← Chapters

မက်ဒါနာ

Vol. 7 Ch. 42

မက်ဒါနာ

Vol. 7 Ch. 42

စွမ်းအင်ဒိုင်းကာကြီးက လုံးဝပြိုကျပျက်စီးသွားခဲ့ပါပြီ။ ကိုင်းတိုနဲ့ကြောင်နက်က အချိန်မီလိုက်လာပေမဲ့ ထိရောက်တဲ့ခံစစ်ကို ထုတ်ဖော်နိုင်စွမ်းမရှိကြတော့ဘူး။ သူတို့နှစ်ယောက်လုံး မြို့ထဲရောက်နေပြီဖြစ်လို့ အပြင်မှာလို အားကုန်ထုတ်တိုက်ခိုက်မယ်ဆိုရင် မြို့ထဲက သာမန်လူတွေကို ထိခိုက်မိပါလိမ့်မယ်။

"ဆက်မတိုက်ကြသေးဘူးလား၊ နင်တို့အားနည်းချက်က သာမန်လူတွေဆိုတာ ငါသိသားပဲ။ အခုနင်တို့ဘာဆက်လုပ်မလဲ။"

ကျိုင်းကောင်က လက်ကိုမြှောက်လိုက်တယ်။ ကိုင်းတိုတို့ကတော့ အကြံကုန်နေပြီဖြစ်လို့ အံ့ကိုကြိတ်ရင်း

ဘာလုပ်လို့လုပ်ရမှန်းမသိဖြစ်နေကြတယ်။ ဒါပေမဲ့ အဲဒီအချိန်မှာပဲ ငွေရောင်အလင်းတန်းတစ်ခုက ဓားကြီးကိုကိုင်ပြီး မြို့ထဲကို အပြေးဝင်လာခဲ့ပါပြီ။

...

မြို့ထဲကို ရောက်ရောက်ချင်းမှာပဲ မက်ဒါနာက စစ်ပွဲနှင်းဆီရှေ့မှာ ပြေးရပ်လိုက်တယ်။ ငွေရောင်စစ်သည်ကိုမြင်တာနဲ့ လင်ဒါရဲ့အကြည့်တွေ ဝင်ပသွားတယ်။ သူတစ်ယောင်တည်းဆက်တိုက်နေရင် နိုင်မလားရှုံးမလား အဖြေကမသေချာပါဘူး။

"ဟားဟား၊ နင်ရောက်လာတော့ရော ဘာဖြစ်လဲ။ နင့်ကို ငါထိန်းချုပ်နိုင်ရင်...." စစ်ပွဲနှင်းဆီက ကြိုးတွေကိုသုံးပြီး ငွေရောင်စစ်သည်ကို ကြိုးဆွဲဖို့လုပ်ပေမဲ့ မက်ဒါနာက ဓားကိုမြှောက်ပြီး ကြိုးတွေကိုအသာလေးဖြတ်ပစ်လိုက်တယ်။ နောက်တော့ ဓားကိုအပြားဘက်လှည့်ပြီး စစ်ပွဲနှင်းဆီရဲ့မျက်နှာကို ရိုက်ချလိုက်လေရဲ့။

ဖောင်း....

နှာခေါင်းကနေ သွေးထွက်လာပြီး မွန်သွားတာမလို့ စစ်ပွဲနှင်းဆီ မြေပေါ်မှာရပ်နိုင်စွမ်းပျောက်သွားခဲ့ပါပြီ။ မက်ဒါနာကတော့ လက်ကိုလှုပ်ရှားလိုက်ပြီး ဝတ်စုံက လက်ဖျံမှာထည့်ထားတဲ့ လျှပ်စီးလက်ထိပ်ကွင်းတွေနဲ့ စစ်ပွဲနှင်းဆီရဲ့လက်တွေကို လှုပ်ရှားလို့မရအောင် လမ်းမနဲ့တွဲချုပ်ပေးထားလိုက်တယ်။

"ကျန်တာကြည့်လုပ်လိုက်တော့၊ ငါ့ကိုတခြားသူတွေ

မျှော်နေသေးတယ်။" ငွေရောင်စစ်သည်က ဓားကိုပခုံးပေါ်တင်ပြီး လင်ဒါရှေ့ကနေ ချက်ချင်းပျောက်သွားတယ်။ နောက်တော့ လိုက်တမ်းပြေးတမ်းကစားနေတဲ့ ဗီးနပ်စ်နဲ့ဖရန့်ကြားကိုရောက်သွားပြီး ဖရန့်ရဲ့လက်မောင်းပေါ်ကပ်နေတဲ့ နတ်သမီးထောင်ချောက်

ပန်းပွင့်ကို ဓားနဲ့ဖယ်ပစ်လိုက်ပါပြီ။

"ဒါကအစစ်ပဲ၊ ဒီထက်ထပ်ပုန်းစရာမလိုတော့ဘူး ဗီးနပ်စ်။ အခုက နင့်ကိုအဆုံးသတ်ရမယ့်အချိန်ပဲ။"

နတ်သမီးထောင်ချောက်ပန်းပင်က လေထဲမှာတင် ကြီးသွားပြီး သူ့မျက်နှာပေါ်မှာ အံ့ဩတဲ့အမူအရာမျိုးပေါ်လာတယ်။ ငွေရောင်စစ်သည်က ဘာမှမလှုပ်ရှားရသေးခင်မှာပဲ ဖရန့်က လှုပ်ရှားလာပြီး သူ့ရဲ့လိပ်နက်အမြီးက ဗီးနပ်စ်ရဲ့ကျောကို ထိုးဖောက်ပစ်ကာ ဝမ်းဗိုက်ကနေ ပြန်ထွက်လာတယ်။ ဒီတစ်ခါတော့ အပင်အစေးတွေကျဆင်းလာရမယ့်အစား လူသားတစ်ယောက်ရဲ့သွေးတွေစီးကျလာခဲ့တာပါ။

"မဖြစ်နိုင်တာ...." မကြာခင်မှာပဲ ဗီးနပ်စ်က လိပ်ရဲ့စွမ်းအားကြောင့် အေးခဲသွားပြီး ရေခဲရုပ်ထုအဖြစ် ပြောင်းသွားတယ်။ ဖရန့်က အမြီးကိုပြန်နှုတ်တော့ ရေခဲတွေက ပုံပျက်သွားပြီး တစ်စစီကွဲကြေသွားလေရဲ့။

"ခင်ဗျားကို ဘယ်လိုပုံစံမျိုးနဲ့ ကျေးဇူးတင်ရမလဲ မသိတော့ပါဘူး Silver knight" ငွေရောင်စစ်သည် ရောက်မလာရင် ထိန်းချုပ်နိုင်တဲ့ စွမ်းအင်အကန့်အသတ်ထက် ကျော်သွားနိုင်တဲ့ ဖရန့်က ငွေရောင်စစ်သည်ကို ဦးညွှတ်ကျေးဇူးတင်လိုက်တယ်။ ဒါပေမဲ့ ငွေရောင်စစ်သည်ကတော့ နေရာမှာရှိမနေတော့ပါဘူး။

အဲဒီအစား ခံစစ်ပြင်နေတဲ့ ကြောင်နက်နဲ့ကိုင်းတိုနားမှာ ပေါ်လာပါတယ်။ "ရို့၊ ဖီးနစ်။ ငါမင်းတို့ခိုင်းတဲ့အတိုင်း ဓားရလာပြီ။ ဘာဆက်လုပ်လိုက်ရမလဲ။"

ကိုင်းတိုက ငွေရောင်စစ်သည်ကို လှည့်ကြည့်တယ်။ သူ့နဖူးက သွေးစက်တချို့ စီးကျနေပါတယ်။ ဘေးမှာရှိနေတဲ့ ကြောင်နက်ကလည်း ပြုံးလိုက်ပြီး ပိုပြီးအားပြင်းတဲ့ လက်သီးချက်နဲ့ ကျိုင်းကောင်ကို ပြန်တွန်းလွှတ်လိုက်တယ်။

"ကိုင်းတို၊ လုပ်စရာရှိတာလုပ်။ ဒီဟာမကို ငါထိန်းထားလိုက်မယ်။"

ကိုင်းတိုက ခေါင်းညိတ်လိုက်ပြီး မက်ဒါနာရဲ့နောက်ကို ပျံသွားလိုက်တယ်။ "မင်းရဲ့ဓားကိုမြှောက်လိုက်။"

ငွေရောင်စစ်သည်ကလည်း မက်ဒါနာပြောတဲ့အတိုင်းပဲ ဓားကိုမြှောက်လိုက်ပါပြီ။ ကိုင်းတိုက သူ့နှလုံးရှေ့မှာ လက်ကိုဆုပ်ကိုင်လိုက်ပြီး စွမ်းအားတွေကိုစုစည်းလိုက်တယ်။ သူ့တစ်ကိုယ်လုံးက သွေးကြောတွေမှာ မီးစွမ်းအားတွေနဲ့ပြည့်နှက်လာပြီး ကျောက်နီတစ်လုံးက သူ့လက်ထဲမှာ စတင်ဖွဲ့စည်းတယ်။

"နင်တို့ဘာလုပ်နေလဲတော့မသိပေမဲ့၊ မအောင်မြင်စေရဘူးလို့ အာမခံတယ်။" ကျိုင်းကောင်က ဆိုက်ပြောင်းထားလို့ ခန္ဓာကိုယ်အကြီးကြီးဖြစ်နေပြီဖြစ်တဲ့ ကြောင်နက်ရဲ့လည်မျိုကို လက်နဲ့ဖမ်းဆုပ်လိုက်ပြီး အဆောက်အဦးတစ်ခုနဲ့ဆောင့်ချလိုက်တယ်။ မကြာခင်မှာပဲ အဆောက်အဦးတစ်ခုလုံးပြိုကျသွားပြီး ကြောင်နက်က ကြမ်းပြင်မှာကပ်နေရပြီ။

"သေဖို့သာပြင်ထား။" ကျိုင်းကောင်က ပျံသန်းလာပြီး ကိုင်းတိုနဲ့ငွေရောင်စစ်သည်ကို တိုက်ခိုက်ဖို့လုပ်တယ်။ ကံကောင်းစွာနဲ့ မြေပေါ်ကကျောက်တုံးအပဲ့တွေ ပျံတက်လာပြီး ဧရာမလက်သီးကြီးအဖြစ် ဖွဲ့စည်းကာ ကျိုင်းကောင်ရဲ့မျက်နှာကို ရိုက်ချပါတယ်။

"ငါ့ရှေ့မှာ သူ့ကိုထိဖို့မကြိုးစားနဲ့။" ဆိုဖီယာက လေထုထဲမှာ ပျံသန်းနေပြီး ကျောက်ဆိုင်ကျောင်ခဲတွေကို စတင်ထိန်းချုပ်တယ်။ သူ့နှာခေါင်းကနေ သွေးတွေလျှံကျနေပေမဲ့ပေါ့။ တစ်ချိန်တည်းမှာပဲ အဝေးတစ်နေရာကနေ ဖရက်က တိမ်ဆိုင်တိမ်ခဲတွေနဲ့အတူ ပျံသန်းရောက်ရှိလာတယ်။ သူ့တာဝန်ဖြစ်တဲ့ မြို့ကိုကျိုင်းကောင်အုပ်ကနေ ကာကွယ်နေတာပြီးသွားပါပြီ။ သူက မိုးကြိုးဓားကိုစွမ်းအားအကုန်မြှင့်ပြီး ကျိုင်းကောင်ကိုခုတ်ချလိုက်တယ်။

"မင်းသမီးလေးအတွက်ကွ..."

ဘုန်း....။

ကျိုင်းကောင်က ပေါက်ကွဲမှုကြောင့် နောက်ကိုဆုတ်သွားရတယ်။ လင်ဒါ၊ ဖလေရာနဲ့ဖရန့်တို့လည်း နေရာကို အမြန်ဆုံးရောက်လာကြပြီး တိုက်ပွဲထဲဝင်ပါကြတယ်။ နောက်ဆုံးတော့ ဖရာလီတာလည်း ဝင်ကြည့်မနေတော့ဘဲ သူ့ရဲ့ဧရာမစက်ရုပ်ကြီးကို ထိန်းချုပ်ကာ ဝင်ပါလာတော့တယ်။ အေမီလည်းရောက်လာပြီး လာအင်အားဖြည့်တယ်။ သူတို့အုပ်စုက သားရဲတစ်ကောင်နဲ့ယှဥ်နိုင်လောက်အောင် စွမ်းအားမကြီးပေမဲ့ အရေအတွက်အသာစီးရထားတယ်။ ကျိုင်းကောင်က သူတို့ထဲကတစ်ယောက်ကို အနိုင်ယူဖို့လုပ်တိုင်း တခြားတစ်ယောက်က ထွက်လာပြီးတိုက်တယ်။ ဒါကြောင့် ရှေ့မတိုးနိုင်မယ့်အပြင် တဖြည်းဖြည်းနဲ့ နောက်ကိုပြန်ဆုတ်နေရပါပြီ။

"ရပြီ၊ နည်းနည်းတော့ ပူလောင်သလိုခံစားရလိမ့်မယ်။" ကိုင်းတိုက ကျောက်ကိုအပြီးဖွဲ့စည်းပြီးတဲ့နောက် မက်ဒါနာကိုင်ထားတဲ့ ဓားရဲ့လက်ကိုင်က ဗလာဖြစ်နေတဲ့ ကျောက်ထည့်တဲ့နေရာထဲ ထည့်ပေးလိုက်တယ်။ နောက်တော့ မက်ဒါနာ သူ့ခန္ဓာကိုယ်ထဲမှာ ပြင်းထန်ပူလောင်တဲ့စွမ်းအားတွေ စတင်စီးဆင်းနေတာကို ခံစားမိပြီး အသံကုန်အော်ဟစ်လိုက်မိတယ်။

"အား....."

ကိုင်းတိုကတော့ နောက်ကိုပြန်ဆုတ်လိုက်တယ်။ သူ့ဆံပင်တွေက အနက်ရောင်ဖြစ်သွားပြီး အနီရောင်မဟုတ်တော့ပါဘူး။ သူ့ခန္ဓာကိုယ်က မီးတောက်တွေလည်း ငြိမ်းသွားပြီး မဟာလူသားတစ်ယောက်ရဲ့အရှိန်အဝါမျိုး ရှိမနေတော့ဘူး။ တစ်ဖက်မှာတော့ ငွေရောင်စစ်သည်တော်ရဲ့ကျောက သတ္တုတောင်ပံဟာ အရည်ပျော်သွားပြီး ပိုကြီးမားလာတယ်။ မကြာခင်မှာပဲ မီးတောက်မီးလျှံတွေနဲ့တောက်လောင်နေတဲ့ တောင်ပံခြောက်ဖက်က သာမန်အတောင်နေရာကို အစားထိုးသွားပြီး ချပ်ဝတ်ရဲ့ပုံစံကလည်း စတင်ပြောင်းလဲလာပါတယ်။

[Booster Form: Phoenix Master] မက်ဒါနာရဲ့ဝတ်စုံစနစ်က စွမ်းအားအသစ်နဲ့အသားကျဖို့ကြိုးစားရင်း ပုံစံသစ်အတွက်နာမည်ကို ထုတ်ပြန်လိုက်တယ်။

ငွေရောင်စစ်သည်ရဲ့ကိုယ်ထည်ကလည်း အနီရောင်ဖြစ်သွားပြီး ရွှေရောင်အနားကွပ်တွေပါတဲ့ စစ်သည်အဖြစ်ကို ပြောင်းသွားတယ်။ ခေါင်းပိုင်းကတော့ ဖီးနစ်ငှက်တစ်ကောင်နဲ့တူပြီး မီးတွေတောက်လောင်နေတဲ့ ဓားကိုမြှောက်လိုက်တယ်။

"လာပြီဟေ့...." ဖီးနစ်စစ်သည်က အတောင်ကိုခတ်ပြီး ပျံတက်လိုက်တယ်။ အသံမြန်နှုန်းကိုချိုးဖောက်သွားပြီး ပေါက်ကွဲသံတစ်ခုကို ချန်ထားခဲ့ကာ ဆိုဖီယာတို့အုပ်စုကို နောက်မှာချန်ခဲ့ပြီး ကျိုင်းကောင်ကို ဓားနဲ့ခုတ်ချလိုက်လေရဲ့။

ရွှတ်...

ဓားထက်ထက်က တစ်စုံတစ်ခုကို ဖြတ်ချသွားတဲ့အသံနဲ့အတူ ကျိုင်းကောင်ရဲ့လက်မောင်းတစ်ဖက်က ပြတ်ကျသွားတယ်။ ဝါဝါအရည်တွေ ကြမ်းပြင်ပေါ်ကို စီးကျလာပြီး ကျိုင်းကောင်ကြီး နောက်ကိုဆုတ်သွားတယ်။

"မဖြစ်နိုင်တာ၊ ငါ့ကို ဘယ်အရာနဲ့မှ မပိုင်းဖြတ်နိုင်သင့်ဘူးလေ။"

ဖီးနစ်စစ်သည်ကတော့ နေမင်းလိုတောက်ပနေတဲ့ ဓားကိုကိုင်ပြီး ရန်သူဖြစ်သူကို ခံစားချက်ကင်းမဲ့စွာ စိုက်ကြည့်နေပါတယ်။ နေရောင်ဖြာထွက်နေသလို ဖီးနစ်စစ်သည်ရဲ့အကြည့်ကြောင့် ကျိုင်းကောင်က ဆက်မရင်ဆိုင်ရဲတော့ဘဲ လှည့်ပြေးဖို့ကြိုးစားတယ်။

ကျိုင်းကောင်ရဲ့ဧရာမခန္ဓာကိုယ်ကြီးက အသံမြန်နှုန်းကို ချိုးဖောက်သွားပြီး ကောင်းကင်ခပ်မြင့်မြင့်မှာပေါ်လာတယ်။ ဒါပေမဲ့ ဖီးနစ်စစ်သည်က သူ့ရှေ့မှာရှိနေပြီးဖြစ်ပြီး ဓားကိုဝေ့ယမ်းလိုက်တယ်။

မီးကြာပန်းတွေက ဖီးနစ်စစ်သည်ကို စတင်ဝိုင်းရံပြီး

ကျိုင်းကောင်ရဲ့ရင်ဘတ်တည့်တည့်ကို ပစ်ချလိုက်ပါပြီ။

"အား....." ကျိုင်းကောင်ဆီကနေ လူသံနဲ့သားရဲတစ်ကောင်ရဲ့အသံရောယှက်နေတဲ့ အော်သံကြီးထွက်ပေါ်လာတယ်။ လန်ဒန်မြို့ထဲက မြို့သူမြို့သားတွေလည်း နားမခံနိုင်ဘဲ နားတွေပိတ်ထားလိုက်ကြရတယ်။

"ဘာလို့မက်ဒါနာရဲ့ဖီးနစ်က ကိုင်းတိုထက်တောင် ပိုအားကောင်းတယ်လို့ ခံစားနေရတာလဲ။"

ဖရာလီတာက အောက်မှာအသင့်စောင့်နေရင်းကနေ မေးလိုက်တယ်။ ကိုင်းတိုက ခေါင်းညိတ်လိုက်ပြီး ရှင်းပြတယ်။ "အခုသူ့စွမ်းအားက ဖီးနစ်တစ်ကောင်တည်းရဲ့စွမ်းအားမဟုတ်တော့ဘူး။ Excaliburက စွမ်းအားတွေကို ပေါင်းကူးပေးနိုင်တဲ့ အန္တိမလက်နက်တစ်ခုပဲ။ ပေးဆပ်ရမယ့် ပမာဏက သိပ်ကိုများတယ်ဆိုပေမဲ့ပေါ့။"

"ပေးဆပ်ရမယ့်ပမာဏ။" အကုန်လုံးရဲ့အကြည့်က ကိုင်းတိုဆီကိုရောက်လာတယ်။ ကိုင်းတိုက လက်ကိုပိုက်ထားရင်း သူ့စကားကိုသူ ရှင်းပြတယ်။

"သားရဲတွေရဲ့စွမ်းအားက သာမန်သေမျိုးလူသားတွေ အပြည့်အဝထိန်းချုပ်ဖို့များလွန်းတယ်။ ဖီးနစ်တစ်ကောင်ကို ဖီးနစ်သွေးဆက်မရှိဘဲ ဆိုးကျိုးမရှိ ထိန်းချုပ်ဖို့မဖြစ်နိုင်ဘူး။ သာမန်လူဆိုရင် ဖီးနစ်က သူ့အစွမ်းကိုငှားဖို့ အသက်ဓာတ်ကိုပြန်တောင်းဆိုလိမ့်မယ်။"

အသက်ဓာတ်ဆိုတာကိုကြားတော့ အားလုံးစိုးရိမ်စွာနဲ့ ပင့်သက်ရှိုက်လိုက်မိကြတယ်။ သူတို့က လေထုထဲမှာ တိုက်ပွဲဝင်နေတဲ့ ဖီးနစ်စစ်သည်ကိုကြည့်နေရင်းကနေ မသက်မသာခံစားလာမိတယ်။

အဲဒီအချိန်မှာပဲ စက္ကူခေါက်ငှက်ကြီးတစ်ကောင်ကို အတူစီးလာတဲ့ မိရိုင်နဲ့ယုဆတို့က ကိုင်းတိုတို့ရပ်နေတဲ့ တိုက်ပေါ်ကို ခုန်ဆင်းလိုက်ကြတယ်။ "ဖွားဖွားအော်သာရီယာက သမီးတို့ကို ဒီလာခိုင်းလိုက်လို့ပါ။ အစ်ကိုနတ်ဘုရား၊ သမီးတို့ဘာကူညီပေးရမလဲ။"

မိရိုင်က မေးလိုက်တော့ ကိုင်းတိုက လေပေါ်က တိုက်ပွဲကို လက်ညိုးထိုးပြလိုက်ပြီး "မင်းရဲ့စွမ်းအားကိုသုံးပြီး မြို့ထဲသူတို့ရဲ့စွမ်းအားလှိုင်းတွေ ရောက်မလာအောင်ကာကွယ်။"

မိရိုင်က ခေါင်းညိတ်လိုက်ပြီး သူ့ရဲ့မီးကြယ်ပွင့်တွေကို ထုတ်လိုက်တယ်။ မီးကြယ်တွေက တစ်ခုနဲ့တစ်ခု ချိတ်ဆက်သွားပြီး ဒိုင်းတစ်ခုအဖြစ်ပြောင်းသွားခဲ့ပါပြီ။ နောက်တော့ တိုက်ပွဲနဲ့နီးတဲ့ လန်ဒန်မြို့အပိုင်းတွေကို ကာကွယ်ပေးထားလိုက်တယ်။

တစ်ဖက်မှာတော့ ဖီးနစ်စစ်သည်က နောက်ဆုံးအနေနဲ့ ကျိုင်းကောင်ကို ထောင့်ဖြတ်ပိုင်းချလိုက်တယ်။ ကျိုင်းကောင်ရဲ့ခန္ဓာကိုယ်က ထပ်ခြမ်းကွဲအက်သွားပြီး မသေဆုံးခင်မှာ လက်ကိုမြှောက်ပြီး မယုံနိုင်တဲ့ လေသံနဲ့ပြောလိုက်တယ်။ "မဖြစ်နိုင်တာ၊ ငါက ဘုရင်မဖြစ်ရမယ့်သူလေ။"

ဖီးနစ်စစ်သည်ရဲ့ဓားချက်ကြောင့် ဖြစ်ပေါ်လာတဲ့ အပူစွမ်းအားတွေက ကျိုင်းကောင်ရဲ့ခန္ဓာကိုယ်တစ်ခုလုံးကို စတင်တိုက်စားတယ်။ မကြာခင်မှာပဲ အပူလိုင်းတွေ အုံကြွလာပြီး အကြီးအကျယ်ပေါက်ကွဲထွက်တယ်။

ဘုန်း.....

ကောင်းကင်အောက်မှာ ဒုတိယနေတစ်စင်းထွက်ပေါ်လာသလိုမျိုးထင်ရပြီး စက္ကန့်ပိုင်းအတွင်း အလင်းရောင်က ပြန်ပျောက်ကွယ်သွားခဲ့ပေမဲ့ သက်ရောက်အားလှိုင်းတွေကတော့ လန်ဒန့်မြို့ကို လာရောက်ရိုက်ခတ်တယ်။ မိရိုင်ရဲ့ဒိုင်းနဲ့ကာထားလို့သာ လန်ဒန်မြို့ကြီးပျက်စီးမသွားတာပါ။

မိရိုင်က ဒိုင်းကိုထိန်းထားရင်းကနေ ကိုင်းတိုကိုကြည့်ပြီး ပြောလိုက်တယ်။ "အစ်ကိုနတ်ဘုရား၊ အစ်ကိုနတ်ဘုရားရဲ့ဆံပင်တွေက ဘာလို့အနက်ရောင်ဖြစ်သွားတာလဲ။"

ကိုင်းတိုက မိရိုင်လေးခေါင်းကို ပုတ်လိုက်ပြီး အခုလိုပြောလိုက်လေရဲ့။ "ငါက မင်းတို့နဲ့အတူတူဖြစ်သွားလို့နေမှာပါ။" ကိုင်းတိုက သူ့စွမ်းအားတွေ မရှိတော့တာနဲ့ပတ်သက်ပြီး သိပ်ဝမ်းနည်းနေပုံမရဘူး။ ဒီစွမ်းအားတွေကို သူကိုင်ဆောင်ထားခဲ့တဲ့ အချိန်ကာလက အလွန်ကြာညောင်းခဲ့ပါပြီ။ ကြာညောင်းလွန်းလို့ အဲဒီအလေးချိန်ကို သူမခံနိုင်တော့တဲ့အထိပဲ။ အခုတော့ အဲဒီကျိန်စာကနေ သူလွတ်မြောက်ခဲ့ပါပြီ။

"မိရိုင်၊ ဟီးရိုးကျောင်းတက်ချင်လား။ ဟောဒီက အစ်ကိုကြီးမှာ ဆုထားတဲ့ငွေနည်းနည်းရှိတာမလို့ စနစ်တကျလေ့ကျင့်ချင်ရင် ကျောင်းထားပေးမယ်လေ။ ဟနအတွက်ရောပေါ့။"

မိရိုင်နဲ့ဟနက ကိုင်းတိုကိုကြည့်လိုက်ကြတယ်။ ကပ်စေးနည်း အမြဲငွေပြတ်နေတဲ့ နတ်ဘုရားက သူတို့ကိုဒီလိုစကားမျိုးပြောမယ်လို့ ထင်မထားဘူး။ မိရိုင်က မျက်မှောင်ကြုတ်လိုက်ပြီး ကိုင်းတိုကို သေချာကြည့်ကာ မေးလိုက်တယ်။

"အစ်ကိုနတ်ဘုရား၊ တစ်ခုခုမကောင်းတာလုပ်ပြီး ပိုက်ဆံရှာထားတာတော့ မဟုတ်ပါဘူးနော်။"

"အဟွက်... အဟွက်..." အချစ်ရဆုံးသူဆီကနေ မယုံနိုင်တဲ့လေသံနဲ့ အပြောခံရတဲ့အတွက် ကိုင်းတိုရင်ခံသွားပြီး သွေးအန်ချင်စိတ်ပေါက်သွားတယ်။ စက္ကန့်အတော်ကြာအောင် ငိုင်နေပြီးမှ အခုလိုပြောလိုက်လေရဲ့။

"ငါအချိန်ပိုင်းလုပ်တုန်းက ဆုထားတဲ့ပိုက်ဆံတွေပါဟ။"

....

ရန်သူကိုအနိုင်ပိုင်းပြီးနောက်တော့ မက်ဒါနာက ဆိုဖီယာတို့ရပ်နေတဲ့ တိုက်ခေါင်မိုးပေါ်ကို ခုန်ဆင်းလိုက်တယ်။ ဖီးနစ်အငွေ့အသက်တွေက ချက်ချင်းပျောက်သွားပြီး မက်ဒါနာက မီးခိုးတွေအူထွက်နေတဲ့ သူ့ဝတ်စုံကို ချွတ်ပစ်လိုက်ကာ ဓားကိုလည်းပစ်ချလိုက်တယ်။ အသက်ကိုလေးလေးပင်ပင်ရှုနေရပြီး ဒူးထောက်ကျတော့မလိုဖြစ်နေတာကြောင့် ဆိုဖီယာက ဘေးကနေ ထိန်းပေးလိုက်ရတယ်။

"ရရဲ့လား...."

"အင်း၊ ဝတ်စုံက အပူရှိန်လွန်သွားပြီး တခြားလေးနေခဲ့ရုံပဲ။ အဲဒါကြောင့် အားကုန်ထုတ်ခဲ့ရတာ။" မက်ဒါနာက နဖူးပေါ်ကနေ စီးကျနေတဲ့ ချွေးတွေကို သုတ်လိုက်ရင်း ပြောပါတယ်။

"ဒါပေမဲ့ ငါလုပ်ခဲ့တာမိုက်တယ်မဟုတ်လား။" ပင်ပန်းနေတဲ့ မက်ဒါနာက ဆိုဖီယာရဲ့ရင်ခွင်ထဲ ပုံကျသွားပြီး ပြောလိုက်တယ်။ ဖရာလီတာကတော့ သူ့စက်ရုပ်ထဲက ထွက်လာပြီး မက်ဒါနာနားကိုပြေးလာကာ ဒူးထောက်ချလိုက်တယ်။ အဲဒီနောက် မက်ဒါနာရဲ့ခါးအထိအောင်ရှည်နေတဲ့ ငွေရောင်ဆံပင်တွေကို ထိကြည့်လိုက်ပြီး မယုံနိုင်တဲ့လေသံနဲ့ပြောလိုက်ပါတယ်။ ဒီဆံပင်တွေက မက်ဒါနာဝတ်နေကျ ဆံပင်တုမဟုတ်ဘဲ သူ့ရဲ့မူရင်းဆံပင်တွေပါ။

"မက်ဒါနာ၊ နင့်ရဲ့ဆံပင်တွေက ဘယ်လိုဖြစ်ပြီးတော့..." ဒါပေမဲ့ မက်ဒါနာက ဖရာလီတာရဲ့မေးခွန်းကို ပြန်ဖြေဖို့ခွန်အားမရှိတော့ဘူး။ အဲဒီအစား အာကာသနတ်သူငယ်မလေးရဲ့ပေါင်ကိုခေါင်းအုံးပြီး နှစ်ခြိုက်စွာနဲ့အိပ်ပျော်နေပြီ။ ဒါကြောင့် ဖရာလီတာလည်း ပြောစရာစကားမဲ့သွားတော့တယ်။

....

လော့ဟက်မာတင်ရုံးခန်းမှာတော့ ပိုးကောင်အားလုံးက သတင်းဌာနတွေက တိုက်ရိုက်ထုတ်လွှင့်ပြသနေတဲ့ လန်ဒန်တိုက်ပွဲကို ကြည့်ရှုနေပါတယ်။

ကျိုင်းကောင်ကြီးအပိုင်းခံလိုက်ရတာ မြင်ရပြီးတော့

ဘာရွန်က ခေါင်းခါလိုက်မိတယ်။ "အရူးပဲ၊ ဒါနဲ့ဆိုရင်

ငြိမ်းချမ်းရေးမဟာမိတ်ကြောင့် သေတဲ့ဗိုလ်ချုပ်နှစ်ယောက်ရှိပြီ။"

အကုန်လုံး လှုပ်လှုပ်ရှားရှားဖြစ်ကုန်တယ်။ သူတို့အင်ပါယာရဲ့သမိုင်းမှာ အချိန်တိုအတွင်း ပိုးကောင်ဗိုလ်ချုပ်အဆင့် တည်ရှိမှုနှစ်ခု သေဆုံးသွားတာမျိုး မကြုံတွေ့ရဖူးသေးပါဘူး။ ရေဂင်က ဦးညွှတ်လိုက်ပြီးတော့ ဥစာကီကိုလျှောက်တင်တယ်။

"ဘုရင်မ၊ ဒီလူသားတွေကို ဒီထက်ပိုပြီး လွှတ်ထားလို့မရပါဘူး။ သူတို့အခုထက်ပိုပြီး အင်အားကောင်းမလာခင် နှိမ်နင်းရပါမယ်။"

ဥစာကီက တခြားသူတွေရဲ့မျက်နှာကို အကဲခတ်ကြည့်တော့လည်း အတူတူပဲဖြစ်နေတာ တွေ့ရတာကြောင့် သက်ပြင်းချလိုက်မိတယ်။ သူ့မှာတခြားဆင်ခြေတွေမရှိတော့ပါဘူး။ ဒါကြောင့် အခုက ပလ္လင်ပေါ်ကနေ ထပြီးမိန့်ခွန်းပြောလိုက်တယ်။

"ကောင်းပြီ၊ အစကတော့ လူသားတွေက ငါတို့ကိုယှဥ်နိုင်တဲ့ အင်အားမရှိလောက်ဘူးလို့ထင်ခဲ့တာမလို့ ငါအရှင်မက သူတို့ကိုညှာတာပေးဖို့ စဥ်းစားခဲ့တာ။ အခုသူတို့က မင်းတို့ကို စိန်ခေါ်ဖို့ အင်အားရှိပြီဆိုမှတော့ သူတို့ကိုယ်သူတို့ ကာကွယ်နိုင်စွမ်းရှိတယ်လို့ သဘောသက်ရောက်တယ်။ မင်းတို့တွေတိုက်စစ်ဆင်ချင်တယ်ဆိုရင် ငါ့ကိုတိုက်ရိုက်လျှောက်တင်ပြီး ခွင့်ပြုချက်တောင်းခံနိုင်တယ်။ အခုတော့ မင်းတို့ရဲ့လက်အောက်ခံတွေ အသင့်ဖြစ်နေအောင် လုပ်ထားကြတော့။ ဒါပေမဲ့ ငါ့စွမ်းအားက အသင့်မဖြစ်သေးဘူးဆိုတာတော့ သတိရကြပါ။"

"ဟုတ်ကဲ့ပါ၊ တော်ဝင်သခင်မခင်ဗျား။" ပိုးကောင်တွေက အမိန့်ရရချင်းပဲ ဦးညွှတ်ပြီး ညီလာခံခန်းမထဲကနေ ထွက်ခွာသွားခဲ့ပါတယ်။ ဥစာကီကတော့ ပလ္လင်ပေါ်မှာ ထိုင်ချလိုက်ပြီး သက်ပြင်းရှည်ကြီးကို ချလိုက်မိတယ်။ သူ့စိတ်တွေက အခုထိလေးလံနေတုန်းပဲ။

....

"မင်္ဂလာညနေခင်းပါ၊ အိပ်ပုပ်မေမေမက်ဒါနာ။" တစ်ရေးအိပ်ပြီး နိုးလာတော့ လီဆာက မက်ဒါနာရဲ့အခန်းထဲ ပြေးဝင်လာပြီး လာဖက်တယ်။ မက်ဒါနာလည်း လီဆာရဲ့ခေါင်းလေးကို ပြန်ပုတ်ပေးလိုက်မိတယ်။

"မင်္ဂလာညနေခင်းပါ၊ လီဆာ။"

"ဖွားဖွားပန်ဒရာဂွန်က ပြောလိုက်တယ်။ ညနေစာ အသင့်ဖြစ်ပြီတဲ့။ ပြီးတော့ ဒီညနေ သမီးကို နဂါးပြာဆက်ခံသူအဖြစ် အသိအမှတ်ပြုတဲ့ပွဲလုပ်ပေးမှာတဲ့။"

"ဒါဆိုလီဆာလေးက စောင့်ရှောက်သူတွေထဲက တစ်ယောက်ဖြစ်လာတော့မှာပေါ့။"

လီဆာက ခေါင်းညိတ်လိုက်ရင်း မက်ဒါနာရဲ့ရင်ခွင်ကို ထပ်တိုးဝှေ့လိုက်တယ်။ "အင်း၊ သမီးက မမကြီးစကော်ပီယိုကို ကယ်နိုင်တော့မှာ။"

မက်ဒါနာက ရုတ်တရက် ကောက်ကျစ်တဲ့အတွေးလေးတစ်ခုကို တွေးလိုက်မိပြီး အခုလိုပြောလိုက်လေရဲ့။ "အယ်၊ ဒါဆိုမေမေတို့က ချွေးမလေးရတော့မှာပေါ့။ တို့သမီးလေးတောင် အရွယ်ရောက်လာပြီပဲ။"

အခုလိုအပြောခံရတော့ လီဆာက မက်ဒါနာကို မျကိလုံးလှန်ကြည့်ပြီး နှာမှုတ်လိုက်လေရဲ့။ "မေမေမက်ဒါနာက မေမေလင်ဒါကို လက်မထပ်သေးတော့ သမီးတော့က ဘယ်လိုလုပ်ဦးအောင်လက်ထပ်လို့ရဦးမှာလဲ။ ဒါကြောင့် မေမေတို့ကိုအောင်သွယ်ပေးနေရတာ။"

"ဟုတ်ပါပြီ၊ ဟုတ်ပါပြီ။ ဒါပေမဲ့ သမီးလေးက ငယ်သေးတယ်မဟုတ်လား။ အရွယ်ရောက်ပြီးမှ အဲဒီကိစ္စတွေ စဥ်းစားစမ်းပါ။ ဟိုအရူးမ ဖရာလီတာလို မဖြစ်စေနဲ့။"

"အွန်း..."

All Chapters