ဟွင်သွမ်းသွေးမျိုးဆက်နှင့် တာအိုခန္ဓာ
Vol. 56 Ch. 779
အောင်းရှန်က သူ့ဒဏ်ရာများကို မြန်မြန်ဆန်ဆန် ကုစားပြီး အထွတ်အထိပ်အခြေအနေသို့ တတ်နိုင်သမျှ မြန်မြန်ပြန်ရောက်ဖို့ လုပ်ဆောင်လိုက်သည်။ သူ့အပြုအမူအတွက် တန်ကြေးကမူ သူ့နတ်ဆိုးတပ်ဖွဲ့ဝင် အများစုတွင် သေဆုံးခြင်းနှင့် ဒဏ်ရာအပြင်းအထန် ရရှိခြင်းတို့သာ ဖြစ်၏။
ယခင်က တပ်ဖွဲ့သည် သူတို့၏ သွေးမျိုးဆက် အရင်းအမြစ်ကို အောင်းရှန်ဆီ ပေးပြီးသည့်နောက်တွင် ဒဏ်ရာအပြင်းအထန် ရရှိခဲ့ပြီးသား ဖြစ်၏။ သို့သော် ယခုတွင် သူတို့၏ အသက်ဓာတ်ကို ပေးပြီးသည့်နောက် အများအပြား သေဆုံးသွားခဲ့သည်။ အကယ်၍ နတ်ဆိုးမျိုးနွယ်က အားကောင်းသည့် ခန္ဓာကိုယ်နှင့် မြင့်မားသည့် အသက်ဓာတ် ပိုင်ဆိုင်ထားသည့်အတွက်ကြောင့်သာ မဟုတ်လျှင် လူများစွာ ပိုမိုသေဆုံးသွားလိမ့်မည်။
ထိုပြင်းထန်သည့် စတေးမှု လုပ်ခဲ့သော်လည်း နတ်ဆိုးမျိုးနွယ်ဝင် ၉၉ ရာခိုင်နှုန်းက လိုလိုလားလား ရှိကြ၏။ ဤတိုက်ပွဲအတွင်း မဝင်ရောက်ခင်ကတည်းက သူတို့၏ သေဆုံးမှုကို ပြင်ဆင်ထားခဲ့ကြသည်။ အောင်းရှန်နှင့် တခြားမျိုးနွယ်၏ ခေါင်းဆောင်များက သူတို့အား တိုက်ပွဲစတင်သည်နှင့် လူသားများသည် ပူးပေါင်းကာ သူတို့ကို သုတ်သင်ပစ်မည့် အတွေးအခေါ်ကို ထည့်သွင်းပေးခဲ့ကြသည်။
နတ်ဆိုးမျိုးနွယ်၏ အထက်ပိုင်းက မျိုးနွယ်အများစုနှင့် လူသားများသည် နတ်ဆိုးမျိုးနွယ်တွင် ထာဝရဧကရာဇ် ပေါ်ထွက်လာမည်ကို မတွေ့မြင်ချင်ကြကြောင်း သိလေ၏။ ထိုအကြောက်တရားကြောင့် အောင်းရှန်သည် အမြဲတမ်း သိုသိုသိပ်သိပ်နေကာ သူ့စွမ်းအားကို ထုတ်ဖော်ပြသခဲသည်။
သူက ပင်ကိုနဂါးဖြစ်နေသည့် အချက်ကိုပင် မထုတ်ဖော်ခဲ့ပေ။ ထို့ကြောင့် တိုက်ပွဲအတွင်း သူက မတော်တဆ ဖြစ်ရပ်များကို ရှောင်ရှားနိုင်ဖို့အတွက် နတ်ဆိုးပုံစံကိုပင် အသုံးပြုခဲ၏။
ထို့ကြောင့် နတ်ဆိုးမျိုးနွယ်၏ တပ်ဖွဲ့ဝင်များက အသက်ရှင်လျက် ပြန်မသွားဖို့ရာ ကြိုတင်ပြင်ဆင်ထားခဲ့ကြသည်။ သူတို့၏ ခန္ဓာကိုယ်၊ ဝိညာဉ်နှင့် ဘဝများကို အောင်းရှန်၏ အောင်မြင်မှုရရှိဖို့ရာအတွက် ပုံအောထားခဲ့ကြ၏။
“ဟူး” အောင်းရှန်က အထွတ်အထိပ်အခြေအနေသို့ ပြန်ရောက်ပြီးသည့်နောက်တွင် အသက်ပြင်းပြင်းရှူလိုက်သည်။ သူက အချိန်ဖြုန်းမနေဘဲ ကျင်းဝူဟွား၏ နှလုံးသားကို သန့်စင်ကာ ထုတ်ယူလိုက်၏။ သူက ခြေသုံးချောင်းရွှေကျီး သွေးမျိုးဆက်ကို စုပ်ယူလိုက်သည်။
ရွှေကျီးမျိုးနွယ်က ခြေတစ်ချောင်းသာ ရှိ၏။ သို့သော် ကျင်းဝူဟွား၏ မျိုးဆက်ကား သွေးမျိုးဆက် ဆင့်ကဲပြောင်းလဲသွားသည့်အတွက် ထူးကဲလှပြီး အပိုခြေချောင်း နှစ်ချောင်းကို ရယူထားနိုင်သည်။ ရှေးဟောင်းဧကရာဇ်ခေတ်ကာလအတွင်း တာအိုကို သက်သေပြခဲ့သည့် မျိုးနွယ်၏ ပထမဧကရာဇ်ဖြစ်သူမှာလည်း ထိုမျိုးနွယ်ဝင် ဖြစ်၏။ ကျင်းဝူဟွားနှင့် သူ့အဖေတို့က ရွှေလက်သည်းဘိုးဘေး၏ မျိုးဆက်များ ဖြစ်နေနိုင်သည်။
“တကယ်ကို ထူးကဲတဲ့ သွေးမျိုးဆက်ပဲ” အောင်းရှန်က စုပ်ယူပြီးသည့်နောက်တွင် ရေရွတ်လိုက်သည်။ ခြေသုံးချောင်း ရွှေကျီးမျိုးနွယ်က သူတို့သည် ပင်ကိုသက်ရှိဖြစ်စဉ်အခါမှ သွေးမျိုးဆက်ထဲ ပင်ကိုအငွေ့အသက် တချို့ရှိလေသည်။
သူတို့၏ သွေးမျိုးဆက်ကို မဟာတာအိုအရင်းအမြစ်ဖြင့် နှစ်ကြိမ်တိုင်တိုင် အားဖြည့်ပေးပြီးသည့်နောက်တွင် တော်ဝင်နတ်ဆိုး သွေးမျိုးဆက်များကြား ထူးကဲလာခဲ့သည်။
အောင်းရှန်က သူ့သွေးကြောများမှတဆင့် စီးဆင်းလာသည့် စွမ်းအားကို ခံစားလိုက်သည်။
အလယ်အလတ်ပွင့်ချပ် ၇လွှာအဆင့် ဒါပေမဲ့ ငါ အတားအဆီးနား ရောက်လာပြီ။ အဲဒါက ကန့်သတ်ချက်ဖြစ်လိမ့်မယ်တူတယ်…
သူက ထိုခံစားချက်ကို ခံစားမိပြီးသည့်နောက် မျက်မှောင်ကြုတ်လိုက်သည်။ သူက ခေတ္တမျှ စောင့်ဆိုင်းကြည့်ပြီးသည့်နောက် သူ့စွမ်းအားက ထိုအတားအဆီးဆီ ရောက်ရှိသွားကြောင်း အာရုံခံမိလိုက်သည်။ အကယ်၍ သူသာ နောက်ထပ် အလားအလာကောင်းသည့် သွေးမျိုးဆက်ကို စုပ်ယူပါက မြန်မြန်ဆန်ဆန် ရောက်ရှိသွားလိမ့်မည်။
ငါ မှန်းဆထားသလောက် ကျင်းဝူဟွားရဲ့ သွေးမျိုးဆက်က ငါ့ကို ပွင့်ချပ် ၈လွှာအဆင့်အထိ တိုးမြှင့်ပေးနိုင်လောက်တယ်။ အခု ငါက ကန့်သတ်ချက်ဆီ ချဉ်းကပ်လာတာကို ခံစားမိတယ်။ ငါ့ရဲ့ ဟွင်သွမ်းသွေးမျိုးဆက်က တာအိုဘိုးဘေးစွမ်းအားကို ရယူဖို့ မဖြစ်နိုင်ဘူးလား…
အောင်းရှန်က ထိုအချက်ကို လက်မခံလိုပေ။ သူ့ဧကရာဇ်လမ်းစဉ်က ထိုသွေးမျိုးဆက်အပေါ် မှီခိုနေလေ၏။ နတ်ဆိုးမျိုးနွယ်၏ ကံကြမ္မာက ဤအစီအစဉ်အပေါ် များစွာ မူတည်နေသည်။
သူက ကျရှုံးခွင့်ပြုမည် မဟုတ်သလို ကျရှုံးမှုကိုလည်း လက်မခံနိုင်ပေ။
ငါ ကန့်သတ်ချက်ကို ချိုးဖောက်ဖို့ နောက်ထပ်သွေးမျိုးဆက်တွေ လိုတယ်…
အောင်းရှန်၏ မျက်ဝန်းအထက် ရက်စက်သည့် အကြည့်တစ်ချက် ဖြတ်ပြေးသွားသည်။ သူသာ ထိုအတားအဆီးကို မကျော်ဖြတ်နိုင်ပါက သူက စွန့်စားကာ လူသားသွေးမျိုးဆက်ကို စုပ်ယူဖို့အရာအထိ ပြင်ဆင်ထားသည်။
အောင်းရှန်က အသက်ပြင်းပြင်းရှူကာ စိတ်ငြိမ်အောင် ထိန်းလိုက်၏။ သူက သူ့တာအိုသစ်ပင်ကို စစ်ဆေးကြည့်ပြီးသည့်နောက်တွင် မျက်မှောင်ကြုတ်လိုက်သည်။ သူ့ဟွင်သွမ်းစည်းမျဉ်းက အစပျိုးနေဆဲသာ ဖြစ်လေ၏။ ရွှေကျီးသွေးမျိုးဆက်က အရွယ်ရောက်လာစေဖို့ မလုံလောက်ခဲ့ပေ။
“နောက်ထပ် ပစ်မှတ်ဆီ သွားရအောင်”
သူက တောင်ဘက်ပိုင်းဆီ ကူးသန်းလာလိုက်သည်။ ကျတ်တီးဂြိုလ်ငယ်ပေါ်တွင် သူမ၏ နဖူးအထက် ဇာမဏီအမှတ်အသားရှိသည့် အမျိုးသမီးတစ်ဦးက အစီအရင်များ ဝန်းရံလျက် တင်ပျဉ်ခွေထိုင်နေသည်ကို မြင်လိုက်ရသည်။
အောင်းရှန်က တပ်ဖွဲ့ သို့မဟုတ် တိုက်ပွဲကို မမြင်တွေ့ရသည့်အတွက် မျက်မှောင်ကြုတ်မိသွားပြီး ထိုနေရာက ထောင်ချောက်တစ်ခုလားဟု စဉ်းစားမိသွားသည်။
“ဒီမှာ သာယာနေတယ်ပေါ့”
သူ့အသံက အကွာအဝေးများစွာ ရောက်ရှိသွားပြီး ဟို့ဖုန်းဟွမ်၏ နားထဲ တိုက်ရိုက်ရောက်ရှိသွားသည်။ သူမက မျက်လုံးဖွင့်ကာ ရောက်လာသူကို ကြည့်လိုက်၏။ သူမမျက်ဝန်းအထက် မည်သူမှ အာရုံမခံနိုင်သည့် အလင်းတစ်ချက် ဖြတ်ပြေးသွားသည်။
ဟို့ဖုန်းဟွမ်က မတ်တတ်ရပ်လိုက်သည်။ သူမ၏ အပြုအမူများက နှေးကွေးကာ ညင်သာပြီး ကြော့ရှင်းမှုအပြည့် ဖြစ်ကာ သူမ၏ အရိုးထဲတွင် ကိန်းအောင်းနေသည့် မြင့်မြတ်တော်ဝင်ဆန်မှုကို ပြသနေသည်။ သူမက ခြေတစ်လှမ်း လှမ်းကာ အောင်းရှန်နှင့် မျက်နှာချင်းဆိုင်လျက် ဂြိုလ်အပြင်ဘက်တွင် ပေါ်ထွက်လာသည်။
သူမက သူ့ကို ခြုံငုံကြည့်လိုက်သည်။
“ဟွင်သွမ်း သွေးမျိုးဆက်လား” သူမက ခေါင်းအသာယမ်းလိုက်သည်။
“ရှင်က သတ္တိကောင်းတာလား။ ဒါမှမဟုတ် တုံးအတာလားဆိုတာကို မသိတော့ဘူး”
“ဘာပြောချင်တာလဲ” အောင်းရှန်က အမူအရာပျက်ယွင်းလျက် မေးလိုက်သည်။ ထိုသူသည် သူ့အတွက် အင်မတန် အရေးကြီးသည့် လျှို့ဝှက်ချက်တစ်ခုကို သိနေကြောင်း ခံစားမိလေ၏။
“ဧကရာဇ်တွေက သူတို့အတွက် အောင်အောင်မြင်မြင် ပြန်ရောက်ရှိလာနိုင်ဖို့ သူတို့ရဲ့ သွေးမျိုးဆက်ထဲမှာ နည်းလမ်းတွေ ချန်ရတာကို သဘောကျတယ်” ဟို့ဖုန်းဟွမ်က နှာခေါင်းရှုံ့ကာ ရှင်းပြလိုက်သည်။
“သူတို့ရဲ့ သွေးမျိုးဆက်ထဲမှာ အဲ့လိုမလုပ်တဲ့သူတွေကတောင် တခြားသူတွေ လုယူတာကို ကာကွယ်ဖို့ သူတို့ရဲ့ သွေးမျိုးဆက်ထဲမှာ နည်းလမ်းတွေ ချန်ထားခဲ့ကြတယ်။ ဒီလောက် သွေးမျိုးဆက်အများကြီးကို အလွယ်တကူ ဘယ်လိုလုပ် စုပ်ယူနိုင်မှာလဲ”
ရှေးဟောင်းမျိုးနွယ်မှ လူတချို့သည် ဟွင်သွမ်းသွေးမျိုးဆက်ကို ဖန်တီးချင်ခဲ့ကြ၏။ သို့သော်လည်း ထိုသူများ၏ ကံကြမ္မာက အမြဲတမ်း အတူတူသာဖြစ်ပြီး ဆိုးဆိုးရွားရွား သေဆုံးခဲ့ကြရသည်။ ထို့ကြောင့် သူမက သွေးမျိုးဆက် ၅ ခုကို ဉာဏ်ရှိရှိ ရွေးချယ်ခဲ့လေသည်။
“ငါတို့ရဲ့ နတ်ဆိုးဧကရာဇ်တွေက ဘယ်တော့မှ အဲ့လိုမလုပ်ဘူး။ လက်ရှိတော်ဝင်သွေးမျိုးဆက်က သဟဇာတဖြစ်ပြီးတော့ မျိုးနွယ် ပြန်လည်ရှင်သန်လာဖို့အတွက်ပဲ စိတ်နှစ်ပြီး ကြိုးစားနေကြတာ”
“ဟား…ဟား…ဟား…ရှင် ပြောတာကို ရှင်ကိုယ်တိုင်တောင် မယုံနိုင်ဘူးမလား” ဟို့ဖုန်းဟွမ်က လှောင်ပြောင်သည့် အပြုံးမျိုးဖြင့် ထပ်ပြောလိုက်သည်။
“နတ်ဆိုးမျိုးနွယ်က ကြီးနိုင်ငယ်ညှင်းဆိုတဲ့ သဘောတရားကို ယုံကြည်ကြတဲ့သူတွေလေ။ သွေးမျိုးဆက် ပြန်လည်ရှင်သန်မှုနဲ့ ပတ်သက်လာရင် ပိုပြီးတော့တောင် ရက်စက်တတ်ကြသေးတယ်။ ပြီးတော့ ရွှေရောင်လူဝံဧကရာဇ် အဖြစ်အပျက်အပြီးမှာ နတ်ဆိုးဧကရာဇ်အများစုက တခြားမျိုးနွယ်တွေက သူတို့ရဲ့ တည်ရှိမှုကို သည်းမခံနိုင်ဘူးဆိုတာကို သိခဲ့ကြတယ်လေ။ အဲဒီဧကရာဇ်တွေက တုံးအနေတာ မဟုတ်ဘူး။ သူတို့ရဲ့ အသက်ပြန်ရှင်နိုင်မဲ့ နည်းလမ်းတွေကို မချန်ထားဘူးလို့များ ထင်နေတာလား”
“မင်းက ဘာကိုပြောဖို့ ကြိုးစားနေတာလဲ” အောင်းရှန်က ကြောက်မက်ဖွယ်အငွေ့အသက်ကို ထုတ်လွှတ်ရင်း သွေးဆာသည့် အကြည့်များဖြင့် ကြည့်လိုက်သည်။
“တိုက်ပွဲ မတိုင်ခင် ရှင်က ဟွင်သွမ်းသွေးမျိုးဆက် မရှိခဲ့ဘူး။ ဆိုလိုတာက ရှင်က လတ်တလောလေးမှ ရရှိထားတယ်ဆိုတာပဲ။ ဒါပေမဲ့ သွေးမျိုးဆက်တွေ အများကြီး ပူးပေါင်းဖို့ ခက်ခဲမှုအရဆိုရင် ဝါးမျိုခြင်းတာအိုနဲ့များလား”
ဟို့ဖုန်းဟွမ်၏ မျက်နှာအထက် လှောင်ပြောင်မှုက ပိုမိုထင်ရှားလာသည်။
“ရှင့်ရဲ့ လက်ရှိအခြေအနေက ဧကရာဇ်သွေးမျိုးဆက် အမှတ်အသားတွေက အဲဒီသွေးမျိုးဆက်တွေကို မျှတအောင် ကူညီပေးနေတယ်ဆိုတဲ့ သဘောပဲ။ အဲ့လိုဆိုရင် အချိန်ကျရောက်လာတဲ့အခါမှာ အသက်ပြန်ရှင်ချင်တဲ့ အဲဒီအမှတ်အသားတွေက တဆင့် ရှင့်ရဲ့ ခန္ဓာကိုယ်ကို သိမ်းပိုက်ဖို့ တိုက်ခိုက်ကြလိမ့်မယ်။ အဲဒီအခါကျရင် နောက်ဆုံးအနိုင်ရရှိတဲ့သူက ဟွင်သွမ်းသွေးမျိုးဆက်ရှိတဲ့ ပြီးပြည့်စုံတဲ့ ခန္ဓာကိုယ်ကို ရရှိလိမ့်မယ်။ အသက်ပြန်ရှင်လာပြီးတဲ့နောက်မှာတော့ သူတို့က ပိုမိုကောင်းမွန်တဲ့ တာအိုခန္ဓာကို ပြန်လည်ထုဆစ်နိုင်လိမ့်မယ်”
ဧကရာဇ် သို့မဟုတ် တာအိုခန္ဓာသည် ကိစ္စများစွာအတွက် ရလဒ်များဖြစ်၏။ နမူနာအနေဖြင့် ကျင့်ကြံသူအသုံးပြုသည့် ချီ သို့မဟုတ် စွမ်းအားသည် သူတို့၏ တာအိုခန္ဓာကိုယ်နှင့် ပေါင်းစပ်သွားလိမ့်မည်။
ဝမ်ဝေ့က အဆုံးမဲ့အံ့ဖွယ် ပင်လယ်ရှိထားသည့်အတွက် စွမ်းအင်ပမာဏအမြောက်အများ သုံးစွဲနိုင်လေသည်။ ထိုစွမ်းအားက သူ့တာအိုခန္ဓာကိုယ်၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာလိမ့်မည်။
တာအိုခန္ဓာကိုယ်၏ တခြားကဏ္ဍများကမူ သူတို့၏ ဝိညာဉ်၊ ခန္ဓာကိုယ်လေ့ကျင့်ခြင်း၊ ပင်ကိုစွမ်းရည် သို့မဟုတ် ထူးကဲသည့် အံ့ဖွယ်စွမ်းရည်တို့ ပါဝင်နေသည်။ တာအိုနှလုံးသားနှင့် စိတ်စွမ်းအားတို့လည်း အပါအဝင် ဖြစ်၏။ ထိုကဏ္ဍအားလုံးက တာအိုခန္ဓာကိုယ်အတွင်း ပေါင်းစပ်သွားကြလိမ့်မည်။
သေမျိုးကျင့်ကြံရေးအဆင့်အတွင်း ထိုအရာများက မည်မျှအားကောင်းလဲအပေါ် မူတည်၍ မဟာဧကရာဇ်သည် သူတို့၏ တာအိုခန္ဓာ နိုးထအသက်ဝင်လာပြီးသည့်နောက် မည်မျှ အားပိုကောင်းသွားစေမလဲဆိုသည့် အချက်ကို ဆုံးဖြတ်ပေးနိုင်သည်။
ခြွင်းချက်တချို့တော့ ရှိ၏။ တိထျန်းလိုမျိုး ပင်ကိုဧကရာဇ်ဝိညာဉ်နှင့် ဝမ်ဝေ့၏ ပင်ကိုစံပြဝိညာဉ်လိုမျိုး ထူးကဲသည့် လူများကတော့ မဟာတာအိုအရင်းအမြစ် အားမြှင့်ပေးမှုကို ရယူနိုင်ဖို့ ကွဲပြားစွာ အသုံးပြုနိုင်သည်။
နောက်ထပ်ကဏ္ဍကမူ စိတ်စွမ်းအား မြင့်မားသည့် တာအိုကို ကျင့်ကြံသူများ သို့မဟုတ် ခွန်အားအစစ်အမှန်တာအိုနယ်ပယ်တွင် အောင်မြင်မှုရရှိထားသည့်သူများ ပါဝင်သည်။
တာအိုခန္ဓာက အဆင့်အမျိုးမျိုး ရှိ၏။ ဟွမ်ယွမ် သို့မဟုတ် ထျဲ့ကန်လိုမျိုး ဧကရာဇ်တစ်ပိုင်းအဆင့်လောက် အားကောင်းသည့်သူများက အားနည်းသည့် တာအိုခန္ဓာ ရှိကြလိမ့်မည်။ နိုးထအသက်ဝင်ခြင်း နည်းစနစ်ကို အသုံးပြုပြီးသည့်နောက်တွင်ပင် သူတို့က မဟာတာအိုအရင်းအမြစ်ကို ၁ ရာခိုင်နှုန်းပင် တိုးမြင့်နိုင်မည် မဟုတ်ပေ။
သို့သော်လည်း ထုံရို့ပင်း၊ အောင်းရှန်နှင့် ကျင်းဝူဟွားလိုမျိုး သေမျိုးနှင့် မသေမျိုး အတားအဆီးကို ချိုးဖောက်ထားနိုင်သည့်သူများကမူ သူတို့၏ မဟာတာအိုအရင်းအမြစ်ထက် ၁ ရာခိုင်နှုန်းမှ ၂ ရာခိုင်နှုန်းအထိ တိုးမြင့်လာနိုင်ပြီး ပိုမိုမြင့်မားသည့် မဟာတာအိုအရင်းအမြစ် နားလည်နိုင်စွမ်းရှိထားသော ဧကရာဇ်များကို တိုက်ခိုက်နိုင်သည်။
နဝမအဆုံးစွန်အုတ်မြစ်ကို အောင်မြင်ထားသည့် ချူးလော့လို ကျင့်ကြံသူများအတွက်မူ ၃ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်း တိုးမြင့်ဖို့ရှိ၏။
ပုံမှန်တာအိုခန္ဓာကိုယ်နှင့် ထျဲ့ကန်လိုမျိုး လူမျိုးအတွက်မူ အလားအလာကောင်းသည့် တာအိုခန္ဓာကိုယ်ကို ရယူဖို့ မျှော်လင့်ချက်တချို့ရှိသော်လည်း မလွယ်ကူပေ။
နတ်ဆိုးမျိုးနွယ်၏ တာအိုခန္ဓာကိုယ်နှင့် ရှေးခေတ်အခါမှ ကျင့်ကြံသူများကမူ သူတို့၏ သွေးမျိုးဆက်အပေါ် မှီခိုလေ့ရှိကြသည်။ ထိုအချက်က နတ်ဆိုးမျိုးနွယ်အတွင်း ပိုမိုအရေးပါ၏။
ဟွင်သွမ်းသွေးမျိုးဆက်ဖြင့် နတ်ဆိုးဧကရာဇ်က နိုးထအသက်ဝင်လာပြီးသည့်နောက်တွင် မဟာတာအိုအရင်းအမြစ်၏ ၂ရာခိုင်နှုန်းကို ရယူနိုင်စွမ်းရှိသည့် တာအိုခန္ဓာကိုယ်ကို ဖန်တီးနိုင်လိမ့်မည်။ ၃ ရာခိုင်နှုန်းအထိပင် ဖြစ်နေနိုင်၏။
အောင်းရှန်က ဟို့ဖုန်းဟွမ်အား သတ်ဖြတ်လိုစိတ် အပြည့်ဖြင့် ကြည့်လိုက်သည်။ သို့သော်လည်း သူမက တည်ငြိမ်ကာ ပြုံးနေဆဲဖြစ်၏။
စိတ်ငြိမ်ငြိမ်ထား စိတ်ငြိမ်ငြိမ်ထား…
သူက စိတ်ထဲတွင် ထိုအရာကိုသာ ဆက်တိုက် ရေရွတ်လိုက်ပြီး အသက်ပြင်းပြင်းရှူလိုက်သည်။
သူမက ငါ့စိတ်အခြေအနေအပေါ် သက်ရောက်မှုရှိအောင် လိမ်ညာနေတာလည်း ဖြစ်နိုင်ချေရှိတယ်။ တကယ်လို့ သူ လိမ်ညာနေတာ မဟုတ်ဘူးဆိုရင်…
သူက အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။
“မင်းရဲ့ အဓိပ္ပာယ်မရှိတာတွေကို နားထောင်မနေဘူး။ တကယ်လို့ မင်း အမှန်အတိုင်း ပြောတယ်ဆိုရင်တောင် ငါ တာအိုကို သက်သေပြပြီးတာနဲ့ ဒီပြဿနာတွေ အကုန်လုံး ဖြေရှင်းပြီးသား ဖြစ်သွားလိမ့်မယ်။ ကောင်းကင်အလိုဆန္ဒတိုက်ပွဲက ဘေးကင်းတဲ့ နေရာတစ်ခုပဲ။ အဲဒီဧကရာဇ်တွေက ဘယ်လောက်ပဲ အားကောင်းကောင်း သူတို့တွေ ဝင်ရောက်မစွက်ဖက်နိုင်ဘူး”
“အမှန်ပဲ။ ဒါပေမဲ့ ရှင့်ရဲ့ ဟွင်သွမ်းသွေးမျိုးဆက်ကိုတော့ ဖရိုဖရဲ ဖြစ်သွားအောင် လုပ်လို့ရပြီးတော့ အဲဒီကိစ္စကိုပဲ စိတ်ပူနေပြီးတော့ အာရုံထွေပြားသွားအောင်တော့ လုပ်နိုင်တယ်” ဟို့ဖုန်းဟွမ်က ခေါင်းညိတ်ကာ ပြန်ဖြေလိုက်၏။
“ရှင်သာ နောက်ဆုံးအနိုင်ရရှိတဲ့သူ မဖြစ်သရွေ့ သူတို့က အနိုင်ရသွားမှာပဲ”
အောင်းရှန်က တည်ငြိမ်နေကာ သူမ၏ စကားများကို မတုံ့ပြန်ပေ။ သူက လက်ရှိအခြေအနေကို သုံးသပ်ပြီး မည်သည့်ခြေလှမ်း လှမ်းရမည်ဖြစ်ကြောင်း သိလိုက်သည်။ သူသာ အနိုင်ရရှိသရွေ့ အရာအားလုံး အဆင်ပြေသွားလိမ့်မည်။
အကယ်၍ သူ ဆုံးရှုံးသွားလျှင်လည်း ကိစ္စများက ဤသို့ဆိုးရွားမည် မဟုတ်ပေ။ သူက နတ်ဆိုးမျိုးနွယ်ဆီ ပြန်သွားကာ ကောင်းကင်လမ်းစဉ် စမ်းသပ်ချက်ကို စတင်နိုင်သည်။
စမ်းသပ်ချက်က ကောင်းကင်အလိုဆန္ဒ တိုက်ပွဲနှင့် တူညီသော်လည်း ဧကရာဇ်များအား ဝင်ရောက်စွက်ဖက်ခွင့်မပြုသင့်ပေ။ ထာဝရဧကရာဇ်နှင့် ယှဉ်နိုင်သည့် ကြယ် ၆လုံး ယွမ်ထီ ဖြစ်လာပြီးသည့်နောက်တွင် သူက ထိုဧကရာဇ်အမှတ်အသားများနှင့် ပတ်သက်ပြီး ပြဿနာရှိမည် မဟုတ်ပေ။
သူက စိတ်ငြိမ်သွားပြီလား…
ဟို့ဖုန်းဟွမ်က တွေးလိုက်မိသည်။
သူ့စိတ်အခြေအနေနဲ့ စိတ်စွမ်းအားတို့က အတော်လေးကို ထူးကဲနေတာပဲ။ ဒါပေမဲ့ ဒီလိုဆိုရင်တောင် သူက အချိန်တိုအတွင်းမှာ အထွတ်အထိပ်အခြေအနေကို ပြန်ရောက်ရှိသွားမှာ မဟုတ်ဘူး…
သူမ၏ အစီအစဉ်က တစ်စိတ်တစ်ပိုင်း အောင်မြင်သွားပြီး စိတ်ပိုင်းဆိုင်ရာအခြေအနေအရ သူမကို အရေးသာချက် ပေးထားလေသည်။ ထို့အပြင် သူမ၏ မြင့်မြတ်သားရဲ ၅ ကောင်၏ သွေးမျိုးဆက်သည် ဟွင်သွမ်းသွေးမျိုးဆက်နှင့် ယှဉ်နိုင်လိမ့်မည်ဟု ယုံကြည်ချက် ရှိ၏။