သွေးဘိုးဘိုးကြီး
Vol. 26 Ch. 353
ရွှမ်း ... ရွှမ်း ... ရွှမ်း ...
လီဖူချန်း ထွက်သွားပြီး သိပ်မကြာခင်မှာတော့ အဆင့်၅မိစ္ဆာဟာ ဒဏ်ရာစတင် ရလာခဲ့ပါပြီ။
ဒါပေမဲ့လည်း အဆင့်၅မိစ္ဆာကို သည်ဝင်္ကပါ အစီအရင်နဲ့ သတ်ဖြတ်ပစ်နိုင်ဖို့ အတွက် မလွယ်သေးပါဘူး။ ဒါကြောင့်လည်း အဆင့်၅ မိစ္ဆာတွေက အရှေ့ယူနီကွန်း တိုက်ကြီးရဲ့ ပြိုင်ဖက်မရှိတဲ့ တည်ရှိမှုတွေလို့ ဆိုကြတာပါ။
ဘန်း ... ဘန်း ... ဒိုင်း ... ဝုန်း ... ဝုန်း ...
အဆင့်၅ မိစ္ဆာကြီးရဲ့ ခန္ဓာကိုယ် အပေါ်ပိုင်းမှာတော့ ထိခိုက်ရှရာတွေ အများကြီးပါပဲ။ ဒါပေမဲ့ သိပ်ပြီးတော့ အရေးကြီးတဲ့ ဒဏ်ရာတွေတော့ မဟုတ်ပါဘူး။
" လခွီးပဲကွာ "
သည်အဆင့်၅ မိစ္ဆာကြီးက မျက်လုံးတွေ အများကြီးကို ပိုင်ဆိုင်ထားတဲ့ မိစ္ဆာကြီး တစ်ကောင်ပါပဲ။ ပြီးတော့ သူက ဝင်္ကပါ အစီအရင်တွေ အကြောင်းကို နားလည်ပုံ မရပါဘူး။ သူက သူ့ရဲ့ ခန္ဓာကိုယ်ကို အနာခံပြီး ဝင်္ကပါထဲက ရုန်းထွက်ဖို့ ကြိုးစားနေပါတယ်။
" တောက် ...။ အဲသည်လူသားက ဒဏ်ရာအနာတရ မရဘဲ ဘယ်လိုလုပ်ပြီး သည်ဝင်္ကပါထဲကနေ ထွက်သွားနိုင်တာလဲ ...။ သူက ဝင်္ကပါ ဆရာသခင်လား။ သည်ကောင်က ဘယ်လို ရတနာမျိုး ရသွားပါလိမ့် ... "
မိစ္ဆာကောင်ရဲ့ မျက်လုံးတွေကတော့ လီဖူချန်းထွက်သွားတဲ့ ဘက်ကိုပဲ ကြည့်နေပါတယ်။
*****
နောက်ထပ် အချိန်တွေအကြာကြီး လျှောက်သွားခဲ့ပေမဲ့လည်း လီဖူချန်းဟာ ဘာမှ ထပ်မတွေ့တော့ပါဘူး။
အစောပိုင်းက တွေ့ခဲ့တဲ့ စံအိမ်ရဲ့ တိုက်ရိုက် အကြီးအကဲဟာ အေးအေး ဆေးဆေးသမား ဖြစ်ပုံပါပဲ။ ဒါကြောင့် သူက တိုက်ရိုက်စည်း အဆုံးနားမှာ စံအိမ်ဆောက်ပြီး နေနေတာပါ။
" သည်နေရာကနေ ထွက်သင့်နေပြီ "
အလိုကြီးရင် အရနည်းတယ်ဆိုတဲ့ စကားပုံလိုပါပဲ။ လောဘကြီးလွန်းတဲ့ သူဟာ အဆုံးသတ်မှာ အန္တရာယ်တွေနဲ့ ကြုံတွေ့ရ နိုင်ပါတယ်။ လီဖူချန်းအနေနဲ့ ရသင့်ရထိုက်တာထက် အများကြီး ပိုရခဲ့ပါပြီ။ အဲသည်အတွက် လီဖူချန်းဟာ မဟူရာဂိုဏ်းရဲ့ အကြွင်းအကျန် နယ်မြေကနေ ထွက်သွားဖို့ အတွက် ခြေလှမ်းပြင်လိုက် ပါတော့တယ်။
" လူသား ...။ အဲနေရာမှာ ရပ်နေစမ်း ... "
ီလီဖူချန်းရဲ့ အနောက်ကိုတော့ မိစ္ဆာကြီးတစ်ကောင် ပြေးလိုက်လာမေပါပြီ။ အဲသည် မိစ္ဆာကတော့ အစောပိုင်းတုန်းက သူတွေ့ခဲ့တဲ့ မျက်လုံးတွေ အများကြီးနဲ့ အဆင့်၅မိစ္ဆာပါပဲ။
" အခြေအနေ မကောင်းတော့ဘူး "
လီဖူချန်းကတော့ မျက်နှာ ပျက်သွားခဲ့ပါပြီ။
သူက သည်မိစ္ဆာကြီးဟာ ဝင်္ကပါ အစီအရင် ထဲကနေ သည်လောက်မြန်မြန် လွတ်လာလိမ့်မယ်လို့ လုံးဝကို မထင်ထားခဲ့တာပါ ။ သည်လ်ုဖြစ်မယ်ဆိုတာ ကြိုသိခဲ့ရင်တော့ သူ့အနေနဲ့ မဟူရာဂိုဏ်းရဲ့ အကြွင်းအကျန် နယ်မြေထဲမှာ ဆက်နေတော့မှာ မဟုတ်ပါဘူး။
" နောက်ကျတဲ့ ခြေထောက် သစ္စာဖောက်ပဲဟေ့ ... "
လီဖူချန်းကတော့ တစ်ဟုန်ထိုး ပြေးထွက် သွားခဲ့ပါပြီ။ သူက အနောက်ကို လုံးဝ လှည့်မကြည့် တော့ပါဘူး။
" သည်ပြေးနှုန်း "
မျက်လုံးတစ်ထောင်မိစ္ဆာတောင်မှ လီဖူချန်းရဲ့ ပြေးနှုန်းကို ကြည့်ပြီး အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားခဲ့ပါတယ်။ သူက အဆင့်၅ မိစ္ဆာတစ်ကောင်ပါ။ သူ့ရဲ့ မြေပြင်ပေါ်မှာ ပြေးတဲ့နှုန်းက ပြန်လည်ဝင်စားခြင်း နယ်ပယ် ပညာရှင်တွေထက် အဆပေါင်းများစွာ မြန်ပါတယ်။
သူ့အနေနဲ့ ဒဏ်ရာအနည်းငယ် ရထားပေမဲ့လည်း ပြေးနှုန်းကတော့ သိပ်မကျသွားပါဘူး။ အလွန်ဆုံးကျမှ ၂၀ ရာခိုင်နှုန်း လောက်ပါပဲ။ ဒါတောင်မှ သူ့ရဲ့ ပြေးနှုန်းကို အလွန်မြန်တယ်လို့ သတ်မှတ် နိုင်ပါသေးတယ်။
ဒါပေမဲ့လည်း လီဖူချန်းရဲ့ ပြေးနှုန်းက အဆင့်၅ မိစ္ဆာရဲ့ ပြေးနှုန်းထက် လုံးဝ နိမ့်ကျနေခြင်း မရှိပါဘူး။ အဆင့်၅မိစ္ဆာ အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်နေတဲ့ အချိန်မှာပဲ လီဖူချန်းဟာ ဟိုးအဝေးကြီးကို ရောက်သွားခဲ့ပါပြီ။ အချိန်တို အတွင်းမှာတော့ အဆင့်၅မိစ္ဆာကြီးဟာ လီဖူချန်းကို လိုက်မီဦးမှာ မဟုတ်သေးပါဘူး။
" သည်မိစ္ဆာက ဒဏ်ရာ အကြီးအကျယ် ရထားတာလား ... "
လီဖူချန်းက မိစ္ဆာရဲ့ ပြေးနှုန်းကို သံသယ ဝင်နေမိပါတယ်။
သိတဲ့ အတိုင်းပါပဲ။ မဟူရာ ကောင်းကင် ဂိုဏ်းရဲ့ အကြွင်းအကျန်နယ်မြေမှာ ပျံသန်းတာကို ပိတ်ပင်ထားတဲ့ ချိပ်ပိတ် အစီအရင်တစ်ခု ချထားပါတယ်။ အဲသည်အတွက် သည်နယ်မြေကို ဝင်လာသူတိုင်းဟာ မြေပြင်ပေါ်မှာသာ သွားလာရမှာပါ။
( note - ကိုယ်ဖော့ပညာ အသုံးပြုတာကိုပါ ချိပ်ပိတ်ထားဟန် တူပါတယ်။ )
အဲသည်အတွက် တစ်နေရာကနေ တစ်နေရာကို အလျင်အမြန် သွားချင်ရင်တော့ ပြေးတာက လွဲပြီး အခြားရွေးချယ်စရာ မရှိပါဘူး။
ပြေးတယ်ဆိုတာက ကြံ့ခိုင်တဲ့ ခန္ဓာကိုယ် အပေါ်မှာပဲ အများကြီး မူတည်နေပါတယ်။ ချီအတွင်းအားတွေ အဆင့်က သည်ပြေးတဲ့ နေရာမှာတော့ သိပ်ပြီး အရေးမပါလှပါဘူး။
အခုဆိုရင် လီဖူချန်းက ဆင်နဂါးခန္ဓာကိုယ် သွန်းလောင်းခြင်း စတုတ္ထအခန်းရဲ့ အလုံးစုံ တတ်သိ နားလည်ခြင်း အဆင့်အထိ လေ့ကျင့်ပြီးသွားပါပြီ။ အဲသည်အတွက် သူ့ရဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှုက ထိပ်တန်း ပြန်လည် ဝင်စားခြင်းနယ်ပယ် ပညာရှင် တစ်ယောက်နဲ့တောင်မှ ယှဉ်လို့ ရနေပါတယ်။ ပြန်လည် ဝင်စားခြင်းနယ်ပယ် ပညာရှင် တော်တော်များများဟာ ဆန်းကြယ် အထွတ်အထိပ်အဆင့် ခန္ဓာကိုယ်သန့်စင်တဲ့ နည်းစနစ်တွေကိုသာ လေ့ကျင့် ထားနိုင်တာပါ။
တကယ်လို့ မျက်လုံး တစ်ထောင်မိစ္ဆာသာ သူ့ရဲ့ အကောင်းပကတိ အခြေအနေမှာ ဆိုရင် လီဖူချန်းအနေနဲ့ ပြေးလို့ လွှတ်မှာ မဟုတ်ပါဘူး။ဒါပေမဲ့ အခုတော့ မျက်လုံးမိစ္ဆာက မြက်ရိုင်းပင်တွေရဲ့ လက်ချက်နဲ့ ဒဏ်ရာအတော်လေး ရထားပါတယ်။ ဒါက လီဖူချန်းအတွက်တော့ အခွင့်အရေးပါပဲ။
" မင်းရဲ့ ပြေးနှုန်း မြန်တာကို ငါက ဂရု စိုက်ရမှာလား ...။ သေစမ်း…"
မျက်လုံးတစ်ထောင်မိစ္ဆာက မိစ္ဆာချီတွေ ရောပြွမ်းနေတဲ့ လက်သီးတစ်လုံးနဲ့ လီဖူချန်းကို လှမ်းထိုး လိုက်ပါတယ်။
ဟူး ... ဟူး ... …
မုန်တိုင်းတစ်စင်းလို အားကောင်းလှတဲ့ လက်သီးရိပ်ကြီး တစ်ခုဟာ အရှိန်အဟုန် ပြင်းစွာဖြင့် လီဖူချန်း နောက်ကို လိုက်သွားခဲ့ပါပြီ။
" ဟား…ဟား ... ဒါမျိုးတော့ မရဘူးလေ …"
လီဖူချန်းက သည်လို တိုက်ခိုက်မှုမျိုး လာလိမ့်မယ်ဆိုတာကို ခန့်မှန်းပြီးသားပါပဲ။ သူက ခန္ဓာကိုယ်ကို အနည်းငယ် ယိမ်းလိုက်ပြီး မျက်လုံး မိစ္ဆာရဲ့ တိုက်ခိုက်မှုကို ရှောင်တိမ်း လိုက်ပါတယ်။
သည်မဟူရာ ကောင်းကင်ဂိုဏ်းရဲ့ အကြွင်းအကျန် နယ်မြေထဲမှာ ပျံသန်းတာနဲ့ ချီစွမ်းအားနဲ့ တိုက်ခိုက်တာတွေကို ကန့်သတ်ထားတဲ့ အစီအရင်တစ်ခု ရှိနေတာက လီဖူချန်းအတွက် ကံကောင်း စေတာပါပဲ။
မဟုတ်လို့ကတော့ အဆင့်၅ မိစ္ဆာဖြစ်တဲ့ မျက်လုံးမိစ္ဆာရဲ့ သည်လက်သီးချက်နဲ့တင် လီဖူချန်း တစ်ယောက် သေနေပါပြီ။
သိပ်မကြာခင်မှာတော့ လီဖူချန်းဟာ လမ်းကြားလေး တစ်ခုကို တွေ့လိုက်ရပါတယ်။ သူက တွေဝေ တုံ့ဆိုင်းနေခြင်း မရှိဘဲ လမ်းကြားလေးထဲကို ပြေးဝင် သွားပါတော့တယ်။
သည်လမ်းကြား လေးထဲမှာ ကြီးစိုးနေတာကတော့ တိတ်ဆိတ်မှုပါပဲ။ မဟူရာ ကောင်းကင်ဂိုဏ်းရဲ့ နယ်မြေဟာ တိတ်ဆိတ်နေတယ် ဆိုပေမယ့်လည်း သည်လမ်းကြား လေးလောက် တိတ်ဆိတ် နေခြင်း မရှိပါဘူး။
လီဖူချန်းက သူ့အနောက်ကို လိုက်လာတဲ့ မျက်လုံးတစ်ထောင် မိစ္ဆာကို တစ်ချက် လှမ်းအကဲခတ် လိုက်ပါတယ်။
မျက်လုံးတစ်ထောင် မိစ္ဆာကတော့ ဒေါသတကြီးနဲ့ လီဖူချန်းကို တစ်ခုခု ပြောနေပုံပါပဲ။ ဒါပေမဲ့ သူဘာပြောနေတာလဲ ဆိုတာကို လီဖူချန်းအနေနဲ့ လုံးဝ မကြားရပါဘူး။
" သည်နေရာမှာ အသံ မရှိတာလား ... "
လီဖူချန်းက စဉ်းစားရ ခက်နေပါတယ်။
သည်နေရာမှာ အစီအရင် တစ်ခု ချထားတာမျိုးလည်း မရှိပါဘူး။ ဘယ်လိုဖြစ်ပြီး အသံတွေက ပျောက်နေတာပါလိမ့်။
မျက်လုံးတစ်ထောင် မိစ္ဆာကလည်း သည်လမ်းကြားလေးဟာ သာမန် မဟုတ်ဘူး ဆိုတာကို ခံစားမိနေပုံပါပဲ။ သူက လမ်းကြားထဲကို လုံးဝ ဝင်မလာခဲ့ပါဘူး။
မျက်လုံးတစ်ထောင် မိစ္ဆာက လမ်းကြားလေးရဲ့ အပြင်ဘက်ကနေ လီဖူချန်းကို လက်သီး တစ်လုံး ထိုးလိုက်ပါတယ်။
တိတ်ဆိတ်ပြီး တည်ရှိမှုကို လုံးဝ အာရုံခံလို့ မရတဲ့ အနက်ရောင် လက်သီးအားကြီး တစ်ခုဟာ လေဟာနယ်ကို ဖြတ်သန်းပြီး လီဖူချန်း နောက်ကို လိုက်သွားခဲ့ပါပြီ။
အဲသည်အချိန်မှာပဲ မျက်လုံးတစ်ထောင် မိစ္ဆာကို တုန်လှုပ် ချောက်ချား သွားစေတဲ့ အဖြစ်အပျက် တစ်ခု ဖြစ်လာတော့တာပါပဲ။ လမ်းကြားလေးရဲ့ နံဘေးမှာ ရှိနေတဲ့ ကျောက်ရုပ် တစ်ခုဟာ ရုတ်တရက် အသက်ဝင် လာပြီး လက်သီးအားကို အကုန်အစင် စုပ်ယူလိုက်ပါတယ်။
"ဘာတွေဖြစ်နေတာလဲ ... "
မျက်လုံးတစ်ထောင် မိစ္ဆာက အတော်လေး စိတ်ပျက်လက်ပျက် ဖြစ်သွားခဲ့ပါပြီ။
သူ့ရဲ့ အစွမ်းထက် လှတဲ့ လက်သီးအားကို ကျောက်ရုပ် တစ်ခုက စုပ်ယူသွားခဲ့တာလား ...။ သည်လိုမျိုးကို မကောင်းဆိုးဝါး လက်သီး ဂိုဏ်းချုပ်ဖြစ်တဲ့ ရှင်းတိကောဝမ်(ဝါ) မကောင်းဆိုးဝါး ဘုရင်တောင် မလုပ်နိုင်ပါဘူး။
" သည်နေရာက ချီအတွင်းအား သုံးပြီး တိုက်ခိုက်တာကိုပါ တားမြစ်ထားတာလား ... "
လီဖူချန်းကလည်း သည်အဖြစ်အပျက်ကို မြင်လိုက်ရပါတယ်။
" သည်အခွင့်အရေးကို ယူပြီး မြန်မြန်ပြေးမှ "
လီဖူချန်းက တုံ့ဆိုင်း မနေတော့ဘဲ လမ်းကြားလေးရဲ့ အတွင်းပိုင်းကို ပြေးသွားခဲ့ပါပြီ။
ထက်မြက်လှတဲ့ အသိစိတ်အာရုံ ရှိနေသရွေ့တော့ သူ့အနေနဲ့ အန္တရာယ် ကြီးကြီးမားမားနဲ့ ကြုံတွေ့ရမှာ မဟုတ်ပါဘူး။
" သည်လူသားကောင် ... ။ မိလို့ကတော့ အရေခွံဆုပ်ပြီး စိမ်ပြေနပြေကို ဝါးစားပစ်မယ် ... "
မျက်လုံးတစ်ထောင် မိစ္ဆာက ကြိမ်းဝါးပြီး လမ်းကြားထဲကို ဝင်လာပါတော့တယ်။
သတ်ဖြတ်ခြင်း အမျိုးအစား ဝင်္ကပါထဲကနေ ထွက်လာနိုင်ပြီး နောက်မှာတော့ သူဟာ အတော်လေး စိတ်ကြီး ဝင်နေခဲ့ပါပြီ။ သူ့အနေနဲ့ တိုက်ရိုက်စည်း နယ်နိမိတ်ရဲ့ အပြင်ဘက်မှာတော့ ဘာအန္တရာယ်မှ မရှိလောက်ပါဘူး။
*****
သည်လမ်းကြားကတော့ တကယ့်ကို ရှည်လျား လွန်းလှပါတယ်။ လီဖူချန်းက အခုသူရောက်နေတဲ့ နေရာဟာ တိုက်ရိုက် စည်းနယ်နိမိတ်ရဲ့ အတွင်းပိုင်းထဲကို ရောက်နေ ပြီလားလို့တောင် သံသယ ဝင်နေမိပါပြီ။
" လခွီးပဲကွာ "
အနောက်က လိုက်လာတဲ့ မျက်လုံးတစ်ထောင် မိစ္ဆာကလည်း အတော်လေး စိတ်လှုပ်ရှား နေပုံပါပဲ။ သူကလည်း သည်လမ်းကြားဟာ တိုက်ရိုက်စည်းရဲ့ အတွင်းပိုင်းထဲ အထိ ဦးတည်နေတယ် ဆိုတာကို ရိပ်မိနေပါတယ်။
သု့အနေနဲ့ တိုက်ရိုက်စည်းရဲ့ အစွန်အဖျား နားမှာဆိုရင် ယုံကြည်မှု ရှိပေမယ့် တိုက်ရိုက်စည်းရဲ့ အတွင်းပိုင်းထဲမှာတော့ ဘာဖြစ်သွားမလဲ ဆိုတာကို မသိနိုင်ပါဘူး။ တိုက်ရိုက် စည်းဆိုတာက တိုက်ရိုက် တပည့်တွေအပြင် တိုက်ရိုက် အကြီးအကဲတွေပါ နေထိုင်တဲ့ နေရာပင် မဟုတ်ပါလား။
နောက်ဆုံးမှာတော့ လူသား တစ်ယောက်နဲ့ မိစ္ဆာတစ်ကောင်ဟာ လမ်းကြားလေးရဲ့ အဆုံးကို ရောက်ရှိသွားခဲ့ပါပြီ။ လမ်းကြားလေးရဲ့ အဆုံးမှာတော့ တောင်ခြေတစ်ခု ရှိနေပါတယ်။
သည်တောင်ကြီးကတော့ ပေပေါင်း တစ်သောင်းနီးပါး ရှိမယ့်ပုံပါပဲ။
သူ့နောက်ကို ဇွဲနပဲ ကြီးစွာဖြင့် လိုက်လာတဲ့ မျက်လုံးတစ်ထောင် မိစ္ဆာကို မြင်နေရတဲ့ လီဖူချန်း အတွက်ကတော့ တောင်ပေါ်ကို တက်ရန်က လွဲပြီး အခြားရွေးချယ်စရာ မရှိပါဘူး။
ပေတစ်ထောင် ... ပေသုံးထောင် ... ပေတစ်သောင်း ...
" ဟိုက် ... နင့်မေကလွှားတဲ့မှပဲ…။ ဘာတွေ ဖြစ်နေတာလဲဟ…"
လီဖူချန်းက တောင်ထိပ်ကို ရောက်ပြီ ဆိုပြီး ထင်နေတာပါ။ ဒါပေမဲ့ သူ့ခေါင်းကို မော့လိုက်တဲ့ အခါမှာတော့ တောင်ထိပ်ဟာ သူနဲ့ အဝေးကြီး ကွာဝေးနေဆဲပါပဲ။
" သည်တောင်ထိပ်ပေါ်မှာ ကွက်လပ် ဝင်္ကပါ အစီအရင်တစ်ခု ရှိနေတာလား ... "
လီဖူချန်းက အတွေးတစ်ခု တွေးလိုက်မိပါတယ်။
သည်လို အစီအရင်မျိုးကို စကြဝဠာ ဝင်္ကပါအစီအရင်လို့ ခေါ်ပါတယ်။ ဝင်္ကပါရဲ့ အထဲမှာ စကြဝဠာတစ်ခု ရှိနေလို့ သည်လို ခေါ်ဆိုရခြင်း ဆိုရင်လည်း မမှားပါဘူး။
ကွက်လပ် ဝင်္ကပါတစ်ခုရဲ့ အရည်အသွေး ကောင်းလေလေ အတွင်းမှာရှိတဲ့ နေရာ အကျယ်အဝန်းက ကျယ်လေလေပါပဲ။ သေသေချာချာ စဉ်းစားကြည့်မယ် ဆိုရင်တော့လည်း မဟူရာ ကောင်းကင်ဂိုဏ်းရဲ့ တောင်ထိပ်ပေါ်မှာ သည်လို ဝင်္ကပါမျိုး ရှိနေတာက သိပ်ပြီးတော့ အထူးအဆန်းကြီးလည်း မဟုတ်ပါဘူး။
ပေနှစ်သောင်း ... ပေသုံးသောင်း ... ပေငါးသောင်း ...
နောက်ဆုံးမှာတော့ လီဖူချန်းဟာ တောင်ထိပ်ပေါ်ကို ရောက်သွားခဲ့ပါပြီ။
" ဝါး ... လှလိုက်တာ ... "
တောင်ထိပ်ပေါ်မှာ ရှိနေတဲ့ မြင်ကွင်းကတော့ တကယ့်ကို ခမ်းနားထည်ဝါ လွန်းလှပါတယ်။ နတ်သိကြားတို့ ဖန်ဆင်းထားတဲ့ အရာများလားဟု သံသယ ဝင်စေလောက်တဲ့ နန်းတော် တစ်ခုလည်း ရှိနေပါသေးတယ်။ နန်းတော်တံခါးရဲ့ အဝမှာရှိနေတဲ့ ကျောက်ခြင်္သေ့ကြီး နှစ်ကောင်ကလည်း ချက်ချင်းကို အသက်ဝင်လာပြီး ခုန်အုပ်တော့မည့် အလားပါပဲ။
ဒါပေမဲ့လည်း လီဖူချန်းဟာ တောင်ထိပ်ပေါ်က အလှတရားကို ကောင်းကောင်းကြီး မခံစားလိုက်ရပါဘူး။ ဘာဖြစ်လို့လည်း ဆိုတော့ နန်းတော်တံခါးဝမှာ ရှိနေတဲ့ ပုဂ္ဂိုလ်တွေကြောင့်ပါပဲ။
ချိုတစ်ချောင်း နတ်ဆိုးဘုရင်၊ မိုးကြိုးနတ်ဘုရားဂိုဏ်းရဲ့ အထွဋ်ခေါင်ချုပ် အကြီးအကဲ ယုလီနဲ့ သွေးညှီနံ့တွေ ဖုံးလွှမ်းနေတဲ့ အဘိုးအို တစ်ယောက်ဟာ နန်းတော် တံခါးဝနားမှာ ရပ်နေကြပါတယ်။
သူတို့အားလုံးက လီဖူချန်းကို ဘယ်အချိန်ကတည်းက အကဲခတ်နေတယ် မသိပါဘူး။
" ဟမ့် ... နိမ့်ကျတဲ့ လူသား ... "
ပထမဆုံး အကဲခတ်တာကို ရပ်လိုက်တဲ့ သူကတော့ ချိုတစ်ချောင်း နတ်ဆိုး ဘုရင်ပါပဲ။
သူက လီဖူချန်းကို အဖက် မလုပ်တော့ပါဘူး။သူ့ရဲ့ အမြင်မှာတော့ ကောင်းကင်နယ်ပယ် ပညာရှင်ပဲ ရှိသေးတဲ့ လီဖူချန်းဟာ ကံကောင်းလွန်းလို့သာ သည်တောင်ထိပ် ပေါ်ကို ရောက်လာ တာပါ။
မိုးကြိုးနတ်ဘုရား ဂိုဏ်းရဲ့ ယုလီရဲ့ အပြုအမူက ပိုလို့တောင် ဆိုးပါသေးတယ်။ သူက လီဖူချန်း အသတ်ခံရရင်တောင်မှ အဖက်လုပ်မယ့်ပုံ မပေါ်ပါဘူး။
သွေးညှီနံ့တွေ ဖုံးလွှမ်းနေတဲ့ အဘိုးအိုကတော့ သဘောကောင်းပုံပါပဲ။ သူက လီဖူချန်းတောင်ပေါ်ကို ရောက်လာ ကတည်းက မျက်လုံးမမှိတ်တမ်း လီဖူချန်းကို ကြည့်နေတာပါ။ သူက လီဖူချန်းကို ရတနာ ပစ္စည်းတစ်ခုလို့ မြင်နေပုံ ရပါတယ်။
"ချိုတစ်ချောင်း နတ်ဆိုးဘုရင်၊ မိုးကြိုးနတ်ဘုရား ဂိုဏ်းက ယုလီ ...။ ဒါဆိုရင် သည်သွေးညှီနံ့တွေ ဖုံးလွှမ်းနေတဲ့ အဘိုးအိုက ... ... "
လီဖူချန်းရဲ့ စိတ်တွေက လေးလံ လာခဲ့ပါပြီ။ သည်အဘိုးအိုရဲ့ ပုံစံနဲ့ ချီအရှိန်အဝါက သွေးဂိုဏ်းရဲ့ ဦးဆောင်သူ ဖြစ်တဲ့ သွေးဘိုးဘိုးကြီးနဲ့ တူနေပါတယ်။
" သည်အဘိုးအိုက သွေးဘိုးဘိုးကြီးပဲ ဖြစ်ရမယ်။ အခြားလူတွေရဲ့ ခန္ဓာကိုယ်က သည်လောက်အထိ သွေးညှီနံ့တွေ ထွက်နေမှာ မဟုတ်ဘူး ... "
လီဖူချန်းရဲ့ ခေါင်းကတော့ ဆယ်ပေါင်တူနဲ့ အဆက်မပြတ် ထုရိုက်ခံနေရသလို ခံစား လာခဲ့ရပါပြီ။ သူက သူ့ရဲ့အနောက်က လိုက်လာတဲ့ မျက်လုံးတစ်ထောင် မိစ္ဆာနဲ့တင် အတော်လေး ခေါင်းကိုက် နေတာပါ။ အခုတော့ တောင်ထိပ်ပေါ်မှာ ချိုတစ်ချောင်း နတ်ဆိုးဘုရင်နဲ့ သွေးဘိုးဘိုးကြီးပါ ရောက်နှင့် နေပြန်ပါတယ်။
ပြီးတော့ မိုးကြိုးနတ်ဘုရား ဂိုဏ်းရဲ့ အထွဋ်ခေါင်ချုပ် အကြီးအကဲယုလီ။ သည်အဘိုးကြီးက အတော့်ကို အသည်းမာတဲ့ အဘိုးကြီးပါပဲ။ လီဖူချန်းဟာ ကောင်းကင်နယ်ပယ် ပညာရှင်တစ်ယောက် သိသွားပြီးကတည်း ယုလီဟာ လီဖူချန်းကို မမြင်ချင်ယောင် ဆောင်နေတာပါ။ သည်မိစ္ဆာတွေက လီဖူချန်းကို သတ်သွားရင်တောင်မှ ယုလီဟာ ဝင်ပါမယ့်ပုံ မရှိပါဘူး။
လီဖူချန်းတစ်ယောက် ဘာလုပ်လို့ လုပ်ရမယ်မှန်း မသိအောင် ဗျာများနေစဉ်မှာပဲ မျက်လုံးတစ်ထောင် မိစ္ဆာဟာ တောင်ထိပ်ပေါ်ကို ရောက်လာခဲ့ပါပြီ။
သူက တောင်ထိပ်ပေါ်ကို ရောက်တာနဲ့ တစ်ပြိုင်နက် လီဖူချန်းကို သတ်မယ်လို့ အားခဲ ထားခဲ့တာပါ။ ဒါပေမဲ့ တောင်ထိပ်ပေါ်ကို တကယ်တမ်း ရောက်လာတဲ့ အခါမှာတော့ မျက်လုံးတစ်ထောက် မိစ္ဆာဟာ အခြားသော တည်ရှိမှုတွေကို သတိပြုမိလိုက်ပါတယ်။
" ဟေး ... ချိုတစ်ချောင်း နတ်ဆိုးဘုရင် "
မျက်လုံးတစ်ထောင် မိစ္ဆာဟာ ချိုတစ်ချောင်း နတ်ဆိုးဘုရင်ရဲ့ လက်အောက်ခံတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ သူက ရိုသေလေးစားမှု ရှိပါတယ်။
မျက်လုံးတစ်ထောင် မိစ္ဆာက ဝမ်းသာအားရ နှုတ်ဆက် လိုက်ပေမယ့်လည်း အသံက ထွက်မလာခဲ့ပါဘူး။ သည်တောင်ထိပ် ပေါ်မှာလည်း အသံမထွက်အောင် အစီအရင် ချထားပုံပါပဲ။
ချိုတစ်ချောင်း မိစ္ဆာဘုရင်က သည်နေရာမှာ အသံထွက်လို့ မရဘူးဆိုတာကို လက်ဟန်ခြေဟန်နဲ့ ပြလိုက်ပါတယ်။ သူက သည်တောင်ထိပ် ပေါ်မှာ ရောက်နေတာ ကြာပြီဖြစ်တဲ့ အတွက် သည်အကြောင်းကို သိထားနှင့် ပြီးပါပြီ။
" ငါ ဘာလုပ်ရမလည်း ... "
လီဖူချန်းက အတော်လေး နောင်တ ရနေပါတယ်။ တကယ်လို့သာ တောင်ထိပ်ပေါ်မှာ သည်လို ဖြစ်မယ်မှန်းသိရင် သူ့အနေနဲ့ တောင်ပေါ်ကို တက်ခဲ့မှာ မဟုတ်ပါဘူး။
" တောင်ထိပ်ပေါ်မှာ ချီစွမ်းအားတွေကို ထုတ်ပြီး တိုက်ခိုက်လို့ မရပါစေနဲ့ ... "
အခုချိန်မှာ လီဖူချန်း တတ်နိုင်တာကတော့ ဆုတောင်းတာပါပဲ။
မျက်လုံးတစ်ထောင် မိစ္ဆာက ချိုတစ်ချောင်း နတ်ဆိုးဘုရင်ကို တွေ့ပြီးတဲ့နောက်မှာတော့ ယုလီနဲ့ သွေးဘိုးဘိုးကြီးကို ဖုတ်လေတဲ့ ငါးပိ ရှိတယ်လို့တောင် မထင်တော့ပုံပါပဲ။
သူက လီဖူချန်းကို ပြေးပြီး ထိုးပါတော့တယ်။ အနက်ရောင် လက်သီးရိပ်ကြီး တစ်ခုကတော့ ထွက်ပေါ်လာခဲ့ပါပြီ။
ဝေါင်း…
အဲသည်အချိန်မှာပဲ နန်းတော် တံခါးဝ နားမှာရှိတဲ့ ခြင်္သေ့ရုပ်ကြီး တစ်ရုပ်ဟာ အသက်ဝင် လာပြီး လက်သီးရိပ်ကြီးကို ဝါးမျို လိုက်ပါတယ်။
မျက်လုံးတစ်ထောင်မိစ္ဆာက သည်အဖြစ်အပျက်ကို မျှော်လင့်ထားပြီးပါပြီ။ ဒါကြောင့် သူက လီဖူချန်းဆီကို ပြေးပြီး ထိုးတာပါ။ သူက လီဖူချန်းကို အနီးကပ် တိုက်ခိုက်ပြီး အသေသတ်ဖို့ စဉ်းစားထားပါတယ်။
ဒါပေမဲ့ လီဖူချန်းကလည်း သူထိုးတာကို ငြိမ်ခံနေမယ့် ငှက်ပျောတုံးမှ မဟုတ်တာလေ။ သူက နောက်လှည့်ပြီး ပြေးပါတော့တယ်။ သူက မျက်လုံးတစ်ထောင် မိစ္ဆာကို အနားကပ်ခံမှာ မဟုတ်ပါဘူး။
ရုတ်တရက် ဆိုသလို သတ်ဖြတ်ခြင်း အငွေ့အသက်တစ်ခု ထွက်ပေါ် လာခဲ့ပါတယ်။ အဲသည် သတ်ဖြတ်ခြင်း အငွေ့အသက်ရဲ့ ပိုင်ရှင်ကတော့ ချိုတစ်ချောင်း နတ်ဆိုးဘုရင်ပါပဲ။
ချိုတစ်ချောင်း နတ်ဆိုးဘုရင်ဟာ ဘယ်အချိန်ကတည်းက လီဖူချန်းအနားကို ရောက်နေမှန်း မသိပါဘူး။ သူက လီဖူချန်းရဲ့ ပြေးလမ်းကို ပိတ်ထား ပြီးနှင့်ပါပြီ။
ချိုတစ်ချောင်းနတ်ဆိုးဘုရင်က မျက်လုံးတစ်ထောင် နတ်ဆိုးလို ဒဏ်ရာရနေတာ မဟုတ်ပါဘူး။ ပြီးတော့ သူ့ရဲ့ ခွန်အားက မျက်လုံးတစ်ထောင် မိစ္ဆာထက် အများကြီး သာပါတယ်။
ဒါကြောင့် ချိုတစ်ချောင်း နတ်ဆိုးဘုရင်ဟာ ဘယ်သူမှ သတိမပြုလိုက် မိခင်မှာတင် လီဖူချန်းရဲ့ ပြေးလမ်းကို ပိတ်ထားနိုင်တာပါ။
" မြန်လှချည်လားဟ "
လီဖူချန်းက နတ်ဆိုးဘုရင် လက်ထဲကနေတော့ လွတ်အောင် ထွက်ပြေး နိုင်စွမ်း မရှိတော့ပါဘူး။
ကြောက်စရာကောင်းတဲ့ လက်သီး တစ်လုံးကတော့ မိစ္ဆာချီတွေနဲ့အတူ လီဖူချန်းထံ တိုးဝင် လာခဲ့ပါပြီ။ ဒါပေမဲ့ မိစ္ဆာချီတွေကတော့ ကျောက်ခြသေ့ၤရဲ့ စုပ်ယူခြင်းကို ခံလိုက်ရပါတယ်။
မိစ္ဆာတစ်ကောင်ရဲ့ မွေးရာပါ ခွန်အားကို လျော့တွက်လို့ မရပါဘူး။ မိစ္ဆာချီတွေ မပါရှိတော့တဲ့ ချိုတစ်ချောင်း နတ်ဆိုးဘုရင်ရဲ့ လက်သီးက လီဖူချန်းကို အသေသတ်နိုင်ဖို့ အတွက် လုံလောက်မှု ရှိနေဆဲပါပဲ။
အဲသည် အချိန်မှာပဲ အရိပ်တစ်ရိပ်ဟာ လီဖူချန်းရဲ့ အရှေ့မှာ ပေါ်လာပြီး ချိုတစ်ချောင်း နတ်ဆိုးဘုရင်ရဲ့ လက်သီးကို ခံဆောင် လိုက်ပါတယ်။
အဲသည် အရိပ်ပိုင်ရှင်ကတော့ သွေးဘိုးဘိုးကြီးပါပဲ။
ချိုတစ်ချောင်း နတ်ဆိုးဘုရင်က သတ်ဖြတ်ချင်စိတ် ပြင်းပျစွာနဲ့ သွေးဘိုးဘိုးကြီးကို ကြည့်လိုက်ပါတယ်။ သည်အဘိုးကြီးက ဘာဖြစ်လို့ လီဖူချန်းကို ကာကွယ်ပေးနေမှန်း မသိပါဘူး။
သွေးဘိုးဘိုးကြီးရဲ့ ရည်ရွယ်ချက်ကတော့ ပေါ်လာခဲ့ပါပြီ။ ချိုတစ်ချောင်း နတ်ဆိုးဘုရင်ရဲ့ လက်သီးကို ခုခံပြီးတာနဲ့ တစ်ပြိုင်နက် သွေးဘိုးဘိုးကြီးဟာ လီဖူချန်းရဲ့ ဘေးနားကို ခုန်ဆုတ် သွားခဲ့ပါတယ်။
သူ့ရဲ့ လက်ထဲကနေ အနီရောင် ကြိုးတစ်ခွေ ထွက်ပေါ်လာပြီး လီဖူချန်းကို တင်းတင်းကျပ်ကျပ် တုတ်နှောင် ပစ်လိုက်ပါတယ်။
ချိူတစ်ချောင်း နတ်ဆိုးဘုရင်က သွေးဘိုးဘိုးကြီးရဲ့ ရည်ရွယ်ချက်ကို သဘောပေါက်သွား ခဲ့ပါပြီ။
သွေးဘိုးဘိုးကြီးမှာက သူ့အမိန့်ကိုနာခံတဲ့ သွေးအလောင်းကောင်တွေ အဖြစ် ပြောင်းလဲ ပေးစေနိုင်တဲ့ နည်းလမ်းတစ်ခု ရှိပါတယ်။ သွေးဘိုးဘိုးကြီးက လီဖူချန်းကို သူ့ရဲ့ သွေးအလောင်း ကောင်အဖြစ် ပြောင်းလဲ ချင်နေပုံပါပဲ။ လီဖူချန်းရဲ့ ခန္ဓာကိုယ်က ပြန်လည် ဝင်စားခြင်းနယ်ပယ် ပညာရှင်တွေ ထက်တောင်မှ ပိုကောင်းမွန်နေတာ မဟုတ်ပါလား။
***