← Chapters

ရှင်းတိကောဝမ် သို့မဟုတ် မကောင်းဆိုးဝါးဘုရင်

Vol. 26 Ch. 346

ရှင်းတိကောဝမ် သို့မဟုတ် မကောင်းဆိုးဝါးဘုရင်

Vol. 26 Ch. 346

-မိုးပြာရောင်ဂိုဏ်း ပင်မခန်းဆောင်-

အိုးရန်ဝမ်းထင်က တည်ကြည် လေးနက်စွာဖြင့်

" အခုဆိုရင် အကြီးအကဲလျှံနဲ့ လက်ဝဲရံကတော့ သေသွားခဲ့ပြီ။ သူတို့နှစ်ယောက်ကို ဆုံးရှုံး လိုက်ရတာက ငါတို့ မိုးပြာရောင် ဂိုဏ်းအတွက် အစားထိုးလို့ မရတဲ့  နစ်နာမှုကြီး တစ်ခုပဲ။  ဒါပေမဲ့လည်း ဖြေသာတာ တစ်ခုကတော့  ငါတို့က မဟူရာကောင်းကင် ဂိုဏ်းရဲ့ အကြွင်းအကျန် နယ်မြေကနေပြီး ရတနာတွေ ရခဲ့တာပဲ။  အခုငါက ဒီမြေကမ္ဘာအဆင့်နိမ့် ချပ်ဝတ်တန်ဆာကို အကြီးအကဲ အိုးရန်ထိုင်ကို ပေးအပ်ဖို့  အဆိုပြုပါတယ်  ..."

" အထွဋ်ခေါင်ချုပ် အကြီးအကဲ အိုးရန်ထိုင် ကျုပ်တို့ မိုးပြာရောင် ဂိုဏ်းရဲ့ အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်ပဲလေ  ...။  ကျုပ်ကတော့ ဒီအဆိုပြုတာကို လက်ခံပါတယ်  "

အကြီးအကဲဂိုကတော့  အိုးရန်ဝမ်းထင်ရဲ့  အဆိုပြုချက်ကို မငြင်းပါဘူး။

အိုးရန်ထိုင်က ပြုံးလိုက်ပြီး အကြီးအကဲ အားလုံးကို အရိုအသေ ပေးလိုက်ကာ  ပြောလိုက်ပါတယ်။

"ဒီအဘိုးကြီးက အားလုံးရဲ့ သဘောထားကြီးမှုကို မမေ့ပါဘူး  ..."

မြေကမ္ဘာအဆင့်နိမ့် ချပ်ဝတ်တန်ဆာ တစ်ခုရဲ့ တန်ခိုးအာနိသင်က မြေကမ္ဘာ အဆင့်နိမ့် လက်နက်တွေထက်  အဆပေါင်းများစွာ သာပါတယ်။

ဒီမြေကမ္ဘာ အဆင့်နိမ့် ချပ်ဝတ်တန်ဆာ အားကိုးနဲ့ ဆိုရင်တော့ အိုးရန်ထိုင်ဟာ ပြန်လည် ဝင်စားခြင်း နယ်ပယ် အဆင့်၄က ပညာရှင်တွေနဲ့ ယှဉ်ပြီး တိုက်ခိုက်လို့ ရနေပါပြီ။

" သည်ကြယ်၅ပွင့် လျှို့ဝှက်နည်း စနစ်ဖြစ်တဲ့  သွေးအရိပ်ကိုတော့ ငါတို့တွေ အရင် လေ့ကျင့်ပြီးမှ ဘယ်သူတွေကို လေ့ကျင့်ခွင့် ပေးသင့်လည်း ဆိုတာကို ဆုံးဖြတ်မယ်။  ဒါပေမဲ့ လီဖူချန်းကိုတော့ ချွင်းချက်အဖြစ် လေ့ကျင့်ခွင့် ပေးရလိမ့်မယ် ..."

အိုးရန်ဝမ်းထင်က လီဖူချန်းအပေါ်မှာ အများကြီး မျှော်လင့် ထားပါတယ်။ လီဖူချန်းရဲ့ ထိုးထွင်းသိမြင်မှုနဲ့ အထုံပါရမီကိုတော့  အရှေ့ယူနီကွန်း တိုက်ကြီး တစ်ခုလုံးမှာ တောင်မှ ယှဉ်နိုင်တဲ့သူ မရှိပါဘူး။  လီဖူချန်းကိုသာ အချိန်တစ်ခုအထိ ပေးလိုက်ရင်တော့ အရှေ့ယူနီကွန်း တိုက်ကြီး တစ်ခုလုံးကိုတောင် တောင်ပံဖြန့်ပြီး ပျံသန်းနိုင်ပါလိမ့်မယ်။  ဒါကိုတော့ လုံးဝ ယုံမှား သံသယ ဝင်စရာ မလိုပါဘူး။

အိုးရန်ဝမ်းထင်ရဲ့ ဒီအဆိုပြုချက်ကိုလည်း အိုးရန်ထိုင် အပါအဝင် အခြားသော အကြီးအကဲ အားလုံးက သဘောတူပါတယ်။

လီဖူချန်းဆိုတာက ဘယ်သူလဲ …။  သူက မိုးပြာရောင်ဂိုဏ်းရဲ့ သမိုင်းကြောင်း တစ်လျှောက်မှာ အတော်ဆုံး ပါရမီရှင်ပင် မဟုတ်ပါလား။

နောက်တစ်နေ့မှာတော့ လီဖူချန်းဆီကို သွေးအရိပ် လျှို့ဝှက်နည်းစနစ်ကို ပွားထားတဲ့ ကျမ်းတစ်ခု ရောက်လာခဲ့ပါပြီ။

ဒီသွေးအရိပ် လျှို့ဝှက်နည်းစနစ်က တိုက်ခိုက်မှု အပိုင်းနဲ့ ခုခံမှု အပိုင်း ၂ခုစလုံးမှာ အသုံးဝင်ပါတယ်။  ဒီပညာရပ်ကို ပေါက်ရောက် အောင်မြင်သွားတာနဲ့ တစ်ပြိုင်နက်  လေ့ကျင့်သူရဲ့ ခန္ဓာကိုယ်ကနေ လူသားပုံသဏ္ဍာန် ကြက်သွေးရောင် အရိပ်ကြီးတစ်ခု ထုတ်နိုင်မှာပါ။  ဒီလျှို့ဝှက် နည်းစနစ်က ကောင်းကင် နတ်ဆိုးဂိုဏ်းရဲ့  အသူရာနတ်ဆိုး  လျှို့ဝှက်နည်း စနစ်နဲ့ ဆင်တူပါတယ်။

ဒါပေမဲ့လည်း အမှန်အတိုင်း ပြောရမယ် ဆိုရင်တော့ လီဖူချန်းဟာ အကြောင်းအရာ တစ်ခုကို မစိုးရိမ်ဘဲ မနေနိုင်ပါဘူး။  သူက ဒီသွေးအရိပ်   လျှို့ဝှက် နည်းစနစ်ဟာ သူ့ရဲ့ ကြေးဝါဓားအဆီအနှစ်ရယ်၊  ပြောင်းလဲခြင်းကိုးပါး နတ်ဘုရား အတွင်းအားရယ်နဲ့ ပူးတွဲ အသုံးပြုလို့ မရမှာကို စိုးရိမ်နေမိတာပါ။

လီဖူချန်းက သွေးအရိပ် လျှို့ဝှက်နည်းစနစ်ကို အလောတကြီး လေ့ကျင့်ဖို့တော့ မစဉ်းစား သေးပါဘူး။  သူက သူ့ရဲ့ ကြေးဝါဓား အဆီအနှစ်ကို ပိုပြည့်စုံအောင် အရင်လုပ်ဖို့ အတွက် စဉ်းစားထားပါတယ်။

နှစ်ဝက်လောက် ကြာပြီးတဲ့အခါမှာတော့ လီဖူချန်းရဲ့ အရိုးတွေပေါ်မှာ ရေးထိုးထားတဲ့ သံနက်ဓား အင်းကွက်ဟာ မရှိသလောက်ကို ပျက်ပြယ် သွားခဲ့ပါပြီ။  အခြား တစ်ဖက်မှာတော့ ကြေးဝါဓား အင်းကွက်ဟာ ၉၀ရာခိုင်နှုန်း ဖြစ်တည် လာခဲ့ပါတယ်။

ဘယ်လို လျှို့ဝှက်နည်းစနစ် အမျိုးအစားပင် ဖြစ်ပါစေလေ။  ၁၀၀ရာခိုင်နှုန်း အထိ လေ့ကျင့် ထားနိုင်ရင်တော့ ပိုအစွမ်းထက်တာပါပဲ။

၉၉ရာခိုင်နှုန်းအထိ ပြီးမြောက်နေတဲ့ ကြေးဝါဓား အင်းကွက်နဲ့ ၁၀၀ ရာခိုင်နှုန်း ပြီးမြောက် သွားတဲ့ ကြေးဝါဓား အင်းကွက်တို့မှာတောင်မှ ကွာခြားချက်တွေ ရှိနေပါသေးတယ်။

" ငါ့ရဲ့ ကြေးဝါဓား အင်းကွက်သာ ၁၀၀ရာခိုင်နှုန်း ရေးဆွဲပြီးသွားရင် ဘယ်လောက်အထိ အစွမ်းထက် လာမလဲ မသိဘူး  ..."

လီဖူချန်းက အနာဂတ်ကို ကြိုတွေးပြီး ရင်ခုန်နေမိပါတယ်။

ကြေးဝါဓားအဆီအနှစ်ရဲ့ အလုံးစုံ တတ်သိနားလည်ခြင်း အဆင့်ဟာ ထိပ်တန်းကြယ်၆ပွင့် လျှို့ဝှက်နည်းစနစ်ဟု သတ်မှတ်နေနိုင်ပြီ မဟုတ်ပါလား။

သုံးလတိုင်တိုင် မနားမနေ လေ့ကျင့်ခဲ့ အပြီးမှာတော့ လီဖူချန်းဟာ ကြေးဝါဓား အဆီအနှစ် လျှို့ဝှက်နည်းစနစ်ရဲ့  အလုံးစုံ တတ်သိ နားလည်ခြင်း အဆင့်ကို ရောက်ဖို့အတွက် ခြေတစ်လှမ်း စာလောက်သာ လိုတော့တဲ့ အခြေအနေကို ရောက်သွားခဲ့ပါပြီ။

ဒီသုံးလ အတွင်းမှာတော့ လီဖူချန်းဟာ သွေးအရိပ် လျှို့ဝှက်နည်း စနစ်ကိုလည်း အနည်းငယ် လေ့ကျင့်ခဲ့ပါသေးတယ်။

သူ့ရဲ့ ထိုးထွင်း သိမြင်ခြင်းကတော့ တကယ့်ကို လက်ဖျားခါစရာပါပဲ။  လီဖူချန်းက အချိန် အနည်းငယ်သာ လေ့ကျင့် ခဲ့ပေမယ့်လည်း သူ့ရဲ့ သွေးအရိပ် လျှို့ဝှက် နည်းစနစ်က အကြိုပြီးပြည့်စုံခြင်း အဆင့်အထိ ရောက်ရှိ သွားခဲ့ပါသေးတယ်။

အခုဆိုရင် သူဟာ ပေ၃၀ရှိတဲ့  ကြက်သွေးရောင် အရိပ်ကြီး တစ်ခုကို ဖန်တီးနေနိုင်ပါပြီ။

ဒီကြက်သွေးရောင် အရိပ်က လီဖူချန်းရဲ့ ခုခံမှုအပိုင်းနဲ့ တိုက်ခိုက်မှု အပိုင်းကို ၃၀ရာခိုင်နှုန်း ပိုအားကောင်းလာ စေပါတယ်။  တကယ်လို့သာ ပြီးပြည့်စုံခြင်း အဆင့်ကို ရောက်သွားခဲ့ရင်တော့ နောက်ထပ် နှစ်ဆနီးပါးတောင်  အားကောင်း လာဦးမှာပါ။

ကျင့်ကြံခြင်းနယ်ပယ် မြင့်လာလေလေ အစွမ်း တိုးတက်မှုနှုန်းက နည်းလေလေပါပဲ။   ပြန်လည် ဝင်စားခြင်းနယ်ပယ် ပညာရှင်တွေဟာ  သွေးအရိပ် လျှို့ဝှက် နည်းစနစ်ကို ပြီးပြည့်စုံခြင်း အဆင့်အထိ လေ့ကျင့်ပြီးရင်တောင်မှ သူတို့ရဲ့ ခုခံမှုအပိုင်းနဲ့ တိုက်ခိုက်မှုအပိုင်းက ၂၀ရာခိုင်နှုန်း သို့မဟုတ် ၃၀ ရာခိုင်နှုန်းသာ အားကောင်းလာမှာပါ။   တကယ်လို့ လီဖူချန်း တစ်ယောက် ပြန်လည် ဝင်စားခြင်း နယ်ပယ်ကို ရောက်သွားခဲ့ရင်လည်း  အဲသည်လို အဖြစ်မျိုးနဲ့ ကြုံရမှာပါပဲ။

ဒါကြောင့်မို့လည်း ကြယ်၄ပွင့် လျှို့ဝှက်နည်း စနစ်တွေက ပြန်လည် ဝင်စားခြင်းနယ်ပယ် ပညာရှင်တွေ အတွက် အကျိုးသက်ရောက်မှု မရှိဘူးလို့ ပြောကြတာပါ။

မဟုတ်လို့ကတော့ မရေမတွက်နိုင်တဲ့ ပြန်လည် ဝင်စားခြင်းနယ်ပယ် ပညာရှင်တွေဟာ လီဖူချန်းရဲ့ ဓားအဆီအနှစ် လျှို့ဝှက်နည်း စနစ်ကို လုနေပြီးလောက်ပါပြီ။

သူတို့က လီဖူချန်းရဲ့ ဓားအဆီအနှစ် လျှို့ဝှက်နည်းစနစ်ကို ကြယ်၄ပွင့် လျှို့ဝှက်နည်းစနစ်လို့ ထင်နေလို့သာ လီဖူချန်း တစ်ယောက် သက်သာရာ ရနေတာပါ။

*****

"နောက်ဆုံးမှာတော့ ငါရဲ့ ကြေးဝါဓား အဆီအနှစ်က  အလုံးစုံ တတ်သိ နားလည်ခြင်း အဆင့်ကို ရောက်သွားခဲ့ပြီပဲ ..."

လီဖူချန်းက အတော်လေး စိတ်ချမ်းသာ၊ ကိုယ်ချမ်းသာ ဖြစ်နေပါတယ်။ သူ့ရဲ့ ကြေးဝါးဓား အင်းကွက်က အရိုးပေါ်မှာ အပြည့်အဝ ရေးထိုးပြီးသွားပြီ မဟုတ်ပါလား။  သူ့ရဲ့ အရိုးတွေကလည်း အရင်ကထက် ပိုပြီး သိပ်သည်း လာသလိုပါပဲ။

" လာစမ်း ..."

လီဖူချန်းက သူ့ရဲ့ အစစ်အမှန် ငရဲမီးတောက် ချီတွေကို ကြေးဝါးရောင် ဓားချီတွေ အဖြစ် ပြောင်းလဲ စေလိုက်ပါတယ်။

ရွှီး ...

ကြည်လင် ပြတ်သားလှသော အသံနဲ့အတူ ကြေးဝါရောင် ဓားချီတွေ ဖြစ်တည်လာခဲ့ပါပြီ။  သူတို့ကို ကြည့်ရတာက တကယ့် ကြေးဝါဓားတွေ လိုပါပဲ။

" သွားတော့ ..."

လီဖူချန်းက ကြေးဝါဓားချီတွေကို သူ့ရဲ့အရှေ့ မလှမ်းမကမ်းမှာ ရှိနေတဲ့ ဆန်းကြယ်အဆင့် သတ္တုတုံးကြီး တစ်ခုဆီသို့ ပစ်လွှတ် လိုက်ပါတယ်။

ဘန်း ...…

သတ္တုတုံးကြီးကတော့ အပိုင်းပိုင်းအစစ ဖြစ်သွားခဲ့ပါပြီ။

" အားပါးပါး ...။  ဒီစွမ်းအားက အရင်တုန်းကထက် ၃၀ရာခိုင်နှုန်းကျော် ပိုပြင်းထန်လာတာပဲ ..."

လီဖူချန်းက ခပ်တိုးတိုး ရေရွတ်လိုက်ပါတယ်။

"အင်း ... တကယ်လို့ငါသာ ရှိသမျှ ဝှက်ဖဲတွေ ထုတ်သုံးလိုက်မယ် ဆိုရင် ပြန်လည် ဝင်စားခြင်း နယ်ပယ် အဆင့်၁နဲ့ အဆင့်၂က  ပညာရှင်တွေနဲ့ အချိန် အနည်းငယ်လောက် ယှဉ်တိုက်နိုင်လောက်ပြီ ...…"

အရင်တုန်းက ဆိုရင်တော့ လီဖူချန်းတစ်ယောက် အခုလို မတွေးရဲပါဘူး။  ဒါပေမဲ့ အခုချိန်မှာတော့ သူဟာ ဘာကြောင့်မှန်း မသိဘဲ ယုံကြည်မှုတွေ ဇွတ်ရှိ နေပါတယ်။

******

-တောင်ဖြူနယ်မြေရှိ ရှေးဟောင်း အပျက်အစီးနယ်မြေ -

မဟူရာ ကောင်းကင်ဂိုဏ်းဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂ထောင်ကျော်တုန်းက နာမည် ကျော်ကြားခဲ့တဲ့ ဂိုဏ်းတစ်ဂိုဏ်းပါ။  ဒီဂိုဏ်းဟာ ဒါဇင်နဲ့ချီတဲ့ တိုက်ပွဲ ဝိညာဉ်နယ်ပယ်  ပညာရှင်တွေနဲ့  တိုက်ပွဲ ဝိညာဉ်နယ်ပယ် အထက်က ပညာရှင်တွေကိုပါ ပိုင်ဆိုင် ခဲ့ပါသေးတယ်။  မဟူရာ ကောင်းကင်ဂိုဏ်းရဲ့ အကြွင်းအကျန် နယ်မြေက သာမန်ဂိုဏ်းတွေရဲ့ အကြွင်းအကျန် နယ်မြေတွေနဲ့ မတူပါဘူး။  အရှေ့ယူနီကွန်း တိုက်ကြီးရဲ့ အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်တွေတောင်မှ ဒီအကြွင်းအကျန် နယ်မြေထဲကို တိတ်တဆိတ် လာရောက်စူးစမ်း ရှာဖွေနေကြပါပြီ။

အဲသည် ပုဂ္ဂိိုလ်တွေဟာ သုံးရက်တစ်ခါ ဒါမှမဟုတ် ငါးရက်တစ်ခါ လောက်ကို  လာရောက် ရှာဖွေနေကြတာပါ။  အချို့ကတော့ ဂိုဏ်းပေါင်းတစ်ရာ မဟာမိတ် အဖွဲ့အစည်းက ဖြစ်ပြီး အချို့ကတော့ နတ်ဆိုး၁၀ပါး နယ်မြေက ဖြစ်ပါတယ်။  တစ်ခါတစ်ရံဆိုရင် မိစ္ဆာတာအိုလမ်းစဉ်က ပြန်လည် ဝင်စားခြင်း နယ်ပယ် ပညာရှင်တွေပါ ရောက်လာပါသေးတယ်။

ဒီလိုနဲ့ တစ်နေ့မှာတော့  နတ်ဆိုး ၁၀ပါးနယ်မြေက အစွမ်းထက် ပုဂ္ဂိုလ် နှစ်ဦးဟာ မဟူရာ ကောင်းကင်ဂိုဏ်းရဲ့ အကြွင်းအကျန် နယ်မြေကို ရောက်ရှိ လာခဲ့ပါတယ်။  သူတို့ နှစ်ယောက်ကတော့ ရှန်းဟွတုံ ဆင်ဘုရင် နဲ့  ရှီဟွာဘုရင်မတို့ ပါပဲ။

ရှန်းဟွတုံ ဆင်ဘုရင်ရဲ့ အစွမ်းကိုတော့ ပြောစရာ မလိုတော့ပါဘူး။  သူဟာ စစ်ပွဲထဲမှာ တုန်းက သူ့ရဲ့ အစွမ်းတွေကို ထုတ်ပြခဲ့ပြီးပါပြီ။  ဒါပေမဲ့လည်း လူအများစုကတော့ ရှီဟွာဘုရင်မရဲ့ အစွမ်းကို မမြင်ဖူးသေးပါဘူး။

ကောလာဟလတွေ အရ ဆိုရင်တော့ ရှီဟွာဘုရင်မဟာ ပြန်လည် ဝင်စားခြင်း နယ်ပယ် အဆင့်မြင့်ပိုင်းက ပညာရှင်ကိုတောင်မှ ကျောက်ရုပ် အဖြစ် ပြောင်းလဲနိုင်စွမ်း ရှိပါတယ်တဲ့။  စစ်ပွဲ အတွင်းမှာတုန်းက ဆိုရင် မိုးကြိုး နတ်ဘုရားဂိုဏ်းရဲ့ အစွမ်းအထက်ဆုံး ပြန်လည် ဝင်စားခြင်း နယ်ပယ် ပညာရှင်ဖြစ်တဲ့ အထွဋ်ခေါင်ချုပ် ပင်မအကြီးအကဲဟာ ရှီဟွာဘုရင်မနဲ့ တိုက်ခိုက် ခဲ့ပါသေးတယ်။  အဲဒီ တိုက်ပွဲပြီးကတည်းက မိုးကြိုးဂိုဏ်းရဲ့ အထွဋ်ခေါင်ချုပ် ပင်မ အကြီးအကဲဟာ လူမြင်ကွင်းကို မထွက်လာတော့ပါဘူး။  ကြည့်ရတာတော့ သူဟာ ဒဏ်ရာအတော်လေး ရသွားတဲ့ အတွက် ပြန်လည် ကုစားနေပုံ ရပါတယ်။

ရှီဟွာဘုရင်မဟာ အရမ်းကို မြင်သူတကာ ငေးမော ရလောက်အောင် လှပလွန်းတဲ့  မျက်နှာနဲ့  ဆွဲဆောင်မှု ရှိလွန်းတဲ့ ခန္ဓာကိုယ် အချိုးအစားကို  ပိုင်ဆိုင်ထားတဲ့ မိန်းမပျိုလေး   တစ်ယောက်ပါပဲ။  သူမရဲ့ မျက်လုံးတွေဟာ တစ်ဖက်လူရဲ့ စိတ်ဝိညာဉ်တွေကို  ညှို့ယူ နေသလားဟုတောင် ထင်ရတဲ့အထိ  ဆွဲဆောင်မှု ရှိလွန်းပါတယ်။  အဲဒါကြောင့်လည်း  သူမရဲ့ မျက်လုံးတွေနဲ့ ရင်ဆိုင်မိတဲ့ လူတွေဟာ မလှုပ်မယှက် ဖြစ်သွားကြပုံပါပဲ။ သူမရဲ့ ခန္ဓာကိုယ် အောက်ပိုင်းကတော့ အရောင်အသွေး စုံလင်လှတဲ့ မြွေတစ်ကောင်ရဲ့ အမြီး ဖြစ်ပါတယ်။

ဒီနေ့မှာတော့ သူတို့နှစ်ဦးဟာ မဟူရာ ကောင်းကင်ဂိုဏ်းရဲ့ အကြွင်းအကျန် နယ်မြေထဲကို ဝင်ရောက်ဖို့ ရည်ရွယ်ချက်နဲ့ လာခဲ့တာပါ။

" ဟင် "

ရှီဟွာဘုရင်မဟာ ဟိုးအဝေး တစ်နေရာကို ကြည့်လိုက်ပြီး အာမေဍိတ်သံ  တစ်သံ ပြုလိုက်ပါတယ်။

အနက်ရောင် အလင်းတန်း တစ်ခုဟာ သည်နေရာကို ဦးတည်ပြီး လျင်မြန်စွာ ချည်းကပ် လာနေတာ မဟုတ်ပါလား။

" အဲဒါက လူသားတစ်ယောက်ပဲ ..."

ရှန်းဟွတုံ ဆင်ကြီးက မှတ်ချက် ချလိုက်ပါတယ်။

သူတို့ မျိုးနွယ်နှစ်ခုဟာ ငြိမ်းချမ်းရေး ရယူထားတာတော့ အမှန်ပါပဲ။  ဒါပေမဲ့ အခုလို တစ်ယောက်တည်းလာတဲ့ လူကိုဆိုရင်တော့  သူက ချမ်းသာပေးမှာ မဟုတ်ပါဘူး။

" သတိထား ... ဒီလူသားက သာမန်တော့ မဖြစ်နိုင်ဘူး "

ရှီဟွာဘုရင်မက သတိပေးလိုက်ပါတယ်။

သိပ်မကြာခင်မှာပဲ အနက်ရောင် အလင်းတန်းဟာ မြေပြင်ပေါ်သို့ ဆင်းသက် လာခဲ့ပါပြီ။  အဲဒါက ရွှေရောင် မျက်နှာဖုံးကို ဝတ်ဆင်ထားတဲ့ အရက်ရှည်ရှည် လူတစ်ယောက်ပါပဲ။  သူ့ရဲ့ ခန္ဓာကိုယ်က ထွက်နေတဲ့ ချီအရှိန်အဝါတွေကတော့  မယုံနိုင်လောက်အောင် အားကောင်းပြီး  မိစ္ဆာဆန်လွန်း လှပါတယ်။  သူ့ရဲ့ ခန္ဓာကိုယ်ထဲမှာ မိစ္ဆာနတ်ဘုရား တစ်ပါး ခိုဝင်ကိန်းအောင်း နေသလိုပါပဲ။

" မိစ္ဆာတာအိုကျင့်ကြံသူ ..."

ရှန်းဟွတုံ ဆင်ဘုရင်ရဲ့ အမူအရာတွေက လေးနက် တည်ကြည် သွားခဲ့ပါပြီ။

ပြီးခဲ့တဲ့ တစ်ခေါက် စစ်ပွဲမှာ  မိစ္ဆာတာအို အဖွဲ့အစည်းတွေဟာ လုံးဝ ထွက်ပေါ်လာခြင်း မရှိခဲ့ပါဘူး။  သူတို့ဟာ ဘယ်ဘက်ကမှကို မပါခဲ့တာပါ။  မိစ္ဆာတာအို အဖွဲ့အစည်း တွေထဲမှာဆိုရင် မကောင်းဆိုးဝါး လက်သီးဂိုဏ်းဟာ အရမ်းကို လျှို့ဝှက် လွန်းလှပါသေးတယ်။  မိစ္ဆာတာအို ကျင်ကြံသူတွေဟာ မိစ္ဆာသားရဲတွေ ထက်တောင်မှ ရက်စက်တာကိုတော့ အကုန်လုံး အသိပါပဲ။  အခုတော့ မိစ္ဆာတာအို ကျင့်ကြံသူ တစ်ယောက် ပေါ်ထွက်လာခဲ့ပါပြီ။

" မင်းဘယ်သူလဲ ..."

ရှန်းဟွတုံ ဆင်ဘုရင်က မေးလိုက်ပါတယ်။

" မင်းလို မလောက်လေး၊ မလောက်စား ဆင်မိစ္ဆာလေး တစ်ကောင်က ငါ့ကို မေးခွန်းထုတ်လို့  ရမယ် ထင်နေတာလား ..."

ရွှေရောင်မျက်နှာဖုံးရှင်က ရှန်းဟွတုံဆင် ဘုရင်ကို ဂရုစိုက်ပုံ မရပါဘူူး။

" သေချင်နေတာပဲ "

ရှန်းဟွတုံ ဆင်ဘုရင်ဟာ မိစ္ဆာသားရဲ တစ်ကောင်သာ ဖြစ်တဲ့အတွက် အလွယ်တကူပဲ ဒေါသ ထွက်တတ်ပါတယ်။

ဆင်ဦးခေါင်းနဲ့ လူသားခန္ဓာကိုယ်ကို ဖန်ဆင်းထားတဲ့ ရှန်းဟွတုံဆင် ဘုရင်ဟာ သူ့ရဲ့ မူလအသွင်ကို ပြန်ပြောင်း လိုက်ပါပြီ။  ထို့နောက်မှာတော့ သူဟာ ရွှေရောင် မျက်နှာဖုံးရှင်ကို  ရှေ့ခြေထောက်ဖြင့် နင်းချ လိုက်ပါတော့တယ်။

" ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေတဲ့ တိရစ္ဆာန်ကောင် ..."

ရွှေရောင် မျက်နှာဖုံးရှင်ကလည်း အနောက်ကို ဆုတ်မယ့်ပုံ မပေါ်ပါဘူး။  သူက ရှန်းဟွ တုံဆင်ဘုရင်ကို လက်သီးဖြင့် ထိုးချလိုက်ပါပြီ။

ဘန်း ...

ဒါက ဘယ်လို လက်သီးချက်များပါလိမ့် ...…

လက်သီးချက် ထွက်ပေါ်လာတာနဲ့ တစ်ပြိုင်နက် လေဟာနယ် တစ်ခုလုံးဟာ တုန်ခါ သွားသလို ကောင်းကင် တစ်ခုလုံးဟာလည်း မည်းမှောင် သွားခဲ့ပါသေးတယ်။  ဒါက မိစ္ဆာနတ်ဘုရား တစ်ပါး မြေပြင်ပေါ်ကို ဆင်းသက် လာသလိုပါပဲ။

ဝုန်း ...…

ရှန်ဟွတုံ ဆင်ဘုရင်ကတော့ ဒီလက်သီးချက်ကြောင့် လွင့်ထွက် သွားခဲ့ပါပြီ။  သူ့ရဲ့ နှုတ်ခမ်းထောင့်က နေပြီး သွေးတွေလည်း စီးကျနေပါသေးတယ်။  သူက ဒီလက်သီးချက်ကို ဘယ်လိုမှ တောင့်ခံနိုင်ခြင်း မရှိခဲ့ပါဘူး။

ဒီလက်သီးချက်ဟာ ရှန်းဟွတုံ ဆင်ဘုရင်ကိုသာမက ရှီဟွာ ဘုရင်မကိုတောင် တုန်လှုပ် ချောက်ချား သွားစေပါတယ်။

ရွှေရောင် မျက်နှာဖုံးရှင်ကတော့ ဒီလောက်နဲ့ ကျေနပ်သေးပုံ မရပါဘူး။  သူက လေထဲကို ခုန်တက်လိုက်ပြီး ရှန်းဟွတုံဆင် ဘုရင်ကို နောက်ထပ် လက်သီးတစ်ချက် ထိုးချလိုက်ပါသေးတယ်။

" တော်တော့ ..."

ရှီဟွာဘုရင်မက ရပ်ကြည့် မနေနိုင်တော့ပါဘူး။  သူမရဲ့ အမြီးက မြှောက်တက် သွားခဲ့သလို သူမရဲ့ လက်တွေကနေလည်း အဖြူရောင် အလင်းတန်းတွေ  ပစ်လွှတ်လိုက်ပါတယ်။

ဝုန်း ...…

ကောင်းကင်ပေါ်မှာတော့ အနက်ရောင် နဲ့ အဖြူရောင် ချီအရှိန်အဝါတွေ အားပြိုင်နေကြပါပြီ။

ရှီဟွာဘုရင်မရဲ့ ဘက်မှတော့ အဖြူရောင် ကျောက်တုံးတွေ ပလူပျံနေသလို ရွှေရောင် မျက်နှာဖုံးရှင် ဘက်မှာတော့ အနက်ရောင် လက်သီးရိပ်တွေ ပြည့်နှက်နေပါတယ်။

ဘန်း ...

နောက်ဆုံးမှာတော့ အဖြူရောင် ကျောက်တုံးတွေကာ အနက်ရောက် လက်သီးရိပ်တွေပါ ပျောက်ကွယ် သွားခဲ့ပါပြီ။

ရွှေရောင် မျက်နှာဖုံးရှင်ကတော့ သူ့နေရာမှာပဲ မတုန်မလှုပ် ရှိနေဆဲပါပဲ။ ဒါပေမဲ့ ရှီဟွာ ဘုရင်မရဲ့ ခန္ဓာကိုယ်ကတော့ မသိမသာလေး တုန်ယင်နေပါတယ်။

" မင်းဘယ်သူလဲ ..."

ရှီဟွာဘုရင်မက  လေးနက် တည်ကြည်စွာဖြင့် မေးလိုက်ပါတယ်။

" ရှင်းတိကောဝမ် "

ရွှေရောင် မျက်နှာဖုံးရှင်က သည်တစ်ခါမှာတော့ ပြန်ဖြေလာခဲ့ပါတယ်။  ထို့နောက်မှာတော့ သူဟာ မဟူရာ ကောင်းကင်ဂိုဏ်းရဲ့ အကြွင်းအကျန် နယ်မြေရှိရာ တွင်းနက်ကြီးထဲသို့ ခုန်ဆင်း သွားခဲ့ပါပြီ။

" ရှင်းတိကောဝမ် ..."

ရှန်းဟွတုံဆင်ဘုရင်က  ခပ်တိုးတိုး ရေရွတ် လိုက်ပါတယ်။

" ရှင်းတိကောဝမ် ...။  ဒါ ...ဒါဆို သူက  ..."

ရှီဟွာဘုရင်မကတော့ တစ်ခုခုကို သတိရ သွားပုံပါပဲ။  ထို့နောက်မှာတော့ သူမက  ရှန်းဟွတုံဆင် ဘုရင်ဘက်ကို လှည့်ပြီး နှစ်သိမ့်လိုက်ပါတယ်။

" ဆင်ဘုရင် ...။  မင်းအနေနဲ့ ဘာမှ စိတ်ပျက်နေစရာ မလိုဘူး။  သူက မကောင်းဆိုးဝါး လက်သီးဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကြီးပဲ ..."

" မကောင်းဆိုးဝါး လက်သီး ဂိုဏ်းချုပ်လား ..."

ရှန်းဟွတုံ ဆင်ဘုရင်က တုန်လှုပ် ချောက်ချား သွားခဲ့ပါပြီ။

မကောင်းဆိုးဝါး လက်သီးဂိုဏ်းရဲ့ ဂိုဏ်းချုပ်တိုင်းဟာ ရှင်းတိကောဝမ်ဆိုတဲ့ ဘွဲ့ထူးကို ခံယူ ထားကြတာပါ။

မကောင်းဆိုးဝါး လက်သီးဂိုဏ်း ထကြွ သောင်းကျန်းချိန်တုန်းက ဆိုရင် ရှန်းဟွတုံ ဆင်ဘုရင်တောင်မှ ဆင်ပေါက် ကလေးမျှသာ ရှိနေပါသေးတယ်။  သူက မကောင်းဆိုးဝါး လက်သီးဂိုဏ်းရဲ့ အစွမ်းထက်ပုံတွေကို ကောလာဟလတွေသာ ကြားခဲ့ဖူးတာပါ။  အခုတော့ သူဟာ မကောင်းဆိုးဝါး လက်သီးဂိုဏ်းချုပ်ရဲ့ အစွမ်းကို ကိုယ်တိုင်ကိုယ်ကျ မြည်းစမ်းကြည့်လိုက် ရပါပြီ။

မကောင်းဆိုးဝါး လက်သီးဂိုဏ်းဟာ အလကား နာမည်ကျော်တာတော့ မဟုတ်ပါဘူး။  သူတို့တွေဟာ တကယ်ကို နာမည်ကျော်သလောက် အစွမ်းထက်လှပါတယ်။   ဒါကြောင့်လည်း အရှေ့ယူနီကွန်း တိုက်ကြီး တစ်ခုလုံးကိုတောင် သိမ်းပိုက် နိုင်လုနီးပါး ဖြစ်ခဲ့ပုံ ရပါတယ်။

ဂိုဏ်းပေါင်းတစ်ရာ မပြောနဲ့။ နတ်ဆိုး၁၀ပါးနယ်မြေက မိစ္ဆာတွေနဲ့ မိစ္ဆာသားရဲတွေတောင်မှ မကောင်းဆိုးဝါး လက်သီးဂိုဏ်းနာမည်ကြားရင် အခုချိန်အထိ  ကြောက်ဒူး တုန်နေတုန်းပါပဲ။

"ဟူး ...ငါက လူသားတွေဘက်မှာ အစွမ်းထက်တဲ့ ထိပ်သီးပညာရှင်တွေ မရှိတော့ဘူးလို့ ထင်ထားခဲ့တာ ...။  ဒီအတိုင်းဆိုရင်တော့ လူသားနယ်မြေတွေကို သိမ်းပိုက်ဖို့က  ထင်ထားသလောက် မလွယ်သေးဘူးဘဲ  ..."

ရှန်းဟွတုံဆင် ဘုရင်ကတော့ သက်ပြင်းတွေကိုသာ ကျိတ်ချနေမိပါပြီ။

ရှီဟွာတောင်ဘုရင်မကလည်း

" လူသားတွေရဲ့ အစစ်အမှန် စွမ်းအားကို လျော့တွက်လို့ မရဘူး။  ကံကောင်းတာက လူသားတွေဟာ အချင်းချင်း မတည့်ကြတာဘဲ။  ဂိုဏ်းပေါင်းတစ်ရာနဲ့ မိစ္ဆာတာအို ကျင့်ကြံ သူတွေသာ ပေါင်းစည်းသွားလို့ကတော့ ငါတို့လို မိစ္ဆာတွေအတွက် နေစရာတောင် ရှိမှာ မဟုတ်ဘူး ..."ဟု မှတ်ချက် ချလိုက်ပါတယ်။

( note - ရှန်းဟွတုံ ဆိုတာက တောင်တွေကို တုန်လှုပ်စေသူဟု အဓိပ္ပာယ် ရပါတယ်။  ရှင်းတိကောဝမ် ဆိုတာက မကောင်းဆိုးဝါး ဘုရင်ပါ။  ရှီဟွာ ဆိုတာကတော့ ကျောက်ဖြစ်စေသူလို့ အဓိပ္ပာယ် ရပါတယ်။  )

***

All Chapters