ကြိုးတန်းမျှင်လေးပေါ်မှာ လမ်းလျှောက်ခြင်း
Vol. 56 Ch. 775
အရှေ့ဘက်ပိုင်း
ဝမ်ဝေ့က ယင်ကန်းနှင့် တိကျားယင်တို့၏ ထိပ်တိုက်တွေ့ဆုံမှုကို တည်တည်ငြိမ်ငြိမ် ကြည့်နေလေသည်။ ယင်ကန်း၏ အသွင်ပုံစံကို မြင်တွေ့ပြီးသည့်နောက်တွင် သူသည်လည်း ခန္ဓာဘိုးဘေး၏ မိုးမြေခန္ဓာအကြောင်း တွေးမိသွားသည်။ ကံကြမ္မာအရိပ်တပ်ဖွဲ့ဝင်များက ထိုကျမ်းကို ရယူနိုင်ပြီးသားဖြစ်ကာ သူ့ရှေးဟောင်းခန္ဓာသန့်စင်ကျမ်းထက် သာလွန်နေကြောင်း ဝန်ခံရပေမည်။
ခန္ဓာဘိုးဘေးက ထိုနည်းစနစ်မျိုး လေ့လာပြီးသည့်နောက်တွင်ပင် စိတ်နှလုံးသားကောင်းသူဖြစ်၍ ကောင်းကင်ဘုံကိုပင် ကျေးဇူးတင်မိသွား၏။ သူ့လေ့လာသုံးသပ်ချက်အရ ခန္ဓာဘိုးဘေး၏ စွမ်းအားသည် ကောင်းကင်အလိုဆန္ဒကို မရယူခင်ကတည်းက အဆင့်တစ် တာအိုဘိုးဘေးအဆင့် ရောက်ရှိနေခဲ့သည်။
တာအိုကို သက်သေပြပြီးသည့်နောက်တွင် သူ့စွမ်းအားက ထာဝရအထွတ်အထိပ်နှင့်ပင် ယှဉ်နိုင်သည့်အတွက် မဟာတာအိုအရင်းအမြစ် ၂၅ ရာခိုင်နှုန်းအထက် ရှိလေသည်။ အကယ်၍ ထိုသူသာ အသင်္ချေအင်ပါယာကမ္ဘာကို သူ့နည်းစနစ် ကျင့်ကြံဖို့ စုပ်ယူချင်ပါက ထိုခေတ်ကာလတွင် မည်သူကမှ သူ့အား တားဆီးနိုင်မည် မဟုတ်ပေ။
ပြောရလျှင် ထိုသူက ဒိုင်မေးရှင်းတစ်ခုလုံးအတွက် ကပ်ဘေးဖြစ်လာဖို့ အလားအလာရှိခဲ့၏။ အကယ်၍ သူသာ မတက်လှမ်းခင် ခွန်အားဂိတ်ပေါက်ကို ဖွင့်မည့် ရည်ရွယ်ချက်သာ ရှိပါက သူ့ကျင့်ကြံရေးအတွက် ကောင်းကင်အလိုဆန္ဒကမ္ဘာမြောက်များစွာကို ဖျက်ဆီးပစ်နိုင်သည်။
ဝမ်ဝေ့က ထိုသူသည် မဟာကမ္ဘာများကို အသုံးပြု၍ သူ့ခန္ဓာကိုယ်ကို လေ့ကျင့်ပေးခဲ့ကြောင်း ကောက်ချက်ချမိ၏။ မဟုတ်ပါက သူသည် ပင်ကိုဟော်သဲ့စစ်ပွဲမှ ပျက်စီးသွားသည့်ကမ္ဘာများကို ရှာတွေ့ခဲ့ပြီး သူ့ကျင့်ကြံရေးအတွက် အသုံးပြုခဲ့ခြင်း ဖြစ်ရမည်။
ဒီနည်းစနစ်က အချိန်နှင့် အရင်းအမြစ်များကြီးလိုတာက နှမြောစရာပဲ။ ပြီးတော့ အဲဒီဖျက်ဆီးခံလိုက်ရတဲ့ ကမ္ဘာတွေအပေါ်မှာ ကံကြွေး တင်ရှိနေတဲ့အကြောင်း ထည့်မပြောရသေးဘူး…
သူက စဉ်းစားမိသွားသည်။
သူက သိပ်မကြာခင် သက်ပြင်းချလိုက်ပြီးသည့်နောက် ခန္ဓာဘိုးဘေး၏ ထိုကျမ်းအပေါ် ပါရမီနှင့် ရူးသွပ်မှုကို ချီးကျူးလိုက်မိသည်။ မည်သူကမှ ဒီလိုအရာမျိုးကို ဖန်တီးနိုင်မည် မဟုတ်ပေ။ သို့သော်လည်း ဝူဟုန်နှင့် နှစ်များစွာ လေ့လာပြီး ဆွေးနွေးပြီးသည့်နောက်တွင် သူ့နည်းစနစ် ပေါ်ပေါက်လာမှုက ရှောင်လွှဲ၍ မရကြောင်း သဘောပေါက်သွားခဲ့သည်။
ရှေးဟောင်းဧကရာဇ်ခေတ်ကာလရှိ ကျင့်ကြံသူများက သူတို့၏ ကျင့်ကြံရေးအဖွဲ့အစည်းကို ပြီးပြည့်စုံစေဖို့ရာ မိုးမြေကို လေ့လာခဲ့ကြသည်။ အစီအရင်ဆရာသခင်များက ပင်ကိုသဘာဝ ဝင်္ကပါများကို လေ့လာခဲ့ကြသည်။ ဆေးဝါးပညာရှင်များ၊ အဆောင်ပြုလုပ်သူများနှင့် လက်နက်သန့်စင်သူများကလည်း သဘာဝအတိုင်းတွေ့ရသည့် အံ့ဖွယ်သင်္ကေတများကို လေ့လာခဲ့ကြသည်။
တစ်စုံတစ်ယောက်က ထိုခန္ဓာကိုယ်လေ့ကျင့်ရေး နည်းစနစ်အတွက် အခြေခံအဖြစ် သဘာဝကို အသုံးပြုသည်မှာ သာမန်မှ ကွဲထွက်နေခြင်းတော့ မဟုတ်ပေ။ သို့သော်လည်း ခန္ဓာဘိုးဘေးက တစ်ဖက်စွန်းထိ ရောက်အောင် လုပ်ဆောင်ခဲ့ပြီး လူသားခန္ဓာကိုယ်တွင် စကြဝဠာတစ်ခု ပါဝင်နေသည်ဟု တွေးကာ တဖြည်းဖြည်းချင်း ပြောင်းလဲပစ်ခဲ့သည်။
ဝမ်ဝေ့က ခန္ဓာဘိုးဘေးအနေနှင့် မူလနည်းစနစ် အလုပ်မလုပ်သည့် ခန္ဓာကိုယ်လေ့ကျင့်ရေးကျမ်းကို ဖန်တီးခဲ့သည့် အကြောင်းအရင်းကိုလည်း နားလည်လေသည်။
အကယ်၍ သူ့မိုးမြေခန္ဓာကိုသာ ခွင့်ပြုခဲ့ပါက အသင်္ချေအင်ပါယာကမ္ဘာမှ ကျင့်ကြံသူများသည် ဒိုင်မေးရှင်းအနိမ့်တွင် အကောင်းဆုံး ဖြစ်လာလိမ့်မည်။ သို့သော်လည်း သူတို့က တခြားကမ္ဘာ့အသိုက်အဝန်းများဆီ ကျူးကျော်ကာ ကမ္ဘာသန်းချီကို ဖျက်ဆီးမိကြလိမ့်မည်။
ဤသို့သော အဖွဲ့အစည်းမျိုး၏ နောက်ဆုံးကံကြမ္မာက မိစ္ဆာမျိုးနွယ်ထက်ပင် ပိုမိုဆိုးရွားသွားနိုင်သည်။ သုတ်သင်မခံရခင် အချိန်တိုလေးမျှသာ ကြွယ်ဝလာလိမ့်မည်။
ဝမ်ဝေ့က တိုက်ပွဲကို တည်တည်ငြိမ်ငြိမ် ကြည့်နေလေ၏။ တိထျန်းက လှုပ်ရှားသည့်အခါ သူက ယင်ကန်းကို အဝေးသို့ ပို့ဆောင်လိုက်သည်။
………………
တိကျားယင်က စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်၏။ သူမ၏ ခန္ဓာကိုယ်ပေါ်မှ ချပ်ဝတ်က အလင်းပြောက်များအဖြစ် ပျောက်ကွယ်သွားပြီး အမည်မသိအဖြစ် ပျောက်ကွယ်သွားသည်။ သူမက ထိုအချက်ကို အံ့အားသင့်ခြင်း မရှိပေ။ ကောင်းပေါ်ချင်း၏ ပါရမီက မြင့်မားသော်လည်း ယန်းလီလင်းနှင့် ထုံရို့ပင်းတို့အဆင့်လောက် မရောက်ရှိသေးပေ။
ဆိုလိုသည်မှာ သူက အင်မော်တယ်အဆင့် အသုံးအဆောင်ပစ္စည်းများကို မဖန်တီးနိုင်သေးပေ။ သို့သော်လည်း သူက ခဏတာအသုံးပြုမှုအတွက် ယာယီတစ်ခုကို ဖန်တီးနိုင်လေသည်။ အဆောင်များကဲ့သို့ ဖြစ်၏။
ဒီလူက ယင်ကန်းလား။ ဒါနဲ့ သူက ဘာဖြစ်နေတာလဲ…
သူမက တွေးလိုက်မိပြီး သူ့တိုက်ကွက်များတွင် အဘယ်ကြောင့် ဒီလောက်ပြင်းထန်နေတာလဲဟု စဉ်းစားမိလာသည်။ ထို့နောက် တိကျားယင်က သူမ၏အရိပ်မှ ပုံရိပ်တစ်ခု ထွက်ပေါ်လာကာ သူမ၏ နောက်ကျောကို ထိုးစိုက်လိုက်သည်ကို မြင်တွေ့လိုက်ပြီးသည့်နောက် အမူအရာရုတ်ချည်း ပျက်ယွင်းသွားသည်။
ဖြစ်စဉ်တစ်ခုလုံးက မြန်ဆန်လွန်းလှသည့်အတွက် သူမက တုံ့ပြန်နိုင်ဖို့ အချိန်ပင် မရခဲ့ပေ။ ခဏအကြာတွင် သူမက သေခြင်းတရား အငွေ့အသက် လွှမ်းခြုံခံလိုက်ရသလို ခံစားလိုက်ရသည်။
ကလစ်
ခေါင်းဆောင်း ဆောင်းထားသည့် ပုံရိပ်တစ်ခု ပေါ်ထွက်လာပြီး တိကျားယင်အတွက် တိုက်ကွက်ကို တားဆီးပေးလိုက်သည်။ ကံဆိုးစွာဖြင့် ထိုသူက အနည်းငယ် နောက်ကျသွားခဲ့သည်။ လုပ်ကြံသတ်ဖြတ်သူ၏ ဓားမြောင်က တိကျားယင်၏ ဘေးဖက်၌ အနက်ရောင်အလင်းတန်းတစ်ချက် ဖြတ်ပြေးသွားသည်။
“ဝမ်ကျူ”တိထျန်း၏ အရိပ်ဖြစ်သူ တိတ်ဆိတ်အိပ်စက်သူက ရေရွတ်လိုက်သည်။ သို့သော်လည်း ဝမ်ကျူက သူ့အား ပြန်မဖြေပေ။ သူမက အချိန်မဖြုန်းဘဲ တစ်ခါမှ မတည်ရှိဖူးသကဲ့သို့ ချက်ချင်းဆိုသလို ပျောက်ကွယ်သွားသည်။
“ကျစ်” တိကျားယင်က ရုတ်ချည်းဆိုသလို ရေရွတ်လိုက်သည့်အတွက် တခြားသူများ၏ အာရုံကို ဖမ်းစားမိသွားသည်။ သူတို့က သူမ၏ ဒဏ်ရာမှ ထုတ်လွှတ်နေသည့် လျှို့ဝှက်ဆန်းကြယ်အရိပ်ပုံစံ စွမ်းအားကို မြင်လိုက်ကြသည်။
“အရိပ်အခြေခံ အဆိပ်လား” ကောင်းပေါ်ချင်းက မေးလိုက်သည်။
“အဲ့လိုပဲ ဖြစ်လိမ့်မယ်”
“မင်း ဖယ်ရှားနိုင်လား”
“ငါက ဖယ်ရှားနိုင်တယ် ထင်လို့လား” သူမက ပြန်လည်ချေပလိုက်၏။ ကောင်းပေါ်ချင်းက ပါးစပ်ပိတ်နေဖို့သာ ဆုံးဖြတ်လိုက်သည်။ အစားကြူးသူကမူ အမြဲတမ်းလိုလို တိတ်ဆိတ်နေလျက် ရှိ၏။ ထိုစဉ် တိတ်ဆိတ်အိပ်စက်သူက သူမကို ချက်ချင်း မကူညီသေးဘဲ သခင်ဖြစ်သူအား ကြည့်လိုက်သည်။
တိထျန်းက သူသည် လက်ဦးမှုရယူရာတွင် ရှုံးနိမ့်သွားကြောင်း သိလိုက်၍ မျက်မှောင်ကြုတ်လိုက်သည်။ ဝမ်ဝေ့၏ လှုပ်ရှားမှုက သူ့စစ်သူကြီး၏ ဝှက်ဖဲတစ်ခုကို ဖော်ထုတ်ပြီးသား ဖြစ်သွားလေသည်။ သူ သို့မဟုတ် တိတ်ဆိတ်အိပ်စက်သူက ထိုအဆိပ်ကို ဖယ်ရှားဖို့ လှုပ်ရှားလိုက်သည်နှင့် သူတို့အကြောင်း သတင်းအချက်အလက် ထုတ်ဖော်ပြီးသားဖြစ်သွားလိမ့်မည်။
ဤတိုက်ပွဲအတွင်း သတင်းအချက်အလက်က စွမ်းအား ဖြစ်၏။
ခေတ္တမျှ စဉ်းစားပြီးသည့်နောက်တွင် သူက အရိပ်ကို လှုပ်ရှားခိုင်းလိုက်သည်။ အကောင်းဆုံးအနေအထားက ထိုသူ့ကို လှုပ်ရှားစေပြီး သူ့အစား သတင်းအချက်အလက် ပေါက်ကြားသွားစေဖို့ ဖြစ်သည်။
ထို့အပြင် သူက ထိုအခွင့်အရေးကို အသုံးပြုကာ တစ်ဖက်လူဆီမှ သတင်းအချက်အလက်ကို စုဆောင်းနိုင်လေ၏။
တိတ်ဆိတ်အိပ်စက်သူက တိကျားယင်အနား ရောက်လာကာ သူ့စွမ်းအားကို အသုံးပြု၍ အရိပ်အဆိပ်ကို ဖယ်ရှားလိုက်သည်။ ထိုဖြစ်စဉ်က ချောမွေ့ခြင်းမရှိဘဲ မအောင်မြင်ခင် အတော်လေး အားစိုက်ထုတ်လိုက်ရသည်။
“မင်းတို့တွေက ငါ့ကို စိတ်ပျက်စေတာပဲ” တိထျန်း၏ အသံက ပုံမှန်ထက်ပင် ပိုမိုအေးစက်နေ၏။
“နောက်တစ်ခေါက် ဒီလိုမဖြစ်စေနဲ့”
အဖွဲ့က အနည်းငယ် တုန်တုန်ယင်ယင်ဖြစ်သွားကြ၏။ သူတို့က ဝမ်ဝေ့၏ အဖွဲ့သည် သူတို့အတွက် အကြီးမားဆုံး အတားအဆီးဖြစ်ကြောင်း သိထားသော်လည်း ပထမဆုံးထိပ်တိုက်တွေ့ဆုံမှုအပြီးတွင် လက်ဦးမှုရယူခြင်း ဆုံးရှုံးသွားခဲ့သည့်အတွက် နောက်တိုက်ပွဲတွင် ရှုံးနိမ့်မှုကို ဖြစ်လာစေနိုင်သည်။
“ထပ်မဖြစ်စေရပါဘူး” တိကျားယင်က အံကြိတ်ကာ ပြောလိုက်သည်။
တိထျန်းက ဘာမှမပြောဘဲ ပြန်လည် မျက်လုံးမှိတ်လိုက်၏။ သူက ဤတိုက်ပွဲအတွက် သူ့နည်းဗျူဟာသည် ငြိမ်သက်လွန်းနေကြောင်း သဘောပေါက်သွား၍ သူတို့ကို အပြည့်အဝ အပြစ်မတင်ခဲ့ပေ။
……………………
အရှေ့ဘက်ပိုင်း
ဝမ်ကျူက ဝမ်ဝေ့အနား ရုတ်ချည်းပေါ်ထွက်လာကာ သူမ စုဆောင်းထားသမျှ သတင်းအချက်အလက်များကို ပေးလိုက်သည်။ သူမက သူမ၏ စွမ်းအားကို ထုတ်ဖော်ခဲ့သော်လည်း သူမ ရယူခဲ့သည့် သတင်းအချက်အလက်များက ထိုက်တန်လေသည်။
“ငါတို့ရဲ့ အစီအစဉ်ကို လိုက်ပြီးတော့ ပြောင်းရမယ်” ဝမ်ဝေ့က ယင်ကန်းကို နောက်ဆုံးတစ်ချက် ကြည့်ပြီးသည့်နောက် ပြောလိုက်သည်။ သူက ထိုသူကို ချမ်းသာပေးခဲ့သည်မှာ ထိုသူ၏ ပါရမီကြောင့် ဖြစ်၏။ သူက လမင်းခုနစ်စင်းကို တိုက်ခိုက်ဖို့ရာအတွက် ဒိုင်မေးရှင်းအမြင့်တွင် သူ့ကိုပါ ဆွဲခေါ်ဖို့ ကြံစည်ထားသည်။
ယင်ကန်းက သူ့အပေါ် ကံကြွေးများ တင်နေလေ၏။
……………………………………………………….
အလယ်ပိုင်း၊ ဂြိုလ်ပေါ်တွင်
ထုံရို့ပင်းက ဆက်သွယ်ရေးအစီအရင်မှတဆင့် တစ်စုံတစ်ယောက်နှင့် ပြောဆိုနေလေ၏။
“ကျွန်မ ကတိပေးထားတာကို လုပ်ပြီးသွားပြီ” သူမက ပြောလိုက်၏။
“ဟုတ်တယ်။ ဒါပေမဲ့ မင်း ကျရှုံးသွားတယ်လေ”
“အဲဒါဆိုတော့ ဘာဖြစ်လဲ။ အစကတည်းက အလုပ်မဖြစ်ဘူးလို့ ပြောသားပဲ”
“မင်းက အကောင်းဆုံး ကြိုးစားခဲ့ရဲ့လား”
“ကျွန်မက အင်မော်တယ်အဆင့် အဆောင်နှစ်ခုကိုတောင် ဖြုန်းတီးခဲ့ရသေးတယ်လေ။ ကျွန်မကို ဘာလုပ်စေချင်တာလဲ။ ကိုယ်တိုင် လှုပ်ရှားစေချင်တာလား” သူမက ပြန်လည်ချေပသည့်အတွက် တခြားသူက ပြန်မဖြေပေ။
ထို့ကြောင့် သူမက နှာခေါင်းအသာရှုံ့လိုက်၏။
“ရှင်တို့ကိုယ်တိုင်တောင် သူ့ကို တိုက်ရိုက် မတိုက်ခိုက်ရဲဘဲနဲ့ ကျွန်မကို နယ်ရုပ် ဖြစ်စေချင်နေတာလား။ ကျွန်မကို တုံးအတယ်များ ထင်နေလား”
“ကောင်းပြီ။ ကောင်းပြီ။ မင်း အကောင်းဆုံး လုပ်ခဲ့တယ်ဆိုတာကို သိပြီ”
“ရှင်နဲ့ဆက်ပြီး အချိန်မဖြုန်းချင်ဘူး” ထုံရို့ပင်းက ပြောလိုက်သည်။
“ရှင်တို့ရဲ့ မဟာမိတ်ကို သဘောတူတာက အဲဒီနှစ်ယောက်ကို ရင်ဆိုင်ဖို့ ရှင့်မှာ နည်းလမ်းရှိတယ်လို့ ပြောခဲ့လို့ပဲ။ ရှင့်ရဲ့ ဇစ်မြစ်ကြောင့် ယုံကြည်ခဲ့ပေမဲ့ အခုထိ ဘာမှသက်သေ မပြဖူးသေးဘူး”
ကပ်ပါးက မျက်မှောင်ကြုတ်လိုက်ပြီး သူမက စိတ်မရှည်တော့ကြောင်း ပြောနိုင်လေသည်။
သူမက အသုံးဝင်သေးတယ်ဆိုတော့ ရန်သူဖြစ်လာဖို့ မလိုသေးဘူး…
သူက တွက်ချက်ကြည့်လိုက်သည်။ ထို့နောက် သူက လက်ဝှေ့လိုက်ပြီးသည့်နောက်တွင် အလင်းနှစ်သန်းပေါင်းများစွာ ကွာဝေးနေသည့် သူမထံ တစ်စုံတစ်ခု ပို့ဆောင်လိုက်သည်။
ထုံရို့ပင်းက အစီအရင်ကို ဖွင့်ကာ အထုပ်ကို လက်ခံယူလိုက်၏။ ထိုအရာက အစစ်အမှန်ကောင်းကင်တာအိုပင် မချိုးဖောက်နိုင်သည့် ချုပ်နှောင်ရေးစာချုပ်တစ်ခု ဖြစ်နေသည်။
“စာချုပ်မှာ လက်မှတ်ထိုးလိုက်။ ငါတို့ရဲ့ အစီအစဉ်တချို့ကို ပြောပြမယ်”
ထုံရို့ပင်းက စာချုပ်ကို တစ်ချက်သာကြည့်ပြီး ပြောလိုက်သည်။
“ကျွန်မ များများစားစား မသိရတဲ့အပေါ်မှာ ဘာမှ စာချုပ်ချုပ်မှာ မဟုတ်ဘူး”
သူမက ထိုစာချုပ်သည် အဆင့်မြင့်ပြီး ဒိုင်မေးရှင်းအမြင့်မှ အရာတစ်ခု ဖြစ်နိုင်ကြောင်း ပြောနိုင်လေသည်။
“ငါတို့ရဲ့ လေးနက်မှုကို ပြပြီးပြီ” ကပ်ပါးက ပြောလိုက်သည်။
“မဟာတာအိုကျမ်းသစ္စာကို ကျိန်ဆိုရဲတယ်။ ဒီအပေးအယူကို လက်ခံရင်လက်ခံ၊ လက်မခံရင် ကျွန်မတို့ ဒီလောက်ပဲ”
“ငါ့ကို ခြိမ်းခြောက်နေတာလား” ကပ်ပါးက မျက်လုံးနီများဖြင့် မေးလိုက်သည်။
“ကျွန်မဘက်က တောင်းဆိုချက်ကို ပြောနေတာ။” သူမက တည်တည်ငြိမ်ငြိမ် ပြန်ကြည့်လိုက်၏။ မိနစ်ပိုင်းကြာ ဆက်ကြည့်နေပြီးသည့်နောက်တွင် တစ်စုံတစ်ယောက်က လက်လျှော့လိုက်ရသည်။
“ကောင်းပြီ။ ဘာမှဟာကွက် မလိုချင်ဘူး။ မင်းရဲ့ စကားအသွားအလာကို သတိထား” ထုံရို့ပင်းက တုံ့ဆိုင်းခြင်းမရှိဘဲ ကျမ်းသစ္စာ ကျိန်ဆိုလိုက်သည်။ ထို့နောက် ကပ်ပါးက သူတို့၏ ဝှက်ဖဲအကြောင်း ပြောပြခဲ့သည်။
“တတိယတန်းစား ဧကရာဇ်ရဲ့ စွမ်းအားနဲ့ လက်နက်လား”
သူမက ထိုလက်နက်သည် တိထျန်းနှင့် ဝမ်ဝေ့တို့၏ နဝမအဆုံးစွန်အုတ်မြစ်ကို ဖြေရှင်းဖို့ရာ လုံလောက်မှန်း သိသည့်အတွက် အကြည့်များ တောက်ပလာသည်။ ယခုသူမ၏ တစ်ခုတည်းသော ပြဿနာက ထိုလက်နက်ကို ဘယ်နှစ်ကြိမ် အသုံးပြုနိုင်လဲဟူ၍ ဖြစ်သည်။
အကယ်၍ နှစ်ကြိမ်ထက် ပိုပါက သူမသည် နောက်ပိုင်းတွင် သူတို့ကို ဖြေရှင်းဖို့ နည်းလမ်းရှာရမည်။
ငါ ဝမ်ဝေ့နဲ့ တိထျန်းဆီ သတင်းမပြောပြနိုင်တာ နှမြောစရာပဲ…
“အခု ငါတို့ရဲ့ မဟာမိတ်ကို ပိုပြီးတော့ ယုံကြည်သင့်တယ်”
“ဟုတ်ပြီ။ ရေးဆွဲသူက ဒီလောက်လုပ်နိုင်စွမ်းရှိလိမ့်မယ်လို့ ထင်မထားခဲ့မိဘူး” ထုံရို့ပင်းက ပြောလိုက်သည်။
ယန်းလီလင်းနှင့် သူမတို့၏ အင်မော်တယ်ဆေးလုံးနှင့် အဆောင်ဖန်တီးနိုင်မှုများက သမိုင်းကြောင်းတွင် မှတ်တမ်းတင်ထားခံရဖို့ လုံလောက်လေသည်။ သို့သော်လည်း ရေးဆွဲသူက ဤသို့သော လက်နက်မျိုးကို လုပ်ဆောင်နိုင်ခဲ့၏။
သူမက အဓိကအချက်မှာ သူသည် ပိုမိုမြင့်မားသည့် လူမှုအဖွဲ့အစည်းမှ ဖြစ်နေ၍မှန်း နားလည်လေသည်။
“ကောင်းပြီ။ အဆင်သင့်ပြင်ထား။ အချိန်ကျလာတဲ့အခါ မင်းကို ဆက်သွယ်လိုက်မယ်” ကပ်ပါးက ပြောလိုက်သည်။
ထုံရို့ပင်းက ဆက်သွယ်ရေးကို ဖြတ်တောက်လိုက်ပြီးသည့်နောက်တွင် အတွေးနက်နေမိ၏။
ငါ ရေးဆွဲသူနဲ့ စကားပြောတုန်းက သူက ငါ့အပေါ် စိတ်ခံစားချက်တချို့ ရှိနေပုံပဲ။ ငါ အဲဒါကို အသုံးချနိုင်မလား…
သူမက သူတို့၏ စကားဝိုင်းသည် တိုတောင်းလှသည့်အတွက် အပြည့်အဝ မသေချာပေ။ သို့သော်လည်း ထုံရို့ပင်းက ထိုသူ၏ အကြည့်မှတဆင့် သတိထားမိလိုက်သည်။ ထို့အပြင် သူက သူမနှင့် နှစ်ကြိမ်တိုင်တိုင် ဆက်သွယ်ဖို့ ကြိုးစားခဲ့ဖူးသော်လည်း ကပ်ပါးက ဝင်ရောက်စွက်ဖက်ခဲ့ဟန်ပေါ်၏။
“ဟမ်” ထုံရို့ပင်းက တစ်စုံတစ်ယောက်သည် သူမ၏ နေရာသို့ ချဉ်းကပ်လာကြောင်း သတိထားမိလိုက်သည်။
“သူမပဲ” သူမက ကျင်းဝူဟွားအား ကြည့်ကာ ရေရွတ်လိုက်သည်။