← Chapters

သုံးနှစ်

Vol. 26 Ch. 348

သုံးနှစ်

Vol. 26 Ch. 348

ကြယ်ကံကြမ္မာ တောင်ထိပ်ကတော့ စတင် ဖွင့်လှစ်ခဲ့လေပြီ။

သည်တစ်ခေါက် ကျားနဂါးပြိုင်ပွဲမှာ နံပါတ်၁ ရဖို့အတွက် ထင်ကြေးပေးခံထားရသူ နှစ်ယောက် ရှိနေပါတယ်။  သူတို့ နှစ်ယောက်ကတော့ ရန်ချင်းဟူနဲ့ စုမုယူတို့ပါပဲ။

သူမတို့ နှစ်ယောက်ဟာ လက်ရွေးစင် ပါရမီရှင်တွေ ဖြစ်သလို အရင်တစ်ခေါက် ပြိုင်ပွဲမှာလည်း အဆင့် ကောင်းကောင်း ရခဲ့သူတွေ ဖြစ်ပါတယ်။

ကျန်တဲ့ လက်ရွေးစင် ပါရမီရှင်တွေကတော့ ကောင်းကင်နယ်ပယ် ပညာရှင်တွေ ဖြစ်သွားကြပါပြီ။

လက်ရွေးစင် ပါရမီရှင်တစ်ယောက် အတွက်ကတော့ ကျားနဂါးပြိုင်ပွဲကို  အလွန်ဆုံး ဝင်ပြိုင်နိုင်မှ နှစ်ခေါက်ပါပဲ။  သူတို့အနေနဲ့ ကျားနဂါးပြိုင်ပွဲကို သုံးခေါက် ဝင်ပြိုင်ပြီးမှ  အဆင့်၁ ရရင်တော့ ဘာဂုဏ်သိက္ခာမှ မရှိတော့ပါဘူး။  ဒါက အရှက်ကင်းမဲ့တဲ့ လုပ်ရပ်တစ်ခုပါ။

သည်တစ်ကြိမ်ကတော့ လက်ရွေးစင် ပါရမီရှင်တွေဖြစ်တဲ့ ရန်ချင်းဟူနဲ့ စုမုယူတို့ မှတ်ကျောက်တင် ခံရမယ့် ပွဲဆိုရင်လည်း မမှားပါဘူး။

ဟုတ်ပါတယ်။  ဂိုဏ်းပေါင်း တစ်ရာဘက်မှာ လက်ရွေးစင် ပါရမီရှင်တွေ ရှိနေသလို မိစ္ဆာတာအို အဖွဲ့အစည်း ဘက်မှာလည်း လက်ရွေးစင် ပါရမီရှင်တွေ ရှိနေတာပါပဲ။

မကောင်းဆိုးဝါးလက်သီး ဂိုဏ်းက တစ္ဆေလက်သီး သခင်လေး၊ သွေးဂိုဏ်းက မမြဲခြင်းတရား သွေးသားတော် နဲ့ ကျိယင်ချိုးပိုက်ဂိုဏ်းက မာယာရှင် ယင်မိန်းမပျို တို့ဟာ သည်တစ်ခေါက် ကျားနဂါးပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မှာပါ။

မိစ္ဆာတာအို အဖွဲ့အစည်းမှာ အခြားသော လက်ရွေးစင် ပါရမီရှင်တွေ ရှိနေ သေးပေမယ့်လည်း သူတို့ အားလုံးဟာ ကောင်းကင်နယ်ပယ် ပညာရှင်တွေ ဖြစ်သွားကြပါပြီ။

သည်လိုနဲ့ပဲ ကျားနဂါးပြိုင်ပွဲရဲ့ တစ်ဝက်ကို ရောက်ရှိ လာခဲ့ပါပြီ။

အခုချိန်မှာတော့ ရှုံးပွဲ မရှိသေးတဲ့ ပြိုင်ပွဲဝင် ၅ယောက်သာ ရှိပါတော့တယ်။  သူတို့တွေ ကတော့ စုမုယူ၊ ရန်ချင်းယူ၊ တစ္ဆေလက်သီး သခင်လေး၊ မတည်မြဲခြင်း သွေးသားတော်နဲ့  မာယာရှင် ယင်မိန်းမပျိုတို့ ပါပဲ။  သူတို့၅ယောက်ကတော့ အခြားပြိုင်ပွဲဝင်တွေ ထက်ကို ခေါင်းတစ်လုံး သာနေတာပါ။

ပွဲစဉ် တော်တော်များများကို အနိုင်ယူပြီးတဲ့ အခါမှာတော့ ရန်ချင်းဟူဟာ မမြဲခြင်း သွေးသားတော်နဲ့ ထိပ်တိုက် တွေ့ပါတော့တယ်။

ဆယ်ကွက်  ...

သိုင်းကွက်  ဆယ်ကွက်ပါပဲ။

ရန်ချင်းဟူဟာ  မတည်မြဲခြင်း သွေးသားတော်ကို သိုင်းကွက် ဆယ်ကွက်နဲ့တင် ပြတ်ပြတ် သားသား အနိုင်ယူ လိုက်တာပါ။

အချိန်သုံးနှစ် ကြာသွားပြီးတဲ့ နောက်မှာတော့ ရန်ချင်းဟူဟာ အရင်လို အတွေ့အကြုံမရှိတဲ့ မိန်းမပျိုလေး တစ်ဦး မဟုတ်တော့ပါဘူး။  သူမဟာ သူမရဲ့ မျိုးဆက်ထဲမှာ ပြိုင်ဘက်မရှိ အစွမ်းထက်သူ တစ်ဦး ဖြစ်နေပါပြီ။  သူမရဲ့ လက်ရှိ စွမ်းရည်ဟာ လွန်ခဲ့တဲ့ သုံးနှစ်တုန်းက မရွေ့လျားသော ကြယ်ဘုရင်နဲ့ မကွာခြားလှပါဘူး။

ပါရမီပိုင်းမှာတော့ ရန်ချင်းဟူဟာ လီဖူချန်းကလွဲပြီး ကျန်တဲ့သူ အားလုံးကို ယှဉ်နိုင်ပါတယ်။  တိတိကျကျ ပြောရမယ် ဆိုရင်တော့ဖြင့် ရန်ချင်းဟူရဲ့ ပင်ကိုပါရမီဟာ နဂါးဓားသခင်လေး ချူးယီထက်တောင်မှ မဆိုစလောက်ကလေး သာနေပါသေးတယ်။

ရန်ချင်းဟူနဲ့ တန်းတူ နောက်ထပ် အစွမ်းပြနေသူကတော့ စုမုယူပါပဲ။  သူမကလည်း မာယာရှင် ယင်မိန်းမပျိုကို သိုင်းကွက်ငါးကွက် အတွင်းမှာတင် အနိုင်ယူလိုက်တာပါ။

လွန်ခဲ့တဲ့ သုံးနှစ်ကတည်းက ကျားနဂါးစာရင်းရဲ့ အဆင့်၁၅ နေရာကို ရခဲ့တဲ့ စုမုယူကတော့  စီးတုလေ့ အစွမ်းပြခဲ့သလိုမျိုးကို အစွမ်းထက်နေပါပြီ။

တိုက်ပွဲတွေက တစ်ပွဲပြီး တစ်ပွဲ လျင်မြန်စွာ ပြီးဆုံးသွားခဲ့ပါတယ်။

နောက်ထပ် သိပ်မကြာခင်မှာတော့ ရန်ချင်းဟူဟာ တစ္ဆေ လက်သီး သခင်လေးနဲ့ တိုက်ခိုက်ဖို့ အလှည့်ကျ လာခဲ့ပါပြီ။

တစ္ဆေလက်သီး သခင်လေးကတော့ မတည်မြဲခြင်း သွေးသားတော်နဲ့ မာယာရှင် ယင်မိန်းမပျိူတို့ ထက်ကို အများကြီး အစွမ်းထက်ပါတယ်။  သူတို့နှစ်ယောက်ရဲ့ တိုက်ပွဲကတော့ အကျိတ်အနယ်ပါပဲ။  သိုင်းကွက်ပေါင်း တစ်ထောင်ကျော်မှသာ ရန်ချင်းဟူဟာ တစ္ဆေလက်သီး သခင်လေးကို အနိုင်ယူလိုက် နိုင်ပါတယ်။

" လခွီးပဲကွာ။  ငါ့မျက်နှာကိုသာ ဓားနဲ့ လှီးပစ် လိုက်ချင်တော့တယ်"

တစ္ဆေလက်သီး သခင်လေးကတော့ အကြီးအကျယ် အရှက်ရနေပါပြီ။  သူ့လို  မကောင်းဆိုးဝါး လက်သီးဂိုဏ်းရဲ့ နံပါတ်တစ် လက်ရွေးစင် ပါရမီရှင်က မိန်းမပျိုလေး တစ်ယောက်ကို  ရှုံးသွားခဲ့တာ မဟုတ်ပါလား။

ဒါပေမဲ့  သူ့အနေနဲ့ အချိန်အကြာကြီး ရှက်ချိန် မရလိုက်ပါဘူး။

သူ့ရဲ့ နောက်ထပ် ပြိုင်ဘက်ဟာ  စုမုယူ ဖြစ်နေပါတယ်။

စုမုယူကတော့  တစ္ဆေလက်သီး သခင်လေးကို အနိုင်ယူဖို့ အတွက် အချိန် အကြာကြီး မယူလိုက်ရပါဘူး။  သိုင်းကွက် ၂၀ အတွင်းမှာတင်  တစ္ဆလက်သီး သခင်လေးဟာ  စုမုယူရဲ့ လက်ချက်ကြောင့် လောကကြီးနဲ့ ခေတ္တခဏ အဆက်အသွယ် ပြတ်သွားပါတော့တယ်။

ကျားနဂါးပြိုင်ပွဲရဲ့ နောက်ဆုံးတိုက်ပွဲမှာတော့ စုမုယူနဲ့ ရန်ချင်းဟူတို့ ထိပ်တိုက် တွေ့ကြပါပြီ။  သည်တိုက်ပွဲကတော့ သည်တစ်ကြိမ် ကျားနဂါးပြိုင်ပွဲမှာ အပြင်းထန်ဆုံး တိုက်ပွဲပါပဲ။

ရန်ချင်းဟူက စုမုယူထက် ၂နှစ် ငယ်ပါတယ်။  သူမရဲ့ ပင်ကိုပါရမီက စုမုယူထက် သာနေပေမယ့်လည်း  ၂နှစ် လေ့ကျင့်ချိန် ပိုကြာခဲ့တဲ့ စုမုယူရဲ့ ခွန်အားဟာ  အလှပြသက်သက် မဟုတ်ခဲ့ပါဘူး။

သူတို့နှစ်ယောက်ရဲ့ တိုက်ပွဲမှာတော့ စုမုယူဟာ အနိုင် ရရှိသွားခဲ့ပါတယ်။

ကျားနဂါးပြိုင်ပွဲရဲ့ ထိပ်ဆုံး၅ယောက် ရလဒ်ကတော့

၁။  စုမုယူ

၂။  ရန်ချင်းဟူ

၃။ တစ္ဆေလက်သီး သခင်လေး

၄။ မတည်မြဲခြင်း သွေးသားတော်

၅။  မာယာရှင် ယင်မိန်းမပျို   ဆိုပြီး ထွက်လာခဲ့ပါပြီ။

စုမုယူကတော့ ကျားနဂါးပြိုင်ပွဲရဲ့ နံပါတ်၁ ကြယ်ဘုရင်မ ဖြစ်သွားတဲ့ အတွက် သိပ်ပြီးတော့လည်း စိတ်လှုပ်ရှားနေခြင်း မရှိပါဘူး။  သူမရဲ့ စွမ်းဆောင်မှုတွေက လီဖူချန်းနဲ့ ယှဉ်လိုက်ရင်တော့ အသေးအဖွဲလေးပင် မဟုတ်ပါလား။

ပြိုင်ပွဲပြီးပြီ ဆိုတာနဲ့ တစ်ပြိုင်နက် စုမုယူဟာ အဆင့်တက်ဖို့ အတွက် လုပ်ဆောင် ပါတော့တယ်။  သူမဟာ လွန်ခဲ့တဲ့ နှစ်ဝက်လောက် ကတည်းက ကောင်းကင်နယ်ပယ် ထဲသို့ ချိုးဖောက်ဝင်ရောက် နိုင်စွမ်း ရှိနေပါပြီ။  ဒါပေမဲ့ သူမက ကျားနဂါး ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ချင် သေးတဲ့အတွက် အဆင့်မတက်ဘဲ နေခဲ့တာပါ။

ကောင်းကင်နယ်ပယ်  အဆင့်၁...

ကောင်းကင်နယ်ပယ် အဆင့်၂...

ကောင်းကင်နယ်ပယ် အဆင့်၃...

စုမုယူဟာ တစ်ထိုင်တည်းနဲ့ ကောင်းကင်နယ်ပယ် အဆင့်၃အထိ ချိုးဖောက် ဝင်ရောက် သွားခဲ့ပါပြီ။

" လီဖူချန်း ...  နင်ဘယ်လောက် အထိ အစွမ်း ထက်နေပြီလဲ ... "

စုမုယူက စိတ်ထဲကနေ ပြောနေမိပါတယ်။

ရန်ချင်းဟူကတော့ လူကြားထဲမှာ အဆင့်တက်ဖို့ အတွက် မစဉ်းစား ထားခဲ့ပါဘူး။

သူမကလည်း လွန်ခဲ့တဲ့ တစ်လတည်းက အဆင့်တက်မယ်ဆိုရင် တက်လို့ ရနေပါပြီ။

ဒါပေမဲ့ သူမက လူကြားထဲမှာ အဆင့်တက်လို့ မရတဲ့ အခြေအနေမှာ ရှိနေပါတယ်။  သူမရဲ့ အဆင့်တက်မှု ဖြစ်စဉ်ဟာ  ဘယ်လောက်အထိ ကြောက်စရာ ကောင်းမလည်း ဆိုတာကို သူမ ကိုယ်တိုင်လည်း မသိပါဘူး။

သူမရဲ့ ခန္ဓာကိုယ်အတွင်းမှာ အမျိုးအမည်မသိတဲ့ အရာတစ်ခု ရှိနေတယ် ဆိုတာကိုတော့ သူမ တစ်ယောက်တည်းသာ သိတာပါ။  အမှန်အတိုင်း ပြောရမယ် ဆိုရင်တော့ သူမ သာ ဆန္ဒရှိမယ်ဆိုရင် ကျားနဂါး ပြိုင်ပွဲရဲ့ နံပါတ်တစ် နေရာကိုတောင် အလွယ်တကူ ရယူနိုင်စွမ်း ရှိပါတယ်။  ဒါပေမဲ့လည်း ရန်ချင်းဟူဟာ နံပါတ်တစ်နေရာ ရဖို့ကို ရည်ရွယ်ထားခြင်း မရှိခဲ့ပါဘူး။

" အဲသည်အရာက နှိုးထလာပြန်ပြီလား ...။  ဘာတွေ ဖြစ်နေတာလဲ ... "

ရန်ချင်းဟူက တစ်ယောက်တည်း တွေးနေမိပါတယ်။

******

နွေ ... မိုး ... ဆောင်း ...  ဥတုသုံးပါးကတော့ အလီလီ ပြောင်းသွားခဲ့ပါပြီ။   အချိန်သုံးနှစ် ဆိုတာကလည်း   ခဏလေးလိုပါပဲ။

- မျောလွင့်ဖုန်မှုန့် တောင်ထိပ် -

တောင်ထိပ်ပေါ်မှာ တဖွဲဖွဲ ကျနေတဲ့ နှင်းပွင့် ဖြူဖြူလေးတွေကတော့ မျောလွင့်ဖုန်မှုန့် တောင်ထိပ်နဲ့ ပနံ ရလွန်းပါတယ်။

ကျွီ ... …

တံခါးဖွင့်သံ တစ်ခုနဲ့အတူ လူရိပ်တစ်ရိပ်ဟာ မျောလွင့်ဖုန်မှုန့် ခန်းမထဲကနေ ထွက်လာခဲ့ပါပြီ။  သူကတော့ လီဖူချန်းပါပဲ။

" သုံးနှစ်တောင် ရှိသွားပြီလား ... "

လီဖူချန်းက နှင်းပွင့်တွေ ကြားထဲမှာ ရပ်နေရင်းနဲ့ ခပ်တိုးတိုး ရေရွတ်လိုက်ပါတယ်။

လျှို့ဝှက်ကောင်းကင်ဘုံ ဓားဆန္ဒရဲ့ အရွယ်ရောက်တဲ့ အဆင့်ကို ရောက်ခဲ့ပြီးတာက သုံးနှစ်တောင် ကြာခဲ့ပါပြီ။  သည်သုံးနှစ် အတွင်းမှာတော့ လီဖူချန်းဟာ ပညာရပ်ပေါင်းစုံမှာ တိုးတက် လာခဲ့ပါတယ်။

ပထမဆုံးကတော့ အစစ်အမှန် ငရဲမီးတောက် အတွင်းအား ကျင့်စဉ်ပါ။

သူ့ရဲ့ ထက်မြက်လွန်းတဲ့ ထိုးထွင်းသိမြင်မှုနဲ့ ကြောက်စရာ ကောင်းလွန်းတဲ့ လေ့ကျင့်နှုန်းကြောင့် ငရဲမီးတောက် အတွင်းအား ကျင့်စဉ်ဟာ အဆင့်၁၉ကနေ အဆင့်၂၁အထိ ရောက်သွားခဲ့ပါပြီ။

အဆင့်၂၁ ဆိုတာက ဆန်းကြယ် အဆင့်မြင့် အတွင်းအား ကျင့်စဉ်တွေ အတွက်ကတော့ အမြင့်ဆုံး အဆင့်ပါပဲ။  အဲသည်အတွက် လီဖူချန်းဟာ ငရဲမီးတောက် အတွင်းအားဆန္ဒကို နားလည် အသုံးပြုနိုင်စွမ်း ရှိနေပါပြီ။

လီဖူချန်းအနေနဲ့ သည်ငရဲမီးတောက် အတွင်းအား ဆန္ဒတစ်ခုတည်းနဲ့တောင်မှ ပြန်လည် ဝင်စားခြင်းနယ်ပယ် အဆင့်၁ ပညာရှင်ကို ယှဉ်ပြိုင်နိုင်ပါတယ်။

ပြီးတော့ လီဖူချန်းရဲ့ ကျင့်ကြံမှု အဆင့် ... …။

လီဖူချန်းရဲ့ ကျင့်ကြံမှု အဆင့်ကတော့ တကယ်ကို ကြောက်ခမန်း လိလိပါပဲ။  သူက ကောင်းကယ် နယ်ပယ် အဆင့်၈ ပညာရှင်တောင် ဖြစ်နေခဲ့ပါပြီ။  သုံးနှစ်အတွင်းမှာပဲ သူ့ရဲ့ ကျင့်ကြံမှု အဆင့်က သုံးဆင့်တိတိ တိုးတက်သွားခဲ့တာပါ။

သူ့ရဲ့ ကျင့်ကြံမှု အခုလို ကြောက်စရာ ကောင်းလောက်အောင် မြန်ဆန်နေတာက အကြောင်းအရင်းနှစ်ခု ရှိပါတယ်။

ပထမတစ်ခုကတော့  သူ့ရဲ့ အစစ်အမှန် ငရဲမီးတောက် အတွင်းအား ကျင့်စဉ်ပါပဲ။   အစစ်အမှန် ငရဲမီးတောက် အတွင်းအားတွေက သူ့ရဲ့ ကျင့်ကြံမှုကို အတော်လေး အထောက်အကူ  ပြုခဲ့ပါတယ်။

ဒုတိယ တစ်ခုကတော့ သူ့ရဲ့ အစစ်အမှန် နဂါးအမှတ်အသားပါပဲ။  သည်အစစ်အမှန် နဂါး အမှတ်အသားက လီဖူချန်းရဲ့ ကျင့်ကြံမှုတွေကို တစ်ဝက်မက သက်သာ စေခဲ့ပါတယ်။

ပြီးတော့ သူ့ရဲ့ ငရဲမီး ဓားဆန္ဒကလည်း အရွယ်ရောက်တဲ့ အဆင့်ကို ရောက်သွားခဲ့ပါပြီ။

ကြယ်၅ပွင့် လျှို့ဝှက်နည်းစနစ်တွေဖြစ်တဲ့  သွေးအရိပ်နဲ့ မူလဘူတဓားကလည်း အလုံးစုံ တတ်သိနားလည်ခြင်း အဆင့်မှာပါပဲ။

လီဖူချန်းရဲ့ ဆင်နဂါးခန္ဓာကိုယ် သွန်းလောင်းခြင်း ပညာရပ်ရဲ့ စတုတ္ထအခန်းကလွဲပြီး ကျန်တဲ့ ပညာရပ်တွေ အားလုံးဟာ တိုးတက်လာခဲ့တာပါ။

လီဖူချန်းအနေနဲ့ ဆင်နဂါးခန္ဓာကိုယ် သွန်းလောင်းခြင်း ပညာရပ် စတုတ္ထအခန်းရဲ့  အလုံးစုံ တတ်သိနားလည်ခြင်း အဆင့်ကို ရောက်ချင်ရင်တော့ အဆင့်၅ မိစ္ဆာသားရဲ သွေးအဆီအနှစ်တွေကို  လိုအပ်ပါတယ်။

ကျင့်ကြံခြင်း အဆင့်ကလွဲပြီး လီဖူချန်းရဲ့ အခြားသော ပညာရပ်တွေဟာ ပြန်လည် ဝင်စားခြင်းနယ်ပယ် ပညာရှင်တွေနဲ့ ယှဉ်လို့ ရနေပါပြီ။

" ငါက သည်နှစ်ဆိုရင် အသက်၂၅နှစ်တောင် ပြည့်တော့မယ်။ ငါ့အနေနဲ့  နောက်ထပ် နှစ်အနည်းငယ် အတွင်းမှာ ကောင်းကင်နယ်ပယ် အထွတ်အထိပ် အဆင့်ကို ရောက်မှ ဖြစ်မှာ။  ပြန်လည် ဝင်စားခြင်းနယ်ပယ်ကိုတော့ နောက်မှ စဉ်းစားရမှာပဲ ... "

လီဖူချန်းက သူ့ရဲ့ အနာဂတ်ကို တွေးနေမိပါတယ်။

အစစ်အမှန် နဂါးအမှတ်အသားက  သူ့ရဲ့ ကျင့်ကြံမှုနှုန်းတွေကို ပိုမြန်စေတာတော့ အမှန်ပါပဲ။  ဒါပေမဲ့ ပြန်လည် ဝင်စားခြင်း နယ်ပယ်ကို ချိုးဖောက် ဝင်ရောက်ဖို့ အတွက်ကတော့ ကိုယ်တိုင် ကြိုးစားမှပဲ ရမှာ ဖြစ်ပါတယ်။

အစောပိုင်း နယ်ပယ်တွေ တုန်းကတော့ လီဖူချန်းဟာ သူ့ရဲ့ အတွင်းအား ကျင့်စဉ် အဆင့်တွေနဲ့ အရိုး တည်ဆောက်ပုံ အားနည်းချက်ကို ဖာထေးခဲ့တာပါ။ ဒါပေမဲ့ နောက်ပိုင်း နယ်ပယ်တွေမှာတော့ ကြယ်၁ပွင့် အရိုးတည်ဆောက်ပုံနဲ့ ကြယ်၅ပွင့်၊ ကြယ်၆ပွင့် အရိုး တည်ဆောက်ပုံ ကြားက ကွာဟချက်တွေက အရမ်း ကြီးမားလာခဲ့ပါပြီ။  သူ့အနေနဲ့ သည်ကွာဟချက်ကို အစားထိုးဖို့အတွက် မြေကမ္ဘာအဆင့် အတွင်းအား ကျင့်စဉ်တွေကို လေ့ကျင့်နိုင်မှ ဖြစ်နိုင်ပါတော့မယ်။

" ငါကံစမ်းဖို့ အချိန်ရောက်ပြီနဲ့ တူတယ် ... "

လီဖူချန်းဟာ သည်ပြသနာကို ဖြေရှင်းဖို့အတွက်  အစောကြီးကတည်းက အဖြေရှာထား ပြီးခဲ့ပါပြီ။

အဲဒါကတော့ မဟူရာ ကောင်းကင်ဂိုဏ်းရဲ့ အကြွင်းအကျန် နယ်မြေ ပါပဲ။

မဟူရာကောင်းကင်ဂိုဏ်းရဲ့ အကြွင်းအကျန် နယ်မြေ ပေါ်ထွက်လာတာဟာ နှစ်ပေါင်း မနည်းတော့ပါဘူး။  လူတော်တော် များများဟာလည်း ရတနာတွေနဲ့ သိုင်းကျမ်းတွေကို ရှာဖွေတွေ့ရှိ ခဲ့ကြပါတယ်။

ခရမ်းရောင် ဆေဘာဂိုဏ်းရဲ့ အကြီးအကဲ ခေါင်ချုပ် ဟီဆန်းဟူတောင်မှ မဟူရာကောင်းကင် ဂိုဏ်းရဲ့ အကြွင်းအကျန် နယ်မြေကနေပြီး သန္ဓေတည် မှော်ဆေးရည်တစ်ပုလင်း ရှာတွေ့တဲ့အတွက် ပြန်လည်ဝင်စားခြင်းနယ်ပယ် ပညာရှင် ဖြစ်သွားခဲ့ပါပြီ။

အကြီးအကဲခေါင်ချုပ် ဇောင်ဝူကျင်းကတော့ အဲသည်ကိစ္စကို ကြားပြီး အတော်လေး မနာလို ဖြစ်နေပါတယ်။

ဒါပေမဲ့ လီဖူချန်းကတော့ သန္ဓေတည် မှော်ဆေးရည်ကို လုံးဝ စိတ်မဝင်စားပါဘူး။

သန္ဓေတည်မှော်ဆေးရည်က မီးစာကုန် ဆီခမ်းနေတဲ့ သက်ကြားအိုကြီးတွေ အတွက် ဆေးမြီးတိုပါ။  အဲဒါက အနာဂတ် ကျင့်ကြံခြင်းကို ဆိုးဆိုးဝါးဝါး ထိခိုက်စေပါတယ်။

သူက အဆင့်မြင့် မှော်ဆေးရည်ဖြစ်တဲ့ ပြန်လည်မွေးဖွားခြင်း မှော်ဆေးရည်နဲ့ မြေကမ္ဘာအဆင့် သိုင်းကျမ်းတွေကိုသာ စိတ်ဝင်စားတာပါ။

ထို့နောက်မှာတော့ လီဖူချန်းဟာ သူ့ရဲ့ အကြံအစည်ကို အကောင်အထည် ဖော်ဖို့အတွက်  တောင်ဖြူ နယ်မြေကို ထွက်လာခဲ့ပါပြီ။  သည်တစ်ကြိမ်မှာတော့ သူက မိုးပြာရောင်ဂိုဏ်းကို ခွင့်မတောင်းဘဲနဲ့ ခိုးထွက် လာခဲ့တာပါ။  အဲသည်အတွက် သူက မျက်နှာဖုံး တစ်ခုကိုတောင် စွပ်ထား ပါသေးတယ်။

ကောင်းကင်နယ်ပယ် အဆင့်၈ ပညာရှင် ဖြစ်နေပြီဖြစ်တဲ့ လီဖူချန်းရဲ့ ပျံသန်းနှုန်းဟာ အဆင့်၄ အဆင့်မြင့် ဝေဟင်မိစ္ဆာသားရဲတွေရဲ့  ပျံသန်းနှုန်းနဲ့ သိပ်မကွာလှပါဘူး။  သူက တစ်ပတ် အတွင်းမှာပဲ တောင်ဖြူ နယ်မြေကို ရောက်ရှိလာခဲ့ပါတယ်။

တောင်ဖြူနယ်မြေက တစ်ချိန်တုန်းကတော့ လူသားတွေ အပိုင်စား ရခဲ့တဲ့ နယ်မြေ တစ်ခုပါပဲ။  ဒါပေမဲ့ ယခုလက်ရှိမှာတော့ အုပ်ချုပ်သူ မရှိတဲ့ နယ်မြေကြီးတစ်ခု ဖြစ်နေခဲ့ပါပြီ။  လမ်းတစ်လျှောက် မှာတော့ လီဖူချန်းဟာ လူသူကင်းမဲ့ နေတဲ့ မြို့ပျက်ကြီးတွေနဲ့ သရဲ၊ တစ္ဆေတွေ ကျင်လည် ကျက်စားနေတဲ့  မြို့ပျက်ကြီးတွေကို  တွေ့မြင်ခဲ့ရပါတယ်။

နောက်ထပ် နေ့တစ်ဝက်လောက် အကြာမှာတော့ လီဖူချန်းဟာ ရှေးဟောင်း အပျက်အစီး နယ်မြေကို ရောက်ရှိလာခဲ့ပါပြီ။  သည်နေရာမှာတော့ မဟူရာကောင်းကင်ဂိုဏ်းရဲ့ အကြွင်းအကျန် နယ်မြေထဲသို့ ဝင်လို့ရတဲ့ တွင်းနက်ကြီး  ရှိနေပါတယ်။

ညည့်နက် သန်းခေါင်ယံအချိန် ... …

ဖတ်  ... ဖတ် ...

လူရိပ်တစ်ရိပ်ဟာ တွင်းနက်ကြီးရဲ့ အောက်ခြေကို ဆင်းသက် လာခဲ့ပါပြီ။  ထိုလူရိပ်ကတော့ လီဖူချန်းပါပဲ။

"  ဒါက မဟူရာ ကောင်းကင်ဂိုဏ်းရဲ့ အကြွင်းအကျန် နယ်မြေလား ... "

လီဖူချန်းက  ဆောက်လက်စ အဆောက်အဦတွေကို ကြည့်ပြီး စဉ်းစားခန်း ဝင်နေမိပါတယ်။

သည်နယ်မြေဟာ  ပျောက်ဆုံးနေခဲ့တာ နှစ်ပေါင်း နှစ်ထောင်မက ရှိနေခဲ့ပါပြီ။  ဒါပေမဲ့ သည်အဆောက်အဦ တွေကတော့ နဂိုမူလအတိုင်း ရှိနေဆဲပါပဲ။  သည်အချက်ကို ကြည့်လိုက်တာနဲ့ အကြွင်းအကျန် နယ်မြေအောက်မှာ ရှိနေတဲ့ ဝင်္ကပါ အစီအရင်ရဲ့ အစွမ်းထက်ပုံကို ခန့်မှန်းသိရှိ နိုင်ပါတယ်။

ထို့နောက်မှာတော့ လီဖူချန်းဟာ မဟူရာ ကောင်းကင်ဂိုဏ်းရဲ့ အထိမ်းအမှတ် ကျောက်တိုင်ကို ကျော်ဖြတ်ပြီး  အတွင်းထဲသို့ ဝင်သွားခဲ့ပါပြီ။

" ဟိုမှာ ကြည့်စမ်းဟေ့ ...။  အဲဒါက လူသားတစ်ယောက် မဟုတ်ဘူးလား ... "

" ကောင်းကင်နယ်ပယ် ပညာရှင် တစ်ယောက်က မဟူရာ ကောင်းကင်ဂိုဏ်းရဲ့ အကြွင်းအကျန် နယ်မြေထဲကို တစ်ယောက်တည်း ဝင်လာရဲတယ်။  သည်ကောင်က အသက်ရှင် နေရတာကို  ငြီးငွေ့နေတာပဲ ... …"

အဆင့်၄ မိစ္ဆာတစ်ကောင်နဲ့ အဆင့်၄ အထွတ်အထိပ်အဆင့် မိစ္ဆာသားရဲ တစ်ကောင်တို့က  လီဖူချန်းကို သတိပြုမိ သွားပုံပါပဲ။  သူတို့နှစ်ကောင်က  သတ်ဖြတ်ခြင်း အငွေ့အသက်တွေ ထုတ်ဖော်ပြီး လီဖူချန်းဆီကို   လျှောက်လှမ်း လာခဲ့ပါပြီ။

နတ်ဆိုး ၁၀ပါးနယ်မြေနဲ့ ဂိုဏ်းပေါင်း တစ်ရာဟာ အပေါ်ယံမှာ ငြိမ်းချမ်းရေး ရယူ ထားပေးမယ့်လည်း အတွင်းပိုင်းမှာတော့ ဦးတဲ့သူက ဆော်နေကြတာပါပဲ။

" သေစမ်း ...  လူသားကောင် ... "

လက်သီးနှစ်လုံးက လီဖူချန်းဆီကို တိုးဝင် လာခဲ့ပါပြီ။

" ထွီ "

" မင်းတို့ အဆင့်နဲ့ကွာ ...  "

ဘန်း ... ဘန်း ...

ရွှမ်း ... ရွှမ်း ...

ဘယ်ကနေ ဘယ်လို  ဖြစ်သွားမှန်းတောင် မသိပါဘူး။

အဆင့်၄ မိစ္ဆာနဲ့ အဆင့်၄ အထွတ်အထိပ်အဆင့် မိစ္ဆာသားရဲကတော့ လွင့်ထွက် သွားပါတော့တယ်။

လီဖူချန်းရဲ့ အနောက်မှာတော့ ကြက်သွေးရောင် အရိပ်ကြီးတစ်ခုက ဖြစ်တည်နေခဲ့ပါပြီ။

လီဖူချန်းရဲ့ ဓားချက်မိသွားတဲ့ အဆင့်၄ မိစ္ဆာနဲ့ အဆင့်၄ အထွတ်အထိပ် အဆင့် မိစ္ဆာသားရဲကတော့  တုတ်တုတ်မျှ မလှုပ်တော့ပါဘူး။

ရှဲ ... ရှဲ ...

၄စက္ကန့်လောက် အကြာမှာတော့ အဆင့်၄ မိစ္ဆာနဲ့  အဆင့်၄ အထွတ်အထိပ် အဆင့် မိစ္ဆာသားရဲဟာ ပြာပုံဘဝကို ပြောင်းသွား ပါတော့တယ်။  လီဖူချန်းရဲ့ ဓားသိုင်းဟာ တကယ့်ကို ကြောက်စရာ ကောင်းနေပြီ ဆိုတာကတော့ အသိသာကြီးပါပဲ။

***

All Chapters