← Chapters

တံတားငယ်လေးများပေါ်မှ တိုက်ပွဲ

Vol. 27 Ch. 358

တံတားငယ်လေးများပေါ်မှ တိုက်ပွဲ

Vol. 27 Ch. 358

သည်ရက်တွေမှာတော့ လီဖူချန်းဟာ အခန်း တော်တော်များများကနေပြီး ရတနာတွေ ရရှိခဲ့ပါတယ်။

မြေကမ္ဘာအဆင့် သိုင်းပညာရပ် ဆန္ဒပါဝင်တဲ့ လက်ရေးလှ စာလိပ်တစ်ခု၊ ဆန်းကြယ် အဆင့်မြင့် ခန္ဓာကိုယ်အားပြု အပြင်အား လက်သီးသိုင်းတစ်ခု၊ တိုက်ပွဲဝိညာဉ်နယ်ပယ် ပညာရှင်တစ်ဦးရဲ့ မှတ်စု၊ အဆင့်၆ မိစ္ဆာသားရဲရဲ့ ဦးချိုဟု ယူဆရမည့် ဦးချိုတစ်ခု၊ ဘာမှန်းမသိတဲ့ လျှို့ဝှက်ရတနာ တစ်ခုနဲ့  အခြားပစ္စည်းအချို့။

အဲဒါတွေကတော့ သည်ရက်ပိုင်းအတွင်းမှာ လီဖူချန်း ရရှိခဲ့တဲ့ ပစ္စည်းတွေပါပဲ။  ဒါတွေက ပြန်လည် ဝင်စားခြင်းနယ်ပယ် ပညာရှင်တွေကိုတောင်မှ ရူးသွပ်လုမတတ် ဖြစ်သွားစေမှာပါ။

လီဖူချန်းတစ်ယောက် အခန်းတစ်ခုထဲကနေ ထွက်လာပြီး နောက်ထပ် အခန်းတွေကို ရှာဖွေနေစဉ်မှာတော့……

" ဟင် "

သိပ်မဝေးလှတဲ့ နေရာတစ်ခုမှ သက်ရှိတစ်ဦး ရှိနေတာကို လီဖူချန်းရဲ့ အသိစိတ်အာရုံက ခံစားမိသွားပါတယ်။

" အဲဒါက ယုလီ ပဲ "

လီဖူချန်းက တစ်ဖက်လူကို ကောင်းကောင်းကြီး သိသွားခဲ့ပါပြီ။

အဲဒါက မိုးကြိုးနတ်ဘုရားဂိုဏ်းရဲ့ အထွဋ်ခေါင်ချုပ် အကြီးအကဲဖြစ်တဲ့ ယုလီပါပဲ။

အပြင်ဘက်လောကမှာ ဆိုရင်တော့ ယုလီဟာ ထိပ်သီးအဆင့်မှာရှိတဲ့ ပညာရှင်တစ်ဦး ဖြစ်ပါတယ်။ ရှင်းတိကောဝမ်နဲ့ ရှီဟွာဘုရင်မက လွဲပြီး ကျန်တဲ့သူတွေက ယုလီကို ဖိနှိပ် အနိုင်ယူနိုင်မှာ မဟုတ်ပါဘူး။

သိပ်မကြာခင်မှာပဲ ယုလီဟာလည်း လီဖူချန်းရဲ့ ချီအရှိန်အဝါတွေကို ခံစား မိသွားခဲ့ပါပြီ။

"မင်းက  ဘာမှ မဖြစ်ဘူးလား……"

တကယ့်ကို မယုံနိုင်စရာပါပဲ။  သွေးဘိုးဘိုးကြီးက လီဖူချန်းကို သွေးအလောင်းကောင် အဖြစ် ပြောင်းလဲလိုက်တာကို သူကိုယ်တိုင် မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရတာလေ။  လီဖူချန်းက ဘယ်လိုလုပ်ပြီး သွေးဘိုးဘိုးကြီးရဲ့ လက်ထဲကနေ လွတ်မြောက်လာပါလိမ့်။

ယုလီရဲ့ စိတ်ထဲမှာတော့ မေးခွန်းတွေ တသီတတန်းကြီး ဖြစ်ပေါ်လာခဲ့ပါပြီ။

လီဖူချန်းကတော့ ဘာမှ ပြန်မပြောဘဲ ပြုံးနေလိုက်ပါတယ်။

ယုလီကလည်း လီဖူချန်းကို စိတ်ဝင်စားသွားဟန်ဖြင့်

" မိတ်ဆွေလေး……။ မင်းမှာ  အစွမ်းထက်တဲ့ နည်းလမ်းတချို့ ရှိနေတာပဲ။  သွေးဘိုးဘိုးကြီးရဲ့ လက်ထဲကနေ ထွက်ပြေးလာနိုင်တယ် ဆိုတာက လွယ်တဲ့အရာတော့ မဟုတ်ဘူး။  မင်းရဲ့ နည်းလမ်းတွေကို မျှဝေပေး လိုက်မယ်ဆိုရင် မင်းက လူသားတွေအတွက် ကောင်းကျိူးတစ်ခု ဆောင်ကြဉ်းပေးတာနဲ့ အတူတူပဲ။  မင်းရဲ့ နာမည်ကလည်း အရှေ့ယူနီကွန်း တိုက်ကြီး တစ်ခုလုံးကို ပျံ့နှံ့သွားဦးမှာ……"

ယုလီက လီဖူချန်းရဲ့ နည်းလမ်းကို သိချင်နေတဲ့ ပုံပါပဲ။

" ဆရာကြီးက ကျွန်တော့်ကို အထင်ကြီးလွန်း နေပါပြီဗျာ။  ကျွန်တော်က  သွေးဘိုးဘိုးကြီး လက်ထဲကနေ ကံကောင်းပြီး လွတ်လာခဲ့တာပါ။  ဘာအစွမ်းထက်တဲ့ နည်းလမ်းကိုမှ သုံးခဲ့တာ မဟုတ်ပါဘူး.…"

လီဖူချန်းက ယုလီအပေါ်မှာ သိပ်မကြိုက် ပေမယ့်လည်း  အလိုက်အထိုက် ပြန်ပြော လိုက်ပါတယ်။ သူက ယုလီနဲ့ ရန်မဖြစ်ချင်သေးပါဘူး။

လီဖူချန်းရဲ့  အဖြေကို ကြားလိုက်ရတဲ့ ယုလီကတော့ စိတ်ထဲကနေ ဆဲဆိုနေပါပြီ။ သည်လီဖူချန်းဟာ အရမ်းကို ဘဝင်မြင့်လွန်းတယ်လို့  ယုလီတစ်ယောက် ထင်နေမိပါတယ်။

အခြားသော လူငယ်လေးတွေဆိုရင် ယုလီကို တွေ့လိုက်တာနဲ့ တစ်ပြိုင်နက် ခါးကျိုး လုမတတ် အရိုအသေပေးပြီး လေးလေးစားစား ဆက်ဆံကြတာပါ။  ဒါပေမဲ့ အခု သည်လီဖူချန်းကတော့ သူ့ကို သာမန် လူတစ်ယောက်လိုပဲ ပြောဆိုဆက်ဆံ နေပါတယ်။  ယုတ်စွအဆုံး အရိုအသေလေး တစ်ချက်တောင် မပေးခဲ့ပါဘူး။

ဒါပေမဲ့လည်း ယုလီက သူ့စိတ်ထဲက ခံစားချက်တွေကို မပေါ်စေဘဲ  ပြုံးလိုက်ပြီး

" မိတ်ဆွေလေး……။ မင်းက သည်နန်းတော်ထဲမှာ အကျိုးအမြတ်တွေ အများကြီး ရခဲ့မှာပဲ။  မင်းရခဲ့တဲ့ ရတနာ ပစ္စည်းတွေကို  အဘိုးကို ပြန်ရောင်းလိုက်ပါလား။  အဘိုးက မင်းရဲ့ ပစ္စည်းတွေကို အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်ထောင်ပေးပြီး ဝယ်ပါ့မယ် "

အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်ထောင်ဆိုတာက နည်းတဲ့ ပမာဏ တစ်ခု မဟုတ်ပါဘူး။  ပြန်လည် ဝင်စားခြင်းနယ်ပယ် ထိပ်သီး ပညာရှင်တွေမှသာ သည်လို ပမာဏမျိုးကို ပိုင်ဆိုင် ထားနိုင်တာပါ။

လီဖူချန်းကတော့ ခပ်တည်တည်ပါပဲ။  သူက အမူအရာ တစ်ချက်တောင် ပျက်မသွားပါဘူး။  သူက အချိုသာဆုံး ပြုံးလိုက်ပြီး

"ဆရာကြီး……။ ဆရာကြီးက ရုပ်တည်ကြီးနဲ့ နောက်တယ်ဗျာ……။ ကျွန်တော်က သွေးဘိုးဘိုးကြီးရဲ့ လက်ထဲက လွတ်အောင်တောင် မနည်းကြိုးစား လာရတာလေ။  ကျွန်တော့်ဆီမှာ ဘယ်လိုလုပ်ပြီး ရတနာပစ္စည်းတွေ ရှိနိုင်ပါ့မလဲ……။ စဉ်းစဉ်းစားစားလည်း ပြောပါဦး ဆရာကြီးရယ်……"

'သည်ယုလီဆိုတဲ့ အဘိုးကြီးက သူရလာတဲ့ ပစ္စည်းတွေကို အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်ထောင်နဲ့ ဝယ်ချင်တယ်။  သည်ဘိုးတော်က သူ့ကို  ဟိုး… ဇနပုဒ်ကျေးရွာက  တောသား တစ်ယောက်လို့ ထင်နေတာလား………'

လီဖူချန်းက ယုလီကို စိတ်ထဲကနေ လှောင်ပြောင် နေမိပါတယ်။

သူရလာတဲ့ ပစ္စည်းတွေရဲ့  တန်ဖိုးက နည်းတာ မဟုတ်ပါဘူး။  အပြင်လောကမှာ သိပ်အသုံးမဝင်တဲ့  သတ္တုရိုး လက်သီးသိုင်းတောင်မှ သူ့ရဲ့ ရှားပါးမှုကြောင့် ဝိညာဉ်ကျောက်တုံး တစ်ထောင်မက တန်ပါတယ်။  ကျန်တဲ့ ပစ္စည်းတွေ ဆိုရင်တော့ ပြောမနေပါနဲ့တော့။

လီဖူချန်းရဲ့ အဖြေကို ကြားပြီးတဲ့ အချိန်မှာတော့ ယုလီရဲ့ အမူအရာတွေက ပြောင်းလဲ သွားခဲ့ပါပြီ။  သူက ရေခဲသမျှ အေးစက်တဲ့ လေသံဖြင့်

" ကောင်လေး……။ အရမ်း လောဘ မကြီးနဲ့။  အဆင့်နိမ့်ဝိညာဉ် ကျောက်တုံး တစ်ထောင်ဆိုတာက မင်းအတွက် လုံလောက်မက လုံလောက်နေပြီ "

တကယ်လို့ သည်နေရာကသာ အပြင်လောကမှာ ဆိုရင် ယုလီဟာ လီဖူချန်းဆီက ပစ္စည်းကို အခုလို ခယပြီး ဝယ်နေမှာ မဟုတ်ပါဘူး။  ဒါပေမဲ့ သည်နေရာက မဟူရာကောင်းကင် ဂိုဏ်းရဲ့ အကြွင်းအကျန် နယ်မြေပါ။  သည်နယ်မြေထဲမှာ ရှိသမျှ အရာအားလုံးဟာ သေချာပေါက် အဖိုးတန်မှာ အမှန်ပါပဲ။

" ဟာ…ဗျာ……။ ဆရာကြီးနဲ့တော့ ခက်ပါတယ်ဗျာ။  ကျွန်တော်က ဘာပစ္စည်းမှ မရခဲ့ပါဘူး ဆိုနေမှ "

လီဖူချန်းကလည်း " ဘူးတစ်လုံးဆောင် အိုတောင် မဆင်းရဲ " ဆိုတဲ့ ဆိုရိုးစကားကို လက်ကိုင်ထားပြီး ကျင့်သုံးနေရပါပြီ။

သူက လုံးဝကို ဝန်မခံတာပါ။

သူက မလိုအပ်ဘဲနဲ့ ယုလီနဲ့ ရန်ငြိုး မဖွဲ့လိုပါဘူး။  သည်နန်းတော်အတွင်းမှာ ဆိုရင်တော့ သူက ယုလီကို မကြောက်ပေမယ့် အပြင်ဘက် လောကမှာဆိုရင်တော့ သူ့လိုလူ ဆယ်ယောက် ပေါင်းပြီး တိုက်ခိုက်ရင်တောင်မှ ယုလီရဲ့ အရိပ်ကိုထိအောင်  တိုက်ခိုက်နိုင်မှာ မဟုတ်ပါဘူး။

" ဟမ့်…… မင်းက အခုချိန်အထိ ငြင်းနေတုန်းပဲလား။  ကောင်းပြီလေ……။ ဒါဆိုရင်လည်း ငါ့အဆိုး မဆိုနဲ့တော့……"

ယုလီက ဆက်ပြီး သည်းမခံနိုင်တော့ပါဘူး။  သည်လီဖူချန်းက သူ့ရဲ့ အသက်ထက်ပိုပြီး ရတနာ ပစ္စည်းတွေကို မက်မောတွယ်တာ နေပုံပါပဲ။  သူ့အနေနဲ့ သည်သကောင့်သားကို ကျောင်းမှန်းကန်မှန်း သိအောင် ပညာပြမှ ရပါတော့မယ်။

ဝှစ်……

ကြက်သွေးရောင် လက်သီးရိပ်တစ်ခုက လီဖူချန်းဆီကို တိုးဝင် သွားခဲ့ပါတယ်။

ယုလီက လီဖူချန်းဆီက ရတနာတွေကို အပိုင်သိမ်းဖို့ ဆုံးဖြတ်ထားခဲ့ပါပြီ။  ပြီးတော့ အဲသည် ကိစ္စကို သတင်းမပျံ့စေဖို့အတွက် လီဖူချန်းကို နှုတ်ပိတ် ရပါဦးမယ်။

" ဆရာကြီး  ……။ သည်လို လုပ်တာက ရှက်စရာကောင်းတဲ့ လုပ်ရပ် တစ်ခု မဟုတ်ဘူးလား……"

လီဖူချန်းရဲ့ ပြုံးနေတဲ့ မျက်နှာက အေးစက် သွားခဲ့ပါပြီ။  သူက ယုလီရဲ့ လက်သီးကို သည်အတိုင်း ငြိမ်ခံနေလို့တော့  မဖြစ်သေးပါဘူး။

ဝုန်း…

လက်သီးနှစ်လုံးဟာ ထိပ်တိုက်တွေ့ဆုံပြီး လေဟာနယ်တစ်ခုလုံးကို တုန်ခါသွားစေပါတယ်။

ယုလီကတော့ အနောက်ကို ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရပါပြီ။  ဒါပေမဲ့ လီဖူချန်းကတော့ တစ်လက်မလေးတောင် ဆုတ်သွားခြင်း မရှိခဲ့ပါဘူး။

ယုလီကတော့ သူ့အဖြစ်ကိုသူ ဘယ်လိုမှ မယုံကြည်နိုင်သေးတဲ့ပုံပင်။  သူက လီဖူချန်းကို ကြောင်အမ်းအမ်းနဲ့ ငေးကြည့် နေပါတယ်။

သူ့လို မိုးကြိုးနတ်ဘုရားဂိုဏ်းရဲ့ အထွဋ်ခေါင်ချုပ် အကြီးအကဲ တစ်ယောက်က ဘာမဟုတ်တဲ့ အညတရကောင် တစ်ယောက်ရဲ့ လက်သီးကြောင့် နောက်ဆုတ် သွားရတယ်တဲ့လား………။

ပြီးတော့ သူက တိုက်ပွဲဝင် ကြက်သွေးရောင် ကျားလက်သီးသိုင်းကိုပါ အသုံးပြုခဲ့တာလေ။

" ခွေးမသားလေး…… သေပေတော့ "

ယုလီရဲ့ ဒေါသတွေကတော့  ယမ်းပုံ မီးကျ ဖြစ်သွားခဲ့ပါပြီ။  သူက လီဖူချန်းဆီကို ဒေါသတကြီးနဲ့ ပြေးဝင်သွားပြီး  ရှိသမျှ အားတွေ အကုန်လုံး စုကာ  ထိုးထည့်လိုက်ပါတယ်။

' တောက် …… သည်အဘိုးကြီးကတော့ကွာ '

လီဖူချန်းကလည်း  ဒေါသ အနည်းငယ်တော့ ထွက်နေပါပြီ။  ဒါပေမဲ့လည်း သူ့ရဲ့ ဒေါသ ဆင်ရိုင်းကို လွတ်ထွက်မသွားအောင်  အသိတရားဆိုတဲ့ ချွန်းနဲ့ ထိန်းချုပ် ထားဆဲပါပဲ။  သူက ယုလီကို အားကုန်သုံးပြီး တိုက်ခိုက်လို့ မဖြစ်ပါဘူး။   သူက သည်နန်းတော် အတွင်းမှာ ယုလီကို အနိုင်ယူနိုင်ပေမယ့် အပြင်လောကမှာဆိုရင်တော့ အခြေအနေက ပြောင်းပြန် ဖြစ်သွားမှာပါ။

သူ့အနေနဲ့ သည်နန်းတော် အတွင်းမှာ အစွမ်းကုန် တိုက်ခိုက်မယ် ဆိုရင်တော့ ယုလီကို သတ်နိုင်လောက် ပေမယ့်လည်း အပြင်လောကမှာရှိတဲ့ မျှခြေကိုလည်း ထည့်တွက် ရပါဦးမယ်။  တကယ်လို့ ယုလီသာ သေသွားခဲ့မယ်ဆိုရင် အပြင်ဘက် လောကမှာ ရှိနေတဲ့ မျှခြေကလည်း ပိုဆိုးသွားမှာပါ။

" မတတ်နိုင်ဘူးကွာ။  သည်လက်သီးချက်ကိုတော့ အရင် ခုခံလိုက်ဦးမယ် "

သည်တစ်ခေါက် လက်သီးချက်မှာတော့ လီဖူချန်းက ပထမ လက်သီးချက်ထက် အားနည်းနည်းပဲ ပိုထည့်ထားလိုက်ပါတယ်။

ဖောင်း  ဖောင်း   ဖောင်း………။

လက်သီးနှစ်ခုက ထိပ်တိုက် မတွေ့ခင်မှာပဲ  လေထုထဲမှာ ပေါက်ကွဲမှုတွေက ကြိုတင် ဖြစ်နှင့်နေပါပြီ။

သည်တစ်ကြိမ် ပြန်ကန်လာတဲ့ လက်သီးအားတွေကတော့ ပထမ တစ်ကြိမ်ကထက်ကို အများကြီး ပိုပြင်းထန်ပါတယ်။

ယုလီက အနောက်ဘက် အတော်ဝေးဝေးကို လွင့်ထွက်သွားခဲ့တာပါ။ သူ့ရဲ့ သွေးလည်ပတ်မှုတွေ  ကမောက်ကမ ဖြစ်ကုန်သလို နှလုံးသွေး အချို့ကလည်း လည်ချောင်းထဲကနေ ပါးစပ်ဆီသို့ ဆန်တက် လာခဲ့ပါတယ်။

လီဖူချန်းကတော့ အနည်းငယ် တုန်ခါသွားပေမယ့်လည်း ဟန်မပျက် ရှိနေဆဲပါပဲ။

" ဒါက ဘယ်လိုလုပ်ပြီး  ဖြစ်နိုင်မှာလဲ "

ယုလီက အံကို တင်းတင်းစေ့ထားပြီး လီဖူချန်းကို စိုက်ကြည့်နေပါတယ်။

သူက မိုးကြိုးနတ်ဘုရား ဂိုဏ်းရဲ့ အထွဋ်ခေါင်ချုပ် အကြီး တစ်ယောက်လေ။  သူ့ရဲ့ ချီအတွင်းအားတွေကို အသုံးပြုနိုင်စွမ်း မရှိရင်တောင်မှ လီဖူချန်းလို ကောင်းကင်နယ်ပယ် ပညာရှင် တစ်ယောက်ကို အသာလေး အနိုင်ယူနိုင် ရမှာပါ။

အခုတော့ သူက လီဖူချန်းကို ဘယ်လိုမှ မယှဉ်နိုင်ဘဲ ရှုံးနိမ့်နေပါပြီ။  ဒါက ယုလီ အတွက်ကတော့ ဘယ်လိုမှ လက်သင့် မခံနိုင်စရာပါပဲ။

" ဆရာကြီးယု……။ ကျွန်တော့ကို ဖိအား မပေးပါနဲ့ "

လီဖူချန်းက ယုလီကို သတိပေးစကား ဆိုလိုက်ပြီး ထွက်သွားပါတော့တယ်။

" မင်း…… မင်း ……"

ယုလီက လီဖူချန်းကို တစ်ခုခု ပြောချင်နေပေမယ့်လည်း စကားလုံးတွေက သူ့ရဲ့ လည်ချောင်းထဲမှာပဲ ပျောက်ရှနေခဲ့ပါပြီ။

' အပြင်ဘက်ရောက်မှ တွေ့ကြသေးတာပေါ့ကွာ '

ယုလီက စိတ်ထဲကနေ ကြိမ်းဝါးရုံက လွဲပြီး ဘာမှ မတတ်နိုင်တော့ပါဘူး။ သူ့အနေနဲ့ သည်နန်းတော် ထဲမှာတော့ လီဖူချန်းကို မယှဉ်နိုင်ဘူးဆိုတာ အသိသာကြီးပါပဲ။

ယုလီတစ်ယောက် စိတ်လျော့လိုက်ပြီ ဆိုတာကို သိလိုက်ရတော့မှသာ  လီဖူချန်းလည်း သက်ပြင်း ချနိုင်ပါတော့တယ်။

တကယ်လို့သာ ယုလီအနေနဲ့ နောက်ထပ် ဆက်ပြီး တိုက်ခိုက်လာမယ် ဆိုရင် လီဖူချန်းကလည်း ညှာတာနေတော့မှာ မဟုတ်ပါဘူး။

အဲသည်လို ဖြစ်လာခဲ့ရင်တော့ အဆုံးသတ်က နှစ်ခုပဲ ရှိလာတော့မှာ ဖြစ်ပါတယ်။

ပထမ တစ်ခုကတော့ ယုလီရဲ့ သေဆုံးမှုပါပဲ။  အဲဒါက  ဂိုဏ်းပေါင်းတစ်ရာ မဟာမိတ် အဖွဲ့အတွက် အတော်လေး ကြီးမားတဲ့ ဆုံးရှုံးမှုကြီးတစ်ခု ဖြစ်လာမှာပါ။

ဒုတိယ တစ်ခုကတော့ ယုလီ မသေဘဲ ဒဏ်ရာ အကြီးအကျယ်နဲ့ လွတ်မြောက် သွားတာပါပဲ။  အဲဒါကတော့ လီဖူချန်းရဲ့ အနာဂတ်နဲ့ မိုးပြာရောင်ဂိုဏ်းကို အများကြီး ထိခိုက်စေနိုင်ပါတယ်။

လီဖူချန်းကတော့ သည်အဆုံးသတ် နှစ်ခုစလုံးကို မဖြစ်စေချင်ပါဘူး။

***

သည်နန်းတော်ထဲမှာဆိုရင် အခန်းအရေအတွက် တော်တော်များများ ရှိပါတယ်။

ဒါပေမဲ့လည်း အခန်းတိုင်းမှာ ရတနာတွေ ရှိဖို့ကတော့ မဖြစ်နိုင်ပါဘူး။

လီဖူချန်းကတော့ အတော်လေး ကံကောင်းတယ်လို့ ဆိုရမှာပါပဲ။ သူက ရတနာပစ္စည်း ကိုးမျိုးတောင် ရထားခဲ့ပါပြီ။  အချို့အခန်းတွေသာ အခန်းလွတ်တွေ ဖြစ်မနေရင်တော့ သူရတဲ့ ရတနာ ပစ္စည်းတွေဟာ အခုထက်တောင် ပိုများနိုင်ပါသေးတယ်။

ဒါပေမဲ့လည်း လီဖူချန်းဟာ မြေကမ္ဆာအဆင့် ပညာရပ်တွေကိုတော့ ရှာဖွေတွေ့ခြင်း မရှိသေးပါဘူး။

သည်လိုနဲ့ပဲ လီဖူချန်းဟာ နန်းတော်ရဲ့ အလယ်ဗဟို နယ်နိမိတ်ထဲကို ရောက်မှန်းမသိ ရောက်လာခဲ့ပါပြီ။

သည်နေရာမှာတော့ စမ်းချောင်းငယ်လေး တစ်ခုဟာ ပတ်ပြီး စီးဆင်းနေပါတယ်။ ဒါက မြို့တစ်မြို့ကို ကာရံထားတဲ့ ကျုံးတစ်ခုလိုပါပဲ။

စမ်းချောင်းငယ်လေး အပေါ်မှာတော့ တံတားငယ်လေးတွေ အမြောက်အများကို တည်ဆောက်ထားပြီး အဲသည် တံတားငယ် တစ်စင်းမှာ ခြင်္သေ့ရုပ်ထု ၁၈ရုပ် ရှိနေပါတယ်။

" နင့်မေကလွှား…… ခြင်္သေ့ရုပ် ၁၈ရုပ်တောင်မှလား "

လီဖူချန်းက သည်ခြင်္သေ့ရုပ်တွေနဲ့ တစ်ခါမှာ တိုက်ခိုက်ခဲ့ဖူးခြင်း မရှိသေးပါဘူး။  ဒါပေမဲ့လည်း သည်ရုပ်ထုတွေက ကျားရုပ်ထုတွေထက် ပိုအစွမ်း ထက်မှာတော့ အသေအချာပါပဲ။

မဟုတ်လို့ကတော့ သည်ခြင်္သေ့ရုပ်တွေက သည်နေရာမှာ ရှိနေမှာ မဟုတ်ပါဘူး။

" အခြေအနေကို တစ်ချက် စမ်းကြည့်ဦးမှ  "

လီဖူချန်းက  တံတားငယ်လေး တစ်စင်းပေါ်ကို ခြေထောက်တစ်ဖက် ချကြည့်လိုက်ပါတယ်။

ဝေါင်း…… ဝေါင်း…… ဝေါင်း…… ဝေါင်း……

ရုတ်တရက် ဆိုသလို ခြင်္သေ့ရုပ်ကြီးတွေဟာ အသက်ဝင်လာပြီး လီဖူချန်းဆီကို ပြေးဝင် လာကြပါပြီ။

" လာစမ်းပါ "

လီဖူချန်းကလည်း ကြောက်ရွံ့နေခြင်း မရှိဘဲ သူ့ဆီကို ပြေးဝင်လာတဲ့ ခြင်္သေ့ရုပ်ကြီးတွေကို ဆီးကြို တိုက်ခိုက် လိုက်ပါတယ်။

ဘန်း……

လီဖူချန်းက အနောက်ကို ခြေလှမ်း သုံးလိုက်တိတိ ဆုတ်လိုက်ရပါတယ်။    သူ့လက်သီးချက် ထိသွားတဲ့ ခြင်္သေ့ရုပ်ကတော့ သိပ်ပြီး ကြီးကြီးမားမား ထိခိုက်သွားပုံ  မရပါဘူး။

" သည်ကောင်တွေကတော့ တကယ်ကြီး အစွမ်းထက်တာပဲဟ  "

လီဖူချန်းက သည်ခြင်္သေ့ရုပ်တွေကို တိုက်ခိုက်ဖို့ အတွက် ဉာဏ်ကူရပါတော့မယ်။   သည်အတိုင်း ရိုးရိုးသားသား တိုက်ခိုက်ရင်တော့  လီဖူချန်းအတွက် သိပ်ပြီး မလွယ်လှပါဘူး။

" ဟုတ်ပြီ "

အကြံတစ်ခု ရလာပြီးတဲ့ အခါမှာတော့ လီဖူချန်းဟာ လေပြည်တစ်ခုအလား တံတား အလယ်သို့ ပြေးသွားပါတော့တယ်။  သူ့ရဲ့ အသိစိတ်အာရုံအရ ဆိုရင်တော့ သည်နေရာဟာ ခြင်္သေ့ ရုပ်တွေကို ခုခံဖို့အတွက်  အကောင်းဆုံး နေရာတစ်ခု ပါပဲ။

ဘန်း…… ဘန်း…… ဘန်း……

ဝုန်း……ဝုန်း……

လီဖူချန်းက ခြင်္သေ့ရုပ်တွေကြားမှာ ခုန်ပေါက် ပြေးလွှားနေပြီး တရစပ် တိုက်ခိုက် နေပါတယ်။  သည်တစ်ကြိမ်မှာတော့ သူက ခြင်္သေ့ရုပ်တွေကို ထိပ်တိုက်ရင်ဆိုင်ခြင်း မရှိတော့ပါဘူး။  သူက ခြင်္သေ့ရုပ်တွေရဲ့ တိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်  ပြီးတော့ ပြန်တိုက်ခိုက်လိုက်နဲ့ အစီအစဉ်တကျ တိုက်ခိုက်နေတာပါ။  ပြီးတော့ သူ့ရဲ့ နေရာ ရွေးချယ်မှုကလည်း အဆင်ပြေပါတယ်။ တံတားငယ်လေးရဲ့ အရွယ်အစားကြောင့် ခြင်္သ့ရုပ်တွေဟာ တစ်ကြိမ်တိုက်ရင် သုံးကောင်ထက် ပိုမတိုက်နိုင် တော့ပါဘူး။

လီဖူချန်း တစ်ယောက် တံတားပေါ်မှာ အလုပ်များနေစဉ်မှာပဲ နောက်ထပ် အစွမ်းထက် ပုဂ္ဂိုလ်တွေ ရောက်လာကြပြန်ပါတယ်။    အဲသည် ပုဂ္ဂိုလ်တွေကတော့ ချိုတစ်ချောင်း နတ်ဆိုးဘုရင်၊ ဆန်းကြယ်ကိရိယာဂိုဏ်းရဲ့ အထွဋ်ခေါင်ချုပ် အကြီးအကဲ ခေ့ါယွင်၊ သွေးနတ်ဆိုးဘုရင်နဲ့ ရှင်းတိကောဝမ် တို့ပါပဲ။

သူတို့အားလုံးဟာ တံတားငယ်လေး အပေါ်မှာ တိုက်ပွဲဝင်နေတဲ့ လီဖူချန်းကို တွေ့တဲ့ အခါမှာတော့ မအံ့သြဘဲ မနေနိုင်တော့ပါဘူး။

ချိုတစ်ချောင်း နတ်ဆိုးဘုရင်ကတော့  လီဖူချန်းရှိရာ တံတားငယ်လေး ပေါ်သို့ တက်ဖို့ ကြိုးစားလိုက်ပါတယ်။  ပြီးခဲ့တဲ့ တစ်ခေါက်က သည်လီဖူချန်းဟာ သူ့ရဲ့ လက်ထဲကနေ ထွက်ပြေး သွားခဲ့တာလေ။  ဒါက ချိုတစ်ချောင်း နတ်ဆိုးဘုရင်လို အဆင့်၅ မိစ္ဆာတစ်ကောင် အတွက်တော့ အရှက် ရစရာပါပဲ။  အခုတော့ အခွင့်ကြုံပြီမို့ သူ့အနေနဲ့ လီဖူချန်းကို သတ်ပစ်ရပါမယ်။

ဖန်း…

ဒါပေမဲ့လည်း ချိုတစ်ချောင်း နတ်ဆိုးဘုရင်ရဲ့ ဆန္ဒတွေဟာ မပြည့်ဝခဲ့ပါဘူး။  တံတားငယ်လေး အပေါ်မှာရှိတဲ့  ဟင်းလင်းပြင် လေဟာနယ်က တစ်ချက် အရောင် တောက်သွားပြီး  ချိုတစ်ချောင်း နတ်ဆိုးဘုရင်ကို တိုက်ခိုက်လိုက်ပါတယ်။

ဝေါ့ …

ဘန်း…

အဲသည်တိုက်ခိုက်မှုက ဘယ်လောက်အထိ ပြင်းထန်သလည်းတော့ မသိပါဘူး။   ချိုတစ်ချောင်း နတ်ဆိုးဘုရင်ကတော့ သွေးတစ်လုတ်အန်ပြီး လွင့်ထွက်သွားခဲ့ပါပြီ။

" ဘာတွေ ဖြစ်သွားတာလဲ "

ချိုတစ်ချောင်း နတ်ဆိုးဘုရင်က လူးလဲပြီးတော့ ပြန်ထလာခဲ့ပါတယ်။

သူသိတာကတော့ တံတားငယ်လေး အနားကို ရောက်သွားတာနဲ့ တစ်ပြိုင်နက် မမြင်ရတဲ့ အားတစ်ခုက သူ့ကို ရိုက်ချလိုက်တယ် ဆိုတာပါပဲ။

" တံတား တစ်စင်းပေါ်မှာ တစ်ယောက်ပဲ တက်လို့ ရတာလား……"

ရှင်းတိကောဝမ်ကတော့ မသဲမကွဲ ရေရွတ်လိုက်ပါတယ်။

" လခွီးပဲကွာ…… သည်မြေခွေးအိုကြီးတွေ အားလုံးက ဘယ်လိုလုပ်ပြီး  သည်နေရာကို ရောက်လာရတာလဲ "

တံတားပေါ်မှာ ရှိနေတဲ့ လီဖူချန်းကတော့ နောက်ကျော မလုံသလို ခံစားနေရပါပြီ။

သည်နေရာကို ရောက်လာတဲ့ သူတွေအားလုံးဟာ အရှေ့ယူနီကွန်း တိုက်ကြီးရဲ့ အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်တွေပင် မဟုတ်ပါလား။

အထူးသဖြင့် မကောင်းဆိုးဝါး ဘုရင်လို့ အမည်တွင်တဲ့ ရှင်းတိကောဝမ်က သူ့ကို အတော်လေး ခေါင်းကိုက် စေပါတယ်။

နတ်ဆိုး၁၀ပါး နယ်မြေကော ဂိုဏ်းပေါင်းတစ်ရာ မဟာမိတ် အဖွဲ့ကပါ မထိရဲတဲ့ ရှင်းတိကောဝမ်……။ သည်လိုလူနဲ့တော့ သူဟာ ရန်ငြိုး မဖွဲ့ချင်ပါဘူး။

"ထားလိုက်ပါတော့ကွာ……  သည်တံတားကို ဖြတ်ကျော်ပြီးမှ ကျန်တာကို စဉ်းစားတော့မယ်"

လီဖူချန်းက တွေးရင်းတွေးရင်းနဲ့ ခေါင်းပို ရှုပ်လာတဲ့ အတွက် အဲသည်ကိစ္စကို ခေါင်းထဲကနေ ထုတ်ပစ် လိုက်ပါတော့တယ်။  သူ့အတွက် ကတော့ အခြေအနေကို မီးစဉ်ကြည့်ကတာ အကောင်းဆုံး ပါပဲ။

တံတားရဲ့ ဟိုဘက်ခြမ်းမှာတော့ နန်းတော် အသေးစားလေး တစ်ခု ရှိနေပါတယ်။  လီဖူချန်းရဲ့ မသိစိတ်အရ ဆိုရင်တော့ အဲသည် နန်းတော်ထံမှာ အရမ်းတန်ဖိုးရှိတဲ့ ရတနာတစ်ခု ရှိနေတာ အသေအချာပါပဲ

ဟူး   ဟူး   ဟူး………

ခေါ့ယွင်၊ သွေးနတ်ဆိုးဘုရင်နဲ့ ရှင်းတိကောဝမ်တို့ကလည်း သူတို့နဲ့ အနီးဆုံး တံတားတွေပေါ်ကို ပြေးတက် သွားကြပါပြီ။

ဟူး……

ချိုတစ်ချောင်း နတ်ဆိုးဘုရင်ကလည်း နောက်ကျ ကျန်နေခြင်း မရှိပါဘူး။

သိပ်မကြာခင်မှာပဲ သက်ဆိုင်ရာ တံတားတွေပေါ်မှာ တိုက်ခိုက်သံတွေ ဆူညံ လာပါတော့တယ်။

ရုပ်ထုတစ်ခု …

ရုပ်ထုနှစ်ခု …

အချိန်အနည်းငယ် အတွင်းမှာပဲ လီဖူချန်းဟာ ခြင်္သေ့ရုပ်ကြီး ခြောက်ရုပ်ကို ဖျက်ဆီး ပစ်လိုက်နိုင်ပါတယ်။

လီဖူချန်းက အခြားသူတွေကို အကဲခတ်လိုက်တဲ့ အခါမှာတော့ ချိုတစ်ချောင်း နတ်ဆိုးဘုရင်က ခြင်္သေ့ရုပ် နှစ်ရုပ်၊ ခေါ့ယွင်နဲ့ သွေးနတ်ဆိုးဘုရင်တို့က ခြင်္သေ့ရုပ် သုံးရုပ်နဲ့  ရှင်းတိကောဝမ်က ခြင်္သေ့ရုပ် လေးရုပ်ဆိုပြီး ကိုယ်စီကိုယ်စီ ဖျက်ဆီးပြီးသွားပါပြီ။

" ငါသည်ထက်ပိုပြီး မြန်မှ ဖြစ်တော့မယ် "

လီဖူချန်းက သည်နေရာကို ပထမဆုံး ရောက်နေသူ  ဖြစ်တဲ့အတွက် နောက်လူက ကျော်တက် သွားတာကို မခံချင်ပါဘူး။

ထို့နောက်မှာတော့ လီဖူချန်းဟာ သတ္တုရိုး လက်သီးသိုင်းကို အစွမ်းကုန် ထုတ်သုံးလိုက်ရုံ သာမက ဆင်နဂါး ခွန်အားကိုပါ အသုံးပြုလိုက်ပါတော့တယ်။

သည်ဆင်နဂါး ခွန်အားကလည်း အကန့်အသတ်နဲ့ သုံးစွဲရတာပါ။  အဲသည်အတွက်   လီဖူချန်းဟာ မလိုအပ်ဘဲနဲ့ မသုံးချင်ပါဘူး။

ဆင်နဂါးခွန်အားတွေ ပါဝင်လာတဲ့ သတ္တုရိုးလက်သီးဟာ တကယ့်ကို ကြောက်စရာပါပဲ။  လီဖူချန်းဟာ လက်သီးတစ်ချက်ကို ခြင်္သေ့ရုပ် တစ်ရုပ်နှုန်းနဲ့ ဖျက်ဆီးနေတာပါ။

" ဟင်…… သည်ကောင်လေးရဲ့ ဖျက်ဆီးနှုန်းက အတော်လေး မြန်လာပါလား……"

ရှင်းတိကောဝမ်ကလည်း လီဖူချန်းရဲ့ ပြောင်းလဲသွားတဲ့ တိုက်ခိုက်ပုံကို သတိပြုမိ နေပါတယ်။

" လာစမ်းကွာ…… "

ဘန်း…… ဘန်း…… ဘန်း……

သူကလည်း သူ့ရဲ့ တိုက်ခိုက်မှုကို အရှိန် မြှင့်လိုက်ပါပြီ။

အမှန်အတိုင်း ပြောရမယ်ဆိုရင်တော့ ရှင်းတိကောဝမ်ရဲ့ တိုက်ခိုက်မှုက လီဖူချန်းထက်ကို ပိုအစွမ်းထက် ပါတယ်။  ဒါပေမဲ့လည်း လီဖူချန်းက တံတားပေါ်ကို သူ့ထက်ပိုစောပြီး ရောက်နေတာ ဖြစ်တဲ့အတွက် ရှင်းတိကောဝမ်ဟာ လီဖူချန်းရဲ့ ဖျက်ဆီးနှုန်းကို လိုက်မမီတော့ပါဘူး။

ကိုး…

တစ်ဆယ်……

ဆယ့်ငါး…

ဆယ့်ခုနစ်…

လီဖူချန်းတစ်ယောက်  ဆယ့်ရှစ်ရုပ်မြောက် ခြင်္သေ့ရုပ်ကို တိုက်ခိုက်နေတဲ့ အချိန်မှာတော့ ရှင်းတိကောဝမ်က ဆယ့်ခုနစ်ရုပ်မြောက် ခြင်္သေ့ရုပ်နဲ့ တိုက်ခိုက်နေပါပြီ။

" သွားစမ်း "

အဲသည်အတွက် လီဖူချန်းက အချိန်ဆွဲမနေဘဲ နောက်ဆုံး ခြင်္သေ့ရုပ်ကို အလျင်အမြန်  တိုက်ခိုက် လိုက်ပါတယ်။

ဝုန်း…

ခြင်္သေ့ရုပ်ကြီးရဲ့ ဦးခေါင်းကတော့ လီဖူချန်းရဲ့ လက်သီးချက်ကြောင့် တစ်စစ်ီ ကွဲကြေ သွားခဲ့ပါပြီ။

ဝှီး…… ဝှစ်…ဝှစ်…

ထို့နောက်မှာတော့ လီဖူချန်းဟာ အနောက်ကို လုံးဝ လှည့်မကြည့်တော့ဘဲ နန်းတော်ငယ်လေး ရှိရာဆီသို့ အားကုန်သုံးပြီး ပြေးပါတော့တယ်။

ဘန်း…

ရှင်းတိကောဝမ်ကလည်း နောက်ကျနေခြင်း အလျင်းမရှိပါဘူး။  သူကလည်း နောက်ဆုံး ခြင်္သေ့ရုပ်ကို ဖျက်ဆီးပြီး လီဖူချန်းနောက်ကနေ ထပ်ချပ်မကွာ လိုက်လာခဲ့ပါတယ်။

***

All Chapters