စံအိမ်ထဲက မဟာကံကောင်းမှု
Vol. 26 Ch. 352
သည်စံအိမ်ကို အကာအကွယ် ပေးထားတဲ့ ဝင်္ကပါအစီအရင်ဟာ လီဖူချန်း ထင်ထားတာ ထက်ကို တောင်မှ ပိုကောင်းမွန် နေပါတယ်။ သူ တစ်ပတ်လုံးလုံး မနားမနေဘဲ ကြိုးစားပမ်းစား ရှာဖွေခဲ့ ပေမဲ့လည်း ဝင်္ကပါအစီအရင်ရဲ့ အားနည်းချက်ကို ရှာမတွေ့ခဲ့ပါဘူး။
" နှစ်ပေါင်း၂၀၀၀ ကြာခဲ့တာတောင်မှ သည်ဝင်္ကပါ အစီအရင်က အားနည်းချက် ရှိမနေတာလား ...။ ဒါက လုံးဝ မဖြစ်နိုင်ဘူး။ ကြည့်ရတာ ငါ့ရဲ့ အသိစိတ် အာရုံကပဲ သည်ဝင်္ကပါ အစီအရင်ရဲ့ အားနည်းချက်ကို ရှာနိုင်ဖို့ အတွက် မလုံလောက် သေးတာပဲ ဖြစ်ရမယ် "
လီဖူချန်းက အတော်လေးကို စိတ်အားလျော့ နေပါပြီ။ ဒါပေမဲ့ သူက သည်လောက်အထိ အချိန်တွေ ဖြုန်းထားပြီးမှတော့ လက်လျှော့ပြီး ပြန်မသွားချင်ပါဘူး။
ထို့နောက်မှာတော့ သူဟာ နေရာတစ်ခုချင်းစီကို သေသေချာချာ အချိန်ပေးပြီး သူ့ရဲ့ အသိစိတ် အာရုံနဲ့ ဆန်းစစ် ကြည့်ပါတော့တယ်။
" အိုး ... ဒါက ချီအရှိန်အဝါ တစ်ခုပဲ "
ရက်အနည်းငယ် အကြာမှာတော့ နောက်ထပ် မိစ္ဆာသားရဲကြီး တစ်ကောင်ဟာ လီဖူချန်း ရှိနေရာသို့ ရောက်လာပြန်ပါတယ်။
အဲဒါကတော့ အဆင့်၅ အဆင့်မြင့် မိစ္ဆာသားရဲဖြစ်တဲ့ ငွေဝက်ဝံပါပဲ။
ငွေဝက်ဝံရဲ့ ခန္ဓာကိုယ် ပေါ်မှာတော့ အမွှေးအမျှင်တွေ ရှိမနေဘဲ ငွေရောင် သတ္တု အပိုင်းအစလေးတွေ ရှိနေပါတယ်။ ကောလာဟလတွေ အရ ဆိုရင်တော့ သည်မိစ္ဆာသားရဲရဲ့ ခံနိုင်ရည်က အဆင့်၅ အထွတ်အထိပ် အဆင့် သားရဲတွေထက်ကို သာလွန်ပါတယ်တဲ့။
ကျွဲမိစ္ဆာကြီးလိုပါပဲ။ သည်ငွေဝက်ဝံကလည်း လီဖူချန်းနဲ့ ရေကန်ထဲက မိစ္ဆာသားရဲကြီးရဲ့ ချီအရှိန်အဝါတွေကို အာရုံခံမိတဲ့အတွက် သည်နေရာကို ရောက်လာခဲ့တာပါ။
ဂါး ... ဂရား ...
ငွေဝက်ဝံကြီးက လီဖူချန်းကို တွေ့လိုက်တာနဲ့ တစ်ပြိုင်နက် ဒေါသကြီးစွာဖြင့် ပြေးဝင် လာခဲ့ပါတယ်။ သူက သည်နေရမှာ ရှိနေတဲ့ မြေပြင်ကို သာမန် မြေပြင်တစ်ခုဟု ထင်နေပုံပါပဲ။
ချွမ် ... ချွမ် ... ချွမ် ...
ဝင်္ကပါအစီအရင်ကတော့ အသက်ဝင် လာခဲ့ပါပြီ။ မြေပြင်ထဲကနေ ထွက်ပေါ်လာတဲ့ မြက်ရိုင်းပင်တွေဟာ ငွေဝက်ဝံကြီးကို တိုက်ခိုင်လိုက်ပြန်ပါတယ်။
ထန်... ထန်...ထန် ... ထန် ...
ငွေဝက်ဝံရဲ့ ခန္ဓာကိုယ်က အလွန်အမင်း မာကျောပုံပါပဲ။ သင်တုန်းဓားသမျှ ထက်ရှနေတဲ့ မြက်ရိုင်းပင်တွေက ငွေဝက်ဝံကိုတော့ အရိုးတခြား အသားတခြား ဖြစ်အောင် စွမ်းဆောင်နိုင်ခြင်း မရှိပါဘူး။ သည်မြက်ရိုင်း ပင်တွေရဲ့ တိုက်ခိုက်မှုက ငွေဝင်ဝံရဲ့ ခန္ဓာကိုယ်ပေါ်မှာ ခြစ်ရာလေးတွေသာ ထင်ကျန် စေခဲ့ပါတယ်။ သူ့ရဲ့ ခန္ဓာကိုယ်ပေါ်မှာ ရှိတဲ့ ငွေ သတ္တုပြားလေးတွေနဲ့ မြက်ရိုင်းပင်တို့ရဲ့ ထိပ်တိုက် တွေ့ဆုံမှုကြောင့် မီးပွားလေးတွေတောင် တလက်လက် တောက်ပနေပါသေးတယ်။
ဒါပေမဲ့ အချိန်ကြာလာတာနဲ့ အမျှ ငွေဝက်ဝံဟာ မြက်ရိုင်းပင်ရဲ့ တိုက်ခိုက်မှုကို တောင့်ခံနိုင်ခြင်း မရှိတော့ပါဘူူး။
အရာရာတိုင်းမှာ ကန့်သတ်ချက်ဆိုတာ ရှိပါတယ်။ မာလှပါတယ် ဆိုတဲ့ ကျောက်တန်းကြီး တွေတောင်မှ ရေတိုက်စားတာကို ခံရသေးတာပင် မဟုတ်ပါလား။
ရွပ် ... ရွပ် ... ရွပ် ...
နောက်ဆုံးမှာတော့ ငွေဝက်ဝံကြီးရဲ့ ခန္ဓာကိုယ်ကြီးဟာ မြက်ရိုင်းပင်တွေရဲ့ အဆက်မပြတ် တိုက်ခိုက်မှုကြောင့် အပိုင်းပိုင်း အစစ ဖြစ်သွား ပါတော့တယ်။
" အဆင့်၅ အဆင့်မြင့် မိစ္ဆာသားရဲတောင်မှ သည်ဝင်္ကပါ အစီအရင်ရဲ့ တိုက်ခိုက်မှုကို တောင့်မခံနိုင်ဘူးလား ... "
လီဖူချန်းက သည်မြေကွက်လပ်ပေါ်မှာ ခင်းကျင်းထားတဲ့ ဝင်္ကပါ အစီအရင်ရဲ့ ကြောက်စရာ ကောင်းပုံကို ပိုပိုပြီး နားလည် လာခဲ့ပါပြီ။
အဆင့်၅ အထွတ်အထိပ်အဆင့် မိစ္ဆာသားရဲတွေတောင်မှ သည်ဝင်္ကပါ အစီအရင်ထဲကို ရောက်သွားခဲ့ရင် မရှုမလှ အပိုင်းပိုင်းပြတ်ပြီး သေပွဲဝင်ရမှာပါ။ သာမန် အဆင့်မြင့် ပြန်လည် ဝင်စားခြင်း နယ်ပယ် ပညာရှင်ဆိုရင်တော့ ဘယ်လောက်မှကို ခံမှာ မဟုတ်ပါဘူး။
ထို့နောက်မှာတော့ လီဖူချန်းက ငွေဝက်ဝံ အကြောင်းကို ခေါင်းထဲက ထုတ်လိုက်ပြီး စံအိမ်ကို အကာအကွယ် ပေးထားတဲ့ ဝင်္ကပါ အစီအရင် အကြောင်းကိုသာ အာရုံစိုက်လိုက်ပါတယ်။
နောက်ဆုံးမှာတော့ မလျှော့သော ဇွဲလုံ့လရဲ့ အသီးအပွင့်ကို လီဖူချန်း တစ်ယောက် ခံစားခဲ့ရပါပြီ။ ငွေဝက်ဝံကြီး သေပြီးလို့ ၇နာရီလောက် အကြာမှာတော့ လီဖူချန်းဟာ ဝင်္ကပါ အစီအရင်ရဲ့ အားနည်းချက် တစ်ခုကို ရှာတွေ့သွားပါတော့တယ်။
သူ့ရဲ့ အသိစိတ်အာရုံကို အပါးလျဆုံး အခြေအနေ တစ်ခုအထိ ပြောင်းလဲ လိုက်တဲ့အခါမှာ ဆိုရင် သူ့ရဲ့ အသိစိတ် အာရုံဟာ ဝင်္ကပါရဲ့ အချို့နေရာတွေကို တိုးဝင် သွားနိုင်စွမ်း ရှိလာပါတယ်။
သူ့ရဲ့ အသိစိတ်အာရုံ တိုးဝင် သွားလာနိုင်စွမ်း ရှိတဲ့ နေရာတွေကတော့ ဝင်္ကပါ အစီအရင်ရဲ့ အားနည်းချက် နေရာတွေပါပဲ။ ထို့နောက်မှာတော့ လီဖူချန်းဟာ အားနည်းချက်တွေ တစ်ခုပြီးတစ်ခု တွေ့လာခဲ့ပါပြီ။
သူ့အနေနဲ့ သည်အားနည်းချက် တွေထဲက အားအပျော့ဆုံး နေရာတစ်ခုကို ဖျက်ဆီးဖို့ပဲ ကျန်ပါတော့တယ်။
ဒါပေမဲ့ လီဖူချန်းက ဝင်္ကပါ အစီအရင်ကို ဖျက်ဆီးဖို့အတွက် အလျင်စလို မလုပ်ရဲ သေးပါဘူး။ အရှေ့ တစ်ခေါက်တုန်းက အလျင်စလို ပြုလုပ်လိုက်တဲ့ အတွက် သူဟာ သွေးစိမ်းရှင်ရှင် အန်ခဲ့ ရပြီးပါပြီ။
အကြိမ်ကြိမ် အခါခါ စစ်ဆေးပြီးလို့ သေချာပြီဆိုမှ လီဖူချန်းဟာ သူ့ရဲ့ ဘုံခုနစ်ဆင့် ကောင်းကင်ဓားကို ထုတ်လိုက်ပါတယ်။ သည်တစ်ခါမှာတော့ လီဖူချန်းဟာ သူ့ရဲ့ ဓားနက်ကြီးကို သုံးဖို့အတွက် ယုံကြည်ချက် မရှိပါဘူး။
" ပျက်စီးစမ်း "
ပြောင်းလဲခြင်းကိုးပါး ခရမ်းရောင်ချီ နတ်ဘုရားအတွင်းအားနဲ့ ကြေးဝါဓားချီတွေကို အသက်သွင်းပြီးတဲ့ နောက်မှာတော့ လီဖူချန်းဟာ ဝင်္ကပါအစီအရင်ရဲ့ အားအနည်းဆုံး နေရာကို ခုတ်ပိုင်း ပစ်လိုက်ပါပြီ။
ခရပ် ...
ဘုံခုနစ်ဆင့် ကောင်းကင်ဘုံ ဓားဟာ မမြင်ရတဲ့ အရာတစ်ခုခုကို ခုတ်ပိုင်း မိလိုက်တယ်လို့ လီဖူချန်း တစ်ယောက် ခံစားမိလိုက်ပါတယ်။
ဝင်္ကပါ အစီအရင်ရဲ့ စွမ်းအင်ကြိမ်နှုန်းတွေက အနည်းငယ် မတည်မငြိမ် ဖြစ်လာခဲ့ပါပြီ။ ဒါပေမဲ့ ဝင်္ကပါ အစီအရင်က လုံးလုံးလျားလျားကြီး ပျက်စီး သွားတာ မဟုတ်သေးပါဘူး။
"ပျက်စီးစမ်းကွာ ... "
လီဖူချန်းက ဘုံခုနစ်ဆင့် ကောင်းကင်ဘုံ ဓားကို လက်နှစ်ဖက်ဖြင့် ကျစ်ကျစ်ပါအောင် ဆုပ်ပြီး အားကုန် ခုတ်ချပစ်လိုက် ပြန်ပါတယ်။
ဝုန်း ...
ပေါက်ကွဲသံကြီး တစ်ခုနဲ့အတူ ရောင်စဉ်တန်းတွေ ဖြာထွက် လာပြီးနောက်မှာတော့ ဝင်္ကပါ အစီအရင်ဟာ ပျက်ပြယ် သွားခဲ့ပါပြီ။
ထို့နောက်မှာတော့ လီဖူချန်းဟာ စံအိမ်ရဲ့ ခြံဝင်းတံခါးကို တွန်းဖွင့်ကာ အထဲသို့ ဝင်သွားပါတော့တယ်။
လီဖူချန်းရဲ့ မြင်ကွင်းထဲကို ပထမဦးဆုံး ဝင်လာတာကတော့ ခြောက်သွေ့စ ပြုနေတဲ့ သစ်ပင်ကြီး တစ်ပင်ပါပဲ။ အဲသည် သစ်ပင်ကြီးရဲ့ အကိုင်းတစ်ခုမှာတော့ ဝါကျင့်ကျင့် ပန်းလေးတစ်ပွင့် ပွင့်နေပါတယ်။ လီဖူချန်းက အဝေးကနေ တောင်မှ သည်ပန်းပွင့်ရဲ့ သင်းပျံ့တဲ့ မွေးရနံ့ကို ရနေပါတယ်။
" ငါ့ရဲ့ ခန္ဓာကိုယ်က ပိုပြီးတော့ သက်တော့သက်သာ ရှိလာပါလား ...။ ဒါက ဘာပန်းပါလိမ့် ... "
လီဖူချန်းက အနည်းငယ် အံ့အားသင့်သွား မိပါပြီ။
သူ့ရဲ့ ခန္ဓာကိုယ်က မိစ္ဆာသားရဲ သွေးအဆီအနှစ်တွေကို အများကြီး စုပ်ယူထားမိတဲ့ အတွက် ကိုယ်တွင်း အင်္ဂါတွေထဲမှာ မသန့်စင်တဲ့ မိစ္ဆာဓာတ်တွေ ကျန်နေခဲ့ပါတယ်။ အဲသည် အကျိုးဆက် ကတော့ လီဖူချန်းအနေနဲ့ ကိုယ်လက် မအီမသာ ခံစားရတာပါပဲ။ ဒါပေမဲ့ သည်ပန်းပွင့်လေးရဲ့ ရနံ့ကို ရှူရှိုက် လိုက်ရုံနဲ့တင် အဲသည်ခံစားမှုတွေက ယူပစ် လိုက်သလိုကို ပျောက်သွားခဲ့ပါပြီ။
တကယ်လို့သာ အတွေ့အကြုံရင့်တဲ့ ပြန်လည် ဝင်စားခြင်းနယ်ပယ် ပညာရှင် တစ်ယောက် ဆိုရင်တော့ သည်သစ်ပင်ကို မြင်လိုက်တာနဲ့ တန်းပြီး သိလောက်မှာပါ။ ဒါက လိပ်ပြာငင် သစ်ပင်ဖြစ်ပြီး သစ်ကိုင်းပေါ်က ပန်းကတော့ လိပ်ပြာငင်ပန်းပွင့် ဖြစ်ပါတယ်။
လိပ်ပြာငင်ပန်းပွင့်ဟာ ပြန်လည် ဝင်စားခြင်း နယ်ပယ် ပညာရှင်တွေ အဖို့တော့ အရမ်း အဖိုးထိုက်တန်တဲ့ ပန်းပွင့် တစ်ပွင့်ပါပဲ။ သည်ပန်းပွင့်ဟာ ပြန်လည် မွေးဖွားခြင်း မှော်ဆေးရည်ကို ပြုလုပ်တဲ့နေရာမှာ အသုံးပြုရတဲ့ အရေးအကြီးဆုံး ပါဝင်ပစ္စည်း ဖြစ်ပါတယ်။ သည်ပန်းပွင့်ချည်း သီးသန့်ကိုမှ မသန့်စင်မှုတွေကို သန့်စင်ပေးနိုင်တဲ့ အစွမ်း ရှိပါတယ်။
လိပ်ပြာငင် သစ်ပင်တွေဟာ နှစ်ပေါင်းတစ်ရာကြာမှ တစ်ခါသာ ပွင့်တာပါ။ အပင်ရဲ့ သက်တမ်းကိုတော့ ပန်းပွင့် အရေအတွက်ကို ကြည့်ပြီး သိရှိနိုင်ပါတယ်။ နှစ်ပေါင်းတစ်ရာ သက်တမ်းရှိတဲ့ လိပ်ပြာငင် သစ်ပင် တစ်ပင်ဟာ ပန်းပွင့်ဆယ်ပွင့်သာ ပွင့်ပြီး နှစ်ပေါင်းတစ်ထောင် သက်တမ်းရှိတဲ့ လိပ်ပြာငင် သစ်ပင်ဟာ ပန်းပွင့်တစ်ရာ ပွင့်ပါတယ်။
လိပ်ပြာငင်သစ်ပင်တွေနဲ့ ပက်သက်တဲ့ ကောလာဟလတွေကတော့ အများကြီးပါပဲ။ တချို့က ပြောကျတာကတော့ လိပ်ပြာငင် သစ်ပင်တစ်ပင်ဟာ နှစ်ပေါင်း တစ်သောင်းတိတိ သက်တမ်း ရှိသွားပြီဆိုရင် ရွှေရောင် လိပ်ပြာငင်ပန်း ဆယ်ပွင့်တိတိ ပွင့်ပါတယ်တဲ့။ အဲသည် ရွှေရောင် လိပ်ပြာငင်ပန်းတွေကိုတော့ မသေမျိုး လိပ်ပြာငင်ပန်းလို့ ခေါ်ပါတယ်။
ဒါပေမဲ့လည်း လိပ်ပြာငင် သစ်ပင်တစ်ပင်ဟာ နှစ်ပေါင်း တစ်သောင်းအထိ ရှင်သန်ဖို့ကတော့ မလွယ်ပါဘူး။ သည်သစ်ပင်ဟာ ကောင်းကောင်း ရှင်သန်ဖို့အတွက် အစာအဟာရ ကောင်းကောင်းကြီး လိုအပ်ပါတယ်။ အစာအဟာရ နည်းနည်းလေး မလောက်မင ဖြစ်သွားပြီ ဆိုတာနဲ့ လိပ်ပြာငင် သစ်ပင်တွေဟာ ခြောက်သွေ့ သွားပါပြီ။ အဲသည်လို ဖြစ်သွားရင်တော့ နတ်ရေစင် ပက်ဖျန်းပေးရင်တောင်မှ လိပ်ပြာငင် သစ်ပင်တွေဟာ ပြန်လည် စိမ်းစိုလာတော့မှာ မဟုတ်ပါဘူး။
လီဖူချန်းက သူ့ရဲ့လက်ကို ဆန့်ထုတ်လိုက်ပြီး ဝါကျင့်ကျင့် ပန်းပွင့်လေးကို ညင်သာစွာ ခူးယူလိုက်ပါတယ်။
ခရက် ...
လီဖူချန်းရဲ့ လက်ထဲကို ပန်းပွင့်လေး ရောက်သွားပြီးတဲ့ နောက်မှာတော့ သစ်ပင်ခြောက်ကြီးရဲ့ အသက်ဓာတ်တွေကတော့ ချုပ်ငြိမ်း သွားခဲ့ပါပြီ။
လီဖူချန်းက ပန်းပွင့်လေးကို ကျောက်စိမ်း သေတ္တာတစ်ခုထဲ ထည့်လိုက်ပြီး သိမ်းဆည်း လိုက်ပါတယ်။ ထို့နောက်မှာတော့ သူက သစ်ပင်ခြောက်ကြီးကို အကဲခတ်လိုက်ပြီး
" သည်သစ်ပင်က တကယ် သေသွားတာလားဟ။ နှမြောစရာကြီးကွာ ... " ဟု ရေရွတ် လိုက်ပါတယ်။
ခြံဝင်းထဲမှာတော့ သစ်ပင်ကြီးလွဲပြီး ဘာမှ မရှိတော့ပါဘူး။
အချိန်အတန်ကြာ စစ်ဆေးပြီးတဲ့ နောက်မှာတော့ လီဖူချန်းဟာ စံအိမ်ထဲကို ဝင်သွားခဲ့ပါပြီ။
ကျွီ ...
လီဖူချန်းက စံအိမ်ထဲက အခြေအနေကို သေသေချာချာ စစ်ဆေးကြည့်ရှု လိုက်ပါတယ်။
စံအိမ်ထဲမှာတော့ အခန်းလေးခန်းပဲ ရှိပါတယ်။ အဲဒါတွေကတော့ အိက်ခန်း၊ ဧည့်ခန်း၊ ဆေးဖော်စပ်တဲ့ အခန်းနဲ့ ကျင့်ကြံတဲ့ အခန်းတွေပါပဲ။ အိပ်ခန်းနဲ့ ဧည့်ခန်းထဲမှာတော့ ဘာမှ ရှိမနေပါဘူး။
ဆေးဖော်စပ်တဲ့ အခန်း ... ...။
ဆေးဖော်စပ်တဲ့ အခန်းထဲမှာတော့ ဆေးမီးဖိုတစ်လုံး ရှိနေတဲ့အပြင် နံရံပေါ်မှာလည်း ဘူးသီးခြောက် တစ်လုံးကို ချိတ်ဆွဲထားပါတယ်။
ဆေးမီးဖိုပေါ်မှာတော့ ဘာမှ ရှိမနေပါဘူး။ ဒါပေမဲ့ ဘူးသီးခြောက်ကို ခါလိုက်တဲ့ အခါမှာတော့ အထဲမှာ အရည်တချို့ ရှိနေတာကို လီဖူချန်း တစ်ယောက် သိလိုက်ရပါတယ်။
" မှော်ဆေးရည်တွေ "
လီဖူချန်းရဲ့ မျက်လုံးတွေကတော့ အရောင် တောက်သွားခဲ့ပါပြီ။ သူက အလျင်အမြန်ပဲ ဘူးသီးခြောက် အဖုံးကို ဆွဲဖွင့်လိုက်ပါတယ်။
" ဟား ... မွှေးလိုက်တဲ့ ဆေးနံ့ကွာ ... "
စိတ်ကို ကြည်လင် လန်းဆန်းစေတဲ့ မှော်ဆေးရည်နံ့ဟာ အခန်းတစ်ခုလုံးကို ထုံသင်းကြိုင် သွား စေပါပြီ။
" ဒါက သန္ဓေတည် မှော်ဆေးရည်ပဲ "
လီဖူချန်းက သန္ဓေတည် မှော်ဆေးရည်ကို မြင်တော့ မမြင်ဖူးပါဘူး။ ဒါပေမဲ့ သူ့ရဲ့ မသိစိတ်က ဒါဟာ အကြီးအကဲ ခေါင်ချုပ် ဇောင်ဝူကျင်း အငမ်းမရ လိုချင်နေတဲ့ သန္ဓေတည် မှော်ဆေးရည်လို့ ပြောနေပါတယ်။
သည်ဘူးသီးခြောက် ထဲမှာတော့ သန္ဓေတည် မှော်ဆေးရည် သုံးငုံစာ ရှိနေပါတယ်။ သည်မှော်ဆေးရည်တွေက တကယ့်ကို အဖိုးဖြတ်လို့ မရပါဘူး။
ထို့နောက်မှာတော့ လီဖူချန်းဟာ ဘူးသီးခြောက်ကို အဖုံးပိတ်ပြီး သိုလှောင်အိတ်ထဲသို့ ထည့်လိုက် ပါတော့တယ်။ သူ့ရဲ့ မျက်နှာကတော့ ပြုံးလို့ရွှင်လို့ပါပဲ။ မှိုရတဲ့ မျက်နှာဆိုတာက လီဖူချန်းရဲ့ အခုဖြစ်နေတဲ့ မျက်နှာမျိုးကို ပြောတာပဲ ဖြစ်မှာပါ။
လီဖူချန်းက သည်သန္ဓေတည် ဆေးရည်ကို သောက်သုံးမှာတော့ မဟုတ်ပါဘူး။ သူက သန္ဓေတည် ဆေးရည် တစ်ငုံကို ဇောင်ဝူကျင်းကို သောက်ခိုင်းပြီး ကျန်တာကို လေလံတင် ရောင်းစားရင် ကောင်းမလားလို့ စဉ်းစားနေပါတယ်။
အရှေ့ယူနီကွန်း တိုက်ကြီးမှာက ကောင်းကင်နယ်ပယ် အထွတ်အထိပ်မှာ တစ်နေတဲ့ ပညာရှင်တွေက အများသားပင် မဟုတ်ပါလား။
လီဖူချန်းအနေနဲ့ သည်သန္ဓေတည် မှော်ဆေးရည်ကို အမှီပြုပြီး အများကြီး လုပ်စားလို့ ရပါတယ်။
ဆေးဖော်စပ်တဲ့ အခန်းထဲမှာ ဘာမှမရှိတော့ဘူး ဆိုတာ သေချာ သွားတဲ့နောက်မှာတော့ လီဖူချန်းဟာ ကျင့်ကြံခြင်းအခန်းသို့ မျှော်လင့်ချက် အပြည့်ဖြင့် ဦးတည် သွားပါတော့တယ်။
စိတ်မကောင်းစရာ ပါပဲ။ ကျင့်ကြံခြင်း အခန်းထဲမှာတော့ တရားထိုင်တဲ့ ဖျာတစ်ချပ်က လွဲပြီး ဘာမှ မရှိပါဘူး။
" သည်ဖျာ ... "
လီဖူချန်းရဲ့ အသိစိတ်အာရုံကတော့ သည်ဖျာဟာ သာမန် ဖျာတစ်ချပ် မဟုတ်ဘူး ဆိုတာကို အာရုံ ရနေပါတယ်။
ရုတ်တရက် ကြည့်လိုက်မယ် ဆိုရင်တော့ ဒါက သာမန် ဖျာတစ်ချပ်ပါပဲ။ ဒါပေမဲ့ လီဖူချန်းဟာ သည်ဖျာကနေ စိမ့်ထွက်နေတဲ့ ချီအရှိန်အဝါ တစ်ခုကို ခံစားနေမိပါတယ်။
အတန်ကြာ တွေဝေနေပြီးတဲ့ နောက်မှာတော့ လီဖူချန်းဟာ ထိုဖျာအပေါ်မှာ ထိုင်ချလိုက်ပါပြီ။
ချွင် ... ချွင် ...
ရုတ်တရက် ဆိုသလို အဝါရောင် အလင်းတန်းတွေ ထွက်ပေါ်လာပြီး လီဖူချန်းကို လွှမ်းခြုံ သွားပါတော့တယ်။
လီဖူချန်းရဲ့ စိတ်နှလုံးဟာ တည်ငြိမ်အေးချမ်း သွားခဲ့ပါပြီ။ ဒါက ကမ္ဘာပေါ်မှာ သူတစ်ယောက်တည်း ရှိနေသလိုပါပဲ။
" အံ့သြစရာ ကောင်းလိုက်တဲ့ ဖျာပါလား ... "
သည်တရားထိုင်တဲ့ ဖျာဟာ ရတနာပစ္စည်းတစ်ခု ဆိုတာကို လီဖူချန်း သိသွားခဲ့ပါပြီ။
ဒါက သိုင်းတာအိုကို ဆင်ခြင်တဲ့ နေရာမှာ အတော်လေး အသုံးဝင်တဲ့ ရတနာပစ္စည်း တစ်ခုပါ။ သည်လို ရတနာမျိုးဟာ တန်ဖိုးဖြတ်လို့ မရပါဘူး။
" သည်တစ်ခေါက် ခရီးက ငါ့အတွက် အကျိုးအများကြီး ရစေခဲ့တာပဲ။ ဒါက ကံကောင်းခြင်း ကြယ်ကံကြမ္မာနဲ့ သက်ဆိုင်နေတာများလား ... "
လီဖူချန်းက ကံကောင်းခြင်း ကြယ်အလင်းတန်းတွေ အကြောင်းတောင် စဉ်းစား မိလိုက်ပါတယ်။
ကြယ်ကံကြမ္မာ တောင်ထိပ်ဟာ အရှေ့ယူနီကွန်း တိုက်ကြီးရဲ့ ကံကောင်းမှုတွေကို ဆောင်ကျဉ်း ပေးတဲ့ နေရာတစ်ခုပါပဲ။
ကောင်းကင်ငှက် တိုက်ပွဲဝင် ချီစွမ်းအင်တွေကို ရယူနိုင်သလို ကြယ်ကံကြမ္မာတောင်ရဲ့ ကောင်းချီးပေးခြင်းကိုလည်း ရနိုင်ပါတယ်။
လီဖူချန်း နံပါတ်၁ ကြယ်ဘုရင် ဖြစ်တုန်းက ရခဲ့တဲ့ နဂါးအမှတ်အသားဟာ လုံးဝကို အပြစ်အနာအဆာ မရှိတဲ့အတွက် သူရရှိခဲ့တဲ့ ကံကောင်းခြင်း ကြယ်ကံကြမ္မာတွေဟာ လုံးဝကို အားနည်းစရာ အကြောင်း မရှိပါဘူး။
အရင်တုန်းကတော့ လီဖူချန်းဟာ ကြယ်ကံကြမ္မာနဲ့ ပတ်သက်ပြီးတော့ သိပ်အယုံအကြည် မရှိခဲ့ပါဘူး။ ကြယ်ကံကြမ္မာ ဆိုတာက လက်ဆုပ်လက်ကိုင် ပြလို့ အရာမျိုးမှ မဟုတ်ခဲ့တာ။
ဒါပေမဲ့ အခုတော့ လီဖူချန်းဟာ ကံကောင်းခြင်း ကြယ်ကံကြမ္မာဟာ တကယ် ရှိနေတယ်လို့ ခံစားလာရပါပြီ။
" အိုး ... ဆေးမီးဖို ... "
ရုတ်တရက် လီဖူချန်းဟာ ဆေးဖော်စပ်တဲ့ အခန်းထဲမှာ ရှိတဲ့ ဆေးမီးဖိုကို သတိရ လာခဲ့ပါတယ်။ သူခန့်မှန်းထားတဲ့ အတိုင်းသာ မှန်ရင်တော့ သည်စံအိမ်က တိုက်ရိုက် အကြီးအကဲ တစ်ယောက် နေထိုင်ခဲ့တဲ့ နေရာ ဖြစ်မှာပါ။ မဟူရာ ကောင်းကင်ဂိုဏ်းရဲ့ တိုက်ရိုက် အကြီးအကဲတွေ အားလုံးဟာ တိုက်ပွဲ ဝိညာဉ်နယ်ပယ်ကို ရောက်ပြီးနေပါပြီ။
အဲသည်အတွက် သည်ဆေးမီးဖိုကလည်း နှယ်နှယ်ရရ ဆေးမီးဖိုတော့ မဟုတ်လောက်ပါဘူး။ သူ့အနေနဲ့ သည်ဆေးမီးဖိုကို ဆေးပညာလိုက်စားတဲ့ ပြန်လည်ဝင်စားခြင်း နယ်ပယ် ပညာရှင်တွေထံ ရောင်းချလို့ ရလောက်ပါတယ်။
" ငါ့ရဲ့ ... ရတနာလေး ... လာ…လာ ... သိုလှောင်အိတ်ထဲကိုဝင်"
လီဖူချန်းကတော့ ဆေးမီးဖိုကို ဆေးမီးဖိုအဖြစ် မမြင်တော့ပါဘူး။ ဒါက သူ့ရဲ့ ငွေပုံကြီးပါ။
ထို့နောက်မှာတော့ လီဖူချန်းဟာ စံအိမ်ထဲကနေ ပြန်ထွက်လာခဲ့ပါပြီ။
" ဟိုက် ... နင့်မေကလွှား ... ။ ဘာကြီးတုန်းဟ ...
စံအိမ်အပြင်ကို ရောက်ရောက်ချင်း မြင်ကွင်းကတော့ သိပ်မလှပါဘူး။ ရေကန် ဘေးနားက မြေကွက်လပ်ပေါ်မှာတော့ အဆင့်၅ မိစ္ဆာတစ်ကောင် ရောက်နှင့်နေပါတယ်။
အဆင့်၅ မိစ္ဆာတွေဆိုတာက အရှေ့ယူနီကွန်း တိုက်ကြီးရဲ့ ပြိုင်ဘက်ကင်းတဲ့ တည်ရှိမှုတွေပါ။ သူတို့ရဲ့ အစွမ်းက အဆင့်၅ အထွတ်အထိပ် အဆင့် မိစ္ဆာသားရဲတွေထက်ကို အဆပေါင်းများစွာ သာလွန်ပါတယ်။ နတ်ဆိုး အင်းကွက်ကျား၊ ရှန်းဟွတုံဆင်ဘုရင်နဲ့ ရှီဟွာဘုရင်မတို့ လောက်သာ အဆင့်၅ မိစ္ဆာတွေကို ယှဉ်နိုင်တာပါ။
အစွမ်းထက် လှပါတယ်ဆိုတဲ့ မြက်ရိုင်းပင်တွေရဲ့ တိုက်ခိုက်မှုကို အဆင့်၅မိစ္ဆာက ဖြုံကို မဖြုံပါဘူး။ အဲသည် အချက်ကို ကြည့်တာနဲ့ သည်အဆင့်၅ မိစ္ဆာရဲ့ ခန္ဓာကိုယ် မာကျောမှုကို ခန့်မှန်းလို့ ရပါတယ်။
လီဖူချန်းက အဆင့်၅ မိစ္ဆာကို သတိပြုမိလိုက်သလို အဆင့််၅ မိစ္ဆာကလည်း လီဖူချန်းကို သတိပြုလိုက်မိပုံပါပဲ။
ဒါပေမဲ့ အဆင့်၅မိစ္ဆာရဲ့ မြင်ကွင်းထဲမှာတော့ လီဖူချန်းဟာ သူနဲ့ အလွန်ဝေးကွာတဲ့ အရပ်မှာ ရှိနေပါတယ်။ ဒါကတော့ ဝင်္ကပါအစီအရင်ရဲ့ အမြင်အာရုံ လှည့်စားခြင်းပဲ ဖြစ်ပါလိမ့်မယ်။
ဂါး...ဂရား ...
အဆင့်၅ မိစ္ဆာကတော့ အဆက်မပြတ် ဟိန်းဟောက်နေရင်းနဲ့ မြေကွက်လပ်ကို ဖျက်ဆီး နေပါတယ်။ မြက်ရိုင်းပင်အချို့ကတော့ သူ့လက်ချက်နဲ့ မြေမှုန်အဖြစ် ပြန်ပြောင်းသွားခဲ့ပါပြီ။
"သည်ဝင်္ကပါ အစီအရင်က သတ်ဖြတ်ခြင်း အမျိုးအစား ထဲကပဲ။ အဲဒါက တိုက်ပွဲဝိညာဉ် နယ်ပယ် အောက်က သက်ရှိအားလုံးကို သတ်ပစ်နိုင်စွမ်း ရှိတယ်။ မဟုတ်မှလွဲရော ... သည်အဆင့် ၅မိစ္ဆာက ... "
လီဖူချန်းက အဆင့်၅မိစ္ဆာကို ကြည့်နေရင်းနဲ့ ကြောက်ဒူး တုန်လာခဲ့ပါပြီ။ သူက ကျောက်ပြားတွေကို နင်းပြီး သည်နေရာကနေ အမြန်ပြန်ထွက် သွားဖို့ကိုပဲ ခေါင်းထဲမှာ ရှိပါတော့တယ်။
ကျောက်ပြား တွေကတော့ အနည်းငယ် အပြောင်းအလဲ ရှိနေပုံပါပဲ။ ဒါပေမဲ့ အဲဒါက လီဖူချန်းအတွက် သိပ်အခက်ကြီး မဟုတ်ပါဘူး။ သူက အချိန် နည်းနည်း ပေးလိုက်တာနဲ့ အန္တရာယ်ကင်းတဲ့ ကျောက်ပြားတွေကို အာရုံခံနိုင်ပါတယ်။ အရေးအကြီးဆုံး ကတော့ အဆင့်၅မိစ္ဆာ ဝင်္ကပါအစီအရင်ကို မဖျက်ဆီးနိုင်ခင်မှာ သူသည်ကနေ ထွက်သွားနိုင်ဖို့ပါပဲ။
ပထမ ကျောက်ပြား ...
ဒုတိယ ကျောက်ပြား ... ...
ထို့နောက်မှာတော့ လီဖူချန်းဟာ အဆင့်၅မိစ္ဆာနဲ့ မလှမ်းမကမ်းနားကို ရောက်သွားခဲ့ပါပြီ။ အဆင့်၅ မိစ္ဆာကတော့ လီဖူချန်းကို သူ့နဲ့ အဝေးကြီးမှာ ရှိနေတယ်လို့ ထင်နေတုန်းပါပဲ။
တတိယ ကျောက်ပြား ...
စတုတ္ထကျောက်ပြား ... ... ... ...
နောက်ဆုံးမှာတော့ လီဖူချန်းဟာ မြေကွက်လပ် ထဲကနေ လွတ်မြောက် သွားခဲ့ပါပြီ။
ရေကန်ထဲက အရိုးစု ... …
အဲဒါကိုတော့ နောက်တစ်ခါလာမှပဲ ဆယ်တော့မယ်ဟု လီဖူချန်းတစ်ယောက် ဆုံးဖြတ်ထားပါတယ်။ သူ့ရဲ့ လက်ရှိအစွမ်းက သည်အရိုးစုကို ဆယ်ယူဖို့အတွက် မလုံလောက် သေးပါဘူး။
ရွှမ်း ... ရွှမ်း ... ရွှမ်း ...
လီဖူချန်း ထွက်သွားပြီး သိပ်မကြာခင်မှာတော့ အဆင့်၅မိစ္ဆာဟာ ဒဏ်ရာစတင် ရလာခဲ့ပါပြီ။
***