နှစ်ယောက်တောင် ရှိတာလား
Vol. 70 Ch. 973
ထို ဈေးဆိုင်ပိုင်ရှင်များမှာလည်း ဝမ်ပေါင်လဲ့အကြောင်း သိထားကြပြီး ဖြစ်သည်။ ထို့ကြောင့် သူတို့မှာ သူ့အား မြင်လိုက်ရချိန်တွင် တရိုတသေ ဆက်ဆံခဲ့ကြ၏။ ယခင်တုန်းက သူ့အား လှည့်စားခဲ့ဖူးသည့် လူပုံစံစက္ကူရုပ် အဘိုးကြီးပင်လျှင် ဝမ်ပေါင်လဲ့အား စိတ်အားထက်သန်စွာဖြင့် ဝန်ဆောင်မှုပေးခဲ့သည်သာ ဖြစ်သည်။
ထိုသို့ဖြင့် ဝမ်ပေါင်လဲ့မှာ ဈေးဆိုင်များထဲ၌ ပစ္စည်းအချို့ ဝယ်ယူခဲ့ပြီးနောက် အနက််ရောင် စက္ကူပင်လယ်ကြီးဆီသို့ သွားလိုက်၏။ သူသည် ပင်လယ်ထဲသို့ ဝင်သွားခဲ့ခြင်းမရှိဘဲ ကမ်းစပ်တွင် ရပ်ကာ မီးခိုးရောင်မှ အဖြူရောင်အဖြစ်သို့ ပြောင်းလဲနေပြီ ဖြစ်သည့် ပင်လယ်ကြီးအား စိုက်ကြည့်နေလိုက်သည်။ ထို့နောက် သူသည် တရိုတသေ ဦးညွှတ်လိုက်ပြီး ထွက်ခွာသွားရန် ဆုံးဖြတ်လိုက်တော့သည်။
သူ ပြန်လည်နိုးထလာသည့် အချိန်မှာ နောက်ကျလွန်းနေသည် မဟုတ်ပါလော။ သို့ဖြစ်ရာ သူသည် ဤနေရာ၌ အကြာကြီး ဆက်ရှိနေ၍ မဖြစ်ပေ။ သူ အချိန်ပိုဆွဲလေလေ သူ့အတွက် ပို၍ အန္တရာယ်များလာလေလေ ဖြစ်နေမည်သာ ဖြစ်သည်။ ထို့ကြောင့် သူသည် ပြန်လည်နိုးထလာပြီး နှစ်နာရီအကြာတွင် ကြယ်သုသာန်ထဲမှ ထွက်ခွာသွားပြီ ဖြစ်သည်။
သို့ဖြစ်ရာ သူသည် အလျင်အမြန် ထွက်ခွာသွားသည်ဟုပင် ဆိုနိုင်ပေသည်။
သူ၏ အပြန်ခရီးစဉ်မှာ အခြားသူများနှင့် မတူဘဲ ကွဲထွက်နေ၏။ ကြယ်သုသာန်ဘက်မှ ဝမ်ပေါင်လဲ့၏ အပြန်ခရီးစဉ်အတွက် စီစဉ်ပေးထားသည့် လှေမှာ သူ့အား ကြယ်သုသာန်ထဲသို့ ခေါ်ဆောင်လာခဲ့သည့် လှေကြီး ဖြစ်ပေသည်။ ထိုလှေပေါ်ရှိ လှေသမားကြီးမှာလည်း ယခင်တုန်းက လူပုံစံစက္ကူရုပ်ကြီး ဖြစ်၏။
ထို လူပုံစံစက္ကူရုပ်ကြီးမှာ နူးညံသိမ်မွေ့ကာ ခံစားချက်မျိုးစုံ ရောထွေးနေသည့် မျက်ဝန်းများဖြင့် ဝမ်ပေါင်လဲ့အား ကြည့်နေ၏။ သို့ဖြစ်ရာ ၎င်းမှာ သူ၏ ညီငယ်လေးတစ်ယောက်အား ကြည့်နေသကဲ့သို့ပင်။ ဝမ်ပေါင်လဲ့မှာ ထို လူပုံစံစက္ကူရုပ်ကြီးအား နှုတ်ဆက်လိုက်ပြီးနောက် လှေပေါ်သို့ တက်သွားလိုက်သည်။ ထို့နောက် သူသည် ကြယ်သုသာန်အင်ပါယာ တစ်ခုလုံးထဲမှ ကျင့်ကြံသူများ၏ ရှေ့၌ မြေပြင်ကြီးအား ငုံ့ကြည့်ကာ ဦးညွှတ်အရိုအသေပေးလိုက်တော့သည်။
" ကျေးဇူးတင်ပါတယ် လူကြီးမင်း။ ကျွန်တော်တို့တွေ ရေစက်ပါရင် ပြန်တွေ့ကြတာပေါ့ "
ထိုအခါ မြေပြင်ပေါ်ရှိ တော်ဝင်နန်းတော်ထဲမှ ကြယ်သုသာန်အင်ပါယာ ဧကရာဇ်ကြီးမှာ ပြုံးကာ ခေါင်းညိတ်ပြလိုက်၏။ တစ်ချိန်ထဲမှာပင် ကြယ်သုသာန်ဘိုးဘေးကြီးမှာလည်း အနက်ရောင် စက္ကူပင်လယ်ကြီး၏ အထက်သို့ ရောက်ရှိလာသည်။ သူသည် ပင်လယ်ရေမျက်နှာပြင်ပေါ်တွင် ရပ်ရင်း ဝမ်ပေါင်လဲ့ လိုက်ပါစီးနင်းသွားသည့် လှေကြီးအား စိုက်ကြည့်နေလိုက်၏။ ထို့နောက် သူသည် ထိုလှေကြီး အဝေးသို့ ထွက်ခွာသွားသည်ကို ကြည့်နေရင်း ရုတ်တရက်ဆိုလိုက်သည်။
" ကောင်လေး။ မင်းရဲ့ ဆုတောင်းပြည့်ပုလင်းကို သတိထားနော်။ အဲဒီ ပုလင်းထဲမှာ အသုံးပြုတဲ့လူရဲ့ အတွေးတွေကို တိတ်တဆိတ် ပြောင်းလဲပစ်နိုင်စွမ်းရှိတဲ့ အစွမ်းထက် ဥပါဒါန်နှစ်မျိုး ပါတယ်။ အဲတာမလို့ အဲဒီ ပုလင်းက အသုံးပြုတဲ့လူတွေကို လောဘတက်လာအောင် လုပ်နိုင်စွမ်းရှိသလို ထာဝရအသက်ရှင်နိုင်ဖို့ စိတ်ဆန္ဒ ပြင်းပြလာအောင် လှုံ့ဆော်ပေးနိုင်စွမ်းလည်း ရှိတယ်။ ငါ့ရဲ့ ခန့်မှန်းချက်သာ မမှားဘူးဆိုရင် အဲဒီ ဥပါဒါန်နှစ်မျိုးရဲ့ ပိုင်ရှင်က... မင်း မင်းရဲ့ တာအိုဂါထာတော်နဲ့ ဆင့်ခေါ်ခဲ့တဲ့ ပြင်ပနယ်မြေထဲက ဖန်ဆင်းရှင်နဲ့ မတိမ်းမယိမ်းအဆင့်မှာ ရှိတယ် "
ဝမ်ပေါင်လဲ့ လိုက်ပါစီးနင်းသွားသည့် လှေကြီး ကြယ်သုသာန်တည်ရှိရာ ဟင်းလင်းပြင်ကြီးအား ထိုးခွင်းသွားချိန်တွင် အနက်ရောင်စက္ကူပင်လယ်ကြီးပေါ်ရှိ လူပုံစံစက္ကူရုပ်ကြီး၏ စကားသံကြီးမှာ သူ၏ အသိစိတ်ထဲ၌ ပေါ်ပေါက်လာ၏။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ မျက်လုံးများပြူးသွားရပြီး တစ်ကိုယ်လုံး တုန်ရီသွားရတော့သည်။ သူသည် ချက်ချင်းဆိုသလိုပင် နောက်သို့လှည့်ကာ လှေကြီး၏ အပြင်ဘက်သို့ လှမ်းကြည့်လိုက်ပါသော်လည်း ကြယ်သုသာန်ကြီးအား မမြင်ရတော့ဘဲ စက္ကူကဲ့သို့ ဖြူဆွတ်နေသည့် စကြဝဠာကြီးကိုသာ မြင်လိုက်ရသည်။
သူ ရှင်းလင်းပြတ်သားစွာ မမြင်နိုင်ခင်မှာပင် ထို အဖြူရောင် စကြဝဠာကြီးမှာ ချက်ချင်းဆိုသလိုတွင် ခေါက်ချိုးချိုးခံလိုက်ရ၏။ ထို မြင်ကွင်းကြီးမှာ သူ စတင်ရောက်ရှိလာခဲ့စဉ်တုန်းက အတိုင်းပင်။ ထို စကြဝဠာကြီး ခေါက်ချိုးချိုးခံလိုက်ရပြီးနောက် လှေကြီးမှာလည်း အခြားအရာများနည်းတူ အစအန ရှာမရလောက်အောင် ပျောက်ကွယ်သွားတော့သည်။
ထို့နောက် အဆုံးမဲ့တာအိုနယ်မြေ၏ စကြဝဠာကြီးထဲရှိ နေရာတစ်ခုတွင် ထိုလှေကြီးမှာ တိတ်တဆိတ် ပြန်လည်ပေါ်ပေါက်လာသည်။ ထိုအခါ ထို လှေပေါ်တွင် ရှိနေသည့် ဝမ်ပေါင်လဲ့မှာ တစ်ကိုယ်လုံးတုန်ရီသွား၏။ သူသည် ရီဝေဝေ ဖြစ်နေခဲ့ရာမှ စိတ်နှင့်ကိုယ်နှင့် ပြန်ကပ်သွားပြီး သူ၏ ဘေးပတ်ပတ်လည်ရှိ စကြဝဠာကြီးအား ကြည့်လိုက်သည်။ ထိုအခါမှသာ သူသည် ကြယ်သုသာန်ထဲမှ ထွက်ခွာလာပြီး အဆုံးမဲ့တာအိုနယ်မြေထဲသို့ ပြန်ရောက်လာပြီဖြစ်ကြောင်း သိသွားတော့သည်။
သူ ဘေးဘီဝဲယာအား ဝေ့ဝိုက်ကြည့်ရှုနေစဉ် အနက်ရောင်စက္ကူပင်လယ်ကြီးပေါ်မှ လူပုံစံစက္ကူရုပ်ကြီး ပြောခဲ့သည့် စကားများမှာ သူ၏ အသိစိတ်ထဲ၌ ပဲ့တင်ထပ်နေဆဲပင်။ ထို လူပုံစံစက္ကူရုပ်ကြီးမှာ သူ့အား လိမ်ညာနေလိမ့်မည်မဟုတ်ဟု သူက ယုံကြည်ထား၏။ ၎င်း၏ သတိပေးစကားများကြောင့် ဝမ်ပေါင်လဲ့မှာ ရင်ခုန်နှုန်းများ တစ်ခဏမျှ ရပ်တန့်သွားရဆဲပင်။
" ဖန်ဆင်းရှင် တစ်ယောက်ဆိုရင် ဟုတ်သေးတယ်... ဘာကိစ္စနဲ့ နှစ်ယောက်တောင် ရှိနေရတာလဲဟ။ အဲဒီ ပုလင်းလေးက ထူးဆန်းတယ်လို့ ငါ သံသယဝင်နေခဲ့တာ မှန်သားပဲ။ အဲလိုမှမဟုတ်ရင် ငါ့လို ကိုယ်ကျင့်တရား ဖြောင့်မတ်တဲ့လူတစ်ယောက်က ကြယ်သုသာန်ထဲမှာ လောဘတက်နေခဲ့စရာအကြောင်း မရှိဘူးလေ " ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးရင်း ဒွိဟဖြစ်နေရတော့သည်။ တစ်ဖက်တွင် သူသည် ထို ပုလင်းလေးအား သူ၏ကိုယ်ပေါ်၌ ဆောင်ထားခြင်းမှာ အန္တရာယ်များသည်ဟု ခံစားနေရ၏။ သို့သော် အခြားတစ်ဖက်တွင်လည်း ၎င်းမှာ အထွတ်အထိပ်အဆင့် ရတနာတစ်ခု ဖြစ်နေသည်ဖြစ်ရာ ၎င်းအား လွှင့်ပစ်နိုင်ရန်မှာ မဖြစ်နိုင်ပေ။
ဝမ်ပေါင်လဲ့မှာ ထိုကဲ့သို့ ဒွိဟဖြစ်နေစဉ် သူသည် အဆုံးမဲ့တာအိုနယ်မြေထဲသို့ ပြန်ရောက်လာပြီးနောက် ယခင်တုန်းကနှင့် မတူတော့ဘဲ ကွဲပြားခြားနားနေသည်ဖြစ်ကြောင်း ခံစားမိလိုက်၏။ စကြဝဠာကြီးထဲရှိ မျက်လုံးဖြင့် မမြင်နိုင်သော အငွေ့အသက်တစ်မျိုးမှာ အရပ်မျက်နှာအနှံ့မှနေ၍ သူ၏ ခန္ဓာကိုယ်ပေါ်သို့ လာရောက်စုဝေးနေကြခြင်းဖြစ်၏။ သူ ၎င်းတို့အား သူ၏ ခန္ဓာကိုယ်ထဲသို့ စုပ်ယူပြီးသွားချိန်တွင် ၎င်းတို့မှာ သူ၏ တာအိုဂြိုဟ်ထဲသို့ ရောက်ရှိသွားကြ၏။
ထို ဖြစ်စဉ်မှာ ဝမ်ပေါင်လဲ့တစ်ယောက်သာ မဟုတ်ဘဲ ဂြိုဟ်အဆင့် ကျင့်ကြံသူအားလုံး ကြုံတွေ့ရနိုင်သည့် ဖြစ်စဉ်တစ်မျိုး ဖြစ်ပေသည်။ ၎င်းအား ဂြိုဟ်အဆင့် ကျင့်ကြံသူများ၏ စွမ်းရည်တစ်မျိုးဟုပင် ဆိုနိုင်ပေသည်။ သူတို့မှာ သူတို့၏ ခန္ဓာကိုယ်များထဲရှိ ဂြိုဟ်များကို အသုံးပြုကာ စကြဝဠာကြီးနှင့် တစ်သားတည်းပေါင်းစည်းပြီးလျှင် စကြဝဠာကြီးထဲရှိ အင်မော်တယ်ချီများကို စုပ်ယူနိုင်စွမ်း ရှိသွားမည်ဖြစ်သည်။
သို့သော် လက်ရှိတွင် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲ၌ စုဝေးနေသည့် အင်မော်တယ်ချီ ပမာဏမှာ အလွန်အင်မတန်မှ ကြီးမားလွန်းနေ၏။ ထို့ကြောင့် မျက်စိတစ်မှိတ်အတွင်းတွင် ၎င်းတို့မှာ သူ၏ခန္ဓာကိုယ် ပတ်ပတ်လည်၌ ဧရာမဝဲကြီးတစ်ခုအဖြစ် ပေါ်ပေါက်လာတော့သည်။ ထိုအခါ သူ့ဆီသို့ ပျံလွင့်လာနေသည့် အင်မော်တယ်ချီများမှာ ပို၍များပြားလာသောကြောင့် ထို ဝဲကြီးမှာလည်း ပို၍ ကြီးမားလာ၏။
အကယ်၍ ဝမ်ပေါင်လဲ့အကြောင်း မသိထားသည့် အခြား ဂြိုဟ်အဆင့် ကျင့်ကြံသူများသာ ထိုမြင်ကွင်းအား မြင်လိုက်ရမည်ဆိုပါက အံ့ဩတုန်လှုပ်ကာ ကယောင်ချောက်ချား ဖြစ်သွားကြမည်သာဖြစ်သည်။ ဝမ်ပေါင်လဲ့၏ ဝဲကြီးမှာ တုန်လှုပ်ချောက်ချားဖွယ်ရာ ကောင်းလွန်းနေသည်မဟုတ်ပါလော။ ၎င်းမှာ ထိန်းချုပ်ခံထားရခြင်း မရှိပါက ၎င်း၏ အရွယ်အစားမှာ ကြောက်မက်ဖွယ်ရာ ကောင်းလောက်အောင် ကြီးမားနေလောက်ပြီဖြစ်သည်။
အကယ်၍ ထို ဝဲကြီးမှာ လူမှုအဖွဲ့အစည်းတစ်ခု ရှိနေသည့် ကြယ်အဖွဲ့အစည်းတစ်ခုထဲသို့ ရောက်ရှိသွားမည်ဆိုပါက ထို ကြယ်အဖွဲ့အစည်းတစ်ခုလုံးထဲရှိ အင်မော်တယ်ချီများ အားလုံးမှာ အချိန်တိုလေးအတွင်း စုပ်ယူခံလိုက်ရမည်သာ ဖြစ်သည်။ ထိုသို့သာဆိုပါက ထို ကြယ်အဖွဲ့အစည်းထဲရှိ သက်ရှိများအားလုံးသာမက ကြယ်များပင်လျှင် အန္တရာယ်အမြောက်အမြားနှင့် ရင်ဆိုင်ကြုံတွေ့လိုက်ရမည် ဖြစ်သည်။
ဂြိုဟ်အဆင့် ကျင့်ကြံသူအများစုမှာ ထိုကဲ့သို့ လုပ်နိုင်စွမ်းမရှိပေ။ အများစုမှာ ဝမ်ပေါင်လဲ့ စုပ်ယူထားသည့် အင်မော်တယ်ချီများ၏ တစ်စိတ်တစ်ပိုင်းမျှသာ စုပ်ယူနိုင်စွမ်း ရှိနေမည် ဖြစ်သည်။ သို့ဖြစ်ရာ တာအိုဂြိုဟ်မှာ မည်မျှအထိ ကြောက်မက်ဖွယ်ရာကောင်းကြောင်း အထင်အရှား သိမြင်နိုင်ပေသည်။
ဝမ်ပေါင်လဲ့ ကိုယ်တိုင်ပင်လျှင် အံ့ဩတုန်လှုပ်နေရပြီ ဖြစ်သည်။ သူသည် သိုသိုသိပ်သိပ် နေသင့်ကြောင်း နားလည်ထားသောကြောင့် ထိုစုပ်ယူမှုအား ချက်ချင်းရပ်တန့်လိုက်၏။ ထိုအခါမှသာ သူ၏ ဘေးနားတစ်ဝိုက်တွင် ရှိနေသည့် ဝဲကြီးမှာ တဖြည်းဖြည်းနှင့် လွင့်ပါးပျောက်ကွယ်စပြုလာတော့သည်။ ထို ဝဲကြီးတစ်ခုလုံး ပျောက်ကွယ်သွားသည့်အချိန်မှသာ သူသည် စိတ်အေးသွားရပြီး သက်ပြင်းချနိုင်သွား၏။
" အနာဂတ်မှာ သတိကြီးကြီးထားပြီးတော့ ကျင့်ကြံခြင်း လေ့ကျင့်မှဖြစ်မယ် ... " ဝမ်ပေါင်လဲ့မှာ နဖူးအား လက်ဖြင့်ပွတ်ကာ ရေရွတ်လိုက်၏။ သူသည် မကြာသေးမီကမှ ဂြိုဟ်အဆင့်သို့ တက်လှမ်းသွားခဲ့သည်ဖြစ်ရာ သူ၏ ခန္ဓာကိုယ်မှာ အသားကျနေပြီ ဖြစ်သည့်တိုင်အောင် သူ၏ စဉ်းစားတွေးခေါ်ပုံများမှာ ပြောင်းလဲသွားခြင်း မရှိသေးပေ။ ဂြိုဟ်အဆင့်၌ ကျင့်ကြံခြင်း လေ့ကျင့်ရသည်မှာ ထာဝရဝိညာဉ်အဆင့်တွင် ရှိနေခဲ့စဉ်တုန်းကနှင့် မတူသောကြောင့် ထိုကျင့်ကြံခြင်း လုပ်ငန်းစဉ်အား ထိန်းချုပ်နိုင်စွမ်းမရှိပါက အဝေးကြီးတွင် ရှိနေသည့် လူများပင်လျှင် သတိထားမိသွားနိုင်ပေသည်။
ထိုသို့ ကျင့်ကြံရာမှ ထွက်ပေါ်လာသည့် တုန်ခါမှုလှိုင်းများမှာ ကွဲပြားခြားနားနေသည် မဟုတ်ပါလော။
" ပြီးတော့ အခုလောလောဆယ်မှာ လူအများစုက ငါ့ကို ပစ်မှတ်ထားနေကြမှာ သေချာတယ်။ ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်းဆိုရင် ငါ့ကို သေသေချာချာ စောင့်ကြည့်နေလောက်တယ်... " ဝမ်ပေါင်လဲ့မှာ ထိုသို့ တွေးလိုက်ပြီးနောက် မျက်လုံးများ မှေးသွားပြီး သူ၏ သိုလှောင်အိတ်ထဲ၌ ဖမ်းချုပ်ထားသည့် ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်းမှ တာအိုဂိုဏ်းသားအား လှမ်းကြည့်လိုက်၏။ ထို့နောက် သူသည် တစ်ခဏမျှ အတွေးများထဲ၌ နစ်မျောသွားပြီးနောက် လှေလှော်နေသည့် လူပုံစံစက္ကူရုပ်ကြီးအား ကြည့်ကာ ညာလက်သီးပေါ် ဘယ်လက်ဝါးတင်၍ အရိုအသေပေးကာ မေးမြန်းလိုက်သည်။
" လူကြီးမင်း။ ကျွန်တော် သွားချင်တဲ့နေရာကို ပို့ပေးလို့ရလားဗျ "
ပုံမှန်အတိုင်းသာဆိုပါက ကြယ်ကြွေလှေများပေါ်မှ လှေသမားကြီးများမှာ ပြင်ပလောကထဲမှ ကျင့်ကြံသူများကို အရေးစိုက်ကြမည် မဟုတ်ပေ။ ၎င်းတို့မှာ ကြယ်သုသာန်အင်ပါယာ၏ ညွှန်ကြားချက်များအတိုင်း ပါရမီရှင်များအား သူတို့ လှေပေါ်သို့ စတက်ခဲ့သည့် နေရာသို့ ပို့ဆောင်ပေးလိုက်ကြမည်သာ ဖြစ်ပြီး ၎င်းတို့၏ ခရီးစဥ်အား ပြောင်းလဲပေးမည် မဟုတ်ပေ။
သို့သော် ကြယ်သုသာန်အင်ပါယာမှာ ဝမ်ပေါင်လဲ့အား ကောင်းကောင်းမွန်မွန် ဆက်ဆံပေးရန် ထို လူပုံစံစက္ကူရုပ်ကြီးအား ညွှန်ကြားခဲ့သည့် ပုံပင်။ ထို့ကြောင့် ၎င်းမှာ ဝမ်ပေါင်လဲ့၏ မေးခွန်းအား ကြားလိုက်ရသည့်နှင့် သူသွားလိုသည့် နေရာအား မေးမြန်းလိုသည့် မျက်ဝန်းများဖြင့် သူ့အား လှည့်ကြည့်လိုက်သည်။
ထိုအခါ ဝမ်ပေါင်လဲ့မှာ နှလုံးသားတစ်ခုလုံး ဆတ်ခနဲ တုန်ရီသွားရပြီး သူ သွားချင်သည့်နေရာ၏ တည်နေရာ အတိအကျအား ပြောပြလိုက်၏။ ၎င်းမှာ သူ ကြယ်သုသာန်ထဲသို့ မသွားခင်တုန်းက ကျောက်ယမုန့်၊ မြည်းလေးနှင့် ဝူလေးတို့အတွက် စီစဉ်ပေးခဲ့သည့် နေရာဖြစ်သည်။
ဝမ်ပေါင်လဲ့၏ နဂိုမူလ အစီအစဉ်မှာ သူတို့အား သွားခေါ်ပြီးလျှင် သူ၏ ခန္ဓာကိုယ်အစစ်အား ပြန်လည်ထိန်းချုပ်ကာ နိုးထလာအောင် လုပ်ရန်ဖြစ်သည်။ ထိုသို့သာဆိုပါက အကယ်၍ နတ်မျက်လုံးလူမှုအဖွဲ့အစည်းမှာ ဖောက်ထွက်ရန် မဖြစ်နိုင်သည့် ထောင်ချောက်တစ်ခု ဆင်ထားလျှင်တောင် သူ၏ ခန္ဓာကိုယ်အစစ်မှာ ထာဝရကြယ်မျက်လုံး၏ လုပ်ပိုင်ခွင့်အာဏာကို အသုံးချ၍ နေအဖွဲ့အစည်းဆီသို့ တည်နေရာပြောင်းရွှေ့နိုင်စွမ်း ရှိသွားမည်သာ ဖြစ်သည်။
သူ၏ လက်ရှိကိုယ်ပွားမှာလည်း နတ်မျက်လုံး လူမှုအဖွဲ့အစည်း၏ အနီးသို့ ရောက်ရှိသွားပါက ထာဝရကြယ်မျက်လုံး၏ စွမ်းအားများကို အသုံးပြုကာ နေအဖွဲ့အစည်းဆီသို့ တည်နေရာပြောင်းရွှေ့သွားပြီး သူ၏ ခန္ဓာကိုယ်အစစ်နှင့် ပေါင်းစည်းလိုက်ရုံပင်။
ထိုအစီအစဉ်၏ အဓိက သော့ချက်မှာ ထာဝရကြယ်မျက်လုံး၏ တည်နေရာပြောင်းရွှေ့နိုင်စွမ်း ဖြစ်ပေသည်။ သို့သော် ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်းမှာ ၎င်းအား ချုပ်နှောင်ထားနိုင်သည်ဖြစ်ရာ ဝမ်ပေါင်လဲ့မှာ နောက်ထပ် အစီအစဉ်တစ်ခု ရေးဆွဲထားဆဲပင်။ မည်သို့ပင်ဆိုစေကာမူ ထို အစီအစဉ်များ အားလုံးအရ ကျောက်ယမုန့်နှင့် အခြားသူများအား အရင်ဆုံးသွားခေါ်ရန် လိုအပ်ပေသည်။ သို့မှသာ သူသည် ပို၍ လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်စွမ်း ရှိမည်ဖြစ်ပြီး ထွက်ပြေးသွားရမည့် အချိန် ရောက်လာလျှင်လည်း ကျောက်ယမုန့်နှင့် အခြားသူများအတွက် စိတ်ပူနေစရာ လိုတော့မည်မဟုတ်ပေ။ သူတို့မှာ နတ်မျက်လုံးလူမှုအဖွဲ့အစည်းထဲ၌ ကျန်ရစ်ခဲ့ပါက အချိန်အတိုင်းအတာ တစ်ခုအထိသာ ဘေးကင်းနိုင်မည် ဖြစ်ပြီး အချိန်ကြာလာသည်နှင့်အမျှ အန္တရာယ်များနှင့် ရင်ဆိုင်လိုက်ရမည်သာ ဖြစ်သည်။
" တကယ်လို့ ငါသာ ကြယ်သုသာန်ခရီးစဉ်တစ်ခုလုံး အန္တရာယ်သိပ်မရှိမှန်း ကြိုသိထားခဲ့မယ်ဆိုရင် သူတို့ကိုပါ ခေါ်သွားတယ် " ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးကာ ခေါင်းယမ်းလိုက်၏။ သူ သူသွားလိုသည့် နေရာအား အသိပေးလိုက်သည်နှင့် လှေကြီးမှာလည်း ချက်ချင်းဆိုသလိုပင် လမ်းကြောင်းပြောင်းသွားပြီး အလျင်အမြန် ရွှေ့လျားသွားတော့သည်။ ၎င်း၏ တမူထူးခြားသော
ဂုဏ်သတ္တိများကြောင့် ၎င်းမှာ အလွန်အင်မတန်မှ မြန်ဆန်လွန်းနေရုံသာမက အခြားသူများမှာလည်း ၎င်းအား မမြင်ရပေ။ ထို့ကြောင့် သူ၏ ခရီးစဉ်မှာ အဆင်ပြေချောမွေ့နေတော့သည်။
ထိုသို့ဖြင့် ခဏအကြာတွင် သူတို့မှာ ဝမ်ပေါင်လဲ့ ကျောက်ယမုန့်နှင့် အခြားသူများအတွက် စီစဉ်ပေးထားခဲ့သည့် သာမန်ဂြိုဟ်တစ်လုံး၏ အနီးသို့ ရောက်ရှိသွားသည်။ မည်သူကမှ သူ့အား သတိမထားမိခဲ့ပေ။ ဝမ်ပေါင်လဲ့မှာ ထိုနေရာသို့ရောက်ရှိသွားသည်နှင့် သူ၏ နတ်ဘုရားအာရုံအား ထုတ်လွှတ်လိုက်သဖြင့် ချက်ချင်းဆိုသလိုပင် မျက်နှာအမူအရာများ ပြောင်းလဲသွားရတော့သည်။
ထိုဂြိုဟ်ကြီးပေါ်တွင် မည်သူမှ ရှိမနေခဲ့ပေ။ နတ်ဘုရားစွမ်းရည်တစ်ခု၏ အငွေ့အသက် အကြွင်းအကျန်များ ကျန်ရစ်ခဲ့ပါသော်လည်း ကျောက်ယမုန့်၊ မြည်းလေးနှင့် ဝူလေးတို့အား အစာအနပင် ရှာမရပေ။ အကယ်၍ ထိုမျှလောက်သာဆိုပါက ကိစ္စမရှိပါသော်လည်း ဝမ်ပေါင်လဲ့မှာ ထို နတ်ဘုရားစွမ်းရည် အငွေ့အသက် အကြွင်းအကျန်များအား အာရုံခံမိလိုက်ချိန်တွင် သူ၏ အသိစိတ်ထဲ၌ အေးစက်စက် စကားသံကြီးတစ်သံ ထွက်ပေါ်လာသည်ကို ကြားလိုက်ရတော့သည်။
" လုံနန်ကျစ်။ ငါ မင်းကို နတ်မျက်လုံး လူမှုအဖွဲ့အစည်းထဲမှာ စောင့်နေမယ် “