ဟို့ဖုန်းဟွမ်၏ အစီအစဉ်
Vol. 57 Ch. 785
တာအိုအခွင့်အလမ်းဂိုဏ်း၊ အကြီးအကဲချုပ်များ၏ အစည်းအဝေး
“မင်းတို့တွေရော ဘယ်လိုထင်လဲ” မူလအရှင်က မေးလိုက်သည်။
“ဂိုဏ်းချုပ်က ကူညီဖို့ ပြောထားမှတော့ သူ့အမိန့်အတိုင်း လိုက်နာသင့်တာပေါ့” ဓားအရှင်က တုံ့ဆိုင်းခြင်းမရှိ ပြောလိုက်သည်။
“မင်းတို့တွေ မလိုချင်ကြဘူးလား။ သူ့ခန္ဓာကိုယ်နဲ့ဆိုရင် အင်မော်တယ် ဆေးလုံးတွေအများကြီး လုပ်လို့ရတယ်” အထွေထွေသောင်းပြောင်းအရှင်က ပြောလိုက်သည်။ ထိုဆေးလုံးများဖြင့် ဂိုဏ်း၏ အင်အားသည် သိသိသာသာ တိုးမြင့်လာလိမ့်မည် ဖြစ်၏။
“မင်းက ရှေ့ရေးကို တွေးသင့်တယ်။ နတ်ဆိုးမျိုးနွယ်က ငါတို့ရဲ့ မဟာမိတ်ပဲ။ ရောက်ရှိလာမဲ့ ခေတ်ကာလအသစ်အတွက် သူတို့ရဲ့ အသက်ရှင်သန်မှု လိုအပ်တယ်” မူလအရှင်က ပြောလိုက်ပြီး ဓားအရှင်၏ ဆုံးဖြတ်ချက်ကို သဘောတူလိုက်သည်။
“ပြီးတော့ ပတ်ဝန်းကျင်က ပင်ကို အနေအထားဖြင့် ပြန်ပြောင်းသွားရင် ပင်ကိုနတ်ဆိုးနဲ့ ကမ္ဘာဦးနတ်ဘုရားတွေ အများကြီး ရှိလာမှာပဲ” လိပ်အရှင်က ပြောလိုက်သည်။
“ငါ စိုးရိမ်တာက တခြားအင်အားစုတွေရဲ့ တုံ့ပြန်မှုနဲ့ ပတ်သက်ပြီးတော့ပဲ” ကြီးကြပ်ရေးမှူးက ပြောလိုက်၏။
“နတ်ဆိုးမျိုးနွယ်ကို ကာကွယ်တာကို သိပြီးတဲ့နောက်မှာ သူတို့က ငါတို့ကို တိုက်ခိုက်လာလိမ့်မယ်”
“အဲဒါက အသေအချာပဲ။ အင်အားစု တော်တော်များများက ငါတို့နဲ့ နတ်ဆိုးမျိုးနွယ်ရဲ့ မဟာမိတ်နဲ့ ပတ်သက်ပြီး သိပ်သဘောမကျကြဘူး။ သူတို့က အချိန်အတော်ကြာ မျိုသိပ်ထားခဲ့ရတာ။ အခုတော့ ပြီးပြည့်စုံတဲ့ အခွင့်အရေးတစ်ခု ရောက်လာခဲ့တာပေါ့” ဓားအရှင်က ပြောလိုက်သည်။
“သူတို့က ငါတို့ရဲ့ တပ်ဖွဲ့အင်အား၊ စီးပွားရေးနဲ့ အာဏာရေး အားကောင်းလာတာကို စိုးရိမ်နေကြတာပဲ” တိုက်ပွဲအရှင်က ပြောလိုက်သည်။
“အခု သူတို့က ငါတို့ကို ချက်ကောင်းထိအောင် ပူးပေါင်းလုပ်ဆောင်ဖို့ အကြောင်းပြချက်တစ်ခု ရသွားတာပေါ့”
“ငါတို့ရဲ့ ဂိုဏ်းချုပ်က တာအိုကို သက်သေပြပြီး သူတို့ကို ဖြေရှင်းမှာ မကြောက်ဘူးလား မသိဘူး”
“အဲဒါကြောင့် သူတို့တိုက်ခိုက်လာမဲ့ အကြောင်းအရင်းထဲကတစ်ခုပဲ” မူလအရှင်က ပြောလိုက်သည်။
“အသင်္ချေအင်ပါယာကမ္ဘာရဲ့ အုပ်ချုပ်သူ အသစ်က မကြာခင် ပေါ်ထွက်လာလိမ့်မယ်”
မဟာဧကရာဇ်တစ်ယောက် ပေါ်ထွက်လာသည်နှင့် သူတို့က ဒိုင်မေးရှင်းအနိမ့်တွင် နေစဉ်အတွင်း အသင်္ချေအင်ပါယာကမ္ဘာ၏ အလိုအလျောက် အုပ်ချုပ်သူ ဖြစ်သွားလိမ့်မည်။ ဧကရာဇ်က မည်မျှအားနည်းစေကာမူ သတ်ရခက်သည့်အတွက် တခြားအင်အားစုများက သူ့ကို လေးလေးစားစား ဆက်ဆံကြရမည်။
ဧကရာဇ်က သူတို့၏ မသေနိုင်စွမ်းနှင့် ပျောက်ကြား နည်းဗျူဟာကို သူတို့အင်အားစုအပေါ် အသုံးပြုလာဖို့ လိုလားကြမည် မဟုတ်ပေ။ ထိုအရာက အိပ်မက်ဆိုးသာ ဖြစ်လာလိမ့်မည်။
“တိုက်ပွဲအဆုံးမသတ်ခင် အဲဒီအင်အားစုတွေ စိတ်ကြိုက်လှုပ်ရှားနိုင်မဲ့အချိန်ပဲ။ အဲဒါဆိုတော့ တချို့သတ္တိကောင်းတဲ့သူတွေက လှုပ်ရှားလာကြမှာပဲ”
“ဒါပေမဲ့ စွန့်စားဖို့က မထိုက်တန်ဘူးလေ။ အထူးသဖြင့် ဒီမျိုးဆက်မှာပေါ့”
“အဓိကအချက်က ကမ္ဘာကြီးက ထာဝရဧကရာဇ်တွေအကြောင်းကို သိထားပေမဲ့ သူတို့က အကြောက်တရား မရှိကြတာပဲ။” ဓားအရှင်က ပြောလိုက်သည်။
“သူတို့က ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်ကို ဖြေရှင်းခဲ့သလိုမျိုး ထာဝရဧကရာဇ်ကို ဖြေရှင်းနိုင်မယ်လို့ ထင်နေကြတာ”
သူမ၏ မျက်နှာဖုံးအောက်တွင် လှောင်ပြောင်သည့် အပြုံးမျိုး ပေါ်ထွက်လာပြီး
“ဒါပေမဲ့ ထာဝရဧကရာဇ်တိုင်းက မတူညီဘူးဆိုတာကို နားမလည်ခဲ့ဘူး ထင်တယ်”
“အခု စိုးရိမ်ရမဲ့ အဓိကပြဿနာက ပုန်းအောင်းနေတဲ့ ထာဝရဦးသျှောင်တွေ ပေါ်ထွက်လာမှာကိုပဲ။ ကောင်းကင်တာအိုက အခုတိုက်ပွဲကို စောင့်ကြည့်နေတာဆိုတော့ သူတို့အတွက် စည်းတံဆိပ်တွေကို ဖယ်ရှားပြီး ပြဿနာရှာဖို့ အချိန်ကောင်းပဲ” မူလအရှင်က ပြောလိုက်သည်။
“အဲ့လောက်ကြီး များများစားစား စိုးရိမ်နေစရာ မလိုပါဘူး။ ဂိုဏ်းချုပ်ရဲ့ ညွှန်ကြားချက်အရ နတ်ဆိုးမျိုးနွယ်အတွက် အချိန်တချို့ ဆွဲထားပေးရုံပဲ။ တကယ်လို့ အခြေအနေက အဆိုးဆုံးအခြေအနေ ဖြစ်သွားမယ်ဆိုရင် လူသားကာကွယ်ရေး အစီအရင်ကို ထိန်းချုပ်ပြီးတော့ ဂိုဏ်းကို ကာကွယ်ပေးလို့ ရတယ်” ဓားအရှင်က ပြောလိုက်သည်။
“ကောင်းပြီ။ အဲဒါဆို လှုပ်ရှားကြစို့”
ဓားအရှင်က ခေါင်းညိတ်ပြီးသည့်နောက်တွင် မြောက်ဘက်ကုန်းမြေရှိ အဝေးတစ်နေရာဆီ အကြည့်က ထိုးဖောက်သွားလေ၏။ သူမက လက်ဝှေ့လိုက်ပြီးသည့်နောက်တွင် ကုန်းမြေအထက် ပေါ်ထွက်လာသည့် ဧရာမ ဓားကြီးကို ဖန်ဆင်းလိုက်သည်။
“ဓား … မင်းက ဒီပြဿနာထဲ ဝင်စွက်ဖက်ချင်နေတာလား” ရှေးကျသည့် အသံတစ်သံ ထွက်ပေါ်လာ၏။
“ဒီလိုနတ်ဆိုးမျိုးနွယ်အတွက် ထိုက်တန်ရဲ့လား”
“ရှင်တို့နဲ့ ဘာမှ အချိန်ဖြုန်းမနေချင်ဘူး။ ရှင်တို့က ပုန်းအောင်းပြီးတော့ စွက်ဖက်ချင်နေကြတဲ့ ကြွက်တွေပဲ။ အခု ဒါက ရှင်တို့ လိုချင်တဲ့ အကြောင်းပြချက်ဆိုတာ သိတယ်။ အဲဒါကြောင့် အချိန်မဖြုန်းဘဲ နေကြစို့” ဓားအရှင်က ပြောလိုက်သည်။
ထို့နောက် သူမက မြောက်ဘက်ကုန်းမြေဆီ ကူးသန်းသွားပြီး အကြီးအကဲချုပ်များလည်း လိုက်ပါသွား၏။
အသင်္ချေအင်ပါယာကမ္ဘာတွင် ကောင်းကင်အလိုဆန္ဒ တိုက်ပွဲအပြင် နောက်ထပ် ကြောက်မက်ဖွယ်တိုက်ပွဲတစ်ခု ဖြစ်ပွားတော့မည် ဖြစ်၏။
ထိုစဉ် တိုက်ပွဲမြေပြင်၌ ဝမ်ဝေ့က အပြင်ဘက်တွင် ဖြစ်နေသည့် အရာများကို မသိဘဲ မျက်လုံးဖွင့်လာသည်။
“ငါက သီအိုရိတွေကို အာရုံစိုက်လွန်းပေမဲ့ ဒီနည်းစနစ်ကို နက်နက်နဲနဲတော့ မလေ့လာခဲ့ဖူးဘူး” သူက ရေရွတ်ပြီးသည့်နော်တွင် အောင်းရှန်၏ ကောင်းကင်လမ်းစဉ် စမ်းသပ်ချက် ဆင့်ခေါ်ရေးနည်းလမ်းကို ထုတ်ယူလိုက်သည်။
ခဏအကြာတွင် သူ့အနေဖြင့် သူ့ဘိုးဘေးများသည် ထိုနည်းလမ်းကို ဂိုဏ်းထံ အဘယ်ကြောင့် မချန်ခဲ့သလဲဟု စဉ်းစားမိလာ၏။ အကယ်၍ တာအိုအခွင့်အလမ်းဂိုဏ်းကသာ ပင်ကိုသွေးမျိုးဆက်ကို အလေးထားမည့် အင်အားစုရှိခဲ့လျှင် သူတို့က နှစ်များစွာတစ်လျှောက် ယွမ်ထီများစွာကို ဖန်တီးနိုင်ခဲ့လိမ့်မည်။
သို့သော်လည်းခေတ္တမျှ စဉ်းစားကြည့်ပြီးသည့်နောက်တွင် သူက အကြောင်းအရင်းကို သဘောပေါက်သွားခဲ့၏။ တာအိုအခွင့်အလမ်းဂိုဏ်းအနေဖြင့် ကောင်းကင်တာအို၏ မျှခြေစနစ်ကြောင့် တခြားအင်အားစုများထက် အားကြီးလွန်းသည်က မကောင်းလှပေ။ အထူးသဖြင့် ရှေးဟောင်းဧကရာဇ်ခေတ်ကာလတွင် ဖြစ်၏။
ထိုခေတ်အချိန်ကာလက ကမ္ဘာ၏ အဖွဲ့အစည်းသည် စတင်၍ အသစ်ဖြစ်လာခါစ ဖြစ်သည်။ အကယ်၍ ကမ္ဘာကို အတင်းအကြပ် အုပ်ချုပ်မည့် အင်အားစုတစ်ခု ပေါ်ထွက်လာပါက သူတို့၏ ကံကြမ္မာသည် ဆိုးဆိုးရွားရွား ဖြစ်သွားလိမ့်မည်။ ကောင်းကင်တာအိုက သူတို့၏ ပျက်သုဉ်းမှုကို ဖြစ်စေဖို့ သေချာပေါက် အကွက်ကျကျ စီစဉ်လိမ့်မည်။
ထို့ကြောင့် ချီယွမ်၏ ရှေးဟောင်းမျိုးနွယ်အပေါ် ဆန့်ကျင်သည့် အပြုအမူများက သူတို့ကို ကယ်တင်နိုင်ခဲ့၏။ မဟုတ်ပါက ကောင်းကင်တာအိုသည် သူတို့၏ တည်ရှိမှုကို ခွင့်ပြုထားမည် မဟုတ်ပေ။
ဤနည်းလမ်းကို မချန်ခဲ့ရသည့် နောက်ထပ် အကြောင်းအရင်းက ကံကောင်းမှုကြောင့် ဖြစ်နေနိုင်သည်။
ဝမ်ဝေ့က သုံးသပ်လိုက်၏။ အကယ်၍ ဂိုဏ်းတွင် ပင်ကိုသွေးမျိုးဆက် အင်အားစုသာ ရှိမည်ဆိုလျှင် သူတို့က သူတို့၏ ပိုမိုကောင်းမွန်စွာ အသုံးပြုဖို့ ရှေးဟောင်းနည်းစနစ်ကိုသာ ကျင့်ကြံကြလိမ့်မည်။
ရှေးဟောင်းနည်းစနစ်က ကျင့်ကြံသူများသည် သူတို့၏ သွေးမျိုးဆက်ကို နိုးထဖို့ လိုအပ်သည့် အဆင့်တစ်ခု ဖြစ်၏။ သို့သော်လည်း ပင်ကိုသွေးမျိုးဆက်ရှိသည့် လူအားလုံးက ပင်ကိုစည်းမျဉ်းကို ရရှိနိုင်ကြခြင်း မဟုတ်ပေ။ ပြောရလျှင် အသန့်စင်ဆုံး သွေးမျိုးဆက်နှင့် အကောင်းဆုံး ကျင့်ကြံရေး ပါရမီရှင်များကသာ ရယူနိုင်ကြသည်။
မည်သို့ပင်ဆိုစေကာမူ ထိုအဆင့်က ပင်ကိုသွေးမျိုးဆက်ကို ဖွဲ့စည်းပြီး ရယူဖို့အတွက် အကောင်းဆုံးနည်းလမ်း ဖြစ်နေသည်။
အကယ်၍ ထိုသို့သော အင်အားစုမျိုးသာ ဂိုဏ်းအတွင်း တည်ရှိခဲ့ပါက ယွမ်ထီများစွာဖြင့် တခြားလူများကို လွှမ်းမိုးဖို့ အချိန်တစ်ခုမျှသာ ကြာမြင့်လိမ့်မည်။ ထိုအခါ ထိုအင်အားစုက ရှေးဟောင်းကျင့်ကြံရေးနည်းစနစ်ကို ဖြန့်ဝေဖို့ ဆုံးဖြတ်ခဲ့ပါက ချီယွမ်၏ မူလနည်းစနစ်နှင့် ပဋိပက္ခဖြစ်သွားမည်ဖြစ်ကာ အသင်္ချေအင်ပါယာကမ္ဘာတွင် သူ ဖန်တီးခဲ့သည့် ကံကောင်းမှုအပေါ် သက်ရောက်မှုရှိလာစေလိမ့်မည်။
မူလနည်းစနစ်က တာအိုအခွင့်အလမ်းဂိုဏ်း၏ ရှင်သန်မှုအတွက် အခြေခံအုတ်မြစ် ဖြစ်သောကြောင့် ဘာမှဖြစ်ပျက်၍ မရပေ။ ထို့အပြင် ဝမ်ဝေ့က ထိုကံကောင်းမှုသည် သူ့ဘိုးဘေးများအား ကောင်းကင်ဘုံအဆင့်သို့ အလျင်အမြန် တက်ရောက်နိုင်ဖို့ ကူညီပေးခဲ့ကြောင်း မှန်းဆမိ၏။
ဒီဆုံးဖြတ်ချက်ကနေ ဘိုးဘေးရဲ့ သွေးမျိုးဆက်အပေါ် မကျေနပ်ချက်ကို မြင်နိုင်တယ်။ သူက ဝမ်မျိုးနွယ် ဒါမှမဟုတ် တခြားမျိုးနွယ်ကို သွေးမျိုးဆက်အပေါ် မှီခိုတာကို မဖြစ်စေချင်ဘူးပဲ…
ဝမ်ဝေ့ကလည်း တူညီစွာ ခံစားမိလေ၏။ သူက သူ့လူသားမကောင်းဆိုးဝါး သွေးမျိုးဆက်ကို ဖန်တီးသည့်အခါ သေချာဂရုစိုက်ရမည်။
ပြီးတော့ ငါက ယွမ်ထီတွေက သေချာတဲ့အချိန်တစ်ခုမှာပဲ ထွက်ပေါ်လာအောင် မိုးမြေရဲ့ စည်းမျဉ်းတွေကို နည်းနည်းပြောင်းလဲပစ်ဖို့ လိုတယ်။ အထူးသဖြင့် ကောင်းကင်အလိုဆန္ဒ ပေါ်ထွက်လာခါနီးလောက်ပေါ့…
ဝမ်ဝေ့က ဂိုဏ်းသည် ထိုနည်းစနစ်ကို ရယူခဲ့လျှင်ပင် ရှေးဟောင်းမျိုးနွယ်နှင့် နတ်ဆိုးမျိုးနွယ်က အရေးသာနေမည် ဖြစ်ကြောင်း သိလေသည်။ ထို့ကြောင့် သူက မျိုးဆက်တစ်ခုအတွင်း ယွမ်ထီများ အချိန်မရွေး ပေါ်ထွက်လာမည်ကို ခွင့်မပြုနိုင်ပေ။
သူ့အနေနှင့် ရှေးဟောင်းမျိုးနွယ်တွင် စည်းပိတ်ထားသည့် ပင်ကိုစည်းမျဉ်းရှိထားသော အကြီးအကဲများနှင့် ပါရမီရှင် မည်မျှရှိကြောင်း မှန်းဆနိုင်လေသည်။ ဤနည်းစနစ်ဖြင့် ၁၀ ရာခိုင်နှုန်းကသာ စမ်းသပ်ချက်ကို ကျော်လွန်ပြီး ယွမ်ထီ ဖြစ်လာနိုင်လျှင်ပင် ရှေးဟောင်းမျိုးနွယ်၏ အင်အားကို သိသိသာသာ တိုးမြှင့်ပေးလိမ့်မည်။
ငါ ဟို့ဖုန်းဟွမ်ကို တကယ်ပဲ သတ်ပြီးတော့ သူမဆီကနေ နည်းလမ်းကို ယူလိုက်ရမလား…
ဝမ်ဝေ့က သုံးသပ်လိုက်သည်။
မဟုတ်သေးဘူး။ အဲ့လိုတော့ လုပ်ဖို့မလိုဘူး။ ငါ့ခေတ်ကာလမှာ အင်မော်တယ်အဆင့် ကျင့်ကြံသူတွေက ပုံမှန်လို ဖြစ်လာမှာပဲ။ များများပေါ်ထွက်လာလေလေ အသင်္ချေအင်ပါယာကမ္ဘာက ပိုကြွယ်ဝလေလေ ဖြစ်ပြီးတော့ ငါ ရရှိမဲ့အကျိုးအမြတ်ကလည်း ပိုပြီးများလာမှာပဲ…
ဝမ်ဝေ့က သုံးသပ်ကြည့်ပြီးသည့်နောက်တွင် ထိုနည်းလမ်းအပေါ် သုံးသပ်မှု အဆုံးသတ်လိုက်သည်။ ထို့နောက် သူ့စိတ်ထဲ အတွေးတစ်ခု ပေါ်ထွက်လာ၏။
ငါကရော ပင်ကိုစည်းမျဉ်းနဲ့ ကမ္ဘာဦးကံကြမ္မာစည်းမျဉ်းကို လေ့လာနိုင်လား…
သူက ခေတ္တမျှ စဉ်းစားကြည့်ပြီးသည့်နောက်တွင် ဆုံးဖြတ်လိုက်၏။
ဒါက အကူအညီ ဖြစ်နိုင်ပေမဲ့ ထိပ်သီးစံပြ ဖြစ်လာပြီးတဲ့နောက်မှာပဲ ဖြစ်လိမ့်မယ်။ ငါက ထူးကဲသာလွန် လမ်းစဉ်အတွက် ကြိုတင်ပြင်ဆင်ထားဖို့ လိုတယ်…
သူက ထိုအရာများသည် အကူအညီ ဖြစ်မည်လားမသိပေ။ သို့သော်လည်း သူက စမ်းသပ်ကြည့်ဖို့ လိုလား၏။ မည်သို့ပင်ဆိုစေကာမူ သူက သူ့စွမ်းအား၏ ထိပ်သီးသို့ ရောက်ရှိသွားမည် ဖြစ်သည်။ ထိုအခါ သူက သူတို့သည် အကူအညီဖြစ်နိုင်လားဟု ထိုစည်းမျဉ်းနှစ်ခုကို လေ့လာကြည့်နိုင်လေသည်။
……………………………….
တောင်ဘက်ပိုင်း
ဟို့ဖုန်းဟွမ်က လေဟာနယ်ထဲ ရပ်နေရင်း အောင်းရှန် ပေးခဲ့သည့် သတင်းအချက်အလက်များကို မယုံကြည်နိုင်ဖြစ်နေမိသည်။
ငါ့ရဲ့ဧကရာဇ်လမ်းစဉ်က ဒီမှာ အဆုံးသတ်တော့မှာလား။
သူမက မလိုလားပေ။
ထို့ကြောင့် သူမ စိတ်ထဲ အောင်းရှန်က သူမကို လိမ်ညာနေခြင်း ဖြစ်ကြောင်း အကြောင်းပြချက်များစွာ စဉ်းစားနေလေ၏။ သို့သော် စိတ်တွင်း၌ကမူ ထိုအရာည် အမှန်ဖြစ်ကြောင်း သိနေလေ၏။
ရှေးဟောင်းမျိုးနွယ် ပြန်လည်ရှင်သန်ဖို့က ငါ့အပေါ် မူတည်နေတာ။ ငါ ဘယ်လိုလုပ် ရှုံးနိမ့်လို့ ဖြစ်မှာလဲ…
သူမ ငယ်စဉ်ကတည်းက မျိုးနွယ်သည် သူမတွင် ထိပ်သီးတာဝန်တစ်ခု ရှိပြီး ပတ်ဝန်းကျင်ကို ပင်ကိုအနေအထားသို့ ပြောင်းလဲကာ မျိုးနွယ်အား ဂုဏ်ကျက်သရေ ပြည့်နှက်သည့် နေ့ရက်များသို့ ပြန်လည်ဦးဆောင်ရမည်ဖြစ်ကြောင်း မှာကြားခဲ့သည်။ သူမက နေ့နေ့ညည ကြိုးစားပြီး ခန္ဓာကိုယ်ကို လေ့ကျင့်ကာ ရွယ်တူအားလုံးကို ဖိနှိပ်ထားနိုင်ခဲ့သည်။
သူမက ထိုရည်မှန်းချက် တစ်ခုတည်းအတွက် ဘဝကို မြှုပ်နှံထားခဲ့၏။ သို့သော် ယခုတွင် သူမ၏ တာဝန်က ပြီးမြောက်ဖို့ရာ မဖြစ်နိုင်ကြောင်း သိလိုက်ရသည်။ ထို့ကြောင့် သူမ၏ စိတ်ထဲ မျှော်လင့်ချက် ကုန်ခမ်းသွားလေ၏။
မဟုတ်သေးဘူး။ ဒါက အဆုံးသတ် မဟုတ်သေးဘူး…
ဟို့ဖုန်းဟွမ်က ခက်ထန်စွာ တွေးလိုက်မိသည်။
ငါက ကြယ် ၆လုံး ယွမ်ထီ ဖြစ်လာလို့ရတယ်။ ဒီမျိုးဆက်မှာ တာအိုကို သက်သေပြတဲ့သူက ဘယ်သူပဲဖြစ်ဖြစ် ငါဖြေရှင်းနိုင်တာနဲ့ မျှော်လင့်ချက် ရှိတယ်…
သူမက ကိစ္စများသည် ထိုသို့ မရိုးရှင်းမှန်း သိထားလေ၏။ ကြယ် ၆လုံး ယွမ်ထီသည် ထာဝရဧကရာဇ်နှင့် အဆင့်တူညီသော်လည်း သူတို့ကြားတွင် ကွဲပြားချက် ရှိနေသေးသည်။ ပြောရလျှင် ယခုလက်ရှိတွင် ဧကရာဇ်လမ်းစဉ်က အထွတ်အထိပ် ဖြစ်၏။
မည်သို့ပင်ဆိုစေကာမူ စမ်းသပ်ချက်က သူမကို မျှော်လင့်ချက် ပေးလာခဲ့သည်။
ပြီးတော့ ငါ နောက်ဆုံးအချိန်မရောက်ခင်အထိ လက်လျှော့လို့မရဘူး…
ဟို့ဖုန်းဟွမ်က လေဟာနယ်ထဲတွင် တင်ပျဉ်ခွေထိုင်ကာ အနက်ရောင်နှင့် အဖြူရောင် ကြေးမုံတစ်ခုကို ဆင့်ခေါ်လိုက်သည်။
တိုက်ပွဲမတိုင်ခင်တုန်းက ငါ့ကံကောင်းမှုက ဒီဧကရာဇ်အသုံးအဆောင်ကို ယူသွားဖို့ သတိပေးခဲ့တာ။ အခုတော့ အကြောင်းအရင်းကို သိသွားရပြီ…
လူများစွာက တိုက်ခိုက်ရေး သို့မဟုတ် ကာကွယ်ရေးအသုံးအဆောင်ပစ္စည်းများကိုသာ ယူဆောင်လာလေ့ ရှိသည်။ သို့သော် ဟို့ဖုန်းဟွမ်က စွန့်စားကာ အရန်အသုံးအဆောင်ပစ္စည်းကို ယူဆောင်ခဲ့၏။
သူမက လက်ဝှေ့လိုက်ပြီးသည့်နောက်တွင် အနိုင်ရခြင်း မီးတောက်ဟုခေါ်သည့် အစိမ်းရောင်မီးတောက်ကို ဖန်တီးလိုက်သည်။ သူမက ယင်ယန်တာအိုကို အသုံးပြုပြီး ရှုံးနိမ့်ခြင်း၊ အောင်မြင်ခြင်း သဘောတရားကို ထိန်းချုပ်ဖို့ ထိုမီးတောက်ကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
သူမက ယင်ယန်ကြေးမုံတွင် အနိုင်ရခြင်းမီးတောက်ကို ထည့်သွင်းပြီး ဤတိုက်ပွဲတွင် အနိုင် ရရှိနိုင်မည့် နည်းလမ်းကို ရှာဖွေလိုက်သည်။