တည်နေရာရွှေ့ပြောင်း ဘုတ်ပြား
Vol. 27 Ch. 360
သတ္တုဘုတ်ပြားရဲ့ အစောင့်အကြပ်ကတော့ ကြီးမားလှတဲ့ စပါးအုံးမြွေကြီး တစ်ကောင်ပါပဲ။ လီဖူချန်း အနားကို ကပ်လာပြီဆိုတာနဲ့ တစ်ပြိုင်နက် စပါးအုံးမြွေကြီးဟာ ခွေအိပ်နေရာကနေ ပါးပျဉ်းထောင်လာပြီး လီဖူချန်းကို တိုက်ခိုက်ပါတော့တယ်။
ဝှီး……
ဖန်း……………
လီဖူချန်းကလည်း သည်အခြေအနေအတွက် ကြိုတင် ပြင်ဆင်ပြီးသားပါပဲ။ သူက ဘေးကို မီတာဝက်မျှ ရှောင်တိမ်းပြီး စပါးအုံးမြွေကြီးရဲ့ ဦးခေါင်းကို ပြန်လည် တိုက်ခိုက်လိုက်ပါတယ်။
ထန်……
လီဖူချန်းက သတ္တုတုံးကြီး တစ်တုံးကို ထိုးလိုက်ရသလို ပါပဲ။ ထုံကျဉ်မှုက သူ့ရဲ့ လက်မောင်း တစ်လျှောက် ဆန်တက် လာခဲ့ပါတယ်။
" သည်စပါးအုံး မြွေကြီးရဲ့ ခန္ဓာကိုယ်က အဆင့်၅ မိစ္ဆာသားရဲထက်တောင် ပိုမာ နေတာလားဟ "
လီဖူချန်းကတော့ ညည်းတွား နေမိပါပြီ။
အဆင့်၅ မိစ္ဆာတွေရဲ့ ခန္ဓာကိုယ်ဆိုတာက အလှပြသက်သက် မဟုတ်ပါဘူး။ လက်ရှိ လီဖူချန်း ကိုယ်တိုင်တောင်မှ ချိုတစ်ချောင်း နတ်ဆိုးဘုရင်ကို အနိုင်ယူနိုင်ရုံ လောက်သာ အစွမ်းရှိတာပါ။ သူ့အနေနဲ့ ချိုတစ်ချောင်း နတ်ဆိုးဘုရင်ကို သတ်ဖို့အထိတော့ မစွမ်းသေးပါဘူး။ သွေးနတ်ဆိုး ဘုရင်ကိုဆိုရင်တော့ ပြောမနေပါနဲ့တော့။
ဒါပေမဲ့ အခုတော့ သူဟာ အဆင့်၅ မိစ္ဆာသားရဲ ခန္ဓာကိုယ်ထက် ပိုမာကျောတဲ့ စပါးအုံးမြွေကြီးကို အနိုင်ယူရပါတော့မယ်။ ဒါက တကယ့်ကို မဖြစ်နိုင်သလောက်ပါပဲ။
" ဟူး…… မလွယ်ကြောဘဲဟေ့ ……"
လီဖူချန်း က အနီးအနား ပတ်ဝန်းကျင်ကို တစ်ချက် လေ့လာလိုက်တဲ့ အခါမှာတော့ သွေးနတ်ဆိုးဘုရင်ဟာ သူ့ရဲ့ ဒုတိယ ပစ်မှတ်ကိုတောင် ရွေးနေပါပြီ။ ကျန်တဲ့သူတွေကလည်း သူတို့ရဲ့ ပြိုင်ဘက်တွေကို ဖိနှိပ်ထားကြပါတယ်။
" ငါ သူတို့အောင်မြင်တဲ့အထိ စောင့်နေလို့တော့ မဖြစ်ဘူး။ သည်စပါးအုံးမြွေကြီးကို မရရတဲ့နည်းနဲ့ အနိုင်ယူမှ ဖြစ်မယ် "
သည်ငွေအကြေးခွံ ရတနာချပ်ဝတ်တန်ဆာနဲ့ ဆိုရင်တော့ လီဖူချန်းဟာ စပါးအုံးမြွေကြီးရဲ့ တိုက်ခိုက်မှုကို သိပ်ပြီး စိုးရိမ်နေစရာ မလိုတော့ပါဘူး။ သူက တိုက်စစ်ကို အလေးပေးပြီး တိုက်ခိုက်နိုင်ပါပြီ။
" ဝိညာဉ်ခွဲဖြာ သတ္တုရိုးလက်သီး "
ရုတ်တရက် ဆိုသလို လီဖူချန်းရဲ့ ဘယ်ဘက်လက်သီးနဲ့ ညာဘက်လက်သီးရဲ့ အရေပြားတွေဟာ ကွဲထွက် သွားခဲ့ပါတယ်။ ထို့နောက်မှာတော့ နက်ရွှေရောင် အလင်းတန်းတွေဟာ သူ့ရဲ့ လက်သီးနှစ်လုံးကနေ ထွက်ပေါ်လာခဲ့ပါပြီ။ ဒါက လီဖူချန်းရဲ့ လက်သီးနှစ်လုံးမှာ ချော်ရည်ခဲတွေ ဖုံးအုပ်ထားသလိုပါပဲ။
ဒါက သတ္တုရိုးလက်သီးသိုင်းရဲ့ အစွမ်းအထက်ဆုံး သိုင်းကွက် ဖြစ်ပါတယ်။ လီဖူချန်းဟာ သည်သိုင်းကွက်ထဲမှာ ဆင်နဂါခွန်အား အတော်များများကို ထည့်သုံးထားတာပါ။
အစောပိုင်းတုန်းက လီဖူချန်းတစ်ယောက် အသက်တစ်ကြိမ် ရှူလိုက်တိုင်းမှာ ဆင်နဂါး စွမ်းအားတစ်မျှင် ကုန်ဆုံးတယ်ဆိုရင် အခုချိန်မှာတော့ အသက်တစ်ကြိမ် ရှူလိုက်တိုင်း ဆင်နဂါးစွမ်းအင် သုံးမျှင် ကုန်ဆုံးနေပါပြီ။
သူ့ရဲ့ ခန္ဓာကိုယ်ထဲမှာ ဆင်နဂါးစွမ်းအင် အမျှင် ၁၂၀၀ကျော်လောက်သာ ကျန်ရှိတော့တဲ့ အတွက် သူ့ရဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှု အရည်အသွေးတောင်မှ အနည်းငယ် လျော့ကျ လာပါတယ်။
သည်အတိုင်းသာ ဆက်သွားနေရင်တော့ လီဖူချန်းရဲ့ ဆင်နဂါး ခွန်အားတွေဟာ သိပ်မကြာခင်မှာပဲ ကုန်ဆုံးသွားတော့မှာပါ။
ဆင်နဂါးခွန်အားသာ မရှိတော့ရင်တော့ လီဖူချန်းရဲ့ ခံနိုင်ရည်ဟာ အဆင့်၁ ပြန်လည် ဝင်စားခြင်း နယ်ပယ်ပညာရှင်ရဲ့ တိုက်ခိုက်မှုကိုတောင်မှ အနိုင်နိုင်ပါပဲ။
" ငါ…… သည်စပါးအုံးမြွေကြီးကို အမြန်ဆုံး အနိုင်ယူမှ ဖြစ်မယ် "
လီဖူချန်းက လေထဲကို ခုန်တက်သွားပြီး စပါးအုံးမြွေကြီးရဲ့ ဦးခေါင်းကို လက်သီးဖြင့် ထိုးထည့် လိုက်ပါတယ်။
သည်တစ်ကြိမ်မှာတော့ လီဖူချန်းရဲ့ လက်သီးဟာ ထုံကျဉ်မှုကို မခံစားရပါဘူး။ သူက စပါးအုံးမြွေကြီးရဲ့ နဖူးအလယ် တည့်တည့်မှာ လက်သီးရာတစ်ချက်ကို ချန်ထားနိုင်ခဲ့ပါတယ်။
" ဝိုး…… သတ္တုရိုးလက်သီးသိုင်းရဲ့ ပွဲသိမ်းတိုက်ကွက်က မဆိုးပါလားဟ "
လီဖူချန်းက သူ့ရဲ့လက်သီးကို သည်လောက်အထိ အစွမ်းထက်မယ်လို့ မထင်ထားခဲ့တာ အမှန်ပါပဲ။သည်အတိုင်းဆိုရင်တော့ အသက်တစ်ချက် ရှူလိုက်တိုင်းမှာ ဆင်နဂါးစွမ်းအား သုံးမျှင် ကုန်ဆုံးသွားတာက တန်တယ်လို့ သတ်မှတ်ရမှာပါ။ဆင်နဂါးခွန်အားနဲ့ သတ္တုရိုး လက်သီးကို ရောနှော အသုံးပြုထားတဲ့ လီဖူချန်းရဲ့ လက်သီးက အဆင့်၄ ပြန်လည် ဝင်စားခြင်းနယ်ပယ် ပညာရှင်ကိုတောင်မှ ဒဏ်ရာ အပြင်းအထန် ရသွားစေနိုင်ပါတယ်။
လီဖူချန်းဟာ အနီးကပ် တိုက်ပွဲတွေမှာဆိုရင် အဆင့်၄ ပြန်လည် ဝင်စားခြင်း နယ်ပယ် ပညာရှင် တစ်ယောက်ကိုတောင် ယှဉ်တိုက်နိုင်လောက်ပါပြီ။
ဒါပေမဲ့ ငွေရောင်အကြေးခွံ ချပ်ဝတ်တန်ဆာကိုလည်း ထည့်တွက်ရပါဦးမယ်။ သည်ချပ်ဝတ်တန်ဆာ မပါရင်တော့ လီဖူချန်းရဲ့ ခန္ဓာကိုယ်ဟာ အဆင့်၃ ပြန်လည်ဝင်စားခြင်း နယ်ပယ် ပညာရှင်ရဲ့ တိုက်ခိုက်မှုကိုပဲ ခံနိုင်မှာပါ။ အဆင့်၄ ပြန်လည်ဝင်စားခြင်း ပညာရှင်ရဲ့ တိုက်ခိုက်မှုကိုတော့ ခံနိုင်စရာ အကြောင်းမရှိပါဘူး။
နောက်ပြီးတော့ အားနည်းချက်တစ်ခု ရှိပါသေးတယ်။ အဲဒါကတော့ အချိန်ပါပဲ။ လီဖူချန်းက အဆင့်၄ ပြန်လည်ဝင်စားခြင်း နယ်ပယ် ပညာရှင်နဲ့ အချိန် အကြာကြီး ယှဉ်တိုက်နိုင်မှာ မဟုတ်ပါဘူး။ ဆင်နဂါး စွမ်းအားတွေ ကုန်သွားပြီဆိုတာနဲ့ လီဖူချန်းဟာ အောက်စည်းကို ရောက်သွား တော့မှာပါ။
" ဒါကြောင့်လည်း ခန္ဓာကိုယ် သန့်စင်ခြင်း လမ်းစဉ်က လေ့လာလိုက်စားသူ သိပ်မရှိတာကိုး "
လီဖူချန်းက ခန္ဓာကိုယ်သန့်စင်ခြင်း လမ်းစဉ်ရဲ့ အားနည်းချက်ကို နားလည်သလိုလို ရှိသွားခဲ့ပါပြီ။ သည်လမ်းစဉ်က ရေရှည်တိုက်ရတဲ့ တိုက်ပွဲတွေနဲ့ သင့်လျော်ခြင်း မရှိပါဘူး။
ဘုန်း…… ဘုန်း…… ဘုန်း……
လီဖူချန်းကတော့ စပါးအုံးမြွေကြီးရဲ့ ခန္ဓာကိုယ်ပေါ်မှာ သူ့ရဲ့ လက်သီးရာတွေ တစ်ခုပြီးတစ်ခု တံဆိပ် ရိုက်နှိပ်နေပါတယ်။
တစ်ချိန်တည်းလိုလိုမှာပဲ သူ့ရဲ့ ဆင်နဂါး စွမ်းအင်တွေဟာလည်း လျော့ပါးလာခဲ့ပါပြီ။ အဲဒါကတော့ လီဖူချန်းအတွက် စိတ်မချမ်းမြေ့ စရာပါပဲ။
ဘန်း………
အခြားတစ်ဖက်မှာတော့ ရှင်းတိကောဝမ်ဟာ သူ့ရဲ့ ပြိုင်ဘက်ဖြစ်တဲ့ ရတနာ အစောင့်အကြပ်ကို အနိုင်ယူကာ မဟူရာလက်အိတ် တစ်စုံကို ရယူလိုက်ပါပြီ။
ရှင်းတိကောဝမ်က လီဖူချန်းကို ဂရုမစိုက်အားသေးတဲ့ ပုံပါပဲ။ သူက အလျင်အမြန်ပင် နောက်ထပ် သလင်းကျောက်သေတ္တာ တစ်ခုဆီသို့ ခုန်ဝင်သွားပြန်ပါတယ်။
အခုချိန်မှာ ရှင်းတိကောဝမ် အတွက်ကတော့ သည်ရတနာတွေကပဲ ပထမဦးစားပေး ဖြစ်နေပါပြီ။
လီဖူချန်း………
လီဖူချန်းကိုတော့ ရှင်းတိကောဝမ်ဟာ ကြိုက်တဲ့အချိန်မှာ ပြဿနာ ရှာနိုင်ပါတယ်။
ရှင်းတိကောဝမ် သူ့ရဲ့ ဒုတိယမြောက် ပစ်မှတ်ကို ရယူပြီးသွားချိန်မှာပဲ သွေးနတ်ဆိုးဘုရင်က သူ့ရဲ့ ပထမဦးဆုံး ရတနာကို ရယူနိုင်ခဲ့ပါပြီ။
သွေးနတ်ဆိုးဘုရင်အတွက် ကျောက်သလင်း သေတ္တာကတော့ မကျန်တော့ပါဘူး။ အဲသည်အတွက် သွေးနတ်ဆိုးဘုရင်ဟာ ပတ်ဝန်းကျင်ကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး အခြေအနေကို ဆန်းစစ်လိုက်ပါတယ်။
ပထမဆုံး သူ့မျက်လုံးထဲကို ဝင်လာတာကတော့ ရှင်းတိကောဝမ်ပါပဲ။ ဒါပေမဲ့ သူဟာ ရှင်းတိကောဝမ်ကို ရန်မစရဲပါဘူး။
ချိုတစ်ချောင်း နတ်ဆိုးဘုရင်………။
ချိုတစ်ချောင်း နတ်ဆိုးဘုရင်ကလည်း သူ့လိုပဲ နတ်ဆိုး၁၀ပါးနယ်မြေက ခေါင်းဆောင် တစ်ဦးပါ။ သွေးနတ်ဆိုး ဘုရင်အနေနဲ့ ချိုတစ်ချောင်း နတ်ဆိုးဘုရင်ကို တိုက်ခိုက်စရာ အကြောင်းအရင်း မရှိပါဘူး။
အဲသည်အတွက် သွေးနတ်ဆိုးဘုရင် ရန်ရှာစရာဆိုလို့ လီဖူချန်းနဲ့ ခေ့ါယွင်ပဲ ကျန်ပါတော့တယ်။
ခေါ့ယွင်က ဆန်းကြယ်ကိရိယာဂိုဏ်းရဲ့ အထွဋ်ခေါင်ချုပ် အကြီးအကဲ တစ်ယောက်ပါ။ ဆန်းကြယ် ကိရိယာဂိုဏ်းရဲ့ ပညာရှင်တွေဟာ သူတို့ရဲ့ ခန္ဓာကိုယ်ပေါ်မှာ ရေးထိုးထားတဲ့ အင်းကွက်တွေနဲ့ ပတ်သက်ပြီး နာမည်ကျော်ကြားပါတယ်။ အဲသည် အင်းကွက်တွေက ခံနိုင်ရည်ကို မြှင့်တင်ပေးနိုင်တဲ့ အတွက် ခေ့ါယွင်ရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုကလည်း အတော်လေး ကောင်းမှာ အမှန်ပါပဲ။
သေသေချာချာ စဉ်းစားပြီးတဲ့နောက်မှာတော့ သွေးနတ်ဆိုးဘုရင်ဟာ လီဖူချန်းကို ရွေးချယ်လိုက်ပါပြီ။ ဒါက အကောင်းဆုံး ရွေးချယ်မှု တစ်ခုပါပဲ။
" လောလို့ မဖြစ်သေးဘူး။ သည်ကောင်လေးနဲ့ စပါးအုံးမြွေတို့ အရင် တိုက်ခိုက်ကြပါစေ။ ပြီးမှ ငါက အလစ်ချောင်းပြီး တိုက်လိုက်မယ် "
သွေးနတ်ဆိုးဘုရင်က တကယ့်ကို အခွင့်အရေး သမားပါပဲ။ သူက ဟုတ်မာတဲ့ အစီအစဉ် တစ်ခုကိုပါ ရေးဆွဲ ထားလိုက်ပါသေးတယ်။
လီဖူချန်းကလည်း သူ့ကို သွေးနတ်ဆိုးဘုရင် ချောင်းနေတယ် ဆိုတာကို သတိပြုမိ သွားခဲ့ပါပြီ။ ဒါက ကောင်းတဲ့ အရာတော့ မဟုတ်ပါဘူး။ သွေးနတ်ဆိုးဘုရင်ရဲ့ ခွန်အားက ရှင်းတိကောဝမ်ထက် အနည်းငယ်လေးသာ နိမ့်ကျတာပါ။
သိပ်မကြာခင်မှာပဲ ခေါ့ယွင်ကလည်း သူ့ရဲ့ ရတနာကို ရယူလိုက်နိုင်ပါပြီ။ သူကလည်း ပတ်ဝန်းကျင် အခြေအနေကို တစ်ချက် အကဲခတ်လိုက်ပြီး လီဖူချန်းကိုပဲ နောက်ထပ် ပစ်မှတ်အဖြစ် ရွေးချယ် လိုက်ပြန်ပါတယ်။
" ရတနာဆိုတာက မိတ်ဆွေ ကောင်းတွေကိုတောင်မှ ရန်သူတွေ အဖြစ် ပြောင်းလဲ သွားစေနိုင်တယ် "ဆိုတဲ့ ဆိုရိုးစကားပင် ရှိနေသေးတာ မဟုတ်ပါလား။
ခရက် …… ခရက်……
စပါးအုံးမြွေကြီးရဲ့ ခန္ဓာကိုယ်ဟာ ကွဲအက်စ ပြုလာခဲ့ပါပြီ။ စပါးအုံးမြွေကြီးရဲ့ ခန္ဓာကိုယ်ပေါ်မှာတော့ လီဖူချန်းရဲ့ လက်သီးရာတွေ ဗရပွပါပဲ။
"သေစမ်း "
အဲသည်အချိန်မှာပဲ အခွင့်ကောင်းကို စောင့်နေတဲ့ သွေးနတ်ဆိုးဘုရင်ဟာ လီဖူချန်းဆီကို ခုန်ဝင်လာပြီး တိုက်ခိုက် လိုက်ပါတော့တယ်။
ခေါ့ယွင်ကလည်း တစ်ဖက်လူကို လက်ဦးမှု ရယူခွင့် မပေးပါဘူး။ သူကလည်း အားကျမခံ လီဖူချန်းကို တိုက်ခိုက်လိုက်ပါပြီ။
' ငါက သည်အချိန်ကို စောင့်နေတာကွ '
လီဖူချန်းက သည်လိုဖြစ်လာမယ် ဆိုတာကို မျှော်လင့်ပြီးသားပါပဲ။ သူက ခေ့ါယွင်နဲ့ သွေးနတ်ဆိုးဘုရင် တိုက်ခိုက်လာမယ့် အချိန်ကို စောင့်ဆိုင်းနေတာပါ။
ဝှီး…… ဖတ်……
လီဖူချန်းက စပါးအုံးမြွေကြီးရဲ့ ခန္ဓာကိုယ်ကို တက်နင်းကာ အားယူလိုက်ပြီး လေထဲကို ခုန်တက် လိုက်ပါတယ်။
ဝုန်း…… ဝုန်း……
အက်ကွဲစပြုနေပြီ ဖြစ်တဲ့ စပါးအုံးမြွေကြီးကတော့ သွေးနတ်ဆိုးဘုရင်နဲ့ ခေါ့ယွင်ရဲ့ တိုက်ခိုက်မှုတွေကို လီဖူချန်းအစား ခံလိုက်ရပါပြီ။
သွေးနတ်ဆိုးဘုရင်နဲ့ ခေါ့ယွင်ရဲ့ တိုက်ခိုက်မှုကို ခံလိုက်ရတဲ့ စပါးအုံးမြွေကြီးကတော့ တုတ်တုတ်မျှကို မလှုပ်တော့ပါဘူး။
တစ်ချိန်တည်းမှာပဲ လီဖူချန်းဟာ သလင်းကျောက် သေတ္တာထဲက သတ္တုဘုတ်ပြားကို ဆွဲယူလိုက်ပါပြီ။
" သေချင်နေတာလား……။ ရတနာကို ပြန်ချထားခဲ့စမ်း "
သွေးနတ်ဆိုး ဘုရင်က လီဖူချန်းထံကို ဆူးချွန်တစ်ချောင်း ပစ်လွှတ်ကာ တိုက်ခိုက် လိုက်ပါတယ်။
ထန်……
သည်ဆူးချွန်က လီဖူချန်းရဲ့ ငွေအကြေးခွံ ချပ်ဝတ်တန်ဆာကို ဖောက်ထွင်းနိုင်စွမ်း မရှိပါဘူး။ ဒါပေမဲ့ သည်ဆူးချွန်နဲ့အတူ ပါလာတဲ့ ခွန်အားက လီဖူချန်းကို လွင့်ထွက် သွားစေပါတယ်။
" ငါလိုချင်တဲ့ ရတနာကို ရခဲ့ပြီ။ သည်နန်းတော်ထဲက အမြန်ဆုံး ထွက်မှ ဖြစ်တော့မယ် "
လီဖူချန်းကလည်း တကယ့် လူပါး တစ်ယောက်ပါပဲ။ သူက သွေးနတ်ဆိုးဘုရင်ရဲ့ ဆူးချွန်ကို တမင်တကာ အထိခံလိုက်တာပါ။ သူက ဆူးချွန်ကြောင့် လွင့်ထွက်သွားတာကို အခွင့်ကောင်းယူပြီး နန်းတော်ငယ်လေးရဲ့ တံခါးပေါက်ဝဆီသို့ ပြေးပါတော့တယ်။
" ဉာဏ်များလိုက်တဲ့ ခွေးသူတောင်းစားလေး……။ သည်လို ထွက်ပြေးလို့ ရမတဲ့လား……"
ခေ့ါယွင်ရဲ့ ခန္ဓာကိုယ်ပေါ်က အနီရောင် အင်းကွက်တွေကတော့ အရောင် တောက်ပ လာခဲ့ပါပြီ။ အဲဒါက သူ့ရဲ့ ပြေးနှုန်းကို လျင်မြန်စေပါတယ်။
ဒါပေမဲ့ လီဖူချန်းရဲ့ ခြေထောက်တွေကလည်း နှေးကွေးနေခြင်း မရှိပါဘူး။ သူက ခေ့ါယွင်ထက် ပိုစောပြီး နန်းတော်ငယ်လေး ထဲကနေ ထွက်သွားခဲ့နိုင်ပါတယ်။
လီဖူချန်းတစ်ယောက် တံတားငယ်လေးကို ဖြတ်ပြီး နန်းတော်ရဲ့ အလယ်ဗဟိုက ပြန်ထွက်လာခဲ့တဲ့ အထိတောင်မှ ခေါ့ယွင်နဲ့ သွေးနတ်ဆိုး ဘုရင်ဟာ သူ့အနောက် အတော် ဝေးဝေးကနေ လိုက်လာနေဆဲပါပဲ။
" ငါ့မှာ ဆင်နဂါးစွမ်းအားအမျှင် ၈၀၀ကျော် ကျန်နေသေးတာပဲ။ ဒါက အရမ်းလည်း မများသလို နည်းတယ်လို့လည်း မသတ်မှတ်နိုင်ဘူး။ အဲသည်တော့ ဆက်ပြေးနေမယ့်အစား သည်သတ္တု ဘုတ်ပြားကို အရင်လေ့လာတာက ပိုကောင်းမယ် "
သူ့ရဲ့ ပြေးနှုန်းက တစ်ဖက်လူတွေထက် မြန်နေမှတော့ လီဖူချန်းဟာ ပြေးမလွတ်မှာကို မစိုးရိမ်တော့ပါဘူး။ အဲသည်အတွက် သူဟာ သတ္တုဘုတ်ပြားကို ထုတ်ယူလိုက်ပြီး သူ့ရဲ့ အသိစိတ် အာရုံနဲ့ စစ်ဆေးလိုက်ပါတယ်။
ရွှီး…
လီဖူချန်းရဲ့ ပတ်ဝန်းကျင် တစ်ခုလုံးဟာ အမှောင်အတိ ကျသွားခဲ့ပါပြီ။ သူက ဟင်းလင်းပြင် တစ်ခုထဲကို ရောက်သွားသလိုပါပဲ။
အချိန်အနည်းငယ် အကြာမှာတော့ လီဖူချန်းရဲ့ ခြေထောက်အောက်မှာ ပုံရိပ်နှစ်ခုဟာ တစ်ခုပြီးတစ်ခု ပေါ်လာခဲ့ပါပြီ။ ဒုတိယပေါ်လာတဲ့ ပုံရိပ်ဟာ ပထမပုံရိပ်ထက် အဆတစ်ရာမက ပိုကြီးပါတယ်။
လီဖူချန်း ကြည့်နေစဉ်မှာပဲ ပထမ ပုံရိပ်ဟာ ကြီးမားကျယ်ပြန့်လှတဲ့ တိုက်ကြီး တစ်ခုအဖြစ် ပြောင်းလဲ သွားပါတော့တယ်။
သေသေချာချာ ကြည့်ပြီးတဲ့ နောက်မှာတော့ လီဖူချန်းဟာ ပထမပုံရိပ်ကို သိသွားခဲ့ပါပြီ။ ဒါက အရှေ့ယူနီ ကွန်းတိုက်ကြီးပါပဲ။ ဘာဖြစ်လို့လည်းဆိုတော့ သည်ပုံရိပ်ထဲမှာ ကြယ်ကံကြမ္မာ တောင် ပါနေပါတယ်။
" ဒါက ဘာရတနာလည်းဟ "
လီဖူချန်းကတော့ ကြောင်အမ်းအမ်း ဖြစ်နေခဲ့ပါပြီ။ သူက အခုထက်ထိ သည်သတ္တု ဘုတ်ပြား အကြောင်းကို အနည်းငယ်လေးတောင် မသိသေးပါဘူး။
ထို့နောက်မှာတော့ ဒုတိယပုံရိပ်ဟာလည်း တိုက်ကြီးတစ်ခု အဖြစ် ပြောင်းလဲ သွားခဲ့ပါပြီ။ သည်တိုက်ကြီးကတော့ အရှေ့ယူနီကွန်း တိုက်ကြီးထက်ကို အဆတစ်ရာမက ပိုကျယ်ပြန့်ပါတယ်။
သည်တိုက်ကြီးနဲ့ ယှဉ်လိုက်မယ် ဆိုရင်တော့ဖြင့် အရှေ့ယူနီကွန်း တိုက်ကြီးဟာ ကျွန်းငယ်လေး တစ်ခု သာသာပါပဲ။
လီဖူချန်းက သည်သတ္တုဘုတ်ပြားနဲ့ ပတ်သက်ပြီး သိချင်စိတ်တွေ ပိုပြင်းပြ လာခဲ့ပါတယ်။
ဒါက ဘယ်လိုရတနာ အမျိုးအစားပါလိမ့် ……။
သူ့ရဲ့ အသိစိတ်အာရုံက သတ္တုဘုတ်ပြားရဲ့ အတွင်းပိုင်းထဲအထိ ရောက်ရှိသွားချိန်မှာတော့ လီဖူချန်းတစ်ယောက် သည်ဘုတ်ပြားက ဘယ်လို ရတနာလည်း ဆိုတာကို သိသွားခဲ့ပါပြီ။
ဒါက တည်နေရာ ရွှေ့ပြောင်းပေးတဲ့ ရတနာ အမျိုးအစားပါပဲ။ သည်သတ္တုဘုတ်ပြားက တိုက်ကြီးတစ်ခုကနေ နောက်တစ်ခုဆီသို့ တည်နေရာ ရွှေ့ပြောင်းပေးနိုင်ပါတယ်။ ပြီးတော့ သည်သတ္တု ဘုတ်ပြားပေါ်မှာ ရှိနေတဲ့ နေရာတွေကိုလည်း ပို့ဆောင်ပေးနိုင်ပါတယ်။
ဒါပေမဲ့လည်း အဲလို တည်နေရာ ရွှေ့ပြောင်းပေးဖို့ အတွက် လုံလောက်တဲ့ စွမ်းအင်တွေကို သည်သတ္တု ဘုတ်ပြားထဲသို့ ထည့်ပေးရပါမယ်။
" အိုး…… ငါ့အနေနဲ့ သည်သတ္တုဘုတ်ပြားအတွက် လိုအပ်တဲ့ စွမ်းအင်တွေကို ထည့်ပြီးရင် ငါကြိုက်တဲ့ နေရာကို သွားလို့ ရပြီပဲ "
လီဖူချန်းကတော့ အရမ်းကို ပျော်ရွှင်သွားခဲ့ပါပြီ။
သည်သတ္တုဘုတ်ပြားနဲ့ဆိုရင် သူဟာ နောက်ထပ် တိုက်ကြီး တစ်တိုက်ဆီကို ကူးသွားလို့ ရနေပြီ မဟုတ်ပါလား။
သည်ဘက်ခေတ်တွေမှာ အရှေ့ယူနီကွန်း တိုက်ကြီးကနေ နောက်ထပ်တိုက်ကြီး တစ်ခုဆီသို့ ကူးသွားဖို့ စိတ်ကူးယဉ်ခဲ့တဲ့ ပညာရှင်တွေ အများကြီး ရှိခဲ့ပါတယ်။ ဒါပေမဲ့လည်း သူတို့ရဲ့ စိတ်ကူးတွေဟာ အထ မမြောက်ခဲ့ပါဘူး။
ဘာဖြစ်လို့လည်းဆိုတော့ တိုက်ကြီးနှစ်ခုကြားမှာ အဆုံးမဲ့ပင်လယ် ရှိနေလို့ပါပဲ။
ရှေးဟောင်း မှတ်တမ်းတွေအရ ဆိုရင် အဆုံးမဲ့ပင်လယ်ထဲမှာ မရေမတွက်နိုင်တဲ့ မိစ္ဆာသားရဲတွေ ကျက်စား နေထိုင်ကြပါတယ်။
ပြီးတော့ အဆုံးမဲ့ ပင်လယ်ထဲမှာဆိုရင် အဆင့်၅မိစ္ဆာ သားရဲတွေဟာ ဘာအဆင့်မှကို မရှိတာပါ။ ပြီးတော့ မရေမတွက်နိုင်တဲ့ အဆင့်၆ မိစ္ဆာသားရဲတွေနဲ့ အဆင့်၇ မိစ္ဆာသားရဲ အမြောက်အများလည်း ရှိနေပါသေးတယ်။
အဆုံးမဲ့ပင်လယ်ထဲမှာဆိုရင် အဆင့်၉ မိစ္ဆာသားရဲတွေက ကိုယ်ပိုင်နယ်မြေဒေသ ပိုင်းခြားပြီး အုပ်စိုးကြတာပါ။
အမှန်တကယ် ပြောရမယ်ဆိုရင်တော့ မိစ္ဆာသားရဲတွေမှာလည်း ကိုယ်ပိုင် သတ်မှတ်ချက်တွေ ရှိပါတယ်။
အဆင့်၅ မိစ္ဆာသားရဲဆိုရင် မဟာမိစ္ဆာ ၊ အဆင့်၆ မိစ္ဆာသားရဲဆိုရင် မိစ္ဆာဗိုလ်ချုပ် ၊ အဆင့်၇ မိစ္ဆာသားရဲဆိုရင် မိစ္ဆာဘုရင် ဆိုပြီး သတ်မှတ်ထားကြတာပါ။ အဆင့်၇ အထက်က မိစ္ဆာသားရဲတွေကို ဘယ်လို သတ်မှတ်ထားသလဲ ဆိုတာကိုတော့ အရှေ့ယူနီကွန်း တိုက်ကြီးရဲ့ ရှေးဟောင်း မှတ်တမ်းတွေမှာ ရေးထားခြင်း မရှိပါဘူး။
သူတို့ကိုယ်သူတို့ ဘုရင်တွေလို့ သတ်မှတ်ထားတဲ့ သွေးနတ်ဆိုးဘုရင်၊ ချိုတစ်ချောင်း နတ်ဆိုးဘုရင်၊ ရှင်းတိကောဝမ်နဲ့ အခြားသော ပုဂ္ဂိုလ်တွေတောင်မှ အရှေ့ယူနီကွန်းတိုက်ကြီးရဲ့ အပြင်ဘက်မှာဆိုရင် ပမွှားလေးတွေပါပဲ။ အရှေ့ယူနီကွန်း တိုက်ကြီးရဲ့ အပြင်ဘက်မှာ သူတို့ထက် အဆပေါင်းများစွာ အစွမ်းထက်တဲ့ သက်ရှိတွေ ရှိနေပါသေးတယ်။
နောက်ပြီးတော့ အဆုံးမဲ့ပင်လယ်နဲ့ ပတ်သက်တဲ့ မှတ်တမ်းတွေ အရဆိုရင် နောက်ထပ်တိုက်ကြီးတွေ အများကြီး ရှိနေသေးပါတယ်တဲ့။
ဒါပေမဲ့လည်း အဆုံးမဲ့ပင်လယ်ကို ဖြတ်ကူးပြီး အခြားတိုက်ကြီး တစ်တိုက်ဆီသို့ ကူးသန်းသွားရတာက မလွယ်လှပါဘူး။ သည်ကိစ္စက ပြန်လည် ဝင်စားခြင်းနယ်ပယ် အထက်မှာရှိတဲ့ ပညာရှင်တွေ အတွက်တောင်မှ အတော်လေးကို အန္တရာယ် များတာပါ။
တကယ်လို့သာ ပြန်လည်ဝင်စားခြင်း နယ်ပယ် ပညာရှင်တစ်ယောက်က အဆုံးမဲ့ပင်လယ်ကို ဖြတ်ပြီး အခြားတိုက်ကြီး တစ်တိုက်ကို သွားမယ်ဆိုကြပါစို့။ ဒါက ကိုယ့်ကိုယ်ကိုယ် သေကြောင်း ကြံတာနဲ့ အတူတူပါပဲ။
" အခြားတိုက်ကြီး တစ်တိုက်ကို ကူးဖို့အတွက် ချီစွမ်းအင် ဘယ်လောက်တောင် လိုလိုက်မလဲ "
လီဖူချန်းက ခပ်တိုးတိုး ရေရွတ်လိုက်ပါတယ်။
လီဖူချန်းတစ်ယောက် သူ့ရဲ့ အသိစိတ်အာရုံနဲ့ ဆန်းစစ်နေစဉ်မှာပဲ ချီရေကန် တစ်ခုကို ရှာတွေ့သွားခဲ့ပါပြီ။ အဲသည် ချီရေကန်ထဲမှာတော့ အင်းကွက်တွေ ရေးဆွဲထားတဲ့ စက်လုံးလေးတစ်ခု ရှိနေပါတယ်။
လီဖူချန်းရဲ့ အသိစိတ်အာရုံအရ ဆိုရင်တော့ သည်စက်လုံးက သတ္တုဘုတ်ပြားရဲ့ အဓိကအရာ တစ်ခုပါပဲ။ သည်စက်လုံးက တည်နေရာ ရွှေ့ပြောင်းဖို့အတွက် အဓိက အခန်းကဏ္ဍကနေ ပါဝင်နေတာပါ။
အဲသည်အချိန်မှာပဲ အနောက်က လိုက်လာတဲ့ ခေ့ါယွင်နဲ့ သွေးနတ်ဆိုးဘုရင်ဟာ လီဖူချန်းရဲ့ မြင်ကွင်းထဲကို ဝင်လာခဲ့ပါပြီ။ အဲသည်အတွက် လီဖူချန်းဟာ သူ့ရဲ့ အသိစိတ်အာရုံ ပြန်သိမ်းလိုက်ကာ ပြေးဖို့အတွက် ခြေလှမ်း ပြင်ပါတော့တယ်။
" ယုလီ…… အဲသည်ခွေးမသားကို တားထားပေး "
ခေါ့ယွင်က အားရပါးရ အော်လိုက်ပါတယ်။
မိုးကြိုးနတ်ဘုရားဂိုဏ်းက ယုလီဟာ ဘယ်ကနေဘယ်လို ဖြစ်ပြီး လီဖူချန်းရဲ့ အရှေ့မှာ ရောက်နေမှန်း မသိပါဘူး။
ခေါ့ယွင်ရဲ့ အော်သံကို ကြားလိုက်ရတဲ့ ယုလီဟာ လီဖူချန်းကို လက်သီးနဲ့ ပြေးထိုး လိုက်ပါတယ်။
" လခွီးပဲကွာ "
လီဖူချန်းက လုံးဝကို မမျှော်လင့်ထားတဲ့ အတွက် ယုလီရဲ့ လက်သီးချက်ကို ရှောင်ချိန် မရလိုက်ပါဘူး။ သူက ယူလီရဲ့ လက်သီးကို ပခုံးနဲ့ပဲ ခံဆောင်လိုက်ပါတယ်။
သည်လက်သီးချက်က လီဖူချန်းရဲ့ ပြေးနှုန်းကို အတော်လေး လျော့ကျသွားစေတာ အမှန်ပါပဲ။
ယုလီက နောက်ထပ် လက်သီးတစ်ချက် ထိုးဖို့ ပြင်နေစဉ်မှာပဲ လီဖူချန်းရဲ့ လက်သီးက သူ့ရဲ့ နံကြားထဲကို တိုးဝင်လာခဲ့ပါတယ်။
" သည်လောက်ရှုပ်တဲ့ အဘိုးကြီး။ သွားစမ်းကွာ……"
သည်လက်သီးချက်က အနည်းဆုံးတော့ ယုလီရဲ့ နံရိုးသုံးချောင်းကို ကျိုးသွားစေခဲ့ပါပြီ။
***