← Chapters

ဆဌမတန်းစားဆေးလုံးကို သန့်စင်ခြင်း (က)

Vol. 22 Ch. 295

ဆဌမတန်းစားဆေးလုံးကို သန့်စင်ခြင်း (က)

Vol. 22 Ch. 295

ထိုနေရာက သူ့အတွက် စင်မြင့်ဖြစ်သည်။

သို့သော်လည်း အနောက်ဘက်နယ်စပ်ကုန်းမြေက သူ့အခြေခံအုတ်မြစ်ဖြစ်ပြီး ဓားစံအိမ်နှင့် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက တည်ငြိမ်ရန်လိုအပ်သည်။

သူ့လက်ထဲတွင် ချီစွမ်းအင်အလင်းတစ်ခု ပေါ်လာပြီး ရတနာရှစ်မျိုးယုရီက ခေါက်ယပ်တောင်အဖြစ် ပြောင်းသွားသည်။

ယပ်တောင်၏တစ်ဖက်တွင် တောင်တန်းနှင့် မြစ်ပုံရိပ်များရှိပြီး တစ်ဖက်တွင် ‘တည်ငြိမ်သောနှလုံးသား’ဟု စာရေးထားသည်။

ရတနာရှစ်မျိုးယုရီက ဗလာအဖြစ်ပြောင်းလဲပြီး အမျိုးမျိုးသောရတနာများကို အတုခိုးနိုင်သည်။

ထိုအရာက အတုအယောင်ဖြစ်သောကြောင့် စွမ်းအားတစ်ဝက်ကိုသာ ထုတ်သုံးနိုင်လိမ့်မည်။

သို့သော်လည်း စွမ်းအားတစ်ဝက်က ဓမ္မရတနာ ဖြစ်နေသေးသည်။

ဓမ္မရတနာ၏စွမ်းအားတစ်ဝက်က အကောင်းဆုံးဝိညာဉ်အဆင့်ရတနာများထက် အဆပေါင်းများစွာ သာလွန်သည်။

ရတနာရှစ်မျိုးယုရီက အားကောင်းသော မိစ္ဆာလက်နက်တစ်ခုဖြစ်သည့် သံမဏိထီးတစ်လက်အဖြစ် ပြောင်းလဲခဲ့သည်။

ထိုထီးက များပြားလှသော ကောင်းကင်ဘုံတစ်ဝက်အဆင့် ကျွမ်းကျင်သူများ၏တိုက်ခိုက်မှုကို ကာကွယ်ခဲ့သည်။

ယန်မူယဲ့က ခုန်းချောင်တိ၏ဓားမှတစ်ဆင့် မြင်ခဲ့ရသော ခေါက်ယပ်တောင်အဖြစ် ရတနာရှစ်မျိုးယုရီကို ပြောင်းလဲထားခြင်းဖြစ်သည်။

ယပ်တောင်က သိပ်အသုံးမဝင်ဘဲ သမာဓိစွမ်းအားနှင့် တချို့နည်းလမ်းများကိုသာ အသုံးပြုနိုင်သည်။

ဟန်မူယဲ့က ယပ်တောင်ကို ဝှေ့ယမ်းလိုက်ပြီး တာအိုဆရာတယန်ကို ကြည့်သည်။

တာအိုဆရာတယန်က သူ့ကိုကြည့်လိုက်ပြီး ခေါင်းခါလျက်ပြောသည်။

“မင်းက ဓားဘုရင်ယွမ်ထျန်းရှေ့မှာ အဲဒီလိုပုံစံနဲ့ သွားရပ်နေရင် သူက မင်းကို သတ်ပစ်လိမ့်မယ်”

ထိုစကားကို ကြားလိုက်ရသောအခါတွင် ဟန်မူယဲ့က ယပ်တောင်ကိုပိတ်လိုက်ပြီး စပ်စုလိုစိတ်များနှင့် မေးသည်။

“ဓားဘုရင်ယွမ်ထျန်းက အမတ်ချုပ်ကြီးဝမ်နဲ့ ဘယ်လိုရန်ငြိုးတွေရှိခဲ့တာလဲ”

သူ့တို့နှစ်ယောက်က ဂိုဏ်းတူသည်။ ပုံမှန်အတိုင်းဆိုလျှင် သူတို့၏ဆက်ဆံရေးက နီးကပ်သင့်သည်။

အကယ်၍ အငြင်းပွားမှုများရှိလျှင်ပင် တစ်ယောက်က အလယ်ပိုင်းကုန်းမြေတွင်နေထိုင်ပြီး တစ်ယောက်က အနောက်ဘက်နယ်စပ်ကုန်းမြေတွင် နေထိုင်သည်။ အကျိုးအမြတ်နှင့်ပတ်သတ်သော ရန်ပွဲများမရှိနိုင်ပေ။

“ငါလည်း အဲဒီအကြောင်းကို မသိဘူး”

တာအိုဆရာတယန်က ခေါင်းခါပြီး ရေရွတ်သည်။

“ယောင်္ကျားတစ်ယောက်က တခြားယောင်္ကျားတစ်ယောက်နဲ့ ရန်သူဖြစ်လာတဲ့အကြောင်းအရင်းက ....”

....

လင်းရှန်နှင့်တခြားလူများက ခေါက်ယပ်တောင်အားကိုင်ထားသော ဟန်မူယဲ့ကို မြင်လိုက်ရသောအခါတွင် အနည်းငယ်အံ့အားသင့်သွားသည်။

ယခုအချိန်တွင် ဟန်မူယဲ့က ကွန်ဖြူးရှပ်တာအို ကျောင်းတော်သားတစ်ဦးနှင့် အလွန်တူနေသည်။

ကံကောင်းစွာဖြင့် ဟန်မူယဲ့က စိတ်ကူးပေါက်ရာ လျှောက်လုပ်နေခြင်းဖြစ်သည်။ သူက ယပ်တောင်နှင့်ကစားပြီး ဓားအဖြစ်ပြောင်း၍ နောက်ကျောတွင်ရှိသော ဓားအိမ်ထဲတွင် ထည့်ထားလိုက်သည်။

ဤရက်ပိုင်းအတွင်း ဟန်မူယဲ့က ဓားစံအိမ်၊ စာအုပ်ဆောင်နှင့် ဝိညာဉ်နယ်မြေကို ပတ်သွားနေခဲ့သည်။

စာအုပ်ဆောင်တွင် စွေ့ဟယ်လျန်က ဟန်မူယဲ့အတွက် စာအုပ်များစုစည်းပေးပြီး သူဖတ်သွားသောစာအုပ်များကို သေချာလိုက်ဖတ်လိမ့်မည်။

သူ့အမြင်တွင် ဟန်မူယဲ့က သမာဓိစွမ်းအားကို အမှန်တကယ်ကျင့်ကြံနိုင်နေသည်။

သူက အလွန်စိတ်ဝင်စားသော်လည်း မေးကြည့်ရန် ရှက်နေသည်။

သုံးရက်အကြာတွင် ဓားအကဲဖြတ်ပွဲသို့သွားသော လျှိုဟုန်ပြန်လာခဲ့သည်။

“စီနီယာအစ်ကိုဟန်၊ ဒီတစ်ခေါက်မှာ ကောင်းမိသားစုက ဓားကောင်းတွေကို တကယ်ထုတ်ပြခဲ့တယ်”

လျှိုဟုန်က ကိုယ့်ကိုယ်ကိုယ် ကျေနပ်နေပုံရသည်။

“စီနီယာအစ်ကိုဟန်ဆီကနေ ဓားအကဲဖြတ်နည်းသင်သွားလို့ တော်သေးတယ်။ မဟုတ်ရင် အရမ်းရှက်စရာကောင်းလိမ့်မယ်”

ကောင်းအီ၏ ဦးဆောင်မှုအောက်တွင် ကောင်းမိသားစုက ဓားသန့်စင်ခြင်းနည်းစနစ်အသစ်ကို ရှာဖွေနေသည်။

သူတို့က ကောင်းမိသားစုတွင်မရှိသော ဟန်မူယဲ့၏ သန့်စင်ခြင်းနည်းစနစ်တချို့ကို တောင်းဆိုခဲ့သေးသည်။

ကြိုးစားပြီးသောအခါတွင် ရလဒ်များထွက်လာခဲ့သည်။

လျှိုဟုန်၏ပြောစကားအရ ကောင်းမိသားစု၏ ဓားအသစ်က ကမ္ဘာမြေအဆင့်ကျွမ်းကျင်သူများကြားတွင် အလွန်နာမည်ကြီးသည်။

ထိုဓားများက ကောင်းကင်နှင့်မြေကြီး၏စွမ်းအားကို ပိုမိုအသက်သွင်းနိုင်သည်။

လျှိုဟုန်က ပြန်ယူလာခဲ့သောဓားကို ဟန်မူယဲ့ဆီသို့ ပေးလိုက်သည်။

ဟန်မူယဲ့က ကြည့်လိုက်ပြီး ခေါင်းညိတ်သည်။

ဓားထဲတွင် ဝိညာဉ်သတ္တုများကို အရည်ကျိုးနည်းစနစ်အချို့နှင့် ပေါင်းစပ်ပြီး ထည့်ထားသည်။

ပုံမှန်အခြေအနေမျိုးတွင် ထိုသို့လုပ်လိုက်လျှင် ကုန်ကျစရိတ်တိုးလာပြီး အမြတ်လျော့ကျသွားပေမည်။

သို့သော်လည်း အနောက်ဘက်နယ်စပ်ကုန်းမြေတွင် အခြေအနေက အရေးကြီးနေသည်။ ဝိညာဉ်ကျောက်တုံးများရှိနေလျှင် ခွန်အားတိုးစေရန်အတွက် ရတနာများဝယ်ယူထားခြင်းက ပိုကောင်းသည်။

ဓားကောင်းတစ်လက်၏တန်ဖိုးက နှစ်ဆဖြစ်နေလျှင်ပင် တိုက်ခိုက်ပြီးဝယ်ယူမည့်လူများ ရှိနေလိမ့်မည်။

သူမျှော်လင့်ထားသည့်အတိုင်း ဝိညာဉ်တစ်ဝက်အဆင့်လက်နက်များ၏တန်ဖိုးက ဝိညာဉ်ကျောက်တုံး သုံးသောင်းဖြစ်သည်။

ဝိညာဉ်ကျောက်တုံးသုံးသောင်း…

ဟန်မူယဲ့က လက်မြှောက်ပြီး နောက်ထပ်ဓားတစ်လက်ကို ဆင့်ခေါ်သည်။

“ဒီဓားကို မင်းဘယ်လိုထင်လဲ”

ဟန်မူယဲ့က ဓားကို လျှိုဟုန်ဆီသို့ ပေးလိုက်ပြီး အပြုံးတစ်ခုနှင့်အတူ မေးသည်။

လျှိုဟုန်က ဓားကိုယူလိုက်ပြီး သေချာကြည့်သည်။ သူက အံ့အားသင့်သွားပုံပေါ်သည်။

“သန့်စင်ခြင်းနည်းလမ်းက အရမ်းလေးနက်တယ်။ ဝိညာဉ်သတ္တုအသုံးပြုထားတာလည်း လုံလောက်မှုရှိတယ်”

“ဒီဓားရဲ့အရည်အသွေးက ကောင်းမိသားစုသန့်စင်ထားတာထက် အများကြီးသာတယ်”

“ဒီဓားက ဝိညာဉ်ကျောက်တုံးငါးသောင်းတန်တယ်”

ဓားတစ်လက်အတွက် ဝိညာဉ်ကျောက်တုံးငါးသောင်း…

ဟန်မူယဲ့က ပြုံးလိုက်ပြီး ခေါင်းခါသည်။ သူက ဓားကို ပြန်သိမ်းသည်။

ထိုဓားကို ဝိညာဉ်ကျောက်တုံးငါးထောင်နှင့် ဝယ်ယူခဲ့သည့်အကြောင်း လျှိုဟုန်အား ပြောမပြလိုက်တော့ပေ။

ထို့အပြင် တစ်နှစ်အတွင်း ဓားကောင်းအများအပြား မထုတ်လုပ်နိုင်သော ကောင်းမိသားစုနှင့်ယှဉ်လိုက်လျှင် မူလမီးတောက်နန်းတော်က စံသတ်မှတ်ချက်နှင့်ကိုက်ညီသောဓားများကို ရာထောင်ချီ၍ ထုတ်လုပ်နိုင်သည်။

ကံကောင်းစွာဖြင့် ဟန်မူယဲ့က ထိုဓားများကို အနောက်ဘက်နယ်စပ်ကုန်းမြေတွင် ရောင်းချရန် စီစဉ်မထားခဲ့ပေ။

ထိုသို့မဟုတ်လျှင် ကောင်းမိသားစုက ဓားဈေးကွက်မှ ထွက်ပေးရပေမည်။

ဟန်မူယဲ့က ဓားစံအိမ်တွင် အချိန်ကြာအောင် မနေခဲ့ပေ။ သူက သန့်စင်ထားသော အင်မော်တယ်အဆင့်ဆေးလုံးများအချို့ကို ယူလိုက်ပြီး ကျန်းမင်နှင့်အတူ တောင်ဂိတ်ပေါက်ဆီသို့ သွားလိုက်သည်။

သူတို့က တောင်အောက်သို့ဆင်းပြီး ကနဦးကျောက်တုံးငါးသန်းတန်သော စီးပွားရေးကို စတင်တော့မည်ဖြစ်သည်။

ထိုသို့တန်ဖိုးမြင့်သော အရောင်းအဝယ်မျိုးကို ပထမဆုံးအကြိမ်အဖြစ် ဆောင်ရွက်ခြင်းဖြစ်သည်။

သို့သော်လည်း ဟန်မူယဲ့က တခြားကိစ္စကို ပြုလုပ်ရဦးမည်။

သူက ပိုင်စုကျန်းအတွက် ဆေးလုံးသန့်စင်ပေးရမည်။

ဆဌမအဆင့်ဖူယန်ဆေးလုံးက ယန်အမျိုးအစားကျင့်ကြံခြင်းနည်းစနစ်ကို လေ့ကျင့်ပြီး ရွှေအမြုတေအဆင့်သို့ရောက်သွားသောအခါတွင် ခွန်အားတိုးလာစေနိုင်သော ဆေးလုံးဖြစ်သည်။

အနောက်ဘက်နယ်စပ်ကုန်းမြေတွင် ထိုဆေးလုံးမျိုး သိပ်မရှိပေ။

တစ်ဖက်လူက ဖူယန်ဆေးညွှန်းနှင့် နေမင်းအမျိုးအစားရတနာကို ပေးမည်ဖြစ်သောကြောင့် ဟန်မူယဲ့က ဆေးလုံးသန့်စင်ရန်အတွက် လက်ခံခဲ့ခြင်းဖြစ်သည်။

ဟန်မူယဲ့က နေကိုးစင်းနည်းစနစ်ကို ကျင့်ကြံနေသောကြောင့် နေမင်းအမျိုးအစားရတနာကို စိတ်ဝင်စားသည်။

သူက ပိုင်စုကျန်းပေးထားသော ဝိညာဉ်ဆေးပင်တစ်ဝက်ကို သန့်စင်ခဲ့သည်။

ထိုဆေးလုံးများက လတ်တစ်လောရောင်းချရန်အတွက် လုံလောက်သည်။

ကျန်းမင်က ဟန်မူယဲ့နှင့်အတူ ထွက်မသွားဘဲ ရထားလုံးကိုမောင်းနှင်၍ လျင်မြန်စွာထွက်သွားသည်။

သူက ဆေးလုံးသန့်စင်ချင်သည့် ထောက်ပံ့သူကြီးထံသို့ အရင်သွားပြီး ဟန်မူယဲ့ကို စောင့်နေလိမ့်မည်။

ဟန်မူယဲ့က တောင်ဂိတ်ပေါက်သို့ ရောက်လာသောအခါတွင် စောင့်နေသောပိုင်စုကျန်းကို မြင်ရသည်။

“စီနီယာအစ်ကိုဟန်”

ဟန်မူယဲ့ရောက်လာကြောင်း မြင်လိုက်ရသောအခါတွင် ပိုင်စုကျန်းက ပြုံးသည်။

ဟန်မူယဲ့က ခေါင်းညိတ်သည်။

သူတို့နှစ်ယောက်က တောင်အောက်သို့ ပျံသန်းသွားသည်။ ခဏအကြာတွင် သူတို့ရှေ့မှာ လူတစ်ယောက်ပေါ်လာသည်။

ထိုလူက အရပ်ရှည်ပြီး ဖြောင့်မတ်စွာရပ်နေသည်။ သူ့အငွေ့အသက်က ခမ်းနားပြီး ကမ္ဘာမြေအဆင့်ကျွမ်းကျင်သူတစ်ယောက်ဖြစ်သည်။

ဟန်မူယဲ့၏အမြင်တွင် ထိုလူ၏ကျင့်ကြံခြင်းက အလွန်အားကောင်းသည်။

ထိုလူက ပိုင်စုကျန်း၏သင်္ဘောပျံကို မောင်းနှင်ပေးလိမ့်မည်။

သခင်မလေးပိုင်က အံ့ဖွယ်ကိုးပါးတောင်တွင့် အဘယ်ကြောင့်ကပ်တွယ်နေကြောင်း သူတွေးမိသည်။ သင်္ဘောပျံကို မောင်းနှင်ပေးမည့်လူက ကမ္ဘာမြေအဆင့်ကျွမ်းကျင်သူဖြစ်သည်။ သူမက သေးငယ်သောစုကျန်းဆိုင်ကို အဘယ်ကြောင့် ကိုယ်တိုင်စီမံနေရသနည်း။

သို့သော်လည်း စုကျန်းဈေးဆိုင်တွင် ဟန်မူယဲ့ကိုယ်တိုင်သန့်စင်ထားသော အင်မော်တယ်အဆင့်ဆေးလုံးများ ရှိသည်။ ထို့ကြောင့် စီးပွားရေးက အတော်လေးအထင်ကြီးစရာကောင်းပြီး အလယ်အလတ်တန်းစားဂိုဏ်း၏ဝင်ငွေနှင့် ယှဉ်နိုင်သည်။

“အင်မော်တယ်ဟန်ကို နှုတ်ဆက်ပါတယ်”

သင်္ဘောပျံကို မောင်းနှင်မည့်လူက အဖြူရောင်မုတ်ဆိတ်များရှိသော အဘိုးကြီးတစ်ယောက်ဖြစ်သည်။

လူအိုကြီးက ဟန်မူယဲ့ကို တစ်ချက်ကြည့်ပြီး ခပ်ဟဟရယ်သည်။

ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး ပိုင်စုကျန်းနှင့်အတူ သင်္ဘောပေါ်သို့ တက်သွားသည်။

သင်္ဘောက အလင်းစီးကြောင်းတစ်ခုအသွင်ပြောင်းပြီး ကောင်းကင်ပေါ်သို့ ပျံတက်သွားသည်။

သင်္ဘောပေါ်တွင် ဟန်မူယဲ့က ပိုင်စုကျန်းရှေ့တွင် ထိုင်နေသည်။

“ဦးလေးဟယ်က ကျင့်ကြံခြင်းတိုးတက်လာတဲ့အတွက် အဆင့်တက်အောင် တံခါးပိတ်ကျင့်ကြံဖို့ ပြန်သွားတယ်။ အဘိုးခုနစ်က သူ့အစား ရောက်လာတာ”

“အဘိုးခုနစ်က ကျန့်လင်ရတနာဈေးဆိုင်ကိုလည်း တာဝန်ယူထားတယ်”

ပိုင်စုကျန်းက ဟန်မူယဲ့ကိုကြည့်လိုက်ပြီး ပြောသည်။

ဆိုင်ရှင်ဟယ်က ဟွမ်လောင်လျှို၏နောက်သို့ လိုက်ခဲ့သည်။ အဆုံးတွင် သူက တိမ်မြုံကမ်းပါးသို့ မရောက်ခဲ့သော်လည်း တစ်ခုခုခံစားမိလိုက်ပြီး ပြန်ရောက်လာသောအခါတွင် ရှန့်ယန်မိစ္ဆာဂိုဏ်း၏ လျှို့ဝှက်နယ်မြေတွင် တံခါးပိတ်ကျင့်ကြံရန် တောင်းဆိုခဲ့သည်။

သူတို့၏ကျင့်ကြံဆင့်တွင် တိုးတက်မှုများဖြစ်လာရန် မလွယ်ကူပေ။

သူတို့အဆင့်တက်သွားလျှင် တိုက်ခိုက်နိုင်စွမ်းနှင့် ဂိုဏ်းအတွင်းရှိသောအဆင့်အတန်းက အများအပြားပြောင်းလဲသွားပေမည်။

“အဲဒါဆိုရင် မင်းကို ကြိုပြီး ဂုဏ်ပြုထားရတော့မှာပဲ”

ဟန်မူယဲ့က သင်္ဘောပျံအပြင်ဘက်သို့ ကြည့်လိုက်ပြီး ပြောသည်။

“ဒီလူက ကျန့်လင်ရတနာဈေးဆိုင်ကို တာဝန်ယူထားတယ်ဆိုရင် စီးပွားရေးလုပ်ဖို့ တကယ်ခက်ခဲမှာပဲ”

သူ့စကားကို ကြားလိုက်ရသောအခါတွင် ပိုင်စုကျန်းက ပါးစပ်ပိတ်ပြီး တခစ်ခစ်ရယ်သည်။

အဘိုးခုနစ်၏ကျင့်ကြံဆင့်က မြင့်မားသော်လည်း ဆိုင်ရှင်ဟယ်နှင့် မယှဉ်နိုင်ပေ။

ကျန့်လင်ရတနာဈေးဆိုင်က ပိတ်သိမ်းရတော့မည်ဖြစ်သည်။

ဟန်မူယဲ့က မျက်လုံးများတောက်ပလာပြီး တစ်ဖက်သို့လှည့်သည်။

သင်္ဘောပျံကိုထိန်းချုပ်နေသော လူအိုကြီးက အားကောင်းသောကျင့်ကြံဆင့်ကို ပိုင်ဆိုင်ထားသည်။

ထိုလူမျိုးက ပိုင်စုကျန်းကိုကာကွယ်ရန်အတွက်ပဲ ရှိနေခြင်းမဖြစ်နိုင်ပေ။

တခြားရည်ရွယ်ချက်များ ရှိနိုင်သည်။

ထို့အပြင် ထိုလူက သူ့ကို ဆိုင်ရှင်ဟယ်ကဲ့သို့ သင့်တော်ရုံမကြည့်ပေ။

ထိုလူက အစစ်အမှန် မိစ္ဆာကျင့်ကြံသူဖြစ်သည်။

ဟန်မူယဲ့က လက်မြှောက်လိုက်ပြီး ကျောက်စိမ်းပုလင်းတချို့ကို စားပွဲပေါ်တွင်တင်လိုက်သည်။

ပိုင်စုကျန်းက ကျောက်စိမ်းပုလင်းများကို ပျော်ရွှင်စွာလက်ခံလိုက်ပြီး နတ်အာရုံဖြင့် စစ်ဆေးကြည့်သည်။ သူမ၏အပြုံးက ပိုမိုထင်ရှားလာသည်။

“စီနီယာအစ်ကိုဟန်က ဒါကိုသိမှာမဟုတ်ဘူး။ ရှင့်ရဲ့ဆေးလုံးတွေ အချိန်မီရောက်မလာရင် ကျွန်မက စီးပွားရေး ဆက်လုပ်လို့မရတော့ဘူး”

ပိုင်စုကျန်းက ကျောက်စိမ်းပုလင်းများကိုသိမ်းလိုက်ပြီး စိတ်သက်သာရာရစွာ သက်ပြင်းချသည်။

ဟန်မူယဲ့က သူမပြောချင်သောအဓိပ္ပာယ်ကို နားလည်သည်။

ကျင့်ကြံခြင်းလောကတွင် ဟန်မူယဲ့၏ကျင့်ကြံခြင်း ပျက်စီးသွားကြောင်း သတင်းများပြန့်နေသည်။

တခြားလူများက သူ့အာခီမီကျွမ်းကျင်မှု ကျန်ရှိနေသေးကြောင်း မသိနိုင်ပေ။

ပိုင်စုကျန်းက သူသန့်စင်ထားသောဆေးလုံးများကို မှီခို၍ အဆက်အသွယ်များ တည်ဆောက်ထားခဲ့သည်။ ထို့ကြောင့် သူမက ထိုကိစ္စနှင့်ပတ်သတ်၍ စိုးရိမ်နေသည်။

သို့သော် ပိုင်စုကျန်း၏စီးပွားရေးက အင်မော်တယ်အဆင့်ဆေးလုံးများသာ မဟုတ်ကြောင်း ဟန်မူယဲ့သိထားသည်။ တခြားအရာများစွာ ပါနေသေးသည်။

ပိုင်မိသားစု၏ စီးပွားရေးအများစုကို ပိုင်စုကျန်းက ချုပ်ကိုင်ထားသည်။

သင်္ဘောပျံက အရိုင်းဆန်စွာပျံသန်းနေပြီး တောင်တန်းတစ်ခုသို့ နှစ်နာရီအကြာတွင် ရောက်လာသည်။

All Chapters