← Chapters

အသက်ကယ်ခြင်း

Vol. 56 Ch. 782

အသက်ကယ်ခြင်း

Vol. 56 Ch. 782

“ရှင့်ရဲ့အသက်လောက် ဘယ်လိုသတင်းကများ အဖိုးတန်တာလဲ” ဟို့ဖုန်းဟွမ်က မေးလိုက်ပြီး သူမ၏ မျက်ဝန်းအထက် အလင်းတစ်ချက် ဖြတ်ပြေးသွားသည်။

“ဒီသတင်းက အထူးသဖြင့် မင်းလိုလူမျိုးအတွက် အတော်လေး အရေးကြီးတယ်ဆိုတာ အာမခံနိုင်တယ်” အောင်းရှန်က သူ့လူသားအသွင်ကို ပြန်ပြောင်းကာ ပြောလိုက်သည်။ သို့သော်လည်း သူ့မျက်နှာက ဖြူဖျော့နေပြီး သူ့ခန္ဓာကိုယ် အစိတ်အပိုင်းအနှံ့ အပေါက်များကို မြင်တွေ့နိုင်လေ၏။

သူက စက္ကန့်အလိုက် သူ့သက်တမ်း ကုန်ဆုံးနေသည်ကို ခံစားမိသော်လည်း မကုသရဲပေ။ သူသာ ဤသို့နည်းဗျူဟာမျိုး အသုံးပြုခဲ့ပါက ဟို့ဖုန်းဟွမ်သည် တိုက်ရိုက်သတ်ပစ်မည်ဖြစ်ကြောင်း သိလေသည်။

“ ကျွန်မက ရှင့်ရဲ့စကားတွေကို ဒီအတိုင်း ယုံရမှာလား”

“ဘယ်ဟုတ်ပါ့မလဲ” အောင်းရှန်က သက်ပြင်းချကာ ပြောလိုက်သည်။ သူက သူ့ဧကရာဇ်လမ်းစဉ် အဆုံးသတ်သွားပြီဖြစ်ကြောင်း သိလိုက်၏။ သို့သော်လည်း သူသာ အသက်ရှင်လျက် ထွက်သွားနိုင်သရွေ့ အဆိုးဆုံးအခြေအနေက ဖြစ်လာမည် မဟုတ်ပေ။

သူ ထွက်သွားပြီးသည့်နောက် တွေ့ကြုံရသည့် ပြဿနာများအတွက်မူ ဖြေရှင်းဖို့ နည်းလမ်း စဉ်းစားနိုင်သည်။

“ကောင်းကင်တာအိုစာချုပ် ချုပ်နိုင်တယ်။ ငါ ပေးတဲ့သတင်းက အဖိုးတန်တယ်ဆိုရင် ငါ့ကို အသက်ရှင်ခွင့်ပေးရမယ်”

“တကယ်လို့ အဖိုးမတန်ဘူးဆိုရင်ရော”

“ငါ့ကို သတ်နိုင်တယ်” အောင်းရှန်က တည်တည်ငြိမ်ငြိမ်ပြောလိုက်၏။

သူမက မျက်မှောင်ကြုတ်ကာ သူ့ကို သတ်ပစ်ပြီး သူ့ဝိညာဉ်ကို ရှာဖွေနိုင်သည့် အခွင့်အရေးကို စဉ်းစားကြည့်လိုက်သည်။

“အဲဒီအကြောင်း တွေးတောင်မတွေးနဲ့။ မင်းက ငါ့ထက်ပိုပြီး အားကောင်းနေတယ်ဆိုရင်တောင် ငါ မသေခင် ငါ့မှတ်ဉာဏ်တွေ အကုန်လုံးကို ဖျောက်ပစ်နိုင်တယ်” အောင်းရှန်က နှာခေါင်းရှုံ့ကာ ပြောလိုက်၏။

သူမက သူ့မျက်ဝန်းအထက် ဆုံးဖြတ်ချက် ပြတ်သားမှုကို မြင်တွေ့သည့်အခါ အမှန်အတိုင်းပြောနေမှန်း သိလိုက်သည်။ ထို့ကြောင့် အကောင်းအဆိုးကို ချင့်ချိန်ပြီးသည့်နောက်တွင် သူမက ပြောလိုက်သည်။

“ကောင်းပြီလေ”

ထို့နောက် ဟို့ဖုန်းဟွမ်က သူမ၏ သိုလှောင်လက်စွပ်ထဲမှ စာချုပ်တစ်ခုကို ထုတ်ကာ ပေးလိုက်သည်။ သို့သော်လည်း အောင်းရှန်က ခေါင်းအသာယမ်းလိုက်ပြီးနောက် သူ့ကိုယ်ပိုင်စာချုပ်ကိုသာ အသုံးပြုခဲ့သည်။

ဟို့ဖုန်းဟွမ်က သူ့ကို မယုံပေ။ ထို့ကြောင့် သူတို့က နေရာမှာတင် စာချုပ် ချုပ်ဆိုဖို့ ဆုံးဖြတ်လိုက်ကြ၏။

ထို့နောက် သူတို့က လိုအပ်ချက်၊ တောင်းဆိုချက်များနှင့် ဖြည့်သွင်းလိုက်ကြသည်။

နမူနာအားဖြင့် အောင်းရှန်သည် ဟို့ဖုန်းဟွမ် သူ့ကို အသက်ရှင်ခွင့်ပြုပြီးသည့်နောက် တိုက်ပွဲကို လက်လျှော့လိုက်ရမည် ဖြစ်၏။

“ပြော” သူတို့ စာချုပ်ချုပ်ဆိုပြီးသည်နှင့် ဟို့ဖုန်းဟွမ်က ပြောလိုက်သည်။

“မင်းက ကောင်းကင်လမ်းစဉ် စမ်းသပ်ချက်အကြောင်း သိလား”

ဟို့ဖုန်းဟွမ်က မျက်မှောင်ကြုတ်ကာ “အင်း သိတယ်”

“ဒါပေမဲ့ မင်းတို့ရဲ့ ရှေးဟောင်းမျိုးနွယ်က စမ်းသပ်ချက်ကို ဆင့်ခေါ်မဲ့ နည်းလမ်းတော့ မရှိဘူးမလား” အောင်းရှန်က အနည်းငယ်လှောင်ပြုံးဖြင့် ပြောလိုက်သည်။

သူက ရှေးဟောင်းမျိုးနွယ်များအကြောင်း သုံးသပ်ပြီး သူတို့တွင် ထိုနည်းလမ်း မရှိကြောင်း ကောက်ချက်ချလိုက်သည်။ မဟုတ်ပါက သူတို့သည် ယခုခေတ်အင်အားစုများနှင့် ယှဉ်လိုက်ပါက ဤမျှအားနည်းနေမည် မဟုတ်ပေ။

ဟို့ဖုန်းဟွမ်က တိတ်တဆိတ် အံကြိတ်လိုက်၏။ ဧကရာဇ်ချီယွမ်က သူတို့မျိုးနွယ်၏ အင်မော်တယ်အဆင့် ကျင့်ကြံသူများကို သတ်ဖြတ်ပြီး စည်းပိတ်ပြီးသည့်နောက်တွင် သူက ကောင်းကင်လမ်းစဉ် စမ်းသပ်ချက်နှင့် ပတ်သက်ပြီး သတင်းအချက်အလက်နှင့် ဗဟုသုတအားလုံးကို ဖျောက်ဖျက်ပစ်ခဲ့သည်။

မဟုတ်ပါက ရှေးဟောင်းမျိုးနွယ်သည် ယွမ်ထီများစွာကို မွေးဖွားနိုင်ခဲ့လိမ့်မည်။ ထိုနည်းလမ်းက ဗလာခေတ်ကာလအပြီးတွင် ကမ္ဘာကို အုပ်စိုးခဲ့ရသည့် အဓိကအကြောင်းအရင်းလည်း ဖြစ်ပေသည်။

ထိုနည်းစနစ်ဖြင့် သူတို့၏ မျိုးနွယ်သည် အားကောင်းသည့် ယွမ်ထီများကို ပြုစုပျိုးထောင်နိုင်သည့်အတွက် အသင်္ချေအင်ပါယာကမ္ဘာတွင် အာဏာကို ချုပ်ကိုင်ထားပြီးသား ဖြစ်သွားသည်။ ကောင်းကင်လမ်းစဉ် စမ်းသပ်ချက်က လူသားများအတွက် အဆရာချီ၊ အဆထောင်ချီခက်ခဲလျှင်ပင် သူတို့မျိုးနွယ်တွင် အောင်မြင်မည့် ပါရမီရှင်များရှိနေဆဲ ဖြစ်၏။

ထို့အပြင် ထာဝရအရှင်နှင့် ယှဉ်နိုင်သည့် ကြယ်တစ်လုံး ယွမ်ထီဖြစ်နေလျှင်ပင် ဧကရာဇ်မျိုးဆက်အတွက် အရေးပါ အရာရောက်ပေသည်။

နှမြောစရာကောင်းလှသည်က သူတို့မျိုးနွယ်သည် ဤသို့အဖိုးတန်သည့် နည်းလမ်းကို ဆုံးရှုံးခဲ့ရသည်။ ထို့အပြင် ချီယွမ်က သူတို့သည် သွေးမျိုးဆက်မှတ်ဉာဏ်များမှတဆင့် ရှာမတွေ့နိုင်အောင်အထိ သေချာအောင် လုပ်ဆောင်ထားခဲ့၏။

ဟို့ဖုန်းဟွမ်က သူသည် ထိုနည်းစနစ်အား သမိုင်းကြောင်းမှ ဖျောက်ဖျက်ပစ်ခဲ့သည်ဟု ယုံကြည်ထားခဲ့သည်။

“ရှင်က အမှန်အတိုင်း ပြောနေတာလား” ဟို့ဖုန်းဟွမ်က အသက်ပြင်းပြင်းရှူရင်း မေးလိုက်သည်။ ဤတိုက်ပွဲမြေပြင်သို့ ရောက်လာပြီးသည့်နောက်တွင် သူမက ကံအပြောင်းအလဲ အခွင့်အလမ်းတစ်ခု စောင့်ကြိုနေကြောင်း ခံစားမိလိုက်သည်။ ထို့ကြောင့် သူမက ကျတ်တီးဂြိုလ်ပေါ်တွင် စောင့်ဆိုင်းနေပြီး အခွင့်အရေး ရောက်လာပါက အလျင်အမြန် လှုပ်ရှားနိုင်ဖို့အတွက် သူမ၏ တပ်ဖွဲ့ကိုပင် မခေါ်ခဲ့ပေ။

အောင်းရှန် ထွက်ပေါ်လာသည့်အခါ သူမ၏ ကံကောင်းမှုတာအိုက အခွင့်အရေးမှာ သူ့ဆီမှ ဖြစ်ကြောင်း ပြောပြနေလေ၏။ ပထမဦးစွာ အခွင့်အရေးက အောင်းရှန်၏ ခန္ဓာကိုယ် ဖြစ်လိမ့်မည်ဟု ထင်ခဲ့မိသည်။ ပြောရလျှင် ဟွင်သွမ်းသွေးမျိုးဆက်ရှိသည့် ပင်ကိုနဂါးက အဖိုးမဖြတ်နိုင်ပေ။

သို့သော် သူမ၏ အခွင့်အလမ်းက ကောင်းကင်လမ်းစဉ် စမ်းသပ်ချက်ကို ဆင့်ခေါ်နိုင်မည့် နည်းစနစ် ဖြစ်နေလိမ့်မည်ဟု ထင်မထားခဲ့မိပေ။

“ငါ့ကို ယုံစရာ မလိုဘူး။ စာချုပ်ကို ယုံလိုက်”

“ကောင်းပြီ။ အဲဒါဆိုရင် အပေးအယူက ထိုက်တန်တယ်”

အောင်းရှန်က တုံ့ဆိုင်းမနေဘဲ သူမကို နည်းလမ်း ထုတ်ပေးလိုက်သည်။ ဟို့ဖုန်းဟွမ်က ခေတ္တမျှ ဖတ်ရှုကြည့်လိုက်၏။ ထို့နောက် သူမ၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ထွက်ပေါ်လာသည်။

ထိုနည်းလမ်းဖြင့် သူမသည် ဤတိုက်ပွဲတွင် ရှုံးနိမ့်ခဲ့ပါက နောက်ထပ် နည်းလမ်းတစ်ခု ရှိလာလိမ့်မည်။ ဟို့ဖုန်းဟွမ်က ယုံကြည်ချက် ရှိနေသော်လည်း သူမကို စိန်ခေါ်မှုဖြစ်စေမည့် လူတချို့ရှိထားကြောင်း သိလေသည်။

ပို၍အရေးကြီးသည်က ဤနည်းလမ်းသည် ရှေးဟောင်းမျိုးနွယ် မြင့်တက်လာမှုအတွက် အခြေခံအုတ်မြစ် ဖြစ်လာလိမ့်မည်။ အထူးသဖြင့် သူမ၏ ဟို့မျိုးနွယ် ဖြစ်၏။

……………………

အရှေ့ဖက်ပိုင်း

ဝမ်ဝေ့က မျက်လုံးပွင့်လာသည်။

“ကောင်းကင်လမ်းစဉ် စမ်းသပ်ချက်လား။ ဒါက ပြဿနာ ဖြစ်လာနိုင်တယ်”

သူက အောင်းရှန် အသွင်ပြောင်းစဉ်အခါက တိုက်ပွဲကို သတိထားမိခဲ့သည်။ ထို့အပြင် ဟို့ဖုန်းဟွမ်က ရှင်းလင်းရေးအတွင်း သူ့အပေါ် ကံကြွေးတင်ရှိနေသောကြောင့် သူတို့က စကားဝိုင်းတစ်လျှောက် ပတ်ဝန်းကျင်ကို တားဆီးထားသည့် နည်းလမ်းများ ရှိသော်လည်း သူကမူ စောင့်ကြည့်နိုင်လေသည်။

ကောင်းကင်လမ်းစဉ် စမ်းသပ်ချက်က ရှေးဟောင်းမျိုးနွယ်ရဲ့ အင်အားကို တိုးမြှင့်လာစေလိမ့်မယ်။ ငါ ဟို့ဖုန်းဟွမ်ကို သုတ်သင်ပြီးတော့ အဲဒါကို မရအောင် တားဆီးလိုက်ရမလား…

သူ့စိတ်ထဲ အတွေးများစွာ ဖြတ်ပြေးသွား၏။ သူသာ သူမနှင့် အောင်းရှန်ကို သတ်နိုင်သရွေ့ သူတို့သည် ရယူနိုင်မည့် နည်းလမ်းရှိမည် မဟုတ်ပေ။

မဟုတ်သေးဘူး။ ငါသာ ပတ်ဝန်းကျင်ကို ပြန်ပြောင်းပြီးတာနဲ့ ပင်ကိုသက်ရှိတွေက ပေါ်ထွက်လာမှာပဲ။ အဲဒီအခါ သူတို့တွေက နည်းလမ်းရဖို့ အချိန်တစ်ခုပဲ လိုလိမ့်မယ်။ တခြားနောက်ထပ် ချဉ်းကပ်မှုတစ်ခုကို သုံးတာပိုကောင်းလိမ့်မယ်…

ထို့အပြင် ထိုပါရမီရှင်နှစ်ယောက်ကို အသက်ရှင်လျက်ထားသည်မှာ ပိုမိုတန်ကြေး ရှိ၏။

ဝှစ်

အောင်းရှန်နှင့် ဟို့ဖုန်းဟွမ်တို့က တစ်စုံတစ်ယောက် သူတို့အနားရောက်ရှိလာသည်ကို ခံစားမိ၍ လှုပ်ရှားလိုက်ကြသည်။

“ဝမ်ဝေ့” ဟို့ဖုန်းဟွမ်က တိုက်ခိုက်လိုစိတ်အပြည့်ဖြင့် ပြောလိုက်သည်။ လှည့်ဖျားရေးစစ်ဆေးမှုအတွင်း ထိုသူ၏ အင်အားသည် သူမကို စိတ်အားငယ်စေခဲ့သည်။ သို့သော်လည်း သူမ၏ အင်အားက ယခင် သူ ပြခဲ့သည့်အင်အားထက် ပိုမိုအားကောင်းနေပြီ ဖြစ်သည်။ ထို့ကြောင့် သူ တိုးတက်လာလျှင်ပင် သူမနှင့် ယှဉ်နိုင်ရုံမျှသာ ဖြစ်လိမ့်မည်။

ဝမ်ဝေ့က သူမကို လျစ်လျူရှုထားပြီး အောင်းရှန်ကိုသာ အာရုံစိုက်လေသည်။

“ငါ့ကို ဒီနည်းစနစ်ကို ပုံတူပွားပေး။ မင်း ထွက်သွားပြီးတဲ့နောက်မှာ တာအိုအခွင့်အလမ်းဂိုဏ်းက မင်းအတွက် ဖိအားတချို့ကို မျှခံစားပေးလိမ့်မယ်”

အောင်းရှန်က မျက်မှောင်ကြုတ်ပြီးသည့်နောက် ချက်ချင်းပြန်မဖြေပေ။

“မင်းတို့နတ်ဆိုးမျိုးနွယ် ရင်ဆိုင်ရမဲ့ မုန်တိုင်းအကြောင်း မင်း နားလည်မှာပါ။ ပင်ကိုနတ်ဆိုးတစ်ကောင်အနေနဲ့ လူတော်တော်များများက မင်းခန္ဓာကိုယ်ကို လိုချင်ကြမှာပဲ။ အဲဒီအထဲမှာ ထာဝရအရှင်တွေနဲ့ တာအိုဘိုးဘေးတွေလည်း ပါဝင်တယ်။ ငါ့ကို ဒီနည်းစနစ် ပေးရင် ဂိုဏ်းက မင်း စမ်းသပ်ချက် မပြီးမြောက်ခင်အထိ ဖိအားအများစုကို မျှယူပေးလိမ့်မယ်” ဝမ်ဝေ့က တည်တည်ငြိမ်ငြိမ်ပြောလိုက်၏။

အောင်းရှန်က သူ့ကြောင့် နတ်ဆိုးမျိုးနွယ် ခံစားရမည့်အခြေအနေကို ကောင်းကောင်းသိလေသည်။ ကျင့်ကြံသူအများစုက သူ့နဂါးခန္ဓာကိုယ်ကို အသုံးပြု၍ သူတို့သက်တမ်းကို ဆွဲဆန့်လိုကြသည်။ ထိုစဉ် အင်မော်တယ် ကျင့်ကြံသူများကမူ အောင်းရှန်၏ ခန္ဓာကိုယ်ကို အသုံးပြုကာ သူတို့၏ စွမ်းအားကို တိုးမြှင့်ချင်ကြ၏။

ကံဆိုးစွာဖြင့် နတ်ဆိုးမျိုးနွယ်က ထိုသူများ၏ လိုအင်ဆန္ဒအားလုံးကို တိုက်ထုတ်ပစ်ဖို့ စွမ်းအား မရှိပေ။ သူတို့၏ တစ်ခုတည်းသော အခွင့်အရေးက အောင်းရှန် စမ်းသပ်ချက် မကျော်ဖြတ်နိုင်ခင်အထိ သူတို့ကိုယ်သူတို့ ကာကွယ်ထားဖို့သာ ဖြစ်၏။ မဟုတ်ပါက သူတို့သည် သူ့တို့ကို ကူညီပေးလိုသည့် မဟာမိတ်များ ရှာဖွေရမည်။ ကံဆိုးစွာဖြင့် သူတို့က တာအိုအခွင့်အလမ်းဂိုဏ်းနှင့် မဟာမိတ်ဖြစ်သော်လည်း သူတို့ကို အားကိုးရလိမ့်မည်ဟု ထင်မထားခဲ့မိပေ။

တကယ်လို့ တာအိုအခွင့်အလမ်းဂိုဏ်းကသာ ဖိအားကို မျှဝေခံစားပေးမယ်ဆိုရင် နတ်ဆိုးမျိုးနွယ်အနေနဲ့ လေလွင့်ကျင့်ကြံသူတွေ၊ ရူးမိုက်တဲ့ မိစ္ဆာကျင့်ကြံသူတွေနဲ့ စွန့်စားချင်ကြတဲ့ မျိုးနွယ်တွေကို ရင်ဆိုင်ရုံပဲ။

ဒါပေမဲ့ ငါ တာအိုအခွင့်အလမ်းဂိုဏ်းကိုတော့ စောင့်ကြည့်ရဦးမယ်။ ယွမ်ထီက သေမျိုးနဂါးတစ်ကောင်ထက်ပိုပြီးတော့ တန်ဖိုးရှိတာပဲ…

“ကောင်းပြီ။ ကျုပ် သဘောတူတယ်” အောင်းရှန်က အလျင်အမြန် ဆုံးဖြတ်ချက်ချလိုက်သည်။ သူ့နည်းစနစ်က အဖိုးတန်မှန်း သိထားသော်လည်း သူ့အသက်နှင့် နတ်ဆိုးမျိုးနွယ် ရှင်သန်မှုနှင့် ပတ်သက်လာသည့်အခါ မယှဉ်နိုင်ပေ။ ထို့အပြင် သူက ဝမ်ဝေ့သည် သူ့ကို သတ်ပြီး ဝိညာဉ်ရှာဖွေမည်ကို စိုးရိမ်မိ၏။ သူက ဟို့ဖုန်းဟွမ်ရှေ့တွင် သူ့မှတ်ဉာဏ်များကို ဖျက်ဆီးပစ်ဖို့ ယုံကြည်ချက် ရှိသော်လည်း ဝမ်ဝေ့အတွက်မူ အတူတူမဟုတ်ပေ။

“ဒါပေမဲ့ ငါ သဘောမတူဘူး” ဟို့ဖုန်းဟွမ်က အော်ပြောလိုက်သည်။ သူမက ချက်ချင်းဆိုသလို ဝမ်ဝေ့ဆီ ပြေးဝင်သွားပြီး လက်သီးဖြင့် ထိုးချလိုက်သည်။ ကံဆိုးစွာဖြင့် သူမ၏ တိုက်ကွက်က ဝမ်ဝေ့အား တစ္ဆေတစ်ကောင်လိုမျိုး ထိုးဖောက်သွားလေသည်။

ဒါက ဘယ်လိုနည်းစနစ်မျိုးလဲ…

သူမ တွေးလိုက်မိသည်။

ထိုစဉ် ဝမ်ဝေ့က သူမကို လျစ်လျူရှုထား၏။ အောင်းရှန်က နည်းလမ်း ပါရှိသည့် အဆောင်တစ်ခု ဖွဲ့စည်းကာ ပေးလိုက်သည်။ သူက စာချုပ်အကြောင်း ဘာမှမပြောပေ။ ဟို့ဖုန်းဟွမ်က ဖမ်းဖို့ ကြိုးစားလိုက်သော်လည်း အဆောင်က ပျောက်ကွယ်သွားလေ၏။ သူမက အဖြစ်အပျက်ကိုပင် နားမလည်လိုက်ပေ။

သူမက တစ်စုံတစ်ခု မှားယွင်းကြောင်း သဘောပေါက်သွားပြီးသည့်နောက် ရပ်တန့်လိုက်သည်။

ဝမ်ဝေ့က ဘာမှမပြောဘဲ အမှတ်အသားပြားတစ်ခုကို ထုတ်ကာ သူ့ကို ပေးလိုက်သည်။

“ဂိုဏ်းကို ဒါနဲ့ဆက်သွယ်လိုက်။ သူတို့တွေ ငါ့ဆန္ဒအတိုင်း လုပ်ပေးလိမ့်မယ်”

ဝမ်ဝေ့က ပျောက်ကွယ်သွားပြီးသည့်နောက်တွင် ပတ်ဝန်းကျင် အာကာပြင်တွင် ထားရှိခဲ့သည့် အတားအဆီးကို ဖယ်ရှားပေးခဲ့သည်။

“ဘာဖြစ်သွားတာလဲ။ တစ်ခုခု သိထားတယ်မလား” သူ့အလိုလိုသိစိတ်က အောင်းရှန်သည် တစ်စုံတစ်ခု သိထားကြောင်း ပြောပြနေလေ၏။ ထို့အပြင် သူက အပေးအယူကို မြန်မြန်ဆန်ဆန်လက်ခံသည့် အချက်ကပင် ထူးဆန်းနေမိသည်။ ထို့အပြင် သူမအနေနှင့် သူ ဝမ်ဝေ့ကို တွေ့ပြီးသည့်နောက်တွင် ခံစားမိသည့် အကြောက်တရားကိုပင် အာရုံခံမိ၏။

“ဒီသတင်းအချက်အလက်ကိုတော့ အလကား ပြောပြလိုက်မယ်” အောင်းရှန်က စိတ်အေးလက်အေး အပြုအမူဖြင့် ပြောလိုက်သည်။

“နဝမအဆုံးစွန်အုတ်မြစ်အကြောင်း သိထားလား”

“ဟင့်အင်း” ဟို့ဖုန်းဟွမ်က မျက်မှောင်ကြုတ်လျက် ပြန်ဖြေလိုက်သည်။

အောင်းရှန်က ပြုံးပြီးသည့်နောက် ရှောင်စုန့်ရှီ သူ့ကို ရှင်းပြသည့် သတင်းအချက်အလက်ကို ရှင်းပြလိုက်ပြီး ဝမ်ဝေ့နှင့် တိထျန်းတို့က ရယူထားနိုင်သည့် အချက်ကိုပင် ပြောပြလိုက်သည်။ ထို့နောက် သူက ဟို့ဖုန်းဟွမ်၏ အမူအရာ ပျက်ယွင်းသွားသည်ကို ကြည့်နေရင်း ပျော်ရွှင်နေမိသည်။

“မဖြစ်နိုင်တာ”

“ဟား…ဟား…ဟား…ငါလည်း အဲ့လို တုံ့ပြန်မှုမျိုး ရှိခဲ့တာပဲ။ ကံဆိုးတာက မင်း အမှန်တရားကို ယုံကြည်ဖို့ ငြင်းဆန်တာက ဘာမှပြောင်းလဲသွားမှာ မဟုတ်ဘူး” သူက နှာခေါင်းရှုံ့ကာ ဆက်ပြောလိုက်၏။

သူက အားပါးတရ ရယ်မောပြီးသည့်နောက်တွင် ပျောက်ကွယ်သွားသည်။ သူက ထွက်မသွားခင် အထဲ၌ ပြန်လည်ကောင်းမွန်အောင် လုပ်ဖို့ လိုအပ်နေသေးသည်။ သူသာ စမ်းသပ်ချက်ကို ကျော်ဖြတ်နိုင်သရွေ့ သူ့ဟွင်သွမ်းသွေးမျိုးဆက်၏ ပြဿနာနှင့် နတ်ဆိုးမျိုးနွယ်၏ ကပ်ဘေးကို ဖြေရှင်းနိုင်လိမ့်မည်။

ထိုစဉ် ဟို့ဖုန်းဟွမ်က လေဟာနယ်ထဲ ဗလာကျင်းသည့် အမူအရာမျိုးဖြင့် ရပ်နေလေသည်။

All Chapters