ပါတော့တယ်။ ထိုသို့ ပြန်ကြတဲ့ ဂိုဏ်းတွေ ထဲမှာတော့ မိုးပြာရောင် ဂိုဏ်းလည်း အပါအဝင်ပါပဲ။
***