ခွဲဝေအုပ်ချုပ်ကြပြီ
Vol. 26 Ch. 347
နောက်ဆုံးမှာတော့ ရှီဟွာဘုရင်မနဲ့ ရှန်းဟွတုံဆင်ဘုရင်ဟာ မဟူရာ ကောင်းကင်ဂိုဏ်းရဲ့ အပျက်အစီး နယ်မြေထဲသို့ မဝင်တော့ဖို့ ဆုံးဖြတ် လိုက်ကြပါတယ်။
မကောင်းဆိုးဝါး ဂိုဏ်းချုပ် ပေါ်လာတာက ကောင်းတဲ့ နိမိတ်တစ်ခု မဟုတ်ပါဘူး။ သူထွက်ပေါ် လာတာက အရှေ့ယူနီကွန်း တိုက်ကြီးကို ဗြောင်းဆန်အောင် မွှေနှောက် တော့မယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။
သူတို့နှစ်ဦးအနေနဲ့ နတ်ဆိုး ၁၀ပါးနယ်မြေကို အရင်ပြန်ပြီး သတင်းပို့မှသာ တော်ကာကျပါလိမ့်မယ်။ ဒါမှသာ နတ်ဆိုး ၁၀ပါးနယ်မြေအနေနဲ့ နောင်ဖြစ်လာမယ့် ပြဿနာတွေကို ဖြေရှင်းဖို့အတွက် နည်းလမ်းရလာမှာပါ။
အဖြစ်အပျက် တွေကတော့ မြန်ဆန်လွန်းလှပါတယ်။ တစ်လအကြာမှာပဲ မကောင်းဆိုးဝါး လက်သီးဂိုဏ်းဟာ သူတို့ဂိုဏ်းပြန်လည် ဖွဲ့စည်းလိုက်ပြီ ဖြစ်ကြောင်းကို တရားဝင် ကြေညာလိုက်ပါပြီ။ သူတို့နဲ့အတူ သွေးဂိုဏ်းနဲ့ ကျိယင်ချိုးပိုက်ဂိုဏ်း နှစ်ဂိုဏ်းဟာလည်း တရားဝင် ပေါ်ပေါက် လာပါသေးတယ်။ ဒီဂိုဏ်းသုံးဂိုဏ်းဟာ မဟာမိတ်ဂိုဏ်းတွေ ဖြစ်တယ် ဆိုတာကိုတော့ ပြောနေစရာ မလိုတော့ပါဘူး။
ကျိယင်ချိုးပိုက် ဂိုဏ်းဆိုတာကတော့ ယင်ဓာတ်ကို အထူးဦးစားပေး လေ့ကျင့်တဲ့ အစွန်းရောက် ဂိုဏ်းတစ်ဂိုဏ်း ဖြစ်ပါတယ်။
( note - ယင်နဲ့ယန်ထဲက ယင်ကို ဆိုလိုတာပါ။ ယင်ဆိုတာက အမဓာတ်၊ အအေးဓာတ်နဲ့ အမှောင်ထုကို ကိုယ်စားပြုပါတယ်။)
မကောင်းဆိုးဝါး လက်သီးဂိုဏ်းက အရှေ့ယူနီကွန်း တိုက်ကြီး တစ်ခုလုံးကို သိမ်းပိုက်ဖို့ ကြံစည်တုန်းက ဆိုရင် သွေးဂိုဏ်းနဲ့ ကျိယင်ချိုး ပိုက်ဂိုဏ်းတို့ဟာ တစ်ကျိတ်တည်း၊ တစ်ဉာဏ်တည်း ပါဝင်ခဲ့ကြတာပါ။
ရှင်းရှင်းပြောရမယ် ဆိုရင်တော့ဖြင့် ဒီသုံးဂိုဏ်း တကယ့်ကို ပုလင်းတူ ဘူးဆို့ တွေပါပဲ။
ထို့နောက်မှာတော့ မိစ္ဆာတာအို အင်အားစုတွေဟာ ဂိုဏ်း၁၃ဂိုဏ်းကို သိမ်းယူ လိုက်ပါတော့တယ်။ ထိုအထဲမှာဆိုရင် ပထမတန်းစား ဂိုဏ်း၂ဂိုဏ်းတောင်မှ ပါဝင်နေပါသေးတယ်။
နယ်မြေ၁၃ခုကို သိမ်းပိုက်ပြီးတာတောင်မှ မိစ္ဆာတာအို အင်အားစုတွေဟာ ကျေနပ်နေသေးပုံ မပေါ်ပါဘူး။ သူတို့ဟာ သူတို့ရဲ့ အာဏာစက်ကို ပိုပြီး ချဲ့ထွင်ဖို့ အာသီသ ပြင်းပြနေဆဲပါပဲ။
၁၄ခုမြောက်နယ်မြေ. ...၊ ၁၅ခုမြောက်နယ်မြေ ...၊ ၂၀ခုမြောက် နယ်မြေ ...။
သည်မိစ္ဆာတာအို ဂိုဏ်းကြီး သုံးဂိုဏ်းဟာ နယ်မြေ အခု၂၀တိတိ သိမ်းပိုက်ပြီးသွားတဲ့ အခါမှသာ သူတို့ရဲ့ အာဏာစက် ချဲ့ထွက်တာကို ရပ်လိုက်ပါတော့တယ်။
*****
- မြေကမ္ဘာမီးလျှံနယ်မြေ -
မြေကမ္ဘာ မီးလျှံနယ်မြေ ဆိုတာက မြေကမ္ဘာမီးလျှံဂိုဏ်း အပိုင် စိုးရထားတဲ့ နယ်မြေပါပဲ။
ဒါပေမဲ့ အခုမြေကမ္ဘာ မီးလျှံနယ်မြေ တစ်ခုလုံးဟာ စစ်မြေပြင် အဖြစ်သို့ ပြောင်းလဲ သွားခဲ့ပါပြီ။
ဝုန်း ...ဝုန်း ...
ဘန်း ...
ထန် ... ထန် ...…
မြေကမ္ဘာ မီးလျှံနယ်မြေရဲ့ အတွင်းပိုင်း တစ်နေရာမှာတော့ ရွှေရောင်မျက်နှာဖုံးကို ဝတ်ဆင်ထားတဲ့ ရှင်းတိကောဝမ်ဟာ လူနှစ်ယောက်နဲ့ တိုက်ခိုက်နေပါတယ်။ တစ်ဖက်က လူနှစ်ယောက်ကတော့ နတ်စမ်းရေ တောင်ကြားရဲ့ အထွဋ်ခါင်ချုပ် ပင်မ အကြီးအကဲနဲ့ ဆန်းကြယ် ကိရိယာဂိုဏ်းရဲ့ အထွဋ်ခေါင်ချူပ် ပင်မအကြီးအကဲတို့ပါပဲ။
နတ်စမ်းရေတောင်ကြားရဲ့ဲ အထွဋ်ခါင်ချုပ် ပင်မ အကြီးအကဲကတော့ အဖော်မဲ့ခြင်း ၈ပါး နတ်စမ်းရေ အတွင်းအား ကျင့်စဉ်ကို လေ့ကျင့်ထားတဲ့ ဆံပင်အနက်နဲ့ ဝတ်စုံစိမ်းဝတ် အဘိုးကြီး ဖြစ်ပါတယ်။
သူက သူ့ရဲ့ အဖော်မဲ့ခြင်း ၈ပါး သိုင်းစက်ကွင်းတွေနဲ့ ရှင်းတိကောဝမ်ကို ဖိနှိပ်ဖို့ ကြိုးစားနေတာပါ။
ဆန်းကြယ် ကိရိယာဂိုဏ်းရဲ့ နတ်စမ်းရေ အထွဋ်ခေါင်ချုပ် ပင်မ အကြီးအကဲကတော့ ခန့်ညားထည်ဝါလှတဲ့ ဆံပင်အနီရောင် ပိုင်ရှင်ပါပဲ။ သူ့ရဲ့အပေါ်ပိုင်း ဝတ်ရုံကတော့ မရှိတော့ပါဘူး။ အဲသည်အတွက် သူ့ရဲ့ ကြွက်သား အမြှောင်းမြှောင်းထွက်နေတဲ့ ခန္ဓာကိုယ်ပေါ်မှာ ရေးဆွဲထားတဲ့ အနီရောင် အင်းကွက်တွေ ကိုတောင် မြင်နေရပါတယ်။ ဒီအင်းကွက်တွေက သူလှုပ်ရှား လိုက်တိုင်းမှာ အရောင် တောက်ပလာပြီး ကြွတက်လာတာပါ။
ယုတ္ထိရှိရှိ ပြောရမယ် ဆိုရင်တော့ အရှေ့ယူနီကွန်း တိုက်ကြီး တစ်ခုလုံးမှာတောင်မှ ဒီပညာရှင် နှစ်ယောက် ပူးပေါင်း တိုက်ခိုက်တာကို ခံနိုင်မယ့်သူ မရှိပါဘူး။ တကယ်လို့ ဒီပညာရှင် နှစ်ယောက်ဟာ တစ်ယောက်ချင်းစီ ခွဲပြီး တိုက်ခိုက်ရင်တောင်မှ နတ်ဆိုး ၁၀ပါးနယ်မြေက ခေါင်းဆောင်တွေကို လက်ရည်တူ တိုက်ခိုက်နိုင်စွမ်း ရှိပါတယ်။
ဒါပေမဲ့လည်း ဒီရွှေရောင်မျက်နှာဖုံးကို ဝတ်ဆင်ထားတဲ့ ရှင်းတိကော ဝမ်ကတော့ ချွင်းချက်ပါပဲ။ သူရဲ့ သိုင်းစက်ကွင်းက အစိမ်းရောင်ဝတ်စုံနဲ့ အကြီးအကဲရဲ့ အဖော်မဲ့ခြင်း သိုင်းစက်ကွင်း ၈ခုကို ပြန်လည်ဖိအား ပေးနေနိုင်ပါတယ်။
သူ့ရဲ့ လက်သီး သိုင်းအားတွေကလည်း အခြားတစ်ဖက်မှာရှိတဲ့ ဆံပင်အနီနဲ့ အဘိုးကြီးကို ခေါင်းဖော်လို့ မရအောင်ကို တရစပ် တိုက်ခိုက် နေဆဲပါပဲ။ ဆံပင်အနီနဲ့ အဘိုးကြီးက တစ်ချက် ကလေးတောင် ပြန်တိုက်ခွင့် မရပါဘူး။
" ဒါက လက်ရှိ မကောင်းဆိုးဝါး လက်သီး ဂိုဏ်းချုပ်ရဲ့ အစွမ်းလား ..."
အစိမ်းရောင်ဝတ်စုံနဲ့ အဘိုးအိုက စိတ်ထဲမှာ မကောင်းတဲ့ အတိတ် နိမိတ်တွေကို ခံစားနေရပါပြီ။
ဂိုဏ်းပေါင်း တစ်ရာဘက်မှာတော့ မိုးကြိုးနတ်ဘုရား ဂိုဏ်းက အထွဋ်ခေါင်ချုပ် ပင်မ အကြီးအကဲဟာ အစွမ်းအထက်ဆုံးဖြစ်ပြီး နတ်ဆိုး ၁၀ပါးနယ်မြေက အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်ကတော့ ရှီဟွာဘုရင်မ ဖြစ်ပါတယ်။
ဒါပေမဲ့လည်း သူတို့နှစ်ယောက်ဟာ ရှင်းတိကောဝမ်ကို မီဖို့အတွက်တော့ အများကြီး လိုအပ် နေဆဲပါပဲ။ ရှင်းတိကောဝမ်ဟာ အရှေ့ယူနီကွန်း တိုက်ကြီး တစ်ခုလုံးရဲ့ အငြင်းပွားစရာ မရှိတဲ့ ပြိုင်ဘက်ကင်း ပညာရှင် တစ်ယောက် ဖြစ်နေပါပြီ။ ဒါကိုတော့ လုံးဝ သံသယ ဝင်စရာ မလိုတော့ပါဘူး။
" မိတ်ဆွေ ရောင်းရင်းကြီးတို့ ...ငါမင်းတို့ကို ကူညီပါရစေ ..."
ခေါင်းတစ်ခုလုံး ဆံပင်ဖြူတွေ ဖွေးဆွတ်နေတဲ့ ဖုန်းရွှယ်ဂိုဏ်းရဲ့ အထွဋ်ခေါင်ချုပ် ပင်မ အကြီးအကဲ ဟာလည်း တိုက်ပွဲထဲကို ဝင်ပါလာခဲ့ပါပြီ။
ပြန်လည် ဝင်စားခြင်း နယ်ပယ် ပညာရှင် အရေအတွက်ချင်း ယှဉ်လိုက်ရင်တော့ ဂိုဏ်းပေါင်း တစ်ရာ မဟာမိတ်အဖွဲ့ဟာ မိစ္ဆာတာအို အင်အားစုတွေထက် အများကြီး သာပါတယ်။ အဲဒီ အတွက်ကြောင့်လည်း ဆံဖြူအဘိုးအိုဟာ တိုက်ပွဲထဲကို လွတ်လွတ်လပ်လပ် ဝင်ပါလာခဲ့တာပါ။
ဆံဖြူအဘိုးအိုကတော့ မြေကမ္ဘာအဆင့်နိမ့် လက်ဝါးသိုင်းပညာ ဖြစ်တဲ့ မဟူရာ ရေခဲ လက်ဝါးသိုင်းကို ပထမပိုင်းကို လေ့ကျင့်ပြီး ဖြစ်သလို မဟူရာ ရေခဲလက်ဝါး ဆန္ဒကိုလည်း နားလည် အသုံးပြုနိုင် ပါသေးတယ်။
ဟူး ...ဟူး ...ဟူး ...…
လူကိုယ်တိုင် မရောက်လာခင်မှာတင် ဆံဖြူ အဘိုးအိုရဲ့ မဟူရေခဲ သိုင်းစက်ကွင်းက ရှင်းတိကောဝမ်ကို လွှမ်းခြုံနေခဲ့ပါပြီ။ ပတ်ဝန်းကျင် တစ်ခုလုံးဟာလည်း နှင်းမုန်တိုင်း တစ်ခုအတွင်း ရောက်နေသလိုပါပဲ။
ဘန်း ...
လက်သီးတစ်ချက် ...…
အနက်ရောင် အလင်းတန်းတွေ ဖြာထွက်နေတဲ့ လက်သီးတစ်လုံး ...
ရှင်းတိကောဝမ်ရဲ့ လက်သီး တစ်ချက်ကတင် ဒီမဟူရာ ရေခဲလက်ဝါး သိုင်းစက်ကွင်းကြီးကို ပျက်စီး သွားစေခဲ့ပါပြီ။
အား ...…
ဆံဖြူ အဘိုးအိုကတော့ ကြိုးပြတ် သွားတဲ့ စွန်တစ်ကောင်ကဲ့သို့ လွင့်ထွက် သွားပါတော့တယ်။
ဆံဖြူ အဘိုးအိုကတော့ ရှင်းတိ ကောဝမ်ရဲ့ လက်စွမ်း လက်စကို ကောင်းကောင်းကြီး သိသွားခဲ့ပါပြီ။ သူက တိုက်ပွဲထဲကို ထပ်မဝင် သွားရဲ တော့ပါဘူး။
စစ်မြေပြင်မှာ ရှင်းတိကောဝမ်လို နောက်ထပ် အစွမ်းပြ နေသူတွေလည်း ရှိပါသေးတယ်။ သူတို့တွေကတော့ သွေးဂိုဏ်း ခေါင်းဆောင် သွေးဘိုးဘိုးကြီးနဲ့ ကျိယင်ချိူးပိုက် ဂိုဏ်းခေါင်းဆောင် ယင်အဘိုးအိုတို့ ပါပဲ။
ရှင်းတိကောဝမ်၊ သွေးဘိုးဘိုးကြီး နဲ့ ယင်အဘိုးအို ...။
မိစ္ဆာတာအို အင်အားစုဘက်က ဒီသုံးယောက်နဲ့တင် ဂိုဏ်းပေါင်းတစ်ရာ မဟာမိတ် အဖွဲ့ရဲ့ ပြန်လည် ဝင်စားခြင်း နယ်ပယ် ပညာရှင်တွေကို ခေါင်းခဲအောင် လုပ်ထားနိုင်တာပါ။
ဒါ့အပြင် မိစ္ဆာတာအို အင်အားစုတွေ သိမ်းပိုက်ခဲ့တဲ့ နယ်မြေတွေရဲ့ ပြန်လည် ဝင်စားခြင်းနယ်ပယ် ပညာရှင်တွေပါ မိစ္ဆာတာအို ကျင့်ကြံသူတွေ ဘက်က ဝင်ပါလာတဲ့ အချိန်မှာတော့ ဂိုဏ်းပေါင်းတစ်ရာဟာ အတော်လေး အကျပ်အတည်း ဖြစ်နေခဲ့ပါပြီ။
ပြန်လည် ဝင်စားခြင်း နယ်ပယ် ပညာရှင် အရေအတွက်ပိုင်းချင်း ယှဉ်လိုက်ရင်တော့ ဂိုဏ်းပေါင်း တစ်ရာဘက်က သာနေဆဲ ဖြစ်ပေမယ့်လည်း အရည်အချင်း ပိုင်းမှာတော့ အတော်လေး ကွာဟနေတယ် ဆိုတာ အသိသာကြီးပါပဲ။ အထူးသဖြင့် ဂိုဏ်းပေါင်း တစ်ရာ မဟာမိတ် အဖွဲ့ဘက်မှာ ရှင်းတိကောဝမ်ကို ယှဉ်နိုင်တဲ့သူ ရှိမနေပါဘူး။
သည်ကမ္ဘာကြီးက တန်ခိုးထက်တဲ့ သူတွေကိုသာ အလေးထားတဲ့ ကမ္ဘာကြီး ဖြစ်ပါတယ်။ ဒီလို စစ်ပွဲတွေမှာတော့ အရေအတွက်ထက် အရည်အချင်းက စကားပြောတာပါ။
ဂျိန်း ...ဒလိန်း ...
ရုတ်တရက် ဆိုသလို မိုးခြိမ်းသံကြီး တစ်ခု ထွက်ပေါ်လာခဲ့ပါပြီ။
ဟိုး ... မိုးကုတ် စက်ဝိုင်းဘက်ကနေပြီး မိုးကြိုးတစ်စင်းဟာ စစ်မြေပြင်ဆီသို့ ဦးတည် လာနေခဲ့ပါတယ်။
" ဟေး ... အဲဒါ မိုးကြိုး နတ်ဘုရားဂိုဏ်းက အထွဋ်ခေါင်ချုပ် ပင်မ အကြီးအကဲပဲကွ ...…"
နောက်ဆုံးမှာတော့ မိုးကြိုး နတ်ဘုရားဂိုဏ်းရဲ့ အစွမ်းအထက်ဆုံး ပညာရှင်ဟာ စစ်မြေပြင်ကို ရောက်လာခဲ့ပါပြီ။ သူ့ရဲ့ ဒဏ်ရာတွေကို သလို့ ပြီးသွားပုံပါပဲ။
" မကောင်းဆိုးဝါးဘုရင် ...။ မင်းရဲ့ အစွမ်းကို လေ့လာပါရစေ ..."
မိုးကြိုး နတ်ဘုရားဂိုဏ်းရဲ့ အစွမ်းအထက်ဆုံး ပညာရှင်ကတော့ စစ်မြေပြင်ကို ရောက်တာနဲ့ တစ်ပြိုင်နက် ရှင်းတိကောဝမ်ကို စိမ်ခေါ်လိုက်ပါတယ်။ သူက ဒီတိုက်ပွဲအတွက် အသေအချာ ပြင်ဆင် လာပုံပါပဲ။ သူရဲ့ ခန္ဓာကိုယ် ပေါ်မှာတော့ မိုးကြိုးသွားနဲ့ ပြုလုပ်ထားတဲ့ ချပ်ဝတ်တန်ဆာ တစ်ခု ရှိနေပါတယ်။
" မိုးကြိုးနတ်ဘုရား ချပ်ဝတ်တန်ဆာ ပညာရပ်ပါလား ..."
ရှင်းတိကောဝမ်က တစ်ဖက်လူရဲ့ ချပ်ဝတ်တန်ဆာကို မြင်လိုက်တဲ့ နောက်မှာတော့ မျက်နှာ အနည်းငယ် ပျက်သွားခဲ့ပါပြီ။
မိုးကြိုးနတ်ဘုရားဂိုဏ်းရဲ့ ကြောက်စရာ အကောင်းဆုံး အတွင်းအား ကျင့်စဉ်ဟာ မိုးကြိုးလျှပ်စီး နတ်ဘုရား ကျင့်စဉ် မဟုတ်ပါဘူး။ ဒီမိုးကြိုးနတ်ဘုရား ချပ်ဝတ်တန်ဆာ အတွင်းအား ကျင့်စဉ်မှသာ မိုးကြိုး နတ်ဘုရားဂိုဏ်းရဲ့ ကြောက်စရာ အကောင်းဆုံး ပညာရပ် ဖြစ်ပါတယ်။
တိတိကျကျ ပြောရမယ် ဆိုရင်တော့ဖြင့် မိုးကြိုးနတ်ဘုရား ချပ်ဝတ်တန်ဆာ ကျင့်စဉ်ဟာ မိုးကြိုးလျှပ်စီး နတ်ဘုရားကျင့်စဉ်ကို အဆင့်မြှင့် မွမ်းမံထားတာပါ။
မိုးကြိုးနတ်ဘုရား ချပ်ဝတ်တန်ဆာ ပညာရပ်ဟာ အသုံးပြုသူရဲ့ တိုက်ခိုက်မှုနဲ့ ခုခံမှုအပိုင်းကို အစွမ်းထက် စေရုံသာမက လှုပ်ရှား သွားလာမှုကိုလည်း ၂ဆနီးပါး ပိုမြန်သွားစေပါတယ်။
ဒီအတွင်းအား ကျင့်စဉ်ရဲ့ အဆင့်အမြင့် အထိ လေ့ကျင့်ပြီး သွားသူကတော့ တော်ရုံတန်ရုံနဲ့ မသေနိုင် တော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ တစ်ဖက်ရန်သူက ကိုယ့်ထက် အရမ်း အစွမ်းထက် နေရင်တောင်မှ လွတ်အောင် ထွက်ပြေးနိုင်စွမ်း ရှိလို့ပါပဲ။
မိုးကြိုးနတ်ဘုရားဂိုဏ်းရဲ့ အစွမ်းအထက်ဆုံး ပညာရှင်ကတော့ ငွေရောင်ဆံပင်တွေကို ပိုင်ဆိုင် ထားပါတယ်။
" ငါ့ရဲ့လက်သီးကို မြည်းကြည့်စမ်း ..."
ဘော်ငွေရောင်ဆံပင်နဲ့ အဘိုးအိုက ရှင်းတိကောဝမ်ကို အားရပါးရ ထိုးချလိုက်ပါပြီ။
ဂျိန်း ... ဒလိန်းလိန်း ...
ဂရား ...
မရေမတွက်နိုင်တဲ့ မိုးကြိုး သွားတွေဟာ မိုးကြိုးနဂါးတစ်ကောင် အဖြစ် ပြောင်းလဲသွားပြီး ရှင်းတိ ကောဝမ်ဆီသို့ မာန်ဟုန်ပြင်းစွာဖြင့် တိုးဝင်သွားခဲ့ပါတယ်။
" ဟား...ဟား...ဟား ..."
" မင်းတတ်နိုင်တာ ဒါအကုန်ပဲလား ..."
ရှင်းတိကောဝမ်က တဟားဟား ရယ်မောလိုက်ပြီး တစ်ဖက်လူရဲ့ တိုက်ခိုက်မှုကို လက်သီးနဲ့ ပြန်ကြိုဆို လိုက်ပါတယ်။
ဘန်း ...
အချင်းဝက် ဆယ်မိုင်ပတ်လည်မှာ ရှိသမျှ အရာတိုင်းဟာ ရစရာ မရှိအောင်ကို ပျက်စီး သွားခဲ့ပါပြီ။ ဒါက ကမ္ဘာပျက်ကိန်း တစ်ခုနဲ့ ကြုံလိုက်ရသလိုပါပဲ။ ကောင်းကင်ယံ ထက်မှာတော့ ပိန်းတိတ်အောင် နက်မှောင်နေတဲ့ လက်သီးရိပ်တွေနဲ့ လင်းလက် တောက်ပနေတဲ့ မိုးကြိုး လက်သီးရိပ်တွေဟာ ထိပ်တိုက် တွေ့နေကြပါတယ်။ ဒါပေမဲ့ သိပ်မကြာခင်မှာပဲ အနက်ရောင် လက်သီးရိပ်တွေဟာ မိုးကြိုး လက်သီးရိပ်တွေကို ချေဖျက် ပစ်လိုက်ပါတော့တယ်။
ပိန်းတိတ်အောင် နက်မှောင်လှတဲ့ အမှောင်ထုကြီး တစ်ခုကတော့ ဘော်ငွေရောင် ဆံပင်ပိုင်ရှင် အဘိုးအိုကို လွှမ်းခြုံ သွားခဲ့ပါပြီ။
" ငါ့ကို ဒီလောက်နဲ့ အနိုင်ယူလို့ရမယ် ထင်နေတာလား ..."
ဖောင်း ...ဖောင်း ...ဖောင်း ...
ပေါက်ကွဲသံတွေနဲ့အတူ ဘော်ငွေရောင် ဆံပင်ပိုင်ရှင် အဘိုးအိုဟာ အမှောင်ထုကြီးထဲ ကနေ ဖောက်ထွက် လာခဲ့ပါတယ်။ ဒီအမှောင်ထုက သူ့ကို ထိခိုက် စေနိုင်စွမ်း ရှိဟန် မပေါ်ပါဘူး။
" သေစမ်း ..."
သူက ရှင်းတိကောဝမ်ကို နောက်ထပ် လက်သီးတစ်ချက် ထိုးလိုက် ပါသေးတယ်။
" သွားစမ်းပါကွာ ..."
ရှင်းတိကောဝမ်ရဲ့ သိုင်းစက်ကွင်းက စတင် အသက်ဝင် လာခဲ့ပါပြီ။ မိစ္ဆာနတ်ဘုရား အရိပ်ကြီး တစ်ခုက လူးလွန့်လှုပ်ရှားလာပြီး ဘော်ငွေရောင် ဆံပင်ပိုင်ရှင် အဘိုးကြီးကို ရိုက်ထုတ် ပစ်လိုက်ပါတယ်။
ဟူး ...ဟူး ...
အစိမ်းရောင်ဝတ်စုံဝတ် အဘိုးကြီးနဲ့ ဆံပင်အနီရောင် အဘိုးကြီးတို့ဟာလည်း တိုက်ပွဲထဲကို ဝင်လာခဲ့ပါပြီ။
အစိမ်းရောင်ဝတ် အဘိုးကြီးက အကြံပေးလိုက်ပါတယ်။
" ငါတို့သုံးယောက်ပေါင်းပြီး သူ့ကို အစွမ်းကုန် တိုက်ခိုက်မယ်။ တက်လို့ သိုင်းကွက် ဆယ်ကွက် ကျော်တဲ့ အထိ အသာမရရင်တော့ ဒီကောင်နဲ့ ဆွေးနွေးညှိနှိုင်း ကြတာပေါ့ ..."
" ဟုတ်ပြီ "
" အေး "
သူတို့သုံးယောက်ဟာ ဂိုဏ်းပေါင်းတစ်ရာ မဟာမိတ်အဖွဲ့ရဲ့ အတော်ဆုံး ပညာရှင် သုံးယောက် ဖြစ်ပါတယ်။ သူတို့ သုံးယောက် ပေါင်းပြီး ရှင်းတိကောဝမ်ကို အနိုင်မယူနိုင်မှတော့ ဘာမှဆက်ပြီး စဉ်းစားနေစရာ မလိုတော့ပါဘူး။
ဖုန်းရွှယ်ဂိုဏ်းရဲ့ အထွဋ်ခေါင်ချုပ် ပင်မ အကြီးအကဲ ကတော့ သူ့ရဲ့အခြေအနေကို သူသိတဲ့ အတွက် တိုက်ပွဲ စက်ကွင်း ထဲကနေ ဆုတ်ခွာ သွားခဲ့ပါပြီ။
သိုင်းကွက် သုံးကွက် ... သိုင်းကွက် ငါးကွက် ...
ဒီပညာရှင်လေးဦးရဲ့ တိုက်ပွဲကတော့ အထွတ်အထိပ်ကို ရောက်လာခဲ့ပါပြီ။ သူတို့ရဲ့ သက်ဆိုင်ရာ သိုင်းစက်ကွင်း အသီးသီးရဲ့ တန်ခိုးအရှိန်အဝါကလည်း အစွမ်းကုန် တောက်ပ နေခဲ့တာပါ။
ဒီတိုက်ပွဲကိုတော့ ဘယ်သူမှ ဝင်တားလို့ မရတော့ပါဘူး။ ဝင်တားဖို့ မဆိုပါနဲ့ဦး။ ပြန်လည် ဝင်စားခြင်း နယ်ပယ် အဆင်မြင့်ပိုင်းက ပညာရှင်တွေတောင်မှ ဒီလေးဦးရဲ့ တိုက်ပွဲစက်ကွင်းထဲကို ဝင်လာမိရင် ဒဏ်ရာ အကြီးအကျယ် ရသွားမှာပါ။
သိုင်းကွက် ရှစ်ကွက် ... သိုင်းကွက် ဆယ်ကွက် ...…။
သိုင်းကွက်ဆယ်ကွက် အပြီးမှာတော့ အစိမ်းရောင် ဝတ်စုံဝတ် အဘိုးအိုက သိုင်းအားတွေကို ရုတ်သိမ်း လိုက်ပါပြီ။
" ရှင်းတိကောဝမ် ...။ ငါတို့ တိုက်ခိုက်နေတာကို ခနရပ်ပြီး ညိနှိုင်းကျရအောင် ..."
သူတို့ သုံးယောက်ပေါင်းပြီး တိုက်ခိုက် တာတောင်မှ ရှင်းတိကောဝမ်ကို မနိုင်မှတော့ ခြေတစ်လှမ်း အနောက်ဆုတ် ပေးရပါတော့မယ်။
" ရတယ်လေ ..."
ရှင်းတိကောဝမ်က ညှိနှိုင်းဖို့ ကမ်းလှမ်းတာကို မငြင်းလိုက်ပါဘူး။ သူကလည်း ဒီအခြေအနေကို မျှော်လင့် ထားပြီးပါပြီ။
အမှန်တကယ် ပြောရမယ်ဆိုရင်တော့ မကောင်းဆိုးဝါး လက်သီးဂိုဏ်း အဓွန့်ရှည် တည်မြဲဖို့ဟာ သူ့ရဲ့ လက်ထဲမှာပါပဲ။ အဲသည်အတွက် သူဟာ ဂိုဏ်းပေါင်းတစ်ရာ မဟာမိတ်အဖွဲ့နဲ့ မီးကုန်ယမ်းကုန် တိုက်ခိုက်လိုစိတ် မရှိသေးပါဘူး။ ရှင်းတိကောဝမ်က အရှေ့ယူနီကွန်း တိုက်ကြီး တစ်ခုလုံးရဲ့ သက်ဦးဆံပိုင် ဘုရင်တစ်ပါး ဖြစ်ချင်တာပါ။ အဲဒီအတွက် သူ့အနေနဲ့ သူ့ရဲ့အရှေ့က နောင်တော်ကြီးတွေ ဖြစ်တဲ့ မကောင်းဆိုးဝါး ဂိုဏ်းချုပ်ကြီးတွေလို မဖြစ်အောင် သင်ခန်းစာ ယူရပါမယ်။
အခုတော့ အခွင့်အရေးက သူ့ရဲ့ ရှေ့ကို ဆိုက်ဆိုက် မြိုက်မြိုက်ကြီး ရောက်ရှိလာခဲ့ပါပြီ။ မဟူရာ ကောင်းကင်ဂိုဏ်းရဲ့ အကြွင်းအကျန် နယ်မြေထဲကိုသာ နှံ့နှံ့စပ်စပ် ရှာဖွေနိုင်လို့ကတော့ ရှားပါးပြီး အစွမ်းတဲ့ သိုင်းကျမ်းတွေနဲ့ အဖိုးတန်တဲ့ မှော်ဆေးရည်တွေကို ရရှိမှာ အသေအချာပါပဲ။
ထို့နောက်မှာတော့ ဂိုဏ်းပေါင်း တစ်ရာ မဟာမိတ်အဖွဲ့နဲ့ မိစ္ဆာတာအို အဖွဲ့အစည်းတို့ဟာ အကျေအလည် ဆွေးနွေး ကြပါတော့တယ်။
သုံးရက် အကြာမှာတော့ ဆွေးနွေးပွဲကနေပြီး နှစ်ဖက်စလုံး သဘောတူတဲ့ အချက်အလက်တွေ ထွက်ပေါ် လာခဲ့ပါပြီ။
ဆွေးနွေးပွဲက သဘော တူညီချက် အရဆိုရင် မိစ္ဆာတာအို အဖွဲ့အစည်းတွေဟာ မူလက သူတို့ သိမ်းပိုက်ထားတဲ့ နယ်မြေအခု၂၀ အပါအဝင် နောက်ထပ် နယ်မြေ ၁၀ခုကိုပါ အပိုင်စားခွင့် ရပါမယ်။ ဒီသဘော တူညီချက် အရဆိုရင်တော့ မိစ္ဆာတာအို အဖွဲ့အစည်းတွေဟာ နယ်မြေ၃၀ကို ထိန်းချုပ်ခွင့် ရသွားခဲ့ပါပြီ။
ဒါပေမဲ့လည်း ချွင်းချက် တစ်ခုတော့ ရှိပါတယ်။ မကောင်းဆိုးဝါး အဖွဲ့အစည်းဟာ သူတို့ နောက်ထပ် အပိုင်စားရတဲ့ နယ်မြေ၁၀ခုက ဂိုဏ်းတွေကိုတော့ ရွှေ့ပြောင်းခွင့် ပေးရပါမယ်။
ရှင်းတိကောဝမ်က ဒီအချက်ကိုတော့ စောဒက မတက်ခဲ့ပါဘူး။ သူက အလွယ်တကူပဲ လိုက်လျော ခဲ့ပါတယ်။ သူက အခုလောလောဆယ်မှာ အရှေ့ယူနီကွန်း တိုက်ကြီးကို မသိမ်းချင် သေးပါဘူး။ အခုချိန်မှာ ရှင်းတိကောဝမ် အလိုချင်ဆုံးကတော့ တောင်ဖြူနယ်မြေထဲကို လွတ်လွတ်လပ်လပ် ဝင်ခွင့်ရဖို့ပါပဲ။
ဒီလိုနဲ့ပဲ တောင်ဖြူနယ်မြေဟာ အများပိုင် နယ်မြေတစ်ခု ဖြစ်လာခဲ့ပါတယ်။ မိစ္ဆာတာအို ဂိုဏ်းကို ပေးလိုက်ရတဲ့ နယ်မြေအခု ၃၀ရယ်၊ နတ်ဆိုး ၁၀ပါးနယ်မြေကို ပေးလိုက်ရတဲ့ နယ်မြေ ၅ခုရယ်ကို ဖယ်ထုတ် လိုက်ပြီး နောက်မှာတော့ ဂိုဏ်းပေါင်းတစ်ရာ မဟာမိတ်အဖွဲ့ ပိုင်ဆိုင်ထားတဲ့ နယ်မြေတွေဟာ ၉၆ခုကနေ ၆၀အထိ လျော့ကျ သွားခဲ့ပါပြီ။ တောင်ဖြူနယ်မြေကိုတော့ အများပိုင် နယ်မြေ အဖြစ် သတ်မှတ်ထားပြီ ဖြစ်တဲ့အတွက် ထည့်မတွက် ထားတော့ပါဘူး။
ဒါဟာ ဂိုဏ်းပေါင်းတစ်ရာ မဟာမိတ် အဖွဲ့အတွက်ကတော့ တကယ့်ကို အခက်ခဲဆုံး အခိုက်အတန့် တွေပါပဲ။ ဒါပေမဲ့လည်း ဒီလို အခက်အခဲတွေကသာ လူတွေကို ပိုပြီး သန်မာ လာစေတာ မဟုတ်ပါလား။
ကောင်းတဲ့ဘက်က ကြည့်မယ်ဆိုရင်တော့ မဟူရာ ကောင်းကင်ဂိုဏ်းရဲ့ အကြွင်းအကျန် နယ်မြေ ပေါ်လာတာလည်း သူတို့အတွက် အခွင့်အလမ်း တစ်ခုပါပဲ။ တကယ်လို့သာ ကံကြမ္မာက ဂိုဏ်းပေါင်း တစ်ရာ မဟာမိတ် အဖွဲ့ဘက်မှာ အလေးသာ ခဲ့ရင်တော့ သူတို့ဟာ အရှေ့ယူနီကွန်း တိုက်ကြီး တစ်ခုလုံးကိုပါ လွှမ်းမိုးချုပ်ကိုင် နိုင်မယ့် အခွင့်အရေး ရှိနေပါသေးတယ်။
***
" အဖွဲ့သုံးဖွဲ့ ခွဲဝေပြီး အုပ်ချုပ်လိုက်ပြီလား ..."
ဒီသတင်းကို ကြားလိုက်ရတဲ့ လီဖူချန်းကတော့ သက်ပြင်းချရုံက လွဲပြီး ဘာမှ မတတ်နိုင်ခဲ့ပါဘူး။
အခြေအနေ တွေကတော့ မိုးပြာရောင် ဂိုဏ်းအတွက် စိုးရိမ်စရာပါပဲ။ မိစ္ဆာတာအို အဖွဲ့အစည်း နောက်ထပ် အပိုင်စားရသွားတဲ့ နယ်မြေ၁၀ခုက ကောင်းကင် နတ်ဆိုးဂိုဏ်းနဲ့ နယ်မြေ တစ်ခုသာ ခြားပြီး မိုးပြာရောင်ဂိုဏ်းနဲ့ နယ်မြေနှစ်ခုသာ ခြားပါတယ်။
တကယ်လို့သာ မိစ္ဆာတာအို အဖွဲ့အစည်းက နောက်ထပ် ခြေလှမ်းတစ်လှမ်း လှမ်းမယ် ဆိုရင်တော့ဖြင့် ကောင်းကင် နတ်ဆိုးဂိုဏ်းနဲ့ မိုးပြာရောင်ဂိုဏ်းဟာ သူတို့ရဲ့ ပစ်မှတ် ဖြစ်လာခဲ့မှာပါ။
နောက်ထပ်တစ်ခါ စစ်ဖြစ်ရင်တော့ မိုးပြာရောင် ဂိုဏ်းအတွက် ပြေးစရာမြေ မရှိပါဘူး။ မိုးပြာရောင် ဂိုဏ်းအနေနဲ့ ဂိုဏ်းလုံးကျွတ် အသေခံမလား ဒါမှမဟုတ် အညံ့ခံမလား ဆိုတာကိုပဲ ကြိုတင်စဉ်းစား ထားရတော့မယ့် အခြေအနေပါပဲ။
" ဒီအတိုင်းဆိုရင်တော့ မဖြစ်သေးဘူး ..."
လီဖူချန်းက နဖူးကြောကြီးတွေ ရှုံ့တွ နေအောင် စဉ်းစားနေရပါပြီ။
စစ်ပွဲကတော့ သူ ပြန်လည် ဝင်စားခြင်းနယ်ပယ် ပညာရှင် ဖြစ်တဲ့အထိ စောင့်နေမှာ မဟုတ်ပါဘူး။ ပြီးတော့ မိုးပြာရောင် ဂိုဏ်းဟာ ဂိုဏ်းလုံးကျွတ် သတ်ခံရမယ့် အရေးနဲ့လည်း ကြုံတွေ့ နိုင်ပါသေးတယ်။
" အချိန်နည်းနည်းတော့ စောင့်ကြည့် လိုက်ပါဦးမယ်လေ"
နောက်ဆုံးမှာတော့ လီဖူချန်းဟာ နှစ်ပေါင်း အနည်းငယ်လောက် တံခါးပိတ် ကျင့်ကြံပြီး ရလဒ်ကို စောင့်ကြည့်ဖို့ ဆုံးဖြတ် လိုက်ပါတော့တယ်။
အဖွဲ့သုံးဖွဲ့ ခွဲဝေအုပ်ချုပ်ထားတဲ့ အရှေ့ယူနီကွန်း တိုက်ကြီးဟာ အပေါ်ယံမှာတော့ တည်ငြိမ် အေးချမ်း နေတာပါပဲ။ ဒါပေမဲ့ အတွင်းပိုင်းမှာတော့ အတော်လေးကို ပွက်လော ရိုက်နေပါတယ်။
နတ်ဆိုး ၁၀ပါးနယ်မြေ၊ ဂိုဏ်းပေါင်းတစ်ရာ မဟာမိတ် အဖွဲ့နဲ့ မိစ္ဆာတာအို အဖွဲ့အစည်းတွေဟာ လစ်ရင်လစ်သလို တွယ်နေကြတာပါ။ အထူးသဖြင့် မဟူရာကောင်းကင် ဂိုဏ်းရဲ့ အကြွင်းအကျန် နယ်မြေ တည်ရှိရာ တောင်ဖြူ နယ်မြေမှာပေါ့။ ဂိုဏ်းပေါင်းတစ်ရာ မဟာမိတ် အဖွဲ့အစည်းက ပြန်လည် ဝင်စားခြင်းနယ်ပယ် ပညာရှင် ၁၀ယောက်ဟာ တောင်ဖြူ နယ်မြေ အတွင်းမှာတင် အသတ်ခံ လိုက်ရပါသေးတယ်။ လက်သည်ကို မပေါ်ဘဲ သတ်ခံ လိုက်ရတာပါ။ နောက်ထပ် နှစ်တွေမှာတော့ အခြေအနေတွေဟာ ဆိုးသထက် ပိုဆိုး လာပါသေးတယ်။
လီဖူချန်းကတော့ ဒီသတင်းတွေကို လုံးဝ မသိပါဘူး။ သူက နှစ်တွေမှာ လူ့တွေ အားလုံးနဲ့ အဆက်အသွယ် ဖြတ်ပြီး တံခါးပိတ် ကျင့်ကြံနေတာပါ။
" ဟား ...ဟား ...ဟား ... နောက်ဆုံးတော့ ငါ့ရဲ့ လျှို့ဝှက် ကောင်းကင်ဘုံ ဓားဆန္ဒက အရွယ်ရောက်တဲ့ အဆင့်ကို ရောက်သွားပြီကွ ..."
မျောလွင့်ဖုန်မှုန့် တောင်ထိပ်ပေါ်မှာ ရှိနေတဲ့ လီဖူချန်းက အားရပါးရ ရယ်မောနေပါတယ်။
မဆုတ်မနစ် လေ့ကျင့်ပြီးတဲ့နောက်မှာတော့ သူဟာ လျှို့ဝှက် ကောင်းကင်ဘုံ ဓားဆန္ဒဟာ အရွယ် ရောက်သွားခဲ့ပြီ မဟုတ်ပါလား။
" ဘုံခုနစ်ဆင့် ကောင်းကင်ဘုံဓားရဲ့ ချိပ်ပိတ် အစီအရင်တစ်ခုကိုတော့ ဖယ်ရှားလိုက်နိုင်ပြီ ထင်တယ် ..."
လီဖူချန်းတစ်ယောက် ခပ်တိုးတိုး ရေရွတ် လိုက်ပါတယ်။
သူထင်တဲ့ အတိုင်းပါပဲ။ ဘုံခုနစ်ဆင့် ကောင်းကင်ဘုံဓားရဲ့ ချိပ်ပိတ် အစီအရင်တစ်ခုကတော့ ပျောက်ကွယ် သွားခဲ့ပါပြီ။
ဘုံခုနစ်ဆင့် ကောင်းကင်ဘုံဓားရဲ့ ပထမဆုံး ချိပ်ပိတ် အစီအရင်ကို ဖယ်ရှားအပြီးမှာတော့ သည်ဓားဟာ မြေကမ္ဘာအဆင့်နိမ့် ဓားတစ်လက်တော့ ဖြစ်သွား နိုင်လောက်ပါတယ်။ သည်ဓားက ပြန်လည် ဝင်စားခြင်းနယ်ပယ် ပညာရှင်တွေနဲ့ ရင်ဆိုင်ရာမှာ လီဖူချန်း အားကိုးရမယ့် ဓားတစ်လက်ပါပဲ။
လျှို့ဝှက်ကောင်းကင်ဘုံ ဓားဆန္ဒကို နားလည် အသုံးပြုသွား နိုင်တာတောင်မှ လီဖူချန်းဟာ တံခါးပိတ် ကျင့်ကြံနေရာကနေ ထွက်သွားဖို့ မစဉ်းစားသေးပါဘူး။ သူက အခြားသော ပညာရပ်တွေကို အာရုံစူးစိုက်မှု အပြည့်နဲ့ ဆက်လက် လေ့ကျင့်နေပါသေးတယ်။
အချိန်တွေကလည်း တဖြည်းဖြည်း ကုန်လွန်လာခဲ့ပါပြီ။ နောက်ထပ် တစ်ကြိမ် ကျားနဂါးပြိုင်ပွဲ ကျင်းပဖို့ကလည်း သိပ်မလိုတော့ပါဘူး။
သည်တစ်ကြိမ် ကျားနဂါးပြိုင်ပွဲဟာ အရင်အကြိမ်တွေနဲ့ မတူဘဲ တစ်မူ ထူးခြားနေတယ်လို့ သတ်မှတ် နိုင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ သည်တစ်ကြိမ် ကျားနဂါးပြိုင်ပွဲမှာ မိစ္ဆာတာအို အဖွဲ့စည်းတွေရဲ့ ပါရမီရှင်တွေကိုပါ ဝင်ပြိုင်ခွင့် ပေးထားလို့ပါပဲ။
***