ဆင်နဂါးခန္ဓာကိုယ် အစွမ်း
Vol. 26 Ch. 350
" ကြေးဝါဓားအဆီအနှစ် တစ်ခုတည်းနဲ့တင် င့ါရဲ့ အစွမ်းက အဆင့်၁ ပြန်လည်ဝင်စားခြင်း နယ်ပယ် ပညာရှင် တစ်ယောက်ရဲ့ အစွမ်းနဲ့ ညီမျှနေတာပဲ။ ကောင်းကင် ပျက်သုဉ်းခြင်း ဓားသိုင်းနဲ့ ပြောင်းလဲခြင်း ကိုးပါး ခရမ်းရောင် နတ်ဘုရား အတွင်းအားကိုပါ သုံးလိုက်ရင်တော့ ငါ့ရဲ့ အစွမ်းဟာ အဆင့်၂ ပြန်လည် ဝင်စားခြင်းနယ်ပယ် ပညာရှင် ထက်တောင် အစွမ်းထက်သွားတာ ... "
အညိုရောင် ဝတ်စုံဝတ် အဘိုးအိုကို သတ်ဖြတ်ပြီးသွားတဲ့ အခါမှာတော့ လီဖူချန်းဟာ သူ့ရဲ့ လက်ရှိစွမ်းရည်ကို အကြမ်းဖျင်း နားလည်သွားခဲ့ပါပြီ။
သူ့ရဲ့ လက်ရှိစွမ်းရည်ဟာ အဆင့်၃ ပြန်လည်ဝင်စားခြင်းနယ်ပယ် ပညာရှင်တွေ နီးပါးပါပဲ။ ဒါပေမဲ့ သူသာ အစွမ်းကုန် တိုက်ခိုက်မယ် ဆိုရင်တော့ အဆင့်၄ ပြန်လည် ဝင်စားခြင်းနယ်ပယ် ပညာရှင်ကို ယှဉ်နိုင်ရင် ယှဉ်နိုင်ပါလိမ့်မယ်။
" အင်း ... ငါ့ရဲ့ ပြောင်းလဲခြင်း ကိုးပါး ခရမ်းရောင် နတ်ဘုရား အင်းကွက်နဲ့ ကောင်းကင် ပျက်သုဉ်းခြင်း ဓားအင်းကွက်တောင်မှ အရောင် အတော်လေး မှိန်ဖျော့လာပြီပဲ။ဒါတွေက ရေရှည်အားကိုးလို့ ရတဲ့ အရာမဟုတ်ဘူး ...။ ငါသည်ထက်ပိုပြီး အစွမ်းထက်လာမှ ဖြစ်မယ် ... "
လီဖူချန်းက သူ့ရဲ့ လက်ကောက်ဝတ် ပေါ်က သိုင်းအင်းကွက်ကို ကြည့်ပြီး တွေးနေမိပါတယ်။
" သည်အဘိုးကြီးဆီမှာ ဘာတွေများ ရှိနေမလဲ ... "
ထို့နောက်မှာတော့ လီဖူချန်းဟာ အညိုရောင် ဝတ်စုံဝတ် အဘိုးအိုရဲ့ အလောင်းဆီသို့ ချည်းကပ် သွားခဲ့ပါပြီ။
သူ့ရဲ့ မြင်ကွင်းထဲကို ပထမဆုံး ရောက်လာတာကတော့ အလောင်းရဲ့ ခါးမှာ ချိတ်ဆွဲထားတဲ့ တံဆိပ်တော်ပါပဲ။
" သံမဏိ မြစ်ဂိုဏ်း "
သည်စာလုံးတွေကတော့ တံဆိပ်တော်မှာ ရေးထိုးထားတာပါ။
" အိုး ... ဒါဆို သည်အဘိုးကြီးက သံမဏိ မြစ်ဂိုဏ်းက အထွဋ်ခေါင်ချုပ် အကြီးအကဲပေါ့ ... "
လီဖူချန်းက မျက်ခုံးပင့်မိ လိုက်ပါတယ်။
သံမဏိမြစ်ဂိုဏ်း ဆိုတာက ကောင်းကင် နတ်ဆိုးဂိုဏ်းလို ဒုတိယတန်းစား ဂိုဏ်းတစ်ခုပါပဲ။ ဒါပေမဲ့ သည်ဂိုဏ်းမှာက အဆင့်၄ ပြန်လည် ဝင်စားခြင်းနယ်ပယ် ပညာရှင်နှစ်ယောက် ရှိပါတယ်။
" ဥုံဖွ ... ရတနာ ပစ္စည်းတွေ ရှိစမ်း…"
လီဖူချန်းက တံဆိပ်တော်ကို အရေးမလုပ်တော့ဘဲ အဘိုးအိုရဲ့ သိုလှောင်အိတ်ထဲကို မွှေနှောက် ရှာဖွေနေပါပြီ။
သည်သိုလှောင်အိတ်ကတော့ ရွှေရောင်ပိုးချည်တွေနဲ့ ရက်လုပ်ထားတဲ့ သိုလှောင်အိတ် တစ်ခုပါပဲ။ သူ့ရဲ့ အတွင်းက နေရာလွတ်ကတော့ သုံးမီတာ ပတ်လည်ကို ရှိပါတယ်။
သိုလှောင်အိတ်ထဲက ပစ္စည်းတွေကတော့ တကယ့်ကို စုံစီနဖာပါပဲ။
သန်းဆယ်နဲ့ချီတဲ့ ရွေဒင်္ဂါးတွေ၊ ဆန်းကြယ် အထွတ်အထိပ်အဆင့် သတ္တုတွေ၊ ဘာမှန်းမသိတဲ့ ဆေးပုလင်းတွေ အပြင် အဆင့်၅ မိစ္ဆာသားရဲ သွေးအဆီအနှစ် ပါဝင်တဲ့ ပုလင်း တစ်လုံးလည်း ရှိနေပါတယ်။
အဲသည် ပစ္စည်းတွေထဲမှာ အဖိုးအတန်ဆုံး အရာတွေကတော့ အဆင့်နိမ့် ဝိညာဉ် ကျောက်တုံးတွေပါပဲ။ သည်သိုလှောင် အိတ်ထဲမှာ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၂၀၀၀ကျော် ရှိနေပါတယ်။
" ဒါမှ ပြန်လည် ဝင်စားခြင်း နယ်ပယ် ပညာရှင်ကွ ... "
လီဖူချန်းကတော့ တကယ့်ကောင်ပါပဲ။ သူက လက်သီးလက်မောင်း တန်းပြီးတောင် ဟစ်ကြွေး လိုက်ပါသေးတယ်။
လီဖူချန်းအနေနဲ့ လက်သီးလက်မောင်း တန်းမယ်ဆိုရင်လည်း တန်းချင်စရာပါပဲ။ သည်ဘက် နှစ်တွေမှာ ဆိုရင် သူဟာ အဆင့်တက်ဖို့အတွက် သူ့ရဲ့ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး အတုံး၅၀၀ လောက်ကို အသုံးပြုလိုက်ရပါပြီ။ သူ့ဆီမှာ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၂၀၀ လောက်သာ ကျန်တော့တာပါ။ သူ့အနေနဲ့ ပြန်လည်ဝင်စားခြင်း နယ်ပယ်ကို ချိုးဖောက် ဝင်ရောက်နိုင်ဖို့ အတွက်ဆိုရင် များပြားလှတဲ့ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံးတွေ လိုအပ်ပါတယ်။
ပြီးတော့ မူလဘူတဓား ... …
မူလဘူတဓားတွေ အတွက်လည်း အဆင့်နိမ့် ဝိညာဉ် ကျောက်တုံးတွေ လိုအပ်တာပါပဲ။
အခုတော့ အဲသည် ပြသနာတွေဟာ ပြေလည်သွားခဲ့ပါပြီ။ သည်အဆင့်နိမ့် ဝိညာဉ် ကျောက်တုံး ၂၀၀၀ကျော်နဲ့ ဆိုရင်တော့ လီဖူချန်းဟာ ပြန်လည် ဝင်စားခြင်း နယ်ပယ်ကို ရောက်ရင်တောင် ရောက်သွား နိုင်ပါတယ်။ သူ့ရဲ့ ကျင့်ကြံမှု အတွက်တော့ လုံးဝ စိတ်ပူစရာ မလိုတော့ပါဘူး။
ထို့နောက်မှာတော့ လီဖူချန်းဟာ ချိုင့်ဝှမ်း ငယ်လေးထဲ ကနေ ထွက်လာခဲ့ပြီး မဟူရာ ကောင်းကင်ဂိုဏ်းရဲ့ အတွင်းစည်း နယ်နိမိတ်ထဲမှာ စူးစမ်းရှာဖွေမှုတွေ ဆက်လုပ်နေခဲ့ပါတယ်။
မဟူရာကောင်းကင်ဂိုဏ်းရဲ့ အကြွင်းအကျန် နယ်မြေထဲမှာ ပျံသန်းလို့ မရတဲ့ အတွက် တော်ပါသေးတယ်လို့ ဆိုရပါမယ်။ မဟုတ်လို့ကတော့ သည်ချိုင့်ဝှမ်း ငယ်ထဲက ကျိလင်ချောင် မြက်တောင်မှာ တစ်စုံတစ်ယောက်ရဲ့ လက်ထဲကို ပါသွားလောက်ပါပြီ။
သည်လို ပျံသန်းခွင့်မရှိတဲ့ နေရာမျိုးတွေမှာတော့ လီဖူချန်းရဲ့ အသိစိတ် အာရုံဟာ ကောင်းကောင်းကြီး အလုပ်လုပ် နေပါတယ်။ သူရဲ့ ကင်းထောက်နိုင်တဲ့ စွမ်းရည်က ပြန်လည် ဝင်စားခြင်း နယ်ပယ် ပညာရှင်တွေထက်ကို သာနေတာ မဟုတ်ပါလား။
"အား ... နင့်မေကလွှားတဲ့မှပဲ ... "
ဥယျာဉ်တစ်ခုကို အရောက်မှာတော့ လီဖူချန်းဟာ လန့်ပြီး အော်လိုက်ရပါတယ်။ သူအော်လိုက်ပြီးလို့ သိပ်မကြာခင်မှာပဲ ပတ်ဝန်းကျင် အခြေအနေ တစ်ခုလုံးဟာ ပြောင်းလဲ သွားခဲ့ပါပြီ။ ဒါ ဝင်္ကပါ အစီအရင်တစ်ခု ချထားတဲ့ ဥယျာဉ် တစ်ခုပါပဲ။
" သည်နေရာက ... "
လီဖူချန်း သတိပြုမိလိုက်တဲ့ အခါမှာတော့ သူဟာ မြက်ခင်းစိမ်း ပြင်ကျယ်ကြီး တစ်ခုရဲ့ အလယ်မှာ ရောက်နေပါပြီ။
" ဒါက ချိပ်ပိတ်ထောင်ချောက် ဝင်္ကပါအစီအရင်လား ... "
လီဖူချန်းရဲ့ မျက်နှာကို ကြည့်ရတာတော့ အတော်လေး စိတ်မသက်မသာ ခံစားနေရပုံပါပဲ။
ချိပ်ပိတ်ထောင်ချောက် ဝင်္ကပါအစီအရင် ဆိုတာက တကယ်ကို မရပ်မနား ဒုက္ခပေးတတ်တဲ့ အစီအရင်မျိုး ဖြစ်ပါတယ်။ အဲသည် အစီအရင်က ထောင်ချောက်ထဲ ဝင်လာတဲ့သူ မှန်သမျှကို ပုံရိပ်ယောင် ကမ္ဘာတစ်ခုထဲကို ဆွဲခေါ်သွားတာပါ။
ပြီးတော့ သည်ဝင်္ကပါ အစီအရင်ရဲ့ ပုံရိပ်ယောင်ကမ္ဘာက သာမန် ပုံရိပ်ယောင် ကမ္ဘာတွေနဲ့ မတူပါဘူး။ လူတစ်ယောက်ရဲ့ စိတ်ဝိညာဉ်စွမ်းအားဟာ အစွမ်းထက် နေသရွေ့ သာမန် ပုံရိပ်ယောင် ကမ္ဘာကို အဖက်မလုပ်ဘဲ နေနိုင်ပါတယ်။ ရှင်းရှင်းပြောရမယ် ဆိုရင်တော့ သာမန်ပုံရိပ်ယောင် ကမ္ဘာတွေဟာ စိတ်ဝိညာဉ်စွမ်းအား ကောင်းတဲ့သူတွေအပေါ်မှာ သက်ရောက်မှု မရှိပါဘူး။
ချိပ်ပိတ် ထောင်ချောက် ဝင်္ကပါ အစီအရင်ရဲ့ ပုံရိပ်ယောင် ကမ္ဘာကတော့ ဝင်္ကပါရဲ့ အထောက်အပံ့ကြောင့် ဖြစ်တည်လာတာပါ။ သည်ဝင်္ကပါ ခင်းကျင်းထားတဲ့ စက်ကွင်းထဲကို ဝင်လာတဲ့ လူမှန်သမျှဟာ ပုံရိပ်ယောင် ကမ္ဘာထဲကို မလွဲမသွေ ရောက်ကျရမှာပါပဲ။ ပြီးတော့ ကိုယ့်အားကိုယ် ကိုးပြီးသာ သည်ဝင်္ကပါ အစီအရင်ထဲကနေ ရုန်းထွက်ရမှာ ဖြစ်ပါတယ်။
လီဖူချန်းက သည်ဥယျာဉ်မှာ ချိပ်ပိတ် ထောင်ချောက် ဝင်္ကပါအစီအရင် ခင်ကျင်း ထားလိမ့်မယ်လို့ လုံးဝကို မမျှော်လင့်ထား ခဲ့တာပါ။ သည်အကြောင်းကို ကြိုသိခဲ့လို့ကတော့ သူ့အနေနဲ့ ဥယျာဉ်အနားကို ယောင်လို့တောင် ကပ်မှာ မဟုတ်ပါဘူး။
"သည်မြက်ခင်းပြင်က ဝင်္ကပါရဲ့ စွမ်းအားနဲ့ ဖြစ်တည် လာတာပဲ။ ဒါက အတုလား အစစ်လား ဆိုတာကို ခွဲလို့ ရလောက်မှာပါ ... "
လီဖူချန်းက ခေါင်းကို ငုံ့လိုက်ပြီး မြေပြင်နဲ့ မြက်ခင်းပြင်ကို စစ်ဆေးကြည့်ရှု လိုက်ပါတယ်။
အတန်ကြာ စစ်ဆေးပြီးတဲ့ အခါမှာတော့ လီဖူချန်းဟာ ခေါင်းကို ပြန်မော့လိုက်ပြီး နေရာတစ်ခုကို ထွက်သွားခဲ့ပါပြီ။
ကံကောင်းတယ်လို့ ဆိုရမှာပါပဲ။ သည်ပုံရိပ်ယောင် ကမ္ဘာက သူ့အပေါ်မှာ သိပ်ပြီး အကျိုး သက်ရောက်မှု မရှိပါဘူး။ အဲသည် အတွက်သူဟာ ပတ်ဝန်းကျင် တစ်ခုလုံးကို လျှောက်သွားပြီး ဝင်္ကပါ အစီအရင်ရဲ့ အားနည်းချက်ကို ရှာဖို့ပဲ လိုပါတယ်။
ဒါပေမဲ့လည်း ဒါက ကံအပေါ်မှာလည်း မူတည်နေတယ်လို့ ဆိုရမှာပါပဲ။ လူတစ်ယောက်ဟာ ပုံရိပ်ယောင် ကမ္ဘာထဲမှာ ရှိနေချိန်မှာ ဝင်္ကပါ အစီအရင်ရဲ့ အားနည်းချက်ကို ရှာဖို့အတွက် သိပ်မလွယ် လှပါဘူး။ ဒါက သာမန် အခြေအနေတွေထက် ဆယ်ဆမက ခက်ခဲပါတယ်။
အချိန်တွေ ဘယ်လောက်ကြာလို့ ကြာသွားမှန်းတောင် မသိတော့ပါဘူး။ လီဖူချန်းဟာ အားနည်းချက်ကို တွေ့မှာ မဟုတ်ဘူးလို့တောင် ထင်မြင်လာခဲ့ပါပြီ။ သူက အခုထက်ထိ ဝင်္ကပါ အစီအရင်ရဲ့ အားနည်းချက်လေး တစ်ခုကိုတောင်မှ ရှာမတွေ့သေးတာပါ။
ဝေါင်း ...
ရုတ်တရက်ဆိုသလို မိစ္ဆာဓာတ်တွေ ခိုဝင် ကိန်းအောင်းနေတဲ့ ဟိန်းသံကြီး တစ်ခုကို လီဖူချန်း တစ်ယောက် ကြားလိုက်ရပါတယ်။
" အဲဒါက အဆင့်၅ မိစ္ဆာသားရဲပဲ "
လီဖူချန်းရဲ့ စိတ်ဓာတ်တွေက အနည်းငယ် ပြန်တက်ကြွ လာခဲ့ပါပြီ။
သည်ချိပ်ပိတ် ထောင်ချောက် ဝင်္ကပါအစီအရင် ထဲမှာ ပိတ်မိနေတာက သူတစ်ယောက်တည်း မဟုတ်ပါဘူး။ အဆင့်၅ မိစ္ဆာသားရဲ တစ်ကောင်လည်း ပိတ်မိနေပါသေးတယ်။
" ဝေါင်း ... ငါ့ကို ထွက်ခွင့်ပေး ... "
သည်အဆင့်၅ မိစ္ဆာသားရဲကတော့ ရွှေဦးချို သားရဲကြီးပါ။ သူက ပေပေါင်း ရာနဲ့ချီပြီး မြင့်ပါတယ်။သူကလည်း ဘယ်အချိန်တည်းက သည်ချိပ်ပိတ် ထောင်ချောက် ဝင်္ကပါအစီအရင် ထဲမှာ ပိတ်မိနေတယ် မသိပါဘူး။
တစ်ရက်၊ တစ်လ ၊ တစ်နှစ် ... …။
ဒါမှမဟုတ် နှစ်ပေါင်းများစွာ ပိတ်မိနေတာလည်း ဖြစ်နိုင်ပါတယ်။ သည်ပုံရိပ်ယောင် ကမ္ဘာထဲမှာက အချိန်ကို မသိနိုင်တဲ့ အတွက် အပြင်လောကမှာ ဘယ်လောက် ကြာနေပြီလည်း ဆိုတာကို မခန့်မှန်းနိုင်ပါဘူး။
ရွှေဦးချို သားရဲကြီးကလည်း အဝေးမှာ ရှိနေတဲ့ လူတစ်ယောက်ကို သတိပြုမိ သွားခဲ့ပါပြီ။ ထိုလူကတော့ လီဖူချန်းပါပဲ။
" ငါ့ကို သည်ထဲကနေ ခေါ်ထုတ်သွားစမ်း "
ရွှေဦးချို သားရဲကြီးက လီဖူချန်းဆီကို ပြေးသွားပြီး အထက်စီးကနေ အမိန့်ပေး လိုက်ပါတယ်။
လီဖူချန်းက ပခုံးတွန့်ပြလိုက်ပြီး
" တောင်းပန်ပါတယ် ...။ ငါသာ အပြင်ကို ထွက်နိုင်နေရင် ခြေထောက် အညောင်းခံပြီး သည်နေရာမှာ လျှောက်သွားနေမှာ မဟုတ်ဘူး "
" မင်းက ငါ့ကို အပြင် ခေါ်မထုတ်နိုင်မှတော့ သတ်ပစ်ရုံပဲ ရှိတော့တယ် "
ရွှေဦးချို သားရဲက သည်ပုံရိပ်ယောင် ကမ္ဘာထဲမှာ ပိတ်မိနေတဲ့ အတွက် အလွန်အမင်း ဒေါသ ထွက်နေပုံပါပဲ။ သူက သူ့ရဲ့ လက်သည်းကြီးတွေနဲ့ လီဖူချန်းကို ကုတ်ချ ပစ်လိုက်ပါပြီ။
ဟူး ...
ဖတ် ... ဖတ် ...
သည်လို ကုတ်ချက်မျိုးနဲ့တော့ လီဖူချန်းကို သွားစမ်းလို့ မရပါဘူး။ သူက လျင်မြန်စွာနဲ့ လက်သည်း ကုတ်ချက်ကို ရှောင်ထွက်သွားခဲ့ပါတယ်။
" သေစမ်း ... သေစမ်းကွာ ... "
ရွှေဦးချိုသားရဲကြီးကတော့ ဒေါသကြောင့် မွှန်ထူသွားခဲ့ပါပြီ။ သူက လီဖူချန်းကို သွေးရူးသွေးတန်းနဲ့ လိုက်လံ တိုက်လိုက်ပါတော့တယ်။ ဒါပေမဲ့လည်း သူ့ရဲ့ တိုက်ခိုက်မှုတွေက လီဖူချန်းရဲ့ ဝတ်ရုံစကိုတောင် မထိနိုင်ခဲ့ပါဘူး။
" ဘာကြောင့်လဲ ... မင်းက ဘာကြောင့် ငါရဲ့ တိုက်ခိုက်မှုတွေကို ရှောင်နိုင်ရတာလဲ ... "
ရွှေဦးချို သားရဲကြီးက မေးခွန်း ထုတ်လာခဲ့ပါပြီ။
" ခိခိ ... ဘာဖြစ်လို့လည်းဆိုတော့ သည်ပုံရိပ်ယောင် ကမ္ဘာက ငါ့အပေါ်မှာ သက်ရောက်မှု မရှိလို့ဘဲ ... "
လီဖူချန်းက စပ်ဖြဲဖြဲနဲ့ ရွှေဦးချို သားရဲကြီးကို ပြန်ဖြေလိုက်ပါတယ်။
ချိပ်ပိတ် ထောင်ချောက် ဝင်္ကပါ အစီအရင်ထဲမှာ ပိတ်မိနေတဲ့ သူတိုင်းဟာ သူတို့ရဲ့ အာရုံ၅ပါးမှာ ပြသနာလေးတွေ ဖြစ်ပေါ်လာပါတယ်။ အဲသည်အတွက် သူတို့ရဲ့ တိုက်ခိုက်ပုံတွေ၊ အမြင်အာရုံတွေနဲ့ လှုပ်ရှားပုံတွေဟာ ၁၀၀ရာခိုင်နှုန်း ကောင်းမွန်နေခြင်း မရှိတော့ပါဘူး။ ဒါပေမဲ့ လီဖူချန်းကတော့ ချွင်းချက်ပါပဲ။ သူက ရွှေဦးချို သားရဲကြီးရဲ့ တိုက်ခိုက်မှုတွေကို ရှင်းရှင်းလင်းလင်း မြင်နေရရုံမက လွတ်လွတ်ကျွတ်ကျွတ် ရှောင်တိမ်းနိုင်ပါတယ်။
" ဒါက လုံးဝ မတရားဘူးကွ ... "
ရွှေဦးချိုသားရဲကြီးရဲ့ ဒေါသတွေကတော့ ထိန်းမနိုင်သိမ်းမရ ဖြစ်လာခဲ့ပါပြီ။ သူက လီဖူချန်းကို ဒေါသတကြီးနဲ့ အဆက်မပြတ် တိုက်ခိုက် ပါတော့တယ်။
" ဟုတ်ပြီ…သည်ကောင်ကြီးနဲ့ ငါ့ရဲ့ အစွမ်းကို စမ်းသပ်ရမယ် "
လီဖူချန်းက သွေးအရိပ် လျှို့ဝှက်နည်းစနစ်ကို ထုတ်သုံးပြီး ရွှေဦးချို သားရဲကြီးကို ခုတ်ချ လိုက်ပါတယ်။ သွေးအရိပ် လျှို့ဝှက်နည်းစနစ်ရဲ့ စံမ်းအားတွေ ခိုဝင်ကိန်းအောင်း နေတဲ့ လီဖူချန်းရဲ့ ဓားနက်ကြီးကတော့ လျှပ်ပြက်သည့် အလားပါပဲ။
ထန် ...
လီဖူချန်းရဲ့ ဓားချက်က ရွှေဦးချို သားရဲကြီးရဲ့ ခန္ဓာကိုယ်ကို မိမိရရ ပိုင်းလိုက်မိပါတယ်။ ဒါပေမဲ့လည်း မီးပွားတွေ ပွင့်ထွက်လာတာကလွဲပြီး ဘာမှ ဆက်မဖြစ်လာခဲ့ဘူး။
"သည်ရွှေဦးချို သားရဲရဲ့ ခံနိုင်ရည်က ပြန်လည် ဝင်စားခြင်းနယ်ပယ် ပညာရှင်နဲ့ ယှဉ်လို့ရနေတာပဲ။ ကြည့်ရတာတော့ ငါ့ရဲ့ ဝှက်ဖဲတွေကို ထုတ်သုံးမှ အဆင်ပြေတော့မယ် ... "
လီဖူချန်းက သူ့ရဲ့နောက်ကျောက သွေးအရိပ်ကြီးကို ပျောက်ကွယ် စေလိုက်ပြီး သူ့ရဲ့ အစစ်အမှန် ငရဲမီးတောက် ချီတွေကို ကြေးဝါဓားချီတွေနဲ့ အစားထိုးလိုက်ပါပြီ။ ပြီးတာနဲ့ တစ်ပြိုင်နက် သူက ရွှေဦးချို သားရဲကြီးကို ခုတ်ချ လိုက်ပါတော့တယ်။
ရွှမ်း ... …
သည်တစ်ကြိမ်မှာတော့ သူ့ရဲ့ ဓားချက်ဟာ ရွှေဦးချိုသားရဲကြီးကို ၇ပေနီးပါးရှည်တဲ့ ဓားဒဏ်ရာ တစ်ခု ရသွားစေခဲ့ပါပြီ။ ဒါပေမဲ့လည်း ပေပေါင်း ရာနဲ့ချီတဲ့ ရွှေဦးချိုသားရဲကြီး အတွက်တော့ သည်ဓားဒဏ်ရာဟာ သိပ်ပြီး မပြောပလောက်ပါဘူး။
မိစ္ဆာချီတွေက ဓားဒဏ်ရာကို ဖုံးလွှမ်း သွားပြီးတဲ့ နောက်မှာ ရွှေဦးချိုသားရဲကြီးရဲ့ ဒဏ်ရာဟာ အကောင်း ပကတိအတိုင်း ပြန်ဖြစ်သွားခဲ့ပါပြီ။
" ငါတွက်ထားသလိုပဲ ...။ ကြေးဝါးဓား အဆီအနှစ်ကို ထုတ်သုံး လိုက်ရင်တော့ ငါ့ရဲ့ အစွမ်းက အဆင့်၁ ပြန်လည် ဝင်စားခြင်း နယ်ပယ် ပညာရှင်နဲ့ ယှဉ်လို့ ရနေပြီ။ ဒါပေမဲ့ သည်အစွမ်းနဲ့ ရွှေဦးချိုသားရဲကို သတ်ချင်ရင်တော့ ခက်ခက်ခဲခဲ ကြိုးစားရဦးမှာပဲ ... "
အဆင့်တူ အချင်းချင်းမှာတော့ မိစ္ဆာသားရဲတွေဟာ လူတွေထက် ပိုသတ်ရတာ ခက်ပါတယ်။
မိစ္ဆာသားရဲတွေရဲ့ ခန္ဓာကိုယ်ဟာ ကြီးမားလွန်းလှတဲ့အတွက် ပြန်လည် ဝင်စားခြင်း နယ်ပယ် ပညာရှင်တွေကို သေစေနိုင်တဲ့ ဓားဒဏ်ရာတောင်မှ သူတို့ကို ကြီးကြီးမားမား ဒဏ်ရာရစေမှာ မဟုတ်ပါဘူး။
" မူလဘူတဓား ... "
လီဖူချန်းက အနောက်ကို အနည်းငယ် ဆုတ်လိုက်ပြီး သူ့ရဲ့ ကြေးဝါဓား အဆီအနှစ်နဲ့ မူလဘူတဓားကို ပေါင်းစပ် လိုက်ပါတယ်။
ချွင်.…ချွင်... ချွင် ... ချွင် ...
ကြေးဝါဓား အဆီအနှစ်တွေ ရောနှောပါဝင်နေတဲ့ မူလဘူတ ဓားတွေကတော့ ကောင်းကင်ယံ ထက်မှာ ဖြစ်တည်လာခဲ့ပါပြီ။
" စုစည်းစမ်း ... "
အရေအတွက် အားဖြင့် တစ်ထောင်ကျော်တဲ့ မူလဘူတဓားတွေကို လီဖူချန်းက စိတ်နဲ့ ထိန်းချုပ်ပြီး ကြေးဓားကြီး တစ်လက်အဖြစ် စုစည်းစေလိုက်ကာ ရွှေဦးချို သားရဲကြီးကို ခုတ်ပိုင်း စေလိုက်ပါတယ်။
" သေစမ်းကွာ ... "
ရွှမ်း ...
သည်တစ်ကြိမ်မှာတော့ လီဖူချန်းရဲ့ တိုက်ခိုက်မှုက ရွှေဦးချိုသားရဲကြီးရဲ့ အရှေ့ခြေ တစ်ချောင်းကို ဒဏ်ရာ အကြီးအကျယ် ရသွားစေခဲ့ပါပြီ။
ကြယ်၅ပွင့် လျှို့ဝှက်နည်းစနစ်နဲ့ ကြယ်၆ပွင့် လျှို့ဝှက်နည်းစနစ် ပူးတွဲ အသုံးပြုရာကနေ ထွက်ပေါ်လာတဲ့ ဖျက်ဆီးနိုင်စွမ်းက အလှပြ သက်သက်တော့ မဟုတ်ပါဘူး။
" သွား ... "
လီဖူချန်းကတော့ သူ့ရဲ့ မူလဘူတ ကြေးဝါဓားချီတွေကို ကျေနပ်နေခြင်း မရှိသေးပုံပါပဲ။ သူက နောက်ထပ် မူလဘူတ ကြေးဝါဓားချီ ၂ထောင်ကျော်ကို ကြေးဝါဓားကြီး တစ်လက်အသွင် စုစည်းစေလိုက်ပြီး ရွှေဦးချိုသားရဲကို ခုတ်ပိုင်း လိုက်ပြန်ပါတယ်။
ရွှမ်း ... ...
ရွှေဦးချိုသားရဲရဲ့ ခန္ဓာကိုယ်ကတော့ နှစ်ပိုင်း ပြတ်ထွက် သွားခဲ့ပါပြီ။ သွေးစိမ်း ရှင်ရှင်တွေကလည်း ရေပန်းတစ်ခု အလား ပန်းထွက်လာပြီး မြက်ခင်စိမ်း တစ်ခုလုံးကို တောင်မှ နီရဲ သွားစေပါတယ်။
" မူလဘူတ ကြေးဝါဓားချီ ၂ထောင်ကျော်ကို စုစည်း လိုက်ရင်တော့ ရွှေဦးချို သားရဲကြီးကိုတောင် တစ်ချက်တည်းနဲ့ သတ်နိုင်တာပဲ ... "
လီဖူချန်းရဲ့ မျက်နှာပေါ်မှာတော့ ကျေနပ်ပီတိဖြစ်မှုတွေ ဖြစ်ပေါ်လာခဲ့ပါပြီ။
သူ့ရဲ့ ခန္ဓာကိုယ်ပေါ်မှာ ရှိတဲ့ ကောင်းကင် ပျက်သုဉ်းခြင်း သိုင်းအင်းကွက်နဲ့ ပြောင်းလဲခြင်း ကိုးပါး ခရမ်းရောင်ချီ နတ်ဘုရား အတွင်းအား အင်းကွက်ဟာ တစ်နေ့ကျရင် ပျောက်ကွယ် သွားတော့မှာ ဖြစ်ပါတယ်။
အဲသည် အချိန်ကျရင် လီဖူချန်းဟာ ကြေးဝါဓား အဆီအနှစ်နဲ့ မူလဘူတဓားကိုသာ အားကိုး ရတော့မှာပါ။
ထို့နောက်မှာတော့ လီဖူချန်းဟာ ကျန်ရှိနေသေးတဲ့ မူလဘူတ ကြေးဝါဓားချီတွေကို ပြန်ရုတ်သိမ်း လိုက်ပြီး ရွှေဦးချို သားရဲကြီးရဲ့ သွေးအဆီအနှစ်ကို ထုတ်ယူဖို့ ပြင်ဆင် ပါတော့တယ်။
၂နာရီမျှ အကြာမှာတော့ လီဖူချန်းဟာ ရွှေဦးချို သားရဲကြီးထံကနေ မိစ္ဆာသွေး အဆီအနှစ် သွေးစက် ၁၀စက်ကို ထုတ်ယူနိုင်ခဲ့ပါပြီ။
အစောပိုင်းတုန်းက သံမဏိမြစ် ဂိုဏ်းရဲ့ အထွဋ်ခေါင်ချုပ် အကြီးအကဲထံကနေ ရခဲ့တဲ့ အဆင့်၅ မိစ္ဆာသွေး အဆီအနှစ် တစ်ပုလင်းနဲ့ ဆိုရင်တော့ လီဖူချန်းက ဆင်နဂါး ခန္ဓာကိုယ် သွန်းလောင်းခြင်း စတုတ္ထအခန်းရဲ့ အလုံးစုံ တတ်သိနားလည်ခြင်း အဆင့်အထိ ရောက်အောင် လေ့ကျင့် နိုင်မယ်လို့ ယုံကြည်ချက် ရှိနေပါတယ်။
" အိုး ... ငါသည်ထဲမှာ လေ့ကျင့်လို့ ရနေတာပဲ မဟုတ်ဘူးလား ... "
လီဖူချန်း ဥယျာဉ်ထဲကို ရောက်တုန်းက ရွှေဦးချို သားရဲကြီးကို မမြင်ခဲ့ပါဘူး။ အဲဒါက သည်ပုံရိပ်ယောင်ကမ္ဘာထဲမှာ ပိတ်မိနေတဲ့လူကို အပြင်ဘက်ကနေ မမြင်ရဘူးဆိုတဲ့ အဓိပ္ပာယ်ပါပဲ။
အဲသည်အချက်ကို တွေးမိပြီးတဲ့နောက်မှာတော့ လီဖူချန်းဟာ အလျင်အမြန် ထိုင်ချလိုက်ပြီး ရွှေဦးချို သားရဲရဲ့ သွေးအဆီအနှစ်တစ်စက်ကို သောက်သုံးလိုက်ပါတယ်။
သွေးအဆီအနှစ်က ခန္ဓာကိုယ်ထဲကို ရောက်သွားတာနဲ့ တစ်ပြိုင်နက် သွေးအဆီအနှစ်ထဲမှာ ခိုဝင်ကိန်းအောင်း နေတဲ့ မိစ္ဆာချီတွေဟာ လီဖူချန်းရဲ့ စိတ်ဝိညာဉ်ကို တိုက်ခိုက် လာခဲ့ပါပြီ။
လီဖူချန်းရဲ့ စိတ်ဝိညာဉ်ကတော့ မရွေ့လျားနိုင်တဲ့ တောင်ကြီးအလား မိစ္ဆာချီတွေကို ခုခံနေပါတယ်။ အချိန်တွေ တဖြည်းဖြည်း ကြာလာတဲ့ နောက်မှာတော့ မိစ္ဆာသွေးအဆီအနှစ်ဟာ ဆင်နဂါး ခန္ဓာကိုယ်ရဲ့ ကြံ့ခိုင်မှု အစိတ်အပိုင်း တစ်ခု အဖြစ် ပြောင်းလဲ သွားခဲ့ပါပြီ။
သွေးစက် နှစ်စက် ...
သွေးစက် သုံးစက် ... ... …
သွေးစက် ငါးစက် ... ... ... ... ...
ရွှေဦးချိုသားရဲကြီးရဲ့ သွေးအဆီအနှစ် ငါးစက်ကို သောက်သုံးပြီးသွားတဲ့အခါမှာတော့ လီဖူချန်းရဲ့ ဆင်နဂါးခန္ဓာကိုယ် သွန်းလောင်းခြင်း စတုတ္ထအခန်းဟာ အလုံးစုံ တတ်သိနားလည်ခြင်း အဆင့်ကို ရောက်သွားခဲ့ပါပြီ။
တကယ်လို့သာ လူတစ်ယောက်ဟာ လီဖူချန်းကို သေသေချာချာ စူးစိုက်ကြည့်လိုက်ရင်တော့ လီဖူချန်းရဲ့ ကြွက်သားတွေပေါ်မှာ ခပ်ရေးရေး ပေါ်နေတဲ့ ဆင်နဂါးအင်းကွက်ကို မြင်ရမှာ အသေအချာပါပဲ။
" ဟူး ... "
သက်ပြင်းချသံနဲ့ အတူ လီဖူချန်းဟာ မျက်လုံး ဖွင့်လာခဲ့တယ်။ သူ့ရဲ့ ကြွက်သားတွေပေါ်က ဆင်နဂါး အင်းကွက်ဟာလည်း တဖြည်းဖြည်း ပျောက်ကွယ် သွားခဲ့ပါပြီ။
" လက်ရှိငါ့ရဲ့ ခန္ဓာကိုယ်က သာမန် ကောင်းကင်နယ်ပယ် အထွတ်အထိပ် ပညာရှင်တွေရဲ့ တိုက်ခိုက်မှုကို တောင်မှာ မှုစရာ လိုတော့မှာ မဟုတ်ဘူး။ ပြီးတော့ ငါ့ရဲ့ အစစ်အမှန် ငရဲမီးတောက် ချီအကာအကွယ်နဲ့ အဆင့်၅ မိစ္ဆာသားရဲအရေခွံ ကိုယ်ကျပ် ဝတ်စုံကိုပါ ထည့်တွက် လိုက်ရင်တော့ အဆင့်၁ ပြန်လည် ဝင်စားခြင်း နယ်ပယ် ပညာရှင်တွေရဲ့ တိုက်ခိုက်မှုကိုတောင် ခံနိုင်လောက်တယ်။ တကယ်လို့ ငါသာ ဝှက်ဖဲတွေ အကုန်လုံးကို ထုတ်သုံးလိုက်ရင် ငါ့ရဲ့ ခံနိုင်ရည်က အများကြီးကို ကောင်းသွားဦးမှာ..."
လီဖူချန်းမှာက ချီအကာအကွယ် အလွှာအနည်းငယ် ရှိပါတယ်။
ပထမ ချီအကာအကွယ် ကတော့ သာမန် အစစ်အမှန် ငရဲမီးတောက် အကွယ်ဖြစ်ပါတယ်။ ဒုတိယ ချီအကာအကွယ် ကတော့ ကြေးဝါဓားချီတွေဖြစ်ပြီး တတိယ ချီအကာအကွယ် ကတော့ ခရမ်းရောင် ကြေးဝါဓားချီ အကာအကွယ် ဖြစ်ပါတယ်။
အဲသည် ဓားချီအကာအကွယ် ကတော့ ပြောင်းလဲခြင်းကိုးပါး ခရမ်းရောင်နတ်ဘုရား အတွင်းအားနဲ့ ကြေးဝါဓားချီတွေကို ပူးတွဲအသုံးပြုရာမှ ဖြစ်ပေါ်လာတာပါ။
ဒါကြောင့်လည်း လီဖူချန်းက ခရမ်းရောင် ကြေးဝါဓားချီ အကာအကွယ်လို့ အမည် ပေးထားတာ ဖြစ်ပါတယ်။
***