အပိုင်း၃၅၅
Vol. 26 Ch. 355
နန်းတော်ရာထဲကို ပထမဆုံး ဝင်သွားသူကတော့ ယုလီပါပဲ။ ချိုတစ်ချောင်း နတ်ဆိုးဘုရင်နဲ့ မျက်လုံး တစ်ထောင်မိစ္ဆာကတော့ ယုလီရဲ့ နောက်ကနေ လိုက်ဝင် သွားပါတယ်။ သွေးဘိုးဘိုးကြီးနဲ့ လီဖူချန်းကတော့ နန်းတော်ရာထဲကို နောက်ဆုံးမှသာ ဝင်သွားတာပါ ။
နန်းတော်ထဲကို ရောက်သွား အပြီးမှာတော့ လီဖူချန်းက သူ့ကိုယ်သူ ပုရွက်ဆိတ်လေး တစ်ကောင်အလား ထင်မြင်လာမိပါတယ်။
နန်းတော်ရဲ့ အတွင်းပိုင်းမှာတော့ ကွက်လပ် အစီအရင်တစ်ခု ရှိနေတာ အသေအချာပါပဲ။ အပြင်ဘက်ကနေ ကြည့်ရင် မြို့သေးသေး တစ်ခုလောက်သာ ရှိတယ်ထင်ရတဲ့ နန်းတော်ကြီးဟာ အတွင်းပိုင်းမှာတော့ အဆပေါင်းများစွာ ကျယ်ပါတယ်။
နန်းတော်ရာ အတွင်းကို ရောက်လာတဲ့ သူတိုင်းကတော့ တူညီတဲ့ အခြေအနေ တစ်ခုနဲ့ ကြုံလာခဲ့ရပါပြီ။
အဲဒါကတော့ ထူးဆန်းတဲ့ စွမ်းအင်တစ်ခုဟာ သူတို့ရဲ့ ချီအတွင်းအားနဲ့ မိစ္ဆာချီ အတွင်းအား လည်ပတ်တာကို ပိတ်ဆို့ ထားတာပါပဲ။
နန်းတော်ရဲ့ အပြင်မှာတုန်းကတောင် ချီစွမ်းအင်တွေ သုံးပြီး တိုက်ခိုက်လို့ မရတာပဲ ရှိပါတယ်။ အခု နန်းတော် အတွင်းပိုင်းမှာတော့ ချီစွမ်းအင်းတွေကို လည်ပတ်လို့တောင် မရတော့ပါဘူး။
ချိုတစ်ချောင်း နတ်ဆိုးဘုရင်နဲ့ မျက်လုံးတစ်ထောင် မိစ္ဆာကတော့ အေးအေး ဆေးဆေးပါပဲ။ မိစ္ဆာချီတွေကို အသုံးမပြုနိုင်ရင် တောင်မှ သူတို့ဟာ ယုလီနဲ့ သွေးဘိုးဘိုးကြီးတို့ထက် အစွမ်းထက် နေဆဲပင် မဟုတ်ပါလား ။
ယုလီနဲ့ သွေးဘိုးဘိုးကြီးက လူသားတွေပါ။ သူတို့ရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုက မိစ္ဘာတွေကို ယှဉ်နိုင်စရာ အကြောင်း မရှိပါဘူး။
လီဖူချန်းကလည်း ကျိတ်ပြီး ဝမ်းသာနေပါပြီ။ အစောကြီး ကတည်းက သူ့ရဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှုဟာ ပြန်လည် ဝင်စားခြင်း နယ်ပယ်မှာတောင် ပထွတ်အထိပ် အခြေအနေ တစ်ခုအထိ ရောက်နေတာပါ။ အခုတော့ ရွှယ်ရှီးဆေးလုံး နှစ်လုံးကို စုပ်ယူပြီးတဲ့ အခါမှာတော့ သူ့ရဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှုဟာ အဆင့်၅ အဆင့်မြင့် မိစ္ဆာသားရဲနဲ့ သိပ်မကွာတော့ပါဘူး။
လူသားတွေရဲ့ အဓိက အားကိုးရာက ချီအတွင်းအားတွေနဲ့ သိုင်းပညာတွေပါ။ ဒါပေမဲ့ ချီအတွင်းအား မရှိရင်တော့ သိုင်းပညာ အတော်များများဟာ အစွမ်းမထက် တော့ပါဘူး။
ဒါက လီဖူချန်း အတွက်တော့ အခွင့်ကောင်းပါပဲ။ သူ့ရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုနဲ့ ထက်မြက်လှတဲ့ အသိစိတ် အာရုံကို အသုံးပြု တိုက်ခိုက်မယ်ဆိုရင်ဖြင့် ချိုတစ်ချောင်း နတ်ဆိုးဘုရင်ကို မယှဉ်နိုင်ရင်တောင်မှ လွယ်လွယ်နဲ့ ရှုံးမှာ မဟုတ်ဘူးလို့ လီဖူချန်းတစ်ယောက် ယုံကြည် နေမိပါတယ်။
ဒဏ်ရာရနေတဲ့ မျက်လုံးတစ်ထောင် မိစ္ဆာကိုတော့ လီဖူချန်းက စာရင်းထဲတောင် မထည့်ထား တော့ပါဘူး။
" ငါလှုပ်ရှားဖို့ အချိန်မတန်သေးဘူး။ သည်သွေးဘိုးဘိုးကြီးဆီမှာ ဝှက်ဖဲတွေ ရှိရင် ရှိနေဦးမှာ"
အခုချိန်မှာ လီဖူချန်း အကြောက်ဆုံး လူကတော့ သွေးဘိုးဘိုးကြီးပါပဲ။ လီဖူချန်းက သွေးဘိုးဘိုးကြီးထက် သွေးအလောင်းကောင် ဖြစ်မှာကို ပိုကြောက်တယ် ဆိုရင် ပိုမှန်ပါလိမ့်မယ်။
" ဘာဖြစ်သွားတာလဲ။ ငါ့ရဲ့ ချီအတွင်းအားတွေကို လည်ပတ်ခိုင်းလို့ မရတော့ဘူး "
သွေးဘိုးဘိုးကြီးက စိတ်မသက်မသာ ခံစားနေရပါပြီ။
သူ့ဆီမှာ လီဖူချန်းလိုမျိုး ပြောင်းလဲထားတဲ့ သွေးအလောင်း ကောင်တွေတော့ ပါလာပါသေးတယ်။ ဒါပေမဲ့လည်း သူက အဲသည် သွေးအလောင်း ကောင်တွေကို သူ့ရဲ့ သွေးရတနာ ကန်ထဲမှာ ထည့်ပြီး သိမ်းထားတာပါ။
အဲသည် သွေးရတနာကန်ကို ဖွင့်ဖို့ ဆိုရင် သူ့ရဲ့ သွေးတာအို ချီစွမ်းအင်တွေကို လောင်းထည့်ဖို့ လိုအပ်ပါတယ်။
အဲသည်အတွက် သည်နန်းတော်ထဲမှာတော့ သွေးရတနာကန်ကို ဖွင့်ဖို့ မဖြစ်နိုင်ပါဘူး။
" တော်သေးတယ်ဟေ့။ သည်ကောင့်ကို အပြင်ဘက်မှာ မထားခဲ့လို့"
သွေးဘိုးဘိုးကြီးက လီဖူချန်းရှိနေတာကို တွေးမိလိုက်တဲ့ အခါမှာတော့ စိုးရိမ်ပူပန် နေတာတွေ အနည်းငယ် လျော့ကျ သွားခဲ့ပါတယ်။
လီဖူချန်းရဲ့ ခန္ဓာကိုယ်က အဆင့်၅ အဆင့်မြင့် မိစ္ဆာသားရဲတွေနဲ့တောင်မှ ယှဉ်နိုင်နေပြီ မဟုတ်ပါလား။
သည်နန်းတော် ထဲမှာတော့ သွေးဘိုးဘိုးကြီးဟာ ချိုတစ်ချောင်း နတ်ဆိုးဘုရင်ကိုပဲ ကြောက်ပါတယ်။
ယုလီ။
ယုလီကိုတော့ သွေးဘိုးဘိုးကြီးက ဂရုမစိုက်ပါဘူး ။
" ငါရဲ့ ချီအတွင်းအားတွေကို လှည့်လို့ မရတော့ပါလား ……"
ယုလီကတော့ အပြင်ပိုင်းမှာ စိုးရိမ်သောက ရောက်နေပုံ ဟန်ဆောင် ထားပေမယ့်လည်း စိတ်ထဲမှာတော့ ကျိတ်ရယ်နေပါတယ်။
မိုးကြိုးနတ်ဘုရားဂိုဏ်းရဲ့ အထွတ်ခေါင်ချုပ် အကြီးအကဲဖြစ်တဲ့ သူ့မှာလည်း ဝှက်ဖဲတွေ ရှိနေတာပါပဲ ။
ထို့နောက်မှာတော့ လူသားသုံးယောက်နဲ့ မိစ္ဆာနှစ်ကောင်ဟာ နန်းတော်ထဲမှာ စူးစမ်း ရှာဖွေမှုတွေကို စတင်ပြုလုပ် ပါတော့တယ်။
သူတို့က အတူတကွ ရှာဖွေဖို့တော့ မစဉ်းစားထားပါဘူး ။
တစ်ကိုယ်လုံးနီရဲနေတဲ့ လီဖူချန်းဟာ ရှေ့က လျှောက်နေပြီး သွေးဘိုးဘိုးကြီးကတော့ နောက်က လိုက်နေပါတယ်။
သိပ်မကြာခင်မှာပဲ သူတို့နှစ်ဦးဟာ အခန်း တစ်ခန်းရှေ့ကို ရောက်သွားခဲ့ပါပြီ ။ အခန်းရဲ့ အဝင်ဝမှာတော့ ငရဲခွေးကျောက်ရုပ် နှစ်ခု ရှိနေပါတယ်။
" ဝင်သွား "
သွေးဘိုးဘိုးကြီးက လီဖူချန်းကို စိတ်နဲ့ဆက်သွယ်ပြီး ခိုင်းလိုက်ပါတယ် ။
လီဖူချန်းက တွေဝေ ငေးမောနေခြင်း မရှိဘဲ အခန်းထဲကို ဝင်သွားခဲ့ပါပြီ။
လီဖူချန်းရဲ့ ကိုယ်ပိုင်အသိစိတ်က ခန္ဓာကိုယ်ကို ထိန်းချုပ်ထားခြင်း မရှိတဲ့အချိန်မှာ ဆိုရင် သူ့ရဲ့ ခန္ဓာကိုယ်ကို သွေးနီရောင် အသိစိတ်က ထိန်းချုပ်နေပုံပါပဲ။
ဝေါင်း... ဝေါင်း...
ငရဲခွေးတွေက ရုတ်ချည်း အသက်ဝင်လာပြီး လီဖူချန်းကို တိုက်ခိုက် လာကြပါတယ် ။
ဝုန်း... ဝုန်း... ဝုန်း...
လူတစ်ယောက်နဲ့ ကျောက်ရုပ် နှစ်ရုပ်ကတော့ အကြီးအကျယ် တိုက်ခိုက်နေကြပါပြီ ။
လီဖူချန်းရဲ့ ခန္ဓာကိုယ်က အလိုအလျောက် တိုက်ခိုက်နေပါတယ်။ ကြည့်ရတာတော့ သွေးဘိုးဘိုးကြီးက စိတ်နဲ့ ညွှန်ကြားနေပုံပါပဲ ။
သည်တိုက်ခိုက်ရေး နည်းလမ်းတွေက သိပ်ပြီး ပြောင်မြောက်နေခြင်း မရှိပေမယ့်လည်း အသုံးတည့် နေပါသေးတယ်။
သွေးဘိုးဘိုးကြီးကတော့ တိုက်ပွဲထဲကို ဝင်လာမယ့်ပုံ မရှိပါဘူး။
သူ့ရဲ့ ခန္ဓာကိုယ်က သည်ကျောက်ရုပ်နှစ်ရုပ်နဲ့ တိုက်နိုင်တဲ့အထိ အစွမ်းမထက်လို့လည်း ဖြစ်နိုင်ပါတယ်။
နောက်ဆုံးမှာတော့ လီဖူချန်းရဲ့ လက်ချက်ကြောင့် ကျောက်ရုပ်ကြီး နှစ်ရုပ်ဟာ အပိုင်းပိုင်း အစစ ဖြစ်သွားခဲ့ပါပြီ။
ထို့နောက်မှာတော့ လီဖူချန်းက အခန်းထဲသို့ အရင် ဝင်သွားပါတော့တယ်။ သွေးဘိုးဘိုးကြီး ကတော့ သူ့ရဲ့ နောက်ကနေ လိုက်ဝင်လာပါတယ်။
အခန်းထဲမှာတော့ စားပွဲရှည်တစ်ခုနဲ့ စာလိပ်တစ်ခုက လွဲပြီး ဘာမှ မရှိတော့ပါဘူး။
သွေးဘိုးဘိုးကြီးက စာလိပ်ကို ဖွင့်ဖတ်ပြီးတဲ့အခါမှာတော့ ပြုံးဖြီးဖြီး ဖြစ်သွားခဲ့ပါပြီ ။
ကြည့်ရတာတော့ သည်စာလိပ်ထဲမှာ ရေးထားတဲ့ အကြောင်းအရာတွေက အတော်လေး တန်ဖိုး ရှိနေပုံပါပဲ။
" သည်အဘိုးကြီးက တစ်ခုခုကို သဘောပေါက် သွားတာလား။ ဘာဖြစ်လို့ သူ့မျက်နှာက အခုလို ပြုံးဖြီး နေရတာလဲ..."
လီဖူချန်းကတော့ စိတ်ထဲကနေ တွေးနေမိပါတယ်။
ထို့နောက်မှာတော့ သူတို့နှစ်ဦးဟာ အခန်းထဲကနေ ထွက်လာကြပြီး နောက်ထပ် ရှာဖွေမှုတွေကို ပြုလုပ် ကြပြန်ပါတယ်။
တစ်နာရီ အကြာမှာတော့ သူတို့နှစ်ဦးဟာ နောက်ထပ် အခန်းတစ်ခုကို တွေ့သွား ကြပြန်ပါပြီ။
သည်တစ်ကြိမ် အခန်းပေါက်ဝမှာ ရှိနေတာကတော့ ဝံပုလွေ ကျောက်ရုပ် နှစ်ရုပ် ဖြစ်ပါတယ်။
အရင် တစ်ခါလိုပါပဲ။ သွေးဘိုးဘိုးကြီးက သည်ဝံပုလွေ ကျောက်ရုပ်နှစ်ရုပ်နဲ့ ရင်ဆိုင်ဖို့ အတွက် လီဖူချန်းကို လွှတ်လိုက်ပြန်ပါတယ်။
အစောပိုင်းက တွေ့ခဲ့တဲ့ ငရဲခွေး ကျောက်ရုပ်နှစ်ရုပ်နဲ့ စာရင်တော့ သည်ဝံပုလွေ ကျောက်ရုပ် နှစ်ရုပ်က ပိုအစွမ်းထက်ပါတယ်။ လီဖူချန်းရဲ့ ခန္ဓာကိုယ်ပေါ်မှာတော့ ဒဏ်ရာ ဒဏ်ချက်တွေ အများကြီး ဖြစ်ပေါ်နေပါပြီ။ ဒါပေမဲ့ မျက်စိတစ်မှိတ် အတွင်းမှာပဲ အဲသည် ဒဏ်ရာတွေဟာ အကောင်းပကတိ ပြန်ဖြစ် သွားပါတယ်။ ကြည့်ရတာတော့ သူ့ခန္ဓာကိုယ်ရဲ့ ပြန်လည် ကောင်းမွန် နိုင်စွမ်းက အရင်ကထက် အများကြီး တိုးတက်လာပုံပါပဲ ။
' ရွှယ်ရှီးဆေးလုံးနှစ်လုံးက ငါ့ရဲ့ခန္ဓာကိုယ်ကို ပိုပြီး ကြံ့ခိုင်စေခဲ့တာလား '
လီဖူချန်းက စိတ်ထဲကနေ တွေးနေမိပါတယ်။
ထိုအခန်းထဲမှာတော့ သွေးဘိုးဘိုးကြီးဟာ နောက်ထပ် ပစ္စည်းတစ်ခု ရခဲ့ပြန်ပါတယ်။ အဲဒါကတော့ ကျောက်စိမ်း အပိုင်းအစလေး တစ်ခုပါပဲ။
အဲဒါက ဘယ်နေရာမှာ အသုံးဝင်လည်း ဆိုတာကိုတော့ လီဖူချန်း မသိပါဘူး။
***
တတိယမြောက် အခန်းမှာ စောင့်ကြပ် နေတာကတော့ ကျားသစ်ရုပ်ကြီး နှစ်ရုပ်ပါပဲ ။
သည်ကျားသစ်ရုပ် နှစ်ရုပ်နဲ့ ရင်ဆိုင်တဲ့ အခါမှာတော့ လီဖူချန်းဟာ အရင် အကြိမ်တွေကထက် ဒဏ်ရာ ပိုရခဲ့ပါတယ်။ သူ့ရဲ့ ရင်ဘတ်က ချိုင့်ဝင် သွားခဲ့သလို ခန္ဓာကိုယ် တစ်ခုလုံးလည်း သွေးအလိမ်းလိမ်း ဖြစ်နေပါပြီ ။ သူ့ရဲ့ မျက်နှာပေါ်က ကုတ်ရာ တစ်ခုဆိုရင် မျက်လုံးကိုတောင် ထိလုမတတ်ပါပဲ။ တကယ့်လို့ ကုတ်ရာက မျက်လုံးကိုသာ ထိသွားခဲ့ရင်တော့ လီဖူချန်းဟာ တစ်ဖက်ကန်း ဖြစ်သွားတော့မှာပါ ။
သည်တစ်ကြိမ်မှာတော့ လီဖူချန်းဟာ သူ့ရဲ့ ဒဏ်ရာတွေ အကောင်းပကတိ အတိုင်း ဖြစ်လာစေဖို့ အတွက် အချိန်တစ်နာရီမျှ ယူလိုက်ရပါတယ်။
" သည်အတိုင်း ဆက်သွားလို့တော့ မဖြစ်သေးဘူး။ အခန်းတွေက တစ်ခန်းပြီး တစ်ခန်း ပိုအန္တရာယ် များလာပြီ။ သာမန် အချိန်တွေမှာ ဆိုရင်တော့ သည်အဘိုးကြီးက ငါ့ကို စတေးမှာ မဟုတ်ဘူး။ ဒါပေမဲ့ သည်နန်းတော် အတွင်းမှာဆိုရင်တော့ သည်အဘိုးကြီးက ငါ့ကို စတေးမှာ အသေအချာပဲ ……"
လီဖူချန်းက သည်အတိုင်း ဆက်သွားနေရင် သူ့အတွက် အခြေအနေ မလှတော့ဘူး ဆိုတာကို ရိပ်မိနေပါပြီ ။
သွေးဘိုးဘိုးကြီးရဲ့ မျက်လုံးထဲမှာတော့ လီဖူချန်းက သာမန်ထက် အလားအလာ ပိုရှိတဲ့ဘ သွေးအလောင်း ကောင်ပါပဲ။ သည်မဟူရာ ကောင်းကင်ဂိုဏ်းရဲ့ အကြွင်းအကျန် နယ်မြေထဲမှာရှိတဲ့ ရတနာတွေက လီဖူချန်းထက် အများကြီး တန်ဖိုး ရှိပါတယ်။ သူ့အနေနဲ့ သွေးအလောင်းကောင် တစ်ကောင် ပျက်စီးသွားရင် နောက်ထပ် အသစ်တစ်ကောင် ပြန်လုပ်လို့ ရပါသေးတယ်။ သည်မဟူရာ ကောင်းကင်ဂိုဏ်းရဲ့ အကြွင်းအကျန် နယ်မြေထဲမှာရှိတဲ့ ရတနာတွေက ပြန်လာရှာလို့ မရပါဘူး။
နောက်ဆုံးမှာတော့ သူတို့နှစ်ဦးဟာ စတုတ္ထ အခန်းရှေ့ကို ရောက်လာခဲ့ပါပြီ။ သည်အခန်း ရှေ့မှာ စောင့်ကြပ် နေတာကတော့ ကျားရုပ်ကြီး ရှစ်ရုပ်ပါပဲ။
"သည်ကျားရုပ် နှစ်ရုပ်နဲ့ တိုက်ခိုက်ရင်တော့ ငါသေဖို့ပဲ ရှိတယ်။ ငါထွက်ပြေးမှ ဖြစ်တော့မယ်"
လီဖူချန်းက ဆုံးဖြတ်ချက် အခိုင်အမာ ချလိုက်ပါပြီ။
လီဖူချန်းက စတင်လှုပ်ရှားဖို့ ပြင်နေစဉ်မှာပဲ ထူးဆန်းတဲ့ အငွေ့အသက် တွေကို ခံစားလိုက် ရပါတယ်။
သူတို့နဲ့ သိပ်မဝေးလှတဲ့ အရပ်တစ်ခုက နေပြီး ချိုတစ်ချောင်း နတ်ဆိုးဘုရင်နဲ့ မျက်လုံးတစ်ထောင် မိစ္ဆာဟာ သည်ဘက်ကို ဦးတည်လာနေတာပါ ။
ချိုတစ်ချောင်း နတ်ဆိုးဘုရင်က သွေးဘိုးဘိုးကြီးကို မြင်လိုက်တာနဲ့ သတ်ပစ် ချင်စိတ်တွေ တဖွားဖွား ပေါ်လာခဲ့ပါပြီ။
ချိုတစ်ချောင်း နတ်ဆိုးဘုရင်ဟာ သည်ဟူရာ ကောင်းကင်ဂိုဏ်းရဲ့ အကြွင်းအကျန် နယ်မြေထဲမှာ ပစ္စည်းတော်တော် များများကို ရခဲ့ပါတယ်။ ဒါပေမဲ့ အဲသည်ထဲက အများစုဟာ သုံးစားလို့ မရပါဘူး။
ချိုတစ်ချောင်း နတ်ဆိုးဘုရင်ဟာ သည်နန်းတော်ထဲမှာ ချီစွမ်းအင်တွေ ထုတ်လို့ မရတာကို အခွင့်ကောင်းယူပြီး သွေးဘိုးဘိုးကြီးကို သတ်ပစ်ဖို့ ကြံရွယ်နေပါတယ်။ သူသာ သွေးဘိုးဘိုးကြီးကို သတ်ပြီးရင်တော့ သွေးဘိုးဘိုးကြီး ရထားတဲ့ ရတနာပစ္စည်းတွေကို အပိုင်သိမ်းလို့ ရပြီ မဟုတ်ပါလား။
"လခွီးပဲ... ကံဆိုးပြီဟ ……"
သွေးဘိုးဘိုးကြီးကလည်း ချိုတစ်ချောင်း နတ်ဆိုးဘုရင်ရဲ့ အကြံအစည်ကို ရိပ်မိပါတယ်။
နတ်ဆိုး၁၀ပါး နယ်မြေရဲ့ ခေါင်းဆောင်တွေထဲမှာ ဆိုရင်တော့ သူဟာ ရှီဟွာဘုရင်မနဲ့ ချိုတစ်ချောင်း နတ်ဆိုးဘုရင်ကို အကြောက်ဆုံးပါပဲ။ အခုတော့ သူအကြောက်ဆုံး နှစ်ယောက်ထဲက တစ်ယောက်နဲ့ လာတွေ့နေပါပြီ။
ပိုဆိုးတာက ချီစွမ်းအားတွေ သုံးလို့မရတဲ့ နန်းတော်ထဲမှာ ဖြစ်နေတာပါပဲ။ သူ့ရဲ့ သွေးတာအို ချီစွမ်းအင်တွေကို အသုံးမပြုဘဲနဲ့တော့ သူ့အနေနဲ့ သည်ချိုတစ်ချောင်း နတ်ဆိုးဘုရင်ကို ဘယ်လိုမှ ယှဉ်နိုင်မှာ မဟုတ်ပါဘူး ။
" သွားမယ် "
သွေးဘိုးဘိုးကြီးက သူ့ရဲ့ အခြေအနေကို သူသိတဲ့အတွက် ချိုတစ်ချောင်း နတ်ဆိုးဘုရင်နဲ့ ပြသနာ မဖြစ်ချင်ပါဘူး။ သူက ရှောင်ထွက်သွားဖို့ကို ရွေးချယ် လိုက်ပါတယ်။
စိတ်မကောင်း စရာပါပဲ။ ချိုတစ်ချောင်း နတ်ဆိုးဘုရင်က သူ့ကို အလွယ်တကူ ထွက်ခွာခွင့် ပေးမယ့်ပုံ မပေါ်ပါဘူး။
" အစောပိုင်းက မင်းရထားတဲ့ ရတနာတွေ အကုန် ထားခဲ့ "
ချိုတစ်ချောင်းနတ်ဆိုးဘုရင်က သွေးဘိုးဘိုးကြီးနဲ့ လီဖူချန်းတို့ရဲ့ သွားလမ်းကို ပိတ်ထား လိုက်ပါပြီ။
" ချိုတစ်ချောင်း နတ်ဆိုးဘုရင်။ မင်းအရမ်း လွန်မလာနဲ့"
( note - နန်းတော်ထဲမှာတော့ အသံထွက်တာကို တားမြစ်ထားတဲ့ အစီအရင် မရှိပါဘူး။ )
" လွန်တော့ ဘာဖြစ်လဲ။ မင်းမကျေနပ်ဘူးလား"
ချိုတစ်ချောင်း နတ်ဆိုးဘုရင်က ရန်စကား ဆိုလိုက်ပါတယ်။
" သည်ကောင်တွေကို တားထားစမ်း"
သွေးဘိုးဘိုးကြီးက လီဖူချန်းက အမိန့်ပေးပြီး နောက်ဆုတ် သွားခဲ့ပါပြီ။
ချိုတစ်ချောင်း နတ်ဆိုးဘုရင်က သူ့ကို လွယ်လွယ်နဲ့ လွတ်ပေးမှာ မဟုတ်ဘူး ဆိုတာကို သူတွက်ပြီး သားပါပဲ။
ဒါပေမဲ့ လီဖူချန်းက သူ့နေရာမှာ မရှိတော့ပါဘူး။ လီဖူချန်းက အနောက် တော်တော်ဝေးဝေးမှာ ရောက်နှင့် နေပါပြီ ။
"ချိုတစ်ချောင်း နတ်ဆိုးဘုရင်ကို တားခိုင်းတယ်။ သည်မှာ အဘိုးကြီး.……။ ခင်ဗျားက ကျုပ်ကို အရူးလို့ ထင်နေတာလား"
လီဖူချန်းက သွေးဘိုးဘိုးကြီးကို လှောင်ပြောင် လိုက်ပါတယ်။
" မင်း...မင်း..."
သွေးဘိုးဘိုးကြီးက ဘာပြောလို့ ပြောရမှန်းတောင် မသိတော့ပါဘူး။
သူက လီဖူချန်းဟာ သူ့ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတယ်လို့ ထင်ထားခဲ့တာပါ။
အခုတော့ လီဖူချန်းက ဟန်ဆောင်နေတယ် ဆိုတာကို သိလိုက်ရပါပြီ။
" မဖြစ်နိုင်ဘူး..."
သွေးဘိုးဘိုးကြီးက ခပ်တိုးတိုး ရေရွတ် လိုက်ပါတယ်။
***