မှန်ထဲက ဘဝ
Vol. 34 Ch. 473
ရုတ်တရက် ကျောက်တုံးများ လွင့်စင်ပြန့်ကြဲသွားသည်။ ပန်ကုန်းစုန်မှာလည်း ရှက်လည်းရှက်၊ ဒေါသလည်း ထွက်နေပြီး ဒယ်အိုးကြီးတစ်လုံးအား သူ့အပေါ် တွန်းထုတ်လိုက်၏။
ဒယ်အိုးက အဝကို အောက်သို့ မျက်နှာမူထားလျက် ပျံဝဲနေရင်း သဲများ၊ ကျောက်တုံးကျောက်ခဲများ၊ တိုင်ကျိုးတိုင်ပဲ့များ၊ ပြိုကျနေသော တံတိုင်းများနှင့် နံရံများကို စုပ်ယူနေသည်။
ဒယ်အိုးကြီးအထဲတွင် မီးတောက်မီးလျှံများက ပွက်ပွက်ဆူနေသော ဆန်ပြုတ်အိုးကဲ့သို့ တဟဲဟဲ ထနေသည်။ မီးတောက်မီးလျှံများသည် ဒယ်အိုးအဝမှ ဝင်လာသမျှ အရာအားလုံးကို မီးလောင်ပြာချပစ်နေ၏။
ဤအခြင်းအရာမှတစ်ဆင့် ဒယ်အိုးကား ပန်ကုန်းစုန် လက်ရှိဘဝတွင် ဖန်တီးနိုင်သော လက်နက်တစ်လက် မဟုတ်နိုင်ပေ။
ဒယ်အိုးကြီးသည် သူ၏အတိတ်တစ်ဘဝတုန်းက သွန်းလုပ်ခဲ့သော လက်နက်ဖြစ်လိမ့်မည်။ နတ်ဘုရားအဆင့်နီးနီး သန်မာအားကောင်းသော တစ်စုံတစ်ယောက် သွန်းလုပ်ခဲ့သည့် ဂိုဏ်းအမွေရတနာတစ်ပါး ဖြစ်သောကြောင့် အလွန်စွမ်းအားကြီးမား၏။ သို့သော် သိုင်းအဆင့်နိမ့်ကျမှုကြောင့် ပန်ကုန်းစုန်မှာ စွမ်းအားအပြည့်အဝ မထုတ်လွှတ်နိုင်ပေ။
ဝိညာဉ်လက်နက်များတွင် အားကြီးသောလက်နက်၊ အားနည်းသောလက်နက်ဟူ၍ အဆင့်အလိုက် ကွာခြားထား၏။ အဆင့်မြင့်ဓားတစ်လက်ကို ပိုင်ဆိုင်ထားသောကြောင့် မိမိ၏စွမ်းအားက နှစ်ဆတိုးသွားမည်ဟု မဆိုလိုပေ။ မိမိ၏သိုင်းအဆင့်မှ စွမ်းအားမည်မျှ ဆွဲထုတ်ပေးနိုင်မည်လဲအပေါ် မူတည်သေးသည်။
ဥပမာ ချင်မူ၏ ရွှင်ပျော်ပျော်ဓားက ကြောက်မက်ဖွယ်ရာ အင်အားကြီးမားသော နတ်ဓားတစ်လက် ဖြစ်သည်။ သို့သော် အချိန်တစ်ခုအထိ ချင်မူမှာ နတ်ဓား၏ စွမ်းအားကို မထုတ်ဖော်နိုင်ခဲ့ဘဲ ၎င်း၏ထက်ရှမှုကိုသာ အသုံးချခဲ့ရသည်။
ပန်ကုန်းစုန်လည်း အလားတူပင်။ လက်ရှိသိုင်းအဆင့်ကြောင့် သူ၏အတိတ်တစ်ဘဝတွင် သွန်းလုပ်ခဲ့သော ဝိညာဉ်လက်နက်များ၏ စွမ်းအားကို မထုတ်လွှတ်နိုင်ပေ။ ခုနစ်စဉ်ကြယ်အဆင့်၏ အထွတ်အထိပ်တွင် ဖြစ်သည့်အလျောက် ဒယ်အိုးကြီး၏ စွမ်းအားဆယ်ရာခိုင်နှုန်းကိုသာ အသုံးပြုနိုင်သည်။
ဒယ်အိုးကြီး၏ ဆွဲငင်အားကြောင့် နံရံများ၊ တံတိုင်းများ အစိတ်စိတ်အမြွှာမြွှာ ပျက်စီးကုန်ရာ သဲမှုန်များ တထောင်းထောင်း ထနေတော့၏။
တစ်နေရာလုံး တစစီ ကွဲထွက်ပြီး လေပေါ် မြောက်တက်နေသည်။
“ခွေးသူတောင်းစားချင် ငါ အခု ဘယ်လောက်အင်အားကြီးမားလဲ မင်း သိပြီမလား။ အစွမ်းအစဆိုတာ သိုင်းအဆင့်အပေါ်မှာပဲ မူတည်တာမဟုတ်ဘူး” ပန်ကုန်းစုန်က ဒယ်အိုးကြီးအပေါ် ခုန်တက်ကာ သရော်တော်တော် ပြောသည်။ “မင့်ကျင့်စဉ်စွမ်းအင်က ငါ့ထက် သိပ်သည်းတော့ရော ဘာလုပ်ရမှာလဲ။ ငါ့ရတနာဒယ်အိုးက မင်းရတနာတွေထက် အပုံကြီးသာတယ်။ ဒယ်အိုးကြီးနဲ့ တစ်ချက်လေး ရိုက်လိုက်တာနဲ့ မင်းကို သတ်ပစ်လို့ရတယ်ကွ”
သို့သော် အောက်ငုံ့ကြည့်လိုက်သည့်အခါတွင် သူ မှင်သက်သွားမိသည်။ ချင်မူက ဒယ်အိုးအောက်၌ မလှုပ်မယှက် ရပ်နေနိုင်သည်ကို မြင်လိုက်ရ၏။ ဆွဲအားမှ သူ့ကို မည်မျှပြင်းပြင်းထန်ထန် ဆွဲငင်စေကာမူ တစ်လက်မလေးပင် မရွေ့ပေ။
“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
ပန်ကုန်းစုန် မျက်လုံးပြူး၍ ကြည့်လိုက်သည့်အခါ ချင်မူက လိမ္မော်သီးအရွယ် သံလုံးတစ်လုံးကို ကိုင်ထားကြောင်း သတိထားမိလိုက်သည်။ ထိုသံလုံးက ရုတ်တရက် လှုပ်လာပြီး ရေအလျဉ်လို စီးဖြာထွက်သွား၏။
“ဓားစက်လုံး”
ဒယ်အိုးကြီး ချင်မူ့ကို အဘယ်ကြောင့် မဆွဲငင်နိုင်မှန်း ပန်ကုန်းစုန် ချက်ချင်း သဘောပေါက်သွားသည်။ ဓားစက်လုံး၏ အလေးချိန်မှာ အလွန်စီးပိုးလှသဖြင့် နတ်ဘုရားနီးနီးမြင့်မားသည့် ခွန်အားဖြင့် သူ သွန်းလုပ်ခဲ့သော ဒယ်အိုးကြီးပင်လျှင် ချင်မူ့အား မပင့်မြှောက်နိုင်ပေ။
“သူ့ဓားစက်လုံးက နှစ်ပေရှည်တာ မဟုတ်ဘူးလား။ ကောင်းပြီ မင်းကို ဖမ်းမရမှတော့ သတ်ပဲ သတ်ပစ်လိုက်တာပေါ့”
ပန်ကုန်းစုန် လက်ဝါးနှစ်ဖက်ကို မြှောက်ကာ ဒယ်အိုးကြီးအား ရိုက်ချလိုက်၏။ ဒေါင်ခနဲ မြည်သံနှင့်အတူ မီးပင်လယ်တစ်စင်း လိမ့်ထွက်သွားသည်။ မီးပင်လယ်နှင့် ထိတွေ့သမျှ အရာအားလုံး အရည်ပျော်ကုန်သည်။ သဲများ၊ ကျောက်ခဲများမှာ ပူခြစ်နေသောချော်ရည်များအဖြစ် စီးဆင်းလာသည်။
ချင်မူ၏ ဓားစက်လုံးထဲမှ မရေမတွက်နိုင်သော ဓားပျံများ ပျံထွက်သွားပြီး မိခင်ဓားဖြစ်သည့် ရွှင်ပျော်ပျော်ဓားနှင့် တစ်သားတည်း ပေါင်းစည်းသွားသည်။
ချင်မူ ရွှင်ပျော်ပျော်ဓားကို လက်နှစ်ဖက်လုံးဖြင့် ဆုပ်ကိုင်လျက် သူ့ဆီ ပြေးဝင်လာသော မီးပင်လယ်အား ပိုင်းခြမ်းပစ်လိုက်၏။
သူ့ဓား ဖြတ်သွားတိုင်း မီးတောက်များက တမုဟုတ်ချင်း ငြိမ်းသေသွား၏။ သို့သော် မြေပြင်က နီရဲလျက် ရှိနေသေးသည်။ ချင်မူ့မျက်လုံးထောင့်စွန်းများ တွန့်သွားသည်။ ဒယ်အိုးထဲမှ မီးသည် အမှန်တကယ် ကြောက်မက်ဖွယ်ကောင်းပြီး အလွန်အားကောင်းသည်။ မည်သည့်မကောင်းဆိုးဝါးမီးမှန်း ချင်မူ မသိတော့ပေ။
ပန်ကုန်းစုန်က တဟားဟား အော်ရယ်လိုက်ပြီး သူ့ရုပ်ခန္ဓာက ထူးဆန်းစွာ ပြောင်းလဲစပြုလာသည်။ သူ၏လက်မှ တောင်ပံများ ပေါက်လာပြီး ခြေထောက်များကလည်း ငှက်ခြေထောက်များ ဖြစ်သွားသည်။ ဒယ်အိုးဆီမှ မီးတောက်မီးလျှံများက သူ၏ခန္ဓာကိုယ်ကို ကာကွယ်ပေးလိုက်၏။
သူ့တောင်ပံများက ရွှေရောင်ဖြစ်ပြီး အမွှေးအတောင်များ အချင်းချင်း ထိခတ်သည့်အခါ သတ္ထချင်းရိုက်ခတ်သံကဲ့သို့ တချွင်ချွင် မြည်နေသည်။ သူက တောင်ပံနှစ်ဖက်ကို ခါ၍ ရွှေရောင်ငှက်မွှေးများအား ချင်မူ့ဆီ ပစ်လွှတ်လိုက်သည်။ ငှက်မွှေးဓားများက ဓားမုန်တိုင်းကြီးများပမာ လေကို ခွင်းလာသည်။
ချင်မူက လက်နှစ်ဖက်ကို ကြက်ခြေခတ်ပုံစံ ထားလိုက်ပြီး ရွှင်ပျော်ပျော်ဓားသည် ဓားအလက်ရှစ်ထောင်အဖြစ် ပြန်လည်ကွဲထွက်သွားကာ မြစ်ရှည်ကြီးတစ်စင်းပမာ ဖွဲ့တည်သွား၏။ အင်အားကြီးမားသော ဓားမြစ်ကြီးက ပန်ကုန်းစုန်ဆီ ဝေါခနဲ စီးဆင်းသွားသည်။
ပန်ကုန်းစုန်မှာ ဓားများအား ပြန်လည်တိုက်ခိုက်ရင်း ကို့ရို့ကားရား ဖြစ်နေသည်။ သူ၏ငှက်မွှေးဓားများက ဓားမြစ်ကို ခုခံနေသဖြင့် တချွင်ချွင် ထိခတ်သံများ တရစပ် မြည်နေ၏။ တခဏကြာသော် ပန်ကုန်းစုန် တအံ့တဩ အော်ဟစ်လိုက်ပြီး သူ့ငှက်မွှေးအားလုံး မြေပြင်ပေါ် ကျွတ်ကျသွားသည်။
သူ့မှာ အမွှေးတောင်မရှိသော တောင်ပံအရိုးနှစ်ဖက်ကိုသာ ခတ်လျက် ရပ်ကျန်ခဲ့လေသည်။
သူ့ကို ကာကွယ်ထားခဲ့သည့် မီးတောက်မီးလျှံများက အတော်လေး ကျော်ကြားပြီး ဟုန်းဟုန်းတောက်နတ်မီးခြုံထည်ဟု ခေါ်သည်။ မီးခြုံထည်၏ ခုခံအားက ပြင်းထန်ပြီး ရန်သူ၏တိုက်ကွက်များကို ဒယ်အိုးကြီးဆီသို့ ကူးပြောင်းပေးနိုင်၏။ ထို့အပြင် ဟုန်းဟုန်းတောက်နတ်မီး၏ အားအင်ကလည်း မည်သည့်ဝိညာဉ်လက်နက်ကိုမဆို ပြာချပစ်နိုင်၏။
သို့တိုင်အောင် ချင်မူက မီးခြုံထည်ကို ဖျက်စီး၍ သူ၏ငှက်မွှေးတောင်များကိုပင် ခုတ်ထစ်ပစ်ခဲ့ချေပြီ။
‘ဒီကောင်က ငါ့ရဲ့ ဟုန်းဟုန်းတောက်နတ်မီးကိုတောင် ချိုးဖျက်နိုင်တယ်ဆိုတော့ ငါ့ထက် အင်အားကြီးနေတာပဲ။ ငါ သူ့ကို မယှဉ်နိုင်ဘူး’
ပန်ကုန်းစုန် သဘောပေါက်လိုက်သည်နှင့် တွေဝေမနေတော့ဘဲ ဒယ်အိုးကြီးကို မ,၍ မြေကြီးထဲ ဖိသွင်းကာ ထွက်ပြေးရန် ပြင်တော့သည်။
သို့သော် သူ သဲမြေထဲ မဝင်နိုင်ခင် ချင်မူက ဒယ်အိုးကို လှမ်းဆွဲပြီး အပေါ်,မကာ ပြုံးပြ၏။ “မှော်ဆရာကြီး၊ ဘယ်သွားမလို့လဲ”
ပန်ကုန်းစုန်က အနက်ရောင်အရိပ်အသွင်ပြောင်းကာ သဲမြေထဲမှ ထွက်ပြေးသွားသည်။
ချင်မူလည်း ဒယ်အိုးကြီးကို လွှင့်ပစ်၍ အနက်ရောင်အရိပ်အသွင်ဖြင့် မြေကြီးထဲမှ လိုက်သွား၏။
တခဏကြာသော် ကိုက်သုံးထောင်အကွာ၌ သဲများ ဖွားခနဲ မြောက်တက်လာပြီး နှစ်ယောက်သား ထွက်လာကြသည်။ ပန်ကုန်းစုန်က ဒယိမ်းဒယိုင် နောက်ဆုတ်လိုက်ရသော်လည်း သူ့ကိုယ်ပေါ်တွင် အမွှေးအတောင်များ ပြန်ပေါက်လာသည်။ သူက တောင်ပံခတ်၍ ကောင်းကင်ယံသို့ ပျံတက်လိုက်၏။
“ဘယ်သူက ပိုမြန်လဲ ပြိုင်ချင်လား”
ချင်မူ ကောင်းကင်ခိုးယူခြေသိုင်းဖြင့် လေပေါ် ပြေးတက်လိုက်၏။ လူတစ်ယောက်နှင့် ငှက်တစ်ကောင် စိန်ပြေးလိုက်တမ်း ကစားနေကြသည်။ ခဏကြာသောအခါ ငှက်ကြီးမှာ အမွှေးမရှိသော ကြက်တစ်ကောင်ဖြစ်သည်အထိ အရိုက်ခံလိုက်ရပြီး ကောင်းကင်မှ ပြုတ်ကျလာသည်။
မြေကြီးပေါ် မရောက်ခင် ပန်ကုန်းစုန်၏ ပါးစပ်မှ ဆင်အော်သံထွက်လာ၏။ သူ့ခေါင်းကြွက်သားများ ပြန့်ကားလာပြီး မျက်နှာကလည်း ရုပ်ပျက်ဆင်းပျက် ပြောင်းလဲနေသည်။ လည်ပင်းမှ ဂျိုးဂျိုးဂျွတ်ဂျွတ် မြည်သံများ ထွက်လာပြီး နောက်ခေါင်းနှစ်လုံး ပေါက်လာ၏။ သူကား ဆင်ခေါင်းသုံးလုံးရှိသော နတ်ဘုရားတစ်ပါး ဖြစ်သွားချေပြီ။
သူ၏ရုပ်ခန္ဓာက ဖောင်းကားလာကာ ကိုက်နှစ်ဆယ်ကျော် မြင့်သွားသည်။ ပြိုင်ဘက်ကင်းသော ခွန်အားဖြင့် သူက လက်သီးကို လွှဲကာ သူ့နောက် လိုက်လာသည့် ချင်မူ့ဆီသို့ ထိုးချလိုက်ကာ သူ၏ခေါင်းသုံးခေါင်းစလုံးက တစ်ပြိုင်တည်း အော်ဟစ်လိုက်၏။ “ခွေးသူတောင်းစားချင် သေပေတော့”
အုန်း
လက်သီးနှစ်လုံး ထိတိုက်သွားသည့်အခါ ကောင်းကင်နတ်သိုင်းများ ပေါက်ကွဲထွက်ပေါ်လာသည်။ လေများ တဝေါဝေါ ဝေ့လည်တိုက်ခတ်သွားပြီး ကျောက်ခဲသဲမှုန်များ လေပေါက် မြောက်တက်ကုန်သည်။
ခေါင်းသုံးလုံး ဆင်လူသားမှာ သွေးအန်လျက် လွင့်ထွက်သွား၏။
ချင်မူက ပြေးလိုက်သော်လည်း ပန်ကုန်းစုန်ဆီ မရောက်ခင် ပန်ကုန်းစုန် ပုံမှန်အရွယ်အစားသို့ ပြန်ကျုံ့ဝင်သွားကြောင်း မြင်လိုက်ရသည်။
ပန်ကုန်းစုန်က လေပေါ် လွှားခနဲ ခုန်တက်လိုက်သည့်အခါ သူ့ခြေထောက်အောက်၌ သုံးကိုက်အရွယ် ကြာပွင့်တစ်ပွင့် ဖွဲ့တည်လာ၏။ ပန်ကုန်းစုန် ကြာပွင့်အပေါ် နင်းလိုက်သည်နှင့် ကြာပွင့်က ပွင့်ချပ်များကို ပိတ်လိုက်ပြီး ဖျတ်ခနဲ ပျောက်သွားသည်။
ချင်မူ အံ့အားသင့်သွားသည်။ “နေရာရွှေ့ပြောင်းသိုင်းလား...”
သူ ထင်ထားသည့်အတိုင်း ဆယ်မိုင်ကျော်အကွာတွင် ကြာပွင့်တစ်ပွင့် ဖောက်ခနဲ ပေါ်လာပြီး ပြန်ပွင့်လာ၏။
ချင်မူ တရှိန်ထိုး ပြေးသွားပြီး ဓားစက်လုံးကိုလည်း ရှေ့သို့ တောက်ထုတ်လိုက်သည်။
သူ့လက်ချောင်းများကို ဖြန့်ကားလိုက်သည့်အခါ ဓားစက်လုံးသည် ဓားအလက်ရှစ်ထောင်အဖြစ် ကွဲထွက်သွားပြီး ရေစီးကြောင်းကြီးပမာ ဖွဲ့တည်၍ ကြာပွင့်ဆီသို့ ဝေါခနဲ ပြေးဝင်သွားသည်။
ဝဲကတော့ဓားချက်
ဓားရောင်က ချင်မူ အားကုန်ပြေးနေသည့် အမြန်နှုန်းထက်ပင် မြန်သေးသည်။ တခဏအတွင်း ကြာပွင့်ဆီ လက်ခနဲ ရောက်သွား၏။
ကြာပွင့် ပွင့်လာသည်နှင့် ပန်ကုန်းစုန်က ခုန်ထွက်လာသည်။ သူက အနက်ရောင်အဝတ်စတစ်စကို ကပျာကယာ ထုတ်၍ လေထဲတွင် လှုပ်ခါပြီးနောက် အဝတ်စထဲ ခုန်ဝင်သွားသည်။
မရေမတွက်နိုင်သော ဓားပျံများက ကြာပွင့်ကို ရစရာမရှိအောင် လှီးဖြတ်ပစ်ပြီး အနက်ရောင်အဝတ်ကို လွှမ်းခြုံသွား၏။ သို့သော် အဝတ်စ တစစီ ပြတ်ထွက်သွားသော်လည်း ပန်ကုန်းစုန်ကား ပျောက်သွားပြန်သည်။
ချင်မူ မြေပြင်ပေါ် ဆင်းသက်ကာ ဘေးပတ်ဝန်းကျင်အား အကဲခတ်လိုက်သည်။ သူ့ခေါင်းပေါ်တွင် ဓားအလက်ရှစ်ထောင်က ဓားထိပ်များက အပြင်သို့ ရွယ်လျက် စက်ဝိုင်းသဏ္ဍာန် စီတန်းလှည့်ပတ်နေ၏။ ပန်ကုန်းစုန် မည်သည့်ဘက်မှ ထွက်လာသည်ဖြစ်စေ၊ ဓားချက်ကြောင့် မွစာကြဲရလိမ့်မည်။
သို့သော် ကန္တာရမှာ ငြိမ်သက်နေသည်။ အနက်ရောင်အဝတ်စထဲ ဝင်ပြီးနောက် ပန်ကုန်းစုန်သည် ဤကမ္ဘာပေါ်မှ ပျောက်ကွယ်သွားသကဲ့သို့ ပြန်ပေါ်မလာတော့ပေ။
အဝေး၌ သဲမုန်တိုင်းကြီးတစ်လုံး သောင်းကျန်းနေသည်။ နေသင်္ဘောနှင့် သဲနဂါးများက မိုးကြိုးလျှပ်စီးများ တဖျပ်ဖျပ် လက်နေသော သဲမုန်တိုင်းကြီးထဲ၌ ပုန်းကွယ်နေကြသည်။ အနက်ရောင်နေလုံးကြီးက တစ်ချက်တစ်ချက် သဲမုန်တိုင်းကြီးအပြင် ထွက်လာတတ်၏။ လွှမ်းယမ်းနေသည့် အားလှိုင်းများက ချင်မူ့ဆီသို့ ရောက်လာတတ်ပြီး နီရဲနေသော သဲမြေပြင်ထက်၌ လေဆင်နှာမောင်းများ ထလာစေတတ်သည်။
သဲမုန်တိုင်း၏အရှေ့တွင်မူ အလွန်သေးငယ်သော ဧကရာဇ်အတိုင်ပင်ခံ ရှိနေသည်။
သို့သော် ထိုတိုက်ပွဲကို ချင်မူ အာရုံမရှိပေ။ သူ မြေကြီးကို ဖနောင့်ဖြင့် ပေါက်လိုက်သည့်အခါ ကန္တာရတစ်ခုလုံး တသိမ့်သိမ့် တုန်ခါသွားသည်။ လေပွေအသေးလေးများက သဲမှုန်များကို ပင့်မြှောက်ကာ လေးပေ၊ ငါးပေခန့် မြင့်သော သဲဘီလူးလေးတစ်ကောင်အား ဖွဲ့တည်လိုက်သည်။
ချင်မူလည်း ဝိညာဉ်တစ်သောင်းသဘာဝကျင့်စဉ်ကို ကျင့်ကြံထားသူဖြစ်၏။ အစစ်အမှန်ကောင်းကင်နန်းတော်၏ ဂိုဏ်းသားများလောက် မကျွမ်းရုံသာ ရှိလေသည်။
“ပန်ကုန်းစုန် ဘယ်မှာ ပုန်းနေလဲ” သူက မေးလိုက်သည်။
သဲဘီလူးလေးက လက်ညှိုးထိုးပြ၏။ သူ ထိုးပြသည့်နေရာသို့ ချင်မူ လှမ်းကြည့်သော်လည်း မည်သည်ကိုမျှ မမြင်ရပေ။
“အနီရောင်ကောင်းကင်မျက်လုံး နိုးထ”
ဝင်္ကပါအမှတ်အသားများ သူ့မျက်ဝန်းထဲတွင် ဖွဲ့တည်လာပြီး နောက်တစ်ကြိမ် ထပ်ကြည့်လိုက်သည့်အခါ ချင်မူ အတန်ငယ် မှင်သက်သွားမိသည်။ အလွန်ပါးလျသော မျဉ်းဖြောင့်တစ်တန်းက သိပ်မမြန်သည့်အရှိန်ဖြင့် ရွေ့လျားနေကြောင်း မြင်လိုက်ရ၏။
လေများ တဝေါဝေါ တိုက်ခတ်နေပြီး သဲမှုန်များ တထောင်းထောင်း ထနေသော်လည်း ထိုမျဉ်းဖြောင့်က ကွေးညွတ်မနေပေ။ ထူးဆန်းလှသည်။
ချင်မူ တရှိန်ထိုး ပြေး၍ ထိုမျဉ်းဖြောင့်အနား သွားလိုက်သည်။ အနားရောက်သည့်အချိန်မှ မျဉ်းဖြောင့်မဟုတ်ဘဲ အထူမရှိသော မှန်ပါးပါးတစ်ချပ်ဖြစ်ကြောင်း တွေ့လိုက်ရ၏။ မှန်အမြင့်က လူတစ်ရပ်စာ ရှိလေသည်။
ပန်ကုန်းစုန်သည် မဟာဉာဏ်အလင်းပွင့် ကောင်းကင်နတ်ဆိုးကျမ်းစာ၏ တစ္ဆေအရိပ်ကျင့်စဉ်ဖြင့် အနက်ရောင်အရိပ်အသွင်ပြောင်းကာ ထိုမှန်ထဲ ဝင်သွားခြင်းဖြစ်၏။
ချင်မူ အတော်လေး အံ့ဩသွားသည်။ သူက ဓားပျံတစ်လက်ကို ဆွဲထုတ်၍ မှန်ထဲသို့ ထိုးစိုက်ကာ ချီးကျူးလိုက်၏။ “မှော်ဆရာကြီး အခုထိ အသက်ရှင်နေတာလဲ အံ့ဩစရာမရှိပါဘူး”
ပန်ကုန်းစုန်မှာ သူ့ကို မြင်လျှင် မျက်နှာအကြီးအကျယ် ပျက်သွားသည်။ သူက မှန်ထဲမှ ကြိုးတစ်ချောင်းကို ထုတ်၍ ကြိုး၏အကူအညီဖြင့် အပေါ်တက်သွားသည်။
ချင်မူ့ဓားက မှန်ကို ခွဲပစ်လိုက်သော်လည်း ပန်ကုန်းစုန်က ကြိုးဖြင့် အပေါ်တက်သွားပြီး ပျောက်ကွယ်သွားပြီဖြစ်၏။
“ဒါ ဘာကောင်းကင်နတ်သိုင်းလဲ”
အနီရောင်ကောင်းကင်မျက်လုံးဖြင့် ပတ်ဝန်းကျင်ကို ကြည့်သော်လည်း ပန်ကုန်းစုန်၏ အရိပ်အယောင်ကိုပင် မတွေ့ရတော့ပေ။ ရုတ်တရက် သူ ရင်ထဲတွင် တုန်လှုပ်သွားပြီး မှန်ကွဲစတစ်ခုကို ကောက်၍ ရွှေ့ကြည့်လိုက်သည့်အခါ ပန်ကုန်းစုန်ကို ပြန်ရှာတွေ့သွား၏။
ပန်ကုန်းစုန် လေပေါ်သို့ပင် ရောက်နေပြီဖြစ်ကြောင်း သူ မြင်လိုက်ရသည်။ သူ၏ကြိုးအဆုံးတွင် ချိတ်တစ်ခု ပါပြီး ထိုချိတ်က တိမ်တိုက်တစ်ခုကို ချိတ်နေသည်။ ကြည့်ရသရွေ့ ပန်ကုန်းစုန်ကား တိမ်ထဲတွင် ပုန်းနေရန် ကြံစည်ထားပုံထောက်၏။
သို့တိုင်တောင် ထူးဆန်းသည်က သူနှင့် ကြိုးမှာ လက်တွေ့ကမ္ဘာထဲတွင် ကိုယ်ယောင်ပျောက်နေသော်လည်း ထိုမှန်ထဲရှိ ထူးဆန်းသောဟင်းလင်းပြင်က လက်တွေ့ကမ္ဘာနှင့်လည်း ထပ်နေပုံရ၏။ ကြိုးက လက်တွေ့ကမ္ဘာထဲတွင်လည်း တွဲလောင်းကျနေသည့်တိုင် အနီရောင်ကောင်းကင်မျက်လုံးဖြင့်ပင် မမြင်ရပေ။
“မှော်ဆရာကြီးကတော့ တော်တော် အပြေးတော်တာပဲ” ချင်မူ စုတ်သပ်လိုက်မိသည်။ သူက မှန်ကွဲစကို လက်တစ်ဖက်ကို ကိုင်ထားပြီး ကျန်တစ်ဖက်ဖြင့် ရွှင်ပျော်ပျော်ဓားအား တောက်ထုတ်လိုက်သည်။ ရွှင်ပျော်ပျော်ဓားက ကောင်းကင်ယံသို့ ထိုးတက်သွားပြီး အဖြူရောင်တိမ်တိုက်အောက်ရှိ မမြင်ရသော ကြိုးကို ဖြတ်တောက်လိုက်၏။
ချင်မူက မှန်ကွဲစနောက်တစ်ခု ယူ၍ ပန်ကုန်းစုန် ကျလာမည့် အောက်တည့်တည့်သို့ ပစ်လိုက်သည်။ ပန်ကုန်းစုန်မှာ မှန်ထဲသို့ ဘုတ်ခနဲ ကျသွားပြီး မော့ကြည့်လိုက်ရာတွင် မှန်အပြင်၌ ချင်မူ့အား မြင်လိုက်ရသည်။
“မှော်ဆရာကြီး အခု စကားပြောလို့ရပြီလား” ချင်မူက မှန်ကို ကောက်ကာ ပြုံးလိုက်သည်။