သွေးမျိုးဆက်တိုက်ပွဲ အပိုင်း(၂)
Vol. 56 Ch. 781
ဟို့ဖုန်းဟွမ်က လျှောက်ပြီး ကစားမနေတော့ပေ။ သူမက အတုအယောင်များကို ထိုးဖောက်မြင်နိုင်သည့် ကောင်းကင်မျက်လုံး နည်းစနစ်ကို အသုံးပြုလိုက်၏။ ကံဆိုးစွာဖြင့် အောင်းရှန်ကလည်း အထွတ်အထိပ် ပင်ကိုရတနာတစ်ခုကို အသုံးပြုထားပြီး ထာဝရအရှင်အင်အားဖြင့် စွမ်းအားအမြောက်အများကို အသုံးပြုနိုင်သောကြောင့် သူမအနေဖြင့် သူ့ကို အာရုံမခံနိုင်ခဲ့ပေ။
ဟို့ဖုန်းဟွမ်က ရှေးဟောင်းမျိုးနွယ်၏ နောက်ခံကို အသုံးပြုခဲ့သည်။ ချီယွမ်က သူတို့အား ဆင်းရဲစွာ ချန်ထားခဲ့သော်လည်း နှစ်များစွာ ကြာမြင့်ပြီးသည့်နောက်တွင် အတိုင်းအတာ တစ်ခုလောက်အထိ ပြန်လည်ကောင်းမွန်လာခဲ့သည်။
သူမက လက်ဝှေ့လိုက်ပြီးသည့်နောက် မျက်လုံးပုံစံရှိနေသည့် အထွတ်အထိပ် ပင်ကိုရတနာတစ်ခုကို ထုတ်ယူလိုက်သည်။ ထိုအရာ၏ နာမည်က ဇာမဏီမျက်လုံး ဖြစ်၏။
ရှာတွေ့ပြီ…
ဟို့ဖုန်းဟွမ်က ယင်ယန်တာအိုကို အသုံးပြုကာ အောင်းရှန်ရှေ့မှောက်တွင် ချက်ချင်းပေါ်ထွက်လာသည်။ သူမနှင့် အောင်းရှန်ကြားရှိ အကွာအဝေးက ကွာဝေးလွန်းလှသည်ဟု မှတ်ယူ၍ ရသော်လည်း ယင်ယန်ပြောင်းပြန် အသုံးပြုခြင်းဖြင့် သူမက နီးအောင် လုပ်ဆောင်နိုင်ပြီး ကူးသန်းသွားလာနိုင်သည်။
သူမက ကျားဖြူသတ်ဖြတ်ရေးဓားကို ဝှေ့ယမ်းလိုက်ပြီးသည့်နောက် စွမ်းအားကို ထုတ်ဖော်လိုက်သည်။ သို့သော်လည်း အောင်းရှန်က ယခုအခါ အခြေအနေ ပိုကောင်းမွန်နေပြီဖြစ်ပြီး သူ့စွမ်းအင်နှင့် တိုက်ပွဲအတွေ့အကြုံကို အပြည့်အဝ ထုတ်သုံးနိုင်စွမ်း ရှိလာသည်။
အမှောင်ထု ပိုင်နက်
ပတ်ဝန်းကျင်ရှိ ကြယ်တာရာများ ဖျက်ဆီးခံလိုက်ရ၍ ကောင်းကင်က မှောင်မဲနေပြီဖြစ်၏။ သို့သော်လည်း ဟို့ဖုန်းဟွမ်က ပိုမိုမှောင်မဲလာကြောင်း ခံစားမိလိုက်သည်။
သူမက ဘာကိုမှမမြင်ရသလို ဘာမှလည်းမကြားရပေ။ သူမ၏ အံ့ဖွယ်အသိစိတ်က အလုပ်မလုပ်တော့ဘဲ အာရုံ၆ပါး ဖြတ်တောက်ခံထားရသည်။ ဟို့ဖုန်းဟွမ်က ဟို့မျိုးနွယ်၏ ထူးကဲသည့် ပင်ကိုနည်းစနစ်တစ်ခု ဖြစ်သော သူမ၏ ကောင်းကင်မျက်လုံးနည်းစနစ်ကို အသက်သွင်းလိုက်သည်။
ထိုနည်းစနစ်ကို အထွတ်အထိပ်ထိ ရောက်အောင် ကျင့်ကြံခြင်းဖြင့် ထိုနည်းစနစ်သည် အသုံးပြုသူအား ယင်ယန်မျက်လုံးထက် မနိမ့်ကျသည့် စွမ်းအားကို ပေးအပ်လာလိမ့်မည်။
ဟို့ဖုန်းဟွမ်က ဇာမဏီမျက်လုံး အသုံးအဆောင်ပစ္စည်းနှင့် ကောင်းကင်မျက်လုံးကို ပေါင်းစပ်လိုက်၏။ ကံဆိုးစွာဖြင့် အောင်းရှန်ကလည်း သူ့ပင်ကိုရတနာဖြင့် တူညီစွာ လုပ်ဆောင်လိုက်သည်။
ဘာမှမရှိဘူးလား…
ဟို့ဖုန်းဟွမ်က တွေးလိုက်မိသည်။ သူမ၏ စိတ်ထဲ အနှောင့်အယှက် ဖြစ်လာလေ၏။ အမှောင်ထုက စိတ်ထဲကို စိမ့်ဝင်လာသည့် ကြက်သီးထဖွယ်စွမ်းအားမျိုး ရှိလေသည်။ ကံကောင်းစွာဖြင့် သူမက စိတ်စွမ်းအားမြင့်မားပြီး ဇာမဏီ မီးတောက်ဖြင့် အသုံးပြုကာ အသိစိတ်ပင်လယ်နှင့် အသိစိတ်ကို ကောင်းမွန်စွာ ကာကွယ်ထားနိုင်သည်။
ထို့နောက် သူမက ဘယ်ဖက်ကို ဓားကို ဝှေ့ယမ်းလိုက်၏။ အမှောင်ထုထဲ လူနှစ်ယောက် ထိပ်တိုက်တွေ့ဆုံသံ ထွက်ပေါ်လာသည်။
“မဖြစ်နိုင်တာ။ ငါ့ကို ဘယ်လို ရှာတွေ့သွားတာလဲ” အောင်းရှန်၏ အသံက အမှောင်ထုထဲမှ ထွက်ပေါ်လာသည်။
“ကံကောင်းလို့ပေါ့” ဟို့ဖုန်းဟွမ်က ကြုံရာကျပန်း ဆက်လက်မတိုက်ခိုက်ခင် ပြောလိုက်သည်။
သူမက အောင်းရှန်ကို ထပ်မံ တွေ့ရှိသွား၏။ ဆိုလိုသည်မှာ ထိုအရာက ရိုးရှင်းသည့် ကံကောင်းမှုတော့ မဟုတ်ပေ။ ဟို့ဖုန်းဟွမ်က သူမ၏ ချီလင်သွေးမျိုးဆက်မှ ကံကောင်းမှုတာအိုကို အသုံးပြုပြီး တစ်ဖက်လူကို ရှာဖွေနေခြင်း ဖြစ်သည်။ ထို့ကြောင့် သူမ၏ တိုက်ကွက်အားလုံးက ကြုံရာကျပန်းဖြစ်သော်လည်း တစ်ကြိမ်တိုင်းစီတွင် ချက်ကောင်းကို ထိမိလေသည်။
ဝှစ်
ဟို့ဖုန်းဟွမ်က နောက်ထပ် တစ်နေရာကို တိုက်ခိုက်လိုက်သော်လည်း သူမကို အံ့အားသင့်သွားစေသည်က လွဲချော်သွားခဲ့သည်။ ထို့အပြင် သူမက သွေးအနည်းငယ် အန်လိုက်ရ၏။
ကံကောင်းမှု တန်ပြန်သက်ရောက်မှုလား …
သူမအနေဖြင့် အောင်းရှန်သည် သူမ၏ ကံကောင်းမှုအပေါ် သက်ရောက်မှုရှိစေပြီး တန်ပြန်သက်ရောက်မှုကိုပင် ယူဆောင်လာနိုင်သည့် နည်းစနစ်ကို ထုတ်သုံးကြောင်း အာရုံခံမိလိုက်သည်။
ကံကောင်းမှုက အကြွင်းမဲ့ မဟုတ်ဘူး။ အသုံးလွန်သွားရင် ကံဆိုးလာလိမ့်မယ်။ ကံကောင်းမှုရဲ့ တစ်စိတ်တစ်ပိုင်းက အမှောင်ထုအဖြစ် သတ်မှတ်လို့ ရတယ်။ အဲဒါဆိုတော့ သူ အဲ့လို လုပ်လိုက်တာများလား။ ငါ သူ့ကို လျှော့မတွက်သင့်ဘူးပဲ…
ဘန်း
အမှောင်ထု၏ တိုက်စားနိုင်စွမ်း ပြည့်နှက်နေသည့် လက်သီးတစ်ချက်က ဟို့ဖုန်းဟွမ်၏ ကျောဘက် ကျရောက်လာသည်။ သို့သော်လည်း သူမက ခြေလှမ်းဆယ်လှမ်းမျှသာ ရှေ့တိုးလိုက်ရ၏။ သူမ၏ ခန္ဓာကိုယ်က အကောင်းအတိုင်း ကျန်ရှိနေသေးသည်။
ဘာလဲ။ သူမရဲ့ ခန္ဓာကိုယ်ခုခံနိုင်စွမ်းက ဒီလောက်တောင် အားကောင်းနေရတာလား…
ဟို့ဖုန်းဟွမ်ကလည်း မြန်ဆန်သွက်လက်စွာ လှုပ်ရှားလိုက်သည်။
သန့်စင်ရေး မီးတောက်ပိုင်နက်
သူမက ယင်ယန်တာအိုကို အသုံးပြု၍ သူမ၏ မီးတောက်တာအိုဖြင့် ပေါင်းစပ်ကာ ယန်နှင့် အလင်းစွမ်းအား ပြည့်နှက်နေသည့် ပိုင်နက်တစ်ခုကို ဖန်တီးလိုက်သည်။
ရှေးဟောင်းကျင့်ကြံရေး နည်းစနစ်၏ ၇ဆင့်မြောက်ကို ကမ္ဘာဦးနတ်ဘုရား နည်းစနစ်ဟုခေါ်ပြီး စည်းမျဉ်းနားလည်ခြင်းအဆင့်လည်း ဖြစ်ပေသည်။ ထိုနာမည်အတိုင်း ကျင့်ကြံသူများက သူတို့၏ အစစ်အမှန်စိတ်ဝိညာဉ်ကို အသုံးပြု၍ စည်းမျဉ်းကို နားလည်ကြရသည်။ နောက်အဆင့်ကမူ စည်းမျဉ်းပိုင်နက် ဖြစ်ပြီး သူတော်စင်အဆင့်နှင့် အတူတူ ဖြစ်သည်။ သို့သော်လည်း သူတို့၏ ပိုင်နက်က ကျင့်ကြံသူများဆီမှ ဆင်းသက်လာခြင်း မဟုတ်ဘဲ ရှေးခေတ်အခါကတည်းက တည်ရှိနေသည့် ထူးကဲသည့် နေရာလွတ်ဒိုင်မေးရှင်းမှ ပေါင်းစပ်ထားခြင်း ဖြစ်သည်။ ထိုနေရာလွတ် ဒိုင်မေးရှင်းက တာအိုဘိုးဘေးများ အသုံးပြုသည့် တာအိုအရင်းအမြစ် မျိုးစေ့၏ အဆင့်နိမ့်ပုံစံဖြစ်ပြီး စည်းမျဉ်းဘုံဗိမာန်ဟု ခေါ်ဆိုလေသည်။
ထိုသို့ပေါင်းစပ်ပြီးသည့်နောက်တွင် ရှေးဟောင်းကျင့်ကြံသူများက သူတော်စင်များ၏ ပိုင်နက်ကဲ့သို့ သူတို့အနားရှိ စည်းမျဉ်းများကို ထိန်းချုပ်လာနိုင်သည်။ နောက်ဆုံး ၉ဆင့်မြောက်တွင်မူ သူတို့က ကမ္ဘာဦးနတ်ဘုရားများကို အတုခိုးဖို့ ခန္ဓာကိုယ်ကို ပြန်လည်တည်ဆောက်ရန် ပိုင်နက်ကို အသုံးပြုပြီး စည်းမျဉ်းခန္ဓာအဆင့်ကို ဝင်ရောက်ကြသည်။
ရှေးဟောင်းမျိုးနွယ်များက စည်းမျဉ်းဘုံဗိမာန်ကို ဖြစ်ပေါ်စေသည့် နည်းလမ်းများ ရှိပြီး အဆင့်အမျိုးမျိုး ရှိ၏။ ဤမျိုးဆက်၏ ကောင်းကင်ရွေးချယ်ခံဖြစ်သည့် ဟို့ဖုန်းဟွမ်ကမူ အမြင့်မားဆုံးအဆင့်ကို ရောက်ရှိနိုင်ခဲ့သည်။
အောင်းရှန်၏ တာအိုအတွက် ဆန့်ကျင်ဘက် သဘောတရားပါဝင်သည့် သူမ၏ ပိုင်နက်ဖြင့် သူ့ကို လွှမ်းမိုးသွားနိုင်ခဲ့သည်။ ဟို့ဖုန်းဟွမ်က သူ့အနီးနားမှ အမှောင်ထုကို ဖယ်ရှားပစ်လိုက်ပြီးသည့်နောက် အောင်းရှန်၏ ခန္ဓာကိုယ်မှ ထူးကဲသည့် အငွေ့အသက်ကို ဖမ်းဆုပ်နိုင်လိုက်သည်။
ထိုအငွေ့အသက်မှတဆင့် သူမက ယင်ယန်တွက်ချက်မှုကို အသုံးပြုကာ ကောင်းကင်မျက်လုံးကို ကောင်းချီးပေးပြီး သူ့ကို အချိန်မရွေး၊ နေရာမရွေး အာရုံခံနိုင်စွမ်းကို ရယူခဲ့သည်။
သူမ၏ နောက်တွင် ရေမှုတ်ထုတ်လာသည့် နဂါးတစ်ကောင် ပုံရိပ်ထွက်ပေါ်လာသည်။ ထိုနဂါးက သွားလာနှုန်းမြန်ဆန်လွန်းလှသည့်အတွက် ဂလက်ဆီသန်းချီကိုပင် အလွယ်တကူ ထိုးဖောက်သွားနိုင်သည်။
သို့သော်လည်း အောင်းရှန်က နောက်ကောက်မကျပေ။ သူက ပါးစပ်ဟကာ အမှောင်ထုအငွေ့အသက်ကို ထုတ်လွှတ်လိုက်ပြီး သူမ၏ တိုက်ကွက်ကို ပယ်ဖျက်လိုက်သည်။
အရိပ် တုပခြင်း
အောင်းရှန်၏ ခန္ဓာကိုယ်မှ ထူးဆန်းသည့် အငွေ့အသက်တစ်ခု ထွက်ပေါ်လာသော်လည်း အာရုံခံနိုင်ဖို့ရာအတွက် အရမ်းကို မြန်ဆန်လွန်းနေသည်။ ထို့ကြောင့် သူက ဟို့ဖုန်းဟွမ်ရှေ့မှောက် ချက်ချင်းဆိုသလို ပေါ်ထွက်လာပြီး သူမကို လက်သီးဖြင့် ထိုးချလိုက်သည်။
သူမ၏ ခန္ဓာကိုယ်က နောက်လွင့်စင်သွားကာ တွင်းနက်ကြီးထဲ ဝင်သွားသလိုမျိုး အာကာပြင်ကို ချိုးဖောက်သွားသည်။
သူမရဲ့ ခန္ဓာကိုယ်က…
အောင်းရှန်က မျက်မှောင်ကြုတ်ကာ တွေးလိုက်မိ၏။ သူ့နည်းစနစ်က ခုခံနိုင်စွမ်းမြင့်မားသည်ဟု ခံစားမိသော်လည်း အခြေအနေအားလုံးအတွက် အပြည့်အဝ မသုံးသပ်နိုင်သေးပေ။ ထိုစဉ်ဟို့ဖုန်းဟွမ်ကမူ ဒဏ်ရာကို လျစ်လျူရှုထားပြီး မျက်မှောင်ကြုတ်လိုက်သည်။
သူက ငါ့ယင်ယန်ကူးသန်းပို့ဆောင်ရေး နည်းစနစ်ကို အသုံးပြုခဲ့တာပဲ…
အောင်းရှန်၏ တိုက်ကွက်သည် သူ သူမ၏ ဖြစ်နိုင်ချေစက်ကွင်းကို ချိုးဖောက်ပြီးသည့်နောက် သူမ ဦးဆုံးအသုံးပြုခဲ့သည့်အရာနှင့် ထပ်တူကျနေလေ၏။ ထို့ကြောင့် သူမ၏ စိတ်ထဲ အဖြစ်အပျက်ကို နားလည်ဖို့ ကြိုးစားရင်း အလျင်အမြန် တွက်ချက်နေသည်။
အရိပ်က အမှောင်ထုရဲ့ တစ်စိတ်တစ်ပိုင်းပဲ။ အဲဒါဆိုတော့ ငါ့ရဲ့ စွမ်းအားကို အတုခိုးဖို့ နည်းစနစ်တချို့ကို အသုံးပြုခဲ့တာလား…
ဟို့ဖုန်းဟွမ်က အလျင်အမြန် ဆုံးဖြတ်လိုက်ပြီး သူမ၏ တာအိုကို အသုံးပြုကာ သူမ၏ အရိပ်ကို ယာယီ သတ်ပစ်လိုက်သည်။ ထင်ထားသည့်အတိုင်း သူမက အောင်းရှန်နှင့် သူမ၏ အရိပ်ကြားမှ ဆက်နွယ်မှုသည် ဖြတ်တောက်ခံလိုက်ရကြောင်း ခံစားမိလိုက်သည်။
ဝုန်း
နောက်ထပ် တိုက်ကွက်တစ်ခုက သူမဆီ ထိမှန်လာသည်။ ကံကောင်းစွာဖြင့် သူမက ဒိုင်းကာဖြင့် ကာကွယ်ထားနိုင်လိုက်သည်။
ဒီလက်သီးချက်က ငါ့အတွင်းအင်္ဂါတွေကို ဖျက်ဆီးပစ်လိုက်တာပဲ … သူ့တုယီနယ်ပယ်က ငါ့ကို ကုသခြင်းကနေ တားဆီးနေတယ်။
ဟို့ဖုန်းဟွမ်က သူမ၏ ငါးဆင့်မြောက် တုယီနယ်ပယ်ဖြင့် အောင်းရှန်၏ စွမ်းအားကို ပယ်ဖျက်ဖို့ရာ အချိန်ကြာမြင့်မည် ဖြစ်ကြောင်း ပြောနိုင်လေ၏။ ထို့ကြောင့် သူမက ရက်စက်ပြီး သက်ရောက်မှုရှိသည့် နည်းလမ်းကို အသုံးပြုခဲ့သည်။
သူမက သွေးတစ်ပွက် အန်လိုက်ရ၏။ ထို့နောက် နိဗာနဇာမဏီ မီးတောက်က ထိုသွေးကို လွှမ်းခြုံသွားကာ အကောင်းအတိုင်း ရှိနေသည့် ခန္ဓာကိုယ်အသစ်တစ်ခု ပေါ်ထွက်လာသည်။ နောက်ဆုံးတွင် သူမက ပါးစပ်ဟပြီးသည့်နောက် ယခင်ခန္ဓာကိုယ်ဟောင်းမှ စွမ်းအားများစွာကို စုပ်ယူပြီး ဗလာကျင်းကာ ဒဏ်ရာရရှိနေသည့် အခွံကိုသာ ချန်ထားခဲ့သည်။
အခု တိုက်ပွဲကို အဆုံးသတ်ရမဲ့ အချိန်ပဲ…
ဟို့ဖုန်းဟွမ်က အောင်းရှန်ကို စိုက်ကြည့်ကာ တွေးလိုက်မိသည်။
ငါ့ဆီမှာ တိုက်ပွဲအတွက် နည်းလမ်းသုံးခု ရှိတယ်။ နှစ်ခုက အသုံးမဝင်ဘူး…
အောင်းရှန်က တွေးလိုက်မိ၏။ သူက တိုက်ခိုက်ရေးနည်းလမ်းသုံးခု ရှိပြီး လုပ်ကြံသတ်ဖြတ်ဖို့အတွက် အမှောင်ထုကို အသုံးပြုခြင်း၊ တခြားသူ၏ စိတ်ကို လွှမ်းမိုးဖို့အတွက် အမှောင်ထုကို အသုံးပြုခြင်းနှင့် သိုင်းပညာနှင့် အမှောင်ထုခန္ဓာကို အသုံးပြုခြင်းတို့ ဖြစ်ပေသည်။
ဟို့ဖုန်းဟွမ်က သူ့ကို ရှာတွေ့နိုင်သည့်အတွက် လုပ်ကြံသတ်ဖြတ်ရေးက အသုံးမဝင်ပေ။ စိတ်ကိုလွှမ်းမိုးခြင်းကလည်း ဟို့ဖုန်းဟွမ်က ပိုမိုကျွမ်းကျင်ပြီး နားလည်နေသည့်အတွက် အသုံးမဝင်ပေ။
အောင်းရှန်က ရွေးချယ်စရာ မရှိဘဲ ခရမ်းရောင် အမှတ်အသားများရှိနေသည့် အနက်ရောင်နဂါးအဖြစ် ပြောင်းလဲလိုက်ရသည်။ သို့သော်လည်း ထိုအရာက အသစ်အဆန်းဖြစ်နေကာ သူ့ဟွင်သွမ်းသွေးမျိုးဆက်၏ ရလဒ်ကြောင့် ဖြစ်ပေသည်။
ဤသည်က လူအများရှေ့ သူ့နတ်ဆိုးပုံစံကို ပြသသည့် ပထမဦးဆုံးအကြိမ် ဖြစ်၏။
သူက အပြင်ဘက်တွင် မုန်တိုင်းထန်နေမည် ဖြစ်ကြောင်း မှန်းဆမိလေသည်။
သူ ရှုံးနိမ့်သွားလျှင် ပြင်ပလောကက သူ့ကို ပင်ကိုနဂါးတစ်ကောင်အဖြစ် သိသွားပြီးသည့်နောက် နတ်ဆိုးမျိုးနွယ် ခံစားရမည့်ဖိအားနှင့် အန္တရာယ်အကျိုးဆက်ကို နားလည်လေသည်။
ဟို့ဖုန်းဟွမ်က သူ့ကို တည်တည်ငြိမ်ငြိမ် ကြည့်နေလေ၏။ သူမက ထိုဧရာမနဂါးကြီးနှင့် ယှဉ်လိုက်လျှင် သေးငယ်နေသည်။ သူမ၏ လက်ရှိအနေအထားက အောင်းရှန်၏ မျက်လုံးထက်တောင် ပိုမိုသေးငယ်နေ၏။ သို့သော်လည်း သူမက အကြောက်တရား မရှိပေ။ သူမ၏ အရှိန်အဝါက သူ့ထက် မနိမ့်ကျပေ။
ဂျွတ်
ဟို့ဖုန်းဟွမ်၏ ခြေထောက်အောက်ရှိ အာကာပြင်က အက်ကွဲသွားပြီး သူမက အောင်းရှန်ဆီ ပျံသန်းသွားလိုက်သည်။
ဝုန်း
ထိုနဂါးက မတုံ့ပြန်နိုင်ခင် သူမက လက်သီးချက်ဖြင့် ထိုးချလိုက်သည်။ ထိုတိုက်ကွက်၏ နောက်ကွယ်မှ ခွန်အားက သူ့ဂြိုလ်တစ်ချောင်းနှင့်အတူ သွားအနည်းငယ်ကို ကျွတ်ထွက်သွားစေသည်။
ဂါး
အောင်းရှန်က နာကျင်မှုနှင့် ဒေါသကြောင့် အော်ဟစ်လိုက်သည်။ သူ့နဂါးအသံက တိုက်ပွဲကွင်းပြင် တစ်ခုလုံးကို ပဲ့တင်ထပ်သွားလေ၏။
ကျစ် ငါ မြန်မြန်ဆန်ဆန် လုပ်ရမယ်။
ဟို့ဖုန်းဟွမ်က သူ့ရှေ့တွင် ချက်ချင်းပေါ်ထွက်လာကာ သူ့ဦးခေါင်းခွံကို ကန်ရင်း တွေးလိုက်မိသည်။ အောင်းရှန်က လွင့်စင်ထွက်သွားပြီး သူ့ခန္ဓာကိုယ်က ဂလက်ဆီများစွာကို ဝင်တိုက်ရင်း ဖျက်ဆီးပစ်ခဲ့သည်။
သူမရဲ့ အင်အားက ပွင့်ချပ် ၈ လွှာအဆင့်ကို ရောက်နေပြီပဲ…
သူက သူ့စိတ်ကို တည်တည်ငြိမ်ငြိမ်နေဖို့ ထိန်းချုပ်လိုက်ရသည်။
သူမက ကန့်သတ်ချက်ကို ဘယ်လိုလုပ် ချိုးဖောက်နိုင်တာလဲ။ သူမရဲ့ ခန္ဓာကိုယ်ကြောင့်လား…
အကယ်၍ ဟို့ဖုန်းဟွမ်သာ သူ့အတွေးကို ဖတ်နိုင်လျှင် သူ့ မှန်းဆချက်က မှန်ကန်ကြောင်း ပြောမိလိမ့်မည်။ မြင့်မြတ်သားရဲ ၅ကောင်က ပင်ကိုနတ်ဆိုးများ၏ ထိပ်တန်း ဖြစ်သည့်အတွက် သူတို့၏ ရုပ်ခန္ဓာများက အကောင်းဆုံးထဲမှ အကောင်းဆုံး ဖြစ်သည်။ ထို့ကြောင့် ဟို့ဖုန်းဟွမ်က သူတို့၏ သွေးမျိုးဆက်ကို အသုံးပြု၍ သူမ၏ ခန္ဓာကိုယ်ကို လေ့ကျင့်ပေးခဲ့ပြီး ကန့်သတ်ချက်ကို ချိုးဖောက်ခဲ့၏။
ဝုန်း
ဟို့ဖုန်းဟွမ်က သူ့ကို တိုက်ခိုက်လိုက်သည်။ ဤတစ်ကြိမ် သူမက မီးတောက်ကို အသုံးပြုခဲ့၏။ သို့သော်လည်း တိုက်ကွက်က သူမ ထင်ထားသလောက် ထိခိုက်မှု မများပေ။ အကြောင်းအရင်းကမူ အောင်းရှန်၏ အနက်ရောင်ကြေးခွံက ရွှေရောင်အဖြစ် ပြောင်းလဲသွား၍ ဖြစ်သည်။
“ဒီအငွေ့အသက်က ရွှေရောင်ငှက်ကြီးရဲ့ ဧကရာဇ်အသုံးအဆောင်လား”
ထို့နောက် သူမက အောင်းရှန်ဆီမှ ဧကရာဇ်အသုံးအဆောင် ပစ္စည်းအသုံးပြုမှုကြောင့် အသက်ဓာတ် အမြန်အဆန် လွင့်ပြယ်လာကြောင်း ခံစားမိ၍ နှာခေါင်းရှုံ့လိုက်သည်။
သူမက ဆက်လက် တိုက်ခိုက်လိုက်သော်လည်း သူကမူ ထိုအသုံးအဆောင်ပစ္စည်းကြောင့် အရှိန်က သိသိသာသာ လျော့ကျလာသည့်အတွက် ရှောင်ရှားနေရသည်။
အဆုံးမဲ့ချောက်နက်
ဟို့ဖုန်းဟွမ်၏ အောက်တွင် အနက်ရောင် ချောက်နက်တစ်ခု ရုတ်ချည်းပေါ်ထွက်လာပြီး သူမကို ဝါးမျိုချင်သည့်အလား ကြောက်မက်ဖွယ် စွမ်းအားတစ်ခု ပေါ်ထွက်လာသည်။ တစ်ချက်ကြည့်ရုံမျှဖြင့် သူမက ထိုချောက်ကြီးသည် အမှောင်ထု အဆုံးမဲ့ကမ္ဘာဖြစ်ကြောင်း သိလေ၏။
သူမသာ ဝါးမျိုခံရပါက စောင့်မျှော်နေသည့် ကံကြမ္မာနှစ်ခုသာ ရှိလေသည်။ ထိုမြေဆွဲအား၏ ဝါးမျိုမှုကြောင့် ကြေမွသွားတာမျိုး သို့မဟုတ် မရပ်တန့်ဘဲ ဆက်တိုက်ပြုတ်ကျသွားခြင်းကြောင့် ရူးသွပ်သွားပြီးသည့်နောက် သူမကိုယ်သူမ သတ်သေတာမျိုးသာ ဖြစ်၏။
သူမက ခြေဆောင့်လိုက်ပြီးသည့်နောက် ထိုချောက်နက်ကို ရှင်းထုတ်ဖို့အတွက် အောင်းရှန်ဆီ ပြေးဝင်သွားလိုက်သည်။ သို့သော်လည်း ဟို့ဖုန်းဟွမ်က ထိုသူသည် ဆက်တိုက်ရှောင်ရင်း ထွက်ပြေးမည့်လမ်းစဉ်ကို ရှာနေကြောင်း သိလိုက်ရသည်။
သူမက သူ့ကို ယင်ယန်စွမ်းအားကို အသုံးပြုကာ လက်သီးဖြင့် ထိုးချလိုက်သည်။ ထို့နောက် ပတ်ဝန်းကျင်ရှိ အရာအားလုံးက အင်မတန် နှေးကွေးသွားလေ၏။
“ရှင် အဆုံးသတ်ပြီ” သူမက ပြောလိုက်သည်။ ဟို့ဖုန်းဟွမ်က အဖြူရောင်အလင်းတန်းအဖြစ် ပြောင်းလဲကာ အောင်းရှန်၏ ခန္ဓာကိုယ်အတွင်း တဲ့တိုးဝင်ရောက်သွားသည်။ သူမက သူ့ခန္ဓာကိုယ်အတွင်း ထိုးဖောက်ဖို့ သူမ၏ ခန္ဓာကိုယ်ကို အသုံးပြုခဲ့သည်။ သူမက ချက်ချင်း ရပ်တန့်မသွားသေးဘဲ ကြောက်မက်ဖွယ်ခွန်အားဖြင့် ဆက်လက်ပျံသန်းလာပြီး သူ့ခန္ဓာကိုယ်ထဲ လူသားအရွယ် အပေါက်များစွာ ဖြစ်ပေါ်လာစေသည်။
စက္ကန့်ပိုင်းအတွင်း အောင်းရှန်က ချိစ်ပြားနှင့်ပင် တူနေလေ၏။
“ရပ်လိုက်” အောင်းရှန်က အော်ပြောလိုက်သည်။ သူ့အသက်ဓာတ်က ဖြည်းဖြည်းချင်း လွင့်ပြယ်နေပြီဖြစ်ကြောင်း ခံစားလိုက်မိ၏။ ဧကရာဇ်အသုံးအဆောင်ပစ္စည်းကို အသုံးပြုမှုလွန်ကဲခြင်းက ယိုယွင်းလာပြီဖြစ်ကာ ယခုအခါ သူသည် ဒဏ်ရာအပြင်းအထန် ရရှိထားပြီ ဖြစ်၏။ ထို့အပြင် သူ့အားနည်းသည့် အခြေအနေက သူမ၏ နည်းစနစ်ကို ချိုးဖောက်ဖို့ မဖြစ်နိုင်အောင် ပြုလုပ်နေသည်။
ကံဆိုးစွာဖြင့် ဟို့ဖုန်းဟွမ်က သူ့စကားကို နားမထောင်ပေ။ သူမ၏ မျက်ဝန်းက သတ်ဖြတ်ငွေ့ဖြင့် ပြည့်နှက်နေ၏။
“ငါ့မှာ အရေးကြီးတဲ့ သတင်းအချက်အလက် ရှိတယ်။ ငါ့အသက်အတွက် လဲလှယ်နိုင်တယ်” အောင်းရှန်က အလျင်အမြန် အော်ပြောလိုက်သည်။
နောက်ဆုံးတွင် ဟို့ဖုန်းဟွမ်က ရပ်တန့်လိုက်ပြီး သူ့အား စိုက်ကြည့်လိုက်သည်။ သို့သော်လည်း သူမ၏ မျက်ဝန်းရှိ သတ်ဖြတ်ငွေ့က နည်းနည်းလေးမှ ပျောက်ကွယ်သွားခြင်း မရှိပေ။