ရေကန်ထဲက ထူးဆန်းတဲ့ အရိုးစု
Vol. 26 Ch. 351
အခုဆိုရင် ဆင်နဂါးခန္ဓာကိုယ် သွန်းလောင်းခြင်း စတုတ္ထအခန်းရဲ့ အလုံးစုံ တတ်သိ နားလည်ခြင်း အဆင့်ကို ရောက်သွားဖြစ်တဲ့ လီဖူချန်းဟာ ပဉ္စမအခန်းကို လေ့ကျင့်ဖို့ ပြင်ဆင်ပါတော့တယ်။
ပဉ္စမအခန်းကတော့ ပြန်လည်ဝင်စားခြင်း နယ်ပယ်နဲ့ သက်ဆိုင်တာပါ။ လေ့ကျင့်တဲ့သူက အကြိုပြီးပြည့်စုံခြင်း အဆင့်အထိ လေ့ကျင့် ထားနိုင်ရင်တောင်မှ အဆင့်၃ ပြန်လည် ဝင်စားခြင်းနယ်ပယ် ပညာရှင်ရဲ့ တိုက်ခိုက်မှုကို မှုစရာ မလိုတော့ပါဘူး။
လီဖူချန်းက သူ့ရဲ့ လက်ရှိ အခြေအနေကို သူသိပါတယ်။ သူက ပဉ္စမအခန်းရဲ့ အကြို ပြီးပြည့်စုံခြင်း အဆင့်အထိ လေ့ကျင့်နိုင်ဖို့ အတွက် အဆင်သင့် မဖြစ်သေးပါဘူး။ ဒါပေမဲ့လည်း သူ့ရဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှု အနည်းငယ် ပိုကောင်းလာလည်း နည်းလားဆိုပြီး လေ့ကျင့်နေတာပါ။
နောက်ထပ် သွေးအဆီအနှစ် တစ်စက် ထုတ်သောက် လိုက်ပြီးနောက်မှာတော့ လီဖူချန်းဟာ သူ့ရဲ့ သွေးတွေနဲ့ ချီအတွင်းအားတွေကို ဆင်နဂါးခန္ဓာကိုယ် သွန်းလောင်းခြင်း ပဉ္စမအခန်းမှာ ပြသထားတဲ့အတိုင်း လှည့်ပတ် လိုက်ပါတော့တယ်။
သူ့ရဲ့ ခန္ဓာကိုယ်ထဲမှာ ဖြစ်တည်နေတဲ့ ဆင်နဂါး ခွန်အား အပိုင်းအစလေး တစ်ခုဟာ တဖြည်းဖြည်း ပိုအားကောင်းလာ ခဲ့ပါပြီ။ ပြီးတော့ လီဖူချန်းက မူမမှန်တာ တစ်ခုကိုလည်း သတိပြုမိ လိုက်ပါသေးတယ်။
အဲဒါကတော့ သူ့ခန္ဓာကိုယ်ရဲ့ စုပ်ယူမှုအားပါပဲ။ သူ့ရဲ့ ခန္ဓာကိုယ်ဟာ ရွှေဦးချို သားရဲရဲ့ သွေးအဆီအနှစ်ကို အရင်နဲ့ မတူတော့ဘဲ လျင်မြန်စွာ စုပ်ယူ နေတာပါ။ အချိန်အနည်းငယ် အတွင်းမှာပဲ ရွှေဦးချိုသားရဲရဲ့ သွေးအဆီအနှစ် ၅စက်ဟာ ကုန်ခန်းသွားခဲ့ပါပြီ။
လီဖူချန်းဟာ သူ့ရဲ့ ကျင့်စဉ်ကို အရှိန်မပျက် စေဖို့အတွက် သံမြစ်ဂိုဏ်းရဲ့ အထွဋ်ခေါင်ချုပ် အကြီးအကဲထံကနေ ရထားတဲ့ အဆင့်၅ မိစ္ဆာသားရဲ သွေးအဆီအနှစ် ပုလင်းထဲက သွေးတစ်စက်ကို ထုတ်ယူ သောက်သုံး လိုက်ပါတယ်။
ဝုန်း ...
အဆင့်၅ မိစ္ဆာသားရဲ သွေးအဆီအနှစ်မှာ ခိုဝင်ကိန်းအောင်း နေတဲ့ မိစ္ဆာချီဓာတ်တွေဟာ လီဖူချန်းရဲ့ သွေးကြောထဲကို အရှိန်အဟုန် ပြင်းစွာဖြင့် တိုးဝင်လာခဲ့ပါပြီ။ သည်တစ်ခါ သောက်သုံးလိုက်တဲ့ သွေးအဆီအနှစ်မှာ ခိုဝင်ကိန်းအောင်းနေတဲ့ မိစ္ဆာချီဓာတ်တွေက ရွှေဦးချို သားရဲကြီးရဲ့ သွေးအဆီအနှစ်ထက် တောင်မှ ပိုအားကောင်းပါသေးတယ်။
သူခန့်မှန်းမိသလောက် ဆိုရင်တော့ ဒါက အဆင့်၅ အလယ်အလတ် အဆင့် မိစ္ဆာသားရဲရဲ့ သွေးအဆီအနှစ်ပါပဲ။ သည်သွေး အဆီအနှစ်ကို သံမဏိမြစ်ဂိုဏ်းရဲ့ အထွဋ်ခေါင်ချုပ် အကြီးအကဲက ဘယ်ကနေ ဘယ်လို ရခဲ့တယ် မသိပါဘူး။
နှစ်စက် ...
ငါးစက် ... ... ...
ဆယ်စက် ... ... ... ...
အဆင့်၅ အလယ်အလတ်အဆင့် သွေးအဆီအနှစ် သွေးစက်၅စက်ကို စုပ်ယူပြီးတဲ့ အခါမှာတော့ လီဖူချန်းရဲ့ ခန္ဓာကိုယ်က ဆက်ပြီး စုပ်ယူနိုင်စွမ်း မရှိတော့ပါဘူး။
အခုဆိုရင် လီဖူချန်းဟာ ယုံလောက်စရာ မရှိတဲ့ မိစ္ဆာသားရဲ သွေးအဆီအနှစ် ပမာဏကို စုပ်ယူ ထားပြီးပါပြီ။
လူတစ်ယောက်ဟာ မိစ္ဆာသားရဲ သွေးအဆီအနှစ် တွေကို စိတ်ရှိလက်ရှိ စုပ်ယူမယ်ဆိုရင် အဲသည်သူဟာ အသိစိတ် လွတ်သွားပြီးတော့ မိစ္ဆာတစ်ဝက်၊ လူသားတစ်ဝက် ဖြစ်သွားတာမျိုးနဲ့ တောင် ကြုံတွေ့နိုင်ပါတယ်။ လီဖူချန်းကတော့ သူ့ရဲ့ စိတ်ဝိညာဉ်ကြောင့် အဲသည်လို အန္တရာယ်နဲ့ ရင်ဆိုင်ရခြင်း မရှိတာပါ။
အမှန်အတိုင်း ပြောရမယ် ဆိုရင်တော့ လီဖူချန်းတောင်မှ မိစ္ဆာသွေး အဆီနှစ်တွေထဲမှာ ခိုဝင်ကိန်းအောင်း နေတဲ့ မသန့်စင်မှုတွေကို ၁၀၀ရာခိုင်နှုန်း သန့်စင်နိုင်ခြင်း မရှိခဲ့ပါဘူး။ သူ့ရဲ့ ခန္ဓာကိုယ်ထဲမှာ မိစ္ဆာသားရဲချီ အကြွင်းအကျန်တွေ ကျန်ရှိနေဆဲပါပဲ။
အဲသည် အကျိုးဆက်ကတော့ လုံးဝကို သိသာလွန်းပါတယ်။ အခုဆိုရင် လီဖူချန်းရဲ့ ခန္ဓာကိုယ်ပေါ်မှာ အကြေးခွံတွေ ဖြစ်ပေါ်လာခဲ့ပါပြီ။
လီဖူချန်းက အခြေအနေ မဟန်တော့ဘူး ဆိုတာကို သိတာနဲ့ တစ်ပြိုင်နက် သွေးအဆီအနှစ် စုပ်ယူမှုကို ရပ်ပစ် လိုက်ပါတယ်။
သူက လူတစ်ဝက်၊ မိစ္ဆာတစ်ဝက် သတ္တဝါတော့ မဖြစ်ချင်သေးပါဘူး။
" ထားလိုက်ပါတော့ကွာ ... ။ သည်မသန့်စင်မှုတွေကို ချေဖျက်ပြီးမှပဲ ဆက်ကျင့်တော့မယ် ... "
ထို့နောက်မှာတော့ လီဖူချန်းဟာ မတ်တတ် ထရပ်လိုက်ပြီး ဝင်္ကပါ အစီအရင်ရဲ့ အားနည်းချက်ကို ဆက်လက် ရှာဖွေပါတော့တယ်။
သူ့ရဲ့ စိတ်ဝိညာဉ်နဲ့ ပုံရိပ်ယောင်ကမ္ဘာရဲ့ လှည့်စားမှုတွေကို ခုခံပြီး အသိစိတ်အာရုံနဲ့ ဝင်္ကပါ အစီအရင်ရဲ့ အားနည်းချက်ကို ရှာဖွေတာက အလုပ် ဖြစ်တယ်လို့တော့ ပြောရမှာပါပဲ။ သုံးရက်တိတိ မရပ်မနား ရှာဖွေပြီးတဲ့ နောက်မှာတော့ လီဖူချန်းဟာ ဝင်္ကပါ အစီအရင်ရဲ့ အားနည်းချက်လေး တစ်ခုကို ရှာဖွေတွေ့ရှိ သွားခဲ့ပါပြီ။
" ပျက်စီးစမ်း "
လီဖူချန်းက သည်အားနည်းချက်ကို ဖျက်ဆီးပစ်ဖို့ကို ပေါ့ပေါ့ လျော့လျော့တော့ မလုပ်ရဲပါဘူး။ သူက ပြောင်းလဲခြင်း ကိုးပါး ခရမ်းရောင်ချီ နတ်ဘုရား အတွင်းအားနဲ့ ကောင်းကင် ပျက်သုဉ်းခြင်း ဓားသိုင်းကို သုံးပြီး အားနည်းချက် နေရာကို အားကုန် ခုတ်ပိုင်း ပစ်လိုက်တာပါ။
ဝုန်း ...
ပုံရိပ်ယောင်ကမ္ဘာဟာ တုန်ခါလာပြီး တဖြည်းဖြည်း ပျောက်ကွယ် သွားပါတော့တယ်။ လီဖူချန်းရဲ့ ခန္ဓာကိုယ်ဟာလည်း ဥယျာဉ်ထဲမှာ ပြန်ပေါ်လာခဲ့ပါပြီ။
" မဟူရာ ကောင်းကင်ဂိုဏ်းက တကယ် ကြောက်စရာ ကောင်းလွန်းတာပဲ ...။ နေရာတိုင်းမှာ ဝင်္ကပါတွေကို ခင်းကျင်းထားတယ် ... "
ဥယျာဉ်ထဲက ပြန်ထွက်လာနိုင်ပြီ ဆိုမှသာ လီဖူချန်းတစ်ယောက် သက်ပြင်း ချနိုင် ပါတော့တယ်။
မိုးပြာရောင် ဂိုဏ်းတော်မှာ ဆိုရင် အခုလို နေရာအနှံ့မှာ ဝင်္ကပါ အစီအရင်တွေ ခင်းကျင်းထားခြင်း မရှိပါဘူး။ ဆင်းရဲ ဒုက္ခမျှော်စင်၊ အမွေခံမျှော်စင်၊ သိုင်းကျမ်းခန်းမနဲ့ အရင်းအမြစ် ခန်းမတို့မှာသာ ဝင်္ကပါ အစီအရင်တွေ ခင်းကျင်းထားတာပါ။
ဝင်္ကပါအစီအရင် ထောင်ချောက်ထဲမှာ တစ်ခါမိဖူးသွားတဲ့ လီဖူချန်းကတော့ အရင်လို လက်လွတ်စပယ် မလုပ်ရဲတော့ပါဘူး။သူက နေရာအသစ် တစ်ခုကို ရောက်တိုင်းမှာ သူ့ရဲ့ အသိစိတ် အာရုံနဲ့ အကြိမ်ကြိမ်အခါခါ စစ်ဆေးပြီး သေချာပြီဆိုမှသာ ရှေ့ဆက် သွားပါတော့တယ်။
သည်လိုနဲ့ပဲ လီဖူချန်းဟာ တိုက်ရိုက်စည်း နယ်နိမိတ် နားကို ရောက်မှန်းမသိ ရောက်လာ ခဲ့ပါပြီ။
တိုက်ရိုက်စည်း နယ်နိမိတ် ထဲမှာတော့ တိုက်ရိုက် တပည့်တွေနဲ့ တိုက်ရိုက် အကြီးအကဲတွေ နေကြတာ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်း၂ထောင်ကျော်က နာမည်ကျော်ကြားခဲ့တဲ့ ဂိုဏ်းတစ်ဂိုဏ်းရဲ့ အတွင်းစည်း နယ်မိမိတ်ကို အထင်သေးလို့ မရပါဘူး။ သည်နေရာမှ ခင်းကျင်းထားတဲ့ ဝင်္ကပါအစီအရင်တွေက အဆင့်၅ ထိပ်တန်းအဆင့် မဟုတ်ရင် အဆင့်၆ ပါပဲ။
အဆင့်၆ ဝင်္ကပါ အစီအရင်ဆိုတာက တိုက်ပွဲဝိညာဉ် နယ်ပယ် ပညာရှင်တွေကိုတောင်မှ လှောင်ပိတ်ထားနိုင်ပါတယ်။
လီဖူချန်းက ကျိလင်ချောင်မြက်ကို ရခဲ့တာနဲ့တင် ကျေနပ်နေပါပြီ။ ဒါပေမဲ့လည်း သူက တိုက်ရိုက် စည်းထဲကို ဝင်ပြီး ကံစမ်းချင်နေပါသေးတယ်။
သူ့ရဲ့ အစွမ်းက အဆင့်နိမ့် ပြန်လည် ဝင်စားခြင်း နယ်ပယ်မှာပဲ ရှိရင် ရှိပါလိမ့်မယ်။ ဒါပေမဲ့ သူ့ရဲ့ အသိစိတ် အာရုံကတော့ ပြန်လည် ဝင်စားခြင်း နယ်ပယ်ထက်ကို သာလွန်နေပြီ။ လီဖူချန်းက အဲသည် အချက်ကို အားကိုးပြီး တိုက်ရိုက် စည်းထဲဝင်ကာ ကံစမ်းချင်နေတာပါ။
တိုက်ရိုက်စည်း နယ်နိမိတ်ရဲ့ အကျယ်အဝန်းကတော့ တကယ့်ကို အံ့သြစရာပါပဲ။ အပြင်စည်း နယ်နိမိတ်နဲ့ အတွင်းစည်း နယ်နိမိတ် ပေါင်းလိုက်ရင်တောင်မှ တိုက်ရိုက်စည်း နယ်နိမိတ်ရဲ့ အကျယ်အဝန်း မီမယ့်ဟန် မရှိပါဘူး။ အဆောက်အဦ တစ်ခုနဲ့ တစ်ခုကြားမှာ ရှိနေတဲ့ နေရာလွတ်တွေကလည်း အကျယ်ကြီး ရှိနေတာပါ။
လီဖူချန်းအနေနဲ့ သည်နယ်နိမိတ် ထဲကနေ ဘာမှ ရှာမတွေ့ခဲ့ရင်တောင်မှ ဝမ်းနည်းနေစရာ မရှိပါဘူး။
လီဖူချန်းက သူ့ရဲ့ အခြေအနေကိုတော့ ကောင်းကောင်းကြီး သိတယ်လို့ ဆိုရမှာပါပဲ။ သူက တိုက်ရိုက်စည်းရဲ့ အတွင်းပိုင်းထဲ အထိ မဝင်သွားဘဲနဲ့ တိုက်ရိုက် စည်းအစပ် တစ်လျှောက်မှာသာ သွားလာနေပြီး တစ်ခုခု ရလိုရငြား ရှာဖွေနေတာပါ။
နေ့တစ်ဝက်လောက် လမ်းလျှောက် အပြီးမှာတော့ လီဖူချန်းဟာ ခမ်းနား ထည်ဝါလှတဲ့ စံအိမ်ကြီး တစ်လုံးကို တွေ့လိုက်ရပါပြီ။ စံအိမ်ကြီးရဲ့ အနီးအနားမှာတော့ ရေကန် တစ်ကန်က လွဲပြီး ဘာမှ မရှိပါဘူး။
" သည်စံအိမ်နဲ့ ရေကန်ကို ဝင်္ကပါ အစီအရင်တွေ ချထားတာပဲ ... "
လီဖူချန်းရဲ့ အသိစိတ် အာရုံက ဝင်္ကပါ အစီအရင်တွေ ခင်းထားတာကို အာရုံခံလိုက် မိပါတယ်။
အမှန်အတိုင်း ပြောရမယ် ဆိုရင်တော့ သည်နေရာမှာ ခင်းကျင်းထားတဲ့ ဝင်္ကပါ အစီအရင်ဟာ အတော်လေး သေသပ် လှပါတယ်။ ဒါက ပြန်လည် ဝင်စားခြင်း နယ်ပယ် ပညာရှင်တွေ တောင်မှ အာရုံခံမိဖို့ ခဲယဉ်းတဲ့ အဆင့်၅ ဝင်္ကပါ အစီအရင်ပါပဲ။
" ရေကန်မှာ ခင်းကျင်းထားတဲ့ ဝင်္ကပါက အနည်းဆုံး အဆင့်၅ အကောင်းစား ဝင်္ကပါပဲ။ စံအိမ်မှာ ခင်းကျင်းထားတဲ့ ဝင်္ကပါကတော့ အဆင့်၅ ဝင်္ကပါထက်ကို သာလောက်တယ် "
လီဖူချန်းက ဝင်္ကပါအစီအရင် နှစ်ခုကို အစောပိုင်းက သူတွေ့ခဲ့ရတဲ့ ဝင်္ကပါတွေနဲ့ ချိန်ထိုးကာ နှိုင်းယှဉ် နေမိပါတယ်။
" မဟုတ်သေးဘူး ...။ မြေပြင်ပေါ်မှာလည်း ဝင်္ကပါ အစီအရင် တစ်ခု ရှိနေတာပဲ ... "
ရေကန်ဆီသို့ သွားဖို့ပြင်နေတဲ့ လီဖူချန်းရဲ့ ခြေထောက်တွေဟာ ရပ်တန့် သွားခဲ့ပါပြီ။
သူက မြေပြင်အထက်မှာ စွမ်းအင်မတည်ငြိမ်မှုတစ်ခု ဖြစ်သွားတာကို သတိပြုမိ လိုက်ပါတယ်။ သေသေချာချာ အာရုံစူးစိုက် ထားခြင်း မရှိရင်တော့ သည်အချက်ကို သတိပြုမိမှာ မဟုတ်ပါဘူး။
" ဒါက ဝင်္ကပါ ထောင်ချောက်လား ... "
အဲသည် အကြောင်းကို စဉ်းစားလိုက်မိတာနဲ့ တစ်ပြိုင်နက် လီဖူချန်းဟာ ဇောချွေး ပြန်လာခဲ့ပါပြီ။
သူက ပတ်ဝန်းကျင် တစ်ခုလုံးကို နှံ့စပ်စွာ လေ့လာကြည့်လိုက်တဲ့ အခါမှာတော့ မြေပြင်ပေါ်မှာ ခြေတစ်ဖဝါး ချစရာ ကျောက်ပြား ငယ်လေးတွေ ရှိနေတာကို သတိပြုမိ လိုက်ပါတယ်။
သည်ကျောက်ပြားလေးတွေက အလကား ရှိနေတာတော့ မဟုတ်လောက်ပါဘူး။ ဒါတွေက ရည်ရွယ်ချက် တစ်ခုကြောင့် ရှိနေပုံပါပဲ။
ဒါပေမဲ့ လီဖူချန်းရဲ့ အသိစိတ်အာရုံက သည်ကျောက်ပြား ငယ်လေးတွေက နေပြီး မတူညီတဲ့ ကြိမ်နှုန်းတွေ ထွက်နေတာကို ခံစားနေရပါတယ်။
" ထူးဆန်းလိုက်တဲ့ ဝင်္ကပါ အစီအရင်ပါလား ... "
သူ့ရဲ့ အသိစိတ်အာရုံနဲ့ ၁၅မိနစ်လောက် အကြိမ်ကြိမ် အခါခါ စစ်ဆေးပြီးတဲ့ အခါမှာတော့ လီဖူချန်းဟာ သည်ကျောက်ပြားတွေ အကြောင်း အနည်းငယ် နားလည်စ ပြုသွားပါပြီ။
သည်ကျောက်ပြားတွေက ထောက်ချောက်တွေနဲ့ ရောပြွမ်း နေတာပါ။ အချို့ ကျောက်ပြားတွေက အန္တရာယ်ရှိပြီး အချို့ကျောက်ပြား တွေကတော့ အန္တရာယ် မရှိပါဘူး။ လူတစ်ယောက်က ကျောက်ပြားတွေကို မှားနင်းမိလိုက်တာနဲ့ တစ်ပြိုင်နက် ဝင်္ကပါ အစီအရင်ဟာ အသက် ဝင်လာမှာပါ။ အဲသည်အတွက် မှန်ကန်တဲ့ ကျောက်ပြားတွေကို နင်းမိဖို့ လိုပါတယ်။
ထို့နောက်မှာတော့ လီဖူချန်းဟာ ကျောက်ပြား တစ်ပြားကို စတင် နင်းလိုက်ပါတော့တယ်။ သူနင်းလိုက်တဲ့ ကျောက်ပြားကတော့ ထူးဆန်းတဲ့ ကြိမ်နှုန်းတွေ မရှိတဲ့ ကျောက်ပြားပါပဲ။
ဝင်္ကပါ အစီအရင်ကတော့ အသက်ဝင်လာခြင်း မရှိပါဘူး။
" ငါထင်တဲ့ အတိုင်းပဲ ... "
လီဖူချန်းက သည်ကျောက်ပြားတွေရဲ့ သဘောသဘာဝကို နားလည် သွားခဲ့ပါပြီ။ နောက်ထပ် အသက်ရှူချိန် အနည်းငယ် အကြာမှာတော့ လီဖူချန်းဟာ ရေကန်ဘေးနားကို ရောက်သွား ပါတော့တယ်။
" ဟင် ... ရေကန်ထဲမှာ တစ်ခုခု ရှိနေတာပဲ ... "
လီဖူချန်းက သတိအနေအထားနဲ့ ပြေးဖို့ ခြေလှမ်းတွေ ပြင်ထားခဲ့ပါပြီ။
ရေကန်ထဲမှာ ရှိနေတာကတော့ မိစ္ဆာသားရဲ အရိုးစုကြီး တစ်ခုပါပဲ။
အစီအရင်က အရိုးစုကြီးထံကနေ ထွက်နေတဲ့ ချီအရှိန်အဝါကိုတော့ ဖုံးကွယ် ထားနိုင်ခြင်း မရှိပါဘူး။
သည်ချီ အရှိန်အဝါက အရမ်းကို အားကောင်းလွန်း နေပါတယ်။ သည်လို အရှိန်အဝါက အနည်းဆုံး အဆင့်၅ အလယ်အလတ် အဆင့် မိစ္ဆာသားရဲ ဖြစ်မှ ထုတ်နိုင်တာပါ။
သေဆုံးနေတဲ့ အရိုးစုကနေတောင်မှ အဆင့်၅ အလယ်အလတ်အဆင့် မိစ္ဆာချီတွေကို ထုတ်နိုင်နေမှတော့ သည်အကောင်ကြီးဟာ အသက်ရှင်စဉ်တုန်းက သည်ထက်ပိုပြီး အစွမ်းထက် လောက်ပါတယ်။ သားရဲကြီးဟာ အဆင့်၅ အထွတ်အထိပ်အဆင့် သားရဲကြီးတောင် ဖြစ်ရင် ဖြစ်နေမှာပါ။
အဆင့်၅ အထွတ်အထိပ်အဆင့် မိစ္ဆာသားရဲတောင်မှ သည်ရေကန်မှာ ပိတ်မိနေမှတော့ သည်နေရာမှာ ရှိနေတဲ့ အစီအရင်ဟာ ဘယ်လောက်ကြောက်ဖို့ ကောင်းလည်း ဆိုတာကို ခန့်မှန်းသိရှိနိုင်ပါတယ်။
" ကဲ ... သည်ဝင်္ကပါ အစီအရင်ကို ဖျက်ဖို့ နည်းလမ်း ရှာဦးမှ. ... "
သည်မိစ္ဆာသားရဲရဲ့ အရိုးစုကြီးက လီဖူချန်းအတွက် အသုံးဝင်နေဆဲပါပဲ။ ပြီးတော့ သည်ရေကန်ထဲက ရေတွေကလည်း သာမန် မဟုတ်နိုင်ဘူးလို့ လီဖူချန်း တစ်ယောက် ခံစားနေမိပါတယ်။
သူ့ရဲ့ အသိစိတ်နဲ့ သုံးရက်တိုင်တိုင် မနားမနေ ရှာဖွေပြီးတဲ့ အခါမှာတော့ လီဖူချန်းဟာ အစီအရင်နဲ့ အားနည်းနေတဲ့ နေရာလေးတစ်ခုကို တွေ့သွားခဲ့ပါပြီ။
အဲသည် အားနည်းချက်က နေရာ အတည်တကျ မရှိဘဲ ဝင်္ကပါ အစီအရင် အနှံ့ လျှောက်သွားနေတာပါ။
" ပျက်စီးစမ်း "
လီဖူချန်းက သူ့ရဲ့ ဓားနဲ့ အားနည်းချက်နေရာကို အားကုန် ခုတ်ချ ပစ်လိုက်ပါတယ်။
ဘန်း ...
အားကောင်းလှတဲ့ ဝင်္ကပါအစီအရင်ရဲ့ တန်ပြန် သက်ရောက်မှုကိုတော့ လီဖူချန်းတစ်ယောက် ကောင်းကောင်းကြီး ခံစားလိုက်ရပါပြီ။
" ဝေါ့ "
လီဖူချန်း တစ်ယောက်တော့ သွေးစိမ်းရှင်ရှင် အန်ရင်းနဲ့ အနောက်ကို လွင့်ထွက် သွားခဲ့ပါတယ်။ အရှိန်က ဘယ်လောက်အထိ ပြင်းသလည်း ဆိုတော့ သူ့ရဲ့ ခန္ဓာကိုယ် ဟန်ချက်ကို ပြန်ထိန်းဖို့ အတွက် လီဖူချန်းဟာ ပြောင်းလဲခြင်း ကိုးပါး ခရမ်းရောင်ချီ နတ်ဘုရား အတွင်းအားကိုပါ ထုတ်လိုက်ရတဲ့ အထိပါပဲ။
" အား ... ငါ့ရဲ့ ခွန်အားက မလုံလောက်သေးတာလား ... "
လီဖူချန်းက သူ့ရဲ့ ပြောင်းလဲခြင်းကိုးပါး ခရမ်းရောင်ချီ နတ်ဘုရား အတွင်းအားနဲ့ ကြေးဝါဓားချီတွေကို ရောနှောအသုံးပြုပြီး အစီအရင်ရဲ့ ရွေ့လျားနေတဲ့ အားနည်းချက်ကို ခုတ်ချ လိုက်ပြန်ပါတယ်။
ဖန်း ... ဖန်း ... ဖန်း ... …
သည်တစ်ခါမှာတော့ ဝင်္ကပါ အစီအရင်ကြီးဟာ ပျက်စီး သွားခဲ့ပါပြီ။
ပူပြင်းလှတဲ့ ချီအရှိန်အဝါကြီး တစ်ခုဟာလည်း ကောင်းကင်ယံသို့တိုင် ထိုးတက် သွားခဲ့ပါတယ်။
" အဲဒါက ဘယ်သူ့ရဲ့ ချီအရှိန်အဝါလဲ ..."
ရေကန်နဲ့ မိုင်ပေါင်း အနည်းငယ် ကွာဝေးတဲ့ အရပ်မှာတော့ ကျွဲဦးခေါင်းနဲ့ လူသား ခန္ဓာကိုယ်ရှိတဲ့ ကျွဲမိစ္ဆာကြီး တစ်ကောင် ရှိနေပါတယ်။ သူက သည်ချီအရှိန်အဝါကို ခံစားနေရင်းနဲ့ တစ်ခုခုကို စားချင်ဝါးချင်သလို ဖြစ်လာခဲ့ပါပြီ။
" ဒါ ... လူသားတစ်ယောက်ပဲ ... "
ဟူး ... ဟူူး ...
ကျွဲမိစ္ဆာကြီးက ချီအရှိန်အဝါ ထွက်ပေါ်လာရာ နေရာဆီသို့ တစ်ချိုးတည်း ပြေးထွက် သွားခဲ့ပါပြီ။
*****
" လာစမ်း "
လီဖူချန်းက သူ့ရဲ့ လေဟာနယ် လက်ဝါးနဲ့ မိစ္ဆာသားရဲ အရိုးစုကြီးကို ဆွဲယူ လိုက်ပါတယ်။ ဒါပေမဲ့လည်း သူ့ရဲ့ လေဟာနယ် လက်ဝါးက ရည်ရွယ်ရာကို မရောက်ခဲ့ပါဘူး။
သူ့ရဲ့ ချီအတွင်းအားတွေဟာ ကန်ရေပြင်နဲ့ ထိတာနဲ့ တစ်ပြိုင်နက် ပျက်ပြယ် သွားခဲ့ပါတယ်။
" ဟာ ... ဘာဖြစ်ရတာလဲကွာ ... "
လီဖူချန်းကတော့ လုံးဝ မခံစားနိုင်တော့ပါဘူး ။ သူ့အဖြစ်က မြင်သာမြင် မကြင်ရ ဆိုသလိုပါပဲ။
အဲသည်အချိန်မှာပဲ တစ်ဟုန်ထိုး ပြေးလာနေတဲ့ ကျွဲမိစ္ဆာကြီးဟာ လီဖူချန်းကို တွေ့မြင် သွားခဲ့ပါပြီ။
" သည်ချီအရှိန်အဝါက ရေကန်ကနေ လာနေတာကိုး ...။ သေလိုက်စမ်း လူသား ... "
ကျွဲမိစ္ဆာကြီးက သည်နေရာမှာ ဝင်္ကပါ အစီအရင်တွေ ရှိနေတာကို သတိထားမိပုံ မပေါ်ပါဘူး။ သူက ရေကန်နားမှာ ရပ်နေတဲ့ လီဖူချန်းကို မြင်လိုက်တာနဲ့ တစ်ပြိုင်နက် အားရပါးရ ခုန်ပြီး ထိုးချ လိုက်ပါတယ်။
" အိုး. ... အဲဒါကက ဉာဏ်များတဲ့ မိစ္ဆာကျွဲအိုကြီးပဲ ... "
လီဖူချန်းက သူ့ဆီကို ခုန်ဝင်လာတဲ့ ကျွဲမိစ္ဆာကြီးကို ကောင်းကောင်းကြီး မှတ်မိနေပါတယ်။ သည်ကောင်ကြီးက အလင်းတမာန်ဂိုဏ်းရဲ့ အထွဋ်ခေါင်ချုပ် အကြီးအကဲဖြစ်သူ ကောဟိုင်နဲ့ တိုက်ခိုက်ခဲ့တဲ့ ကျွဲမိစ္ဆာကြီးပါ။ သည်ကောင်ကြီးကိုတော့ လီဖူချန်းအနေနဲ့ ဘယ်လိုမှ ယှဉ်နိုင်စရာ အကြောင်း မရှိပါဘူး။
ဒါပေမဲ့လည်း မြေပြင်ပေါ်မှာ အစီအရင်တွေ ရှိနေဆဲပါပဲ။
ချွမ် ... ချွမ် ... ချွမ် ... …
မြေပြင်ပေါ်မှာ ရှိနေတဲ့ ဝင်္ကပါ အစီအရင်ကတော့ အသက် ဝင်လာခဲ့ပါပြီ။ မြေကြီးထဲကနေ သင်တုန်းဓား သဖွယ် ထက်မြနေတဲ့ မြက်ရိုင်းပင်တွေဟာ ရုတ်တရက် ပေါ်ထွက်လာပြီး ကျွဲမိစ္ဆာကြီးကို ခုတ်ပိုင်း ပစ်လိုက်ကြပါတယ်။
ရွှမ်း...ရွှမ်း...ရွှမ်း ... ရွှမ်း ...
သည်မြက်ရိုင်းပင်တွေရဲ့ ထက်ရှမှုကတော့ တကယ့်ကို အံ့မခန်းပါပဲ။ မိစ္ဆာကျွဲကြီးတောင်မှ သည်မြက်ရိုင်းပင်တွေရဲ့ တိုက်ခိုက်မှုကို မခံနိုင်ခဲ့ပါဘူး။
ဝေါင်း ... ဝေါင်း ... ဝေါင်း ... …
ဂါး ... ဂရား ...
မျက်စိတစ်မှိတ် အတွင်းမှာပဲ အဆင့်၅ အလယ်အလတ် အဆင့် မိစ္ဆာသားရဲကြီးဟာ အရိုးတခြား အသားတခြား ဖြစ်သွားခဲ့ပါပြီ။ ကျွဲမိစ္ဆာကြီးဟာ သူ့ရဲ့သားရဲ ပုံကိုတောင် ပြောင်းချိန် မရလိုက်ပါဘူး။
ကျွဲမိစ္ဆာကြီးကို သတ်ဖြတ်ပြီးချိန်မှာတော့ မြေပြင်ဟာ နဂိုမူလ ပုံစံအတိုင်း ပြန်ဖြစ် သွားခဲ့ပါပြီ။
" အမယ်လေး ... တော်သေးလို့ပါလားကွာ ... "
လီဖူချန်းက အရိုးတခြား အသားတခြား ဖြစ်သွားတဲ့ ကျွဲမိစ္ဆာကြီးကို ကြည့်ပြီး သက်ပြင်း ချနေမိပါတယ်။
အစောပိုင်းတုန်းက သူသာ မြေပြင်ပေါ်က စွမ်းအင်ကြိမ်နှုန်း တချို့ကိုသာ သတိ မပြုမိခဲ့ရင်တော့ တကယ့်ကို မတွေးဝံ့စရာပါပဲ။
လီဖူချန်းဟာ ရေကန်ထဲက အရိုးစုကို ဆယ်ယူဖို့အတွက် လက်လျှော့လိုက်ပါပြီ။ သူက သူ့ရဲ့ ပစ်မှတ်ကို စံအိမ်ကြီးဘက် ပြန်ပြောင်းလိုက်ပါပြီ။
အစောပိုင်းတုန်းက ရေကန်ရဲ့ အစီအရင်ကို ဖျက်ဆီးတဲ့ နေရာမှာ အတွေ့အကြုံ ရခဲ့တဲ့ လီဖူချန်းဟာ သည်စံအိမ်ကြီးရဲ့ အစီအရင်ကိုလည်း ဖျက်ဆီး နိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။ ဒါပေမဲ့ အဲသည် အစီအရင်က အဆင့်၆ ဝင်္ကပါ ဖြစ်မနေဖို့တော့ လိုတာပေါ့လေ။
***