← Chapters

အန္တရာယ်များသည့် အခြေအနေ

Vol. 56 Ch. 778

အန္တရာယ်များသည့် အခြေအနေ

Vol. 56 Ch. 778

အောင်းရှန်၏ တည်ရှိမှုကို မြင်တွေ့ပြီးသည့်နောက်တွင် ကျင်းဝူဟွားက သူမ အန္တရာယ်ထဲ ကျရောက်သွားကြောင်း သိလိုက်သည်။ သူမက ဒဏ်ရာအပြင်းအထန် ရရှိထားပြီးသားဖြစ်ကာ တစ်ဖက်လူ၏ အရှိန်အဝါအရ ဤတွေ့ဆုံမှုအတွင်း အသက်ရှင်သန်ဖို့ ပြင်းထန်သည့် နည်းလမ်းကို အသုံးပြုရမည်မှန်း သိလိုက်သည်။

ပင်ကိုစွမ်းရည် ဘိုးဘေးမျိုးရိုးပြန်လည်ဖော်ဆောင်ခြင်း

ကျင်းဝူဟွားက သူမ၏ စွမ်းရည်ကို သူတို့၏ ရွှေကျီးမျိုးနွယ်သည် ပင်ကိုသက်ရှိဖြစ်ခဲ့စဉ် အနေအထားကို ပြန်လည်ပြောင်းလိုက်၏။ ထို့ကြောင့် သူမ၏ တာအိုက ပင်ကိုစည်းမျဉ်းအဖြစ် ပြောင်းလဲသွားသည်။ ထို့နောက် သူမ၏ နတ်ဆိုးပုံစံဖြစ်သည့် ခြေသုံးချောင်းနှင့် ဧရာမရွှေကျီးပုံကို ပြောင်းလဲလိုက်သည်။

သူမက ခြေသုံးချောင်းတွင် လက်သည်းအသုံးအဆောင်ပစ္စည်း တစ်ခုရှိပြီး မဟာတာအိုအရင်းအမြစ်၏ အငွေ့အသက်ကို ထုတ်လွှတ်နေသည်။ သူတို့က တူညီသည့် ဇစ်မြစ်ဖြစ်သည့်အတွက် ကျင်းဝူဟွားက သူမအဖေ၏ ဧကရာဇ်အသုံးအဆောင်ကို ပိုမိုကောင်းမွန်စွာ အသုံးပြုနိုင်သည်။

နောက်ဆုံးတွင် သူမ၏ နတ်ဆိုးခန္ဓာကိုယ်အထက် သင်္ကေတများစွာ ပေါ်ထွက်လာပြီး မျက်ခုံးကြားတွင် မီးတောက် အမှတ်အသားတစ်ခု ထွက်ပေါ်လာသည်။ ကျင်းဝူဟွား၏ မပြီးပြည့်စုံသော နိုးထအသက်ဝင်ခြင်းက ပိုမိုနက်နဲလာသည်။

အောင်းရှန်က သူမ၏ အသွင်ပြောင်းမှုကို မြင်တွေ့ပြီးသည့်နောက် မျက်မှောင်ကြုတ်လိုက်သည်။ သူက သူမ၏ စွမ်းအားကို အာရုံခံမိလိုက်စဉ် ပွင့်ချပ် ၇လွှာထက် ကျော်လွန်သော်လည်း ဖြည်းဖြည်းချင်း လွင့်ပြယ်နေကြောင်း သိလိုက်ရသည်။ စက္ကန့်ပိုင်းနှင့်အမျှ ကျင်းဝူဟွား၏ အရှိန်အဝါက သိသိသာသာ လျော့ကျလာ၏။

“ပင်ကိုစည်းမျဉ်းပဲ။ မင်းတို့သစ္စာဖောက်တွေက ဒီလိုအရာသုံးဖို့ ထိုက်တန်လို့လား” အောင်းရှန်က နှာခေါင်းရှုံ့ကာ ရေရွတ်လိုက်၏။

“သစ္စာဖောက်လား။ ငါတို့က ဘယ်လိုလုပ် သစ္စာဖောက်ဖြစ်ရမှာလဲ” သူမက ပါးစပ်ဟကာ ပြောလိုက်ပြီး တုနှိုင်းမဲ့ အပူဓာတ်ရှိသည့် မီးတောက်များ ထွက်ပေါ်လာသည်။ အောင်းရှန်က ကူးသန်းပြောင်းရွှေ့ကာ ရှောင်ရှားလိုက်၏။

“ရွှေကျီးမျိုးနွယ်က ဟော်သဲ့သက်ရှိဖြစ်လာဖို့ ပင်ကိုသက်ရှိဆိုတဲ့ အဆင့်အတန်းကို စွန့်ပစ်ခဲ့တာပဲ။ မင်းတို့လူတွေက သွေးမျိုးဆက်ကို မကျင့်ကြံပဲနဲ့ မူလနည်းစနစ်ကို အသုံးပြုခဲ့ကြတယ်။ တကယ်လို့ မင်းတို့က သစ္စာဖောက် မဟုတ်ဘူးဆိုရင် ဘယ်သူလဲ”

“ငါတို့ဘိုးဘေးက ပင်ကိုသက်ရှိတွေရဲ့ ပြစ်ချက်ကို မြင်မိခဲ့ရုံပဲ။ နင်တို့တွေက သွေးမျိုးဆက်နဲ့ ပင်ကိုအရေးသာချက်အပေါ်မှာ မှီခိုလွန်းတယ်။ အဲဒါကြောင့် ပျက်သုဉ်းဖို့ ကံကြမ္မာ ပါလာတာပဲ” ကျင်းဝူဟွားက မောက်မာမှုအပြည့်ဖြင့် ပြန်ဖြေလိုက်သည်။

“သမိုင်းကြောင်းက ငါတို့တွေ ရွေးချယ်မှုမှန်ကန်တယ်ဆိုတာ ပြသခဲ့တာပဲ။ ဟော်သဲ့သက်ရှိက မိုးမြေရဲ့ ဇာတ်လိုက်ဖြစ်လာခဲ့တယ်”

ဘန်း

သူမ၏ ဧရာမလက်သည်းကြီးက အောင်းရှန်ကို ဖျက်ဆီးဖို့ ကြိုးစားလိုက်သည်။ သူမ၏ တိုက်ကွက်နောက်ကွယ်မှ စွမ်းအားသည် ဂလက်ဆီသန်းချီ၊ ကြယ်တာရာနှင့် ဂြိုလ်များစွာကို ဖျက်ဆီးနိုင်ပြီး အရာအားလုံးကို ရှင်းထုတ်ပစ်နိုင်သည့် အပူဓာတ်ပါ ပါလာသည်။

အောင်းရှန်၏ ရှေ့တွင် ဒိုင်းကာတစ်ခု ပေါ်ထွက်လာပြီး တိုက်ကွက်ကို ခုခံလိုက်သည်။ သူ့ခန္ဓာကိုယ်က အလင်းနှစ်များစွာ လွင့်စင်သွားစဉ် ကျင်းဝူဟွားက နောက်အနည်းငယ် ဆုတ်လိုက်ရသည်။ ထို့နောက် သူမက သူ့ကို ထပ်မံ ထိုးနှက်လိုက်သည်။

“မူလနည်းစနစ် ကျင့်ကြံလို့လား။ နင်တို့တွေလည်း အတူတူပဲ မဟုတ်ဘူးလား။ ပြီးတော့ နင်က ယခင်နှစ်သိန်းပိုင်းအတွင်းမှာ လူသားအတွေးအခေါ်တွေကို နတ်ဆိုးမျိုးနွယ်ထဲ ထည့်သွင်းနေတာကို သိတယ်။ အဲ့လောက်ကြီး ကြောင်သူတော်ဆန်မနေစမ်းပါနဲ့”

“မင်း ပြောချင်တာပြော။ ဘာမှပြောင်းလဲမှာ မဟုတ်ဘူး” အောင်းရှန်က ပြန်ဖြေလိုက်သည်။

“မင်းတို့တွေက နတ်ဆိုးမျိုးနွယ် ခေတ်ကာလများစွာ ဒုက္ခတွေ့ရတာကို ကြည့်နေပြီးတော့ မင်းတို့ဘာသာ ငြိမ်းငြိမ်းချမ်းချမ်း နေရင်းနဲ့ ပျော်ရွှင်နေတာလေ။”

အောင်းရှန်က ပတ်ဝန်းကျင်ဂလက်ဆီတစ်ခုလုံးကိုပင် အေးခဲပစ်နိုင်သည့် ရေခဲကို ဖန်တီးလိုက်သည်။ သို့သော်လည်း ကျင်းဝူဟွား၏ အပူချိန်က သူ့ကို လွှမ်းမိုးသွားကာ သူမ၏ တိုက်ကွက်ကို အလျင်အမြန် ရှောင်ရှားလိုက်ရသည်။

“ငါတို့ရဲ့ ရွှေကျီးမျိုးနွယ်က အသက်ရှင်သန်ဖို့ လုပ်ခဲ့တာပဲ။ ငါရော နင်ရော တခြားမျိုးနွယ်ရဲ့ ၉၉ ရာခိုင်နှုန်းက ငါတို့နေရာမှာဆိုရင် တူညီတဲ့ ရွေးချယ်မှုမျိုး လုပ်မယ်ဆိုတာ သိကြတာပဲ။ နင်တို့ရဲ့ အခြေအနေ ဆိုးရွားနေတာကို အခွင့်ကောင်း မယူတာကိုပဲ ကံကောင်းလှပြီ”

“အဲဒါဆိုတော့ ငါတို့ရဲ့ ကံဆိုးမှုကနေ အခွင့်ကောင်း မယူတာကိုပဲ ကျေးဇူးတင်သင့်တာလား” အောင်းရှန်က နှာခေါင်းရှုံ့ကာ ပြန်ဖြေလိုက်သည်။ သူက လက်ဝှေ့လိုက်ပြီးသည့်နောက်တွင် ဧရာမပင်လယ် လှိုင်းလုံးကို ဖန်တီးလိုက်သည်။ ထို့နောက် သူက ရေကို ထိန်းချုပ်ကာ ကျင်းဝူဟွားနှင့် ထိပ်တိုက်တွေ့ဆုံဖို့ ကြိုးစားလိုက်သည်။

သူမက အဆုံးစွန် ယန်မီးတောက်ကို ထုတ်လွှတ်လာပြီး ပင်လယ်ပြင်ကို အငွေ့ပျံသွားစေသည်။ ထိုဖြစ်စဉ်က မြန်ဆန်လွန်းလှသည့်အတွက် ရေငွေ့ သို့မဟုတ် မြူခိုးများပင် ထွက်မလာခဲ့ပေ။

“ငါတို့ပေးထားတဲ့ လူအားလုံးအတွက် ကျေးဇူးတင်သင့်တယ်။ ငါတို့မျိုးနွယ်သာ မရှိရင် နင်တို့နတ်ဆိုးမျိုးနွယ်က အဆရာချီ ပိုပြီးတော့ ဆိုးရွားနေမှာ”

“အဲ့ထက်ပိုပြီး လုပ်ခဲ့သင့်တယ်” သူက လက်ဝှေ့ပြီး စည်းပိတ်ခြင်းစွမ်းအားရှိသည့် သံကြိုးများကို ဖန်တီးလိုက်သည်။ ကျင်းဝူဟွားက ထိုသံကြိုးများကို မီးလောင်တိုက်သွင်းခဲ့ပြီးသည့်နောက် သူမက မျက်မှောင်ကြုတ်လိုက်သည်။

တစ်ခုခုတော့ မှားနေပြီ…

သူမက တွေးလိုက်မိသည်။

အောင်းရှန်ရဲ့ တာအိုက အမှောင်ထု။ ဒါပေမဲ့ ငါတို့တိုက်ခိုက်နေတုန်းမှာ သူက အမှောင်ထုနဲ့ မသက်ဆိုင်တဲ့ တခြားစွမ်းရည်အများကြီး ထုတ်သုံးခဲ့တယ်…

နှစ်ဦးသားက ယခင်က တွေ့ဆုံခဲ့ဖူးသည်။ နတ်ဆိုးမျိုးနွယ်က သူတို့၏ ရွှေကျီးမျိုးနွယ်အား အောင်းရှန်ကို သိုင်းပညာအုပ်စိုးသူကမ္ဘာသို့ မစေလွှတ်ခင် အရင်းအမြစ်များစုဆောင်းဖို့ ခြိမ်းခြောက်အကြပ်ကိုင်ခဲ့သည်။ သူတို့က လက်ထပ်ပွဲမှတဆင့် မဟာမိတ်ဖွဲ့ဖို့ရာအထိ အကြံပြုခဲ့၏။ ကျင်းဝူဟွားက အောင်းရှန်ကို လက်ထပ်ဖို့ ရည်ရွယ်ချက် မရှိပေ။ သို့သော်လည်း သူမက ထိုသူ့ဆီမှ သတင်းအချက်အလက်ကို သိလို၍ အကြံပြုချက်ကို ချက်ချင်း မငြင်းဆန်ခဲ့ဘဲ အရင်ဆုံးတွေ့ဖို့ တောင်းဆိုခဲ့သည်။

ငါက ဘယ်လိုလုပ် အဲ့လောက်ကြီး တုံးအသွားပါလိမ့်…

သူမက တစ်စုံတစ်ခုကို တွေးမိသွား၏။

ငါ့ရဲ့အခြေအနေက စက္ကန့်ပိုင်းနဲ့လိုက်ပြီးတော့ ယိုယွင်းနေတာ။ သူနဲ့ တိုက်ခိုက်မဲ့အစား ထွက်ပြေးသင့်တယ်…

သူက သူ့မလျှို့ဝှက်နည်းစနစ် အဆုံးသတ်သွားအောင် အချိန်ဆွဲနေကြောင်း သိလိုက်ရသည်။ ထို့ကြောင့် ကျင်းဝူဟွားက မြန်မြန်ဆန်ဆန် လှုပ်ရှားလိုက်၏။ သူမက ယန်တာအိုကို အသုံးပြုကာ အရှိန်စွမ်းအားကို ရယူပြီး တခြားတစ်ဖက်သို့ ထွက်ပြေးလိုက်သည်။

ကျစ်

အောင်းရှန်က သူမရှေ့တွင် ပေါ်ထွက်လာ၏။ အမှောင်ထုတိမ်တိုက်က ရွှေကျီးကို ဝါးမျိုပစ်တော့မည့်ဟန်ပေါ်နေသည်။ သို့သော်လည်း ကျင်းဝူဟွားက ထိုလှုပ်ရှားမှုကို စောင့်ဆိုင်းနေသည့်အလား ဖြစ်၏။ သူမက ယန်တာအိုကို အသုံးပြုကာ အမှောင်ထု၏ ဆန့်ကျင်ဘက် ဖြစ်သည့် အလင်းစွမ်းအားကို ထိန်းချုပ်လိုက်သည်။

ကျစ်

အောင်းရှန်က လိပ်နတ်ဆိုး မျိုးနွယ်ဆီမှ သွေးမျိုးဆက်စွမ်းရည်ကို အသက်သွင်းလိုက်ပြီးသည့်နောက် ရေရွတ်လိုက်သည်။

ဘန်း

မြောက်ဖက်ပိုင်းနေရာတစ်ခုတွင် ပေါက်ကွဲသံ အကျယ်ကြီးတစ်ခု ထွက်ပေါ်လာ၏။ အောင်းရှန်က လက်ဝှေ့လိုက်ပြီး သူ့အနားမှ တိမ်မဲများကို ဖယ်ရှားလိုက်သည်။ သူ့အဝတ်အစားများက ကြေမွနေပြီး သူ့မျက်နှာနှင့် ဆံပင်များတွင် မီးလောင်ကျွမ်းရာများ ရှိနေသည်။

သို့သော်လည်း စက္ကန့်ပိုင်းလေးအတွင်း သူက ပုံမှန် ပြန်ဖြစ်သွား၏။ သူက ဘေးပတ်လည်ကို ကြည့်လိုက်စဉ် ကျင်းဝူဟွားက ပျောက်သွားပြီဖြစ်ကြောင်း တွေးလိုက်ရသည်။

“မင်း လွတ်မယ်များ ထင်နေလား” သူက ရေရွတ်လိုက်၏။ သူက ကောင်းကင်ခွေးမျိုးနွယ်၏ အနံ့ခံစွမ်းရည်နှင့် ခရမ်းရောင်လင်းနို့၏ အသံအာရုံခံခြင်းကို အသုံးပြုခဲ့သည်။ ပထမဦးစွာ သူက ဘာမှအာရုံမခံမိသော်လည်း စိတ်ဓာတ်မကျပေ။

သူ့ဟွင်သွမ်းသွေးမျိုးဆက်က စွမ်းအင်အများကြီး ပါဝင်နေပြီး နောက်ယောင်ခံဖို့အတွက် အသုံးပြုနိုင်သည့်အရာများစွာ ရှိလေသည်။ ထို့ကြောင့် သွေးမျိုးဆက် စွမ်းရည်တချို့ ရှာဖွေပြီးသည့်နောက်တွင် ပစ်မှတ်ကို တွေ့ရှိသွား၏။

ထို့နောက် သူက ပုတ်သင်ညို၏ သွေးမျိုးဆက်စွမ်းရည်ကို အသုံးပြုကာ ကိုယ်ဖျောက်လိုက်သည်။

………………………………………..

တောင်ဘက်ပိုင်း

ကျင်းဝူဟွားက ပေါ်ထွက်လာပြီး ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ သူမ၏ အရှိန်အဝါက သိသိသာသာ လျော့ကျနေပြီး လူသားအသွင်အပြင်သို့ ပြန်ရောက်ရှိသွားပြီ ဖြစ်၏။ သို့သော်လည်း သူမ၏ လက်ရှိအခြေအနေက ဆိုးရွားနေပြီဖြစ်ကာ သေလုနီးပါး ၉၀အရွယ် အမျိုးသမီးတစ်ယောက်လို ဖြစ်နေသည်။

အခုတော့ ငါ ဘေးကင်းသွားလောက်ပါပြီ…

သူမက အနီးနားရှိ တစ်ပိုင်းတစ်စပျက်စီးနေသည့် ကြယ်တာရာတစ်လုံးဆီ သွားကာ အစီအရင်ကို ခင်းကျင်းဖို့ တွေးလိုက်သည်။ သူမက ဆေးလုံးများစွာ သောက်သုံးလိုက်ပြီး ဒဏ်ရာကို မြန်မြန်ဆန်ဆန် ကုစားဖို့ ကြိုးစားလိုက်၏။

ဆယ်မိနစ်မကြာသေးခင် သူမ၏ ပတ်ဝန်းကျင်တစ်ခုလုံး တုန်ခါလာသလို ခံစားလိုက်ရသည်။ သူမက နေရာတစ်ခုလုံး စည်းပိတ်ခံလိုက်ရသည်ကို ခံစားမိလိုက်၍ အမူအရာ ပျက်ယွင်းသွား၏။

“အောင်းရှန် … ဒီလောက်ထိလုပ်မှ ဖြစ်မှာလား” သူမက အော်ပြောလိုက်သည်။

“ဒါပေါ့” အေးစက်စက် အသံတစ်ခု ထွက်ပေါ်လာသည်။

“ကောင်းပြီ။ အဲဒါဆို နင်နဲ့ အဆုံးထိ တိုက်မယ်”

ကျင်းဝူဟွားက သူမ၏ နတ်ဆိုးပုံစံကို ပြန်ပြောင်းပြီး အောင်းရှန်ဆီ ပြေးဝင်သွားလိုက်သည်။ သူမ၏ လျှို့ဝှက်နည်းစနစ်အားလုံးကို အသုံးပြုပြီးပြီဖြစ်ကာ ယခုအခါ လောင်စာဆီ ကုန်နေသည့် မီးအိမ်တစ်ခုမှ လွဲ၍ ဘာမှမဟုတ်ပေ။

သို့သော်လည်း သူ့မျက်နှာအထက် လှောင်ပြုံးက ကြာရှည်မခံဘဲ အမူအရာပျက်ယွင်းသွား၏။

“မင်း” သူက အော်ပြောလိုက်စဉ် နောက်ကျလွန်းသွားခဲ့ပြီ ဖြစ်၏။

ဝုန်း

ကျင်းဝူဟွားက ညှာတာမှုကင်းမဲ့ကာ သူမ၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်အများစုကို ဖောက်ခွဲပစ်ပြီး ကောင်းကင်ထိ ရောက်မည့် မီးမုန်တိုင်းကို ဖန်တီးခဲ့သည်။ သူမ၏ ဝိညာဉ်တစ်စိတ်တစ်ပိုင်းက လွတ်မြောက်သွား၏။

ထိုပေါက်ကွဲမှုအလယ်တွင် အောင်းရှန်က ဆိုးဆိုးရွားရွား အခြေအနေဖြင့် ရပ်နေလေသည်။ သူက အပေါ်ပိုင်းခန္ဓာကိုယ်သာ ရှိတော့ပြီး ခန္ဓာကိုယ်အနှံ့ လောင်ကျွမ်းရာအပြည့် ဖြစ်နေသည်။ သူ့မျက်နှာအထက် ဒေါသအရိပ်အယောင် ဖြတ်ပြေးသွားပြီးသည့်နောက်တွင် ပြန်လည် တည်ငြိမ်သွား၏။

“ကိစ္စမရှိဘူး။ ငါ့ရည်ရွယ်ချက် အောင်မြင်သွားပြီ” သူက ခုန်နေသေးသည့် နှလုံးသားကို ဆင့်ခေါ်ပြီး ရေရွတ်လိုက်သည်။ ထိုခန္ဓာမပေါက်ကွဲသွားခင် သူက သွေးမျိုးဆက်အရင်းအမြစ် ထုတ်ယူနိုင်သည့် နှလုံးသားကို ရယူနိုင်ခဲ့သည်။

“ဒါပေမဲ့ အခြေအနေတွေက စက္ကန့်ပိုင်းနဲ့အလိုက် ပြောင်းလဲနေတာဆိုတော့ ကုသဖို့ အချိန်အကြာကြီး ယူလို့မဖြစ်ဘူး”

သူက အချိန်မဖြုန်းဘဲ နတ်ဆိုးမျိုးနွယ်ဘက် ပြန်လာလိုက်သည်။ အောင်းရှန်က အကောင်းဆုံး ကုသရေးဆေးလုံးများကို သောက်သုံးလိုက်သော်လည်း မလုံလောက်သေးကြောင်း သိလေသည်။ ထို့ကြောင့် နတ်ဆိုးမျိုးနွယ်အား သူတို့၏ အသက်ဓာတ်ကို သူ့ခန္ဓာကိုယ်ထဲ ထည့်သွင်းပြီး ဖြစ်စဉ်ကို မြှင့်တင်ဖို့ တောင်းဆိုခဲ့သည်။

ထို့အပြင် သူက ဆိုးဆိုးရွားရွား ဒဏ်ရာများကို ကုစားဖို့အတွက် ပြီးပြည့်စုံသည့် သွေးမျိုးဆက်စွမ်းအင် တချို့လည်း ရှိနေ၏။ ထိုစဉ် ကျင်းဝူဟွား၏ ကမ္ဘာဦးစိတ်ဝိညာဉ် အကြွင်းအကျန်က အနောက်ဖက်ပိုင်းတွင် ပေါ်ထွက်လာသည်။ သူမက နေရာတစ်ခုတွင် ပုန်းအောင်းနေလေသည်။ ဤတစ်ကြိမ်တွင် သတိကြီးကြီးထားထား၏။

“ငါ့ဧကရာဇ်လမ်းစဉ်က ဒုတိယအကြိမ်မြောက် အဆုံးသတ်တော့မှာလား” သူမက သူ ပြန်လည်သုံးသပ်ရင်း ရေရွတ်လိုက်သည်။ လက်ရှိအခြေအနေတွင် သူမက နောက်ထပ် ခန္ဓာကိုယ်တစ်ခုရဖို့ မဖြစ်နိုင်ပေ။ အထူးသဖြင့် သူမ၏ ကမ္ဘာဦးစိတ်ဝိညာဉ်အများစုက ဖျက်ဆီးခံလိုက်ရသည့်အခါတွင် ဖြစ်၏။

ထို့အပြင် သူမက ဤတိုက်ပွဲအတွင်း လုပ်ဆောင်ချက် မည်မျှ နိမ့်ကျကြောင်း သဘောပေါက်ခဲ့သည်။ ဝါရင့်တစ်ယောက်အနေဖြင့် သူမက အမှားအယွင်းများစွာ လုပ်ခဲ့ပြီး ပထမတိုက်ပွဲတွင် မလုပ်ခဲ့သည့် အမှားများပင် အပါအဝင်ဖြစ်၏။

သူမက သူမအဖေ ပျောက်ကွယ်သွားမှုနှင့်ပတ်သက်ပြီး စိုးရိမ်မှုများကို မရပ်တန့်နိုင်ခဲ့ပေ။

ကိစ္စများကို ရှာဖွေပြီးသည့်နောက်တွင် ကျင်းဝူဟွားက ပါးစပ်ဟလိုက်သော်လည်း မလိုလားမှု ခံစားချက်တစ်ခုက စကားများအား ထွက်မလာအောင် တားဆီးထားလေသည်။

ထို့ကြောင့် သူမက ပြန်ပြန်လှန်လှန် သုံးသပ်ပြီးသည့်နောက်တွင် သက်ပြင်းချကာ ပြောလိုက်သည်။

“ကျွန်မ အရှုံးပေးတယ်”

အဖြူရောင်အလင်းတန်းက သူမကို လွှမ်းခြုံသွားပြီး သူမက ပြိုင်ပွဲဝင် မဟုတ်တော့ကြောင်း သတင်းစကားရရှိလိုက်သည်။

ကျင်းဝူဟွားက သက်ပြင်းချလိုက်ပြီး ဝမ်းနည်းမှုကို မထိန်းချုပ်နိုင်တော့ပေ။ သူမက လက်ဝှေ့လိုက်ပြီးသည့်နောက်တွင် အရိုးတစ်ခုကို ထုတ်ဖော်လိုက်သည်။ သူမက သူမ ခန္ဓာကိုယ်ကို ဖျက်ဆီးလိုက်သော်လည်း သူမအဖေ၏ ဧကရာဇ်အရိုးကို ထိန်းသိမ်းထားခဲ့သည်။

ငါ့လက်ရှိအခြေအနေနဲ့ ရွှေကျီးမျိုးနွယ်ဆီ ပြန်လို့မဖြစ်ဘူး…

လူများစွာက ထိုအရိုးကို လိုချင်နေသည်ဖြစ်ရာ သူမ၏ အားနည်းလှသည့် အခြေအနေတွင် သူတို့ကို ထိန်းချုပ်ဖို့ ယုံကြည်ချက် မရှိပေ။

အရင်ဆုံးအားဖြည့်ဖို့ နေရာ ရှာရမယ်။ ပြီးတော့ ငါ အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာဆီ တက်လှမ်းဖို့ နည်းလမ်းရှာရမယ်…

သူမက ဒိုင်မေးရှင်းအမြင့်ဆီ မည်သို့တက်လှမ်းနိုင်ကြောင်း တစ်ချက်ကြည့်လိုက်သည်။

ငါ့အဖေရဲ့ ထာဝရအရှင် ဒါမှမဟုတ် တာအိုဘိုးဘေးကို ငါ့နဲ့ အတူ တက်လှမ်းဖို့ ဖျောင်းဖျနိုင်သရွေ့ တက်လှမ်းနိုင်တယ်…

ကျင်းဝူဟွားက စဉ်းစားလိုက်သည်။ ထိုလူများက မျိုးနွယ် သို့မဟုတ် အင်အားစုများ၏ အစောင့်အရှောက်တာဝန်ကို ကျိန်စာတစ်ခုအဖြစ် မှတ်ယူထားသူများ ဖြစ်၏။ သူတို့က အရင်းအမြစ်နှင့် အခွင့်အလမ်းများ ပြည့်နှက်နေသည့် ဒိုင်မေးရှင်းအမြင့်ဆီ တက်လှမ်းဖို့ အိပ်မက်မက်နေကြသည်။

သူမသာ သူတို့၏ လွတ်လပ်ခွင့်ကို ပေးမည်ဟု ကတိပေးသရွေ့ လူများစွာက ပျော်ပျော်ရွှင်ရွှင် ကူညီပေးကြလိမ့်မည်။ သို့သော်လည်း မဟာဧကရာဇ်မှလွဲ၍ သေမျိုးများကို ဒိုင်မေးရှင်းအမြင့်ဆီ ခေါ်ဆောင်သွားဖို့အတွက်တော့ မလွယ်ကူလှပေ။

All Chapters