← Chapters

ငွေရောင်ကြေးခွံ ချပ်ဝတ်တန်ဆာ

Vol. 27 Ch. 359

ငွေရောင်ကြေးခွံ ချပ်ဝတ်တန်ဆာ

Vol. 27 Ch. 359

သည်နန်းတော်ငယ်လေးကတော့ အလျား ပေတစ်ထောင်နဲ့ အနံ ပေတစ်ထောင် ရှိပါတယ်။

နန်းတော်အနားကို လီဖူချန်း ရောက်လာပြီ ဆိုတာနဲ့  တင်းတင်းကျပ်ကျပ် စေ့ထားတဲ့ နန်းတော်တံခါးတွေဟာ ပွင့်ထွက်ကုန်ပါတယ်။

နန်းတော် အတွင်းကနေ ထွက်လာတဲ့  ရတနာ အလင်းရောင်ကလည်း လီဖူချန်းရဲ့ မျက်လုံးကိုတောင် ကန်းစေလု မတတ်ပါဘဲ။

" အား …… ငါ့မျက်လုံး "

လီဖူချန်းက သူ့ရဲ့ မျက်လုံးတွေကို မှိတ်လိုက်ပြီး  နန်းတော် အတွင်းပိုင်းကို သူ့ရဲ့ အသိစိတ်အာရုံနဲ့ ဆန်းစစ်လိုက်ပါတယ်။

ထို့နောက်မှာတော့ လီဖူချန်းဟာ နန်းတော်ငယ်လေး အတွင်းမှာ ရှိနေတဲ့ အခြေအနေတွေကို အကြမ်းဖျင်းအားဖြင့် သိသွားခဲ့ပါပြီ။

နန်းတော်ထဲမှာတော့  ဟိုဘက်သည်ဘက် ဖောက်မြင်ရတဲ့ ကျောက်သလင်းနဲ့ ပြုလုပ် ထားဟန်တူတဲ့ သေတ္တာကြီး၈ခု ရှိနေပါတယ်။

အဲသည်သေတ္တာတွေထဲမှာ  ရှိနေတာကတော့ ငွေရောင်အကြေးခွံ ချပ်ဝတ်တန်ဆာတစ်ခု၊ ပိန်းတိတ်အောင် နက်မှောင်နေတဲ့ မဟူရာ လက်အိတ်တွေ၊ အနက်ရောင် ဝတ်ရုံတစ်ထည်၊ ထူးခြား ဆန်းကြယ်တဲ့ သတ္တုနဲ့ ပြုလုပ်ထားပုံရတဲ့ ဘုတ်ပြားတစ်ခု ပါပဲ။

သည်သေတ္တာကြီး ၈ခုထဲမှာ ရှိနေတဲ့ ရတနာပစ္စည်း ၈ခုဟာ  အလွန် အဖိုးထိုက်တန်မယ် ဆိုတာကိုတော့ ယုံမှားသံသယ ဝင်နေစရာ မလိုပါဘူး။

လီဖူချန်း ထင်တာသာ မမှားဘူးဆိုရင် အဲသည်ငွေရောင် အကြေးခွံ ချပ်ဝတ်တန်ဆာဟာ မြေကမ္ဘာအဆင့် ရတနာချပ်ဝတ် တန်ဆာတောင် ဖြစ်နိုင်ပါတယ်။  ပြီးတော့ မဟူရာ လက်အိတ်တွေနဲ့ ဝတ်ရုံကလည်း မြေကမ္ဘာအဆင့်ထက် နိမ့်ကျစရာ အကြောင်း မရှိပါဘူး။

ဒါပေမဲ့ လီဖူချန်းရဲ့ အသိစိတ်အာရုံထဲကို ထင်းခနဲ ဝင်လာတာကတော့ သတ္တုဘုတ်ပြားပါပဲ။  အဲသည်အရာက သည်နန်းတော်ငယ်လေးထဲမှာ ရှိတဲ့ ရတနာ ပစ္စည်းတွေထဲမှာတောင်မှ  အဖိုး အထိုက်တန်ဆုံး  ဖြစ်နိုင်ပါသေးတယ်။

လီဖူချန်းက အဲသည် သတ္တု ဘုတ်ပြားထံကနေပြီး ကောင်းကင်ဘုံရဲ့ အငွေ့အသက်ကိုတောင် ခံစားနေရသလိုပါပဲ။

" ငါအဲသည်ထဲက တစ်ခုကိုတော့ ရမှဖြစ်မယ် '

လီဖူချန်းက သည်အထိ ရောက်လာပြီးမှတော့ လက်ဗလာနဲ့ ပြန်မသွားချင်ပါဘူး။

သူ့ရဲ့ ဇာစ်မြစ်ကလည်း ပေါ်ပြီးနေခဲ့ပါပြီ။ သူသည် ရတနာတွေကို မယူတော့ဘူး ဆိုရင်တောင်မှ ပြဿနာတွေက အပြင်လောကမှာ သူ့ကို စောင့်ကြိုနေဦးမှာ  အသေအချာပါပဲ။

အဲသည်အတွက် လီဖူချန်းဟာ သည်ရတနာတွေကို ရမှသာ  တန်ပါတော့မယ်။  သူ့အနေနဲ့ အနာဂတ်မှာ ကြုံတွေ့ရမယ့် ပြဿနာတွေကိုတော့ ကြိုပြီး စိုးရိမ်ပူပန် မနေတော့ပါဘူး။

လီဖူချန်းက နောက်ဆံတင်းနေခြင်း မရှိတော့ဘဲ နန်းတော်ငယ်လေးထဲကို ခုန်ဝင်သွားခဲ့ပါပြီ။  သူပထမဦးဆုံး လက်လှမ်း လိုက်တာကတော့ ငွေရောင်အကြေးခွံ ချပ်ဝတ်တန်ဆာပါပဲ။

ဒါက သူ့ရဲ့ အသက်အာမခံချက်အတွက် သေချာပါတယ်။  သူ့ရဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှုနဲ့သာ ပေါင်းလိုက်မယ် ဆိုရင်တော့ သူ့ရဲ့ ခံနိုင်ရည်ဟာ အလွန်ကြောက်စရာကောင်းတဲ့ အဆင့်တစ်ခုကို ရောက်သွားမှာပါ။

ဝေါင်း……

လီဖူချန်းက ငွေရောင်အကြေးခွံ ချပ်ဝတ်တန်ဆာကို လက်လှမ်းနေစဉ်မှာပဲ ငွေရောင် ဝံပုလွေ တစ်ကောင်ဟာ သလင်းကျောက်သေတ္တာ ထဲကနေ ခုန်ထွက်လာခဲ့ပါတယ်။

သည်ငွေရောင် ဝံပုလွေကတော့ သေချာပေါက်ကို အဆင့်၅ အထွတ်အထိပ်အဆင့် မိစ္ဆာသားရဲ ဖြစ်ပေမယ့်လည်း လီဖူချန်းဟာ သည်မိစ္ဆာသားရဲထံကနေ အသက်ဓာတ်ကို ခံစားရခြင်း မရှိပါဘူး။ ပြီးတော့ သည်မိစ္ဆာသားရဲမှာ မိစ္ဆာချီ အငွေ့အသက်တွေလည်း ခိုဝင် ကိန်းအောင်း နေခြင်းလည်း မရှိပါဘူး။  ဒါက မိစ္ဆာသားရဲ ခန္ဓာကိုယ် သက်သက်ပါပဲ။

အဲသည်အတွက် လီဖူချန်းဟာ နောက်မဆုတ်တော့ဘဲ ငွေရောင်ဝံပုလွေကြီးကို ထိပ်တိုက် ရင်ဆိုင် လိုက်ပါတယ်။

" အိုး…… မာလိုက်တဲ့ ခန္ဓာကိုယ် "

ငွေရောင်ဝံပုလွေကို ထိုးလိုက်မိတဲ့ လီဖူချန်းကတော့ နောင်တရသွား ခဲ့ပါပြီ။  သည်ငွေရောင် ဝံပုလွေရဲ့ ခန္ဓာကိုယ်က ဘယ်လောက်အထိ မာကျော နေသလည်းတော့ မသိပါဘူး။  သတ္တုရိုးလက်သီးနဲ့ ထိုးလိုက်တဲ့ လီဖူချန်းရဲ့ လက်တစ်ခုလုံးတောင်မှာ ထုံကျဉ် သွားခဲ့ပါတယ်။

" သေစမ်း "

အဲသည်အချိန်မှာပဲ ရှင်းတိကောဝမ်ဟာ နန်းတော်ငယ်လေးထဲကို ဝင်လာခဲ့ပါပြီ။

သူ့ရဲ့ ပထမဦးဆုံး ပစ်မှတ်ကတော့ သလင်းကျောက် သေတ္တာထဲက ရတနာပစ္စည်းတွေ မဟုတ်ဘဲ  လီဖူချန်း ဖြစ်နေပါတယ်။

သည်ရတနာတွေက ၈မျိုးပဲ ရှိတာပါ။  ရှင်းတိကောဝမ် အနေနဲ့ လီဖူချန်းလို ဝါစဉ်မရှိသေးတဲ့ လူငယ်လေး တစ်ယောက်ဟာ သည်ရတနာတွေနဲ့ မထိုက်ဘူးလို့ ယုံကြည်နေပါတယ်။

" လခွီးပဲကွာ "

လီဖူချန်းက ကျဉ်းထဲကျပ်ထဲကို ရောက်နေခဲ့ပါပြီ။ သူ့ရဲ့ အရှေ့မှာ ငွေရောင် ဝံပုလွေကြီး ရှိနေသလို အနောက်မှာလည်း ရှင်းတိကောဝမ်က ရှိနေတာပါ။  ဒါပေမဲ့လည်း ငွေရောင် ဝံပုလွေထက်စာရင် ရှင်းတိကောဝမ်က ပိုအန္တရာယ် များတဲ့အတွက် လီဖူချန်းဟာ ရှင်းတိကောဝမ်ကိုပဲ သူ့ရဲ့ လက်သီးနဲ့ ပြန်ခုခံလိုက်ပါတယ်။

ဘန်း……

ပြင်းထန်လှသော ပေါက်ကွဲသံကြီးနဲ့ အတူ လီဖူချန်းဟာ ခြေလှမ်းတစ်ဒါဇင်မျှ ဆုတ်လိုက်ရပါပြီ။

လီဖူချန်း တစ်ယောက် ကံမကောင်းဘူးလို့ ဆိုရမှာပါပဲ။  သူဆုတ်လိုက်တဲ့ နေရာက ငွေရောင်ဝံပုလွေရဲ့ ပတ်ဝန်းကျင်နားမှာ ဖြစ်နေပါတယ်။

ဝေါင်း……

ငွေရောင်ဝံပုလွေကတော့ အခွင့်အရေးကို လက်လွှတ်မခံဘဲ လီဖူချန်းကို ကိုက်ချလိုက်ပါပြီ။

ကျိ…… ကျလိ……

သတ္တုအချင်းချင်း ပွတ်တိုက်မိတဲ့ အသံတစ်ခု ထွက်ပေါ်လာခဲ့ပါတယ်။ ငွေရောင်ဝံပုလွေရဲ့ အစွယ်တွေက လီဖူချန်းရဲ့ ပုခုံးကို ကိုက်ဖောက်နိုင်စွမ်း မရှိခဲ့ပါဘူး။  ငွေရောင် ဝံပုလွေက အဆင့်၅ မိစ္ဆာသားရဲသားရေ ကိုယ်ကျပ်ဝတ်စုံကိုသာ ပေါက်အောင် ကိုက်နိုင်ခဲ့ပုံပါပဲ။

" အမယ်လေး…… တော်သေးတယ်ဟေ့ "

လီဖူချန်းက အခုမှ သက်ပြင်း ချနိုင်ပါတော့တယ်။

သည်ငွေရောင်ဝံပုလွေက မိစ္ဆာချီတွေ မရှိတဲ့အတွက် သူ့ရဲ့ ကိုက်ခဲမှုက သိပ်ပြီး အားကောင်းနေခြင်း မရှိတာ ဖြစ်ပါမယ်။ ဒါက လီဖူချန်းအတွက်တော့ မဟာ ကံကောင်းမှုကြီးပါပဲ။  ဒါပေမဲ့ နှမြောစရာ ကောင်းတာ တစ်ခုကတော့ သူ့ရဲ့ အဆင့်၅မိစ္ဆာ သားရဲသားရေ ကိုယ်ကျပ်ဝတ်စုံဟာ ပျက်စီး သွားခဲ့ပါပြီ။

အဆင့်၅ မိစ္ဆာသားရဲသားရေ ကိုယ်ကျပ်ဝတ်စုံက မြေကမ္ဘာအဆင့် ရတနာ ချပ်ဝတ်တန်ဆာလောက် တန်ဖိုး မရှိပေမယ့်လည်း ပြန်ရောင်းရင်တော့ အတော်လေး ရနိုင်ပါသေးတယ်။

" သည်ကလေးရဲ့ ခန္ဓာကိုယ်က မာလှချည်လားဟ "

ရှင်းတိကောဝမ်က လီဖူချန်းရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုနဲ့ ပတ်သက်ပြီး အတော်လေး အံ့အားသင့် သွားပုံပါပဲ။

သူက လီဖူချန်းကို အထင်သေးမိသွားပြီ ဆိုတာကို ရိပ်မိသွားပါတယ်။  လီဖူချန်းရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုက အရှေ့ယူနီကွန်း တိုက်ကြီးမှာရှိတဲ့ အစွမ်းထက် ပုဂ္ဂိုလ်တွေနဲ့တောင် ယှဉ်လို့ ရနေပါပြီ။  လီဖူချန်းရဲ့ ခန္ဓာကိုယ်က အဆင့်၅မိစ္ဆာ တစ်ကောင်နဲ့တောင် သိပ်မကွာလောက်ပါဘူး။

ဒါပေမဲ့လည်း ဒါက  မိစ္ဆာချီတွေ ထုတ်သုံးထားခြင်း မရှိတဲ့ အဆင့်၅မိစ္ဆာတစ်ကောင်ရဲ့ ခန္ဓာကိုယ်နဲ့ နှိုင်းယှဉ်ထားတာပဲ ဖြစ်ပါတယ်။

" မင်းရဲ့ခန္ဓာကိုယ် ဘယ်လောက် မာသလည်းဆိုတာကို ကြည့်ရသေးတာပေါ့ကွာ "

ရှင်းတိကောဝမ်က သည်အတိုင်းတော့ လက်မလျော့ချင်သေးပါဘူး။  သူ့ရဲ့ ခန္ဓာကိုယ်က ဖျတ်ခနဲ ပျောက်သွားပြီး လီဖူချန်းရဲ့ ညာဘက်မှာ တစ္ဆေတစ်ကောင်အလား  ပြန်ပေါ်လာကာ လီဖူချန်းကို ကုတ်ချလိုက်ပါတယ်။

" ကြောက်ဖို့ကောင်းလိုက်တဲ့ ခန္ဓာကိုယ် သန့်စင်မှု ပညာရပ်ဆန္ဒ "

လီဖူချန်းက  ရှင်းတိကောဝမ် ထံကနေပြီး မတူညီတဲ့ ပညာရပ်ဆန္ဒနှစ်ခုကို ခံစားမိနေပါပြီ။

အဲသည်ထဲက တစ်ခုက ခန္ဓာကိုယ်သန့်စင်ခြင်း ပညာရပ်ဆန္ဒ ဖြစ်ပြီး နောက်တစ်ခုကတော့ ခန္ဓာကိုယ်အားပြု  အပြင်အား လက်သည်း သိုင်းဆန္ဒတစ်ခု ဖြစ်လောက်ပါတယ်။

ပညာရပ် ဆန္ဒတစ်ခုကို နားလည်အသုံးပြုနိုင်တာနဲ့ အသုံးမပြုနိုင်တာက အတော်လေး ကွာခြားမှု ရှိပါတယ်။ ဒါကြောင့်လည်း ရှင်းတိကောဝမ်ဟာ အရှေ့ယူနီကွန်း တိုက်ကြီး တစ်ခုလုံးကို လွှမ်းမိုးနိုင်စွမ်း ရှိနေပုံပါပဲ။

လီဖူချန်းကတော့ အတော်လေးကို ဗျာများနေရပါပြီ။  သူက ငွေရောင်ဝံပုလွေနဲ့ ရှင်းတိကောဝမ်ကို တစ်ချိန်တည်းမှာ ရင်ဆိုင်နေရတာပါ။  သူ့ရဲ့ တိုက်ပွဲ အသိစိတ်က အရမ်းအစွမ်း ထက်တယ် ဆိုပေမယ့်လည်း သူ့ရဲ့ ခန္ဓာကိုယ်က အချိန်မီ တုံ့ပြန်နိုင်စွမ်း မရှိသေးပါဘူး။

"စုတ်ပြဲစမ်းကွာ "

သိုင်းကွက် အနည်းငယ် တိုက်ခိုက်ပြီးချိန်မှာတော့ ရှင်းတိကောဝမ်ဟာ လီဖူချန်းရဲ့ ရင်ဘတ်ကို လက်သည်းနဲ့ ကုတ်ဆွဲလိုက်နိုင်ပါတယ်။

ဗြိ…… ဗြိ……

အဆင့်၅ မိစ္ဆာသားရဲသားရေ ကိုယ်ကျပ်ဝတ်စုံကတော့  ရှင်းတိကောဝမ်ရဲ့ လက်သည်းချက်ကြောင့် တစစီ ဖြစ်သွားခဲ့ပါပြီ။

လီဖူချန်းအနေနဲ့လည်း အတော်လေး ကံကောင်းတယ်လို့ သတ်မှတ်ရမှာပါ။  ဘာဖြစ်လို့လည်း ဆိုတော့ ရှင်းတိကောဝမ်ရဲ့ လက်သည်းက သူ့ရဲ့ အပေါ်ယံ အရေပြားတွေကိုသာ ကုတ်ဆွဲသွားလို့ပါပဲ။  အဲသည်အတွက် လီဖူချန်းရဲ့ ရင်ဘတ်ဟာ သွေးစို့ရုံက လွဲပြီး ကြီးကြီးမားမား ထိခိုက်ခဲ့ခြင်း မရှိပါဘူး။

" သည်ကလေးရဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှုက တကယ်ကြီး အဆင့်၅မိစ္ဆာ တစ်ကောင်နဲ့ ယှဉ်နိုင်နေတာပဲ "

ရှင်းတိကောဝမ်က အတော်လေး စိတ်ပျက်လက်ပျက် ဖြစ်သွားပုံပါပဲ။  တကယ်လို့ ချီစွမ်းအင်တွေကို အသုံးချနိုင်ခဲ့မယ် ဆိုရင်တော့ သူက အဆင့်၅ မိစ္ဆာကိုတောင် မျက်လုံးထဲမှာ မထည့်ထားပါဘူး။

ထို့နောက်မှာတော့ ငွေရောင်ဝံပုလွေနဲ့ ရှင်းတိကောဝမ်ဟာ လီဖူချန်းကို ညှပ်ပူးညှပ်ပိတ် တိုက်ခိုက် ပါတော့တယ်။  လီဖူချန်းကတော့ ကူကယ်ရာမဲ့တဲ့ အဖြစ်ကို ရောက်နေပါပြီ။   ငွေရောင်ဝံပုလွေက စိတ်ကူးပေါက်ရင် ပေါက်သလို ရှင်းတိကောဝမ်ကိုပါ တိုက်ခိုက်နေလို့ လီဖူချန်းတစ်ယောက် အနည်းငယ် ခံသာနေတာပါ။

" ရှင်းတိကောဝမ်.……။  ဘာဖြစ်လို့ ကျုပ်နဲ့တိုက်ခိုက်ပြီး အချိန်ဖြုန်း နေရတာလဲ……။ အခြားလူတွေကော သည်ထဲကို  ဝင်လာတော့မှာနော် ……"

လီဖူချန်းက ကသောကမျောနဲ့ ရှင်းတိကောဝမ်ကို ဖြောင်းဖျ နေပါတယ်။

ရှင်းတိကောဝမ်က သည်လောက်အထိ  တုံးအလိမ့်မယ်လို့တော့ လီဖူချန်း မထင်ပါဘူး။  သည်ရတနာတွေနဲ့ ယှဉ်လိုက်မယ်ဆိုရင်တော့ သူဟာ ဘာမှမဟုတ်တဲ့ ပမွှားလေးပင်  မဟုတ်ပါလား။

" မင်းပြောတာမှန်တယ်။  ငါမင်းနဲ့ အချိန် မဖြုန်းတော့ဘူး။  မင်းသည်တစ်ကြိမ်မှာ အတော်လေး ကံကောင်းနေတယ် ဆိုတာကို ငါဝန်မခံချင်လည်း ဝန်ခံရမှာပဲ။   နောင်အနာဂတ်မှာလည်း မင်းအခုလို ကံကောင်းပါစေလို့ ငါမျှော်လင့်တယ် "

ရှင်းတိကောဝမ်ကလည်း အဓိကနဲ့ သာမညကို ခွဲခြားသိမြင်နိုင်သူ တစ်ယောက်ပါပဲ။  သူက တိုက်ခိုက်နေတာကို ရပ်လိုက်ပြီး အနက်ရောင် ဝတ်ရုံ ရှိရာ ကျောက်သလင်း သေတ္တာဆီသို့ ခုန်သွား ပါတော့တယ်။

သူ့အနေနဲ့ လီဖူချန်းကို အနိုင်ယူဖို့အတွက် လောကြီးနေစရာ မလိုပါဘူူး။

သည်နန်းတော်အပြင်ကို ရောက်သွားပြီးဆိုတာနဲ့ သူဟာ သူကြိုက်နှစ်သက်တာကို လုပ်လို့ ရပါတယ်။  နတ်ဆိုး၁၀ပါး နယ်မြေကော ဂိုဏ်းပေါင်းတစ်ရာ မဟာမိတ်အဖွဲ့ပါ သူ့ကို ပြဿနာ ရှာရဲမှာ မဟုတ်ပါဘူး။

" ဟူး……  "

ရှင်းတိကောဝမ် မတိုက်ခိုက်တော့ဘူး ဆိုမှ  လီဖူချန်း တစ်ယောက် သက်ပြင်းချနိုင် ပါတော့တယ်။

ရှင်းတိကောဝမ်က သူ့ကို ဒဏ်ရာကြီးကြီးမားမား ရအောင် မတိုက်ခိုက်နိုင်ခဲ့ဘူး ဆိုပေမယ့်လည်း  လျော့တွက်လို့တော့ မရပါဘူး။  အခုတောင်မှ သူ့ရဲ့ ခန္ဓာကိုယ်ပေါ်မှာ လက်သည်းကုတ်ရာတွေ ဗရပွ ဖြစ်နေပါပြီ။

ရှင်းတိကောဝမ် မရှိတော့တဲ့ နောက်မှာတော့ လီဖူချန်းအတွက် အရာရာဟာ လွယ်ကူသွားခဲ့ပြီလို့ ဆိုရမှာပါပဲ။  သည်ငွေရောင် ဝံပုလွေက လီဖူချန်း အတွက်တော့ သိပ်ပြီးခဲယဉ်း လှတဲ့ ပြိုင်ဘက် မဟုတ်ပါဘူး။

ငွေရောင်ဝံပုလွေရဲ့ ခန္ဓာကိုယ် မာကျောရင် မာကျောနေပါမယ်။  ဒါပေမဲ့  ထိခိုက်မှု မရှိနိုင်တဲ့အထိ မာကျောနေတာတော့ မဟုတ်ပါဘူး။  လီဖူချန်းသာ ဂရုတစိုက် တိုက်ခိုက်မယ်ဆိုရင် သည်ငွေရောင် ဝံပုလွေလောက်ကိုတော့ အသာလေး အနိုင်ယူလိုက်လို့ ရပါတယ်။

ဘန်း   ဘန်း  ဘန်း……

ဆင်နဂါးခွန်အားကို အသုံးပြုလိုက်ပြီး နောက်မှာတော့ ငွေရောင်ဝံပုလွေဟာ လီဖူချန်းရဲ့ လက်သီးချက်တွေကို တောင့်ခံနိုင်စွမ်း မရှိတော့ပါဘူး။

ငွေရောင်ဝံပုလွေရဲ့ ခန္ဓာကိုယ်ဟာ တဖြည်းဖြည်း ကွဲအက်လာခဲ့ပါပြီ။

ရွှစ်…… ရွှစ်……

လီဖူချန်းတစ်ယောက် ငွေရောင် ဝံပုလွေကို ဖိနှိပ်နေစဉ်မှာပဲ အရိပ်နှစ်ရိပ်ဟာ နန်းတော်ငယ်လေးထဲကို ဝင်ရောက်လာခဲ့ပါတယ်။ သူတို့ကတော့ သွေးနတ်ဆိုးဘုရင်နဲ့ ခေါ့ယွင် တို့ပါပဲ။

လူသားတစ်ယောက် ဖြစ်တဲ့အပြင် ဂိုဏ်းပေါင်းတစ်ရာ မဟာမိတ်အဖွဲ့ရဲ့  အဖွဲ့ဝင်တစ်ယောက် ဖြစ်တဲ့အတွက်  ခေါ့ယွင်ကတော့ လီဖူချန်းကို တိုက်ခိုက်မယ့်ဟန် မပြပါဘူး။  ဒါပေမဲ့ သွေးနတ်ဆိုး ဘုရင်ကတော့ သူ့ရဲ့ ခန္ဓာကိုယ်ပေါ်က ဆူးတစ်ချောင်းကို နုတ်ယူလိုက်ပြီး လီဖူချန်းကို ထိုးစိုက် လိုက်ပါတယ်။

" မင်းတို့ကောင်တွေက ငါ့ကို ပြဿနာ မရှာဘဲ နေလို့ မရဘူးလား "

လီဖူချန်းက ဒေါသ အကြီးအကျယ် ထွက်လာခဲ့ပါပြီ။  သွေးဘိုးဘိုးကြီး၊ ယုလီ၊ ချိုတစ်ချောင်း နတ်ဆိုးဘုရင် နဲ့ ရှင်းတိကောဝမ် တို့ဟာ သူ့ကို စတွေ့တာနဲ့ အနိုင်ကျင့်ချင် နေကြတာပါ။  အခုလည်း သွေးနတ်ဆိုးဘုရင်က ဘာမပြောညာမပြောနဲ့ အလစ် တိုက်ခိုက် လာပြန်ပါပြီ။

လီဖူချန်း တစ်ယောက် ဘယ်လောက် ဒေါသ ထွက်နေသလည်းတော့ မသိပါဘူး။  သူက  ဆူးချွန်ကို  ရှောင်တိမ်းဖို့ မကြိုးစားတော့ဘဲ လက်သီးဖြင့် ထိုးချလိုက်ပါတယ်။

ဝုန်း ……

လီဖူချန်းရဲ့ ဒေါသတွေအပြည့် ပါဝင်နေတဲ့ လက်သီးချက်ဟာ သွေးနတ်ဆိုး ဘုရင်ကိုတောင် ခြေလှမ်းအနည်းငယ် ဆုတ်သွားစေခဲ့ပါတယ်။

" အိုး…… သည်ကောင်……"

လီဖူချန်းရဲ့ လက်သီးချက်က သွေးနတ်ဆိုး ဘုရင်ကိုတောင်မှ အကြီးအကျယ် အံ့သြ သွားစေခဲ့ပုံပါပဲ။

မျိုးဆက်သစ် လူငယ်တစ်ယောက်ရဲ့ ခန္ဓာကိုယ်က သည်လောက်အထိ  မာကျော သတဲ့လား……။ ဒါက တကယ့်ကို မယုံနိုင်စရာပါပဲ။

" သေစမ်း "

သွေးနတ်ဆိုး ဘုရင်က ချိုတစ်ချောင်း နတ်ဆိုးဘုရင်လို မဟုတ်ပါဘူး။  သူ့ရဲ့ ခွန်အားနဲ့ ကျွမ်းကျင်မှုက ကြောက်စရာ ကောင်းလှပါတယ်။  သူက လီဖူချန်းကို နောက်ထပ် တစ်ကြိမ် တိုက်ခိုက် လိုက်ပြန်ပါပြီ။

သည်တစ်ခါမှာတော့ သွေးနတ်ဆိုးဘုရင်က သူ့ရဲ့ သွေးချီတွေကို ဆူးချွန်ထဲသို့ ပို့ဆောင်ပြီး တိုက်ခိုက်လိုက်တာပါ။

ဖောက်……

သည်တစ်ကြိမ်မှာတော့ ဆူးချွန်ဟာ လီဖူချန်းရဲ့ လက်သီးကို အပေါက်ငယ်လေး တစ်ခု ဖြစ်သွား စေခဲ့ပါတယ်။

" ဒါကြောင့်လည်း သည်မိစ္ဆာကောင်ကြီးက  သွေးနတ်ဆိုး ဘုရင်ဆိုပြီး နာမည်ကျော် နေတာကိုး……။ သူ့ဆီမှာ  ခန္ဓာကိုယ်အပြင်အား ပညာရှင်တွေကို  ယှဉ်လို့ရတဲ့ နည်းလမ်းတစ်ခု ရှိနေတာပဲ ……"

သူ့ရဲ့ ဆင်နဂါး ခွန်အားကို အမြင့်ဆုံးအထိ တိုးမြှင့်လိုက်ပြီး နောက်မှာတော့ လီဖူချန်းရဲ့ လက်သီးမှာ နက်ရွှေရောင် အလင်းတန်းတွေ တောက်ပလာခဲ့ပါပြီ။

အစောပိုင်းတုန်းကတော့ လီဖူချန်း ဆင်နဂါးခွန်အား တစ်မျှင်ကိုပဲ အသုံးပြုထားခဲ့တာ ဖြစ်ပါတယ်။   အခုတော့ သူဟာ ရှိသမျှ ဆင်နဂါး ခွန်အားတွေကို သူ့လက်သီးထဲမှာ စုစည်း ထားခဲ့ပါပြီ။

ဒါပေမဲ့ အဲသည်လို လုပ်လိုက်တာက  ဆင်နဂါး ခွန်အားတွေကို အလျင်အမြန် ကုန်ဆုံး သွားစေမှာပါ။

တိတိကျကျ ပြောရမယ်ဆိုရင်တော့ အသက်တစ်ချက် ရှူလိုက်တိုင်းမှာ ဆင်နဂါးခွန်အား တစ်မျှင် လျော့ပါးသွားမှာ ဖြစ်ပါတယ်။

ထန်……ထန်…… ထန်……

ပတ်ဝန်းကျင် တစ်ခုလုံးမှာတော့ သတ္တုအချင်းချင်း ပွတ်တိုက်မိသံတွေ ဆူညံနေတာပါပဲ။  သည်တစ်ကြိမ်မှာတော့ သွေးနတ်ဆိုးဘုရင်ရဲ့ ဆူးချွန်က  လီဖူချန်းရဲ့ သတ္တုရိုး လက်သီးကို  ဖောက်ထွင်းနိုင်ခြင်း မရှိတော့ပါဘူး။

"သည်ကလေးကို ရင်ဆိုင်ရတာက အတော်ခက်တာပဲ "

သွေးနတ်ဆိုးဘုရင်က လေးနက်တည်ကြည် သွားခဲ့ပါပြီ။

တကယ်လို့သာ သူ့ဆီမှာ အချိန်အလုံအလောက် ရှိနေရင်တော့ သွေးနတ်ဆိုးဘုရင်ဟာ လီဖူချန်းကို သေတဲ့အထိ တိုက်ခိုက်နေဦးမှာပါ။  ဒါပေမဲ့လည်း သည်နေရာမှာ ရတနာပစ္စည်းတွေ ရှိနေပါသေးတယ်။  ရှင်းတိကောဝမ်နဲ့ ခေါ့ယွင်တို့တောင်မှ လီဖူချန်းကို မတိုက်ဘဲ  ရတနာတွေကို ရယူပိုင်ဆိုင်ဖို့ အတွက် ကြိုးစားနေကြတာ မဟုတ်ပါလား။

" မင်းကို သည်တစ်ခါ လျော်ပေးလိုက်မယ် "

ထို့နောက်မှာတော့ သွေးနတ်ဆိုးဘုရင်ဟာ လီဖူချန်းကို မတိုက်ခိုက်တော့ဘဲ  မနီးမဝေးမှာ ရှိတဲ့  ကျောက်သလင်း သေတ္တာတစ်ခုဆီသို့ ပြေးထွက် သွားပါတော့တယ်။

ချိုတစ်ချောင်း နတ်ဆိုးဘုရင်ကတော့ နန်းတော်ငယ်လေးထဲကို နောက်ဆုံးမှ ဝင်လာ နိုင်ခဲ့သူပါပဲ။

သူက မူလပထမတုန်းကတော့ လီဖူချန်းကို တိုက်ခိုက်ဖို့  ကြံစည်ထားခဲ့တာပါ။  ဒါပေမဲ့ နန်းတော်ထဲကို အရောက်မှာတော့ သူက အဲသည် အကြံအစည်ကို ဖျက်ပစ် လိုက်ပါတော့တယ်။

သူက ငတုံးတစ်ယောက် မဟုတ်ပါဘူူး။  သူ့ထက်အရင် နန်းတော်ငယ်လေးထဲကို ရောက်နေတဲ့ သူတွေတောင်မှ လီဖူချန်းကို မတိုက်ခိုက်ဘဲ ဘေးမဲ့ ပေးထားကြပါတယ်။ အဲဒါက သည်လီဖူချန်းဟာ ထင်ထားသလောက် မရိုးရှင်းဘူးဆိုတဲ့ အဓိပ္ပာယ်ပါပဲ။

အဲသည်အတွက် ချိုတစ်ချောင်းနတ်ဆိုး ဘုရင်ကလည်း လီဖူချန်းနဲ့ အချိန်ဖြုန်းမနေတော့ဘဲ   သလင်းကျောက် သေတ္တာတစ်လုံးဆီသို့သာ  ဦးတည်လိုက်ပါတော့တယ်။

ရွှမ်း…… ရွှပ်…… ရွှပ်……

ရှင်းတိကောဝမ်ကတော့ တကယ့်ကို ကြောက်စရာပါပဲ။  သူက သူ့ရဲ့ ထက်လှတဲ့ လက်သည်းတွေနဲ့ လင်းနို့တောင်ပံ သားရဲကြီးကို အထက်စည်းကနေ တိုက်ခိုက်နေပါတယ်။  ရှင်းတိကောဝမ်ရဲ့ လက်သည်း ကုတ်ချက်တွေက လျင်မြန်လွန်းလှတဲ့အတွက်  လင်းနို့တောင်ပံ သားရဲကြီးက ဘယ်လိုမှ ရှောင်တိမ်းနိုင်ခြင်း မရှိပါဘူး။

နောက်ထပ်လက်သည်း ကုတ်ချက် အချက်၂၀လောက် တိုက်ခိုက်ပြီးသွားတဲ့နောက်မှာတော့ ရှင်းတိကောဝမ်ဟာ လင်းနို့တောင်ပံ သားရဲကြီးကို အနိုင်ယူပြီး အနက်ရောင်ဝတ်ရုံကို ရယူသွားနိုင် ခဲ့ပါပြီ။

" ဟား ဟား  ဟား……။ ဒါက မြေကမ္ဘာ အလယ်အလတ်အဆင့် ဝတ်ရုံကွ……"

ရှင်းတိကောဝမ်က အားရပါးရ ရယ်မော နေပါတယ်။

လက်နက်တွေ၊ ချပ်ဝတ် တန်ဆာတွေထက် စာရင်တော့ သည်လို ရတနာမျိုးက ပိုပြီး တန်ဖိုးရှိနေတာ မဟုတ်ပါလား။

အနက်ရောင်  ဝတ်ရုံကို ဝတ်ဆင်ပြီးသွားတဲ့ အခါမှာတော့ ရှင်းတိကောဝမ်က အနက်ရောင် လက်အိတ်တွေကို မျက်စိ ကျသွားပါတယ်။

မကောင်းဆိုးဝါး လက်သီးဂိုဏ်းဆိုတာက လက်သီးသိုင်းကို အထူးပြုတဲ့ ဂိုဏ်းတစ်ခုပါ။  သည်မြေကမ္ဘာအဆင့် လက်အိတ်တစ်စုံနဲ့ ဆိုရင်တော့ သူ့ရဲ့ အစွမ်းဟာ နောက်ထပ် အဆင့်တစ်ခုအထိ ရောက်သွားနိုင်ပ်တယ်။

ရှင်းတိကောဝမ်တစ်ယောက် သူ့ရဲ့ ဒုတိယ ပစ်မှတ်ကို ရွေးနေစဉ်မှာပဲ လီဖူချန်းက  ငွေရောင် ဝံပုလွေကို အနိုင်ယူလိုက် နိုင်ပါပြီ။

ထို့နောက်မှာတော့ လီဖူချန်းဟာ ငွေရောင်အကြေးခွံ ချပ်ဝတ်တန်ဆာကို လှမ်းယူလိုက်ပြီး သူ့ရဲ့ အသိစိတ်အာရုံနဲ့ စစ်ဆေးလိုက်ပါတယ်။

တကယ့်ကို ကျေနပ်စရာပါပဲ။  သည်ချပ်ဝတ် တန်ဆာက မြေကမ္ဘာ အလယ်အလတ်အဆင့် ချပ်ဝတ်တန်ဆာ တစ်ခု ဖြစ်နေပါတယ်။

သည်ရတနာ ချပ်ဝတ်တန်ဆာရဲ့ အစွမ်းကို အပြည့်အဝ သုံးချင်ရင်တော့ ချီစွမ်းအင်တွေနဲ့ အသက်သွင်းပေး ရမှာပါ။  ဒါပေမဲ့ သည်ချပ်ဝတ်တန်ဆာ သီးသန့်ကိုက အတော်လေး အစွမ်းထက် နေပါပြီ။

ထို့နောက်မှာတော့ လီဖူချန်းဟာ  ပျက်စီးစ ပြုနေတဲ့ သူ့ရဲ့ အဆင့်၅မိစ္ဆာ သားရဲသားရေ ကိုယ်ကျပ် ဝတ်စုံကို ချွတ်ပစ်လိုက်ပြီး  ငွေရောင်အကြေးခွံ ချပ်ဝတ်တန်ဆာကို ဝတ်ဆင် လိုက်ပါတယ်။

သည်ချပ်ဝတ်တန်ဆာနဲ့ ဆိုရင်တော့ သည်နန်းတော်ထဲမှာ ရှိနေတဲ့ ဘယ်ပုဂ္ဂိုလ်ကမှ သူ့ကို ထိခိုက်အောင် လုပ်နိုင်တော့မှာ မဟုတ်ပါဘူး။

" နောက်ထပ် ဘယ်ရတနာကို ယူရင် ကောင်းမလဲ "

ထို့နောက်မှာတော့ လီဖူချန်းဟာ သူ့ရဲ့ ဒုတိယ ပစ်မှတ်ကို စဉ်းစားနေပါပြီ။

သူ့အနေနဲ့ သည်နန်းတော်ထဲက ရတနာ နှစ်ခုကိုပဲ ရယူနိုင်မှာပါ။  ဘာဖြစ်လို့လည်းဆိုတော့ အခြားသူတွေကလည်း သူတို့ရဲ့ ပထမ ပစ်မှတ်တွေကို အနိုင်ယူနိုင်စွမ်း ရှိနေလို့ပါပဲ။

နောက်ဆုံးမှာတော့ လီဖူချန်းဟာ သတ္တုဘုတ်ပြားကိုပဲ ရွေးချယ်လိုက်ပါတော့တယ်။

သူက သည်သတ္တုဘုတ်ပြားကို ဘယ်လို အသုံးပြုရမလည်း ဆိုတာကိုတော့ မသိပါဘူး။  ဒါပေမဲ့လည်း သူ သည်နန်းတော် ငယ်လေးထဲကို ဝင်လာကတည်းကစပြီး သည်သတ္တုဘုတ်ပြားက သူ့ကို ဆွဲဆောင်နေတာပါ။

***

All Chapters