အဆင်သင့် စောင့်ဆိုင်းနေပါသော
Vol. 70 Ch. 974
ဝမ်ပေါင်လဲ့မှာ ထိုစကားသံအား ကြားလိုက်ရသည်နှင့် သူ၏ ညာဘက်လက်ကို ကျစ်ကျစ်ပါအောင် ဆုပ်မိသွား၏။ သူ၏ မျက်နှာအမူအရာမှာ လုံးဝ ပြောင်းလဲသွားပြီ ဖြစ်သည်။ သူသည် လှေပေါ်တွင် ရပ်နေပြီး စကားတစ်ခွန်းမှ မပြောသည့်တိုင်အောင် သူ၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာသည့် အေးစက်စက် အငွေ့အသက်များကြောင့် လှေကြီး၏ အပြင်ဘက်ရှိ စကြဝဠာကြီးမှာ အေးခဲသွားတော့မည့်ပုံ ပေါက်လာတော့သည်။
သူ၏ စိတ်ခံစားချက်များမှာ ဟင်းလင်းပြင်ကြီးအပေါ် အကျိုးသက်ရောက်နိုင်စွမ်း မရှိပါသော်လည်း သူ၏ ဒေါသများကြောင့် အရပ်မျက်နှာအနှံ့တွင် တုန်ခါမှုလှိုင်းများ ပေါ်ပေါက်လာရဆဲပင်။ သူ၏ ခန္ဓာကိုယ်ထဲတွင် ရှိနေသည့် တာအိုဂြိုဟ်မှာလည်း သူ၏ စိတ််ခံစားချက်များကို အာရုံခံမိလိုက်သဖြင့် စတင် လည်ပတ်လာတော့သည်။
ထိုအခါ ရှေးဟောင်းဂြိုဟ်ကိုးလုံး၏ မှုန်ဝါးဝါး ပုံရိပ်ယောင်များမှာ ဝမ်ပေါင်လဲ့၏ ပတ်ပတ်လည်၌ ထွက်ပေါ်လာ၏။ ထို့နောက် ၎င်းတို့ထဲရှိ စည်းမျဉ်းဥပဒေသစွမ်းအားများ စတင်အသက်ဝင်လာသဖြင့် အရောင်ကိုးရောင် ပေါ်ပေါက်လာသည်။ နောက်ဆုံးတွင် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲမှ ကြောက်မက်ဖွယ်ရာ အချုပ်အနှောင်စွမ်းအားတစ်မျိုး ထိုးထွက်လာတော့သည်။
ထိုအခါ ဘေးပတ်ဝန်းကျင် တစ်ခုလုံး၌ တအုန်းအုန်းမြည်သံများ ပဲ့တင်ထပ်သွား၏။ ထို့နောက် ဝဲကြီးတစ်ခုမှာ အရပ်မျက်နှာအနှံ့မှနေ၍ စတင်စုဝေးလာပြီး တဖြည်းဖြည်းနှင့် ပို၍ အားကောင်းလာ၏။ တစ်အောင့်ခန့်ကြာပြီးနောက် ဝမ်ပေါင်လဲ့မှာ လှေကြီး၏ ပတ်ပတ်လည်ရှိ ထိုဝဲကြီး အရွယ်အစား ပိုမိုကြီးမားလာကာ ၎င်း၏ရှေ့တွင် ရှိနေသည့် ကြယ်များအား ဝါးမျိုပစ်တော့မည့် ပါးစပ်ပေါက်ကြီး တစ်ပေါက်ကဲ့သို့ ပြောင်းလဲသွားသည်ကို မြင်လိုက်ရတော့သည်။ ထိုအခါ သူသည် မျက်လုံးများ ပြန်မှိတ်သွားသည်။
" ငါ မှားသွားခဲ့တာ " ဝမ်ပေါင်လဲ့မှာ ထိုသို့ရေရွတ်မိလိုက်ပြီး အစိုးရိမ်လွန်နေခဲ့ခြင်းဖြစ်ကြောင်း ခံစားလိုက်ရသည်။ သူသည် ကျောက်ယမုန့်၊ မြည်းလေးနှင့် ဝူလေးတို့အား ဤနေရာ၌ မချန်ထားခဲ့သင့်ပေ။
ထိုသို့ ချန်ရစ်ထားမိခဲ့သည့်အတွက် ယခုတွင် သူသည် သူတို့အား သေမင်းခံတွင်းဝသို့ ပို့မိလိုက်သလို ဖြစ်သွားပြီမဟုတ်ပါလော။
" ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်း.... "
ဝမ်ပေါင်လဲ့မှာ ရုတ်တရက်ဆိုသလို မျက်လုံးများ ပြန်ပွင့်လာ၏။ သူ၏ မျက်ဝန်းများထဲတွင် စိတ်ဓာတ်ပြတ်သားမှု အရိပ်အယောင်များကို မြင်နိုင်ပေသည်။ သူသည် သူတစ်ယောက်တည်း ကိုယ်လွတ်ရုံးကာ ထွက်ပြေးသွား၍ မဖြစ်တော့ပေ။ ထိုလုပ်ရပ်မှာ သူ၏ အကျင့်စရိုက်နှင့် ကိုက်ညီမှုမရှိသလို သူ ဆက်လက်ထိန်းသိမ်းထားနိုင်စွမ်း မရှိတော့သည့် သတ်ဖြတ်လိုစိတ်များနှင့်လည်း ကိုက်ညီမှုမရှိပေ။
သူ နတ်မျက်လုံးလူမှုအဖွဲ့အစည်းထဲသို့ ရောက်ရှိလာခဲ့စဉ်ကတည်းက အပေါ်ယံတွင် သူ၏ ကျင့်ကြံခြင်း လမ်းခရီးစဉ်မှာ အဆင်ပြေ ချောမွေ့နေခဲ့သည့်ပုံ ပေါ်ပါသော်လည်း လက်တွေ့တွင်မူ သူသည် အတားအဆီး အခက်အခဲ အမျိုးမျိုးနှင့် ကြုံတွေ့ခဲ့ရ၏။ ယခုတွင် သူသည် ဂြိုဟ်အဆင့်သို့ ရောက်ရှိလာပြီဖြစ်ရာ သူ၏ သတ်ဖြတ်လိုစိတ် အငွေ့အသက်များကို ချုပ်တည်းထားရန် ဆန္ဒမရှိတော့ပေ။ ထိုသို့ဖြင့် ဝမ်ပေါင်လဲ့မှာ မျက်ဝန်းများ အေးစက်သွားပြီး အမွှေးတိုင်တစ်ဝက် လောင်ကျွမ်းစာအချိန်အထိ နှုတ်ဆိတ်နေလိုက်၏။ ထို့နောက် သူသည် ညာလက်သီးပေါ် ဘယ်လက်ဝါးတင်ကာ လှေကြီးပေါ်ရှိ လူပုံစံစက္ကူရုပ်အား အရိုအသေပေး၍ လျှောက်တင်လိုက်တော့သည်။
" လူကြီးမင်း။ ကျေးဇူးပြုပြီးတော့ ကျွန်တော့်ကို နတ်မျက်လုံး လူမှုအဖွဲ့အစည်းထဲက လှေရပ်တဲ့နေရာကို ပြန်ပို့ပေးပါ "
ထိုအခါ ထို လူပုံစံစက္ကူရုပ်ကြီးမှာ ဝမ်ပေါင်လဲ့အား အဓိပ္ပါယ်ပါပါ ကြည့်လိုက်၏။ ထို့နောက် ၎င်းမှာ ၎င်း၏ လှော်တက်များကို ချက်ချင်း လှော်ခတ်လိုက်ခြင်းမရှိဘဲ အပြန်ခရီးစဉ်တစ်လျှောက်လုံး၌ ပထမဆုံးအကြိမ်အဖြစ် စကားပြောလိုက်သည်။
" သဘောတူညီချက်တွေနဲ့ စည်းမျဉ်းစည်းကမ်းတွေကြောင့် ငါ လှေပေါ်ကနေ ဆင်းခွင့်မရှိသလို ငါ့ဘက်ကနေ စပြီးတော့ တိုက်ခိုက်ခွင့်လည်းမရှိဘူး။ ဒါပေမဲ့ မင်း လှေပေါ်မှာ ရှိနေသရွေ့ ငါ မင်းရဲ့ ဘေးကင်းလုံခြုံမှုအတွက် အာမခံပေးနိုင်ပြီးတော့ မင်း သွားချင်တဲ့ နေရာမှန်သမျှကို လိုက်ပို့ပေးလို့ရပါတယ် "
ဝမ်ပေါင်လဲ့မှာ ထိုစကားများကို ကြားလိုက်ရသောအခါ အလွန်အင်မတန်မှ ကျေးဇူးတင်မိသွား၏။ ထို့ကြောင့် သူသည် လူပုံစံစက္ကူရုပ်အား ထပ်၍ ဦးညွှတ်အရိုအသေပေးကာ ဆိုလိုက်ပြန်သည်။
" လူကြီးမင်း ဘာမှလုပ်ပေးစရာ မလိုပါဘူး။ ဒီကိစ္စကို ကျွန်တော် ဖြေရှင်းနိုင်ပါတယ် "
လူပုံစံစက္ကူရုပ်ကြီးမှာမူ ခေါင်းညိတ်ပြလိုက်ပြီးနောက် စကားတစ်ခွန်းမှ ဆက်ပြောမနေတော့ဘဲ ၎င်း၏ လက်ထဲမှ စက္ကူလှော်တက်အား ဝှေ့ယမ်းလိုက်၏။ ထိုအခါ လှေကြီးမှာ ချက်ချင်းဆိုသလိုပင် စကြဝဠာကြီးထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားပြီး နတ်မျက်လုံးလူမှုအဖွဲ့အစည်းဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်သွားတော့သည်။
ထိုလှေကြီး ရွေ့လျားသွားသောအခါ ဝမ်ပေါင်လဲ့၏ မျက်ဝန်းများထဲ၌ စကြဝဠာကြီးမှာ မြစ်ရေများအဖြစ် ပြောင်းလဲသွားသကဲ့သို့ပင်။ အစတွင် မှုန်ဝါးဝါးသာမြင်ရပါသော်လည်း သေသေချာချာ ကြည့်ရှုလိုက်မည်ဆိုပါက လှေကြီးမှာ စိတ်ကူးနှင့် မမှန်းဆနိုင်လောက်အောင် မြန်ဆန်လွန်းနေသောကြောင့် ဘေးပတ်ပတ်လည်ရှိ အရာအားလုံးမှာ တသွင်သွင်စီးဆင်းနေသည့် မြစ်ရေများအဖြစ်သို့ ပြောင်းလဲသွားသည့်ပုံ ပေါက်နေခြင်းဖြစ်ကြောင်း သိလိုက်ရမည်ဖြစ်သည်။
ဝမ်ပေါင်လဲ့မှာမူ တည်ကြည်မှုအပြည့်ရှိနေ၏။ သူ၏ နှလုံးသားထဲရှိ အေးစက်စက် အငွေ့အသက်များနှင့် သတ်ဖြတ်လိုစိတ်များသာလျှင် အချိန်နှင့်အမျှ ပို၍ အားကောင်းလာနေသည်။ သူသည် နတ်မျက်လုံးလူမှုအဖွဲ့အစည်းထဲသို့ ရောက်ရှိလာခဲ့ပြီးနောက် အချို့သော အချိန်များတွင် မောက်မာဝင့်ကြွားစွာ ပြုမူခဲ့မိပါသော်လည်း အချိန်အများစုတွင် သိုသိုသိပ်သိပ်သာ နေခဲ့သည်ဖြစ်ကြောင်း သူ့ကိုယ်သူ မှတ်ယူထား၏။
" ဘာဖြစ်ဖြစ်ပါ။ ဘယ်လိုပဲ ကြည့်ကြည့် ငါ အစိုးရိမ်လွန်မိခဲ့တာပဲ။ တခြားနည်းလမ်းတွေ ရှိရဲ့သားနဲ့ ဘာလို့ အဲဒီနည်းလမ်းကိုမှ ရွေးမိခဲ့ရတာလဲ " ဝမ်ပေါင်လဲ့မှာ စိတ်ထဲတွင် ထိုသို့တွေးကာ ခေါင်းမော့လာပြီး စကြဝဠာကြီးထဲသို့ လှမ်းကြည့်နေလိုက်၏။
လှေကြီးမှာမူ တဖြည်းဖြည်းနှင့် ပို၍ မြန်ဆန်လာနေဆဲပင်။ ထို အမြန်နှုန်းအတိုင်းသာဆိုပါက သိပ်မကြာခင်တွင် နတ်မျက်လုံးလူမှုအဖွဲ့အစည်းဆီသို့ ရောက်သွားတော့မည် ဖြစ်သည်။ ထိုသို့ဖြင့် တစ်နာရီတိတိ ကုန်ဆုံးသွားပြီးနောက် လှေကြီး အရှိန်လျော့ကျသွားချိန်တွင် နတ်မျက်လုံးလူမှုဖွဲ့စည်းမှာ သူ၏ရှေ့၌ ပေါ်ပေါက်လာတော့သည်။
ဝမ်ပေါင်လဲ့မှာမူ နတ်မျက်လုံးလူမှုအဖွဲ့အစည်းအား ချက်ချင်း လှမ်းကြည့်ခဲ့ခြင်းမရှိဘဲ စကြဝဠာကြီးထဲသို့သာ စိုက်ကြည့်နေ၏။ သူ လှမ်းကြည့်နေသည့်အရာအား သူကိုယ်တိုင်မှလွဲ၍ အခြားမည်သူမှ သိနိုင်မည်မဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော် သူ လှမ်းကြည့်နေသည့်နေရာမှာ အမှောင်အိပ်မက်ထဲ၌ အမှောင်ဂိုဏ်း တည်ရှိနေခဲ့သည့်နေရာ ဖြစ်နေသောကြောင့်ပင်။ ထို့အပြင် သူ၏ ဆရာမှာလည်း ထိုနေရာတွင် ရှိနေ၏။
အချိန်အတော်အတန်ကြာအောင် ကုန်ဆုံးသွားပြီးနောက် ဝမ်ပေါင်လဲ့မှာ စိတ်ပိုင်းဖြတ်ပြီးသွားသည့်ပုံပင်။ သူသည် ဒူးထောက်ချကာ ထို အရပ်မျက်နှာဘက်သို့ လှည့်၍ ဦးညွှတ်လိုက်၏။
ထို့နောက် သူသည် မတ်တတ် ပြန်ထလာပြီး မျက်ဝန်းများထဲ၌ သတ်ဖြတ်လိုစိတ် အရိပ်အယောင်များ တောက်ပသွားသည်။ လူပုံစံစက္ကူရုပ်ကြီးမှာ ဝမ်ပေါင်လဲ့၏ အတွေးများကို အာရုံခံနိုင်စွမ်း ရှိနေသည့်ပုံပင်။ ၎င်းမှာ စက္ကူလှော်တက်အား ဝှေ့ယမ်းလိုက်သဖြင့် လှေကြီးထဲမှ ထစ်ချုန်းသံများ ထွက်ပေါ်လာ၏။ ထို့နောက် ၎င်းမှာ ရှေ့သို့ အရှိန်အဟုန်ဖြင့် ထိုးထွက်သွားကာ နတ်မျက်လုံး လူမှုအဖွဲ့အစည်း အပြင်ဘက်ရှိ အကာအရံကြီးအား ကျော်ဖြတ်သွားလိုက်ပြီးနောက် ဝမ်ပေါင်လဲ့ လှေပေါ်သို့ တက်ခဲ့သည့်နေရာ၌ ပေါ်ပေါက်လာတော့သည်။
၎င်း ပေါ်ပေါက်လာသည်နှင့် နတ်မျက်လုံးလူမှုအဖွဲ့အစည်းထဲမှ အံ့ဩမှင်တက်ဖွယ်ရာ အငွေ့အသက်ကြီးတစ်ခု ထွက်ပေါ်လာ၏။ ထို အငွေ့အသက်ကြီးး ထိုနေရာကြီးတစ်ခုလုံးအား လွှမ်းခြုံသွားသည်နှင့် အချုပ်အနှောင် ပညာရပ်တစ်မျိုးမှာလည်း စတင်အသက်ဝင်လာတော့သည်။ ၎င်းမှာ နတ်မျက်လုံး လူမှုအဖွဲ့အစည်းတစ်ခုလုံးအား ဖုံးလွှမ်းသွား၏။ တစ်ချိန်ထဲမှာပင် နတ်မျက်လုံးလူမှုအဖွဲ့အစည်း၏ အစွန်အဖျားပိုင်း၌ ကမ္ဗည်းစာလုံးများဖြင့် ပြည့်နှက်နေသည့် ဧရာမ သလင်းကျောက်ချပ်ပြားများ ရုတ်ခြည်းဆိုသလို ပေါ်ပေါက်လာတော့သည်။
ထို သလင်းကျောက်ချပ်ပြား တစ်ပြားချင်းစီတိုင်းမှာ ဂြိုဟ်တစ်လုံးနီးပါး အရွယ်အစားကြီးမား၏။ ၎င်းတို့မှာ ရေတွက်၍ မရနိုင်လောက်အောင် များပြားလွန်းနေသည်။ ၎င်းတို့မှာ ထိုကဲ့သို့ ပေါ်ပေါက်လာပြီးနောက် ချက်ချင်းဆိုသလိုပင် တစ်ခုနှင့်တစ်ခု ချိတ်ဆက်သွားကြ၏။ အဝေးရှိ အမြင့်တစ်နေရာမှနေ၍ လှမ်းကြည့်လိုက်မည်ဆိုပါက ထို သလင်းကျောက်ချပ်ပြားများမှာ နံရံများကဲ့သို့ နတ်မျက်လုံး လူမှုအဖွဲ့အစည်း တစ်ခုလုံးအား အရပ်မျက်နှာအနှံ့မှနေ၍ ဝန်းရံထားသည်ကို မြင်နိုင်ပေမည်။
ထို့ကြောင့် နတ်မျက်လုံး လူမှုအဖွဲ့အစည်းတစ်ခုလုံးမှာ ကြယ်စင်စု အရွယ်အစားခန့်ရှိသော ဧရာမ ဖန်လုံးကြီးတစ်လုံးအဖြစ် ပြောင်းလဲသွားသကဲ့သို့ပင်။
ထို ဖန်လုံးကြီး ပေါ်ပေါက်လာသည်နှင့် ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်း သိမ်းပိုက်ထားသည့် လူမှုအဖွဲ့အစည်းများထဲရှိ ထာဝရကြယ် အတုများ အားလုံးမှာ တစ်ပြိုင်နက်တည်း ဝင်းလက်တောက်ပလာကြ၏။ ထို့နောက် ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်း၏ ခေါင်းဆောင်ကြီးမှာ အထူးနည်းလမ်းတစ်ခုကို အသုံးပြုကာ ထို ထာဝရကြယ်များအားလုံး၏ စွမ်းအားများအား အတူတကွ စုစည်းလိုက်ပြီးနောက် နတ်မျက်လုံး လူမှုအဖွဲ့အစည်းအား လွမ်းခြုံထားသည့် ဧရာမ ဖန်လုံးကြီးဆီသို့ စေလွှတ်လိုက်တော့သည်။
ထိုအခါ ထို ဖန်လုံးကြီးမှာ ချက်ချင်းဆိုသလိုပင် မျက်စိကျိန်းစရာကောင်းလောက်အောင် တောက်ပသွားသဖြင့် ဧရာမ ထာဝရကြယ်ကြီးတစ်လုံးအဖြစ် ပြောင်းလဲသွားသကဲ့သို့ပင်။ ၎င်းမှာ ၎င်း၏ အတွင်းပိုင်းထဲတွင် ရှိနေသည့် အငွေ့အသက်များအားလုံးကို ပြင်ပလောကကြီးနှင့် အဆက်အသွယ်ဖြတ်လိုက်၏။
ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်းမှာ ဝမ်ပေါင်လဲ့၏ တာအိုဂြိုဟ်အတွက် ထိုကဲ့သို့ ပြင်ဆင်ထားခြင်း ဖြစ်ပေသည်။ သူတို့မှာ သူတို့ကိုယ်သူတို့ ယုံကြည်မှုအပြည့်ရှိနေ၏။ ယခုကဲ့သို့သော ပြင်ဆင်မှုများကြောင့် ဝမ်ပေါင်လဲ့တစ်ယောက် ထွက်ပြေးလွတ်မြောက်နိုင်စွမ်း မရှိတော့ရုံသာမက တစ်စုံတစ်ယောက်မှာ ဝမ်ပေါင်လဲ့၏ တည်နေရာအား သိရှိလိုလျှင်တောင် အချိန်တိုလေးအတွင်း ရှာဖွေဖော်ထုတ်နိုင်တော့မည် မဟုတ်ပေ။
သို့ဖြစ်ရာ သူတို့မှာ အချိန်အလုံလောက် ရရှိသွားမည်ဖြစ်သည်။
ထို့အပြင် သူတို့မှာ လူမှုအဖွဲ့အစည်း အပြင်ဘက်၌သာ အချုပ်အနှောင်များ တပ်ဆင်ထားခြင်းမဟုတ်ပေ။ နတ်မျက်လုံးလူမှုအဖွဲ့အစည်းထဲတွင်လည်း ထိုနည်းတူပင်။ ဝမ်ပေါင်လဲ့ ပေါ်ပေါက်လာကာ နတ်မျက်လုံးလူမှုအဖွဲ့အစည်း အပြင်ဘက်ရှိ ဧရာမ သလင်းကျောက်ဖန်လုံးကြီး စတင်ရုပ်လုံးပေါ်လာပြီး စကြဝဠာကြီးထဲ၌ တုန်ခါမှုလှိုင်းများ ပျံ့နှံ့သွားသည်နှင့် ကျင့်ကြံသူများမှာလည်း တစ်ယောက်ပြီးတစ်ယောက် ပေါ်ပေါက်လာကြ၏။
သူတို့၏ အရေအတွက်မှာ ကြောက်ခမန်းလိလိ များပြားနေသည်။ နတ်မျက်လုံးလူမှုအဖွဲ့အစည်း၏ အစွန်အဖျားပိုင်းတွင်ပင် အင်အားတစ်သန်းအထိ ရှိသော စစ်တပ်ကြီးတစ်ခု ရှိနေ၏။ ထို ကျင့်ကြံသူများမှာ လှေကြီးအား အရပ်မျက်နှာ အနှံ့မှနေ၍ ဝိုင်းထားကြသည်။
တစ်ချိန်ထဲမှာပင် ဂြိုဟ်အဆင့် ကျင့်ကြံသူများ၏ အငွေ့အသက်များမှာလည်း အဆက်မပြတ် ထွက်ပေါ်လာကြ၏။ နတ်ဧကရာဇ်တရားမျှမှုဂိုဏ်း ခေါင်းဆောင်ကြီး၊ ခရမ်းရောင်ရွှေတာအိုသစ်ဂိုဏ်း ခေါင်းဆောင်ကြီးနှင့် ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်းမှ မိုးကောင်းကင်ဝိညာဉ်ဂိုဏ်း၏ ဂိုဏ်းချုပ်ကြီးတို့အပြင် ဂြိုဟ်အဆင့် အငွေ့အသက်များ ထုတ်လွှတ်နေကြသည့် နောက်ထပ် ကျင့်ကြံသူ ခြောက်ယောက်တိတိ ထပ်ရှိနေသေးသည်။ ထို ကျင့်ကြံသူများထဲတွင် အမျိုးသားများသာမက အမျိုးသမီးများလည်း ပါ၏။
စုစုပေါင်း ဂြိုဟ်အဆင့် ကျင့်ကြံသူ ကိုးယောက်တိတိမှာ ကြယ်ကြွေလှေကြီးနှင့် လှေပေါ်ရှိ ဝမ်ပေါင်လဲ့အား အေးစက်စွာ စိုက်ကြည့်နေပြီဖြစ်သည်။
ထို ကိုးယောက်၏ ရှေ့တွင် သက်လတ်ပိုင်းလူကြီးတစ်ယောက် ရှိနေသေးသည်။ သူ၏ အငွေ့အသက်များမှာ အလွန်အင်မတန်မှ အားကောင်းနေသောကြောင့် သူသည် ထို နေရာကြီးတစ်ခုလုံးအား ဖိနှိပ်ချုပ်တည်းထားနိုင်စွမ်း ရှိနေသည့်ပုံ ပေါက်နေတော့သည်။ သူသည် ဝမ်ပေါင်လဲ့အား လှေပေါ်သို့ မတက်နိုင်အောင် တားဆီးရန် ကြိုးစားခဲ့သည့် ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်းမှ ထာဝရကြယ်အဆင့် ကျင့်ကြံသူကြီး ဖြစ်ပေသည်။
ဤ နေရာတွင် ထာဝရကြယ်အဆင့် ကျင့်ကြံသူဟူ၍ သူတစ်ယောက်တည်းသာ ရှိနေသည်မဟုတ်ပေ။ ဝမ်ပေါင်လဲ့၏ နောက်တွင်လည်း ဟင်းလင်းပြင်ကြီးမှာ မှုန်ဝါဝါး ဖြစ်သွားပြီး နောက်ထပ် လူရိပ်တစ်ခု ထွက်ပေါ်လာ၏။ သူသည် အနက်ရောင်ဝတ်ရုံတစ်ခုအား ဆင်မြန်းထားသည့် အဘိုးကြီးတစ်ယောက် ဖြစ်သည်။ သူ ထွက်ပေါ်လာသည်နှင့် ဘေးပတ်ပတ်လည်ရှိ အပူချိန်မှာ မြင့်တက်သွားပြီး ထာဝရကြယ်အဆင့် စွမ်းအားများ ပေါက်ကွဲထွက်ပေါ်လာ၏။
" ဂြိုဟ်အဆင့်ကျင့်ကြံသူ ကိုးယောက်နဲ့ ထာဝရကြယ်အဆင့် ကျင့်ကြံသူ နှစ်ယောက်ပဲ " ဝမ်ပေါင်လဲ့မှာ မျက်လုံးများမှေးသွား၏။ ထိုအချိန်တွင် သူသည် သူ့အား ဝိုင်းထားသည့် ရန်သူများ၏ အလွန်တွင် ဧရာမ ပူစည်ဖောင်းကြီးတစ်လုံး ရှိနေသည်ကို မြင်လိုက်ရသည်။ ထို ပူစည်ဖောင်းကြီးပေါ်တွင် ကမ္ဗည်းစာလုံးများမှာ တလက်လက် တောက်ပနေ၏။ ၎င်းမှာ အကြည်ရောင် ဖြစ်နေသောကြောင့် ဝမ်ပေါင်လဲ့မှာ ထို ပူစည်ဖောင်းထဲ၌ သတိလစ်နေကြသည့် ကျောက်ယမုန့်၊ မြည်းလေးနှင့် ဝူလေးတို့အား လှမ်းမြင်နေရသည်။
ဝမ်ပေါင်လဲ့ ထို ပူစည်ဖောင်းကြီးအား စိုက်ကြည့်နေလိုက်ပြီးနောက် အခြားသူများ သတိထားမိသွားမည်ကို စိုးရိမ်နေခြင်းမရှိဘဲ သူ၏ဘေး၌ ဂြိုဟ်တစ်လုံးအား ထုတ်ယူလိုက်၏။ ထိုဂြိုဟ်၏ အရောင်မှာ မိုးပြာရောင် ဖြစ်သည်။ ၎င်းမှာ တိမ်မိုးပြာတာအိုအား ပိုင်ဆိုင်ထားသည့် ပဉ္စမမြောက် ရှေးဟောင်းဂြိုဟ် ဖြစ်ပေသည်။
တိမ်တိုက်များမှာ အပြောင်းအလဲလွယ်ပြီး ပုံသဏ္ဍာန်အမျိုးမျိုးရှိကြ၏။ သို့ဖြစ်ရာ ထိုတိမ်တာအိုအား ပုံရိပ်ယောင်ပညာရပ်တစ်မျိုးဟုပင် ခေါ်ဆိုနိုင်ပေသည်။ ဝမ်ပေါင်လဲ့မှာ တိမ်တာအို၏ အကူအညီဖြင့် ထို ပူစည်ဖောင်းကြီးထဲတွင် ရှိနေသည့် အရာအားလုံးကို ဖောက်ထွင်းမြင်နိုင်စွမ်း ရှိနေသည်။ ထို ပူစည်ဖောင်းကြီးမှာ ပုံရိပ်ယောင် မဟုတ်ဘဲ အစစ်ဖြစ်၏။ ကျောက်ယမုန့်၊ မြည်းလေးနှင့် ဝူလေးတို့မှာ အားအင်ချည့်နဲ့နေကြသည့်တိုင်အောင် အသက်အန္တရာယ်နှင့် ကြုံနေရခြင်းမရှိပေ။
ထိုအခါမှသာ ဝမ်ပေါင်လဲ့မှာ စိတ်အေးသွားရပြီး သက်ပြင်းချနိုင်သွား၏။ သို့သော် သူသည် ထိုကဲ့သို့ ဖြစ်နေလိမ့်မည်ဟု ခန့်မှန်းထားပြီးသား ဖြစ်သည်။ ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်းမှာ သူ့အား ဤ နေရာသို့ မျှားခေါ်နိုင်ရန် အများကြီးပေးဆပ်ထားရသည် မဟုတ်ပါလော။ သို့ဖြစ်ရာ ဓားစာခံများဖြစ်ကြသည့် ကျောက်ယမုန့်နှင့် အခြားသူများမှာ အချိန်တိုလေးအတွင်း သေဆုံးသွားကြဦးမည်တော့ မဟုတ်ပေ။
ဝမ်ပေါင်လဲ့တစ်ယောက် ကျောက်ယမုန့်နှင့် အခြားသူများ ဘေးကင်းနေသေးကြောင်း သိလိုက်ရသဖြင့် စိတ်အေးသွားရစဉ်မှာပင် သူ၏ ရှေ့တွင် ရှိနေသည့် ထာဝရကြယ်အဆင့် ကျင့်ကြံသူကြီးမှာ မျက်ဝန်းများ အေးစက်စွာတောက်ပသွားပြီး လေသံအောအောကြီးဖြင့် ခေါ်လိုက်တော့သည်။
" လုံနန်ကျစ် “