← Chapters

ပဉ္စမအခန်းရဲ့ အကြိုပြီးပြည့်စုံခြင်း အဆင့်

Vol. 27 Ch. 356

ပဉ္စမအခန်းရဲ့ အကြိုပြီးပြည့်စုံခြင်း အဆင့်

Vol. 27 Ch. 356

လီဖူချန်းရဲ့ လုပ်ရပ်က ချိုတစ်ချောင်း နတ်ဆိုးဘုရင်ကိုတောင် အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွား စေခဲ့ပါတယ်။

" မင်းက သေချင်နေတာပဲ "

သွေးဘိုးဘိုးကြီးက သူ့ရဲ့ လက်နှစ်ဖက်ဖြင့်  ထူးဆန်းသော လက်ဟန် တစ်ခုကို ပုံဖော် လိုက်ပါတယ်။ ကြည့်ရတာတော့ ကျိန်စာတစ်ခုကို အသက်သွင်း လိုက်ပုံပါပဲ။

သူ့ရဲ့ပါးစပ်ကနေလည်း မန္တာန်တစ်ခုကို အလျင်အမြန် ရွတ်ဆို လိုက်ပါသေးတယ်။

ရှဲ……ရှဲ……ရှဲ………

လီဖူချန်းရဲ့ ခန္ဓာကိုယ်မှာတော့ အနီရောင်ရင့်ရင့် သွေးအင်းကွက် တစ်ခု ဖြစ်တည် လာခဲ့ပါပြီ။

အဲဒါကတော့ သွေးဝါးမျိုသူ ကျိန်စာပါပဲ။ အဲသည်ကျိန်စာကို သွေးဘိုးဘိုးကြီးက သူ့ရဲ့ သွေးတာအို ချီစွမ်းအင်တွေနဲ့ ပေါင်းစပ်ပြီး ပြုလုပ်ထားတာ ဖြစ်ပါတယ်။  အကြောင်း အမျိုးမျိုးကြောင့်  သွေးအလောင်းကောင်တွေဟာ  သူ့ရဲ့ထိန်းချုပ်မှု အောက်ကနေ လွတ်သွားခဲ့ရင် ဆိုတဲ့အတွေးနဲ့  သွေးဘိုးဘိုးကြီးဟာ သည်ကျိန်စာကို ဖန်တီးထားခဲ့တာပါ။

သည်သွေးဝါးမျိုသူ ကျိန်စာဟာ သွေးအလောင်းကောင်ရဲ့ ကိုယ်တွင်းမှာ ရှိနေတဲ့ သွေးအသိစိတ်ကို နိုးထ လာစေနိုင်ပါတယ်။

သွေးဘိုးဘိုးကြီးရဲ့ အမြင်မှာတော့ လီဖူချန်းဟာ နွေအိပ်မက် မက်နေသူ တစ်ဦးပါပဲ။  သွေးအလောင်းကောင် ဖြစ်ပြီးတဲ့ လူတွေဟာ သူ့လက်ထဲကနေ လွတ်စရာအကြောင်း မရှိတော့ပါဘူး။

" သည်သွေးရောင်အသိစိတ်က နှစ်ဆနီးပါး  ကြီးထွား လာတာလား……"

လီဖူချန်းရဲ့ စိတ်ဝိညာဉ်နယ်ပယ်ထဲမှာ ရှိနေတဲ့ သွေးရောင်အသိစိတ်ဟာ နှစ်ဆနီးပါး ကြီးထွား လာခဲ့ပါတယ်။

" စိတ်မကောင်းစရာပဲ ……။ အဲဒါက အရမ်းအားနည်း နေသေးတယ် "

သွေးရောင်အသိစိတ်ရဲ့ နံဘေးမှာတော့ နေဝန်းငယ်လေး တစ်ခုလို တောက်ပတဲ့ အလင်းပြောက်လေး တစ်ခု ထွက်ပေါ်လာခဲ့ပါပြီ။  အဲသည် နေဝန်းငယ်လေးက သွေးရောင် အသိစိတ်ကို သိသိသာသာကြီးကို ဖိနှိပ်ထားနိုင်ပါတယ်။

ဖောက်……

သွေးရောင်အသိစိတ်က နေဝန်းငယ်လေးရဲ့ ဖိနှိပ်မှုကို တောင့်ခံနိုင်ခြင်း မရှိခဲ့ပါဘူး။  ပေါက်ကွဲသံ ယဲ့ယဲ့နဲ့အတူ သွေးရောင်အသိစိတ်ဟာ အစိတ်စိတ် အမြွှာမြွှာ ဖြစ်သွားခဲ့ပါပြီ။

ဝေါ့……

သွေးဘိုးဘိုးကြီးက သွေးတစ်လုတ်မျှ အန်ထုတ် လိုက်ရပါတယ်။ သူ့ပုံစံကို ကြည့်ရတာတော့  သူ့ကိုယ်သူ ဘာဖြစ်သွားလည်းဆိုတာကိုတောင် သတိမပြုလိုက်မိတဲ့ ပုံပါပဲ။

လီဖူချန်းက တကယ်ကြီး သူ့ရဲ့ သွေးအသိစိတ်ကို ဖျက်ဆီးပစ်လိုက် နိုင်တာလား…………။ လီဖူချန်းရဲ့ အသိစိတ်က ဘယ်လိုလုပ်ပြီး သည်လောက်အထိ အစွမ်းထက်နေ ရတာလည်း ………။

အဲဒါက လိပ်ပြာရစ်ငင် အသိစိတ်များလား………။

သွေးဘိုးဘိုးကြီးရဲ့ စိတ်ထဲမှာတော့ မေးခွန်းတွေ တသီတတန်းကြီး ဖြစ်ပေါ်လာခဲ့ပါပြီ။

လိပ်ပြာရစ်ငင် အသိစိတ်ဆိုတာက တိုက်ပွဲ ဝိညာဉ်နယ်ပယ်ရဲ့ ထိပ်သီးပညာရှင်တွေသာ ပိုင်ဆိုင်နိုင်တဲ့ အရာပါ။

အဲဒါက သာမန် အသိစိတ်တွေနဲ့ ကွာခြားပါတယ်။

သွေးရောင်အသိစိတ်ကို ဖျက်ဆီးပြီးတဲ့ အခါမှာတော့ လီဖူချန်းဟာ သူ့ရဲ့ ခန္ဓာကိုယ်ကို အပြည့်အဝ ပြန်ထိန်းချုပ် နိုင်ခဲ့ပါပြီ။  ရွှယ်ရှီးဆေးလုံး နှစ်လုံးရဲ့ အစွမ်းကြောင့် သူ့ရဲ့ ခန္ဓာကိုယ်ကတော့ ၉၉ရာခိုင်နှုန်းနီးပါး ပျက်စီးနေပါတယ်။  သူ့အနေနဲ့ သည်ရွှယ်ရှီးဆေးလုံး နှစ်လုံးရဲ့ ဘေးထွက် ဆိုးကျိုးတွေကို အမြန်ဆုံး သန့်စင်မှ ရပါမယ်။

ကံကောင်းတာတစ်ခုကတော့ ရွှယ်ရှီး ဆေးလုံးတွေရဲ့ သက်ရောက်မှုဟာ ဆင်နဂါးခန္ဓာကိုယ် ခွန်အားအပေါ်မှာ သက်ရောက်မှု မရှိခဲ့တာပါပဲ။

ဆင်နဂါးခန္ဓာကိုယ် ခွန်အားက အရမ်းကို အားကောင်းလွန်းတာ ဖြစ်တဲ့အတွက်  လွယ်လွယ်နဲ့ ပျက်စီးသွားခြင်း မရှိပါဘူး။

( note- ဆင်နဂါးခန္ဓာကိုယ် ခွန်အားဆိုတာ လီဖူချန်းရဲ့ ခန္ဓာကိုယ်ထဲမှာ သက်သက် တည်ရှိနေတဲ့ ခွန်အား ဖြစ်ပုံ ရပါတယ်။ ကျွန်တော်တို့ ခွေးလိုက်လို့ ပြေးတဲ့အခါ ကိုယ့်ရဲ့တစ်ရပ်လောက်ရှိတဲ့ ခြံစည်းရိုးကို ခုန်ကျော်လိုက်တာတို့ ၊ မီးဟေ့ …… မီးလောင်ပြီဟေ့ဆိုရင် ဘယ်က ရလာမှန်းမသိတဲ့ ခွန်အားတွေနဲ့  ဆင်ဆယ်ကောင် စားမကုန်တဲ့ ယောက္ခမကြီးကို ကောက်ထမ်းပြီး ပြေးသလိုပေါ့။    ဟဲဟဲဟဲ……  )

ဟူး……ဟူး……ဟူး……

အသက်ရှူချိန် အနည်းငယ်လေး အတွင်းမှာပဲ လီဖူချန်းဟာ ချိုတစ်ချောင်း နတ်ဆိုးဘုရင်ရဲ့ မြင်ကွင်းထဲကနေ ပျောက်ကွယ် သွားခဲ့ပါပြီ။

လီဖူချန်း သူ့မြင်ကွင်းထဲကနေ ပျောက်သွားပြီ ဆိုတော့မှ ချိုတစ်ချောင်း နတ်ဆိုးဘုရင်ဟာ သတိပြန်ဝင်လာခဲ့ပါတယ်။ သူက သွေးဘိုးဘိုးကြီးကို ခပ်ထေ့ထေ့ ပြုံးပြပြီး ကြည့်လိုက်ပါတယ်။

' ကဲ …… မင်းအခု ဘာလုပ်မလဲ 'ဆိုတဲ့ အကြည့်မျိုးနဲ့ပေါ့။

သွေးဘိုးဘိုးကြီးကတော့ လီဖူချန်း လွတ်သွားတာနဲ့ ပတ်သက်ပြီး သိပ်စိုးရိမ်နေဟန် မရှိပါဘူး။

လီဖူချန်းကို အခု မထိန်းချုပ်နိုင်လို့လည်း  ဘာအရေးလဲ……။ သည်မဟူရာ ကောင်းကင် ဂိုဏ်းရဲ့ အကြွင်းအကျန်နယ်မြေ အပြင်ဘက်ကို ရောက်သွားရင် သူ့အနေနဲ့ လီဖူချန်းကို  ပြန်ထိန်းချုပ်နိုင်တဲ့ နည်းလမ်းတွေ အများကြီး ရှိပါသေးတယ်။

အခုချိန်မှာ သူ့အတွက် အရေးအကြီးဆုံးက သည်ချိုတစ်ချောင်း နတ်ဆိုးဘုရင်ရဲ့ လက်ထဲကနေ ဘယ်လိုလွတ်အောင် ထွက်ပြေးရမလည်း ဆိုတာပါပဲ။

ဟူး……ဟူး……

ချိုတစ်ချောင်း နတ်ဆိုးဘုရင်က  မယုံနိုင်စရာ ကောင်းလောက်အောင် လျင်မြန် လွန်းလှပါတယ်။  သူက မျက်စိတစ်မှိတ် အတွင်းမှာပဲ သွေးဘိုးဘိုးကြီးအနားကို ရောက်ရှိလာခဲ့ပါပြီ။

" သေစမ်း "

ပြင်းထန်လွန်းလှတဲ့ လက်သီးတစ်လုံး……

မိစ္ဆာချီတွေ မပါဝင်ပေမဲ့လည်း သည်လက်သီးချက်ကတော့ အရှိန်အဟုန် ပြင်းထန် နေဆဲပါပဲ။  ချိုတစ်ချောင်း နတ်ဆိုးဘုရင်ရဲ့ ခန္ဓာကိုယ် အပြင်အားချည်း သက်သက် ထိုးလိုက်တဲ့ လက်သီးကတောင်မှ ချီအကာအကွယ် အပြည့်အဝ သုံးထားတဲ့  ကောင်းကင်နယ်ပယ် ပညာရှင်ကို သေစေနိုင်စွမ်း ရှိပါတယ်။  ချီအကာအကွယ်မသုံးနိုင်တဲ့ သွေးဘိုးဘိုးကြီးလို လူအတွက်ဆိုရင်တော့ ပြောနေစရာကို မလိုတော့ပါဘူး။  သေချာပေါက် သတ်ပစ်နိုင်မှာပါ။

" သွေးဒိုင်းအကာအကွယ် "

သွေးဘိုးဘိုးကြီးကလည်း အရှေ့ယူနီကွန်း တိုက်ကြီးရဲ့  ထိပ်သီးပညာရှင် တစ်ယောက်ပါပဲ။  သူ့မှာလည်း အသက်ကယ်တဲ့ ဝှက်ဖဲတွေ မရှိဘဲနဲ့တော့ မနေပါဘူး။

သူ့ရဲ့အရှေ့မှာတော့ ကြက်သွေးရောင် တောက်ပနေတဲ့ ဒိုင်းကာကြီးတစ်ခု ဖြစ်တည် လာခဲ့ပါပြီ။

သည်သွေးဒိုင်းကြီးကတော့ သွေးဘိုးဘိုးကြီးရဲ့ သွေးအဆီအနှစ်ကနေ ဖြစ်ပေါ်လာခဲ့တာပါ။    ဒါက သာမန်သွေးချီတွေနဲ့ မတူပါဘူး။

ဘန်း……

သွေးဒိုင်းအကာအကွယ်က ပျက်စီးသွားခဲ့သလို သွေးဘိုးဘိုးကြီးကလည်း သွေးတစ်လုတ် အန်ထုတ် လိုက်ရပါတယ်။  အဲဒါတင် မကသေးပါဘူး။  သူက အနောက် တော်တော်ဝေးဝေးကို ဆုတ်လိုက် ရပါသေးတယ်။

ချိုတစ်ချောင်း နတ်ဆိုးဘုရင်ကတော့ သွေးဘိုးဘိုးကြီးကို အလွယ်တကူ လွတ်ပေးမယ့်ဟန် မရှိပါဘူး။  သူက သွေးဘိုးဘိုးကြီးရဲ့ နောက်ကို ထပ်ချပ်မကွာ လိုက်သွားပြီး နောက်ထပ် လက်သီး တစ်ချက် ထိုးချလိုက်ပြန်ပါတယ်။

" သွေးဒိုင်းအကာအကွယ်  ဖြစ်တည်စမ်း "

သွေးဘိုးဘိုးကြီးက  အသံနက်ကြီး အော်ဟစ် လိုက်ပါတယ်။

ဘန်း……

သွေးဘိုးဘိုးကြီးဟာ သူ့ရဲ့ သွေးအဆီအနှစ်တွေကို သုံးပြီး ချိုတစ်ချောင်း နတ်ဆိုးဘုရင်ရဲ့ အဆက်မပြတ် တိုက်ခိုက်မှုတွေကို ခုခံနေရပါတယ်။

" သည်လူသားက တကယ်ရင်ဆိုင်ရ ခက်တာပဲ "

ချိုတစ်ချောင်း နတ်ဆိုး ဘုရင်ကတော့  သွေးဘိုးဘိုးကြီးကို ရအောင်သတ်မှ ဖြစ်တော့မယ် ဆိုတာကို သဘောပေါက် သွားခဲ့ပါပြီ။

ချီစွမ်းအင်တွေ အသုံးပြုလို့ မရချိန်မှာတောင် သည်လောက် သတ်ရ ခက်နေတာ။  သာမန် အချိန်တွေမှာဆိုရင် သွေးဘိုးဘိုးကြီး ဘယ်လောက် အစွမ်းထက်မလည်း ဆိုတာကို မှန်းဆလို့ ရပါတယ်။

သူ့အနေနဲ့ သွေးဘိုးဘိုးကြီးကို လုံးဝ အလွတ်ပေးလို့ မဖြစ်ပါဘူး။  မဟုတ်လို့ကတော့ သွေးဘိုးဘိုးကြီးက သူ့ကို ကလဲ့စား ပြန်ချေတော့မှာပါ။

သွေးဘိုးဘိုးကြီးနဲ့ ချိုတစ်ချောင်း နတ်ဆိုးဘုရင်လက်က လွတ်လာတဲ့ လီဖူချန်းကတော့ တိတ်ဆိတ်ပြီး အန္တရာယ် မရှိတဲ့ နေရာတစ်ခုကို အသည်းအသန် လိုက်ရှာနေပါတယ်။  ရွှယ်ရှီး ဆေးလုံးတွေက သူ့ရဲ့ အသိစိတ်ကို မလွှမ်းမိုးနိုင်ပါဘူး။  ဒါပေမဲ့ သူ့ရဲ့ ခန္ဓာကိုယ်ကိုတော့ လွှမ်းမိုးနိုင်ပါတယ်။ တကယ်လို့ ရွှယ်ရှီးဆေးရဲ့ အကျိုးသက်ရောက်မှုက ခန္ဓာကိုယ် တစ်ခုလုံးကိ လွှမ်းမိုးသွားခဲ့ရင်ဖြင့် သူ့ရဲ့ အစစ်အမှန် ငရဲမီးတောက် ချီအတွင်းအားတွေဟာ ပျက်စီး သွားတော့မှာပါ။

သွေးအလောင်း ကောင်တွေဟာ သွေးတာအိုချီတွေနဲ့သာ လိုက်ဖက်ပါတယ်။  အစစ်အမှန် ငရဲမီးတောက်ချီတွေနဲ့ သွေးတာအိုချီတွေက တကယ့်ကို ဆန့်ကျင်ဘက်ပါပဲ။

ဒါကြောင့်လည်း လီဖူချန်းဟာ ရွှယ်ရှီးဆေးလုံးကို သန့်စင်ဖို့အတွက် စိတ်ချရတဲ့ နေရာတစ်ခုကို အသည်းအသန် ရှာနေတာ ဖြစ်ပါတယ်။  သူက အစစ်အမှန် ငရဲမီးတောက် ချီတွေကို အစကနေ ပြန်မကျင့်ချင်ပါဘူး။

သည်နန်းတော်ကြီးထဲမှာ ရှိနေတဲ့ လမ်းတွေကတော့ လုံးဝကို ရှုပ်ယှက်ခတ် နေတာပါပဲ။  လီဖူချန်းကတော့ နန်းတော်ထဲမှာ ပြေးနေရင်းနဲ့ လမ်းပျောက် သွားခဲ့ပါပြီ။

ဒါကလည်း သူ့အပြစ်တော့ မဟုတ်ပါဘူး။  သည်နန်းတော် အတွင်းမှာက တည်နေရာကို ခန့်မှန်းနိုင်ခြင်း မရှိစေတဲ့  ဝင်္ကပါ အစီအရင်တစ်ခု ခင်းကျင်းထားခဲ့တာပါ။

လီဖူချန်းရဲ့ အသိစိတ်အာရုံက တိုက်ပွဲဝိညာဉ် နယ်ပယ်မှာ ရှိရင် ရှိနေပါမယ်။ ဒါပေမဲ့ မဟူရာ ကောင်းကင်ဂိုဏ်းရဲ့ အကျော်အမော် တွေကလည်း ခေသူတွေ မဟုတ်ကြပါဘူး။  မဟူရာ ကောင်းကင်ဂိုဏ်းမှာက တိုက်ပွဲဝိညာဉ် နယ်ပယ်ထက် အဆင့်မြင့်တဲ့ ပညာရှင်တွေ ရှိနေပါသေးတယ်။  အဲသည် အတွက် သူတို့ ခင်းကျင်းခဲ့တဲ့ ဝင်္ကပါ အစီအရင်တွေဟာ အလွန်တရာ အစွမ်းထက်မှာ အမှန်ပါပဲ။

လီဖူချန်းဟာ နန်းတော်ထဲမှာ လျှောက်သွားနေရင်းနဲ့ အခန်းတစ်ခုရဲ့ အရှေ့ကို ရောက်လာခဲ့ပါတယ်။

သည်အခန်းရဲ့ အရှေ့မှာတော့ အစောင့်အကြပ် ကျောက်ရုပ်တွေ မရှိပါဘူး။  ကြည့်ရတာတော့ ဒါက အနားယူတဲ့ အခန်းတစ်ခု လိုပါပဲ။

" သည်နေရာကို ငါရှာနေတာ "

လီဖူချန်းရဲ့ မျက်နှာမှာတော့ အပြုံးတစ်ပွင့် ဖြစ်တည် လာခဲ့ပါပြီ။  ထို့နောက်မှာတော့ သူဟာ တင်ပျဉ်ခွေ ထိုင်ချလိုက်ပြီး ဆင်နဂါးခန္ဓာကိုယ် သွန်းလောင်းခြင်း နည်းစနစ်ကို လည်ပတ် လိုက်ပါတယ်။  ရွှေရောင် စွမ်းအင်မျှင်လေး တစ်ခုကတော့ လီဖူချန်းရဲ့ ခန္ဓာကိုယ်ထဲမှာ လှည့်ပတ် သွားလာနေခဲ့ပါပြီ။

( Note - သည်နန်းတော်ထဲမှာ တားမြစ်ထားတာက အတွင်းအား လည်ပတ်မှုတွေကိုပါ။  လီဖူချန်းရဲ့ ဆင်နဂါးခန္ဓာကိုယ် ခွန်အားကတော့ အပြင်အား ဖြစ်ပါတယ်။  )

ထို့နောက်မှာတော့ ထိုရွှေရောင် စွမ်းအင်မျှင်လေးဟာ လီဖူချန်းရဲ့ အသွေးအသားထဲမှာ စိမ့်ဝင်နေတဲ့ ရွှယ်ရှီး ဆေးလုံးတွေရဲ့ စွမ်းအင်တွေကို စတင် ဝါးမျိုလာခဲ့ပါတယ်။

တစ်ချိန်တည်းလိုလိုမှာပဲ ဆင်နဂါးခွန်အားဟာ ပိုပိုပြီး အားကောင်းလာခဲ့ပါပြီ။  အဲသည် အကျိုးဆက်ကတော့ လီဖူချန်းအနေနဲ့ ဆင်နဂါးခန္ဓာကိုယ် သွန်းလောင်းခြင်း  ပဉ္စမအခန်းကို လေ့ကျင့်ရာမှာ ပိုပိုပြီး မြန်ဆန် လာတာပါပဲ။  သူ့အနေနဲ့ ရွှယ်ရှီးဆေးလုံးအစွမ်းကို သန့်စင်နေရုံနဲ့တင် ပိုပိုပြီး မြန်ဆန်လာခဲ့တာပါ။

ပြီးတော့ သွေးဘိုးဘိုးကြီးရဲ့ သွေးတာအိုချီတွေကလည်း ရှိနေပါသေးတယ်။  သွေးဘိုးဘိုးကြီးရဲ့ သွေးတာအိုချီတွေဟာ အလွန်ကို သိပ်သည်းတဲ့ စွမ်းအင်တစ်ခုပါပဲ။  ဆင်နဂါး ခွန်အားဟာ ရွှယ်ရှီးဆေးလုံးရဲ့ ဆေးစွမ်းတွေနဲ့ သွေးတာအို ချီတွေကို ဝါးမျိုနေရင်းနဲ့တင် ပိုပိုပြီး အားကောင်း လာခဲ့ပါတယ်။

လီဖူချန်းရဲ့ ခန္ဓာကိုယ်ထဲမှာလည်း ရွှေရောင်စွမ်းအင် အမျှင်လေးတွေ အတော်များများ ဖြစ်တည် လာခဲ့ပါပြီ။  အရေအတွက် အားဖြင့် ဆိုရင်တော့ ၁၀၀ကျော်လောက်ကို ဖြစ်တည် လာခဲ့တာပါ။

ရွှေရောင် စွမ်းအင်အမျှင်လေးတွေ ပိုပိုပြီး ဖြစ်တည်လာတာနဲ့ အမျှ လီဖူချန်းရဲ့ ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ မသန့်စင်မှုတွေဟာလည်း နည်းပါးလာခဲ့ပါတယ်။  ဒါက လုံးဝကို ဝမ်းသာစရာပါပဲ။

တကယ်လို့ တစ်နေ့နေ့မှာသာ ဆင်နဂါးခွန်အားတွေ အရမ်း အစွမ်းထက် လာရင်တော့ လီဖူချန်းဟာ မိစ္ဆာသားရဲ  သွေးအဆီအနှစ် တွေထဲမှာ ပါဝင်နေတဲ့ မသန့်စင်မှုတွေကို ထည့်တွက်စရာကို မလိုတော့ပါဘူး။  သူဟာ မိစ္ဆာသားရဲ သွေးအဆီအနှစ် တွေကို စိတ်တိုင်းကျ သောက်သုံး နိုင်တော့မှာပါ။

ခန္ဓာကိုယ်ထဲမှာ သွေးတာအိုချီတွေ အရမ်းများပြားနေတဲ့ အတွက် လီဖူချန်းရဲ့ ဆင်နဂါး ခွန်အားဟာ ပိုပိုပြီး အားကောင်း လာခဲ့ပြီ။

ရွှေရောင် စွမ်းအင်အမျှင် ၂၀၀……

ရွှေရောင်စွမ်းအင်အမျှင် ၅၀၀…

ရွှေရောင်စွမ်းအင်အမျှင်  ၁၀၀၀…

ရွှေရောင် စွမ်းအင်အမျှင် ၁၀၀၀ကျော် ဖြစ်တည်လာခဲ့ အပြီးမှာတော့ လီဖူချန်းရဲ့ ခန္ဓာကိုယ်ထဲမှာလည်း သွေးတာအိုချီက တစ်ဝက်လောက်သာ ကျန်နေပါတော့တယ်။

အခုမှပဲ လီဖူချန်းဟာ လူရုပ်သူရုပ် ပေါက်လာပါတော့တယ်။  သွေးလိုနီရဲနေတဲ့ လီဖူချန်းရဲ့ ခန္ဓာကိုယ်ဟာလည်း ပုံမှန်အတိုင်း ပြန်ဖြစ်လာခဲ့ပါပြီ။

" ဟူး…… အခုမှပဲ  စိတ်ချမ်းသာတော့တယ်ကွာ……"

လီဖူချန်းက အခုမှ သက်ပြင်း ချနိုင်ပါတော့တယ်။  ဘယ်သူမှတော့ သွေးလို နီရဲနေတဲ့ ခန္ဓာကိုယ်ကြီးနဲ့ မနေချင်လောက်ပါဘူး။

ရွှေရောင်စွမ်းအင် အမျှင် ၁၂၀၀………

ရွှေရောင်စွမ်းအင်အမျှင် ၁၅၀၀…

သွေးတာအိုချီတွေ အကုန်လုံးကို သန့်စင်ပြီးသွားတဲ့ အခါမှာတော့ လီဖူချန်းရဲ့ ခန္ဓာကိုယ်ထဲမှာ ရွှေရောင် စွမ်းအင်အမျှင် ၁၅၀၀ ဖြစ်တည်လာခဲ့ပါပြီ။

သည်ရွှေရောင် စွမ်းအင်အမျှင် ၁၅၀၀ဟာ ပိုက်ကွန် တစ်ခုလိုပဲ လီဖူချန်းရဲ့ ခန္ဓာကိုယ် တစ်ခုလုံးကို ဖြန့်ကြက်ထားပါတယ်။

" ဟား…ဟား…ဟား…။  ဆင်နဂါးခန္ဓာကိုယ် သွန်းလောင်းခြင်း ပဉ္စမအခန်းရဲ့  အကြို ပြီးပြည့်စုံခြင်း အဆင့်အထိ ရောက်သွားပြီကွ ……"

လီဖူချန်းရဲ့ မျက်လုံးထဲမှာတော့ ဝမ်းသာပီတိ ဖြစ်မှုတွေ အပြည့်ပါပဲ။

အခုဆိုရင် သူ့ရဲ့ ဆင်နဂါးခန္ဓာကိုယ် သွန်းလောင်းခြင်း ပဉ္စမအခန်းဟာ အကြိုပြီးပြည့်စုံခြင်း အဆင့်အထိ ရောက်သွားခဲ့ပါပြီ။  ဒါက သူ့ရဲ့ ခန္ဓာကိုယ်ဟာ ပြန်လည်ဝင်စားခြင်းနယ်ပယ် အဆင့်၃ ပညာရှင်ရဲ့ တိုက်ခိုက်မှုတွေကို  ခံနိုင်ရည်ရှိနေပြီဆိုတဲ့ အဓိပ္ပာယ်ပါပဲ။

သည်နန်းတော် ထဲမှာတော့ သူဟာ ဘယ်သူ့ကိုမှ ကြောက်နေစရာ မလိုတော့ပါဘူး။

အဲသည် အတွက်တော့ သွေးဘိုးဘိုးကြီးကို ကျေးဇူးတင်ရမှာပါပဲ။  သူသာ လီဖူချန်းကို သွေးအလောင်းကောင် အဖြစ် ပြောင်းဖို့ မကြိုးစားခဲ့ဘူးဆိုရင် လီဖူချန်းရဲ့ ဆင်နဂါးခန္ဓာကိုယ် သွန်းလောင်းခြင်း ပဉ္စမအခန်းဟာ အကြိုပြီးပြည့်စုံခြင်း အဆင့်အထိ ရောက်လာစရာ အကြောင်းမရှိပါဘူး။

အရင်တုန်းက လီဖူချန်းဟာ သူ့ရဲ့ ချီအကာအကွယ်နဲ့ အဆင့်၅ မိစ္ဆာသားရဲသားရေ ကိုယ်ကျပ်အင်္ကျီကို သုံးရင်တောင်မှ အဆင့်၃  ပြန်လည် ဝင်စားခြင်းနယ်ပယ် ပညာရှင် တစ်ယောက်ရဲ့ တိုက်ခိုက်မှုကို ခံနိုင်တယ်ဆိုရုံလေးသာ ရှိတာပါ။

အခုတော့ ရွှယ်ရှီးဆေးလုံးနဲ့ သွေးတာအိုချီတွေကြောင့် လီဖူချန်းရဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှုဟာ အလွန်ကြောက်စရာ ကောင်းတဲ့ အခြေအနေ တစ်ခုအထိ ရောက်လာခဲ့ပါပြီ။

ပြီးတော့  ဆင်နဂါးခန္ဓာကိုယ် သွန်းလောင်းခြင်း နည်းစနစ်………

သည်နည်းစနစ်က ရွှယ်ရှီးဆေးလုံးနဲ့ သွေးတာအိုချီတွေထက် အစွမ်းထက်နေပါတယ်။  ဒါကြောင့်လည်း လီဖူချန်းဟာ အလွယ်တကူ သန့်စင်နိုင်ခဲ့တာပါ။  ဒါက မြေကမ္ဘာအဆင့် ခန္ဓာကိုယ် သန့်စင်ခြင်း နည်းစနစ်ပင် မဟုတ်ပါလား………။

***

All Chapters