အရှေ့ပင်လယ်ဝိညာဉ်ပုလဲ
Vol. 22 Ch. 297
တခြားနေရာများဆိုလျှင် ကိစ္စမရှိပေ။ တောင်ပိုင်းကုန်းမြေတော့ မဖြစ်နိုင်ပေ။
“ဟားဟား၊ အင်မော်တယ်ဟန်က ဆေးပင်တွေကနေ ပြောနိုင်မှာပါ”
ကျင်းကျားလင်းက ဂုဏ်ယူစွာပြောသည်။
“ငါ့ရဲ့ စီးပွားရေးလုပ်ငန်းအများစုက အရှေ့ပင်လယ်မှာပဲ”
အရှေ့ပင်လယ်…
ဟန်မူယဲ့က ဆေးလုံးသန့်စင်နေသောအချိန်တွင် ဝိညာဉ်ဆေးပင်များမှထွက်ပေါ်လာသော ရေငွေ့များက သိပ်သည်းကြောင်း မြင်ခဲ့ရသည်။
ဆေးပင်တချို့က ရေနယ်မြေဖြစ်သော အရှေ့ပင်လယ်မျိုးတွင် ပေါက်ရောက်သည်။
“အရှေ့ပင်လယ်လား”
ဟန်မူယဲ့က ခေါင်းညိတ်သည်။
“အရှေ့ပင်လယ်ဓားကျင့်ကြံသူတွေက တကယ်နာမည်ကြီးတယ်”
ကျင်းကျားလင်းက ပြုံးသည်။
“အရှေ့ပင်လယ်ဓားကျင့်ကြံသူတွေက ဝိညာဉ်စွမ်းအားကုန်ဆုံးတဲ့ ဓားပျံနည်းစနစ်ကို လေ့ကျင့်ကြတယ်။ အဲဒါကြောင့် သန့်စင်နတ်ဘုရားဆေးလုံးကို အရေးပေါ်လိုအပ်နေတယ်”
ထို့နောက် သူက တီးတိုးပြောသည်။
“ပြီးတော့ အရှေ့ပင်လယ်မိစ္ဆာတွေက ကြံ့ခိုင်တဲ့ခန္ဓာကိုယ်ရှိပေမဲ့ ဝိညာဉ်အားနည်းတယ်”
‘သူက နှစ်ဖက်လုံးနဲ့ စီးပွားရေးလုပ်နေတာပဲ’ ဟန်မူယဲ့က တွေးမိသည်။
အရှေ့ပင်လယ်ဓားကျင့်ကြံသူများက မိစ္ဆာများနှင့် တိုက်ခိုက်နေသည်။ သို့သော်လည်း သူကတော့ နှစ်ဖက်လုံးမှ အကျိုးအမြတ်ရနေသည်။
ဟန်မူယဲ့က ကျန်းမင်ကို လှည့်ကြည့်သည်။
‘သူ့ကိုကြည့်လိုက်။ အဲဒါက စီးပွားရေးလုပ်တာပဲ’
“အကြီးအကဲကျင်းရဲ့စီးပွားရေးက တကယ်ကြီးတာပဲ”
ကျန်းမင်က ညင်သာစွာပြောသည်။
ကျင်းကျားလင်းက ရယ်လိုက်ပြီး ဟန်မူယဲ့ကို ကြည့်သည်။
“ဆေးတစ်လုံးစီအတွက် ဆေးပင်သုံးစုံစာပေးနိုင်တယ်။ ဘယ်လိုလဲ”
“ငါက အများကြီးမလိုပါဘူး။ အင်မော်တယ်ဟန်က တစ်နှစ်မှာ ဆေးလုံး ခုနစ်လုံး ရှစ်လုံး ထုတ်ပေးနိုင်ရင် ရပါပြီ”
ထို့နောက် သူက ရပ်တန့်လိုက်ပြီး ဆက်ပြောသည်။
“ဒါပေမဲ့ ဆေးလုံးအရည်အသွေးကို အာမခံပေးမှဖြစ်မယ်။ အနည်းဆုံး ဝိညာဉ်ဆေးလုံးတွေဖြစ်ရမယ်။ အနောက်ဘက်နယ်စပ်ကုန်းမြေမှာတော့ အင်မော်တယ်အဆင့်ဆေးလုံးပေါ့”
ဟန်မူယဲ့က ထိုဝိညာဉ်ကျောက်တုံးလက်ဆောင်ကို ငြင်းပယ်ရန် အကြောင်းပြချက်မရှိပေ။
ထို့အပြင် သန့်စင်နတ်ဘုရားဆေးလုံးက သူ့ဝိညာဉ်စုစည်းခြင်းအတွက် အလွန်အသုံးဝင်သည်။
ဟန်မူယဲ့သဘောတူကြောင်း မြင်လိုက်ရသောအခါတွင် ကျင်းကျားလင်းက ပျော်ရွှင်စွာရယ်လိုက်ပြီး ချက်ချင်းဆိုသလို ဒါဇင်နှင့်ချီသောဝိညာဉ်ဆေးပင်များကို ထုတ်ယူလိုက်သည်။
ထိုလူက များပြားလှသောဝိညာဉ်ဆေးပင်များကို ကြိုတင်ပြင်ဆင်လာခဲ့သည်။
“ဝိညာဉ်ကျောက်တုံးတွေကို အံ့ဖွယ်ကိုးပါးတောင်ဆီ ပို့လိုက်ပါ့မယ်။ ဒါနဲ့ အရှေ့ပင်လယ်မှာသုံးတဲ့ ဝိညာဉ်ပုလဲလုံးတွေ သုံးလို့ရလား”
အရှေ့ပင်လယ်ဝိညာဉ်ပုလဲလုံးက မိစ္ဆာများ၏ ငွေကြေးဖြစ်သည်။
အရှေ့ပင်လယ်ကြမ်းပြင်တွင် ဝိညာဉ်ကျောက်တုံးများက နှစ်ပေါင်းမရေမတွက်နိုင်အောင် ဆေးကြောခံရပြီ ဝိညာဉ်ပုလဲလုံးများဖြစ်လာသည်။ ဝိညာဉ်ပုလဲလုံးများက ပုတီးစေ့ပုံစံရှိပြီး ချီစွမ်းအင်များဖြင့် ပြည့်နေသည်။
အဓိကအကြောင်းအရင်းကတော့ လုံလောက်သော ရေဝိညာဉ်စွမ်းအားများ ရှိနေသောကြောင့်ဖြစ်သည်။
ဝိညာဉ်ပုလဲလုံးထဲတွင် အဆင့်မြင့်အရည်အသွေးဝိညာဉ်ကျောက်တုံးထက် ဆယ်ဆများသော သဘာဝစွမ်းအင်များ ပါသည်။
“ရတယ်”
ဟန်မူယဲ့က ခေါင်းညိတ်သည်။
သူက ဝိညာဉ်ကျောက်တုံးဖြစ်စေ ဝိညာဉ်ပုလဲလုံးဖြစ်စေ ဂရုမစိုက်ပေ။
ထိုအရာများအားလုံးကို အသုံးပြုနိုင်သည်။ ထို့အပြင် ဝိညာဉ်ပုလဲလုံး၏ ဝိညာဉ်စွမ်းအားကို ကျင့်ကြံခြင်းအတွက် အသုံးပြုနိုင်သည်။ ဝိညာဉ်ကျောက်တုံးများနှင့်မတူပဲ ထိုဝိညာဉ်စွမ်းအားက ဝိညာဉ်သွေးကြောများကို အားဖြည့်ပေးနိုင်သည်။ ဝိညာဉ်ကျောက်တုံး၏ဝိညာဉ်စွမ်းအားက ညင်သာမှုသိပ်မရှိသောကြောင့် ဝိညာဉ်သွေးကြောများကို ထိခိုက်နိုင်သည်။
“အင်မော်တယ်ဟန်၊ ငါက အလယ်ပိုင်းကုန်းမြေနဲ့ဆက်သွယ်နေတဲ့ မင်းရဲ့စီးပွားရေးလမ်းကြောင်းကိုလည်း စိတ်ဝင်စားတယ်။ ပူးပေါင်းဆောင်ရွက်ဖို့ အခွင့်အရေးရှိမလားမသိဘူး”
ဆေးလုံးသန့်စင်ရန် သဘောတူပြီးသွားသောအခါတွင် ကျင်းကျားလင်းက ဟန်မူယဲ့ကို စိုက်ကြည့်လျက် မေးသည်။
ပူးပေါင်းဆောင်ရွက်ခြင်း…
ဟန်မူယဲ့က ခေါင်းခါလိုက်ပြီး ပြောသည်။
“ဒါက စောပါသေးတယ်။ နောက်ကျမှ ပြောတာပေါ့”
သူက အလယ်ပိုင်းကုန်းမြေ၏စီးပွားရေးကို တခြားလူများနှင့်ဝေမျှရန် စီစဉ်မထားပေ။
သို့သော်လည်း အလယ်ပိုင်းကုန်းမြေနှင့် အရှေ့ပင်လယ်ကြားတွင်ရှိသော စီးပွားရေးဆိုလျှင်တော့ သူဝင်ပါလိမ့်မည်။
“နောက်ကျမှပြောကြတာပေါ့”
ကျင်းကျားလင်းက စိတ်မဆိုးဘဲ အပြုံးတစ်ခုနှင့်အတူ ခေါင်းညိတ်သည်။
ဟန်မူယဲ့နှင့်ကျန်းမင်က လမ်းမှထွက်လာပြီး တိတ်ဆိတ်စွာပျံသန်းသွားသည်။
နေ့ဝက်အကြာတွင် သူတို့က မြို့ကြီးတစ်မြို့သို့ ရောက်လာသည်။
“ဒါက ကျင်းယန်မြို့လား”
သဘာဝစွမ်းအင်များဖြင့်လွှမ်းခြုံထားသော မြို့ကိုကြည့်လိုက်ပြီး ဟန်မူယဲ့က ညင်သာစွာမေးသည်။
ကျန်းမင်က ခေါင်းညိတ်သည်။
ကျင်းယန်မြို့က ဟွမ်လောင်လျှိုနှင့် လုချင်းဖျင်၏ မွေးရပ်မြေဖြစ်သည်။
ယခုအချိန်တွင် လုချင်းဖျင်က ကျင်းယန်မြို့၏ ကာကွယ်စောင့်ရှောက်သူဖြစ်သည်။
ထိုကိစ္စကို အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက ဆုံးဖြတ်ခဲ့သည်။
ဟန်မူယဲ့က မရီးဖြစ်သူ လုချင်းဖျင်နှင့် တစ်ခါမှမတွေ့ရသေးသော မွေးစားသမီးဆီသို့ အလည်လာခြင်းဖြစ်သည်။
သူတို့နှစ်ယောက်က မြို့ထဲသို့ရောက်လာသောအခါတွင် များပြားလှသောကျင့်ကြံသူများကို မြင်လိုက်ရသည်။
ဤနေရာက သာမန်မြို့တစ်မြို့ဖြစ်ခဲ့သည်။ သို့သော်လည်း မရီးလု လုချင်းဖျင်ပြန်လာသောကြောင့် ကျင့်ကြံသူအများအပြား ရောက်လာကြသည်။
တိမ်မြုံကမ်းပါးတိုက်ပွဲတွင် ဟွမ်လောင်လျှိုက လုချင်းဖျင်ကို ဂရုစိုက်ပေးရန်အတွက် တစ်ကိုယ်တော်ကျင့်ကြံသူများအား တောင်းဆိုခဲ့သည်။
ထိုကတိစကားကြောင့် မရေမတွက်နိုင်လောက်သောလူများက ကျင်းယန်မြို့သို့ ရောက်လာသည်။
သူတို့က မြို့တော်ဝန်ခြံဝိုင်းဆီသို့ လျှောက်သွားသောအခါတွင် လူတစ်ယောက်က သူတို့၏အထောက်အထားကို စစ်ဆေးလိုက်သည်။
ဟန်မူယဲ့နှင့်ကျန်းမင်က မည်သည့်အရာကိုမှ ဖုံးကွယ်မထားဘဲ အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ ကိုယ်ရေးအချက်အလက်တံဆိပ်များကို ထုတ်ပေးလိုက်သည်။
“ဟန်၊ အင်မော်တယ်ဟန်”
အစပိုင်းမှာ သိပ်ဂရုမစိုက်သောအစောင့်က တံဆိပ်များကို မြင်လိုက်ရသောအခါတွင် အံ့အားသင့်သွားသည်။ ထို့နောက် ဟန်မူယဲ့ကို မော့ကြည့်သည်။
“တကယ် အင်မော်တယ်ဟန်ပဲ”
“တိမ်မြုံကမ်းပါးမှာ ခြောက်ယောက်မြောက်အစ်ကို ဟွမ်လောင်လျှိုနဲ့ အင်မော်တယ်ဟန်ရဲ့ပုံစံကို ကျွန်တော်မေ့လို့မရခဲ့ဘူး”
အစောင့်က စိတ်လှုပ်ရှားစွာပြောသည်။
“အင်မော်တယ်ဟန်က မရီးလုနဲ့ သခင်မလေးကျစ်ဟူကို လာတွေ့တာမဟုတ်လား”
“အခုပဲ သတင်းပေးလိုက်ပါ့မယ်”
အစောင့်က ဟန်မူယဲ့စကားမပြောနိုင်ခင် ထွက်ပြေးသွားသည်။
ခဏအကြာတွင် ခြံဝိုင်းက ဆူညံသွားသည်။ ကလေးတစ်ယောက်ကိုချီထားသော လုချင်းဖျင်က ပြေးထွက်လာသည်။
“စီနီယာအစ်ကိုဟန်”
လုချင်းဖျင်က ဟန်မူယဲ့ကို မြင်လိုက်ရသောကြောင့် စိတ်လှုပ်ရှားနေသည်။
ဟန်မူယဲ့က ဟွမ်လောင်လျှို၏ ညီအစ်ကိုဖြစ်သည်။
သူက သူမတို့၏ နောက်ခံဖြစ်သည်။
သူမက ကျင်းယန်မြို့တွင် လုံခြုံပြီး ထောင်ချီသောကျင့်ကြံသူများ၏ ကာကွယ်မှုကို ရရှိထားသည်။
ထိုအရာက ဟွမ်လောင်လျှို၏ကြင်နာမှုနှင့် ဓားတာအို၏အင်မော်တယ်ဖြစ်သော ဟန်မူယဲ့၏အဆင့်အတန်းကြောင့် ဖြစ်သည်။
အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ ဟန်မူယဲ့ရှိနေသောကြောင့် သူမတို့ကို အနိုင်ကျင့်ရဲသူမရှိပေ။
“မရီး”
ဟန်မူယဲ့နှင့်ကျန်းမင်က လက်သီးဆုပ်၍ နှုတ်ဆက်သည်။
ဟန်မူယဲ့က ပြုံးလျက်ပြောသည်။
“ဒါက ကောင်မလေးကျစ်ဟူလား။ ချီကြည့်ပါရစေ”
လုချင်းဖျင်က ကလေးကို ဂရုတစိုက်လွှဲပေးလိုက်ပြီး အပြုံးတစ်ခုနှင့်အတူပြောသည်။
“ကျစ်ဟူ၊ မွေးစားအဖေလို့ခေါ်လိုက်”
ကျင်းယန်မြို့သို့ အင်မော်တယ်ဟန်ရောက်လာသောသတင်းက မြို့အတွင်း လျင်မြန်စွာပျံ့နှံ့သွားသည်။
မရေမတွက်နိုင်သောကျင့်ကြံသူများ ရောက်လာကြသည်။ သူတို့က ဟွမ်မိသားစု၏ အကြီးဆုံးသမီးကိုချီထားပြီး ပျာယာခတ်နေပုံရသော ဟန်မူယဲ့ကို မြို့တော်ဝန်ခြံဝိုင်းဂိတ်ဝတွင် မြင်ခဲ့ရသည်။
မြို့တော်ဝန်ခြံဝိုင်းရှေ့တွင် ခဏလောက်ရစ်ဝဲပြီးသွားသောအခါတွင် သူတို့က အတူတကွ ဝင်သွားကြသည်။
အနောက်ဘက်နယ်စပ်ကုန်းမြေ၏ ဓားအင်မော်တယ်၊ အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ ဓားစံအိမ်အကြီးအကဲ ဟန်မူယဲ့က ဤနေရာသို့ ရောက်လာကြောင်း မြို့ထဲရှိကျင့်ကြံသူတိုင်းကို ပေးသိရန်လိုအပ်သည်။
အခြေအနေအရ ဟွမ်မိသားစု၏အဆင့်အတန်းက အလွန်တည်ငြိမ်နေသည်။
ခဏအကြာတွင် အင်မော်တယ်ဟန်က လက်ဆောင်အနေဖြင့် ယဉ်ပါးအောင်လုပ်ထားသော ဝိညာဉ်တစ်ဝက်အဆင့်ဓားအား ဟွမ်ကျစ်ဟူကိုပေးခဲ့သည်ဟု သတင်းပြန့်လာသည်။
ဓားများတွင် ဓားချီရှိပြီး လူများကို ထိခိုက်စေနိုင်သည်။
သာမန်လူသားတစ်ယောက်ဖြစ်နေသေးသော ဟွမ်ကျစ်ဟူကို ယဉ်ပါးအောင်လုပ်ထားသောဓားမျိုးဖြင့်သာ ပေးနိုင်လိမ့်မည်။
ထိုဓားမျိုးက သာမန်ဝိညာဉ်တစ်ဝက်အဆင့်ဓားများထက် အဖိုးတန်သည်။
ယန်မင်ရွှမ်က အရေးပေးခံရသော လူတစ်ယောက်ဖြစ်ခဲ့သောအချိန်တွင် သူ့အဖေက သူ့အတွက် ထိုဓားမျိုးရှာပေးခဲ့သည်။
ထိုဓားကို လေလံတင်သောအခါတွင် ဟန်မူယဲ့က ဝိညာဉ်ကျောက်တုံးသုံးသိန်း ချက်ချင်းဈေးပေးခဲ့သည်။
ယနေ့ပေးခဲ့သောဓားကလည်း ထိုဓားထက် တန်ဖိုးမနည်းပေ။
အင်မော်တယ်ဟန်က ဟွမ်မိသားစုနှင့် အလွန်ဆက်ဆံရေးကောင်းပုံပေါ်သည်။
ထို့ကြောင့် လူအများအပြားက စိတ်အေးသွားသည်။
ခဏအကြာတွင် အင်မော်တယ်ဟန်က သခင်မလေးကျစ်ဟူအား ဆေးလုံးတစ်လုံးပေးခဲ့သည်ဟု မြို့တော်ဝန်ခြံဝိုင်းမှ သတင်းပြန့်လာသည်။
ထိုဆေးလုံးက သခင်မလေးကျစ်ဟူ၏ ကျင့်ကြံခြင်းပါရမီကို တိုးမြှင့်ပေးနိုင်သည်။
“ကျင့်ကြံခြင်းပါရမီကို တိုးမြှင့်ပေးနိုင်တဲ့ဆေးလုံးလား”
မြို့တော်ဝန်ခြံဝိုင်း၏အပြင်ဘက်တွင် လူတစ်ယောက်က ထိတ်လန့်မှုများနှင့်အတူ ပြောသည်။
“အစစ်အမှန် လောကဧကရီလိုမျိုး ရတနာလား”
“ရှူး၊ အင်မော်တယ်ဟန်က ကျင့်ကြံခြင်းပါရမီကို တိုးမြှင့်ပေးနိုင်တဲ့ တိမ်မြူရွှေကြာပန်းစေ့တွေကို ရခဲ့တယ်လေ။ မင်းမသိဘူးလား”
သတင်းစုံသောလူတစ်ယောက်က ပြောသည်။
“အဲဒါက ကောလဟာလပဲမဟုတ်ဘူးလား။ အင်မော်တယ်ဟန်မှာ ရွှေကြာစေ့တွေ အများကြီးရှိတယ်တဲ့ ....”
ခဏအကြာတွင် မြို့တော်ဝန်ခြံဝိုင်းရှေ့တွင် စင်မြင့်တစ်ခုတည်ဆောက်လိုက်သည်။
မြို့တော်ဝန်လုချင်းဖျင်က ဟွမ်ကျစ်ဟူကိုချီထားပြီး စင်မြင့်ပေါ်သို့တက်လာသည်။ ထို့နောက် ကျစ်ဟူ၏လက်ဝါးနှင့် ကျောက်စိမ်းနံရံကို ထိလိုက်သည်။
ကျောက်စိမ်းနံရံတွင် အလင်းများ ပေါ်ထွက်လာပြီး ခရမ်းရောင်ပြောင်းသွားသည်။
“ပထမအဆင့်ကျင့်ကြံခြင်းပါရမီပဲ”
ထိုအရောင်ကို မြင်လိုက်ရသောအခါတွင် မရေမတွက်နိုင်လောက်သောကျင့်ကြံသူများက မျက်လုံးပြူးသွားသည်။
ဟွမ်ကျစ်ဟူအားချီထားသော လုချင်းဖျင်သည်ပင် အနည်းငယ်အံ့အားသင့်သွားသည်။
သူက ဟွမ်ကျစ်ဟူ၏ ကျင့်ကြံခြင်းပါရမီကို စမ်းသပ်ဖူးသည်။ သူမ၏ ကျင့်ကြံခြင်းပါရမီက သတ္တမအဆင့်ဖြစ်ပြီး သူမနှင့် ဟွမ်လောင်လျှိုထက် ပိုမိုသန်မာသည်။
ယနေ့တွင် ဟန်မူယဲ့က ကျင့်ကြံခြင်းပါရမီ တိုးမြှင့်နိုင်သည်ဟုပြောပြီး ဆေးလုံးတစ်လုံးပေးခဲ့သည်။
လုချင်းဖျင်က ဆေးလုံး၏အကျိုးသက်ရောက်မှုကို စစ်ဆေးရန်အတွက် ဤစင်မြင့်ကို တည်ဆောက်ခဲ့ခြင်းမဟုတ်ပေ။ ဟန်မူယဲ့က ဟွမ်ကျစ်ဟူ၏ကျင့်ကြံခြင်းပါရမီကို အမှန်တကယ်တိုးမြှင့်ပေးနိုင်ကြောင်း ပြသလိုခြင်းဖြစ်သည်။
သို့သော်လည်း အများအပြားတိုးတက်သွားလိမ့်မည်ဟု သူမထင်မထားခဲ့ပေ။
စင်မြင့်အောက်တွင်ရှိသော ကျင့်ကြံသူများ၏ချီကျူးသံကို လျစ်လျူရှုပြီး သူမက ဟွမ်ကျစ်ဟူကိုသယ်၍ မြို့တော်ဝန်ခြံဝိုင်းထဲသို့ လျင်မြန်စွာပြန်သွားခဲ့သည်။
“စီနီယာအစ်ကိုဟန်ရဲ့ဆေးလုံးက .... ဒီလောက်အဖိုးတန်လိမ့်မယ်လို့ ကျွန်မထင်မထားခဲ့ဘူး”
လုချင်းဖျင်က ဟွမ်ကျစ်ဟူကိုချီထားပြီး ရှုပ်ထွေးသောမျက်နှာထားဖြင့် ဟန်မူယဲ့ကို ကြည့်သည်။
ဟန်မူယဲ့က ပြုံးလိုက်ပြီး လက်ကိုဝှေ့ယမ်းသည်။
လုချင်းဖျင်က သူ့ကိုမှီခိုနေကြောင်း သူနားလည်ထားသည်။
ထိုအရာကို သူခွင့်ပြုပေးထားသည်။
မရီးလုက ဟွမ်ကျစ်ဟူနှင့်အတူ ကျင်းယန်မြို့တွင်ရှိနေသောကြောင့် သူက ထောက်ပံ့ပေးရမည်ဖြစ်သည်။
တိမ်ကြာပန်းဆေးလုံးကိုလည်း သူက အထူးတလည်ပေးလိုက်ခြင်းဖြစ်သည်။
သို့သော်လည်း ဆေးသောက်ပြီးသွားသောအခါတွင် ဟွမ်ကျစ်ဟူ၏ကျင့်ကြံခြင်းပါရမီက အလွန်တိုးတက်သွားလိမ့်မည်ဟု သူမျှော်လင့်မထားခဲ့ပေ။
ကလေး၏ခန္ဓာကိုယ်က မဖွံ့ဖြိုးသေးသောကြောင့် ဆေးစွမ်းအား ပိုမိုသက်ရောက်မှုရှိသွားခြင်း ဖြစ်နိုင်သလို ဟွမ်ကျစ်ဟူက အလွန်ပါရမီကောင်းသောကြောင့်လည်း ဖြစ်နိုင်သည်။
“မရီးလု၊ ဟွမ်ကျစ်ဟူအရွယ်ရောက်လာရင် ဓားစံအိမ်ကို ခေါ်သွားမယ်”
ဟန်မူယဲ့က လုချင်းဖျင်ကိုကြည့်လိုက်သည်။
“သူမရဲ့ကျင့်ကြံခြင်းအုတ်မြစ်အတွက်လည်း နည်းလမ်းတစ်ခုစဉ်းစားလိုက်မယ်”
ဟန်မူယဲ့က ဟွမ်ကျစ်ဟူကို ပျိုးထောင်ပေးရန်အတွက် စိတ်ရင်းဖြင့်လက်ခံထားသည်။
လုချင်းဖျင်က ဟွမ်ကျစ်ဟူကိုဖက်ထားပြီး စိတ်လှုပ်ရှားစွာဦးညွှတ်သည်။ “ကျေးဇူးပါစီနီယာအစ်ကိုဟန်”