သွေးမျိုးဆက်သာလွန်မှုတိုက်ပွဲ အပိုင်း(၁)
Vol. 56 Ch. 780
ဟို့ဖုန်းဟွမ်က လက်ဝှေ့လိုက်ပြီးသည့်နောက်တွင် ဓားလက်ကိုင်တွင် ကျားဖြူပုံစံ ရေးထွင်းထားသည့် အဖြူရောင်ဓားတစ်ချောင်းကို ဆင့်ခေါ်လိုက်သည်။ သူမ၏ ခန္ဓာကိုယ်နှင့် ဓားဆီမှ ကြောက်မက်ဖွယ် သတ်ဖြတ်ငွေ့တစ်ခု ထွက်ပေါ်လာ၏။
သူမက လှုပ်ရှားလိုက်ပြီး အောင်းရှန်၏ ရှေ့မှောက် ချက်ချင်းဆိုသလို ပေါ်ထွက်လာကာ သူ့ကို နှစ်ပိုင်း ပိုင်းကြည့်လိုသည့် ရည်ရွယ်ချက်ဖြင့် ဓားကို ဝှေ့ယမ်းလိုက်သည်။ အောင်းရှန်၏ လက်မောင်းအထက် နဂါးကြေးခွံများကို ပေါ်ထွက်လာပြီး ထိုတိုက်ကွက်ကို တားဆီးထားလိုက်၏။ သို့သော်လည်း ထိုဓားချက်နောက်မှ အင်အားသည် သူ့ကို ကီလိုမီတာအနည်းငယ် လွင့်စင်သွားစေသည်။
ဟို့ဖုန်းဟွမ်က အောင်းရှန်သည် ပင်ကိုနဂါးဖြစ်နေသည့် အကြောင်းကို အံ့အားသင့်ခြင်း မရှိပေ။ တိုက်ပွဲမတိုင်ခင် သူက ထူးချွန်ပြောင်မြောက်သည့် လျှို့ဝှက်နည်းစနစ်နှင့် ဖုံးကွယ်ရေး ပင်ကိုရတနာတချို့ကို အသုံးပြု၍ ကောင်းမွန်စွာ ဖုံးကွယ်နိုင်ခဲ့သည်။
သို့သော်လည်း သူ့ဟွင်သွမ်းသွေးမျိုးဆက်ကို ရယူပြီးသည့်နောက်တွင် သူ့ခန္ဓာကိုယ်မှ ထုတ်လွှတ်နေသည့် သွေးမျိုးဆက်အရှိန်အဝါကို ထိန်းချုပ်ဖို့ စိန်ခေါ်မှုတစ်ခု ဖြစ်လာခဲ့၏။ ထို့ကြောင့် ဟို့ဖုန်းဟွမ်က သူ့ကို မြင်လိုက်သည်နှင့် ချက်ချင်းဆိုသလို သဘောပေါက်သွားခြင်း ဖြစ်သည်။
ဝှစ်
ဟို့ဖုန်းဟွမ်က သွေးနီရောင် ဓားချက်ကို အသုံးပြုလိုက်သည်။ သို့သော်လည်း အောင်းရှန်၏ ရှေ့တွင် ဝဲဂယက်တစ်ခု ပေါ်ထွက်လာပြီး ထိုတိုက်ကွက်ကို ဝါးမျိုသွား၏။
ဖူး
အောင်းရှန်က ဟို့ဖုန်းဟွမ်၏ ယခင်တိုက်ကွက်ကြောင့် သွေးတစ်ပွက် အန်လိုက်ရသည်။
ယင်ယန်ပြောင်းပြန်လား…
သူက အမူအရာ ပျက်ယွင်းလျက် တွေးလိုက်မိသည်။ ထိုဓားချက်ကို ဝါးမျိုပြီးသည့်နောက်တွင် သူမက ယင်ယန်တာအိုကို အသုံးပြုကာ သူ့ဝါးမျိုရေးစွမ်းအားမှတဆင့် ဝါးမျိုထားသည့် အရာကို ပြန်ထုတ်လာအောင် ဖိအားပေးလိုက်၍ ဒဏ်ရာရစေခဲ့ခြင်း ဖြစ်သည်။
ဟို့ဖုန်းဟွမ်က အောင်းရှန်ကို အသက်ရှူဖို့ အချိန်မပေးပေ။ သူမက ကျားဖြူသွေးမျိုးဆက်မှ သတ်ဖြတ်ရေး ပင်ကိုစည်းမျဉ်းကို အသုံးပြု၍ သူ အန်လိုက်သည့် သွေးကို ထိန်းချုပ်ပြီး သွေးလှံနှစ်ချောင်းအဖြစ် ပြောင်းလဲလိုက်သည်။
အောင်းရှန်က ထိုသွေးလှံနှစ်ချောင်း သူ့ဆီ ပြေးဝင်လာသည်ကို မြင်သည့်အခါ အမူအရာ ပျက်ယွင်းသွား၏။ သူက ထိုအရာသည် သူ့နောက် တကောက်ကောက် လိုက်နေမည်ဖြစ်ကြောင်း သိလိုက်သည်။ မည်သို့ပင်ဆိုစေကာမူ သူ့အလိုလိုသိစိတ်က ထိုတိုက်ကွက်ကို ရင်ဆိုင်ဖို့ တိုက်ရိုက်မခုခံသင့်ကြောင်း ပြောနေလေ၏။
ထို့ကြောင့် သူ့ကျောဘက်တွင် ပုစဉ်းတောင်ပံတစ်စုံ ပေါ်ထွက်လာသည်။ ဤသို့ဖြင့် တိုက်ကွက်ကို အလျင်အမြန် ရှောင်ရှားလိုက်ခြင်းက သူ့ကို အချိန်ပိုဆွဲနိုင်လိမ့်မည်ဟု ထင်ထားခဲ့မိသော်လည်း မှားယွင်းသွားခဲ့၏။
သွေးလှံက ပစ်မှတ်ကို ပျောက်ဆုံးသွားပြီးသည့်နောက်တွင် ချက်ချင်းဆိုသလို ပျောက်ကွယ်သွား၏။ အောင်းရှန်က မတုံ့ပြန်နိုင်ခင် လှံက သူ့ခန္ဓာကိုယ်အတွင်း ပြန်လည်ပေါ်ထွက်လာကာ နှလုံးသားနှင့် အတွင်းအင်္ဂါများကို ထိုးစိုက်သွားခဲ့သည်။
သွေးက ပိုင်ရှင်ဆီ ပြန်သွားမှာပဲ…
သူက တွေးရင်း ညည်းတွားလိုက်သည်။
ကံကောင်းတာက သူမရဲ့ တုယီနယ်ပယ်က ငါ့ထက် အားနည်းနေတာပဲ…
ဟို့ဖုန်းဟွမ်၏ တုယီက မာနဆိုသည့် အကြောင်းအရင်းကြောင့် အဆင့်နိမ့်နေခဲ့သည်။ ရှေးဟောင်းမျိုးနွယ်၏ ကောင်းကင်ရွေးချယ်ခံတစ်ယောက်အနေဖြင့် သူမက တုယီနယ်ပယ်အကြောင်း သိထားသည်။ သို့သော်လည်း ရှေးဟောင်းမျိုးနွယ်များက တုယီနယ်ပယ်ကို ရှေးဟောင်းကျင့်ကြံရေးနည်းစနစ်ကို ချီယွမ်၏ မူလနည်းစနစ်ဖြင့် ပေါင်းစပ်ခြင်းဖြင့် ရယူနိုင်လေသည်။
သို့သော်လည်း မျိုးနွယ်ဝင်အများစုက ချီယွမ်အပေါ် အမုန်းတရား ပြင်းထန်ကြသည်။ ထို့ကြောင့် အများစုက ထိုနည်းလမ်းကို အသုံးပြုဖို့ ငြင်းဆန်ကြလေသည်။ ဟို့ဖုန်းဟွမ်သည်လည်း အပါအဝင် ဖြစ်၏။ လှည့်ဖျားရေးစစ်ဆေးမှုကို တွေ့ကြုံပြီးသည့်နောက်တွင် သူမက တုယီနယ်ပယ်ကို ကျွမ်းကျင်ဖို့ လိုအပ်ကြောင်း သိခဲ့ရသည်။
ထို့ကြောင့် သူမက သူမဘာသာသူမ မမှီခိုဘဲ နည်းလမ်းတစ်ခု ရှာတွေ့ခဲ့သော်လည်း နှစ်များစွာ ကြာမြင့်ပြီးသည့်နောက်တွင်ပင် သူမက လေ့ကျင့်ခြင်းမှတဆင့် ၅ဆင့်မြောက်ထိသာ ရောက်ရှိသေး၏။ သူမက လီကျွင်းလိုမျိုး ဝမ်ဝေ့ဆီမှ လမ်းညွှန်မှုတောင်းရမည့်သူလည်း မရှိပေ။
ထိုစဉ် အောင်းရှန်၏ တုယီနယ်ပယ်က သိုင်းပညာအုပ်စိုးသူ သိုင်းနည်းစနစ်၊ မူလနည်းစနစ်နှင့် နတ်ဆိုးမျိုးနွယ်၏ သွေးမျိုးဆက် နည်းစနစ်တို့ကို ပေါင်းစပ်၍ ၉ဆင့်မြောက်ထိ ရောက်ရှိခဲ့သည်။ နှမြောစရာကောင်းလှသည်က သူ့အနေဖြင့် တုယီနယ်ပယ်ကို မှန်မှန်ကန်ကန် အသုံးပြုရမည့် အတွေ့အကြုံနှင့် ဗဟုသုတများ မရှိပေ။
“ဘာလဲ” အောင်းရှန်က မူမမှန်မှုကို ခံစားမိလိုက်၍ ရေရွတ်လိုက်သည်။ ဟို့ဖုန်းဟွမ်၏ တုယီနယ်ပယ်က တစ်စုံတစ်ခုနှင့် ရောနှောနေဟန်ပေါ်၏။
ဇာမဏီ အင်မော်တယ်ဆန္ဒ
“သတိထားမိသွားပြီလား” ဟို့ဖုန်းဟွမ်က နှာခေါင်းရှုံ့ကာ မေးလိုက်၏။ သူမ၏ အားနည်းချက်က တုယီနယ်ပယ်အဆင့် ဖြစ်ကြောင်း သိထားလေသည်။ ထို့ကြောင့် သူမက သူမ၏ ပင်ကိုသွေးမျိုးဆက်မှ ဇာမဏီဆန္ဒနှင့် ရောနှောပြီး ပြဿနာကို ဖြေရှင်းခဲ့သည်။ ထို့အပြင် သူမက ရောစပ်ရာတွင် ဇာမဏီ၏ အင်မော်တယ် ဝိသေသ လက္ခဏာရပ်များကိုပင် ထည့်သွင်းခဲ့သည်။
အောင်းရှန်က စိတ်တိုလာသည်။ အကယ်၍ သူသာ တုယီနယ်ပယ်အပေါ် ကောင်းကောင်းမွန်မွန် ထိန်းချုပ်ပြီး နားလည်မှု မြင့်မားပါက လက်ရှိပြဿနာသည် ဖြေရှင်းဖို့ လွယ်ကူမည်ဖြစ်ကြောင်း သိလေသည်။ ကံဆိုးစွာဖြင့် နတ်ဆိုးမျိုးနွယ်တွင် အမွေအနှစ်များ ဆုံးရှုံးသွားခဲ့ရ၏။ သိုင်းပညာအုပ်စိုးသူကမ္ဘာတွင် သူ့အတွေ့အကြုံများက သမိုင်းကြောင်းရှည်လျားကာ ပြည့်စုံသည့် အမွေအနှစ်များရှိသော တခြားမျိုးနွယ်များနှင့် ကွာဟချက်ကို လိုက်မမှီနိုင်ပေ။
ငါ့အပေါ်ရှိနေတဲ့ သူမရဲ့ လွှမ်းမိုးမှုကို ဖယ်ရှားဖို့ အချိန်တချို့ လိုတယ်။ ဒါပေမဲ့ သူမက အဲဒီအခွင့်အရေး ပေးမှာ မဟုတ်ဘူး…
အောင်းရှန်၏ အကဲဖြတ်မှုက မှန်ကန်လေသည်။ ဟို့ဖုန်းဟွမ်က ချက်ချင်းဆိုသလို တိုက်ခိုက်လာ၏။ သူ့အနားတွင် ဧရာမသတ္တဝါများ ဖြစ်သည့် နဂါးတစ်ကောင်နှင့် ဇာမဏီတစ်ကောင် ထွက်ပေါ်လာသည်။ နဂါး၏ ခန္ဓာကိုယ်က ရေဓာတ်ဖြင့် ပြုလုပ်ထားပြီး မိုးမြေကြားမှ ထိပ်သီးပင်ကိုနတ်ဆိုး၏ အင်အားကို ထုတ်လွှတ်နေသည်။ ထိုစဉ် ဇာမဏီကမူ မိုးမြေကြားမြင့်မြတ်ကာ အလှပဆုံး သက်ရှိအလား မြင့်မြတ်သည့် အငွေ့အသက်များနှင့် မီးဓာတ်ဖြင့် ပြုလုပ်ထား၏။
နဂါးဇာမဏီ - ယင်ယန်ပေါက်ကွဲမှု
ပင်ကိုသတ္တဝါနှစ်ကောင်က ပေါင်းစပ်နေရင်း အောင်းရှန်ဆီ ပြေးဝင်လာသည်။ ထို့နောက် သူတို့က ရေခဲနှင့် မီးတောက်အသွင် ကောင်းကင်အထက် ပေါက်ကွဲထွက်သွားသည်။
တစ်ဖက်က မြောက်ဝင်ရိုးစွန်းလိုမျိုး အေးခဲနေကာ တခြားတစ်ဖက်ကမူ ငရဲလိုမျိုး ပူပြင်းလှသည်။
အလယ်ကမူ အောင်းရှန်၏ ဒဏ်ရာအပြင်းအထန် ရရှိထားသည့် ခန္ဓာကိုယ် ရှိ၏။
ကျစ် ငါတို့နှစ်ယောက်လုံးက ထိပ်သီးပွင့်ချပ် ၇လွှာဆိုပေမဲ့ သူမက ဘာလို့အဲ့လောက်တောင် အားကောင်းနေရတာလဲ…
သူက ထိုတိုက်ပွဲအတွင်း ဦးနှောက်က ကောင်းကောင်းမွန်မွန် အလုပ်လုပ်နေကြောင်း ခံစားမိလိုက်သည်။ ထို့နောက် ရုတ်ချည်းဆိုသလို သူ့ကျောရိုးတစ်လျှောက် ကြက်သီးတဖြန်းဖြန်းထသွားသည့် အသံကို ကြားလိုက်ရ၏။
သူက သူ့သွေးမျိုးဆက်ထဲ ကိန်းအောင်းနေသည့် အကြောက်တရားကို ခံစားမိလိုက်သည်။ အောင်းရှန်က အရင်းအမြစ်လားရာကို ကြည့်လိုက်သည့်အခါ ကီလိုမီတာ ၉ သောင်းရှိသည့် တောင်ပံနှင့် ရွှေရောင်သတ္တဝါတစ်ကောင်ကို မြင်လိုက်ရသည်။
“ကမ္ဘာဦးငှက်ကြီးပဲ။ ဒါက ကမ္ဘာဦးခေတ်ကာလတုန်းက နဂါးတွေကို အမဲလိုက်ခဲ့တဲ့ ပင်ကိုနတ်ဆိုးပဲ” သူက ရေရွတ်လိုက်သည်။ နဂါးများက ထိုခေတ်ကာလတွင် အားအကောင်းဆုံး ပင်ကိုနတ်ဆိုးများ ဖြစ်၏။ သို့သော်လည်း သူတို့ အားအလွန်ကောင်းလာသည်နှင့် ကောင်းကင်တာအိုက သူတို့၏ တည်ရှိမှုကို မျှခြေညီအောင် လုပ်ဖို့ ဆုံးဖြတ်လိုက်သည့်အတွက် ကမ္ဘာဦးငှက်ကြီးများ ပေါ်ထွက်လာရသည်။
သူ့ကို မိုးမြေကြားတွင် အမြန်ဆန်ဆုံး သတ္တဝါများအဖြစ် သိထားကြသည်။ သူတို့က နဂါးများကို တီကောင်များအလား ခြေသည်းဖြင့် အလွယ်တကူ ကုတ်ယူနိုင်ကြသည်။
အောင်းရှန်က သူ့သွေးမျိုးဆက်မှ အကြောက်တရားကို ခံစားမိလိုက်သော်လည်း မထိန်းချုပ်နိုင်သည့် စိတ်ခံစားချက်များကို အမြန်အဆန် ပြန်လည်ထိန်းချုပ်နိုင်သွား၏။ သူ့ဘိုးဘေးများက ကမ္ဘာဦးငှက်ကြီး မျိုးနွယ်ကို ရင်ဆိုင်ပြီး မျိုးတုံးလုနီးပါးအထိ ဖြစ်စေခဲ့သည်။
ထို့ကြောင့် သူက သူတို့ကို ကြောက်ဖို့ မလိုအပ်ပေ။ သူ ယခုဂရုစိုက်သည်က ဟို့ဖုန်းဟွမ်သည် သူ့သွေးမျိုးဆက်၏ အားနည်းချက်ကို ပစ်မှတ်ထားနိုင်သည့် ဤသို့သော နည်းစနစ်မျိုးကို မည်သို့ဖန်တီးခဲ့သလဲဟူ၍ ဖြစ်သည်။ သူက သူမဆီမှ ငှက်ကြီးသွေးမျိုးဆက်ကို မခံစားမိသောကြောင့် အနည်းငယ် စိတ်ရှုပ်ထွေးနေမိ၏။
ထို့နောက် သူ့အကြည့်များက တောက်ပလာ၏။
ငါ့မှတ်ဉာဏ်တွေအရဆိုရင် ကမ္ဘာဦးခေတ်ကာလတုန်းက နဂါးတွေက ပင်လယ်ကို အုပ်စိုးတယ်။ ချီလင်တွေက မြေပြင်ကို အုပ်စိုးပြီးတော့ ကျားတွေက တောင်တန်းကို အုပ်ချုပ်တယ်။ ဇာမဏီတွေကတော့ ဝေဟင်ကို အစိုးရတယ်။ သူတို့ကို ငှက်အားလုံးရဲ့ အုပ်ချုပ်သူလို့တောင် သိကြတယ်။
သူမက အဲဒီသဘောတရားနဲ့ ကမ္ဘာဦးငှက်ကြီးကို ဖန်တီးခဲ့တာလား…
သူ့စိတ်ထဲ အလျင်အမြန် အလုပ်လုပ်ကာ အခြေအနေကို သုံးသပ်နေသည်။ အောင်းရှန်၏ ခန္ဓာကိုယ်မှ ညင်သာသည့် အငွေ့အသက်တစ်ခု ထွက်ပေါ်လာကာ သူက အကြောက်တရားကို ထိန်းချုပ်ဖို့ ကြိုးစားနေကြောင်း ပြသနေလေသည်။
ကမ္ဘာဦးငှက်ကြီးက ထိုအခွင့်အရေးကို အရယူကာ ပြိုင်ဘက်ကင်းအလျင်ဖြင့် ဝင်ရောက်လာသည်။ အောင်းရှန်က မျက်တောင်မခတ်နိုင်ခင် ထိုသတ္တဝါကြီးက သူ့အပေါ် ရောက်ရှိနေပြီဖြစ်ပြီး ဆွဲဖြဲပစ်ဖို့ အဆင်သင့်ဖြစ်နေလေပြီ။
ကံဆိုးစွာဖြင့် ထိုသတ္တဝါကြီး ရင်ဆိုင်လိုက်ရသည်က လှောင်ပြောင်သည့် အပြုံးမျိုး ဖြစ်နေသည်။ အောင်းရှန်က ထိုသတ္တဝါကို သူ့အနားမျှားခေါ်နိုင်ရန်အတွက် ကြောက်ချင်ယောင်ဆောင်ခဲ့ခြင်း ဖြစ်၏။ သူက ငှက်ကြီးသည် မည်မျှမြန်ဆန်ကြောင်း သိထားသည့်အတွက် တိုက်ရိုက် မရှောင်ရှားနိုင်ဖို့ ဖြစ်နိုင်ချေ များသည်။
အောင်းရှန်၏ ခန္ဓာကိုယ်မှ သစ်ပင်အမြစ်များစွာ ထွက်ပေါ်လာပြီး ကမ္ဘာဦးငှက်ကြီးကို ဖမ်းဆီးလိုက်သည်။ ထို့နောက် သူက အလျင်အမြန် လှုပ်ရှားလိုက်ပြီး ကျိန်စာ ကျွမ်းကျင်သည့် သွေးမျိုးဆက်တစ်ခုကို အသက်သွင်းလိုက်သည်။
သူက ကမ္ဘာဦးငှက်ကြီးကို ကြားခံအဖြစ် အသုံးပြုကာ အားကောင်းသည့် ကျိန်စာတစ်ခုကို ချမှတ်လိုက်၏။
ဖူး
အောင်းရှန်က ကျိန်စာကျရှုံးမှုကြောင့် သွေးတစ်ပွက် အန်လိုက်ရသည်။
အမှားအယွင်းပဲ…
အောင်းရှန်က အံကြိတ်ကာ တွေးလိုက်မိသည်။ သူက မြင့်မြတ်သားရဲငါးကောင်သည် အမြင့်မြတ်ဆုံးသော သတ္တဝါများထဲမှ ဖြစ်၏။ ထို့ကြောင့် ကောင်းကင်ဘုံက သူတို့အား မကောင်းဆိုးဝါး၏ လွှမ်းမိုးမှုကို မခံရအောင် ကောင်းချီးပေးထားပြီး ကျိန်စာများကမူ မိုးမြေကြားတွင် မကောင်းသည့်အရာများအဖြစ် မှတ်ယူနိုင်သည်။
ဝှစ်
ဟို့ဖုန်းဟွမ်က သူ့ရှေ့တွင် ရုတ်တရက် ပေါ်ထွက်လာပြီး သူမ၏ အဖြူရောင်ဓားတွင် ကြောက်မက်ဖွယ် အနီရောင်အငွေ့အသက်တစ်ခု ပါဝင်နေသည်။ သူမက တုံ့ဆိုင်းခြင်း မရှိဘဲ သူ့နှလုံးသားကို ထိုးစိုက်လိုက်၏။ သူမက ဓားကို မဖယ်ခင် ခန္ဓာကိုယ်ကို ဖြည်းဖြည်းချင်း တည်တည်ငြိမ်ငြိမ် ကြည့်နေလိုက်သည်။
ထို့နောက် သူမက ဖြူဖျော့နေသည့် အောင်းရှန် ရပ်နေသည့်နေရာကို လှမ်းကြည့်လာသည်။
အဖြူရောင်ပုစဉ်း သွေးမျိုးဆက်ဆီက အခွံလွတ်မြောက်ရေးနည်းစနစ်ပဲ…
ဟို့ဖုန်းဟွမ်က တွေးလိုက်မိသည်။ ထိုနတ်ဆိုးမျိုးနွယ်က သူတို့၏ လွတ်မြောက်ရေး နည်းစနစ်ကြောင့် နာမည်ကျော်ကြားလေ၏။ အန္တရာယ်ကျရောက်သည့်အခါ သူတို့က အရေပြားကို ခွာ၍ ထွက်ပြေးလွတ်မြောက်သွားလိမ့်မည်။
အောင်းရှန်က သူမကို ကြည့်နေရင်း မျက်ဝန်းထဲ အကြောက်တရားတချို့ ပေါ်ထွက်လာသည်။ နောက်ဆုံးတိုက်ကွက်က မည်မျှကြောက်ဖို့ကောင်းကြောင်း သိလိုက်၏။ အကြောင်းမှာ သူမက သတ်ဖြတ်ရေး ပင်ကိုစည်းမျဉ်းကို အသုံးပြု၍ သူ့ဟွင်သွမ်းသွေးမျိုးဆက်ကို သတ်ပစ်ချင်နေသည်။
တစ်ခုခုတော့ မှားနေပြီ…
အောင်းရှန်က တွေးလိုက်မိသည်။
ကံဆိုးစွာဖြင့် ဟို့ဖုန်းဟွမ်က သူ့ကို တွေးတောဖို့ အချိန်မပေးပေ။ သူမက မြန်မြန်ဆန်ဆန် သတ်ဖြတ်လိုသည့် ရည်ရွယ်ချက်ကို ဖုံးကွယ်ခြင်း မရှိဘဲ သူ့ဆီပြေးဝင်လာ၏။
အောင်းရှန်က အချိန်ဆွဲရေးနည်းဗျူဟာကို သုံးဖို့ ဆုံးဖြတ်လိုက်သည်။ သူက နောက်ထပ် အံ့ဖွယ်စွမ်းရည်တစ်ခုကို အသုံးပြု၍ ကိုယ်ပွားမြောက်များစွာကို ဖန်တီးလိုက်၏။ ထို့နောက် သူက ပင်ကိုရတနာတစ်ခုကို ထုတ်သုံးကာ ကိုယ်ဖျောက်လိုက်သည်။
ဟို့ဖုန်းဟွမ်က ပေါ့ပါးသွက်လက်စွာ လှုပ်ရှားပြီး သူမ လမ်းကြောင်းရှိ ကိုယ်ပွားအားလုံးကို မီးလောင်တိုက်သွင်းပစ်ခဲ့သည်။ သို့သော်လည်း သူတို့က သေရမည်ကို မကြောက်ဘဲ မသေဆုံးခင် သူတို့ကိုယ်သူတို့ ဖောက်ခွဲပစ်ခဲ့ကြ၏။ အများစုက သေလိုသည့် ရည်ရွယ်ချက်ဖြင့် သူမဆီ ပြေးဝင်လာကြသည်။
ထို့နောက် ဟို့ဖုန်းဟွမ်က တန်ပြန်နည်းလမ်းကို ရှာမတွေ့ခင် အက်ကွဲသံတစ်ခုကို ကြားလိုက်မိ၍ မျက်မှောင်ကြုတ်မိသွားသည်။
“ရှင် ရှာတွေ့သွားပြီလား” သူမက အပြုံးဖြင့် မေးလိုက်သည်။
“မင်းရဲ့ နိုင်နိုင်ချေကို တိုးမြှင့်ပေးနိုင်တဲ့ ကံကောင်းမှုတာအိုကနေ ဖန်တီးထားတဲ့ ဖြစ်နိုင်ခြေစက်ကွင်းတစ်ခုပဲ” အောင်းရှန်က နှာခေါင်းရှုံ့ကာ ရေရွတ်လိုက်၏။ သူ့အသံက ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်နေသည်။
“ဒီလိုအောင်မြင်မှုရဖို့ အကောင်းဆုံးနည်းလမ်းက ငါ့စိတ်ကို သက်ရောက်မှုရှိအောင် လုပ်ပြီးတော့ တိုက်ပွဲတစ်လျှောက်လုံးမှာ ဆိုးရွားတဲ့ အစီအစဉ်တွေ၊ ဆုံးဖြတ်ချက်တွေနဲ့ အမှားအယွင်းတွေ လုပ်မိအောင် လုပ်တာပဲ”
“ဟုတ်တယ်။ ရှင့်ရဲ့ အရင် စိတ်အခြေအနေနဲ့ဆိုရင် ဒီနည်းစနစ်က အတော်လေးကို အောင်မြင်တယ်လေ”
အောင်းရှန်က သူမ၏ နှလုံးသားကို စုတ်ဖြဲကာ စားသုံးပစ်ချင်လေသည်။ သူ့စိတ်ကြည်လင်သွားသည်နှင့် ဟို့ဖုန်းဟွမ်လိုလူမျိုးကို သူ့ဟွင်သွမ်းသွေးမျိုးဆက်၏ စွမ်းရည်အမျိုးမျိုးကို အသုံးပြု၍ တိုက်ခိုက်ခဲ့ခြင်းက အမှားအယွင်းဖြစ်ကြောင်း သဘောပေါက်သွားခဲ့သည်။ အထူးသဖြင့် သူက ထိုစွမ်းရည်များကို ရရှိခါစ ဖြစ်၏။
ထို့ကြောင့် သူက သူ အကျွမ်းကျင်ဆုံးဖြစ်သည့် အမှောင်ထုစည်းမျဉ်းကို အသုံးပြုဖို့ လိုအပ်လေသည်။ ထိုအရာက သူ့စွမ်းအား အားလုံးကို အပြည့်အဝ ထုတ်သုံးနိုင်သည့် တစ်ခုတည်းသော နည်းလမ်း ဖြစ်၏။