ဖိနှိပ်တိုက်ခိုက်ခြင်း
Vol. 34 Ch. 472
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက နေသင်္ဘောကို ကြည့်၍ ချင်မူ့အား စိတ်ပူနေသည်။ စိုးရိမ်စိတ်ကြောင့် သတိလက်လွတ်ဖြစ်သွားသဖြင့် နောက်ဆုံးတွင် ဟာကွက်တစ်ကွက် ပေါ်လာခဲ့ခြင်းဖြစ်သည်။
အစစ်အမှန်ကောင်းကင်မယ်တော်ကြီး အချိန်မပြတ် ရှာဖွေနေခဲ့သော ဟာကွက်က သူမ၏မျက်စိရှေ့တည့်တည့်၌ ပေါ်လာချေပြီ။
အစစ်အမှန်ကောင်းကင်မယ်တော်ကြီး၏ ပါးစပ်မှ ထူးဆန်းသော အော်သံတစ်သံ ထွက်လာသည်။ မှော်စွမ်းအင်က သူမ၏ခန္ဓာကိုယ်မှ ပေါ်ထွက်လာ၍ ဖောင်းကြွလာသည့် ကြွက်သားများကြောင့် အရေပြားကား ဖောင်းခနဲ ကွဲထွက်သွား၏။
ကြွက်သားများက ကြောက်ခမန်းလိလိ ကားထွက်လာနေရာ ထျန်းစစ်ယု၏ ခန္ဓာကိုယ်က သူမ၏မူလခန္ဓာကိုယ်မဟုတ်ကြောင်း သိသာပေါ်လွင်လာသည်။ မှော်စွမ်းအင်အားလုံး ထုတ်လွှတ်လိုက်လျှင်ချင်း နတ်ဘုရားအရှိန်အဝါက သူမပူးကပ်ထားသည့် ခန္ဓာကိုယ်အား စုတ်ဖြဲပစ်လိုက်တော့သည်။
တစ်ချိန်တည်းမှာပင် မီးကန္တာရထဲရှိ သဲများက အသက်ဝင်လာသည့်အလား စီးဆင်းလာကြသည်။ ဧကရာဇ်အတိုင်ပင်ခံ၏ ခြေထောက်အောက်ရှိ သဲများက ဧရာမပါးစပ်ပေါက်ကြီးအသွင် ဖွဲ့တည်လာပြီး သူ့ကို ဝါးမြိုရန် ကြိုးစားလိုက်သည်။
ပါးစပ်ပေါက်ကြီးကား ကြောက်မက်ဖွယ်ရာ ဆွဲအားကို ထုတ်လွှတ်နေသော ချောက်နက်ကြီးပမာ သူ့ကို ဆွဲချနေသည်။ ထို့နောက် သဲများက ဓားတစ်လက်အသွင် စုစည်းသွားပြီး မြေကြီးထဲ နစ်ဝင်နေသော ဧကရာဇ်အတိုင်ပင်ခံဆီသို့ ထိုးစိုက်လိုက်၏။
အစစ်အမှန်ကောင်းကင်မယ်တော်ကြီးက စူးစူးဝါးဝါး အော်ဟစ်နေပြီး သူမ၏ရုပ်ခန္ဓာက ကိုက်သုံးရာအထိ မြင့်မားလာသည်။ နတ်ဘုရားအရှိန်အဝါတို့ တောက်လောင်နေသော ချောက်ချားဖွယ်ရာ ဘီလူးကြီးပမာ ရှိနေသည်။
ဤသို့ အငိုက်ဖမ်းတိုက်ခိုက်ရန် ရက်ပေါင်းများစွာ သည်းခံစောင့်စားနေခဲ့ရသဖြင့် သူမ၏လှုပ်ရှားမှုများက ရန်လိုကြမ်းတမ်းနေကာ ခရီးတစ်လျှောက်လုံး နွေးနွေးထွေးထွေး စောင့်ရှောက်ပေးခဲ့သော ထျန်းစစ်ယုနှင့် တခြားစီ ဖြစ်နေ၏။
များသောအားဖြင့် ‘ရန်လိုကြမ်းတမ်းသည်’ ဆိုသော စကားလုံးသည် ယောက်ျားသားများဖြင့်သာ အပ်စပ်သော်လည်း အနောက်ကမ္ဘာမြေတွင် မိန်းမများက အိမ်ထောင်ဦးစီးများ မဟုတ်ပါ၏လော။
အစစ်အမှန်ကောင်းကင်မယ်တော်ကြီး လက်ကို ပင့်မြှောက်လိုက်သည့်အခါ မီးကန္တာရက တဟုန်းဟုန်းတောက်လျက် မြောက်တက်လာပြီး နံရံအထူကြီးနှစ်ခုအဖြစ် ထောင်မတ်ကာ ဧကရာဇ်အတိုင်ပင်ခံအား ဖိညှပ်လိုက်သည်။
“သေပေတော့”
အစစ်အမှန်ကောင်းကင်မယ်တော်ကြီး ထိုသို့ပြောလိုက်သည့်အချိန်မှာပဲ ဓားရောင်တစ်ချက်က သူမ၏နောက်စေ့ကို ထိုးဖောက်ကာ မျက်ခုံးနှစ်ဖက်ကြားမှ ထွက်လာသည်။
အစစ်အမှန်ကောင်းကင်မယ်တော်ကြီး မှင်သက်သွား၍ တဟုန်းဟုန်း တောက်လောင်နေသော မီးကန္တာရမှာ ငြိမ်သက်သွား၏။ အနည်းဆုံးကိုက်တစ်ရာကျော် မြင့်မားသော သဲနံရံကြီးနှစ်ဖက်လည်း ကြေမွလာပြီး သဲများအဖြစ် တဝေါဝေါ ပြိုကျသွားသည်။
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ၏ ခြေထောက်အောက်ရှိ ပါးစပ်ကြီးလည်း သဲမြေပြင်ပမာ ပြန်လည်ငြိမ်သက်သွား၏။ သဲဓားများလည်း မိုးပေါက်များသဖွယ် ပြန်လည်ရွာကျသွားသည်။
“ဒီသူတောင်းစားက ဘယ်က ရောက်လာတာလဲ။ ဒါက အထက်နတ်ဘုရားတွေအတွက် နတ်သေရည်ဟဲ့။ နင်ကများ သောက်ရတယ်လို့” ဧကရာဇ်အတိုင်ပင်ခံက အလွန်တရာ တုန်လှုပ်ဖွယ်ကောင်းသော အစစ်အမှန်ကောင်းကင်မယ်တော်ကြီးအား ခေါင်းလှည့်ကြည့်၏။ သူ စကားပြောသည့်အခါ သူ၏အသံသည် တည်ငြိမ်အေးဆေးနေ၏။ “နံရံဆေးရေးပန်းချီထဲမှာ ချင်မူ ဆောင့်ကန်လိုက်တဲ့ နတ်ဘုရားမက စကားလုံး ၃၂ လုံးတိတိ ပြောခဲ့တယ်
“လမ်းတစ်လျှောက်လုံး ဂိုဏ်းသခင်ချင်က ခင်ဗျားနဲ့ တမင်စကားဖောင်ဖွဲ့ ပြောခဲ့တယ်။ ခင်ဗျား စကားတစ်ခွန်းပြောတိုင်း အဲဒီစကားလုံး ၃၂ လုံးထဲ တစ်လုံးစီ ပါခဲ့တာ သတိမထားမိဘူးမလား။ ဂိုဏ်းသခင်က သိပ်ဉာဏ်ကောင်းတယ်။ ခင်ဗျားကို အဲဒီစကားအတိုင်း တန်းပြောခိုင်းလိုက်ရင် သေချာပေါက် လေသံအနေအထား ပြောင်းပစ်နိုင်ပေမယ့် အဲဒီစကားလုံး ၃၂ လုံးကို တစ်လုံးစီ ညှပ်ပြောလိုက်ရင် ခင်ဗျား သတိမထားမိနိုင်တော့မှန်း သိတယ်”
“ဒါဆို ငါ့ကို အစကတည်းက မယုံခဲ့ဘူးပေါ့” အစစ်အမှန်ကောင်းကင်မယ်တော်ကြီးက အက်ကွဲဩရှနေသောအသံကြီးဖြင့် မေးလိုက်သည်။
ဧကရာဇ်အတိုင်ပင်ခံက သူမကို ထူးဆန်းစွာ ကြည့်ကာ ခေါင်းယမ်းလိုက်၏။ “ဂိုဏ်းသခင်ချင် ခင်ဗျားလက်ထဲကို လိပ်နက်ပုတီးစေ့ ထည့်ပေးခဲ့တုန်းက ကျုပ်လည်း အံ့ဩခဲ့ရတာပဲ။ အဲဒီအချိန်မှာ ခင်ဗျား လိပ်နက်ပုတီးစေ့ရဲ့ စွမ်းအားနဲ့ တိုက်ခိုက်လိုက်ရင် ကျုပ် ဘာမှတတ်နိုင်မှာမဟုတ်ဘူး။ ဂိုဏ်းသခင်ချင်က ကျုပ်ရဲ့အစွမ်းအစကို အထင်ကြီးထားတော့ ကျုပ်အနေနဲ့ ပုံမှန်အတိုင်းနေရုံအပြင် မရှိဘူး။ ကျုပ်တို့နှစ်ယောက်က ခင်ဗျားကို စမ်းသပ်နေတာလို့ ခင်ဗျားထင်ပေမယ့် တကယ်တမ်း အဲဒီအကောင်စုတ်လေးတစ်ယောက်တည်း လုပ်နေတာ။ ကျုပ်တောင် ရင်တုန်ခဲ့ရတယ်။ ခင်ဗျား အခွင့်အရေးအများကြီး ဆုံးရှုံးခဲ့ရပြီးပြီ”
“အဲဒီသူတောင်းစားပဲလား...” အစစ်အမှန်ကောင်းကင်မယ်တော်ကြီး သက်ပြင်းချလိုက်သည့်အခါ သူမမျက်ခုံးနှစ်ဖက်ကြားရှိ ဓားဒဏ်ရာမှ သွေးများစီးကျလာသည်။ သူမက ပြုံးကာ ပြောလိုက်သည်။ “ဒါပေမဲ့ ဒီဓားကွက်တစ်ကွက်တည်းနဲ့ ငါ့ကို ရင်ဆိုင်နိုင်မယ် ထင်နေရင် နင် မှားသွားပြီ...”
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ၏မျက်နှာ အနည်းငယ် ပြောင်းလဲသွားသည်။ အစစ်အမှန်ကောင်းကင်မယ်တော်ကြီး၏ မျက်ခုံးနှစ်ဖက်ကြားမှ စီးကျလာနေသည်မှာ သွေးမဟုတ်ဘဲ သဲများ ဖြစ်၏။
အစစ်အမှန်ကောင်းကင်မယ်တော်ကြီးက ပြုံးနေပြီး သဲများစွာ စီးကျနေသည်နှင့်အမျှ ဓားဒဏ်ရာက ပိုမိုကြီးမားလာသည်။ သူမက ခနဲ့တဲ့တဲ့ ရယ်၏။ “နင်မသိဘူးလား၊ ဝိညာဉ်တစ်သောင်းသဘာဝကျင့်စဉ်ကို ဖန်တီးခဲ့တာ ငါပဲ။ ဒီကန္တာရကိုလည်း ငါ ဖန်ဆင်းခဲ့တာ။ ငါ ဖန်ဆင်းခဲ့တဲ့ နေရာမှာ ငါ့ကို သတ်ဖို့ ကြိုးစားချင်တယ်တဲ့လား။ အိပ်မက်ထဲတောင် မဖြစ်နိုင်ဘူး”
သူမ၏ခန္ဓာကိုယ်က သဲများအဖြစ် ပြိုကွဲသွားပြီး အသံက အရပ်လေးမျက်နှာမှ ပဲ့တင်ထပ်လာသည်။ “ဒီနေရာမှာ ငါ နေသင်္ဘောတွေ၊ လသင်္ဘောတွေနဲ့ တိုက်ခိုက်ခဲ့ပြီး နေစောင့်ရှောက်သူတွေ၊ လစောင့်ရှောက်သူတွေကို သတ်ပစ်ခဲ့ဖူးတယ်။ ငါ့ဂုဏ်သတင်းက အလကားကျော်ကြားနေတာလို့ နင်ထင်သလား”
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ကောင်းကင်ယံသို့ ခုန်တက်ပြီး သဲကန္တာရအပေါ်တွင် လဲလျောင်းနေသော နေသင်္ဘောဆီသို့ တန်းတန်းမတ်မတ် ပြေးသွားသည်။ လက်ထဲရှိ ဓားကို ဝင့်ယမ်းလိုက်သည့်အခါ သူ၏ဓားရောင်က မဟူရာညသဖွယ် ဖြာထွက်လာ၏။
ဓားအရိပ်ကို မြင်လျှင် ဓားအလင်းကို မမြင်ရပေ။ ဓားအလင်းကို မြင်လျှင် ပုံသဏ္ဍာန်ကို မတွေ့ရပေ။
အလင်းမဲ့ အရိပ်၊ သဏ္ဍာန်မဲ့ အလင်း။
သူ နေသင်္ဘောဆီသို့ မရောက်ခင်မှာပင် နေသင်္ဘော အသက်ဝင်လာကာ ခြေထောက်များဖြင့် ထရပ်လိုက်သည်။ သံကြိုးများ တဂျောင်းဂျောင်း မြည်ဟည်းသွားပြီး သဲထဲ၌ နစ်မြုပ်နေသော နေလုံးကြီးလည်း ဆွဲမြှောက်ခံလိုက်ရ၏။ နေလုံးကြီးကို ဖုံးလွှမ်းနေသော သဲမှုန်များ တဝုန်းဝုန်း ပျံ့လွင့်သွားသည်။
အနက်ရောင်နေလုံးကြီးက ကောင်းကင်ယံသို့ မြောက်တက်သွားပြီး ဟင်းလင်းပြင်အား ဖိချလိုက်ရာ ကမ္ဘာတုန်ဟည်းစေသော ထစ်ချုန်းသံများ ဟိန်းထွက်လာ၏။ မိုးကြိုးတန်းများက မီးကန္တာရ၏နေရာအနှံ့အပြားသို့ ပစ်ချလိုက်သည်။
နေသင်္ဘောက ဧကရာဇ်အတိုင်ပင်ခံဆီသို့ တရှိန်ထိုး ပြေးလာသည်။ ဧရာမသင်္ဘောကြီး တခြစ်ခြစ် တောက်လောင်နေသော မီးတောက်မီးလျှံများကြားမှ ဖြတ်ပြေးလာသော မြင်ကွင်းမှာ မယုံနိုင်စရာကောင်းပေသည်။
“ဒါက ခိုင်ဧကရာဇ်ခေတ်တုန်းက စက်မှုဝန်ကြီးဌာနရဲ့ လက်ရာပဲ။ သူတို့က ကောင်းကင်နတ်တစ်ပါးရဲ့ စွမ်းအားနဲ့ ညီမျှတဲ့ လက်နက်တစ်လက်ကို သွန်းလုပ်ပြီး သေမျိုးတွေကို နတ်ဘုရားတွေနဲ့ တစ်တန်းတည်း ရပ်စေချင်ခဲ့တာလေ”
နေသင်္ဘော၏အလယ်ရှိ တိုင်ကြီးလေးတိုင်အကြားတွင် အမျိုးသမီးတစ်ယောက်က ကောင်းကင်နတ်ဘုရားမသဖွယ် ဖြည်းဖြည်းချင်း ထလာသည်။ လက်လေးဖက်က တိုင်လေးတိုင်ကို ဆုပ်ကိုင်ထားပြီး ဝမ်းသာနေသော သူမ၏ရယ်သံ ထွက်ပေါ်လာသည်။ “ဒါပေမဲ့ နောက်ဆုံးတော့ သူတို့လက်နက်တွေက ငါ့အတွက် ဖြစ်လာတာပဲ။ အကုန်လုံး ငါ့လက်ထဲမှာ သေခဲ့ကြရတာပဲ”
ရွှီး
သဲမြွေများက မီးကန္တာရထဲမှ ပျံထွက်လာကြသည်။ သူတို့၏ကိုယ်လုံးကြီးများက တုနှိုင်းမဲ့ ပြိုင်ဘက်ကင်းလောက်အောင် တုတ်ခိုင်ထွားကြိုင်းပြီး ကန္တာရမြေအောက်ကို ဖြတ်၍ ဧကရာဇ်အတိုင်ပင်ခံဆီ လာနေကြသည်။
“ခံစားရလား၊ ငါ့မှော်စွမ်းအင်တွေ မြင့်တက်နေတာကို ခံစားရလား” အစစ်အမှန်ကောင်းကင်မယ်တော်ကြီးက တဟားဟားရယ်ရင်း နေသင်္ဘောကို ရှေ့သို့ ပြေးသွားစေပြီး အနက်ရောင်နေလုံးကို လွှဲကာ ဧကရာဇ်အတိုင်ပင်ခံဆီသို့ ရိုက်ချလိုက်သည်။ “မျှော်လင့်ချက်မဲ့တယ် ဆိုတာ ဘာလဲ နင်သိအောင် ပြမယ်။ ယားးးးးး”
နားကွဲလုအောင် စူးလှသော အော်ဟစ်သံများ မီးကန္တာရထဲ၌ ပဲ့တင်ထပ်နေသည်။ ရွေ့လျားနေသော ဧရာမသင်္ဘောကြီးသည် အနက်ရောင်နေလုံးကြီးကို လွှဲ၍ အလွန်တရာ သေးငယ်သော လူသေးသေးလေးကို ရိုက်ချနေ၏။ သဲမြွေကြီးများကလည်း လူသေးသေးလေးအား ဝိုင်းထားသည်။
အစစ်အမှန်ကောင်းကင်မယ်တော်ကြီး၏ ခန္ဓာကိုယ်သည် နေသင်္ဘောထက် များစွာကြီးမား၏။ သူမနှင့်ယှဉ်ပါက ဧကရာဇ်အတိုင်ပင်ခံမှာ မပြောပလောက်အောင် သေးငယ်သည်။ သို့တိုင်အောင် သူမက နေသင်္ဘောကြီးကို ထိန်းချုပ်ကာ ဧကရာဇ်အတိုင်ပင်ခံကို တိုက်ခိုက်နေပြီး သူမ၏ရိုက်ချက်တိုင်းက မတွေးဝံ့လောက်သည်အထိ ပြင်းထန်ကြမ်းတမ်းလှသည်။ သိုင်းကွက်များက အဆက်မပြတ် ပြောင်းလဲနေသည့်အပြင် သဲပင်လယ်ကလည်း တပွက်ပွက် ဆူနေ၏။ မီးကန္တာရတစ်ခုလုံးက သူမ၏ခန္ဓာကိုယ်၊ သူမ၏လက်နက် ဖြစ်ချေသည်။
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက အစစ်အမှန်ကောင်းကင်မယ်တော်ကြီး၏ သိုင်းကွက်များကို ချိုးဖျက်ကာ နောက်ဆုတ်နေသည်။ သို့သော် သူနှင့် အစစ်အမှန်ကောင်းကင်မယ်တော်ကြီး၏ အကွာအဝေးမှာ သေးငယ်လာနေ၏။
အစစ်အမှန်ကောင်းကင်မယ်တော်ကြီး ထိတ်လန့်လာသည်။ ဧကရာဇ်အတိုင်ပင်ခံ အရေးနိမ့်နေပြီး နေသင်္ဘောက အသာစီးရနေပုံပေါ်သော်လည်း ထိုသို့မဟုတ်ပေ။ အသာစီးမရသည်သာမက အန္တရာယ်ကို သူမ ခံစားနေရသည်။
သူမနှင့် ဧကရာဇ်အတိုင်ပင်ခံ အတိုင်းအတာတစ်ခုအထိ နီးကပ်သွားလျှင် သူမကို စောင့်ကြိုနေမည်မှာ ဧကရာဇ်အတိုင်ပင်ခံ၏ အပြင်းထန်ဆုံးသိုင်းကွက် ဖြစ်လိမ့်မည်။ သူ့အနားကပ်သွားခြင်းက သူမသေတွင်းသူမ တူးသည်နှင့် တူလိမ့်မည်။
သို့ရာတွင် ရပ်လိုက်လျှင်လည်း မဖြစ်ပေ။ နေသင်္ဘော၏ စွမ်းအားကို ငှားယူ၍ ဧကရာဇ်အတိုင်ပင်ခံကို ဖိနှိပ်နိုင်သော်လည်း သူမ၏အားနည်းချက်က တိုင်လေးတိုင်ကြားတွင် ရပ်ကာ တိုင်လေးတိုင်လုံးအား ဆုပ်ကိုင်ထားရခြင်းဖြစ်သည်။
စိတ်တိုင်းကျ လွတ်လွတ်လပ်လပ် မလှုပ်ရှားနိုင်သဖြင့် ဧကရာဇ်အတိုင်ပင်ခံ သူမအနား ကပ်လာလျှင် ခေါင်းကို ဆက်သလိုက်သကဲ့သို့ ဖြစ်လိမ့်မည်။
သို့သော် နေသင်္ဘောနှင့် ဝိညာဉ်ပုတီးစေ့လေးလုံး၏ စွမ်းအားကို မငှားလျှင်လည်း သူမ၏သိုင်းစွမ်းရည်က ဧကရာဇ်အတိုင်ပင်ခံအောက် နိမ့်ကျ၏။
ထို့ကြောင့် သူမအနေဖြင့် ဧကရာဇ်အတိုင်ပင်ခံဆီမှ အတိုင်းအတာတစ်ခုအထိ ခွာထားပြီး သူအနားကပ်လာသည်နှင့် အလျင်သတ်ပစ်ရမည်။
အစစ်အမှန်ကောင်းကင်မယ်တော်ကြီး၏ မှော်စွမ်းအင်က ပို၍ပင် အားကောင်းသန်မာလာ၍ သိုင်းကွက်များကလည်း ပိုမိုစိပ်လာသည်။ သူမက တစ်လှမ်းချင်း လှမ်း၍ ဧကရာဇ်အတိုင်ပင်ခံအား တွန်းထုတ်နေသော်လည်း အနားကပ်မသွားပေ။
အစစ်အမှန်ကောင်းကင်မယ်တော်ကြီး၏ အော်ဟစ်သံများက ကျယ်သထက် ကျယ်လာပြီး သူမကျောတွင်လည်း ချွေးများစိုရွှဲနေသည်။
နေသင်္ဘောနှင့် ဧကရာဇ်အတိုင်ပင်ခံ ထွက်သွားသည့်အခါ ပြိုကျပျက်စီးနေသော ခန်းမထဲတွင် ချင်မူနှင့် ပန်ကုန်းစုန်သာ ရပ်လျက် ကျန်ခဲ့၏။
အစစ်အမှန်ကောင်းကင်မယ်တော်ကြီး သရုပ်မှန်ပေါ်ထွက်လာသည့်အချိန် ဧကရာဇ်အတိုင်ပင်ခံ သူမအား ဓားတစ်ချက်ဖြင့် သတ်လိုက်တုန်းက ပန်ကုန်းစုန်မှာ လန့်ဖျပ်သွား၍ ထွက်ပြေးရန် ပြင်လိုက်မိသည်။
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံသည် မည်မျှအားကောင်းသန်မာလိုက်သနည်း။
အစစ်အမှန်ကောင်းကင်နန်းတော်သိမ်းတိုက်ပွဲက ပန်ကုန်းစုန်ကို မျက်မှောက်ခေတ်ကာလ သူရဲကောင်းများနှင့် တိုက်ခိုက်မည့် အစီအစဉ်များအား မေ့လျော့သွားစေခဲ့သည်။ သူ့မှာ ကောင်းကင်တံတားအဆင့်အထိ ကျင့်ကြံပြီး ဝိညာဉ်ဂါဝရပြုခြင်းဖြင့် ရန်သူကို သတ်ချင်စိတ်သာ ရှိတော့၏။
သို့သော် ဧကရာဇ်အတိုင်ပင်ခံက သတ်လိုက်သည်က အစစ်အမှန်ကောင်းကင်မယ်တော်ကြီးမဟုတ်ဘဲ သဲဘီလူးကြီးတစ်ကောင်သာ ဖြစ်ကြောင်း မြင်လျှင် ပန်ကုန်းစုန် စိတ်သက်သာရာရသွားပြီး ထွက်ပြေးရန် သတိမရတော့ပေ။
အစစ်အမှန်ကောင်းကင်မယ်တော်ကြီး နေသင်္ဘောကို ထိန်းချုပ်၍ ဧကရာဇ်အတိုင်ပင်ခံအား ဖိနှိပ်ထားသည့်အခါ သူ ဝမ်းသာလာသည်။
ပန်ကုန်းစုန်က ပြုံးလိုက်ပြီး အေးအေးလူလူ ပြောလိုက်၏။ “ဂိုဏ်းသခင်ကတော့ တကယ် အတွက်အချက် တော်ပါပေတယ်။ ဧကရာဇ်အတိုင်ပင်ခံနဲ့ အစစ်အမှန်ကောင်းကင်မယ်တော်ကြီးကို ငါ့ကို လာရှာတာဆိုတော့ မင်း ဘာတွေးမှန်း ငါ သိတာပေါ့။ မင်းက ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်ကို ပစ်ချင်နေတာ။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ အစစ်အမှန်ကောင်းကင်မယ်တော်ကြီးကို အငိုက်ဖမ်း သုတ်သင်တဲ့အချိန် မင်းက ငါ အံ့အားသင့်သွားတာကို အခွင့်အကောင်းယူပြီး ငါ့ကို သတ်မယ်။ သိပ်ကောင်းလိုက်တဲ့ အစီအစဉ်ပဲ။ ဒါပေမဲ့ လူသားတစ်ယောက်ရဲ့ အကြံက နတ်ဘုရားရဲ့ အကြံကို မှီပါ့မလား။ အစစ်အမှန်ကောင်းကင်မယ်တော်ကြီး ဒီလောက် သန်မာအားကောင်းမယ်လို့ မင်း မထင်ထားခဲ့ဘူး။ ဒါက မင်းရဲ့ ပထမဆုံးအမှားပဲ”
သူက လက်နှစ်ဖက်ကို ကျောနောက်ပစ်လျက် ဆက်ပြောသည်။ “ဒုတိယအမှားက ငါ့ကို အထင်သေးလွန်းတာပဲ။ မင်းက ငါ့ကို သာမန်ကောင်းကင်နတ်သိုင်းပညာရှင် တစ်ယောက်လို ဆက်ဆံတယ်။ အဲဒါက အကြီးမားဆုံး အမှားပဲ။ ငါက ဆယ်ဘဝ၊ ဆယ်ကြိမ်တိုင် ပြန်ရှင်သန်လာခဲ့တာ။ ငါ့သိုင်းကျင့်နှုန်းက မင်း မတွေးနိုင်လောက်တဲ့အထိ မြန်တယ်။ ငါ့တိုးတက်နှုန်းကိုလည်း မင်း တွေးနိုင်မှာမဟုတ်ဘူး”
သူ့အရှိန်အဝါက တရှိန်ထိုး ထွက်ပေါ်လာပြီး အားကောင်းပြင်းထန်သော ချီစွမ်းအင်က လေဆင်နှာမောင်းများကို ဖွဲ့တည်ကာ လေထုကို ပုံပျက်တွန့်လိမ်သွားစေသည်။ လေဆင်နှာမောင်းများက ခန်းမအပျက်ထဲရှိ အုတ်ခဲများနှင့် တိုင်လုံးများကို ဝါးမြိုတိုက်ချသွား၏။
“မင်းက ဘယ်အစွမ်းအစနဲ့ ငါ့ကို ရင်ဆိုင်မှာလဲ” ပန်ကုန်းစုန် အော်မေးလိုက်သည်။ သူ၏ကျင့်စဉ်စွမ်းအားက မီးကန္တာရထဲ၌ ဆုံခဲ့သည့်အချိန်နှင့်ယှဉ်လျှင် ကြောက်ခမန်းလိလိ တိုးတက်သွားခဲ့ဖြစ်၏။ နတ်ဘုရားများသဖွယ် မြန်လှသည်ဟုပင် ဆိုနိုင်သည်။
ပန်ကုန်းစုန် ခြေလှမ်းကျဲကျဲများဖြင့် လျှောက်လာသည့်အခါ သူ့အနောက်တွင် နတ်ဘုရားပုံရိပ်များ ဖွဲ့တည်လာ၏။ သူ၏ခန္ဓာကိုယ်က ဗုဒ္ဓရှင်တော်မြတ်တစ်ပါးပမာ ရွှေရောင်တောက်လာပြီး တထာဂတ၏ မဟာယနသုတ္တန်မှ သူရဿတီဘုံ ကွန့်မြူးဖြစ်တည်လာသည်။
ပန်ကုန်းစုန်က လက်ကို ပင့်မလိုက်သည့်အချိန်တွင် လေ၊ မိုးကြိုးများ မြောက်တက်လာ၏။ မိုးကြိုးက ချင်မူ့ကို ပစ်ချလိုက်သည်။
ချင်မူလည်း လက်ကို ပင့်မလိုက်သည်။
ဂျုန်း
ခန်းမတစ်ဝက် ပြိုကျသွားပြီး ပန်ကုန်းစုန်က ပြိုကျသွားသောနံရံများနှင့်အတူ မြေကြီးအောက်ထဲ ငုပ်လျှိုးသွား၏။
ချင်မူ မြေကြီးအား ဖနောင့်ဖြင့် ပေါက်လိုက်သည်။ ကျန်တစ်ဝက်လည်း ပြိုကျသွားကာ သူ့ခြေထောက်အောက်၌ ကျင်းကြီးတစ်ကျင်း ဖြစ်ပေါ်လာ၏။ ပန်ကုန်းစုန်မှာ သဲများထဲ နစ်မြုပ်သွားတော့သည်။
ချင်မူက ခေါင်းကို စောင်း၍ မေးလိုက်သည်။ “မှော်ဆရာကြီး စောစောက ဘာပြောလိုက်တာ”