ထုံရို့ပင်းနှင့် ကျင်းဝူဟွားအပြိုင်
Vol. 56 Ch. 777
ကျင်းဝူဟွား၏ ခန္ဓာကိုယ်အထက် သဘာဝလွန်အဆင့်ကလိုမျိုး သင်္ကေတမြောက်များစွာ ပေါ်ထွက်လာသည်။ သို့သော်လည်း ထိုသင်္ကေတများက သူမ၏ အရေပြားပေါ်တွင် ပေါ်ထွက်လာခြင်း မဟုတ်ဘဲ ဘေးနားတွင် လွင့်မြောနေလေ၏။ ထိုသင်္ကေတများက တာအို၏ ဆွဲဆောင်မှုကို ပြသနေသည့်အတွက် လှပကာ လျှို့ဝှက်ဆန်းကြယ်လှသည်။ သူတို့ဆီမှ တာအိုအသံများ ထွက်ပေါ်နေပြီး လူများအား တာအိုကို ပိုမိုနားလည်လာစေသည်။ ထိုအခိုက်အတန့် သူမက မြင့်မြတ်ကာ ကြီးကျယ်ပြီး အားကြီးသူ ဖြစ်လာလေသည်။
“ဧကရာဇ်ခန္ဓာ နိုးထအသက်ဝင်ခြင်း” ထုံရို့ပင်းက အံ့ဩတုန်လှုပ်မှုကို မထိန်းချုပ်နိုင်ဘဲ ရေရွတ်လိုက်သည်။ နိုးထအသက်ဝင်ခြင်း နည်းစနစ်မှာ ဧကရာဇ်များက မဟာတာအိုအရင်းအမြစ်ဖြင့် သူတို့၏ အတုအယောင် တာအိုခန္ဓာကို အားဖြည့်ပေးပြီးသည့်နောက်တွင် ရရှိသည့်အရာ ဖြစ်၏။
မဟာဧကရာဇ်၏ တာအိုခန္ဓာက သေမျိုးအဆင့် ကျင့်ကြံရေးအတွင်း သူတို့၏ အခြေခံအုတ်မြစ်သဏ္ဌာန်ပြမှုတစ်ခု ဖြစ်ပေသည်။ ထိုအရာက သူတို့၏ချီ/စွမ်းအင်၊ ရုပ်ခန္ဓာ၊ ပင်ကိုစွမ်းရည်၊ အံ့ဖွယ်စွမ်းဆောင်ရည်၊ သွေးမျိုးဆက်၊ ဝိညာဉ်၊ စိတ်စွမ်းအားနှင့် တာအိုနှလုံးသား၏ ရလဒ် ဖြစ်၏။
ထို့ကြောင့် နိုးထအသက်ဝင်လာပြီးသည့်နောက်တွင် မဟာဧကရာဇ် တစ်ယောက်၏ စွမ်းအားက တစ်ယောက်ချင်းစီအပေါ် မူတည်၍ ရာခိုင်နှုန်းအနည်းငယ် တိုးမြင့်သွားလိမ့်မည်။ အဆင့် ၁၀ နှင့်အထက်တွင် မဟာတာအိုအရင်းအမြစ်၏ ရာခိုင်နှုန်းက အင်အားကို ဆုံးဖြတ်ပေး၏။ သို့သော်လည်း နိုးထအသက်ဝင်ခြင်းက လူအများအား တခြားသူထက် သာလွန်သည့် တူညီသည့် ရာခိုင်နှုန်းကို ပေးစွမ်းလေသည်။
ဤသည်က တာအိုခန္ဓာ နိုးထအသက်ဝင်ခြင်းသည် မဟာဧကရာဇ်များအတွက် အရေးကြီးနေသည့် အချက် မဟုတ်သေးပေ။ ဤနည်းစနစ်က ထာဝရအထွတ်အထိပ်များ မွေးဖွားလာရသည့် အဓိကနည်းလမ်းထဲမှ တစ်ခု ဖြစ်၏။ သူတို့၏ နိုးထအသက်ဝင်ခြင်းက မဟာတာအိုအရင်းအမြစ် ၂၀ ရာခိုင်နှုန်းရှိထားသည့် ထာဝရဧကရာဇ်များကို သတ်ဖို့ရာ အနည်းဆုံး တစ်ရာခိုင်နှုန်း တိုးမြှင့်ပေးလေသည်။
ထိုနိုးထအသက်ဝင်ခြင်း နည်းစနစ်က သေမျိုးနှင့် မသေမျိုး အကာအရံကို ချိုးဖောက်ထားသည့်သူများသည် ထာဝရအထွတ်အထိပ်ဖြစ်လာနိုင်ချေ မြင့်မားနေသည့် အကြောင်းအရင်းလည်း ဖြစ်ပေသည်။ သူတို့၏ တာအိုအုတ်မြစ်က အားကောင်းလွန်းလှသည့်အတွက် ဧကရာဇ်ခန္ဓာ နိုးထအသက်ဝင်ခြင်း ပုံသဏ္ဌာန်ကို ပြသလောက်အောင် အားကောင်းလာသည်။
ဝူဟုန်က ဝမ်ဝေ့အား သူ့နဝမအဆုံးစွန်အုတ်မြစ်သည် မဟာတာအိုအရင်းအမြစ် ၅ ရာခိုင်နှုန်းကို ထပ်မံ တိုးမြှင့်ပေးနိုင်၍ သူ့နိုးထအသက်ဝင်ခြင်း ဖြစ်စဉ်ကို တိုးမြှင့်ပေးလိမ့်မည် ဖြစ်ကြောင်း ပြောခဲ့ဖူးသည်။
ထုံရို့ပင်းက ထိုနည်းစနစ်၏ အရေးပါမှုကို အနည်းငယ်သာ သိထားလေ၏။ ထို့ကြောင့် သူမက ကျင်းဝူဟွား၏ လက်ရှိအခြေအနေကို မြင်တွေ့ပြီးသည့်နောက်တွင် စိတ်ခံစားချက်ကို မထိန်းချုပ်နိုင်တော့ပေ။
“မဟုတ်သေးဘူး။ တစ်ခုခုတော့ လွဲနေပြီ” သူမက ကိုယ့်ဘာသာကိုယ် ထိန်းချုပ်ရင်း ရေရွတ်လိုက်သည်။ သူမ ဖတ်ရှုထားသည့် မှတ်တမ်းများအရ နိုးထအသက်ဝင်ခြင်းသည်။ သင်္ကေတများပြုလုပ်ထားသည့် ချပ်ဝတ်ပုံစံဖြင့် ပုံသဏ္ဌာန်ပေါ်လာလေ့ရှိသည်။ ထိုမှတ်တမ်းများက လက်နက်၊ တောင်ပံ၊ တိရစ္ဆာန်နှင့် အမျိုးမျိုးသော ပုံသဏ္ဌာန်အဖြစ် ပေါ်ပေါက်လာကြောင်း ဖော်ညွှန်းထားခဲ့သော်လည်း သူတို့အားလုံးက တာအိုသင်္ကေတ သို့မဟုတ် တာအိုစည်းချက်များဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။
သို့သော်လည်း ကျင်းဝူဟွား၏ သင်္ကေတများက ပုံသဏ္ဌာန် မရှိဘဲ သူမအနားတွင် လွင့်မြောနေဟန်ပေါ်၏။
ဒီဟာက မပြီးပြည့်စုံတဲ့ နိုးထအသက်ဝင်ခြင်း ဖြစ်စေတဲ့ နည်းလမ်းတစ်ခုပဲ နေမယ်…
သူမက သုံးသပ်လိုက်သည်။ သူမက ကျင်းဝူဟွား၏ အငွေ့အသက်ကို စစ်ဆေးကြည့်ပြီးသည့်နောက် ထိုလူ၏ အင်အားသည် ထိပ်သီးပွင့်ချပ် ၆လွှာအဆင့်သို့ ရောက်ရှိနေကြောင်း သိလိုက်ရသည်။
ဧကရာဇ် မျိုးဆက်ဆိုတဲ့အတိုင်း ဝှက်ဖဲတွေ အများကြီး ရှိနေတာပဲ…
ထုံရို့ပင်းက အနည်းငယ် အားကျစွာဖြင့် ရေရွတ်လိုက်သည်။ သူမက ကျင်းဝူဟွား၏ မိဘများသည် သူမအတွက် ဝှက်ဖဲ မည်မျှချန်ခဲ့မည်ကို စိတ်ကူးကြည့်နေမိ၏။ ထိုဝှက်ဖဲများက စည်းမျဉ်းနှင့် ဥပဒေအတွင်း ခွင့်ပြုထားသည့်အရာများ ဖြစ်လိမ့်မည်။
ငါ မမျှော်လင့်ထားတဲ့အရာ တစ်စုံတစ်ခုဖြစ်မလာခင် တိုက်ပွဲကို မြန်မြန်ဆန်ဆန် အဆုံးသတ်ဖို့ လိုတယ်…
ထုံရို့ပင်းက လက်ဝှေ့လိုက်ပြီးသည့်နောက်တွင် သူမရှေ့တွင် အဆောင်တစ်ခု ပေါ်ထွက်လာသည်။
အမှုန့်ချေအလင်းတန်းအဆောင်
ထုံရို့ပင်းက အထွတ်အထိပ် တားမြစ်ခံစည်းမျဉ်း ပါဝင်နေသည့် အဆောင်ကို ဖန်တီးဖို့ရာ စိန်ခေါ်မှုတစ်ခုဖြစ်ကြောင်း သိခဲ့ရသည်။ စည်းမျဉ်းပဲ့တင်သံကို အသုံးပြုပြီး သူမက သူတို့၏ စွမ်းအား ၇၀ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းအထိ ထုတ်သုံးနိုင်လေသည်။
ထို့နောက် သူမက ဖြစ်စဉ်က မည်မျှခက်ခဲကြောင်း ရှာဖွေတွေ့ရှိပြီးသည့်နောက် ရုပ်ပိုင်းဆိုင်ရာ အဆောင်တစ်ခုကို သန့်စင်ပြီး အတွေ့အကြုံယူခဲ့သည်။ ထို့အပြင် သူမက ကြောက်မက်ဖွယ် မိုးကြိုးစမ်းသပ်ချက်ကို ခံယူခဲ့ရသေး၏။
သို့သော်လည်း သူမက သူတို့၏ ကြောက်မက်ဖွယ် စွမ်းအားကို လိုချင်ပြီး စွမ်းအားအပြည့် ထုတ်သုံးလိုသည်။ သူမ၏ ဖြေရှင်းနည်းက သူတို့၏ တာအိုအခွဲတစ်ခုကို အသုံးပြုပြီး မြင့်မားသည့်အဆင့်သို့ မြှင့်တင်ရန် ဖြစ်၏။
အမှုန့်ချေအလင်းတန်းအဆောင်က ဖျက်ဆီးခြင်းတာအိုမှ အမှုန့်ချေခြင်း သဘောတရားကို အသုံးပြုထားပြီး ဆင့်ကဲပြောင်းလဲထားခဲ့သည်။
ထို့ကြောင့် ကြောက်မက်ဖွယ် အလင်းတန်းတစ်ခုက ကျင်းဝူဟွားဆီ ပြေးဝင်လာကာ လမ်းကြောင်းတစ်လျှောက်ရှိ အရာအားလုံးကို ဖျက်ဆီးပစ်ခဲ့သည်။ အလင်းတန်းလမ်းကြောင်းတွင် အနက်ရောင် တွင်းနက်ကြီးများစွာ ပေါ်ထွက်လာပြီး အာကာပြင်ကို ချိုးဖောက်သွားကာ ပတ်ဝန်းကျင် မြေထုဆွဲအား ပျက်စီးသွားစေသည်။
ဝှစ်
ကျင်းဝူဟွားက အလင်းနှုန်းထက် မြန်သည့် အားကောင်းဖွယ် တိုက်ကွက်ကို ရှောင်ရှားလိုက်သည်။ မြန်ဆန်ခြင်းနှင့် နှေးကွေးခြင်းတို့က ယင်ယန်သဘောတရား ဖြစ်သည့်အတွက် သူမက ယန်တာအိုကို အသုံးပြုကာ အရှိန်တာအိုကို ထိန်းချုပ်ခဲ့သည်။
အလင်းတန်းက ဘက်ပြောင်းသွားကာ သူမနောက်လိုက်လာလေသည်။ နောက်ထပ် ၁၅ စက္ကန့်အတွင်း ထိုအရာက ကျင်းဝူဟွား သွားရာနောက် လိုက်ပါလာပြီး သူမအား ထွက်ပြေးခြင်းမှ တားဆီးနေသည်။ နောက်ဆုံးတွင် သူမက ထုံရို့ပင်းဆီ ပြေးဝင်သွားလိုက်ပြီး ထိုတိုက်ကွက်ကို ပိုင်ရှင်ဆီ ပြန်လွှဲပေးဖို့ ဆုံးဖြတ်လိုက်သည်။
ကျင်းဝူဟွားက သူမ၏ လမ်းကြောင်းရှိ အဆောင်အားလုံးကို ရှောင်ရှားပြီး ပစ်မှတ်ဆီ ဦးတည်လိုက်သည်။
ကျစ်…
သူမက ကျိန်ဆဲလိုက်၏။ သူမ၏ သွေးမျိုးဆက် စွမ်းရည်ဖြစ်သည့် ရဲရဲတောက်မျက်လုံးသည် မမြင်နိုင်ဖွယ်၊ အမည်မသိများကို ထိုးဖောက်မြင်နိုင်စွမ်း ရှိ၏။ ကံဆိုးစွာဖြင့် ထုံရို့ပင်းဆီ ရောက်ရှိပြီးမှသာ ထိုလူက ပုံရိပ်ယောင် ဖြစ်နေမှန်း သိလိုက်ရသည်။
ကျင်းဝူဟွား၏ ခန္ဓာကိုယ်မှ အပူချိန်က ထုံရို့ပင်း၏ ပုံရိပ်ယောင်ကို ဖျက်ဆီးပစ်လိုက်သည်။ ထို့နောက် သူမက အလင်းတန်းကို လှည့်ကာ ရင်ဆိုင်လိုက်၏။
ယန် ၉ပါး မီးတောက်
ကျင်းဝူဟွား၏ ပါးစပ်မှ အကြွင်းမဲ့ ယန်စွမ်းအား လွှမ်းခြုံထားသည့် အနီရောင်သန့်စင် မီးတောက်တစ်ခု ထွက်ပေါ်လာပြီး အမှုန့်ချေအလင်းတန်းကို ထိပ်တိုက် ရင်ဆိုင်လိုက်သည်။
ဝုန်း
ရွှေကျီးမျိုးနွယ်၏ သူတော်စင်မက ထိုတိုက်ကွက်တွင် အသက်ရှင်ကျန်ခဲ့၏။ သို့သော်လည်း သူမက ဝမ်းဗိုက်ဘယ်ဖက်အခြမ်းတွင် အပေါက်ကြီးတစ်ခု ဖြစ်သွားပြီး အကောင်းအတိုင်း မကျန်ရှိပေ။
ကံကောင်းတာက ငါ တုယီနယ်ပယ်ကို ခုခံမှုအနေနဲ့ အသုံးပြုခဲ့လို့ပဲ…
ကျင်းဝူဟွားက ဘေးပတ်ဝန်းကျင်ကို အံ့ဖွယ်အသိစိတ်ဖြင့် စစ်ဆေးရင်း ရေရွတ်လိုက်သည်။
ဇာမဏီ မီးတောက်
သူမက သေခြင်းရှင်ခြင်း(ယင်ယန်)ဆီမှ ရှင်သန်ခြင်း(ယန်)ကို စုဆောင်းပြီး သူမ၏ မီးတောက်တာအိုဖြင့် ပေါင်းစပ်ကာ အသက်ဓာတ်ပြည့်ဝနေသည့် မီးတောက်တစ်ခုကို ဖန်တီးခဲ့သည်။ သူမ၏ တုယီနယ်ပယ်၏ မြှင့်တင်မှုကြောင့် သူမသည် ဒဏ်ရာကို ကုစားနိုင်ရုံမျှ ဖြစ်ခဲ့သည်။
အာကာပြင်ဖောက်ခွဲရေး အဆောင်
ကျင်းဝူဟွားရှေ့တွင် ဘတ်စကတ်ဘောအရွယ် ကုဗတုံးတစ်ခု ပေါ်ထွက်လာပြီး ပေါက်ကွဲထွက်သွား၏။ ထိုကုဗတုံးကို ဖန်တီးဖို့ ထုံရို့ပင်းက အသင်္ချေအင်ပါယာကမ္ဘာရှိ နယ်မြေရာချီနှင့် တူညီသည့် အာကာပြင်ပမာဏကို ဖိနှိပ်ကာ ထိုကုဗတုံးအတွင်း ထည့်သွင်းပြီး ဖျက်ဆီးပစ်လိုက်ခြင်း ဖြစ်သည်။
ထိုပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာသည့် အာကာပြင် မငြိမ်သက်မှုက အလယ်အလတ်ကမ္ဘာထောင်ချီကိုပင် ဖျက်ဆီးပစ်နိုင်စွမ်း ရှိ၏။
ဝုန်း
ကျင်းဝူဟွား၏ မီးတောက်က သူမဝန်းကျင်ရှိ အာကာပြင်ကို လောင်ကျွမ်းပစ်လိုက်သည်။ သို့သော်လည်း ထိုပေါက်ကွဲမှုမှ တုန်ခါနှုန်းသည် သူမ၏ အတွင်းအင်္ဂါအများစုကို ထိခိုက်သွားစေသည်။
ယန်ကမ္ဘာ
ကျင်းဝူဟွား၏ ခေါင်းအထက် နေမင်းကိုးစင်း ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်ရှိ အလင်းနှစ်သန်းပေါင်းများစွာကိုပင် လောင်ကျွမ်းပစ်နေသည်။
ထုံရို့ပင်းက ဆက်လက် မပုန်းအောင်းနိုင်တော့ဘဲ ထွက်ပေါ်လာ၏။ ထို့နောက် ဧရာမရွှေကျီးကိုးကောင်သည် ကမ္ဘာကို ဖျက်ဆီးပစ်မည့် စွမ်းအားဖြင့် တိုးဝင်လာကြသည်။
ထုံရို့ပင်းက မြန်မြန်ဆန်ဆန် လှုပ်ရှားချင်သော်လည်း သူမ၏အပြုအမူများက နှေးကွေးနေကြောင်း သိလိုက်ရသည်။ သူမ၏ လှုပ်ရှားနိုင်စွမ်း၊ တွေးခေါ်နိုင်စွမ်း၊ မူလအဆီအနှစ်၊ စည်းမျဉ်းထိန်းချုပ်မှုတို့ကပင် အင်မတန် နှေးကွေးနေ၏။
သူမ၏ အသိစိတ်ပင်လယ်တွင် ဝိညာဉ်ကာကွယ်ရေး အဆောင်တစ်ခု ထွက်ပေါ်လာကာ သူမ၏ ဝိညာဉ်အပေါ် တိုက်ကွက် သက်ရောက်မှုကို ချိုးဖောက်ပစ်ခဲ့သည်။ သူမ၏ အတွေးအခေါ်က ပုံမှန်ပြန်ဖြစ်လာပြီး အခြေအနေကို အလျင်အမြန် သုံးသပ်နိုင်ခဲ့၏။
သူမရဲ့ ယန်တာအိုကို တိုးမြှင့်ပေးထားတဲ့ ပိုင်နက်တစ်ခုပဲ…
သူမက သုံးသပ်လိုက်သည်။
ယန်တာအိုကို အရှိန်မြှင့်ဖို့ အသုံးပြုပြီးတော့ ငါ့ရဲ့ အရှိန်အားလုံးကို ခိုးယူခဲ့တာပဲ။ အဲဒါကြောင့် နှေးကွေးမှုကို ထိန်းချုပ်သွားနိုင်တာ…
ပြောင်မြောက်လိုက်တဲ့ တာအိုပဲ…
ကျင်းဝူဟွား၏ တာအိုက သူမအား နှေးကွေးခြင်းစွမ်းအားကို မဟုတ်ဘဲ မြန်ဆန်ခြင်းစွမ်းအားတစ်ခုထဲကိုသာ ထိန်းချုပ်နိုင်ခွင့်ပြုသင့်ပေသည်။ သို့သော်လည်း သူမက တစ်ဖက်သူ၏ အရှိန်ကို ဖယ်ရှားခြင်းဖြင့် တူညီသည့် နှေးကွေးမှုမျိုးကို ရယူနိုင်၏။
ထုံရို့ပင်း၏ စိတ်ထဲ အလျင်အမြန် တွက်ချက်နေကာ ထိုနည်းစနစ်မှ ထိုးဖောက်ထွက်ရမည့် နည်းလမ်းကို စဉ်းစားနေသည်။ ပထမတစ်ခုက အကြွင်းမဲ့ အင်အားကို အသုံးပြုဖို့ ဖြစ်၏။ နာနိုစက္ကန့်ပိုင်းလေးအတွင်း သူမက နည်းလမ်းတစ်ခုကို တွေးမိသွားသည်။
ထို့နောက် သူမက အဆောင်တချို့ဖြင့် သူမဘာသာ သူမ ကောင်းချီးပေးလိုက်သည်။ အရှိန်အဆောင်၊ အလင်းကောင်းချီး အဆောင်၊ လေကောင်းချီး အဆောင်၊ အသံထိန်းချုပ်ရေး အဆောင်နှင့် မိုးကြိုးကောင်းချီးအဆောင်တို့ ဖြစ်သည်။ ထိုအဆောင်များဖြင့် ထုံရို့ပင်းက အဆောင်သဘောတရားကို သူမ၏ ခန္ဓာကိုယ်တွင် ပြန်လည်ယူဆောင်နိုင်ခဲ့ပြီး လွတ်လွတ်လပ်လပ် လှုပ်ရှားလာနိုင်သည်။ ထို့နောက် သူမက လက်ဝှေ့လိုက်ပြီးသည့်နောက် တစ်ဖက်လူ၏ ရွှေကျီးများကို လွှမ်းမိုးနိုင်သည့် မီးတောက်ဇာမဏီ ၉ကောင်ကို ဖန်တီးလိုက်သည်။
ထုံရို့ပင်းက တစ်ဖက်လူကို သူတို့ကိုယ်ပိုင်ထူးခြားမှုဖြင့် နှိပ်ကွပ်နိုင်ခြင်း၏ အကျိုးအမြတ်ကို သိထားလေသည်။ ထိုအရာက သူတို့၏ စိတ်အခြေအနေအပေါ် ထိနှက်မှု ဖြစ်သွားစေလိမ့်မည်။ သူ့နည်းဗျူဟာက အလုပ် ဖြစ်ခဲ့၏။
ကျင်းဝူဟွားက သူမ၏ မီးတောက် လွှမ်းမိုးခံလိုက်ရသည်ကို မြင်သည့်အခါ ခန္ဓာကိုယ်က တုန်တုန်ယင်ယင် ဖြစ်သွားလေ၏။
သန့်စင်ရေးတိုင်လုံး
ထုံရို့ပင်း၏ ခေါင်းအထက် ရွှေရောင်မီးတောက်တိုင်လုံးတစ်ခု သက်ဆင်းလာပြီး လမ်းကြောင်းရှိရာ အားလုံးကို သန့်စင်ပစ်နေသည်။ ထိုမီးတောက်တွင် ယန်တာအိုမှ သန့်စင်ရေးကို ဖော်ညွှန်းသည့် နက်နဲမှုများ ပါဝင်နေသည်။
ကျွတ်
ထုံရို့ပင်းက လက်ချောင်းကို ချိုးကာ မှော်စက်ဝန်းတစ်ခုကို ဖန်တီးလိုက်သည်။ ထိုအရာက မီးတောက်တိုင်လုံးကို အားစိုက်ထုတ်မှု မရှိဘဲ ဝါးမျိုပစ်လိုက်နိုင်၏။ ထို့နောက် မှော်စက်ဝန်းက မြန်မြန်ဆန်ဆန် ကျယ်ပြန့်လာသည့်အတွက် ကျင်းဝူဟွားက မတုံ့ပြန်နိုင်ပေ။
စည်းပိတ်ခြင်း အစီအရင်လား။ ဘယ်အချိန်တုန်းက ခင်းကျင်းခဲ့တာလဲ…
သူမ၏ အမူအရာက ပျက်ယွင်းနေလေသည်။ သူမက ထိုအစီအရင်မှ ထူးထူးဆန်းဆန်း အငွေ့အသက်ကို ခံစားမိနေသော်လည်း သတင်းအချက်အလက်ကို ကောက်ချက်မချနိုင်ပေ။
ငါ မရတော့ဘူး … ထွက်ပြေးဖို့ လိုပြီ..
ကျင်းဝူဟွားက အရှက်ကွဲကာ မလိုလားသလို ခံစားနေရသည်။ သူမ ဖခင်၏ ထူးခြားသည့် ဧကရာဇ်အရိုးကို အသုံးပြုပြီး မပြီးပြည့်စုံသည့် နိုးထအသက်ဝင်ခြင်းကို ရယူခဲ့သည်။ ထိုသို့ဆိုလျှင်ပင် သူမက အလွယ်တကူရှုံးနိမ့်သွားပြီး ထွက်ပြေးရတော့မည် ဖြစ်၏။
သို့သော်လည်း ဤအရာက အကောင်းဆုံးရွေးချယ်မှု ဖြစ်ကြောင်း သိလေသည်။
သွေးမျိုးဆက်စွမ်းရည် မီးတောက် လွတ်မြောက်ခြင်း
ကျင်းဝူဟွားက ရွှေရောင်မီးတောက်အဖြစ် ပေါက်ကွဲထွက်သွားလေသည်။ ထို့နောက် သူမက ပျောက်ကွယ်သွား၏။
ထုံရို့ပင်းက လှုပ်ရှားမှု မရှိဘဲ တည်တည်ငြိမ်ငြိမ်သာ ကြည့်နေလေသည်။ သူမက အကြောင်းအရင်းများစွာအတွက် ကျင်းဝူဟွားကို သတ်ဖို့ရာ မရည်ရွယ်ထားပေ။
ပထမတစ်ခုက သူမသည် ထိုသူ၏ ဖခင်နှင့် ပတ်သက်ပြီး ကန့်သတ်ချက် ရှိလေသည်။ သူမ တာအိုကို သက်သေပြဖို့ အောင်မြင်သည်နှင့် ဒိုင်မေးရှင်းအမြင့်တွင် ထိုအရာက ပြဿနာတစ်ခု ဖြစ်လာနိုင်သည်။
ဒုတိယအနေဖြင့် သူမက ဤတိုက်ပွဲကို အသုံးပြုကာ သူမဘာသာသူမ လေ့ကျင့်ပေးချင်၏။ သို့သော်လည်း ထုံရို့ပင်းက တစ်ဖက်သူသည် အကောင်းဆုံး အခြေအနေ မဟုတ်ကြောင်း သိရှိလိုက်ရသည်။
ကျင်းဝူဟွားက တိုက်ပွဲတစ်ခုလုံးအတွင်း အာရုံထွေပြားနေကာ အမှားအယွင်းများစွာ လုပ်ခဲ့ပြီး သူမ၏ နတ်ဆိုးပုံစံကိုပင် မပြောင်းလဲခဲ့ပေ။ တစ်စုံတစ်ခုက သူမ၏ စိတ်ကို လွှမ်းမိုးထားဟန်ပေါ်၏။
နောက်ဆုံးတွင် ထုံရို့ပင်းက ယုတ္တိရှိရှိ ငြင်းဆန်နိုင်ချေကို လိုချင်မိသည်။ သူမ၏ လက်ရှိအနေအထားက ထိုသစ္စာဖောက်များဘက်မှ ဖြစ်နေသည်။ သို့သော်လည်း သူမက ဤတိုက်ပွဲတွင် အနိုင်ရရှိဖို့ လုပ်မိလုပ်ရာ လုပ်လိုက်ခြင်းသာ ဖြစ်၏။
သူမက ထိုလူများကို သစ္စာဖောက်ပြီးသည်နှင့် သူမ၏ အပြစ်ကင်းမှုကို ပြသဖို့ ဘယ်သူ့ကိုမှ မသတ်ခဲ့ကြောင်း အကြောင်းပြချက်ကို အသုံးပြုနိုင်လေသည်။
ထုံရို့ပင်းက သူမ၏ အစီအစဉ်သည် လူတချို့အတွက် သိသာနေမည် ဖြစ်ကြောင်း သိလေ၏။ သို့သော်လည်း သူတို့က ထင်ရှားသည့် သက်သေများ မရှိသရွေ့ သူမသည် ထိုသူများနှင့် ပူးပေါင်းယောင်ဆောင်ပြီး ဖျက်ဆီးဖို့ ကြံရွယ်ထားခဲ့သည်ဟု အပြစ်ကင်းမှုကို ပြနိုင်သည်။
ကျင့်ကြံရေးလောကတွင် လိုက်နာရမည့် စည်းမျဉ်းများရှိလေသည်။ ထိုစည်းမျဉ်းများကြောင့် ဝမ်ဝေ့က မိစ္ဆာမျိုးနွယ်ကို တိတ်တဆိတ် ကူညီခဲ့သော်လည်း ဘယ်သောအခါမှ ပွင့်ပွင့်လင်းလင်း ဝန်မခံခဲ့ပေ။ ထို့ကြောင့် တစ်စုံတစ်ယောက်က အမှန်တရားကို သိနေလျှင်ပင် ထင်ရှားသည့် သက်သေမရှိသရွေ့ ဘာမှမလုပ်နိုင်ပေ။
ထုံရို့ပင်းက ထိုတူညီသည့် သဘောတရားကို အသုံးပြုနေခြင်း ဖြစ်၏။
…………………
မြောက်ဖက်ပိုင်း
ကျင်းဝူဟွားက ဒဏ်ရာအပြင်းအထန်ဖြင့် ပေါ်ထွက်လာသည်။ သူမက အစီအရင်ကို မြန်မြန်ဆန်ဆန် ခင်းကျင်းလိုက်ပြီး ပုန်းအောင်းလိုက်၏။ ကံဆိုးစွာဖြင့် သူမက ကုသရေးဆေးလုံးတချို့ မသောက်သုံးနိုင်ခင် တစ်စုံတစ်ယောက် ရောက်ရှိလာသည်ကို သိလိုက်ရသည်။
“တောက်” သူမက ထိုသူကို မြင်တွေ့ပြီးသည့်နောက်တွင် ကျိန်ဆဲလိုက်မိ၏။