အောင်မြင်ခြင်း လမ်းကြောင်း
Vol. 57 Ch. 786
ဟို့ဖုန်းဟွမ်က နောက်ဆုံးအခွင့်အရေး ဖြစ်သည့်အတွက် ဂမ္ဘီရအပေါ် အာရုံစိုက်ထားလိုက်သည်။ မဟုတ်ပါက သူမအနေဖြင့် နောက်ခံအစီအစဉ် ဖြစ်သည့် ကောင်းကင်လမ်းစဉ် စမ်းသပ်ချက်ကို မှီခိုရလိမ့်မည်။
မိနစ်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် သူမက အောင်မြင်သွား၏။ သို့သော်လည်း ရလဒ်ကမူ သူမကို မျက်မှောင်ကြုတ်သွားစေသည်။ ရလဒ်က သုံးခု ရှိပြီး တစ်ခုမှ သူမကို မကျေနပ်စေပေ။
တတိယရလဒ်က အောင်းရှန် ပါဝင်နေ၏။ အတိအကျပြောရလျှင် သူ ဖမ်းဆီးထားသည့် ရှောင်စုန့်ရှီ ဖြစ်ပေသည်။ ကြေးမုံက ရှောင်စုန့်ရှီသည် ဧကရာဇ်အသုံးအဆောင် ပစ္စည်း၏ စွမ်းအားအပြည့် ထုတ်သုံးနိုင်သည့် ထူးကဲသော အစီအရင်တစ်ခုကို သိနေကြောင်း ပြသနေ၏။
သို့သော်လည်း အစီအရင်က သေမျိုးနှင့် မသေမျိုးအတားအဆီးကို ချိုးဖောက်ထားသည့် အနည်းဆုံး လူ ၇ယောက် လိုအပ်ပြီး အစီအရင်၏ စွမ်းအားအရင်းအမြစ်အဖြစ် တာဝန်ယူရမည်။ ထို့အပြင် ထိုလူများက သူတို့၏ ဝိညာဉ်၊ စွမ်းအား၊ သွေးနှင့် သက်တမ်းအများစုကို စတေးပြီး အစီအရင်ကို အသက်သွင်းကြရမည်။
ကြေးမုံက ထိုနည်းလမ်းသည် အောင်မြင်နိုင်ချေအရှိဆုံးဟု ဖော်ပြထားသော်လည်း ထိုနည်းလမ်းက အသုံးမဝင်တော့ပေ။ ပြောရလျှင် ဟို့ဖုန်းဟွမ်က အောင်းရှန်နှင့် ရှောင်စုန့်ရှီတို့သည် တိုက်ပွဲမှ ထွက်ခွာသွားပြီ ဖြစ်ကြောင်း မှန်းဆမိလိုက်၏။
ဟို့ဖုန်းဟွမ်က အောင်မြင်နိုင်ခြေ အမြင့်ဆုံးရှိသည့် နောက်ထပ် နည်းလမ်းတစ်ခုကို စစ်ဆေးကြည့်လိုက်သည်။ ထိုအစီအစဉ်ကမူ မြောက်ဖက်ပိုင်းတွင် အခြေစိုက်စခန်းရှိသည့် သစ္စာဖောက်များ ပါဝင်နေသည်။
သို့သော်လည်း ကြေးမုံ၏ ထုတ်ဖော်ချက်အရ သူမသည် ထိုနည်းလမ်းကို အသုံးမပြုခင် သေဆုံးနိုင်ချေ မြင့်မားကြောင်း ပြသနေ၏။ ထို့အပြင် ကြေးမုံအနေနှင့် ထိုနည်းလမ်းဖြင့် ဝမ်ဝေ့ကို အနိုင်ယူနိုင်ပါ့မလား မသဲကွဲပေ။
နောက်ဆုံးတွင် ဟို့ဖုန်းဟွမ်က ဒုတိယမြောက် ရလဒ်နှင့် တစ်ခုတည်းသော အသုံးဝင်သည့် နည်းလမ်းကို ကြည့်လိုက်သည်။ သို့သော်လည်း ဤအစီအစဉ်၏ ပထမအဆင့်က မိုရှင်းယွင်ဟု ခေါ်ဆိုသည့် ကောင်းကင်ရွေးချယ်ခံတစ်ယောက်၏ ဝိညာဉ်ကို ရယူဖို့ လိုအပ်နေကြောင်း ထုတ်ဖော်ထားသည်။
မိုရှင်းယွင် သူမက ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်ရဲ့ မျိုးဆက် မဟုတ်ဘူးလား။ သူမရဲ့ ဝိညာဉ်က ဝမ်ဝေ့ကို အနိုင်ယူဖို့ ကူညီပေးမှာလား။ ခဏနေပါဦး…
ဟို့ဖုန်းဟွမ်က အရေးကြီးသည့် သတင်းအချက်အလက်တစ်ခုကို ဖမ်းဆုပ်မိကြောင်း ခံစားမိလိုက်သည်။ ထို့ကြောင့် သူမ၏ စိတ်က ပုံမှန်ထက် မြန်မြန်ဆန်ဆန် တွက်ချက်နေ၏။
ငါ ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်အကြောင်း ဖတ်ထားဖူးသလောက် သူက တစ်ကိုယ်ကောင်းဆန်ပြီးတော့ သူ့သွေးမျိုးဆက်ထဲမှာ အမှတ်အသားကို ချန်ဖို့ တုံ့ဆိုင်းနေမဲ့သူ မဟုတ်ဘူး။ သူက သေပြီးတော့ မိုရှင်းယွင်ရဲ့ ခန္ဓာကိုယ်ကိုယူပြီး ကိုယ့်ကိုယ်ကို ပြန်ပြီး အသက်သွင်းချင်တာများလား…
ဟို့ဖုန်းဟွမ်က တချို့သော ဧကရာဇ်များသည် ကောင်းကင်အလိုဆန္ဒကို အသုံးပြုကာ ပြန်လည်ရှင်သန်လာနှုန်းကို တိုးမြှင့်နိုင်ကြောင်း သိထားသည်။ သို့သော်လည်း ထိုနည်းလမ်းက ရှေးဟောင်းမျိုးနွယ်တွင် တားမြစ်ချက်အဖြစ် မှတ်ယူခံထားရသည်။
ကောင်းကင်တာအိုက ထိုဧကရာဇ်များအား မျိုးဆက်တစ်ခုရှိ ကောင်းကင်အလိုဆန္ဒကို ဖြုန်းတီးပစ်ဖို့ ခွင့်ပြုမည် မဟုတ်ပေ။ ထို့ကြောင့် ကြိုးစားကြည့်သည့်သူတိုင်းက အဆုံးသတ် မကောင်းလှပေ။ ထို့အပြင် မဟာဧကရာဇ်တစ်ယောက်က ထိုနည်းလမ်းကို ကြိုးစားကြည့်ဖို့ရာ ထူးချွန်ပြောင်မြောက်သည့် အရည်အချင်းများ လိုအပ်ပြီး အများစုက ကောင်းကင်အလိုဆန္ဒ တိုက်ပွဲမြေပြင်ကိုပင် မဝင်နိုင်ပေ။
ကောင်းကင်ဝါးမျိုခြင်းဧကရာဇ်ကမူ မိုရှင်းယွင်ခန္ဓာကိုယ်ကို ယူထားတယ်ဆိုရင်တောင် သူမ ခန္ဓာကိုယ်ရဲ့ ပါရမီကြောင့် ကန့်သတ်ခံထားရမှာပဲ…
သူမက ထိုသူသည် ထာဝရဧကရာဇ် ဖြစ်နေလျှင်ပင် ထိုအချက်က ပြောင်းလဲမည် မဟုတ်ကြောင်း သိလေသည်။
ဒါပေမဲ့ သူ့ရဲ့ အဆီအနှစ်က သူမရဲ့ဝိညာဉ်ကို ပြောင်းလဲပေးနိုင်တယ်…
သူမ၏ အကြည့်များက တောက်ပလာ၏။
တကယ်လို့ ငါသာ သူမဝိညာဉ်ကို သန့်စင်နိုင်မဲ့ မှန်ကန်တဲ့ လျှို့ဝှက်နည်းစနစ်ကို သုံးနိုင်ခဲ့မယ်ဆိုရင် သူ့ရဲ့ ဧကရာဇ်စွမ်းအားတချို့ကို ဆွဲယူနိုင်လိမ့်မယ်။ အဲဒီအခါကျရင် ငါ့အနေနဲ့ ဝမ်ဝေ့ကို အနိုင်ယူဖို့ လွယ်လာလိမ့်မယ်…
ခဏအကြာတွင် သူမက စိတ်လှုပ်ရှားမှုကို မထိန်းနိုင်တော့ပေ။ သို့သော်လည်း ဟို့ဖုန်းဟွမ်က စိတ် ပြန်ထိန်းလိုက်သည်။ ကြေးမုံက အောင်မြင်နိုင်ချေ နည်းပါးကြောင်း ပြသနေပြီး သူမအတွက် သေဆုံးနိုင်ချေလည်း ရှိပေသည်။
ပိုပြီးဘေးကင်းတဲ့ နည်းလမ်း မရှိတော့ဘူးလား…
သူမက ကြေးမုံ၏ စွမ်းအားနှင့် သူမ၏ အောင်မြင်ခြင်းမီးတောက်ကို လှုံ့ဆော်ကာ ထပ်မံ ကြိုးစားကြည့်လိုက်သည်။ သို့သော်လည်း ရလဒ်က မပြောင်းလဲပေ။
ငါ ဒီအတိုင်း လက်လျှော့ရတော့မှာလား…
သူမက ထိုနည်းလမ်း ၃ခုကို ကြည့်ကာ အံကြိတ်လိုက်သည်။ တတိယနည်းလမ်းက အသုံးပြု၍ မရပေ။ ပထမနည်းလမ်းကမူ သေဆုံးမှုကို အာမခံထားလုနီးပါး ဖြစ်နေ၏။
သို့သော်လည်း သူမကမူ ဒုတိယနည်းလမ်းအတွက်မူ မျှော်လင့်ချက် ရှိနေသေးသည်။
ဟို့ဖုန်းဟွမ်က ကြေးမုံကို သိမ်းဆည်းပြီးသည့်နောက်တွင် အသက်ပြင်းပြင်းရှူလိုက်သည်။ သူမက ကံကောင်းမှုတာအိုကို အသုံးပြု၍ အန္တရာယ်များသည့် အချိန်အခြေအနေတိုင်းကို ပြန်ပြောင်းပစ်နိုင်ဖို့ ထူးကဲသည့် အလိုလိုသိစိတ်ဖြင့် လွှမ်းခြုံကာ ကောင်းချီးပေးလိုက်သည်။
ထို့နောက် သူမက တုံ့ဆိုင်းခြင်း မရှိဘဲ မိုရှင်းယွင်တစ်ယောက် ဝမ်ဝေ့တို့အဖွဲ့ကို အကွက်ချလုပ်ကြံပြီးသည့်နောက်တွင် ယာယီပုန်းအောင်းနေသည့် အလယ်ပိုင်းဆီ ဦးတည်လိုက်သည်။
“ဟို့ဖုန်းဟွမ်လား။ မင်းက ဘာလို့ ဒီနေရာရောက်လာတာလဲ” မိုရှင်းယွင်က ရောက်လာသူကို မြင်ကာ မေးလိုက်သည်။ ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်က ရှေးဟောင်းမျိုးနွယ်နှင့် အမုန်းတရား မရှိသလို ဆက်ဆံရေးလည်း မရှိပေ။ အနည်းဆုံးတော့ ဤမျိုးဆက်အတွင်း သူက အမုန်းတရား မရှိပေ။
သူ့ခေတ်သူ့အချိန်အခါတုန်းက ရှေးဟောင်းမျိုးနွယ်တွင် ထောင်ထျဲ့သွေးမျိုးဆက်ရှိသည့် လူတစ်ယောက် ရှိခဲ့ဖူးသည်ဟု ကြားခဲ့ဖူးသည်။ ထို့ကြောင့် သူက သူတို့မျိုးနွယ်တွင်း ကျူးကျော်ဝင်ရောက်ကာ ထိုသွေးမျိုးဆက်ကို ရယူပြီး လေ့လာကြည့်ခဲ့သည်။
ကံဆိုးစွာဖြင့် ထိုသူက ထောင်ထျဲ့၏ မျိုးဆက်မှ သွေးမျိုးဆက်သာ ရှိနေလေပြီး ထောင်ထဲ့မျိုးဆက်ဟု ခေါ်ဖို့ရာတွင် အရည်အချင်း မပြည့်မှီပေ။ သူက ထိုသို့သော ဟွင်သွမ်းသက်ရှိ၏ မျိုးဆက်ကို မရယူနိုင်သည့်အတွက် စိတ်မကောင်းဖြစ်သွားသော်လည်း ရှေးဟောင်းမျိုးနွယ်မှ သွေးမျိုးဆက်များနှင့် ပတ်သက်ပြီး များစွာ သင်ယူခဲ့ရသည်။
နောက်ပိုင်းတွင် ရှေးဟောင်းမျိုးနွယ်က သူ့ကို ရှာဖွေတွေ့ရှိသွား၍ ထွက်ပြေးခဲ့ရပြီး နေရာအနှံ့ လိုက်လံဖမ်းဆီးခံခဲ့ရသည်။ သူက တာအိုသက်သေပြပြီးသည့်နောက်တွင် ပြန်လည်သွားဖို့ရာ စီစဉ်ထားခဲ့သော်လည်း အခု အခွင့်အရေး မရခဲ့ပေ။
“ဒီမှာ ရောက်လာဖို့ အကြောင်းပြချက် လိုလို့လား။ နင်က ငါ့ရန်သူပဲ” ဟို့ဖုန်းဟွမ်က ပြောလိုက်သည်။
“မဟုတ်ဘူး။ မင်းရဲ့မျက်လုံးက ဒီ ငါ့ကို တမင်လာရှာတဲ့ အကြောင်းအရင်း ရှိတယ်ဆိုတာကို ပြောနေတယ်” မိုရှင်းယွင်က ပြန်ဖြေလိုက်သည်။
“မင်းက မဟာမိတ်ကို စိတ်ဝင်စားလား။”
သူမက နောက်ထပ် နယ်ရုပ်တစ်ခု ရယူဖို့ စိတ်ထဲမထားပေ။ ဟို့ဖုန်းဟွမ်၏ အငွေ့အသက်အရ ထိုသူသည် ထိပ်သီးကောင်းကင်ရွေးချယ်ခံ ဖြစ်ကြောင်း ပြောနိုင်၍ အလွန်အသုံးဝင်လာလိမ့်မည်။
“အဲဒီအကြောင်း မတွေးနဲ့။ ငါက နင့်ကို သတ်ဖို့ရာ ရည်ရွယ်ချက်တစ်ခုတည်းအတွက် ရောက်နေတာ”
မိုရှင်းယွင်က သူမ၏ သတ်ဖြတ်ငွေ့ကို ဂရုမစိုက်ပေ။ ထိုအစား သူက သူမကို စိုက်ကြည့်လိုက်၏။
မြင့်မြတ်သားရဲငါးကောင်ရဲ့ သွေးမျိုးဆက်လား…
ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်၏ မျက်ဝန်းတွင် လောဘအရိပ်အယောင် ဖြတ်ပြေးသွား၏။
သူ ငယ်ရွယ်စဉ်အခါက မဟာတာအို ၃၈၀၀ လုံးကို ကျင့်ကြံပြီး အကြွင်းမဲ့တာအိုဖြစ်သည့် ဟွင်သွမ်းတာအိုအဖြစ် ပေါင်းစည်းဖို့ အိပ်မက်မက်ခဲ့သည်။ ထိုသို့သော တာအိုမျိုးက ကမ္ဘာတွင် ပြိုင်ဘက်ကင်း ဖြစ်လာမည်ဖြစ်ကာ သူ့အနေဖြင့် တစ်စုံတစ်ယောက် သူ့ကို သတ်ဖြတ်မည် သို့မဟုတ် အရှက်ခွဲမည်ကို စိုးရိမ်စရာ မလိုတော့ပေ။
ကံဆိုးစွာဖြင့် သူ ထိုအိပ်မက်ကို လက်လှမ်းမမှီနိုင်ခင် သူ့ဆရာ ရှစ်ဖုယွီက ဖျက်ဆီးပစ်ခဲ့သည်။ ထိုဘုန်းကြီးအိုကြီးက အထွတ်အထိပ် တားမြစ်ခံနှင့် ကြောက်မက်ဖွယ် စစ်ဆေးမှုအကြောင်းကို ပြောပြခဲ့၏။
အမှန်တရားကို သိသွားပြီးသည့်နောက်တွင် ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်က စိတ်ရှုပ်ထွေးလာခဲ့ရသည်။ သူ့တစ်စိတ်တစ်ပိုင်းကမူ စစ်ဆေးမှုကို ကြောက်ရွံ့နေပြီး စွန့်စားမှုကို မလိုလားပေ။ တခြားဘက်ခြမ်းကမူ သူ့ဆရာကို အမုန်းပွားသည့် အကြောင်းမှာ စစ်ဆေးမှုကို သိခြင်းက ခက်ခဲမှုကို တိုးမြင့်သွားစေလိမ့်မည်။
ထို့ကြောင့် အချိန်အတော်ကြာ စဉ်းစားပြီးသည့်နောက်တွင် သူက ကံကြမ္မာက သူ့ဘက်တွင် မျက်နှာသာပေးကြောင်း ကောက်ချက်ချလိုက်၏။ သူက ပါရမီ လိုအပ်သည့်အတွက် ဝါးမျိုခြင်းတာအိုကို ကျင့်ကြံခဲ့သည်။ သူက ထူးကဲသည့် နားလည်နိုင်စွမ်း ရှိထားသော်လည်း ထိုအရာက နောက်ပိုင်းအဆင့်များတွင်သာ အထောက်အကူ ဖြစ်လေသည်။
သို့သော်လည်း ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်၏ ဝါးမျိုရေးတာအိုက သူ့အိပ်မက်အတွက် ဖြေရှင်းနည်းတစ်ခု ဖြစ်ခဲ့သည်။ သူက မဟာတာအို သုံးထောင်နှင့် အရန်တာအို ၈၀၀တို့ကို ကျင့်ကြံသည့်သူများအား ဝါးမျိုပြီး ထိပ်သီးထိ ရောက်အောင်ကျင့်ကြံချင်ခဲ့သည်။
ထို့နောက် သူက အထွတ်အထိပ် တားမြစ်ခံစစ်ဆေးမှုကို စိုးရိမ်စရာ မလိုဘဲ ဟွင်သွမ်းစွမ်းအားကို ထိန်းချုပ်နိုင်လာလိမ့်မည်။
အစစ်အမှန် ကောင်းကင်တာအိုက ဒီနည်းလမ်းကို သုံးပြီးတော့ စစ်ဆေးမှုကို အောင်မြင်ခွင့်ပေးမလားဆိုတာကိုတော့ မသိရသေးဘူး။ ဒါပေမဲ့ ပြဿနာမရှိတဲ့ စိတ်ချရတဲ့ နည်းလမ်းတစ်ခုတော့ ရှိတယ်။
ဟွင်သွမ်းပင်ကိုစည်းမျဉ်း…
ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်က ပင်ကိုနတ်ဆိုးနတ်ဘုရားများသည် လက်ရှိသနားစဖွယ် အခြေအနေဖြစ်နေသော်လည်း မိုးမြေ၏ ကောင်းချီးပေးခံထားရဆဲ ဖြစ်ကြောင်း သိလေသည်။ ထို့ကြောင့် သူတို့၏ မြင့်မြတ်သည့် အနေအထားကို ရယူနိုင်သည့် အရေးသာချက် တချို့တော့ ရှိလေ၏။
ထိုအရေးသာချက်များက သူတို့ကို ပြဿနာများစွာ ဖြစ်လာစေသည်။ မျိုးနွယ်နှင့် အင်အားကြီး ပုဂ္ဂိုလ်များကလည်း ထိုအရေးသာချက်များကို ရယူလိုခဲ့ကြသည်။ ထိုသူများသည် ပင်ကိုနတ်ဆိုးနတ်ဘုရား၏ မျိုးနွယ်အင်အားနှင့် အဆင့်အတန်းကို လျစ်လျူရှုနိုင်လောက်အောင်အထိ အားကောင်းကြ၏။
ငါက သူမရဲ့ မြင့်မြတ်သားရဲ သွေးမျိုးဆက်ကို ဝါးမျိုပြီးတော့ ဟွင်သွမ်းသွေးမျိုးဆက် မျိုးစေ့ကို ဖွဲ့စည်းရမယ်…
ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်က တွက်ချက်လိုက်သည်။
ငါ အသက်ပြန်ရှင်ပြီးတော့ ထိပ်သီးအခြေအနေ ပြန်ရောက်ပြီးရင် ရှေးဟောင်းမျိုးနွယ်တစ်ခုလုံးက ဟွင်သွမ်းသွေးမျိုးဆက်ကို ကျင့်ကြံဖို့ အကောင်းဆုံးပစ္စည်းတွေပဲ…
ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်၏ အကြည့်များက တောက်ပလာ၏။
အခု ငါ စိုးရိမ်ဖို့လိုတာက သူမရဲ့ သွေးမျိုးဆက်နဲ့ လေ့ကျင့်ထားတဲ့ လူအိုကြီးတချို့ကိုပဲ…
သူက တိတ်တဆိတ် တွေးလိုက်မိသည်။
ငါ့နည်းလမ်းနဲ့ဆိုရင် သူတို့ရဲ့ အမှတ်အသားတွေကို ဖြေရှင်းဖို့ လွယ်တယ်။ တကယ့်ပြဿနာက သူမရဲ့ ဘိုးဘေးတွေက ကောင်းကင်ဘုံအဆင့် ဒါမှမဟုတ် စံပြတွေဖြစ်လာပြီးတော့ သူမရဲ့ သွေးမျိုးဆက်ထဲမှာ ကာကွယ်မှုအနေနဲ့ ချန်ထားခဲ့မှာကိုပဲ စိုးရတယ်…
သူ သေဆုံးပြီးသည့်နောက်တွင် ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်က ပိုမိုတည်ငြိမ်ကာ ပိုမိုသတိကြီးကြီးထားလာပြီး အပြုအမူများကို သေသေချာချာ ဂရုတစိုက် တွေးလာသည်။ သူက ဒိုင်မေးရှင်းအမြင့်ရှိ အင်အားကြီး ပုဂ္ဂိုလ်များသည် မည်မျှ ကြောက်ဖို့ကောင်းကြောင်း သိလေ၏။
အများစုက ဒိုင်မေးရှင်းအနိမ့်ရှိ သူတို့၏ မျိုးဆက်များ သို့မဟုတ် အင်အားစုများကို ဂရုမစိုက်ကြသော်လည်း တချို့သူများကမူ တက်တက်ကြွကြွ ကူညီပေးကြဆဲ ဖြစ်၏။
ထို့ကြောင့် သူက ဟို့ဖုန်းဟွမ် သို့မဟုတ် ရှေးဟောင်းမျိုးနွယ်ကို မဖြေရှင်းခင် သူတို့ကို ထည့်သွင်းစဉ်းစားဖို့ လိုအပ်သည်။
“မညှိနှိုင်းတော့ဘူးလား” မိုရှင်းယွင်က ထိုအတွေးများကို တွေးရင်း မေးလိုက်သည်။
“ဘယ်လိုထင်လဲ” ဟို့ဖုန်းဟွမ်က ပြန်ဖြေလိုက်၏။ သူမ၏ အလိုလိုသိစိတ်က ထိုသူသည် ပြုံးနေသည့် ဝံပုလွေတစ်ကောင် ဖြစ်ကြောင်း ပြောပြနေသည်။ ထို့အပြင် ထိုသူက သူမကို ဝါးမျိုလိုသည့် လိုအင်ဆန္ဒကိုပင် ဖုံးကွယ်ထားခြင်း မရှိပေ။
ထို့ကြောင့် ထိုစကားဝိုင်းကို ဆက်မပြောတော့ဘဲ သူမက တပ်ဖွဲ့ကို ဆင့်ခေါ်လိုက်၏။ ဟို့ဖုန်းဟွမ်က တိုက်ရိုက် မတိုက်ခိုက်လိုပေ။ တစ်ဖက်လူက သူမသည် သူမ၏ အသက်ကို ခြိမ်းခြောက်နိုင်လားဟု အရင်စောင့်ကြည့်ဖို့ရာ ဆုံးဖြတ်လိုက်သည်။
အရှိန်အဝါတစ်ခုတည်းဖြင့် သူမ၏ အင်အားသည် မိုရှင်းယွင်ထက် မသာလျှင်ပင် လက်ရည်တူဖြစ်ကြောင်း မှန်းဆထားပြီးသား ဖြစ်၏။
ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်က တပ်ဖွဲ့ကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်။ ထိုတပ်သားအများစုက အနီရောင်ချပ်ဝတ် ဝတ်ဆင်ထားပြီး နဖူးအထက် မီးတောက်အမှတ်အသား တစ်ခုစီ ရှိထားကြသည်။
သူတို့အားလုံးက ဇာမဏီမသေနိုင်စွမ်းနဲ့ ကောင်းချီးပေးခံထားရတာလား…
သူက ထိုအရာသာ အမှန်ဖြစ်နေပါက သူ့အနေဖြင့် ကိစ္စများသည် ပိုမိုရှုပ်ထွေးသွားမည် ဖြစ်ကြောင်း သိလေသည်။