သတ္တုရိုးလက်သီး
Vol. 27 Ch. 357
" ဟင်…… ငါ့ရဲ့ ခန္ဓာကိုယ်ထဲမှာ မိစ္ဆာဓာတ်တစ်ခု ရှိနေပါလား……"
လီဖူချန်းက သူ့ရဲ့ ခန္ဓာကိုယ်အတွင်းမှာ မူမမှန်တာတစ်ခု ရှိနေတယ် ဆိုတာကို သတိပြုမိ သွားခဲ့ပါတယ်။
ကြည့်ရတာတော့ သူဟာ ဆင်နဂါးခန္ဓာကိုယ် သွန်းလောင်းခြင်း ပဉ္စမအခန်းရဲ့ အကြို ပြီးပြည့်စုံခြင်း အဆင့်အထိ ရောက်သွား ပေမယ့်လည်း သူ့ရဲ့ခန္ဓာကိုယ်ထဲမှာ မိစ္ဆာအငွေ့အသက်တွေ ရှိနေသေးတဲ့ ပုံပါပဲ။
လီဖူချန်းအနေနဲ့ သည်မသန့်စင်တဲ့ မိစ္ဆာဓာတ်တွေကို အတတ်နိုင်ဆုံး လျင်လျင်မြန်မြန် သန့်စင်နိုင်မှ ရပါမယ်။ မဟုတ်လို့ကတော့ သူ့ရဲ့ ခန္ဓာကိုယ်ဟာ မိစ္ဆာတစ်ကောင်အလား ပြောင်းလဲ သွားမှာပါ။
ပြီးတော့ လီဖူချန်းအနေနဲ့ ဆင်နဂါးခန္ဓာကိုယ် သွန်းလောင်းခြင်း ဆဌမ အခန်းကို လေ့ကျင့် အောင်မြင်ဖို့လည်း လိုပါသေးတယ်။ ဒါမှ သူ့ရဲ့ ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ မိစ္ဆာဓာတ်တွေကို အကုန်အစင် သန့်စင်ပစ်နိုင်မှာ ဖြစ်ပါတယ်။
ဆင်နဂါးခန္ဓာကိုယ် သွန်းလောင်းခြင်း ပဉ္စမအခန်းရဲ့ ဆင်နဂါးခွန်အားက သည်မသန့်စင်မှု တွေကို ကုန်စင်အောင် သန့်စင်နိုင်ခြင်း မရှိသေးပါဘူး။အခု လီဖူချန်းရဲ့ ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ မိစ္ဆာဓာတ်ဟာ ရွှယ်ရှီဆေးလုံးရဲ့ ဘေးထွက်ဆိုးကျိုးကနေ ဖြစ်တည် လာတာမို့လို့ တော်ပါသေးတယ်။ သည်လောက် အားကောင်းတဲ့ မိစ္ဆာဓာတ်ကသာ မိစ္ဆာသားရဲ သွေးအဆီအနှစ်ကနေ ဖြစ်တည်လာတာ ဆိုရင်တော့ လီဖူချန်း တစ်ယောက် မိစ္ဆာတစ်ပိုင်း၊ လူတစ်ပိုင်း ဖြစ်ရင် ဖြစ်နေလောက်ပါပြီ။
" ဟိုအဘိုးကြီးနဲ့ ချိုတစ်ချောင်း တိရစ္ဆာန်ကောင် ……။ တွေ့ကြသေးတာပေါ့ကွာ……"
လီဖူချန်းက ကြိမ်းဝါးရင်းနဲ့ မတ်တတ် ထလာခဲ့ပါပြီ။
သည်တစ်ခေါက်တော့ သူ့အလှည့်ပါပဲ။ တကယ်လို့သာ အပြင်လောကမှာ ဆိုရင်တော့ဖြင့် သူဟာ သွေးဘိုးဘိုးကြီး ဒါမှမဟုတ် ချိုတစ်ချောင်းနတ်ဆိုးဘုရင်ကို တွေ့တာနဲ့ တစ်ခါတည်း တန်းပြေးမှာပါ။
ဒါပေမဲ့………
ဒါပေမဲ့ သည်နေရာက ချီစွမ်းအင်တွေ လည်ပတ်တာကို တားမြစ်ထားတဲ့ နန်းတော်ပါ။ သည်နန်းတော်တွေ အတွင်းမှာ ဆိုရင်တော့ဖြင့် လီဖူချန်းဟာ သွေးဘိုးဘိုးသော ၊ချိုတစ်ချောင်း နတ်ဆိုးဘုရင်သော နားမလည်ပါဘူး။ သူက အကုန်လုံးကို ဆော်တော့မှာပါ။
တစ်နည်းအားဖြင့် ပြောရမယ်ဆိုရင်တော့ ဒါက လီဖူချန်းအတွက် မဟာ အခွင့်အရေးကြီးပါပဲ။
ထို့နောက်မှာတော့ လီဖူချန်းဟာ အခန်းထဲမှ ထွက်လာကာ သွေးဘိုးဘိုးကြီးနဲ့ ချိုတစ်ချောင်း ဘုရင်တို့ကို နန်းတော်အနှံ့မှာ လိုက်ရှာပါတော့တယ်။ သူက ကြယ်တစ်စင်း ကြွေကျလာတဲ့ အလားကို လျင်မြန်စွာ ပြေးလွှားလှုပ်ရှားပြီး ရှာဖွေနေတာပါ။
သိပ်မကြာခင်မှာပဲ လီဖူချန်းဟာ သူတစ်ခါမှ မရောက်ဖူးသေးတဲ့ အခန်းတစ်ခုရှေ့ကို ရောက်လာခဲ့ပါတယ်။ သည်အခန်းရှေ့မှာ ရှိနေတာကတော့ ကျောက်ဖြင့် ပြုလုပ်ထားတဲ့ တောဝက်သိုး ရုပ်ကြီး နှစ်ကောင်ပါပဲ။
လီဖူချန်း အခန်းရှေ့ကို ရောက်လာပြီ ဆိုတာနဲ့ တစ်ပြိုင်နက် တောဝက်သိုးရုပ်ကြီး နှစ်ရုပ်ဟာ အသက်ဝင်လာပြီး သူ့ကို တိုက်ခိုက်ပါတော့တယ်။
ဘန်း……ဘန်း………
သည်တစ်ခါမှာတော့ လီဖူချန်းဟာ သူ့ရဲ့ ကိုယ်ပိုင် အသိစိတ်နဲ့ တိုက်ခိုက်နေရတာပါ။ သူ့ရဲ့ သိုင်းကွက်တွေကိုလည်း သူကိုယ်တိုင်ပဲ ထုတ်သုံးနေတာ ဖြစ်ပါတယ်။ အဲသည်အတွက် သူ့ရဲ့ တိုက်ခိုက်မှုတွေဟာ အလွန်တရာမှ ကြောက်စရာ ကောင်းလာခဲ့ပါပြီ။ သူက တောဝက်သိုးကြီး နှစ်ကောင်ကို လက်သီးနဲ့ပဲ အစိတ်စိတ် အမြွှာမြွှာ ဖြစ်သွားအောင် ထုချေပစ်လိုက်ပါတယ်။
အခန်းထဲမှာ ရှိနေတာကတော့ လက်ရေးလှ စာလိပ် တစ်ခုပါပဲ။
စာလိပ်ပေါ်မှာတော့ မင်အနက်ဖြင့် ရေးသားထားတဲ့ စာလုံးလေးလုံး ရှိနေပါတယ်။
" ဖန်ရှန်းရွဲ့လင် "
ဒါကတော့ စာလိပ်ပေါ်မှာ ရေးထားတဲ့ စာလုံးတွေ ဖြစ်ပါတယ်။ အဓိပ္ပာယ် ကတော့ တောင်ကို ဖြိုမယ့်သူလို့ ဆိုလိုတာပါ။ သည်စာလုံးကို ရေးသားထားတဲ့ လက်ရေး အလှပိုင်ရှင်ရဲ့ အရှိန်အဝါဟာ စာလုံးထဲကနေ ကြွတက်လာပြီး လီဖူချန်းကို ဖိနှိပ်ထားသလိုပါပဲ။
" ကောင်းလိုက်တဲ့ လက်ရေးအလှ ရတနာပဲ "
လီဖူချန်းက အားပါးတရ ချီးကျူးလိုက်ပါတယ်။ သူ့ရဲ့ အမြင်မှာတော့ သည်လက်ရေးလှဟာ တိုက်ပွဲ ဝိညာဉ်နယ်ပယ်က ထိပ်သီးပညာရှင် တစ်ယောက် ရေးခဲ့တာပါ။ မဟုတ်လို့ကတော့ သည်စာလုံးတွေထဲမှာ ရှိနေတဲ့ သိုင်းဆန္ဒက လီဖူချန်းကို ဖိအားပေးနိုင်စရာ အကြောင်းမရှိပါဘူး။
" သည်လက်ရေးလှ ရတနာနဲ့ ဆိုရင်တော့ ငါက မပြည့်စုံတဲ့ မြေကမ္ဘာအဆင့် သိုင်းပညာတစ်ခုကို လေ့ကျင့်လို့ ရလောက်ပါရဲ့ "
ကောင်းကင်ပျက်သုဉ်း ဓားသိုင်းနဲ့ ပြောင်းလဲခြင်းကိုးပါး ခရမ်းရောင် နတ်ဘုရားချီ အတွင်းအားနည်းစနစ် တို့က မြေကမ္ဘာအဆင့် သိုင်းပညာတွေ ဖြစ်ရင် ဖြစ်နေပါမယ်။ ဒါပေမဲ့ အဲဒါတွေက အင်းကွက်တွေပါ။ လီဖူချန်းအနေနဲ့ အဲသည် အင်းကွက်တွေရဲ့ အပေါ်ယံလေးကို နားလည်နိုင်ရင်တောင်မှ အတော် ချီးကျူးစရာ ဖြစ်နေပါပြီ။ ဒါပေမဲ့လည်း အဲဒါတွေက သိပ်အသုံးမဝင်ပါဘူး။ လီဖူချန်းရဲ့ အမြင်မှာတော့ သူ့ဆရာဖြစ်တဲ့ နံပါတ်တစ် ပဟေဠိ သိုင်းသမားတောင်မှ ကောင်းကင် ပျက်သုဉ်းဓားသိုင်းနဲ့ ပြောင်းလဲခြင်းကိုးပါး ခရမ်းရောင် နတ်ဘုရားချီ အတွင်းအား နည်းစနစ်တို့ကို အမြင့်ဆုံး အဆင့်အထိ လေ့ကျင့်နိုင်ခြင်း မရှိလောက်သေးပါဘူး။
လက်ရေးလှကို သေသေချာချာ သိမ်းဆည်းပြီးတဲ့ နောက်မှာတော့ လီဖူချန်းဟာ နန်းတော်ရဲ့ အခြားအခန်းတွေကို ဆက်လက် ရှာဖွေဖို့အတွက် ထွက်သွားခဲ့ပါပြီ။
******
"တိုက်ပွဲဝင် ကြက်သွေးရောင် ကျားလက်သီး "
နန်းတော်အတွင်းက အခန်းတစ်ခု အရှေ့မှာတော့ မိုးကြိုးနတ်ဘုရား ဂိုဏ်းရဲ့ အထွဋ်ခေါင်ချုပ် အကြီးအကဲဖြစ်တဲ့ ယုလီဟာ ကျွဲရိုင်းရုပ်ကြီး နှစ်ရုပ်နဲ့ တိုက်ခိုက်နေပါတယ်။
သည်ကျွဲရိုင်းရုပ်ကြီး နှစ်ရုပ်က ကျားသစ်ရုပ်ကြီး နှစ်ရုပ်ထက် အများကြီး ခွန်အားကြီးပါတယ်။ တကယ်လို့ ယုလီနေရာမှာ သွေးဘိုးဘိုးကြီး ဆိုရင်တောင်မှ သည်ကျွဲရိုင်းရုပ်ကြီး နှစ်ရုပ်ကို ယှဉ်နိုင်မှာ မဟုတ်ပါဘူး။ သည်ကျွဲရိုင်းရုပ်ကြီး နှစ်ရုပ်ကို ယှဉ်နိုင်မယ့်သူက ချိုတစ်ချောင်း နတ်ဆိုးဘုရင်ပဲ ရှိပါတယ်။
ယုတ္ထိရှိရှိ ပြောရမယ် ဆိုရင်တော့ လူသားတစ်ယောက် ဖြစ်တဲ့ ယုလီရဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှုဟာ သွေးဘိုးဘိုးကြီးရဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှုနဲ့ အတူတူလောက်ပါပဲ။ ဒါပေမဲ့လည်း ဘာအကြောင်းကြောင့် မှန်းတော့ မသိပါဘူး။ ယခုလက်ရှိ ယုလီဟာ ကျွဲရိုင်းရုပ်ကြီး နှစ်ရုပ်ကို အထက်စီးကနေ ဖိနှိပ် တိုက်ခိုက်နေပါတယ်။
ဘုန်း…… ဘုန်း……
ကြက်သွေးရောင် လက်သီးရိပ်တွေဟာ ကျွဲရိုင်းရုပ်ကြီး နှစ်ရုပ်ကို သိသိသာသာကြီးကို ဖိနှိပ် ထားနိုင်တာပါ။
ယုလီဟာ လက်သည်း ဖွက်ထားတဲ့ ကြောင်တစ်ကောင် လိုပါပဲ။ သူ့ဆီမှာ အခုလို အစွမ်းထက်တဲ့ ခန္ဓာကိုယ်အားပြု အပြင်လက်သီး သိုင်းတစ်ခု ရှိနေလိမ့်မယ်လို့ ဘယ်သူမှ မသိထားပါဘူး။ ပြီးတော့ ဒါက ဆန်းကြယ် အဆင့်နိမ့် လက်သီးသိုင်း တစ်ခုပါ။
ခန္ဓာကိုယ်အားပြု အပြင်လက်သီး သိုင်းဆိုတာက နာမည်အတိုင်းပါပဲ။ ချီအတွင်းအားတွေ အစား ခန္ဓာကိုယ် ကြံ့ခိုင်မှုကို အားပြုပြီး တိုက်ခိုက်ရတာ ဖြစ်ပါတယ်။ ဒါက အနီးကပ် တိုက်ပွဲတွေမှာ အတော်လေး အသုံးဝင်တာပါ။
ခန္ဓာကိုယ် ကြံ့ခိုင်မှုခြင်း တူညီနေရင်တောင်မှ သည်လို ခန္ဓာကိုယ်အားပြု အပြင်အား လက်သီးသိုင်းကို လေ့ကျင့်ထားတဲ့သူနဲ့ မလေ့ကျင့်ထားသူက အတော်လေး ကွာခြားပါတယ်။
ဒါက ကျင့်ကြံခြင်း နယ်ပယ် တူညီပေမယ့် ကျင့်ထားတဲ့ သိုင်းပညာအပေါ်မှာမူတည်ပြီး ပညာရှင်တွေ အဆင့်ကွဲထွက် သွားသလိုပါပဲ။
အရှေ့ယူနီကွန်း တိုက်ကြီးမှာတော့ ခန္ဓာကိုယ်သန့်စင်မှု ကျမ်းတွေဟာ အတော်လေး ရှားပါးပါတယ်။ ဂိုဏ်းအသီးသီးဟာ သူတို့ရဲ့ ခန္ဓာကိုယ်သန့်စင်မှု ကျမ်းတွေကို အပြင်သို့ ပေါက်ကြားစေခြင်း လုံးဝမရှိအောင် တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားတာပါ။
ခန္ဓာကိုယ်အားပြု အပြင်အား သိုင်းပညာတွေ ဆိုရင်တော့ ပိုလို့တောင် ဆိုးပါသေးတယ်။ အရှေ့ယူနီကွန်း တိုက်ကြီးမှာရှိတဲ့ ခန္ဓာကိုယ်အားပြု အပြင်အား သိုင်းပညာ တော်တော်များများဟာ ပျောက်ဆုံး သွားကြပါပြီ။ ထိပ်တန်းဂိုဏ်းကြီး ၁၀ဂိုဏ်းမှာပဲ သည်သိုင်းပညာတွေဟာ ရှိနေတော့တာပါ။ ဒါပေမဲ့ သူတို့မှာ ရှိနေတာတောင်မှ အဝါရောင်အဆင့်နဲ့ ဆန်းကြယ်အဆင့်နိမ့် ခန္ဓာကိုယ်အားပြု အပြင်အား သိုင်းကျမ်းတွေပါပဲ။ ဆန်းကြယ်အဆင့် ခန္ဓာကိုယ်အားအပြု အပြင်အား သိုင်းကျမ်းတွေကတော့ လွန်ခဲ့တဲ့ ရာစုနှစ် အနည်းငယ်ကပဲ ပျောက်ကွယ် သွားခဲ့ပါပြီ။
တကယ်လို့ သည်နန်းတော်ထဲမှာသာ ချီစွမ်းအင် အသုံးပြုမှုကို ပိတ်ပင်ထားခြင်း မရှိရင်တော့ဖြင့် သည်တိုက်ပွဲဝင် ကြက်သွေးရောင် ကျားလက်သီးသိုင်းက သိပ်အသုံးဝင်မှာ မဟုတ်ပါဘူး။
ဒါပေမဲ့ အခုလို ချီစွမ်းအင် အသုံးပြုမှုကို တားဆီး ပိတ်ပင်ထားတဲ့ သည်နေရာမှာတော့ တိုက်ပွဲဝင် ကြက်သွေးရောင် ကျားလက်သီးသိုင်းဟာ အတော်လေး အသုံးဝင်လာခဲ့ပါပြီ။ ရှင်းရှင်းပြောရမယ် ဆိုရင်တော့ ဒါက ယုလီရဲ့ အားကိုးရာပါပဲ။
ဘန်း……
ကျွဲရိုင်းရုပ်ကြီး တစ်ရုပ်ကတော့ တစ်စစီ ဖြစ်သွားခဲ့ပါပြီ။
ယုလီအနေနဲ့ နောက်ထပ် ကျွဲရိုင်းရုပ်ကြီး တစ်ရုပ်ကို အနိုင်ယူဖို့က အချိန်သိပ်ယူစရာ မလိုတော့ပါဘူး။
ဘန်း……ဘန်း……
အသက်ရှုချိန် အနည်းငယ်………
အသက်ရှုချိန် အနည်းငယ်လေး အတွင်းမှာပဲ ယုလီဟာ ကျန်ရှိနေသေးတဲ့ ကျွဲရိုင်းရုပ်ကြီး တစ်ရုပ်ကို ဖျက်ဆီး ပစ်လိုက် ပါတော့တယ်။
" ဟမ့်……နိမ့်ကျတဲ့ အရုပ်တွေက ငါ့ကို တားချင်တာလား……"
ထို့နောက်မှာတော့ ယုလီဟာ အခန်းထဲကို ဝင်သွားခဲ့ပါပြီ။
***
" အားပါးပါး… ကြောက်စရာ ကောင်းလိုက်တဲ့ ကျောက်ရုပ်တွေပါလား……"
နောက်ထပ် အခန်းတစ်ခုရဲ့ အရှေ့မှာတော့ လီဖူချန်းဟာ အစွမ်းထက်တဲ့ အစောင့်အကြပ်တွေနဲ့ ကြုံတွေ့နေရပါပြီ။
သည်တစ်ခါမှာတော့ သူ့ရဲ့ ပြိုင်ဘက်တွေဟာ ဝက်ဝံ ကျောက်ရုပ်ကြီး နှစ်ရုပ် ဖြစ်ပါတယ်။
လီဖူချန်းရဲ့ အတွေ့အကြုံတွေအရ ဆိုရင်တော့ ငရဲခွေးကြီး နှစ်ရုပ်က ခွန်အား အနည်းဆုံးဖြစ်ပြီး သည်ဝက်ဝံရုပ်ကြီး နှစ်ရုပ်က ခွန်အား အကောင်းဆုံးပါပဲ။
" ဟား…ဟား… မင်းတို့ရဲ့ လှုပ်ရှားမှုက အတော် နှေးနေပါလား…"
လီဖူချန်းရဲ့ အသိစိတ် အာရုံကတော့ ဝက်ဝံရုပ်ကြီး နှစ်ရုပ်ရဲ့ အားနည်းချက်ကို တွေ့သွားခဲ့ပါပြီ။
သည်ဝက်ဝံရုပ်ကြီး နှစ်ရုပ်ရဲ့ တိုက်ခိုက်မှုက အတော်လေးကိုး နှေးကွေးလေးလံ နေတာပါ။
လီဖူချန်းရဲ့ ညာဘက် ခြေထောက်က ရွှေရောင်အလင်းတန်းတွေ တောက်ပလာပြီး ဝက်ဝံရုပ်ကြီး တစ်ရုပ်ကို ကန်ထည့် ပစ်လိုက်ပါတယ်။
ဘန်း……
ဝက်ဝံရုပ်ကြီးရဲ့ ခန္ဓာကိုယ် တစ်ဝက်ကတော့ ကြေမွသွားခဲ့ပါပြီ။
ဘန်း ဘန်း ဘန်း ဘန်း………
လီဖူချန်းရဲ့ ရွှေရောင်ကန်ချက်တွေကတော့ တရစပ်ပါပဲ။
ကန်ချက် အချက်၂၀လောက် တရစပ် ကန်ပြီးတဲ့ အခါမှာတော့ ကျွဲရိုင်းရုပ်ကြီး နှစ်ရုပ်ဟာ ကျောက်တုံးပုံကြီး ဘဝကို ပြောင်းသွားပါတော့တယ်။
အခန်းထဲက မြင်ကွင်းကတော့ လီဖူချန်းကို ပျော်ရွှင်သွားစေ ခဲ့ပါပြီ။
ဘာဖြစ်လို့လည်း ဆိုတော့ အခန်းရဲ့ ညာဘက် နံရံမှာတော့ စင်တစ်ခု ရှိနေလို့ပါပဲ။
" သတ္တုရိုး လက်သီးသိုင်း "
ဒါကတော့ အဲသည်စင်ပေါ်မှာ ရှိနေတဲ့ တစ်ခုတည်းသော ကျမ်းစာအုပ်တစ်အုပ် ဖြစ်ပါတယ်။
" ဟားဟားဟား…… သတ္တုရိုး လက်သီးသိုင်း ဆိုပါလား ……"
လီဖူချန်းက ဟန်ကို မဆောင်နိုင်တော့ပါဘူး။ သူက ကျမ်းစာအုပ်ကို အလျင်အမြန် ဖွင့်ဖတ် လိုက်ပါတယ်။
သတ္တုရိုး လက်သီးသိုင်းဆိုတာက ဆန်းကြယ် အဆင့်မြင့် ခန္ဓာကိုယ်အားပြု အပြင်အား လက်သီးသိုင်း တစ်ခုပါပဲ။ သွေးနဲ့ချီတွေကို သံမဏိအလား မာကျော သွားစေတာပါ။
"ဒါက တကယ်ကြီး အပြင်အား လက်သီးသိုင်းလား…"
လီဖူချန်းက အချိန်အနည်းငယ်မျှ မိန်းမောသွားခဲ့ပါပြီ။
ခန္ဓာကိုယ်အားပြု အပြင်အားသိုင်း ဆိုတာက ဘာလဲ……။
ဒါက အရှေ့ယူနီကွန်း တိုက်ကြီး တစ်ခုလုံးမှာတောင်မှ ပျောက်ကွယ်လုစ ဖြစ်နေတဲ့ ပညာရပ်ပါ။
လီဖူချန်း သိထားသလောက် ဆိုရင်တော့ ထိပ်တန်းဂိုဏ်းကြီး ၁၀ဂိုဏ်းမှာတောင်မှ ဆန်းကြယ်အဆင့်မြင့် အပြင်အားသိုင်းကျမ်း အနည်းငယ်သာ ကျန်ရှိနေတော့တာပါ။
" ငါ နည်းနည်းပါးပါး လေ့ကျင့် ကြည့်သင့်တယ် "
လီဖူချန်းက သိုင်းကျမ်းမြင်တာနဲ့ လုံးဝ စိတ်မထိန်းနိုင်တော့ပါဘူး။ သူက အရမ်းကို လေ့ကျင့်ချင် နေပါပြီ။
လီဖူချန်းအနေနဲ့ လေ့ကျင့်မယ်ဆိုလည်း လေ့ကျင့်ချင်စရာပါပဲ။ ဒါက ဆန်းကြယ် အဆင့်မြင့် အပြင်အား လက်သီးသိုင်းပင် မဟုတ်ပါလား။ သည်လက်သီးသိုင်းရဲ့ အစကနဦးပိုင်း အဆင့်ကို လေ့ကျင့်နိုင်ရုံနဲ့တင် သူ့ရဲ့ ခွန်အားတွေက အတော်လေး တိုးတက်လာမှာပါ။ တကယ်လို့သာ သူ့အနေနဲ့ သည်လက်သီးသိုင်းရဲ့ အကြိုပြီးပြည့်စုံခြင်း အဆင့်အထိ လေ့ကျင့်နိုင်မယ်ဆိုရင်တော့ဖြင့် သူ့ရဲ့ ခွန်အားဟာ အနည်းဆုံး နှစ်ဆနီးပါး တိုးတက်လာမှာ ဖြစ်ပါတယ်။
လီဖူချန်းက ခန္ဓာကိုယ်အားပြု အပြင်အားသိုင်းကိုတော့ တစ်ခါမှ မလေ့ကျင့်ဖူးပါဘူး။ ဒါပေမဲ့ အဲဒါက ခန္ဓာကိုယ်သန့်စင်မှု နည်းစနစ်တွေနဲ့ သိပ်ကွာလှမှာ မဟုတ်ဘူးလို့ သူတွက်ထား ပါတယ်။
သူတွက်ထား သလိုပါပဲ။ အချိန်အနည်းငယ်လောက် ပေးလိုက်တာနဲ့ လီဖူချန်းဟာ သတ္တုရိုး လက်သီးရဲ့ အစကနဦးပိုင်း အဆင့်ကို ရောက်သွားခဲ့ပါပြီ။
လက်သီးတစ်ချက် ထုတ်လိုက်တိုင်းမှာ သူ့ရဲ့လက်သီးကို မီးခိုးရောင် ချီအလွှာတစ်ခု အကာအကွယ် ပေးထားပါတယ်။ ဒါက သံလက်အိတ် တစ်ခု စွပ်ထားသလိုပါပဲ။
" ဟိုး……ဟိုး……။ ငါ့ရဲ့ ခွန်အားက ၄၀ ရာခိုင်နှုန်းနီးပါး တိုးတက် လာတာပါလား ……"
လီဖူချန်းက ဝမ်းသာအားရ ရေရွတ်လိုက်ပါတယ်။
အစောပိုင်းတုန်းကတော့ လီဖူချန်းဟာ သည်လက်သီးသိုင်းရဲ့ အစကနဦးပိုင်း အဆင့်အထိ ရောက်ရင် တော်ပါပြီလေ ဆိုပြီး လေ့ကျင့်လိုက်တာပါ။ ဒါပေမဲ့ အခုတော့ သူက သည်သိုင်းပညာရပ် အပေါ်မှာ ဈာန်ဝင်သွားခဲ့ပါပြီ။ သူက အခန်းထဲကနေ ထွက်သွားဖို့ကို မစဉ်းစားသေးဘဲ ဆက်လက် လေ့ကျင့် နေပါတော့တယ်။
သူ့ရဲ့ ခွန်အား ၄၀ရာခိုင်နှုန်း တိုးလာတာက သူ့အတွက်တော့ ကျေနပ်စရာ မဟုတ်သေးပါဘူး။ သည်နန်းတော်က သူထင်ထားတာထက် လျှို့ဝှက်ဆန်းကြယ်မှုတွေ ပြည့်နှက်နေတာ မဟုတ်ပါလား။
ပြီးတော့ ချိုတစ်ချောင်း နတ်ဆိုးဘုရင်ကလည်း ရှိနေပါသေးတယ်။
နောက်ထပ် နေ့တစ်ဝက်လောက် အကြာမှာတော့ လီဖူချန်းရဲ့ သတ္တုရိုးလက်သီးသိုင်းဟာ အကြို ပြီးပြည့်စုံခြင်း အဆင့်ကို ရောက်ရှိ သွားခဲ့ပါပြီ။
အခုချိန်မှာတော့ သူ့ရဲ့လက်သီးမှာ အကာအကွယ် ပေးထားတဲ့ မီးခိုးရောင် ချီတွေဟာလည်း နှစ်ဆနီးပါး ပိုသိပ်သည်း နေပါတယ်။
" သည်လောက်ဆိုရင်တော့ ချိုတစ်ချောင်း နတ်ဆိုးဘုရင်ကို အနိုင်ယူဖို့အတွက် လုံလောက်ပြီ ထင်တယ် "
အရင်တုန်းကတော့ လီဖူချန်းဟာ ချိုတစ်ချောင်းဘုရင်ကို လက်ရည်တူ တိုက်ခိုက်နိုင်ဖို့ပဲ မျှော်လင့်ထားခဲ့တာပါ။ ဒါပေမဲ့ အခုတော့ သူဟာ ချိုတစ်ချောင်း နတ်ဆိုးဘုရင်ကို အနိုင်ယူဖို့အတွက် ယုံကြည်မှု နည်းနည်း ရှိလာခဲ့ပါပြီ။
ဘယ်လိုပဲ ဖြစ်ဖြစ်ပါလေ။ ချိုတစ်ချောင်း နတ်ဆိုးဘုရင်ဟာ အဆင့်၅ မိစ္ဆာတစ်ကောင်ပင် မဟုတ်ပါလား။
အဆင့်၅ မိစ္ဆာတစ်ကောင်ရဲ့ ခွန်အားဆိုတာက လီဖူချန်းနဲ့ ရင်းနှီးလှခြင်း မရှိပါဘူး။ အဲသည်အတွက် လီဖူချန်းက ချိုတစ်ချောင်း နတ်ဆိုးဘုရင်ကို အနိုင်ယူနိုင်မယ်လို့ အပြည့်အဝ ယုံကြည်နေခြင်း မရှိတာပါ။
နောက်ထပ်တစ်ရက် ကုန်လွန်ပြီးသွားတဲ့ အခါမှာတော့ လီဖူချန်းဟာ သတ္တုရိုး လက်သီးသိုင်းကို ပိုပိုပြီး ကျွမ်းကျင်လာခဲ့ပါပြီ။
သူ့ရဲ့ အပြာရောင် စိတ်ဝိညာဉ်က သူ့ရဲ့ ထိုးထွင်း သိမြင်နိုင်စွမ်းကို အစွမ်းကုန် ထောက်ပံ့ ထားတာပါ။ အဲသည်အတွက် လီဖူချန်းဟာ သိုင်းပညာရပ် လေ့ကျင့်တဲ့ အပိုင်းမှာတော့ အရှေ့ယူနီကွန်း တိုက်ကြီးမှာ ရှိနေတဲ့ လူတိုင်းထက် အစွမ်းထက်ပါတယ်။
ပြီးတော့ သူ့ရဲ့ ဆင်နဂါးခွန်အားကလည်း သည်လက်သီးသိုင်းကို လေ့ကျင့်တဲ့ နေရာမှာ အထောက်အကူ ပြုနေပါသေးတယ်။
ရှင်းရှင်းပြောရမယ် ဆိုရင်တော့ ခန္ဓာကိုယ် သန့်စင်မှု အပိုင်းမှာတော့ လီဖူချန်းရဲ့ အခြေခံဟာ အရမ်းကို ခိုင်မာနေပါပြီ။
အဲသည်အချက်တွေကြောင့်ပဲ လီဖူချန်းဟာ သတ္တုရိုး လက်သီးသိုင်းကို လေ့ကျင့်တဲ့ နေရာမှာ လုံးဝအခက်အခဲ တွေ့ခဲ့ခြင်း မရှိပါဘူး။
သူ့ရဲ့ လေ့ကျင့်မှုနှုန်းဟာ တောင်ပေါ်က တောင်ကျရေတွေ ဒလဟော စီးဆင်း လာသလိုပါပဲ။
စုစုပေါင်း အချိန်သုံးရက် ကြာအပြီးမှာတော့ လီဖူချန်းဟာ သတ္တုရိုး လက်သီးသိုင်းကို အလုံးစုံ တတ်သိနားလည်ခြင်း အဆင့်အထိ လေ့ကျင့်သွားနိုင်ခဲ့ပါတယ်။
သူ့လက်သီးရဲ့ ပြင်းအားကလည်း ၅ဆမက ပိုပြင်းလာခဲ့ပါပြီ။
" ငါ့ရဲ့ အခြေခံက အရမ်းကို ခိုင်မာနေပြီ။ ကျန်တာကိုတော့ နောက်မှ ဆက်ကျင့် တော့မယ်ကွာ……"
သတ္တုရိုးလက်သီးရဲ့ အလုံးစုံ တတ်သိနားလည်ခြင်း အဆင့်ကို ရောက်သွား အပြီးမှာတော့ လီဖူချန်းဟာ ဆက်ပြီး လေ့ကျင့်ခြင်း မရှိတော့ပါဘူး။
ခန္ဓာကိုယ်အပြင်အား လက်သီးသိုင်း ဆန္ဒကို အချိန်တို အတွင်းမှာ နားလည် အသုံးပြုနိုင်ဖို့ ဆိုတာက မလွယ်လှပါဘူး။ အဲသည်အချက်ကို လီဖူချန်းတစ်ယောက် ကောင်းကောင်းကြီး သိထားပါတယ်။ ဒါကြောင့်လည်း သူက ဆက်မလေ့ကျင့်တော့တာပါ။
ပြီးတော့ သူ့ရဲ့ လက်ရှိ အပြင်အားကလည်း အတော်လေးကို အစွမ်းထက်နေပြီ မဟုတ်ပါလား။
လီဖူချန်းအနေနဲ့ သတ္တုရိုး လက်သီးဆန္ဒကို နားလည်ချင်ရင်တော့ အချိန်တော်တော်လေး ပေးရပါဦးမယ်။
(note - ခန္ဓာကိုယ် သန့်စင်ခြင်း ၊ ခန္ဓာကိုယ် အပြင်အား၊ ခန္ဓာကိုယ် ကြံ့ခိုင်မှု ဆိုတာက သဘောတရားအားဖြင့် အတူတူပါပဲ။ ဒါက ခန္ဓာကိုယ်ကို လေ့ကျင့်တာပါ။ အမည်းရောင်၊ မဟူရာရောင်၊ အနက်ငေ် ဆိုပြီး နာမည်ကွဲနေပေမယ့် အရောင်ကတော့ အတူတူ ဖြစ်နေသလိုပေါ့။)
" ခွေးမသား…… ချိုတစ်ချောင်း တိရစ္ဆာန်ကောင်။ မျိုးမစစ်ခွေး လီဖူချန်း……"
အခန်းငယ်လေး တစ်ခုအတွင်းမှာတော့ အဘိုးအို တစ်ယောက်ဟာ သူ့ရဲ့ ဒဏ်ရာတွေကို ကုသနေရင်းနဲ့ ပါးစပ်ကနေ အဆက်မပြတ် ကျိန်ဆဲနေပါတယ်။ အဲသည် အဘိုးအိုကတော့ သွေးဘိုးဘိုးကြီးပါပဲ။
အခုချိန်မှာတော့ သူ့ရဲ့ပုံစံဟာ အရင်လို ဆောင့်ကြွားကြွား ဖြစ်မနေတော့ပါဘူး။ သူ့ရဲ့ ချီအရှိန်အဝါကလည်း အတော်လေး အားနည်းနေခဲ့ပါပြီ။
သည်နန်းတော်ထဲမှာက ချီစွမ်းအားတွေကို လည်ပတ်လို့ မရတဲ့အတွက် သွေးဘိုးဘိုးကြီး အနေနဲ့ သူ့ရဲ့ သိုလှောင်အိတ်ကို ဖွင့်ပြီး သွေးပုလဲတွေကို ထုတ်ယူလို့ မရပါဘူး။ အဲသည်အတွက် သူဟာ သူ့ရဲ့ ဒဏ်ရာတွေကို သက်သာစေဖို့အတွက် သာမန်ဆေးဝါးတွေကိုပဲ သုံးနေရပါတယ်။
တော်သေးတာ တစ်ခုကတော့ သူ့ရဲ့ ဒဏ်ရာတွေဟာ အရမ်းကြီး ပြင်းထန်နေခြင်း မရှိတာပါပဲ။
***
သွေးဘိုးဘိုးကြီး တစ်ယောက် သူ့ရဲ့ဒဏ်ရာတွေ သက်သာလာတာကို စောင့်ဆိုင်းနေတဲ့ အချိန်မှာပဲ နောက်ထပ် လူတစ်စုဟာ နန်းတော်ထဲကို ဝင်လာကြပြန်ပါတယ်။
သူတို့တွေကတော့ ဆန်းကြယ် ကိရိယာဂိုဏ်းရဲ့ အထွဋ်ခေါင်ချုပ် အကြီးအကဲ ခေါ့ယွင်၊ နတ်ဆိုး၁၀ပါးနယ်မြေရဲ့ ခေါင်းဆောင်တွေထဲက တစ်ယောက်ဖြစ်တဲ့ သွေးနတ်ဆိုးဘုရင်နဲ့ မကောင်းဆိုးဝါး လက်သီးဂိုဏ်းချုပ် ရှင်းတိကောဝမ် တို့ပါပဲ။
သူတို့ သုံးယောက်ဟာ တစ်ယောက်နဲ့ တစ်ယောက် ရန်စောင်နေခြင်း မရှိဘဲ နန်းတော်ထဲကို အေးအေးဆေးဆေး ဝင်လာခဲ့တာပါ။
ဆန်းကြယ် ကိရိယာဂိုဏ်းရဲ့ အထွဋ်ခေါင်ချုပ် အကြီးအကဲ ခေါ့ယွင် ဆိုတာက ဆံပင်အနီရောင်ကို ပိုင်ဆိုင်ထားတဲ့ ဗလတောင့်တောင့် အဘိုးအို ဖြစ်ပါတယ်။ သူ့ရဲ့ ခန္ဓာကိုယ်ပေါ်မှာတော့ ကြက်သွေးရောင် အင်းကွက်တစ်ခု အရောင် တောက်ပလျက်သား ရှိနေပါတယ်။ သူ့ကို ကြည့်ရတာကတော့ အင်မတန် ကြံ့ခိုင်သန်စွမ်းမယ့် ပုံပါပဲ။
ဝုန်း……
သူ့ရဲ့ လက်သီးတစ်ချက်နဲ့တင် တောဝက်သိုးရုပ်ကြီး နှစ်ကောင်ကတော့ တစ်စစီ ဖြစ်သွားခဲ့ပါပြီ။
" သည်နေရာက ငါ့အတွက်တော့ မဟာ အခွင့်အရေးတွေကို ဖန်တီး ပေးထားတာပဲဟေ့။ သည်နန်းတော်ထဲမှာ ဆိုရင်တော့ ဘယ်သူ့ကိုမှ ကြောက်စရာ မလိုတော့ဘူး။ မကောင်းဆိုးဝါး ဘုရင်နဲ့ တွေ့ရင်တောင်မှ အဲကောင်ကို ငါ့အကြောင်း ကောင်းကောင်းကြီး ပြလိုက်မယ် "
ခေ့ါယွင်က ကြုံးဝါး လိုက်ပါတယ်။
ခန္ဓာကိုယ် ကြံ့ခိုင်မှုဆိုတာက သူ့ရဲ့ အားအသာဆုံး အရာတစ်ခုပါပဲ။
ဘန်း……
သွေးရောင်တစ်ချက် တောက်ပသွားပြီးတဲ့ အခါမှာတော့ ဝံပုလွေ ကျောက်ရုပ်ကြီး နှစ်ရုပ်ဟာ သွေးအရိပ်အဖြစ် ပြောင်းလဲ သွားခဲ့ပါပြီ။
သွေးနတ်ဆိုးဘုရင် ဆိုတာက သွေးနတ်ဆိုးနယ်မြေရဲ့ ဦးစီးခေါင်းဆောင် တစ်ယောက်ပါ။ သူ့ရဲ့ အစွမ်းက ရှီဟွာဘုရင်မနဲ့တောင် သိပ်မကွာလှပါဘူး။ မသကာ အနည်းငယ်လေးလောက်သာ နိမ့်ကျရင် နိမ့်ကျမှာပါ။ သူ့ရဲ့ မိစ္ဆာစွမ်းရည်တွေကိုပါ ပေါင်းစပ်လိုက်ရင်တာ့ သူဟာလည်း ကြောက်စရာ ကောင်းတဲ့ ပြယုဂ် တစ်ခုပါပဲ။ အစွမ်းထက် လှပါတယ်ဆိုတဲ့ သွေးဘိုးဘိုးကြီးတောင်မှ သူ့ရဲ့ အမိန့်ကို မလွန်ဆန်ရဲပါဘူး။
ရှင်းတိကောဝမ် ( ဝါ ) မကောင်းဆိုးဝါးဘုရင် ………
ရှင်းတိကောဝမ်ကတော့ ကျားရုပ်ကြီးနှစ်ရုပ် စောင့်ကြပ်လျက်ရှိတဲ့ အခန်းတစ်ခန်း ရှေ့ကို ရောက်နေပါတယ်။
ဝေါင်း……ဝေါင်း……
ကျားရုပ်ကြီးနှစ်ရုပ်က အသက်ဝင်လာပြီး ရှင်းတိကောဝမ်ကို တိုက်ခိုက်လာကြပါပြီ။
ရှင်းတိကောဝမ်က သည်ကျားရုပ်ကြီး နှစ်ရုပ်ကို အနိုင်ယူဖို့အတွက် သိပ်ပြီးတော့ ခက်ခက်ခဲခဲ မလုပ်လိုက်ရပါဘူး။ သူက ညာဘက် လက်ညှိုးတစ်ချောင်းကိုသာ လှုပ်ရှားလိုက်တာပါ။
ဘန်း …… ဘန်း……
ရှင်းတိကောဝမ်ရဲ့ လက်ညှိုးက ကျားရုပ်ကြီးနှစ်ရုပ်ရဲ့ နဖူးပြင်ကို ထိမိသွားခဲ့ပြီး နောက်မှာတော့ ကျားရုပ်ကြီး နှစ်ရုပ်ဟာ ကျောက်တုံးပုံကြီး ဘဝကို ရောက်သွားခဲ့ပါပြီ။
"အားနည်းလိုက်တာကွာ……"
ရှင်းတိကောဝမ်ကတော့ ခေါင်းကို အသာခါယမ်းရင်း အခန်းထဲကို ဝင်သွားပါတော့တယ်။
သူက အဘက်ဘက်မှာ ပြည့်စုံ နေပါပြီ။ အပြင်ဘက်လောကမှာ သူဟာ ပြိုင်ဘက် ကင်းသလို သည်နန်းတော်ထဲမှာလည်း ပြိုင်ဘက်ကင်း ဖြစ်နေဆဲပါပဲ။
ရှင်းတိကောဝမ်က သူ့ရဲ့ မိစ္ဆာတာအို ကျင့်ကြံခြင်း နည်းစနစ်အပြင် ဆန်းကြယ် အလယ်အလတ် အဆင့် အပြင်အား လက်သီးသိုင်းနဲ့ မြေကမ္ဘာအဆင့်နိမ့် ခန္ဓာကိုယ်သန့်စင်မှု နည်းစနစ်ကိုလည်း လေ့ကျင့်ထားပါသေးတယ်။ အဲဒါကိုတော့ ဘယ်သူမှ မသိထားကြပါဘူး။
***
သည်နန်းတော်ကြီးက လျှို့ဝှက်ဆန်းကြယ်တဲ့ အပြင် အတော်လေးလည်း ကျယ်ဝန်းတဲ့ အတွက် နောက်ထပ်နေ့တွေမှာတော့ လီဖူချန်းဟာ ဘယ်သူနဲ့မှ တွေ့ဆုံခဲ့ခြင်း မရှိပါဘူး။
" သေစမ်း "
သူ့ဆီကို ပြေးဝင်လာတဲ့ ကျွဲရိုင်းရုပ်ကြီး နှစ်ရုပ်ကတော့ လီဖူချန်းရဲ့ သတ္တုရိုးလက်သီးကို မြည်းစမ်း လိုက်ရပါပြီ။ ကြောက်စရာ ကောင်းတဲ့ လက်သီးအားက ကျွဲရိုင်းရုပ်ကြီးနှစ်ရုပ်ကို တစ်စစီ ကြေမွ သွားစေပါတယ်။ ဒါက တိုဟူးပြားတစ်ပြားကို တူနဲ့ ထုရိုက်လိုက်သလိုပါပဲ။
***