အလယ်ပိုင်းကုန်းမြေသို့ ပထမဆုံးခရီး (ခ)
Vol. 22 Ch. 307
ထိုနည်းလမ်းသည် သမာဓိစွမ်းအား အများအပြားကုန်ဆုံးသောကြောင့် သာမန်လူများက ထိုနည်းလမ်းကို အသုံးမပြုချင်ပေ။
ဟန်မူယဲ့၏ကိုယ်ပေါ်ရှိ တောက်ပနေသောရွှေအလင်းနှင့် ဉာဏ်အလင်းရအောင် ကူညီပေးမည်ဖြစ်ကြောင်း ကြားလိုက်ရသောအခါတွင် စွေ့ဟယ်လျန်က စိတ်လှုပ်ရှားစွာခေါင်းညိတ်သည်။
“စိတ်မပူပါနဲ့ စီနီယာအစ်ကို”
ဟန်မူယဲ့က စာအုပ်ဆောင်မှထွက်လာပြီး ဓားစံအိမ်သို့ရောက်သောအခါတွင် လင်းရှန်က သူ့ကို သစ်ကိုင်းစိမ်းတစ်ခု ပေးခဲ့သည်။
“စပါးစိမ်းတောင်ကုန်းကနေ စာရောက်လာပါတယ်”
ဟန်မူယဲ့က သစ်ကိုင်းကို နတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်သည်။
စပါးစိမ်းတောင်ကုန်း၏ ကောင်းကင်ဘုံအဆင့်မိစ္ဆာမူကျင်းက စာပို့လိုက်ခြင်းဖြစ်သည်။ သူတို့၏သဘောတူညီချက်အရ သူ့ကို အလယ်ပိုင်းကုန်းမြေသို့ ခေါ်သွားလိမ့်မည်။
မူကျင်းမှာ စပါးစိမ်းတောင်ကုန်းကို စောင့်ကြပ်ရန်အတွက် တံဆိပ်ရှိပြီး ရှုရှီမြို့သို့ ဆေးပင်များသွားပို့ရန်အတွက် ကောင်းကင်နှင့်မြေကြီး၏အတားအဆီးကို ဖြတ်သန်းခွင့်ရှိသည်။
ဟန်မူယဲ့က မူကျင်းနှင့်အတူ အလယ်ပိုင်းကုန်းမြေသို့သွားရန်အတွက် ဆက်သွယ်ခဲ့သည်။
သူက မူကျင်းနှင့်အတူသွားလျှင် ကိုယ်ပိုင်အထောက်အထားကို အသုံးပြု၍ သွားခြင်းထက် ပိုမိုလုံခြုံလိမ့်မည်။
ဟန်မူယဲ့သည် အနောက်ဘက်နယ်စပ်ကုန်းမြေနှင့် အလယ်ပိုင်းကုန်းမြေအတွက် ကုန်သွယ်ရေးလမ်းကြောင်း ဖွင့်ချင်သည်။
သူက ကိုယ်တိုင်သွားကြည့်ချင်သည်။
“လေ့ကျင့်ရေးမှူးလင်း၊ မနက်ဖြန်ကျရင် တောင်အောက်ဆင်းကျရအောင်”
ဟန်မူယဲ့က သစ်ကိုင်းကိုသိမ်းလိုက်ပြီး ပြောသည်။
လင်းရှန်က ခေါင်းညိတ်သည်။
မည်သည့်နေရာသို့ သွားမည်ဖြစ်ကြောင်း သူမမေးခဲ့ပေ။
ဟန်မူယဲ့က ဓားစံအိမ်၏တတိယထပ်သို့သွားလိုက်ပြီး လက်ထဲတွင်ရှိသော အထောက်အပံ့ပစ္စည်းအမျိုးမျိုးကို စစ်ဆေးကြည့်သည်။ ထို့နောက် သူက ဆေးတချို့ သန့်စင်ခဲ့သည်။
နောက်တစ်နေ့မနက်တွင် ဟန်မူယဲ့နှင့်လင်းရှန်က တောင်အောက်သို့ တိတ်ဆိတ်စွာဆင်းသွားခဲ့သည်။ ထို့နောက် သူတို့က သင်္ဘောပျံကိုစီးနင်း၍ တောင်ခြေမှာရှိသောဈေးသို့ သွားလိုက်သည်။
ခုန်းချောင်တိက ထိုနေရာတွင်စောင့်နေသည်။
“သခင်လေး”
အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသော ခုန်းချောင်တိသည် ကွန်ဖြူးရှပ်ကျင့်ကြံသူတစ်ယောက်နှင့် လုံးဝမတူပေ။ သူက ဦးညွှတ်လိုက်ပြီး ဟန်မူယဲ့ကို ငေးကြည့်နေသည်။
ယခုအချိန်တွင် ဟန်မူယဲ့က ကျောင်းတော်သားဝတ်စုံကို ဝတ်ဆင်၍ လက်ထဲတွင် ခေါက်ယပ်တောင်တစ်ချောင်းကို ကိုင်ထားသည်။
ထို့အပြင် သူ့ကိုယ်ပေါ်တွင် သိပ်သည်းသော သမာဓိစွမ်းအားများ ရှိနေသည်။
သူသည် အနည်းဆုံး အခြေခံအဆင့်ကျောင်းတော်သားတစ်ယောက် ဖြစ်သည်။
“သခင်လေးရဲ့ သမာဓိစွမ်းအားကျင့်ကြံခြင်းက ....”
ဟန်မူယဲ့က ဓားကျင့်ကြံသူတစ်ယောက်ဖြစ်သော်လည်း သမာဓိစွမ်းအားကို ထိုအခြေအနေအထိရောက်အောင် ကျင့်ကြံနိုင်ခဲ့သည်။ သူ့ပါရမီသည် အလွန်ထိတ်လန့်ဖွယ်ကောင်းသည်။
“လောကမှာရှိတဲ့ ကျင့်ကြံခြင်းလမ်းစဉ်တွေက အချင်းချင်းဆက်နွယ်နေတာပဲ”
ဟန်မူယဲ့က ယပ်တောင်ကိုဝှေ့ယမ်းလိုက်ပြီး ပြောသည်။
“အဲဒီစည်းမျဉ်းကိုနားလည်ရင် ကွန်ဖြူးရှပ်တာအိုကျင့်ကြံခြင်းက အများအပြားတိုးတက်လာလိမ့်မယ်”
ယခုအချိန်တွင် ဟန်မူယဲ့သည် ခုန်းချောင်တိ၏ ကွန်ဖြူးရှပ်တာအိုကျင့်ကြံခြင်းကို အကြည့်တစ်ချက်နှင့် မြင်နိုင်သည်။
အထက်တန်းအဆင့် ကျောင်းတော်သား…
ထိုကျင့်ကြံခြင်းသည် လူငယ်များကြားတွင် ထူးချွန်သော်လည်း အစစ်အမှန်ကျွမ်းကျင်သူတစ်ယောက် ဖြစ်မလာသေးပေ။
သူ့ကျင့်ကြံခြင်းသည် ဒေသတစ်ခုမှာပဲ အသုံးဝင်သည်။ ထိုအတိုင်းဆက်သွားနေလျှင် ကျောင်းတော်သားအဆင့်ကို ကျော်လွန်နိုင်မှာမဟုတ်ပေ။
သူ့အခြေခံသည် အားနည်းလွန်းသည်။
သို့သော်လည်း ခုန်းချောင်တိသည် ပါရမီကောင်းသည်။ သူ့ကို လေ့ကျင့်ပေးနိုင်လျှင် အလွန်အသုံးဝင်လိမ့်မည်။
“လမ်းညွှန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်အင်မော်တယ်ဟန်”
ခုန်းချောင်တိက ဟန်မူယဲ့ကိုဦးညွှတ်လိုက်ပြီး အပြုံးတစ်ခုနှင့်အတူ ပြောသည်။
“အံ့ဖွယ်ကိုးပါးဓားဂိုဏ်းရဲ့ အင်မော်တယ်ဟန်လမ်းညွှန်ပေးတာက အခွင့်အရေးတစ်ခုပဲ”
“သခင်လေးရဲ့ဂုဏ်သတင်းက အထွတ်အထိပ်ကိုရောက်နေပြီ”
ဟန်မူယဲ့သည် တိမ်မြုံကမ်းပါးတွင် ရှိနေစဉ်ကတည်းက တခြားလူများကို လမ်းညွှန်ပေးနေခဲ့သည်။
သူက နေမင်းရောင်ဝါနန်းတော်ဟောင်းမှ ပြန်လာသောအချိန်တွင် လမ်းတစ်လျှောက်မှာ စိန်ခေါ်မှုအများအပြားကို ရင်ဆိုင်ခဲ့ရသည်။ သူက တခြားလူများနှင့်တိုက်ခိုက်ပြီး လမ်းညွှန်ချက်များပေးခဲ့သောကြောင့် တစ်ဖက်လူက အကျိုးကျေးဇူးများ ရသွားခဲ့သည်။
အံ့ဖွယ်ကိုးပါးတောင်၏ရှေ့တွင် အင်မော်တယ်ဟန်က သာမန်တပည့်တစ်ယောက်ကို လမ်းညွှန်ပေးလိုက်သောကြောင့် အရှေ့ပင်လယ်၏ လက်ရွေးစင်ဓားကျင့်ကြံသူကို အနိုင်ရခဲ့သည်။
အင်မော်တယ်ဟန်၏ပုံပြင်များက အနောက်ဘက်နယ်စပ်ကုန်းမြေတွင် ပျံ့နှံ့နေသည်။
သင်္ဘောပျံက မြင့်တက်လာပြီး စပါးစိမ်းတောင်ကုန်းသို့ ဦးတည်နေသည်။
လင်းရှန်က သင်္ဘောပျံကို မောင်းနှင်နေပြီး ဟန်မူယဲ့နှင့် ခုန်းချောင်တိက အခန်းထဲတွင် မျက်နှာချင်းဆိုင်ထိုင်နေသည်။
“သခင်လေး၊ အလယ်ပိုင်းကုန်းမြေက ဝိညာဉ်ကျောက်တုံးမိုင်းတွင်းတွေ ကြွယ်ဝတယ်။ အဆင့်မြင့်အရည်အသွေး ဝိညာဉ်ကျောက်တုံးတွေ အများအပြားထုတ်ပေးနိုင်တဲ့အပြင် အထွတ်အထိပ်အရည်အသွေး ဝိညာဉ်ကျောက်တုံးကို ထုတ်ပေးနိုင်တဲ့ မိုင်းတွင်းတွေလည်းရှိတယ်”
ခုန်းချောင်တိက ဟန်မူယဲ့ကိုကြည့်လိုက်ပြီး အလယ်ပိုင်းကုန်းမြေ၏ အသေးစိတ်အချက်အလက်များကို ပြောပြနေသည်။
အလယ်ပိုင်းကုန်းမြေနှင့်ယှဉ်လိုက်လျှင် အနောက်ဘက်နယ်စပ်ကုန်းမြေသည် ကျတ်တီးမြေဖြစ်ပြီး ဝိညာဉ်ကျောက်တုံးများ သိပ်မရှိပေ။
ထို့ကြောင့် အနောက်ဘက်နယ်စပ်ကုန်းမြေတွင် ဝိညာဉ်ကျောက်တုံးသည် တန်ဖိုးမြင့်ပြီး ရတနာများ၏ဈေးနှုန်းသည် အလွန်နိမ့်သည်။
“ဥပမာပြောရရင် သခင်လေးသန့်စင်ထားတဲ့ ထိပ်တန်းအဆင့်အရည်အသွေး အစိမ်းရောင်ဆန်းကြယ်ဆေးလုံးက အလယ်ပိုင်းကုန်းမြေမှာ ဝိညာဉ်ကျောက်တုံးတစ်သန်းတန်တယ်”
ခုန်းချောင်တိက လက်ထဲတွင် ကြည်လင်နေသောဆေးလုံးတစ်လုံးကို ကိုင်ထားပြီး သက်ပြင်းချသည်။
ထိုဆေးလုံးသည် အဌမအဆင့်ဆေးလုံးဖြစ်သည်။ ထိပ်တန်းအဆင့်အရည်အသွေးရှိသော ထိုဆေးလုံးသည် အနောက်ဘက်နယ်စပ်ကုန်းမြေတွင် ဝိညာဉ်ကျောက်တုံး သုံးသိန်းတန်ဖိုးရှိသည်။
အလယ်ပိုင်းကုန်းမြေနှင့် အနောက်ဘက်နယ်စပ်ကုန်းမြေ၏ ဈေးနှုန်းကွာခြားချက်သည် ၆၀%ကျော်နေသည်။
“ဒါပေမဲ့ အလယ်ပိုင်းကုန်းမြေရဲ့ အာခီမီပညာရပ်က အထွတ်အထိပ်ကိုရောက်နေတယ်။ စတုတ္ထအဆင့်ဆေးလုံးကိုဖော်စပ်နိုင်တဲ့ အဆင့်ငါးအာခီမီပညာရှင်တွေ ရှိတယ်။ တတိယအဆင့်ဆေးလုံးကို ဖော်စပ်နိုင်တဲ့ အာခီမီပညာရှင်တချို့လည်း ရှိသေးတယ်”
“သခင်လေးရဲ့ဆေးလုံးတွေက ဈေးကွက်ထဲကိုဝင်နိုင်ဖို့ အဲဒီအာခီမီပညာရှင်တွေနဲ့ ယှဉ်ပြိုင်ရလိမ့်မယ်”
ခုန်းချောင်တိက ဟန်မူယဲ့ကိုကြည့်သည်။
အနောက်ဘက်နယ်စပ်ကုန်းမြေတွင် အာခီမီကျင့်ကြံသူများ ရှားပါးသည်။ ထို့ကြောင့် အာခီမီပညာရှင်များသည် လေးစားခံရပြီး ဆေးလုံးများသည် အမြဲလိုအပ်နေသည်။
တစ်ဖက်တွင် အလယ်ပိုင်းကုန်းမြေ၏ အာခီမီပညာရပ်က တိုးတက်နေပြီး ဆေးလုံးဈေးကွက်သည် အလွန်ကျယ်ပြန့်သည်။
ဟန်မူယဲ့က ဆေးလုံးများကို သန့်စင်ရမည့်အပြင် အာခီမီကျွမ်းကျင်သူများနှင့်လည်း ယှဉ်ပြိုင်ရမည်။
ဥပမာအနေဖြင့် မူရှန်မြို့တွင် အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ သွေးကြောဖွင့်ဆေးလုံးသည် မင်ဟွားတောင်ကြား၏ သွေးကြောဖွင့်ဆေးလုံးကို အနိုင်ရခဲ့သည်။
ထိုအချိန်မှစ၍ အံ့ဖွယ်ကိုးပါးသွေးကြောဖွင့်ဆေးလုံးသည် အနောက်ဘက်နယ်စပ်ကုန်းမြေတွင် အကောင်းဆုံးဖြစ်လာခဲ့သည်။
ကျင့်ကြံခြင်းလောကတွင် မယှဉ်ပြိုင်ရသောအရာ မရှိပေ။
“အလယ်ပိုင်းကုန်းမြေရဲ့ အာခီမီပညာရပ်နဲ့ပတ်သတ်ပြီး ဘာသိထားလဲ”
ဟန်မူယဲ့က လက်ထဲတွင်ရှိသောယပ်တောင်ကို သိမ်းလိုက်ပြီး ခပ်ဟဟရယ်သည်။
“ငါက အရမ်းစိတ်ဝင်စားမိတယ်”
သူသည် ယှဉ်ပြိုင်မည့်လူများ မရှိမှာကို စိုးရိမ်နေခဲ့သည်။
ဟန်မူယဲ့၏မျက်နှာထားကို မြင်လိုက်ရသောအခါတွင် ခုန်းချောင်တိက ခပ်ဟဟရယ်ပြီး ခေါင်းညိတ်သည်။
သူ့သခင်လေး၏ပါရမီနှင့် နားလည်နိုင်စွမ်းသည် လောကတွင် အလွန်ရှားပါးသည်။ ထို့အပြင် သူ့စိတ်နေစိတ်ထားသည် ပြီးပြည့်စုံလုနီးပါးဖြစ်နေသည်။
ကွန်ဖြူးရှပ်တာအိုတွင် ကျင့်ကြံနိုင်ခြင်းအတွက် အံ့အားသင့်နေစရာမလိုတော့ပေ။
အခန်းထဲတွင် ဟန်မူယဲ့က သန့်စင်ထားသောဆေးလုံးနှင့် မူလမီးတောက်ကမ္ဘာ၏ဓားများကိုထုတ်၍ အလယ်ပိုင်းကုန်းမြေတွင် ခြေကုပ်ယူမည့်အကြောင်းကို ဆွေးနွေးနေသည်။
အလယ်ပိုင်းကုန်းမြေ၏ ဝိညာဉ်ကျောက်တုံးများကို ရယူခြင်းသည် စီးပွားရေးကြီးတစ်ခုဖြစ်သည်။
သင်္ဘောပျံက သုံးရက်တိတိပျံသန်းနေပြီး စပါးစိမ်းတောင်ကုန်း၏အပြင်ဘက်သို့ ရောက်လာသည်။ သင်္ဘောထိပ်မှကြည့်လိုက်လျှင် စပါးစိမ်းတောင်ကုန်းတစ်ခုလုံးသည် သဘာဝစွမ်းအင်များဖြင့် ပြည့်နေသည်။ သစ်ပင်များသည် စိမ်းလန်းနေသည်။
“ရှုရှီဒေသရဲ့အုပ်ချုပ်သူက စပါးစိမ်းတောင်ကုန်းကနေ ဆက်ကြေးလိုချင်တာ မထူးဆန်းတော့ပါဘူး။ ဒီသဘာစွမ်းအားတွေနဲ့တင် မရေမတွက်နိုင်လောက်တဲ့ ဝိညာဉ်ဆေးပင်တွေကို ထုတ်ပေးနိုင်တယ်”
ခုန်းချောင်တိက သင်္ဘောကုန်းပတ်ပေါ်တွင်ရပ်နေပြီး အရှေ့တွင်ရှိသောတောအုပ်ကိုကြည့်၍ ပြောလိုက်သည်။
“ဒီလိုမျိုး ရတနာတောင်ကုန်းတစ်ခုက ဘာဖြစ်လို့နာမည်မကြီးခဲ့တာလဲမသိဘူး”
‘ဒီလိုမျိုး သဘာဝစွမ်းအင်တွေနဲ့ပြည့်နေတဲ့နေရာကို ဘယ်ဂိုဏ်းကမှ အပိုင်သိမ်းမထားဘူးလား’
‘အနောက်ဘက်နယ်စပ်ကုန်းမြေက ဘယ်လိုလုပ်ပြီး သဘောကောင်းသွားတာလဲ’
သူ့စကားကို ကြားလိုက်ရသောအခါတွင် လင်းရှန်က တည်ငြိမ်စွာပြောသည်။
“ဒီသဘာဝစွမ်းအင်တွေက စီနီယာအစ်ကိုဟန်ရဲ့ဓားချက်ကြောင့် ကောင်းကင်နဲ့မြေကြီးအတားအဆီး ပျက်စီးသွားတဲ့အတွက် ရောက်လာခဲ့တာ”
‘ဓားချက်ကြောင့် ကောင်းကင်နဲ့မြေကြီးရဲ့အတားအဆီးက ပျက်စီးသွားပြီး အလယ်ပိုင်းကုန်းမြေရဲ့သဘာဝစွမ်းအင်တွေ ရောက်လာတာလား’
ခုန်းချောင်တိက မျက်လုံးပြူးသွားသည်။
‘ငါ့သခင်လေးက ကမ္ဘာအတားအဆီးကို ဖွင့်နိုင်တာလား’ သူတွေးမိသည်။
‘ငါသခင်လေးက ကောင်းကင်နဲ့မြေကြီးရဲ့အတားအဆီးကို ဖွင့်ရဲတာလား’
‘မဟုတ်ဘူး။ ငါ့သခင်လေးက ကောင်းကင်နဲ့မြေကြီးရဲ့အတားအဆီးကိုဖွင့်ပြီး အကောင်းအတိုင်းရှိနေတယ်’
သဘာဝစွမ်းအင်များနှင့်ပြည့်နေသော စိမ်းလန်းသည့်တောအုပ်ကိုကြည့်၍ ခုန်းချောင်တိက ရေရွတ်သည်။
“မျှော်လင့်ထားတဲ့အတိုင်းပဲ နေရာတိုင်းမှာ အခွင့်အရေးတွေရှိနေတယ် ....”
တောင်ကုန်းပေါ်တွင် ခရမ်းရောင်ဆံပင်နှင့် ခရမ်းရောင်မျက်လုံးများရှိသော ထန်ထန်က ပျံသန်းလိုက်ပြီး သင်္ဘောကုန်းပတ်ပေါ်သို့ ရောက်လာသည်။
“အင်မော်တယ်ဟန်”
ထန်ထန်က ပျော်ရွှင်စွာပြုံးလိုက်ပြီး ဟန်မူယဲ့ကိုကြည့်သည်။
“နင့်ကိုကြိုဖို့ အဘွားလန်က ငါ့ကို လွှတ်လိုက်တယ်”
ဟန်မူယဲ့က ပြုံးလိုက်ပြီး ခေါင်းညိတ်သည်။
ထန်ထန်က သင်္ဘောပျံကို မူကျင်း၏ဝိညာဉ်နယ်မြေရှိရာသို့ မိုင်တစ်ထောင်အကွာအထိ လမ်းညွှန်ပေးခဲ့သည်။
သင်္ဘောပျံက ရပ်တန့်သွားပြီး လင်းရှန်က သိမ်းလိုက်သည်။
ခုန်းချောင်တိက ရှေ့တွင် စကားပြောလျက် ရယ်မောနေသော ဟန်မူယဲ့နှင့် ထန်ထန်ကိုကြည့်လိုက်ပြီး လင်းရှန်၏ဘေးသို့ ရောက်သွားသည်။
“အစ်ကိုလင်း၊ သခင်လေးက မိန်းမလိုက်စားတာလား”
လင်းရှန်က ခဏလောက်တွေးကြည့်ပြီး ခေါင်းခါသည်။
“နှမြောစရာပဲ။ သစ်ပင်မိစ္ဆာတွေက ....”
ခုန်းချောင်တိက နောင်တရနေသောမျက်နှာထားဖြင့် ရေရွတ်သည်။
ခဏအကြာတွင် သူတို့က သစ်ပင်မိစ္ဆာများနှင့်ပြည့်နေသော တောင်ကြားထဲသို့ ရောက်လာပြီး မူကျင်းက အပြုံးတစ်ခုနှင့်အတူ ဟန်မူယဲ့ကို ကြိုဆိုလိုက်သည်။
“အင်မော်တယ်ဟန်ရောက်လာမှတော့ ငါက ကောင်းကောင်းဧည့်ခံပေးရမှာပေါ့”
ယခင်တစ်ခေါက် ဟန်မူယဲ့ရောက်လာခဲ့စဉ်က နာမည်မကြီးသေးပေ။
ယခုအချိန်တွင် ဟန်မူယဲ့၏ဂုဏ်သတင်းသည် အနောက်ဘက်နယ်စပ်ကုန်းမြေမှ အဓိကဂိုဏ်းကြီးများ၏ အကြီးအကဲများနှင့် ကွာခြားမှုမရှိတော့ပေ။
မူကျင်းက ဖော်ရွေမှုပြမည်ဖြစ်ကြောင်း ပြောလိုက်သောအခါတွင် ဟန်မူယဲ့သည် နှလုံးခုန်မှားသွားသည်။
မူမိသားစုခေါင်းဆောင်က ဤနေရာတွင် ကောင်းမွန်စွာဆက်ဆံခံရသည်ဟု ပြောခဲ့သည်။
“အကြီးအကဲမူ၊ မူရှန်မြို့ရဲ့ မူမိသားစုခေါင်းဆောင်က ဒီနေရာကို အလည်လာဖူးတယ်လို့ပြောတယ်”
ဟန်မူယဲ့က သိချင်စိတ်များနှင့်အတူ မေးသည်။
ဟန်မူယဲ့၏စကားကြောင့် မူကျင်းက နေရာမှာတင် အေးခဲသွားသည်။ ထို့နောက် နှာမှုတ်လိုက်သည်။
“ဟမ့်၊ နင်တို့ယောင်္ကျားတွေ တစ်ယောက်မှမကောင်းဘူး”
ထိုသို့ဖြင့် သူမက ဖျတ်ခနဲ ပျောက်ကွယ်သွား၏။
‘ဖော်ရွေမှုတွေက ဘယ်ရောက်သွားတာလဲ’
ဟန်မူယဲ့သည် နားမလည်နိုင်ပေ။
ထန်ထန်က ဟန်မူယဲ့ဘေးသို့ ကပ်သွားပြီး တီးတိုးပြောသည်။
ဟန်မူယဲ့က မျက်လုံးပြူးသွားပြီး ရေရွတ်သည်။
“ဖရိုဖရဲတွေဖြစ်နေတာပဲ .... ကျစ်ကျစ်၊ အဲဒီလူအိုကြီးနဲ့ မင်းရဲ့အဘွားလန်က ....”
....
တစ်ညအနားယူပြီး နောက်တစ်နေ့မနက်တွင် မူကျင်းက ဟန်မူယဲ့တို့အဖွဲ့၊ ထန်ထန်နှင့် သစ်ပင်မိစ္ဆာအချို့ကိုခေါ်ယူ၍ ဝိညာဉ်နယ်မြေမှ ထွက်လာခဲ့သည်။
ဟန်မူယဲ့က မနေ့ညတွင် မူကျင်းနှင့် သဘောတူညီချက်တစ်ခုလုပ်ခဲ့သည်။
သူက လိုအပ်နေသော ဝိညာဉ်ဆေးပင်အများအပြားကို ဝယ်ယူခဲ့သည်။
ဤတစ်ကြိမ်တွင် သူက ဝိညာဉ်ကျောက်တုံးတစ်သန်းကို အသုံးပြုခဲ့သည်။