← Chapters

ပြန်လည်ဝင်စားခြင်း နယ်ပယ်ပညာရှင်နဲ့ ပထမဦးဆုံး အကြိမ် တိုက်ခိုက်ခြင်း

Vol. 26 Ch. 349

ပြန်လည်ဝင်စားခြင်း နယ်ပယ်ပညာရှင်နဲ့ ပထမဦးဆုံး အကြိမ် တိုက်ခိုက်ခြင်း

Vol. 26 Ch. 349

အဆင့်၄ မိစ္ဆာနဲ့ အဆင့်၄ အထွတ်အထိပ်အဆင့် မိစ္ဆာသားရဲကို သတ်ဖြတ်ပြီးတဲ့ အခါမှာတော့ လီဖူချန်းဟာ မဟူရာ ကောင်းကင်ဂိုဏ်းရဲ့ အပြင်စည်း နယ်နိမိတ်ကို ရောက်ရှိလာခဲ့ပါတယ်။

ဂိုဏ်းတစ်ခုရဲ့ အကြွင်းအကျန် နယ်မြေကိုလည်း အပြင်စည်း၊ အတွင်းစည်း၊ တိုက်ရိုက် တပည့်စည်းနဲ့ ပင်မစည်း ဆိုပြီး နယ်နိမိတ် လေးခု ခွဲခြားထားတာပါပဲ။

သာမန်ဂိုဏ်းတွေ ဆိုရင်တော့ အပြင်စည်း နယ်နိမိတ်မှာ တန်ဖိုးရှိတဲ့ ပစ္စည်းတွေ ရှိနေမှာ မဟုတ်ပါဘူး။   ဒါပေမဲ့  မဟူရာ ကောင်းကင် ဂိုဏ်းကတော့ ခြားနားပါတယ်။  ရှေးဟောင်း မှတ်တမ်းတွေမှာ ဖော်ပြ ထားတာကတော့  မဟူရာ ကောင်းကင် ဂိုဏ်းရဲ့ အပြင်စည်း အကြီးအကဲတွေဟာ ပြန်လည် ဝင်စားခြင်းနယ်ပယ် အဆင့်နိမ့် ပညာရှင်တွေပါတဲ့။

"  နေရာက အကျယ်ကြီးပါလား ... "

မဟူရာ ကောင်းကင်ဂိုဏ်းရဲ့ အပြင်စည်း နယ်နိမိတ်ဟာ လီဖူချန်း ထင်ထားတာထက် တောင်မှ  ပိုကျယ် နေပါသေးတယ်။  သည်နေရာမှာ ဆိုရင် တောင်တွေ၊နဲ့ မြစ်တွေတောင်မှ ရှိနေတာပါ။  ကြီးကျယ် ခမ်းနားလှတဲ့ အဆောက်အဦကြီးတွေ၊ ထည်ဝါလှတဲ့ ခန်းမဆောင်တွေနဲ့  သိုင်းစင်မြင့်တွေဟာလည်း အကောင်းပကတိ အတိုင်း ရှိနေဆဲပါပဲ။  သည်အပြင်စည်း နယ်နိမိတ်ဟာ မိုးပြာရောင်ဂိုဏ်း တစ်ခုလုံး ထက်တောင်မှ ကျယ်ပါတယ်။

ဒါပေမဲ့ သေသေချာချာ စဉ်းစားကြည့်မယ် ဆိုရင်တော့လည်း ဒါဟာ အထူးအဆန်းတော့ မဟုတ်ပါဘူး။  မိုးပြာရောင်ဂိုဏ်းမှာ အပြင်စည်း တပည့်ပေါင်း တစ်သောင်းကျော်သာ ရှိတာပါ။  မဟူရာကောင်းကင် ဂိုဏ်းရဲ့ အပြင်စည်း တပည့်တွေကတော့ သိန်း၊သန်းနဲ့ ချီပြီး ရှိနေတာ မဟုတ်ပါလား။

မဟူရာ ကောင်းကင်ဂိုဏ်းရဲ့ အပြင်စည်း တပည့် ဖြစ်ချင်တဲ့သူဟာ  အနည်းဆုံးတော့ စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ်ကို ရောက်နေဖို့ လိုအပ်ပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း၂၀၀၀တုန်းက ဆိုရင် အရှေ့ယူနီကွန်းတိုက်ကြီးရဲ့ ကောင်းကင်နဲ့ မြေကြီး စွမ်းအားတွေဟာ အခုလို ပါးလျနေခြင်း မရှိပါဘူး။  အရင်းအမြစ် တွေကလည်း ပေါကြွယ်ဝ လွန်းပါတယ်။  အဆင့်မြင့် သိုင်းကျမ်းတွေကိုပါ ထပ်ပေါင်းလိုက်တဲ့ အခါမှာတော့ အဲသည်ခေတ်က ပညာရှင်တွေဟာ အလွယ်တကူပဲ ကျင့်ကြံ နိုင်ကြပါတယ်။ ဒါကြောင့်လည်း မဟူရာ ကောင်းကင် ဂိုဏ်းဟာ သူတို့ရဲ့ အပြင်စည်း တပည့်တွေကို အနည်းဆုံး စိတ်တန်ခိုးဖွဲ့စည်းခြင်း နယ်ပယ်ရောက်မှ လက်ခံခဲ့ပုံပါပဲ။

အပြင်စည်းနယ်နိမိတ်ရဲ့ ဝင်္ကပါအစီအရင်တွေ အားလုံးနီးပါးကတော့ ပျက်စီး နေခဲ့ပါပြီ။  အချို့ကတော့ ခွန်အားကြီး သက်သက်နဲ့ ဖျက်ဆီး ခံထားရသလို အချို့ကတော့ စနစ်တကျ ဖျက်ဆီး ခံထားရပါတယ်။

အပြင်စည်း အကြီးအကဲတွေရဲ့ ဂေဟာ အတွင်းပိုင်းတွေကတော့ ရစရာကို မရှိတော့ပါဘူး။  တန်ဖိုးရှိမယ် ထင်ရတဲ့ အရာအားလုံးကို ယူဆောင် သွားကြတာပါ။  ဒါက ဓားပြတွေ ရွာတစ်ရွာကို ဝင်စီးတာနဲ့ သိပ်ပြီး မကွာခြားလှပါဘူး။

အပြင်စည်းဂိုဏ်းရဲ့ သိုင်းကျမ်းဆောင် ဆိုရင် ပိုလို့တောင် အခြေအနေ ဆိုးပါသေးတယ်။  သိုင်းကျမ်းဆိုလို့ အစအနတောင် မမြင်ရတဲ့အပြင် သိုင်းကျမ်းစင်တွေပါ မရှိတော့တဲ့အထိ ပြောင်တလင်း ခါနေပါပြီ။

" နင့်မေကလွှား ...  သည်လောက်အထိ လောဘကြီးတဲ့ကောင်တွေက ဘယ်ခွေးမျိုးတွေလဲ ... "

လီဖူချန်းက အားရပါးရ ဆဲရေးတိုင်းထွာ လိုက်ပါတယ်။

သည်အရာတွေကို  မြင်ပြီးတဲ့ နောက်မှာတော့ လီဖူချန်းဟာ အပြင်စည်း အရင်းအမြစ်ခန်းမ အပေါ်မှာလည်း မျှော်လင့်ချက် မထားတော့ပါဘူး။  အရင်းအမြစ် ခန်းမမှာရှိတဲ့ တန်ဖိုးရှိတဲ့ အရာမှန်သမျှကိုလည်း လက်ဦးသူတွေက ယူသွားပြီးလောက်ပါပြီ။

" လခွီးတဲ့မှပဲ ... သည်အပြင်စည်း နယ်နိမိတ်ထဲမှာတော့ ဘာမှ ကျန်တော့မှာ မဟုတ်ဘူး  ...။  အတွင်းစည်း နယ်နိမိတ်ထဲမှာ တစ်ချက်လောက် သွားကြည့်တာက ပိုကောင်းဦးမယ်  ... "

လီဖူချန်းက အပြင်စည်း နယ်နိမိတ် အတွင်းမှာ ရက်အနည်းငယ်လောက် အချိန်ယူပြီး ရှာဖွေခဲ့တာတောင်မှ ဘာမှ မရခဲ့ပါဘူး။  နောက်ဆုံးမှာတော့ သူဟာ အတွင်းစည်း နယ်နိမိတ်ထဲကို ဝင်ဖို့ ဆုံးဖြတ် လိုက်ပါတော့တယ်။

အတွင်းစည်း နယ်မြေကတော့ အတွင်းစည်း အကြီးအကဲတွေနဲ့ အတွင်းစည်း တပည့်တွေ နေထိုင်တဲ့ နေရာပါ။  သည်နေရာမှာ နေထိုင်တဲ့ အတွင်းစည်း အကြီးအကဲ အကုန်လုံးဟာလည်း ပြန်လည် ဝင်စားခြင်းနယ် အဆင့်မြင့်ပိုင်းက ပညာရှင်တွေ ချည်းပါပဲ။  အဲသည်အတွက် သည်နေရာမှာ ရှိနေတဲ့ ဝင်္ကပါ အစီအရင်တွေကိုတော့ အပြင်စည်း နယ်နိမိတ်က ဝင်္ကပါ အစီအရင်တွေလို လွယ်လွယ်နဲ့ ဖျက်ဆီးနိုင်မှာ မဟုတ်ပါဘူး။  ပြီးတော့ သည်နေရာမှာ ကြောက်စရာ ကောင်းလှတဲ့ ထောင်ချောက်တွေ ရှိနေဦးမှာပါ။

ရွှီး ... ရွှီး ... ရွှီး ... ရွှီး ...

လီဖူချန်း ထင်ထားခဲ့သလိုပါပဲ။  သည်အတွင်းစည်း နယ်နိမိတ် ထဲမှာတော့ များပြားလှတဲ့ ဝင်္ကပါ အစီအရင်နဲ့ ထောင်ချောက်တွေ ရှိနေပါတယ်။

ကံကောင်းတယ်လို့ ဆိုရမှာလား ဒါမှမဟုတ် ကံဆိုးတယ်လို့ ဆိုရမှာလားတောင် မသိတော့ပါဘူး။   လီဖူချန်း စွတ်စွက် ဝင်လာတဲ့ နေရာဟာ အတွင်းစည်း နယ်နိမိတ်ရဲ့ ဖုံးကွယ်ထားတဲ့ အရေးကြီး နေရာတစ်ခု ဖြစ်နေတာပါပဲ။

သည်နေရာမှာတော့ ရောင်ခြည်တွေ ဖြာထွက်နေတဲ့ ဘုရားဆင်းတုတော် တစ်ဆူ ရှိနေပါတယ်။  ပြီးတော့ ပြန်လည် ဝင်စားခြင်းနယ်ပယ် အဆင့်နိမ့်ပိုင်းက ပညာရှင်တွေကိုတောင် တစ်ချက်ထဲ သတ်ပစ်နိုင်တဲ့ စွမ်းအင် မြားတွေကလည်း  ပတ်ဝန်းကျင် တစ်ခုလုံးမှာ ရှုပ်ယှက်ခတ် နေတာပါပဲ။  လီဖူချန်းကလည်း သည်မြားတွေရဲ့ စက်ကွင်းကနေ မလွှတ်ခဲ့ပါဘူး။

"ကြောက်စရာ ကောင်းလိုက်တာ ...။  ဒါက တိုက်ခိုက်မှုပိုင်းကို အသားပေးတဲ့ ဗောဓိဓမ္မ ဝင်္ကပါ အစီအရင်များလား ... "

လီဖူချန်းရဲ့  မျက်လုံးတွေကတော့ အပြူးသား ဖြစ်နေပါပြီ။

သည်ဝင်္ကပါ အစီအရင်ဟာ  ဟိုးအရင် ရှေးဟောင်း ခေတ်ဦး ကတည်းက နာမည် ကျော်ကြားခဲ့တဲ့ အစီအရင် တစ်ခုဆိုရင်လည်း မမှားပါဘူး။  လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးထောင် ကျော်တုန်းက ဆိုရင် မဟူရာ ကောင်းကင်ဂိုဏ်းထက် ပိုအစွမ်းထက်တဲ့  ကောင်းကင် ဝင်္ကပါဂိုဏ်း ဆိုတာ ရှိခဲ့ပါတယ်။  အဲသည်ဂိုဏ်းဟာ မရေမတွက်နိုင်တဲ့ ဝင်္ကပါ ဆရာသခင်တွေကို အသုံးပြုပြီး အစွမ်းထက်တဲ့ ဝင်္ကပါ ဘုရားဆင်းတုတော်တွေကို တည်ဆောက်ခဲ့တာပါ။  အဲသည် ဆင်းတုတော်တွေဟာ  တိုက်ပွဲဝိညာဉ် နယ်ပယ် ပညာရှင်တွေကို သာမက တိုက်ပွဲဝိညာဉ် နယ်ပယ် အထက်မှာရှိတဲ့ ပညာရှင်တွေကိုပါ သတ်ပစ်နိုင်စွမ်း ရှိပါတယ်။

တကယ့်ကို သေရေးရှင်ရေး အခိုက်အတန့်နဲ့ ကြုံရတဲ့ အခါမှာတော့ လီဖူချန်းရဲ့ အသိစိတ် အာရုံဟာ အစွမ်းပြလာ ခဲ့ပါပြီ။ လီဖူချန်းက သည်စွမ်းအင်မြားတွေရဲ့ လားရာတွေကို ရှင်းရှင်း လင်းလင်းကြီးကို မြင်နေရတာပါ။

ရွှီး ... ရွှီး ...  ရွှီး ... …

ဟူး ... ဟူး…

ဝှစ် ... ဝှစ် ...

လီဖူချန်းဟာ သူ့ရဲ့ ခန္ဓာကိုယ်ကို သုံးလေးငါးခါလောက် လှုပ်ရှားလိုက်တဲ့ အခါမှာတော့ သည်စွမ်းအင် မြားတွေရဲ့  ရန်ကနေ လွတ်ကင်း သွားခဲ့ပါတယ်။ သည်ဗောဓိဓမ္မ ဝင်္ကပါ အစီအရင်က သေချာပေါက်ကို အဆင့်နိမ့် အမျိုးအစား ထဲကပါပဲ။  တိုက်ခိုက်မှုတွေက မြန်တယ် ဆိုပေမဲ့ တိုက်ခိုက်ပုံကတော့ ရိုးရှင်း လွန်းလှပါတယ်။  ဒါကြောင့်လည်း လီဖူချန်းဟာ သည်စွမ်းအင် မြားတွေကို လွတ်လွတ်ကင်းကင်း ရှောင်တိမ်း လိုက်နိုင်တာပါ။

ပေပေါင်း တစ်သောင်း ... …

ပေပေါင်း တစ်သောင်းခွဲ ...  ...  ...

ပေပေါင်း  နှစ်သောင်း ...  ...  ...  ...  ...  ... …

နောက်ဆုံးမှာတော့ လီဖူချန်းဟာ ဘုရားဆင်းတုတော်ရဲ့ တိုက်ခိုက်မှု စက်ကွင်းထဲနေ ထွက်သွား နိုင်ခဲ့ပါပြီ။

"အမယ်လေး ...  ကံသီပေလို့ ပေါ့ကွာ။  တကယ့်ကို သေခါနီးလေးပဲဟေ့  ... "

လီဖူချန်းဟာ အစောပိုင်းက အဖြစ်အပျက်ကို မမေ့ဖျောက် နိုင်သေးပါဘူး။  သူက အခုထိ ကြောက်လန့် နေဆဲပါပဲ။

သူ့ရဲ့ တိုက်ခိုက်နိုင်စွမ်းဟာ ပြန်လည် ဝင်စားခြင်း နယ်ပယ် အဆင့်မှာ ရှိရင် ရှိနေပါမယ်။  ဒါပေမဲ့ သူ့ရဲ့ ခံနိုင်ရည်ကတော့ အဲလောက် မဟုတ်သေးပါဘူး။  တကယ်လို့ သူသာ အစောပိုင်းက ရှောင်တိမ်းတဲ့ နေရာမှာ နည်းနည်းလေးသာ  ချွတ်ချော် သွားခဲ့ရင်ဖြင့် လုံးဝ သေချာပေါက်ကို သေပါတယ်။

အချိန်အနည်းငယ် အကြာမှာတော့ လီဖူချန်းဟာ ချိုင့်ဝှမ်း ဒေသငယ်လေး တစ်ခုဆီသို့ ရောက်ရှိ လာခဲ့ပါပြီ။

သည်ချိုင့်ဝှမ်း လေးထဲမှာတော့ ရေကန်ငယ်လေးတစ်ခုနဲ့ စိုက်ခင်းတစ်ခု ဘေးချင်းကပ် တည်ရှိ နေပါတယ်။  စိုက်ခင်းထဲမှာ ရှိနေတဲ့ အပင်တွေကတော့ နွမ်းခြောက်နေပြီး အသက်ရှိဟန် မပေါ်တော့ပါဘူး။  ဒါမေယ့် စိုက်ခင်း အလယ်မှာတော့  အရောင် တဖျတ်ဖျတ် ဖြာထွက်နေတဲ့ ဆေးပင် တစ်ပင် ရှိနေပါတယ်။

"  သည်နေရာက ဆေးဥယျာဉ်ခြံတစ်ခု ဖြစ်ခဲ့ပုံပဲ…"

လီဖူချန်းရဲ့ မျက်လုံးထဲမှာတော့ မျှော်လင့်ခြင်း အလင်းရောင်တွေ တောက်ပ လာခဲ့ပါပြီ။

သည်ဆေးပင်က နှစ်ပေါင်း နှစ်ထောင်ကျော် ကြာတဲ့အထိ သေဆုံးခြင်း မရှိသေးမှတော့ သာမန်ဆေးပင်တစ်ခု မဖြစ်နိုင်တော့ပါဘူး။

လီဖူချန်းက သူ့ရဲ့ အသိစိတ်အာရုံကို အစွမ်းကုန် ဖြန့်ကြက်လိုက်ပြီး ဆေးဥယျာဉ် အနားကို ချည်းကပ် သွားပါတော့တယ်။

ချွမ် ... ချွမ် ... ချွမ် ...

လီဖူချန်းတစ်ယောက် ဆေးဥယျာဉ်အနားကို ချည်းကပ်သွားတာနဲ့ တစ်ပြိုင်နက် အလင်းလွှာ တစ်ခုဟာ ဆေးဥယျာဉ် တစ်ခုလုံးကို ဖုံးအုပ်သွားခဲ့ပါပြီ။  အဲသည် အလင်းလွှာက လီဖူချန်းကို ဆေးဥယျာဉ် အနားသို့ ကပ်မရအောင် ကာဆီးထားပါတယ်။

သည်အလင်းလွှာက ဆေးဥယျာဉ်ရဲ့ အကာအကွယ် အစီအရင်ဆိုတာ  အသိသာကြီးပါပဲ။

လီဖူချန်းက သူ့ရဲ့ အသိစိတ်အာရုံကို ဖြန့်ကြက်လိုက်ပြီး အစီအရင်ရဲ့  အားနည်းချက်ကို ရှာဖွေ လိုက်ပါတယ်။

လောကကြီးမှာ ရှိသမျှ အရာအားလုံးဟာ အားနည်းချက် ရှိတာပါပဲ။ အဲသည် အားနည်းချက်ကို တွေ့အောင် ရှာနိုင်ဖို့သာ လိုတာပါ။  အခြား လူတွေဆိုရင်တော့ သည်အစီအရင်ရဲ့ အားနည်းချက်ကို ရှာဖို့ ခက်ရင် ခက်နေပါလိမ့်မယ်။  ဒါပေမဲ့ လီဖူချန်း အတွက်ကတော့ ငှက်ပျောသီး အခွံနွှာစား ရသလောက်ကို မခက်ပါဘူး။  သူ့ရဲ့ အသိစိတ်အာရုံက သည်အစီအရင်ကို ကောင်းကောင်းကြီး ပိုင်းခြား စိစစ်ပေးနိုင်စွမ်း ရှိနေပါတယ်။

လီဖူချန်းတစ်ယောက် အစီအရင်ရဲ့ အားနည်းချက်ကို ရှာဖွေနေစဉ်မှာပင် အဆင့်၂ ပြန်လည် ဝင်စားခြင်းနယ်ပယ် ပညာရှင်တစ်ယောက်ဟာ ချိုင့်ဝှမ်းငယ်လေး နားကနေ  လှမ်းလျှောက်ပြီး ကျော်ဖြတ် သွားပါတယ်။

မဟူရာ ကောင်းကင်ဂိုဏ်းရဲ့ အကြွင်းအကျန် နယ်မြေ တစ်ခုလုံးမှာမှာ ပျံသန်းခွင့်ကို ပိတ်ပင်တဲ့ ချိပ်ပိတ် အစီအရင်တစ်ခု ချထားတဲ့အတွက် ပြန်လည် ဝင်စားခြင်း နယ်ပယ် ပညာရှင်တွေတောင်မှ ပျံသန်းနိုင်စွမ်း မရှိပါဘူး။

ရွှီး ... ရွှီး ... ရွှီး ... ရွှီး

အညိုရောင်ဝတ်စုံ ဝတ်ဆင်ထားတဲ့ အဘိုးအိုဟာ ဘုရားဆင်းတုတော်ရဲ့ ကန့်သတ်ချက် ဧရိယာဖြစ်တဲ့  ပေ ၂၀၀၀၀ အတွင်းကို  ရောက်သွားတာနဲ့ တစ်ပြိုင်နက် ဝင်္ကပါ အစီအရင်ဟာ အသက်ဝင် လာခဲ့ပါပြီ။

" လခွီးတဲ့မှပဲ  ...  ဒါက ဗောဓိဓမ္မ ဝင်္ကပါ အစီအရင် ပါလား ... "

အညိုရောင်ဝတ်စုံဝတ် အဘိုးအိုဟာ အနောက်သို့ အလျင်အမြန် ပြန်ဆုတ်လိုက်ပြီး စွမ်းအင်မြားတွေကို လက်ဝါးနဲ့ ရိုက်ချ ပစ်လိုက်ပါတယ်။

ဒါပေမဲ့လည်း သူ့ရဲ့ လှုပ်ရှားမှုတွေဟာ အနည်းငယ် နောက်ကျ သွားခဲ့ပါပြီ။  စွမ်းအင်မြား တစ်စင်းဟာ အညိုရောင် ဝတ်စုံဝတ် အကြီးအကဲရဲ့ လက်ဝါးရိုက်ချက်ကို ထိုးဖောက်လာပြီး ခန္ဓာကိုယ်ထဲကို စိုက်ဝင် သွားခဲ့ပါတယ်။

" အား ... "

အညိုရောင်ဝတ်စုံဝတ် အဘိုးအိုကတော့ ဒဏ်ရာ ရသွားခဲ့ပါပြီ။  အမှန်ဆိုရင်တော့ သူ့အနေနဲ့ အခုလို ဒဏ်ရာရစရာ အကြောင်း မရှိပါဘူး။  သူက တစ်ချက်ကလေး သတိလက်လွတ် နေလိုက်မိတာပါ။

" စောက်ဆင့်မရှိတဲ့ ဝင်္ကပါ အစီအရင် ... "

ဝုန်း ...

ဝင်္ကပါ အစီအရင်ရဲ့ အပြင်ဘက်ကို ရောက်သွားတဲ့ အဘိုးအိုဟာ  ဘုရားဆင်းတုတော်ကို အဝေးရောက် လက်ဝါးနဲ့ တိုက်ခိုက်လိုက်ပါတယ်။  သူက သည်ဆင်းတုတော်ကို ဖျက်ဆီးပစ်နိုင်သာ စိတ်ကျေနပ်မယ့် ပုံပါပဲ။

ရွှီး ... ရွှီး ... ရွှီး ...

ဘန်း ...

သူ့ရဲ့ လက်ဝါးရိုက်ချက်ကတော့ လိုရာကို မရောက်ခဲ့ပါဘူး။  ဝင်္ကပါအစီအရင်က ထွက်လာတဲ့ စွမ်းအင် မြားတွေက သူ့ရဲ့ လက်ဝါးအားကို ဖျက်ဆီး ပစ်လိုက်ပါတယ်။

" လခွီးပဲကွာ ...  သည်နေ့က ကံတော်တော်ဆိုးတာပဲ ... "

အညိုရောင် ဝတ်စုံဝတ် အဘိုးအိုကတော့ လက်လျှော့ပြီး နောက်ကြောင်း ပြန်ခေါက် လာခဲ့ပါပြီ။  သိပ်မကြာခင်မှာပဲ သူဟာ ချိုင့်ဝှမ်းငယ်လေးနားကို  ပြန်ရောက်လာပါတယ်။

*****

" တွေ့ပြီ  "

သူ့ရဲ့ အသိစိတ်အာရုံကို အစွမ်းကုန် အသုံးချပြီးတဲ့ နောက်မှာတော့ လီဖူချန်းဟာ အစီအရင်ရဲ့ အားနည်းချက်ကို တွေ့သွားခဲ့ပါပြီ။

နဂိုမူလကတည်းက ရှိနေတာလား ဒါမှမဟုတ် နှစ်ပရိစ္ဆေဒ ကြာလွန်း သွားလို့လာတော့ မသိပါဘူး။  သည်အစီအရင်မှာ အားနည်းချက် သုံးခုတောင် ရှိနေပါတယ်။  သည်အားနည်းချက် သုံးခုထဲက တစ်ခုကို ဖျက်ဆီး လိုက်တာနဲ့ အစီအရင်ဟာ မတည်မငြိမ်ဖြစ်ပြီး ပျက်စီးသွားမှာပါ။

" ပျက်စီးစမ်း…"

လီဖူချန်းဟာ အစစ်အမှန် ငရဲမီးတောက် အတွင်းအားဆန္ဒနဲ့ ငရဲမီး ဓားဆန္ဒကို ပူးတွဲ အသုံးပြုလိုက်ပြီး အားနည်းချက် တစ်နေရာကို တိုက်ခိုက်လိုက်ပါတယ်။

ဝုန်း ... …

ပေါက်ကွဲမှု အသေးစားလေး တစ်ခုနဲ့အတူ ဆေးဥယျာဉ်ကို လွှမ်းခြုံထားတဲ့ အလင်းလွှာဟာ ပျောက်ကွယ် သွားခဲ့ပါပြီ။

အကာအကွယ် အစီအရင် မရှိတော့တဲ့ နောက်မှာတော့ လီဖူချန်းဟာ ဆေးဥယျာဉ်ရဲ့ အလယ်မှာ ရှိနေတဲ့ ဆေးပင်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရပါတယ်။

အဲဒါက  တစ်ပင်လုံးကို ရွှေရောင်ကြေးခွံတွေ ဖုံးအုပ်ထားတဲ့ ဆေးပင်တစ်ပင်ပါ။ အဲသည် ဆေးပင်ကနေ ရွှေရောင် အလင်းတန်းတွေလည်း ဖြာထွက် နေပါသေးတယ်။

" မြေကမ္ဘာအဆင့်နိမ့် ဆေးပင်ဖြစ်တဲ့  ကျိလင်ချောင် မြက်ပါလား ... "

လီဖူချန်းရဲ့ နှလုံးခုန်သံတွေကတော့ မြန်လာခဲ့ပါပြီ။

ကျိလင်ချောင် မြက်ဆိုတာက အရှေ့ယူနီကွန်း တိုက်ကြီးမှာ မျိုးသုဉ်း ပျောက်ကွယ် သွားပြီဖြစ်တဲ့  ဆေးပင် တစ်မျိုးပါ။

ကောလာဟလတွေ အရ ဆိုရင်တော့ သာမန် ပညာရှင် တစ်ယောက်တောင်မှ သည်ကျိလင်ချောင်မြက်ကို စားလိုက်မယ်ဆိုရင် အစွမ်းထက်တဲ့ ခန္ဓာကိုယ်အပြင်အား ပညာရှင် ဖြစ်သွား နိုင်ပါတယ်တဲ့။  ခန္ဓာကိုယ်သန့်စင်တဲ့ ပညာရှင်တွေ အတွက်ကတော့ သည်ကျိလင်ချောင် မြက်ဟာ အဆင့်၅ မိစ္ဆာသားရဲ သွေးအဆီအနှစ် ထက်တောင် တန်ဖိုးကြီးပါတယ်။  အဆင့်၅ မိစ္ဆာသားရဲ သွေးအဆီအနှစ် သွေးစက်ပေါင်း ဒါဇင်ချီရင်တောင်မှ သည်ကျိလင်ချောင် မြက်လောက် အစွမ်းမထက်ပါဘူး။

" သည်ကျိလင်ချောင်မြက်နဲ့ ဆိုရင်တော့ ဆင်နဂါးခန္ဓာကိုယ် သွန်းလောင်းခြင်း စတုတ္ထ အခန်းရဲ့ အလုံးစုံ တတ်သိနားလည်ခြင်း အဆင့်ကို အေးအေးဆေးဆေး ရောက်သွားနိုင်ပြီဟ ... "

လီဖူချန်းက ပီတိတွေဖြာပြီး ကျိလင်ချောင်မြက်ကို နှုတ်ယူဖို့ ဟန်ပြင်နေစဉ်မှာပင်   ...

"အိုး ...  ကျိလင်ချောင် မြက်ပါလား ...။  ဟား…ဟား…ဟား ...  ငါအဘိုးကြီးရဲ့ ကံက ထင်သလောက် ဆိုးမနေဘူးပဲ ... "

ရယ်သံကြီးတစ်ခုနဲ့အတူ  အညိုရောင် ဝတ်စုံဝတ် အဘိုးအို တစ်ယောက်ဟာ ချိုင့်ဝှမ်း ငယ်လေးထဲကို ဝင်ရောက် လာခဲ့ပါတယ်။

" အဆင့်၂ ပြန်လည် ဝင်စားခြင်းနယ်ပယ် ပညာရှင် ... "

လီဖူချန်းရဲ့ အပျော်တွေကတော့ ပျောက်ဆုံး သွားခဲ့ပါပြီ။  သူက အလျင်အမြန်ပဲ  ကျိလင်ချောင်မြက်ကို နှုတ်ယူလိုက်ပါတယ်။

အဘိုးအိုကတော့ ကျိလင်ချောင်မြက်ကို နှုတ်ယူနေတဲ့ လီဖူချန်းကို ဟန့်တားနေခြင်း မရှိပါဘူး။  သူက လီဖူချန်းရဲ့ ကျင့်ကြံခြင်း အဆင့်ကို သိထားပြီးပါပြီ။  သူ့ရဲ့ မျက်လုံးထဲမှာတော့ အဆင့်၈ ကောင်းကင်နယ်ပယ် ပညာရှင်ဟာ အမှိုက်စလေး တစ်ခုပါပဲ။

ကျိလင်ချောင်မြက်ကို ကျောက်စိမ်းသေတ္တာတစ်ခုထဲမှာ သိမ်းဆည်းပြီးတဲ့ နောက်မှာတော့ လီဖူချန်းဟာ အညိုရောင် ဝတ်စုံဝတ် အဘိုးအိုဘက်ကို လှည့်လိုက်ပါတယ်။

" အကြီးအကဲ ...  ကျွန်တော်တို့ နှစ်ယောက်စလုံးက လူသားတွေပဲလေ။  သည်ကျိလင်ချောင် မြက် အတွက်နဲ့တော့ အချင်းချင်း တိုက်ခိုက်နေစရာ မလိုဘူး ထင်တယ် ...။  ကျေးဇူးပြုပြီး ကျွန်တော့်ကို ငဲ့ညှာပေးလိုက်ပါလား ... …"

လီဖူချန်းက အဆင့်၂ ပြန်လည် ဝင်စားခြင်းနယ်ပယ် ပညာရှင်နဲ့ ထိပ်တိုင်ရင်ဆိုင်ဖို့  အတွက်တော့ ယုံကြည်ချက် မရှိသေးပါဘူး။  အမှန်အတိုင်း ပြောရမယ် ဆိုရင်တော့ သူဟာ အရမ်းကို စိတ်လှုပ်ရှား နေပါတယ်။

" ဟားဟားဟား ... ကိုယ့်ရဲ့ ရှေ့က အခွင့်အရေးကို ရအောင် မယူနိုင်ရင် ညံ့ရာ ကျသွားမှာပေါ့ကွ  ...။  ကောင်လေး ... ကျိလင်ချောင်မြက်ကို အမြန်ပေးစမ်း  ...။  အဲဒါဆိုရင် မင်းကို ခန္ဓာကိုယ် အပြည့်အစုံနဲ့ သေခွင့်ပေးလိုက်မယ် ...  "

အညိုရောင် ဝတ်စုံဝတ် အဘိုးအိုကတော့ သူ့ရဲ့ သဘောထားကို အတိအလင်း ထုတ်ပြ လိုက်ပါပြီ။ သူက သည်ကျိလင်ချောင်မြက်ကို အတော်လေး မျှော်လင့်ထားပါတယ်။

သိတဲ့အတိုင်းပါပဲ။  ပြန်လည် ဝင်စားခြင်းနယ်ပယ် ရောက်သွားတဲ့ သူတွေဟာ အစွမ်းလေး နည်းနည်းလောက် တိုးတက် လာအောင်တောင် မနည်းကျင့်ကြံ နေရတာပါ။  သည်ကျိလင်ချောင် မြက်နဲ့ဆိုရင်တော့ သူ့ရဲ့ အစွမ်းဟာ ၁၀ရာခိုင်နှုန်းလောက် တိုးမြှင့်လာနိုင်ပါတယ်။

လီဖူချန်းကတော့ အန္တရာယ် အငွေ့အသက်ကို ရလိုက်ပါပြီ။  တစ်ဖက်လူက သူ့ရဲ့ ကျိလင်ချောင်မြက်ကို အရယူမယ့်အပြင် သူ့ကိုလည်း လက်စ ဖျောက်တော့မှာပါ။   သူ့အနေနဲ့ သည်အတိုင်း ငြိမ်ခံနေလို့တော့ မရတော့ပါဘူး။

"  လာစမ်းကွာ…"

လီဖူချန်းက သူ့ရဲ့ ဝှက်ဖဲတွေ အကုန်လုံးကို အသက်သွင်း လိုက်ပါတော့တယ်။  ပြောင်းလဲခြင်း ကိုးပါး ခရမ်းရောင် နတ်ဘုရား အတွင်းအား အင်းကွက်၊ ကောင်းကင် ပျက်သုဉ်းခြင်း ဓားအင်းကွက် နဲ့  ကြေးဝါရောင် ဓားအဆီအနှစ်တွေကတော့ အဆင်သင့် ဖြစ်နေခဲ့ပါပြီ။

အဲသည် အချိန်မှာပဲ ... …

" သေစမ်း "

အညိုရောင် ဝတ်စုံဝတ် အဘိုးအိုက လီဖူချန်းကို သတ်ဖို့အတွက် ပြေးဝင်လာခဲ့ပါပြီ။  ပြန်လည်ဝင်စားခြင်း နယ်ပယ် ပညာရှင်ဖြစ်တဲ့ အလျောက် သူ့ရဲ့ လှုပ်ရှားမှုတွေဟာ လျင်မြန်လွန်း လှပါတယ်။

ဟူး ... ဟူး ... ဟူး ...

လက်ဝါးရိပ်ကြီး တစ်ခုက လီဖူချန်းကို လွှမ်းခြုံသွားခဲ့ပါပြီ။

" ဒါက ပြန်လည်ဝင်စားခြင်းနယ်ပယ် ပညာရှင်တစ်ယောက်ရဲ့ အစွမ်းလား ... "

လီဖူချန်းက အာရုံစူးစိုက်မှု အပြည့်နဲ့  တစ်ဖက်လူရဲ့ တ်ိုက်စစ်ကို ခုခံဖို့ ပြင်ဆင်ပါတော့တယ်။

တစ်ဖက်လူရဲ့ ဆန်းကြယ် အထွတ်အထိပ် အတွင်းအားကျင့်စဉ်က အမြင့်ဆုံးအဆင့်အထိ ရောက်နေပြီဆိုတာ အသိသာကြီးပါပဲ။  လက်ဝါးရိပ်နဲ့အတူ ပြင်းထန်လှတဲ့ ဖိအားကြီး တစ်ခုက ကပ်ပါ လာနေတယ်လေ။

" ပျက်စီးစမ်းကွာ ...

လီဖူချန်းက သူ့ရဲ့ ဘုံခုနစ်ဆင့် ကောင်းကင်ဘုံဓားကို ဆွဲထုတ်လိုက်ပြီး  ကောင်းကင် ပျင်သုဉ်းခြင်း ဓားကွက်ကို သုံးလိုက်ပါတယ်။

အစစ်အမှန် ငရဲမီးတောက် အတွင်းအားဆန္ဒ၊ ပြောင်းလဲခြင်းကိုးပါး ခရမ်းရောင် နတ်ဘုရား အတွင်းအား စက်ကွင်းနဲ့ ကောင်းကင် ပျက်သုဉ်းခြင်း ဓားစက်ကွင်းတို့ကတော့ ဟန်ချက်ညီစွာဖြင့် လက်ဝါးရိပ်ကြီးကို  ခုခံလိုက်ပါတယ်။

ရွှပ် ...

တကယ့်ကို မယုံနိုင်စရာပါပဲ။  မရေမတွက်နိုင်တဲ့ ဓားအလင်းတန်းတွေဟာ လက်ဝါးရိပ်ကြီးကို ပျက်ပြယ် သွားစေခဲ့ပါတယ်။  ဒါတင်မကသေးပါဘူး။  အဲသည် ဓားအလင်းတန်း တွေဟာ အညိုရောင် ဝတ်စုံဝတ် အဘိုးအိုထံကို အရှိန်အဟုန်ပြင်းစွာဖြင့် တိုးဝင် သွားခဲ့ပါသေးတယ်။

အညိုရောင်ဝတ်စုံဝတ် အဘိုးအိုဟာ အစွမ်းကုန်ကြိုးစားပြီး ခုခံ လိုက်ပေမယ့်လည်း  နောက်ကျ သွားခဲ့ပါပြီ။  အစောပိုင်းတုန်းက ဗောဓိဓမ္မ ဝင်္ကပါ အစီအရင်ကြောင့်  ဒဏ်ရာရထားတဲ့ အဘိုးအိုဟာ လီဖူချန်းရဲ့ ဓားအလင်းတန်းတွေကို ဘယ်လိုမှ တောင့်ခံနိုင်ခြင်း မရှိခဲ့ပါဘူး။

ရွှမ်း...ရွှမ်း...ရွှမ်း...ရွှမ်း ...

လီဖူချန်းရဲ့ ဓားအလင်းတန်းတွေဟာ အညိုရောင် ဝတ်စုံဝတ် အဘိုးအိုရဲ့  ချီအကာအကွယ်ကို ကျော်ဖြတ်ကာ  ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွားခဲ့ပါပြီ။

"  အား…"

သွေးစိမ်းရှင်ရှင်တွေကတော့ ပတ်ဝန်းကျင်တစ်ခုလုံး အနံှ့ပါပဲ။

အညိုရောင်ဝတ်စုံဝတ် အဘိုးအိုဟာ အသက်ယဲ့ယဲ့မျှသာ ကျန်နေပါတော့တယ်။

"မ ... မဖြစ်နိုင်... ဘူး ...။  မ ... မင်းလို အဆင့်၈ ကောင်းကင်နယ်ပယ် ပညာရှင်က ငါ့ကို သတ်နိုင် ... "

အညိုရောင် ဝတ်စုံဝတ် အဘိုးအိုဟာ စကားကိုတောင် ဆုံးအောင် မပြောနိုင်ဘဲ အသက် ထွက်သွားခဲ့ပါပြီ။

***

All Chapters