သွေးအလောင်းကောင်
Vol. 26 Ch. 354
" မကောင်းတော့ဘူး..."
သွေးကြိုးနဲ့ အချည်ခံလိုက်ရပြီးတဲ့နောက်မှာတော့ လီဖူချန်းဟာ သူ့ရဲ့ အခြေအနေကို သဘောပေါက် သွားခဲ့ပါပြီ။ သည်သွေးကြိုးဟာ သူ့ရဲ့ ခန္ဓာကိုယ်မှာ ရှိသမျှ ခွန်အားတွေကို စုပ်ယူ သွားခဲ့ပါတယ်။ လီဖူချန်းဟာ လက်တစ်ချောင်း လှုပ်ဖို့တောင် အားမရှိတော့ပါဘူး။
လီဖူချန်းက သွေးဘိုးဘိုးကြီးရဲ့ အကြံအစည်ကို နားလည်ပါတယ်။ သူက ငတုံးတစ်ယောက် မဟုတ်ပါဘူး။ သွေးဂိုဏ်းမှာ ရက်စက်တဲ့ နည်းလမ်းနှစ်ခု ရှိပါတယ်။ ပထမ တစ်ခုကတော့ သွေးပုလဲ ထုတ်လုပ်တာ ဖြစ်ပြီး ဒုတိယ တစ်ခုကတော့ သွေးအလောင်းကောင် အဖြစ် ပြောင်းလဲပစ်တာပါ။
သူထင်တာ မမှားဘူးဆိုရင်တော့ သွေးဘိုးဘိုးကြီးက သူ့ကို သွေးအလောင်းကောင် အဖြစ် ပြောင်းလဲဖို့ စဉ်းစားထားပုံပါပဲ ။
လီဖူချန်းရဲ့ ခန့်မှန်းချက်က မမှားပါဘူး။ သွေးဘိုးဘိုးကြီးက လီဖူချန်းကို သွေးအလောင်း ကောင် အဖြစ် ပြောင်းပစ်ဖို့ စီစဉ်ထားတာပါ ။
သွေးအလောင်းကောင် ပြောင်းလဲဖို့ဆိုရင် မူလခန္ဓာကိုယ်ရဲ့ ကျင့်ကြံမှုက သိပ်ပြီး မလိုအပ်ပါဘူး။ မူလခန္ဓာကိုယ်ရဲ့ ကြံ့ခိုင်မှုကိုပဲ လိုအပ်ပါတယ်။ ခန္ဓာကိုယ်ကြံ့ခိုင်မှု ကောင်းလေလေ သွေးတာအို စွမ်းအင်တွေကို ပိုစုပ်ယူနိုင်လေလေပါပဲ ။
လီဖူချန်းကို ဖမ်းပြီးတဲ့ နောက်မှာတော့ သွေးဘိုးဘိုးဟာ လီဖူချန်းရဲ့ မျက်နှာဖုံးကို ဆွဲချွတ် ပွတ်လိုက်ပါတယ်။
လီဖူချန်းရဲ့ ငယ်ရွယ်နုပျိုလှတဲ့ မျက်နှာကို တွေ့လိုက်ရတဲ့ အခါမှာတော့ သွေးဘိုးဘိုးကြီးဟာ တုန်လှုပ် သွားခဲ့ပါပြီ။
လီဖူချန်းရဲ့ ချီအရှိန်အဝါကို ကြည့်ပြီး သွေးဘိုးဘိုးကြီးက လီဖူချန်းကို အသက်လေး နယ်နီးပါးလောက်လို့ ခန့်မှန်းထားခဲ့တာပါ။ အခုတော့ လီဖူချန်းက အလွန်ဆုံးရှိမှ အသက်နှစ်ဆယ် ကျော်ပါပဲ။
အသက်၂၀ကျော်မှာ ကောင်းကင်နယ်ပယ် အဆင့်၈ကို ချိုးဖောက် ဝင်ရောက်နိုင်တယ် ဆိုတဲ့ အဖြစ်ဟာ သိပ်ပြီးတော့ များများစားစား ဖြစ်လေ့ မရှိပါဘူး ။ အဲသည်အချက်ကို ကြည့်ခြင်းအားဖြင့် လီဖူချန်းဟာ လက်ရွေးစင် ပါရမီရှင်တွေ ထဲမှာတောင်မှ ဘုရင်လို့ သတ်မှတ်ခံရတဲ့ သူတစ်ယောက် ဖြစ်တယ် ဆိုတာကို သိနိုင်ပါတယ်။
သွေးဘိုးဘိုးကြီးက လီဖူချန်းကို လွန်ခဲ့တဲ့ ကျားနဂါးပြိုင်ပွဲမှာ ပေါ်ပေါက်လာတဲ့ နံပါတ်တစ် ကြယ်ဘုရင် ဆိုတာ ဖြစ်ရမယ်လို့ ကောက်ချက် ချလိုက်ပါတယ်။
နှစ်ပေါင်း တစ်ထောင်မှာမှ တစ်ခေါက်သာ ပေါ်တဲ့ ကြယ်ဘုရင်... ။
သွေးဘိုးဘိုးကြီးက လီဖူချန်း အကြောင်းကို ကြားဖူးပေမယ့် တစ်ခါမှတော့ မမြင်တွေ့ ဖူးခဲ့ပါဘူး။ ဒါပေမဲ့လည်း သူက တွေးတောဆင်ခြင် နိုင်ပါတယ်။ သည်အသက်၂၀ကျော် အရွယ်သာ ရှိသေးတဲ့ ကောင်းကင်နယ်ပယ် အဆင့်၈ ပညာရှင်ဟာ လီဖူချန်းမှ လီဖူချန်းပါပဲ။ ကျန်တဲ့ သူတွေကတော့ အဲသည်လို မစွမ်းဆောင် နိုင်လောက်ပါဘူး။
လီဖူချန်းရဲ့ မျက်နှာကို မြင်လိုက်ရတဲ့ အချိန် သွေးဘိုးဘိုးကြီးနည်းတူ အံ့သြတုန်လှုပ်သွားတဲ့ လူတစ်ယောက်လည်း ရှိပါသေးတယ်။ အဲသည် သူကတော့ မိုးကြိုးနတ်ဘုရားဂိုဏ်းက ယုလီပါပဲ။
ယုလီက လီဖူချန်းကို ကောင်းကောင်းကြီး သိပါတယ်။ ဒါပေမဲ့လည်း ယုလီက လီဖူချန်းရဲ့ ကျင့်ကြံမှု အဆင့်ဟာ ကောင်းကင်နယ်ပယ် အဆင့်၈မှာ ရောက်နေလိမ့်မယ် လို့တော့ လုံးဝ ထင်မထားခဲ့ မိပါဘူး။
သူသိထားတဲ့ အချက်အလက်တွေ အရဆိုရင် လီဖူချန်းဟာ အသက်၂၅နှစ်သာ ရှိသေးတာပါ။
အသက်၂၅နှစ်အရွယ် ကောင်းကင် နယ်ပယ်အဆင့်၈ ပညာရှင်။လီဖူချန်းကို လူတွေက ထောင်စုနှစ် တစ်ခုမှာမှ တစ်ခေါက်ပေါ်တဲ့ ပါရမီရှင်လို့ ဝိုင်းသမုတ် ကြတာလည်း လွန်တော့ မလွန်ပါဘူး။
ယုလီက သူ အံ့သြတုန်လှုပ် သွားတာကို အရမ်း မသိသာသွားအောင် ပြန်ထိန်းလိုက်ပါတယ်။
လီဖူချန်းက နှစ်ပေါင်း တစ်ထောင်မှာ တစ်ခေါက်သာ ပေါ်ထွန်းတဲ့ ပါရမီရှင်ဖြစ်လည်း ဂရုစိုက်စရာ မလိုပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ပါလေ။ သေသွားတဲ့ ပါရမီရှင် ဆိုတာက လူသေ တစ်ယောက်ပင် မဟုတ်ပါလား။
အမှန်အတိုင်း ပြောရမယ်ဆိုရင်တော့ ယုလီဟာ လီဖူချန်း အသက်ဆက်ရှင်နေတာကိုတောင် မမြင်ချင်တော့ပါဘူး။
လီဖူချန်းရဲ့ သည်ပါရမီနဲ့ဆိုရင် နောက်ထပ် နှစ်၂၀အတွင်းမှာ လီဖူချန်းဟာ အရှေ့ယူနီကွန်း တိုက်ကြီးရဲ့ ပြိုင်ဘက်ကင်းတဲ့ ပြယုဂ်တစ်ခု ဖြစ်လာတော့မှာပါ။ အဲသည်လို အဖြစ်မျိုး ဖြစ်လာရင်တော့ မိုးပြာရောင် ဂိုဏ်းဟာ ထိပ်တန်းဂိုဏ်းကြီး ၁၀ဂိုဏ်းရဲ့ တန်ခိုး အာဏာတွေကို ခွဲယူ လာပါတော့မယ်။ အဲသည်လို အဖြစ်မျိုးကိုတော့ ယုလီက မလိုချင်ပါဘူး။
****
သွေးဘိုးဘိုးကြီးက လီဖူချန်းရဲ့ ပါးစပ်ကို ဆွဲဖြဲလိုက်ပြီး သွေးကဲ့သို့ ရဲရဲနီနေတဲ့ ဆေးတစ်လုံး တိုက်ကျွေး လိုက်ပါပြီ။
သည်ဆေးလုံးကိုတော့ ရွှယ်ရှီး ဆေးလုံးလို့ ခေါ်ပါတယ်။ သည်ဆေးလုံးကို သောက်မိ လိုက်တဲ့ သူတိုင်းဟာ တဖြည်းဖြည်း အသိစိတ် ကင်းမဲ့သွားပြီး သွေးအလောင်းကောင် တစ်ကောင် ဖြစ်သွားမှာပါ။ ပြန်လည် ဝင်စားခြင်းနယ်ပယ် ပညာရှင်တွေတောင်မှ သည်ဆေးလုံးရဲ့ အကျိုး သက်ရောက်မှုကို မတောင့်ခံနိုင်ပါဘူး။
သည်ဆေးလုံးမှာလည်း ချွင်းချက်တစ်ခု ရှိပါတယ်။ သည်ဆေးလုံးကို သောက်မိသွားတဲ့ လူတွေဟာ ချီအတွင်းအား လှည်ပတ်ခြင်း လုံးဝလည်ပတ်လို့ မရတဲ့ အခြေအနေ တစ်ခုမှာ ရှိနေရပါမယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သည်ဆေးလုံးကို သောက်လိုက်တဲ့ သူဟာ ကိုယ်ပိုင် ချီအတွင်းအားနဲ့ ဆေးလုံးရဲ့ သက်ရောက်မှုကို ခန္ဓာကိုယ်ထဲကနေ ပြန်တွန်းထုတ် နိုင်လို့ပါပဲ ။
ရွှယ်ရှီးဆေးလုံး သူ့ပါးစပ်ထဲ ဝင်သွားပြီးတဲ့ နောက်မှာတော့ လီဖူချန်းဟာ ခန္ဓာကိုယ် တစ်ခုလုံးကို မီးမြိုက် ထားသလို ခံစားနေရပါတယ်။
" ဒါက ဘာဆေးလုံးလဲ..."
သွေးဘိုးဘိုးကြီးကတော့ ကောင်းစေလိုတဲ့ ဆန္ဒနဲ့ သည်ဆေးလုံးကို ကျွေးမှာ မဟုတ်ပါဘူး။ လီဖူချန်းက သူ့ရဲ့ အသိစိတ် အာရုံနဲ့ ခန္ဓာကိုယ် တစ်ခုလုံးကို ဆန်းစစ်လိုက်ပါတယ်။
ဒုတ်... ဒုတ် …… ဒုတ်... ဒုတ်... ဒုတ်ဒုတ်ဒုတ်ဒုတ်ဒုတ်...
လီဖူချန်းရဲ့ နှလုံးကတော့ အဆက်မပြတ် ခုန်နေပါပြီ ။
သူက သူ့ရဲ့ ချီအတွင်းအားတွေကို မသုံးနိုင်ပေမယ့်လည်း အသိစိတ် အာရုံကိုတော့ ကောင်းကောင်းကြီး သုံးနိုင်နေဆဲပါပဲ ။
သူ့ရဲ့ ခန္ဓာကိုယ်ထဲမှာ စီးဆင်းနေတဲ့ သွေးတွေဟာ တဖြည်းဖြည်းနဲ့ မိစ္ဆာ အငွေ့အသက်တွေ ခိုဝင် ကိန်းအောင်းနေတဲ့ သွေးတွေအဖြစ် ပြောင်းသွားတာကို လီဖူချန်း တစ်ယောက် တွေ့လိုက် ရပါတယ်။
" ဒါက သွေးအလောင်းကောင် အဖြစ် ပြောင်းလဲတဲ့နေရာမှာ အသုံးပြုတဲ့ ဆေးလား..."
လီဖူချန်းက ဇောချွေးတွေ ပြန်လာခဲ့ပါပြီ။
သူက သွေးအလောင်းကောင် မဖြစ်ချင်သေးပါဘူး။ သွေးအလောင်းကောင် အဖြစ် ပြောင်းခံရတယ် ဆိုတာက သေသွားတာနဲ့ အတူတူပါပဲ။ လီဖူချန်းဗိုက်ထဲကို ရွှယ်ရှီးဆေးလုံး ဝင်သွားတာ သေချာသွားတဲ့ အခါမှာတော့ သွေးဘိုးဘိုးကြီးဟာ လီဖူချန်းရဲ့ ကျောကို လက်ဝါးနဲ့ ထိလိုက်ပြီး သွေးတာအို စွမ်းအင်တွေ ပို့ဆောင် လိုက်ပါတယ်။ သူက ရွှယ်ရှီးဆေးလုံး အမြန် အစွမ်းပြလာအောင် လုပ်ဆောင်လိုက်တာပါ။
ချိုတစ်ချောင်း နတ်ဆိုးဘုရင်ကတော့ မူလနေရာကို ပြန်ဆုတ် သွားခဲ့ပါပြီ။
မျက်လုံးတစ်ထောင် မိစ္ဆာကလည်း ဒဏ်ရာရနေတဲ့ အတွက် သွေးဘိုးဘိုးကြီးကို ရန်မစရဲပါဘူး။
သွေးဘိုးဘိုးကြီးရဲ့ သွေးတာအို စွမ်းအင်တွေကို လက်ခံရရှိပြီးတဲ့ အခါမှာတော့ လီဖူချန်းရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေဟာ သွေးရောင်တွေအဖြစ် စတင် ပြောင်းလဲလာခဲ့ပါပြီ။ အားကောင်း လွန်းတဲ့ မိစ္ဆာအငွေ့အသက် တစ်ခုဟာလည်း လီဖူချန်းရဲ့ ခန္ဓာကိုယ်ကနေ ထွက်ပေါ်နေပါတယ်။ လီဖူချန်းကို ကြည့်ရတာက တကယ့်မိစ္ဆာကြီး တစ်ကောင်လိုပါပဲ။
" သွားပြီ...။ သည်တစ်ကြိမ်တော့ ငါဘဝပျက်ပြီ "
လီဖူချန်းက ဖြစ်ပျက်နေသမျှ အားလုံးကို ငြိမ်ပြီး ကြည့်နေရပါတယ်။ သူက ဘာမှကို မတတ်နိုင်တော့ပါဘူး။
တစ်နာရီမျှ အကြာမှာတော့ လီဖူချန်းရဲ့ ခေါင်းကလွဲပြီး ခန္ဓာကိုယ် တစ်ခုလုံးဟာ သွေးတွေကဲ့သို့ ရဲရဲနီသွားခဲ့ပါပြီ။ သူရဲ့ခန္ဓာကိုယ်က ထွက်နေတဲ့ မိစ္ဆာအငွေ့အသက် ဟာလည်း ပိုပိုပြီး အားကောင်း လာပါတယ်။
'ရွှယ်ရှီးဆေးလုံး တစ်လုံးက မလုံလောက် သေးဘူးလား……'
သွေးဘိုးဘိုးကြီးကတော့ အတော်လေး အံ့အားသင့်နေပုံပါပဲ ။ သူက သည်လို အဖြစ်မျိုးနဲ့ တစ်ခါမှ မကြုံဖူးသေးပါဘူး။ ဒါပေမဲ့ သူက တုံ့ဆိုင်းမနေဘဲ နောက်ထပ် ရွှယ်ရှီးဆေးလုံး တစ်လုံးကို ထုတ်လိုက်ပါတယ်။
ရွှယ်ရှီးဆေးလုံး တစ်လုံး ဖော်စပ်ရတာက မလွယ်ပါဘူး။ သည်ဆေးလုံးမှာ ပါဝင်တဲ့ အမျိုးအမည်တွေက ပညာရှင် အယောက်တစ်ရာကိုတောင် ဆန်းကြယ် အထွတ်အထိပ် အဆင့် ခန္ဓာကိုယ် သန့်စင်နည်းစနစ်ရဲ့ အလုံးစုံ တတ်သိ နားလည်ခြင်း အဆင့်ရောက်အောင် လေ့ကျင့်နိုင်ဖို့ အတွက် ထောက်ပံ့ပေးနိုင်ပါတယ်။
သွေးဘိုးဘိုးကြီးဟာ ရွှယ်ရှီးဆေးလုံးတွေနဲ့ ပြန်လည် ဝင်စားခြင်းနယ်ပယ် ပညာရှင်တွေကို တောင်မှ သွေးအလောင်းကောင်တွေ အဖြစ် ပြောင်းခဲ့ပြီးပါပြီ။ သည်နေ့ သည်အချိန်အထိ ဘယ်ပညာရှင်ကိုမှ ရွှယ်ရှီး ဆေးလုံးနှစ်လုံး မတိုက်ခဲ့ရပါဘူး။
လီဖူချန်းက ရွှယ်ရှီးဆေးလုံးနှစ်လုံး တိုက်ဖို့လိုအပ်တဲ့ ပထမဦးဆုံး လူပါပဲ။
ဒုတိယ ရွှယ်ရှီးဆေးလုံး လီဖူချန်းရဲ့ ဝမ်းဗိုက်ထဲကို ဝင်သွားပြီးတဲ့ အချိန်မှာတော့ လီဖူချန်းရဲ့ ဦးခေါင်းဟာ သွေးအရောင်ကဲ့သို့ ပြောင်းသွားခဲ့ပါပြီ။ လီဖူချန်းရဲ့ မျက်လုံး၊ ဆံပင်၊ မျက်ခုံးမွေးတွေနဲ့ သွားတွေကအစ နီရဲသွားခဲ့တာပါ။
အဲသည်အခြေအနေကို သွေးဘိုးဘိုးကြီးက ခေါင်းတညိတ်ညိတ်နဲ့ ကြည့်နေပါတယ်။ သည်သွေးအလောင်းကောင်က သူ့ရဲ့ အပြောင်မြောက်ဆုံး လက်ရာပါပဲ။ ရွှယ်ရှီး ဆေးနှစ်လုံးက လီဖူချန်းကို ပြန်လည်ဝင်စားခြင်း နယ်ပယ် အဆင့်ကိုတောင် တွန်းတင် ပေးလိုက်မှာပါ။ လီဖူချန်းကိုသာ အရည်အသွေး ကောင်းတဲ့ သွေးပုလဲအချို့ စုပ်ယူခိုင်းပြီးရင်တော့ လီဖူချန်းဟာ ပြန်လည် ဝင်စားခြင်းနယ်ပယ် အလယ်အလတ် အဆင့်ကိုတောင် ရောက်သွား လောက်ပါတယ်။ သွေးဘိုးဘိုးကြီးက လီဖူချန်းကို သွေးအလောင်းကောင် ဘုရင်အဖြစ် ပြုစုပျိုးထောင် ပေးဖို့တောင် စဉ်းစားနေပါပြီ။
လီဖူချန်းတစ်ယောက် သူ့ရဲ့ ထိန်းချုပ်မှုအောက်မှာ ရာနှုန်းပြည့် ရောက်သွားပြီဆိုမှ သွေးဘိုးဘိုးကြီးဟာ သွေးကြိုးကို ပြန်သိမ်း လိုက်ပါတော့တယ်။
ကျွီ...
အဲသည်အချိန်မှာပဲ နန်းတော်တံခါးဝဟာ ပွင့်လာခဲ့ပါတယ်။ မိုးကြိုး နတ်ဘုရားဂိုဏ်းက ယုလီကတော့ ဘယ်အချိန် ကတည်းက စောင့်နေတယ် မသိပါဘူး။ သူက တံခါးဝကိုတောင် ဖြတ်ကျော် သွားခဲ့ပါပြီ ။
သွေးဘိုးဘိုးကြီးက လီဖူချန်းကို သူ့နောက်လိုက်လာဖို့ စိတ်နဲ့ အမိန့်ပေး လိုက်ပါတယ်။ လီဖူချန်းကလည်း သွေးဘိုးဘိုးကြီးရဲ့ အနောက်ကနေ အရိပ်သဖွယ် ကပ်လိုက် သွားပါတယ်။
" ငါက သည်အဘိုးကြီးရဲ့ ထိန်းချုပ်မှုအောက်မှာ ရောက်နေတာလား...။ ကြည့်ရတာတော့ အဲလို မဟုတ်လောက်ပါဘူး..."
လီဖူချန်းရဲ့ စိတ်ဝိညာဉ် နယ်ပယ်ထဲမှာတော့ အသိစိတ်နှစ်ခု ဖြစ်တည်နေပါပြီ။ တစ်ခုကတော့ သွေးနီရောင် အသိစိတ်ဖြစ်ပြီး နောက်တစ်ခုကတော့ သူ့ရဲ့ ကိုယ်ပိုင် အသိစိတ်ပါ။
သွေးနီရောင် အသိစိတ်ကိုတော့ သွေးဘိုးဘိုးကြီးက ထိန်းချုပ်ထားပုံပါပဲ။ သွေးဘိုးဘိုးကြီး စိတ်ထဲကနေ တွေးလိုက်တာနဲ့ လီဖူချန်းရဲ့ ခန္ဓာကိုယ်က လိုက်လုပ်နေတာပါ။
ဒါပေမဲ့ သေသေချာချာ နှိုင်းယှဉ်လိုက်မယ် ဆိုရင်တော့ လီဖူချန်းရဲ့ ကိုယ်ပိုင် အသိစိတ်က သွေးနီရောင် အသိစိတ်ထက် ပိုအားကောင်းပါတယ်။ အဲသည်အတွက် လီဖူချန်းသာ စိတ်ရှိမယ် ဆိုရင်တော့ သူ့ရဲ့ခန္ဓာကိုယ်ကို ပြန်ထိန်းချုပ်လို့တောင် ရနိုင်တဲ့ အခြေအနေမှာ ရှိပါတယ်။
ဒါပေမဲ့ လီဖူချန်းက သူ့ရဲ့ခန္ဓာကိုယ်ကို ပြန်ထိန်းချုပ်ဖို့ အတွက် အလျင်စလို မလုပ်ရဲသေးပါဘူး။ သွေးဘိုးဘိုးကြီးသာ မူမမှန်တာ တစ်ခုခုကို သတိပြုမိ သွားလို့ကတော့ သူ့ရဲ့ အခြေအနေက ပိုဆိုးသွားမှာပါ ။
လီဖူချန်းက သူ့ရဲ့ အထင် မှန်မမှန် ဆိုတာကို သိဖို့အတွက် လက်ချောင်းလေး တစ်ချောင်းကို မသိမသာလေး လှုပ်ကြည့် လိုက်ပါတယ်။
သူထင်တဲ့ အတိုင်းပါပဲ ။ သူ့ရဲ့လက်ချောင်းကို လှုပ်လို့ ရနေပါတယ်။
" ဟုတ်ပြီကွ "
လီဖူချန်းက အခြေအနေကို ကောင်းကောင်းကြီး နားလည်သွားခဲ့ပါပြီ။ သူ့ရဲ့ အသိစိတ်က အရမ်း အစွမ်းထက်နေတဲ့ အတွက် တစ်ဖက်လူရဲ့ အသိစိတ်က သူ့အပေါ်မှာ လွှမ်းမိုးနိုင်စွမ်း ရှိမနေတာပါ။
ပြီးတော့ ဒါက သူ့ရဲ့ စိတ်ဝိညာဉ်နယ်ပယ်ထဲမှာ ရှိနေတဲ့ ရွှေရောင် လက်ဖွဲ့ အဆောင်နဲ့လည်း သက်ဆိုင်ကောင်း သက်ဆိုင် နေပါလိမ့်မယ်။
သင်္ချိုင်းဂူထဲမှာတုန်းကဆိုရင် တိုက်ပွဲ ဝိညာဉ်နယ်ပယ် အထက်က ပညာရှင်တောင်မှ လီဖူချန်းရဲ့ ခန္ဓာကိုယ် ထိန်းချုပ်ဖို့ မစွမ်းဆောင်နိုင်ခဲ့ပါဘူး။
***