တည်နေရာ ရွှေ့ပြောင်းခြင်း
Vol. 27 Ch. 361
ဒါတောင်မှ လီဖူချန်းက သူ့ရဲ့ လက်သီးအားကို အတော်လေး လျော့ထားသေးတာပါ။ သူသာ အားကုန် ထိုးလိုက်လို့ကတော့ ယုလီတစ်ယောက် သေကောင်ပေါင်းလဲတောင် ဖြစ်သွား နိုင်ပါသေးတယ်။
ဝှစ်……
ထို့နောက်မှာတော့ လီဖူချန်းဟာ ယုလီကို ကျော်ဖြတ်သွားခဲ့ပါပြီ။
ယုလီက လီဖူချန်းရဲ့ နောက်ကျောကို မျက်လုံး အပြူးသားနဲ့ ကြည့်ရင်း ကျန်နေခဲ့ပါတယ်။ အစောပိုင်းတုန်းက ယုလီဟာ မရဏပြည်ရဲ့ အငွေ့အသက်တွေကိုတောင် ရလိုက်တာ မဟုတ်ပါလား။
ဟူး……ဟူး……
ခေါ့ယွင်နဲ့ သွေးနတ်ဆိုး ဘုရင်ကလည်း လွယ်လွယ်နဲ့ အလျှော့ပေးမယ့်ပုံ မရှိပါဘူး။ သူတို့နှစ်ယောက်က လီဖူချန်းနောက်ကို အသည်းအသန် လိုက်နေဆဲပါပဲ။
" သည်နန်းတော်က တကယ် အန္တရာယ် များတာပဲ။ ငါ သည်နန်းတော်ထဲက အရင်ထွက်မှ ဖြစ်တော့မယ် "
ယုလီကတော့ အတော်လေး စိတ်ဓာတ်ကျနေပြီ ဖြစ်တဲ့အတွက် နန်းတော်ထဲကနေ ထွက်ခွာဖို့ကို စဉ်းစားနေပါပြီ။
သူ့ဘက်က ကြည့်ရင်တော့လည်း သူ့ရဲ့ဆုံးဖြတ်ချက်က မှန်ပါတယ်။
ယုလီက အပြင်ဘက်လောကမှာ ဆိုရင် အရှေ့ယူနီကွန်း တိုက်ကြီးရဲ့ ထိပ်သီး ပညာရှင် တစ်ယောက်ပါ။ သူ့ကို အနိုင်ယူနိုင်တဲ့လူက ခပ်ရှားရှားပါပဲ။
ဒါပေမဲ့ သည်နန်းတော်ထဲမှာတော့ သူဟာ မျိုးဆက်သစ် လူငယ်တစ်ယောက်ရဲ့ လက်သီးကြောင့် နံရိုးသုံးချောင်း ကျိုးခဲ့ရပါပြီ။
*****
သည်နန်းတော်ကြီးက အတော်လေးကို ကျယ်ဝန်းပေမယ့်လည်း ထွက်ပေါက်ကတော့ တစ်ခုပဲ ရှိပါတယ်။ အဲဒါက လီဖူချန်းလို သေပြေးရှင်ပြေး ပြေးနေရတဲ့ လူအတွက်ကတော့ တကယ့် ပြဿနာပါပဲ။ လီဖူချန်းဟာ နန်းတော်ရဲ့ ထွက်ပေါက်ကို ရှာတွေ့ဖို့အတွက် အချိန်သုံးရက်တောင် ယူခဲ့ရပါတယ်။
လီဖူချန်းတစ်ယောက် အပြင်ရောက်သွားပြီ ဆိုတာနဲ့ တစ်ပြိုင်နက် သူ့ရဲ့ ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ ချီအတွင်းအားတွေဟာ ပုံမှန်အတိုင်း ပြန်လည်ပတ် လာခဲ့ပါပြီ။
သည်နေရာမှာက ချီအတွင်းအားတွေကို အပြင်ထုတ်ပြီး တိုက်ခိုက်လို့ မရပေမယ့် ချီအတွင်းအား တွေကို လည်ပတ်လို့ ရနေပြီ ဖြစ်တဲ့အတွက် ခေါ့ယွင်ရဲ့ ပြေးနှုန်းဟာ အစောပိုင်းတုန်း ကထက် အဆပေါင်းများစွာ မြန်လာခဲ့ပါတယ်။
" မင်း သည်ထဲမှာ သေရမယ် "
ချီအတွင်းအား အသုံးပြုမှုကို ပိတ်ပင်ထားခြင်း မရှိတဲ့ အခါမှာတော့ ခေ့ါယွင်ရဲ့ ပြေးနှုန်းကို ဘယ်အရာကမှ မတားဆီးနိုင်တော့ပါဘူး။ သူက လီဖူချန်းနောက်ကို ခုန်ဝင်သွားပြီး လက်သီးနဲ့ ထိုးလိုက်ပါတယ်။
" ငါသည်လက်သီးချက်ကို တောင့်ခံနိုင်ပါ့မလား "
လီဖူချန်းက ခေါ့ယွင်ရဲ့ လက်သီးကို အံကျိတ်ပြီး တောင့်ခံလိုက်ပါတယ်။
အမှန်အတိုင်း ပြောရမယ်ဆိုရင်တော့ လီဖူချန်းဟာ နန်းတော်ထဲကနေ မထွက်ခွာချင်ပါဘူး။ နန်းတော် အပြင်မှာဆိုရင် သူဟာ ခေါ့ယွင်၊ သွေးနတ်ဆိုးဘုရင်နဲ့ အခြားသူတွေကို ယှဉ်နိုင်စရာ အကြောင်း မရှိဘူးဆိုတာကိုလည်း ကောင်းကောင်းကြီး သိထားပါတယ်။
ဒါပေမဲ့လည်း သူ့ရဲ့ ဆင်နဂါး ခန္ဓာကိုယ် စွမ်းအင်အမျှင်ဟာ နည်းနည်းလေးသာ ကျန်ရှိနေပါတော့တယ်။ သူ့အနေနဲ့ နန်းတော်ထဲမှာ ဆက်နေနေမယ်ဆိုရင် ကိုယ့်သေတွင်း ကိုယ်တူးတာနဲ့ အတူတူပါပဲ။
လီဖူချန်းအနေနဲ့ ဘယ်လိုမှ မတတ်နိုင်တော့လို့သာ နန်းတော်ထဲကနေ ထွက်ခွာ လာခဲ့ရတာပါ။
နန်းတော်ရဲ့ အပြင်မှာ ရောက်နေပြီ ဖြစ်တဲ့အတွက် လီဖူချန်းဟာ ပြောင်းလဲခြင်းကိုးပါး ခရမ်းရောင်ချီ နတ်ဘုရား အင်းကွက်ကို အသုံးပြုနိုင်စွမ်း ရှိလာပါပြီ။
အစစ်အမှန် ငရဲမီးတောက် အတွင်းအားကို ပြောင်းလဲခြင်းကိုးပါး ခရမ်းရောင်ချီ နတ်ဘုရား အင်းကွက်ထဲသို့ ပို့ဆောင်လိုက်တဲ့ အခါမှာတော့ လီဖူချန်းရဲ့ အတွင်းအားတွေဟာ ပြောင်းလဲခြင်းကိုးပါး ခရမ်းရောင်ချီ နတ်ဘုရား အတွင်းအားအဖြစ် ပြောင်းလဲသွားပါတယ်။
ထို့နောက်မှာတော့ လီဖူချန်းဟာ ပြောင်းလဲခြင်းကိုးပါး ခရမ်းရောင်ချီ နတ်ဘုရား အတွင်းအားနဲ့ ကြေးဝါဓားချီတွေကို ရောနှောလိုက်ပြီး ငွေရောင်အကြေးခွံ ချပ်ဝတ်တန်ဆာထဲသို့ ပို့ဆောင်ကာ ချပ်ဝတ်တန်ဆာကို အသက်သွင်းလိုက်ပါတယ်။
ငွေရောင်အကြေးခွံ ချပ်ဝတ်တန်ဆာကတော့ အရောင် တဖျတ်ဖျတ် တောက်ပလာခဲ့ပါပြီ။ ငွေရောင် အကြေးခွံတွေကလည်း အသက်ဝင် လာသလိုပါပဲ။
ဘုန်း………
အဲသည်အချိန်မှာပဲ ခေါ့ယွင်ရဲ့ လက်သီးဟာ လီဖူချန်းရဲ့ ကျောပြင်ကို ရောက်လာပါတော့တယ်။ သည်လက်သီးချက်မှာ ပါဝင်လာတဲ့ စွမ်းအားကတော့ တကယ့်ကို ကြောက်စရာပါပဲ။
ဝေါ့…
လီဖူချန်းဟာ သွေးစိမ်းရှင်ရှင် အန်ထုတ်လိုက်ရပါပြီ။ သူ့ရဲ့ ခန္ဓာကိုယ်ကလည်း အဝေးကြီးကို လွင့်ထွက် သွားပါတော့တယ်။
အဆိုးထဲက အကောင်းလို့သာ ပြောရမလား မသိတော့ပါဘူး။ လီဖူချန်း လွင့်ထွက်သွားတဲ့ အရှိန်က သူပြေးနေတာထက်တောင် အဆပေါင်းများစွာ ပိုမြန်နေပါသေးတယ်။
" သည်ကောင် ……မသေဘူးလား "
ခေါ့ယွင်က မျက်မှောင်ကြုတ်လိုက်မိပါတယ်။
ချီအတွင်းအား ထုတ်ပြီး ထိုးလို့ မရပေမယ့်လည်း သူ့ရဲ့ သည်လက်သီးချက်က အတော်လေးကို ပြင်းထန်တယ်လို့ ဆိုရမှာပါ။ ဒါက လီဖူချန်းလို ကောင်းကင် ပညာရှင် တစ်ယောက်ကို သတ်ပစ်နိုင်ဖို့အတွက် လုံလောက်မက လုံလောက်နေပါပြီ။
" သည်ကောင် ဝတ်ထားတဲ့ ချပ်ဝတ်တန်ဆာ ……။ အဲဒါက မြေကမ္ဆာ အဆင့်မြင့် ချပ်ဝတ်တန်ဆာပဲ ဖြစ်ရမယ် "
ခေါ့ယွင်ရဲ့ မျက်လုံးတွေက လီဖူချန်း ခန္ဓာကိုယ်ပေါ်က ငွေရောင်အကြေးခွံ ချပ်ဝတ်တန်ဆာထံသို့ ရောက်သွားပါတယ်။
ယုလီရဲ့ ထင်မြင်ယူဆချက် အရ ဆိုရင်တော့ မြေကမ္ဘာအဆင့်နိမ့် ချပ်ဝတ်တန်ဆာ သို့မဟုတ် မြေကမ္ဘာ အလယ်အလတ်အဆင့် ချပ်ဝတ်တန်ဆာ တစ်ခုက သူ့ရဲ့ လက်သီးချက်ကို တောင့်ခံ ပေးနိုင်စရာ အကြောင်း မရှိပါဘူး။
ပြီးတော့ သည်ချပ်ဝတ်တန်ဆာက ချီအတွင်းအားတွေ ပို့ဆောင်ပြီး အသက်သွင်းလို့ရတဲ့ ရတနာချပ်ဝတ် တန်ဆာတစ်ခု ဖြစ်ရပါမယ်။ ဒါကြောင့်သာ လီဖူချန်းက သူ့ရဲ့ လက်သီးချက်ကြောင့် အသက်မသေဘဲ ဆက်ပြေး သွားနိုင်တာပါ။
ဒါပေမဲ့ ယုလီမသိတာကတော့ လီဖူချန်းရဲ့ ချပ်ဝတ်တန်ဆာဟာ မြေကမ္ဘာ အလယ်အလတ်အဆင့် ချပ်ဝတ်တန်ဆာ ဆိုတာပါပဲ။ ပြောင်းလဲခြင်းကိုးပါး ခရမ်းရောင်ချီ နတ်ဘုရား အင်းကွက်နဲ့ ကြေးဝါဓားချီတွေကြောင့်သာ လီဖူချန်းဟာ သူ့ရဲ့ လက်သီးချက်ကို တောင့်ခံသွားနိုင်တာ ဖြစ်ပါတယ်။
" ငါသာ သည်ချပ်ဝတ်တန်ဆာကို ရမယ်ဆိုရင် ရှင်းတိကောဝမ်တောင်မှ ငါ့ကို ဒဏ်ရာရအောင် လုပ်နိုင်မှာ မဟုတ်တော့ဘူး "
ခေါ့ယွင်ရဲ့ မျက်လုံးထဲမှာတော့ လိုချင်တပ်မက်မှုတွေ အတိုင်းသား ဖြစ်ပေါ်လာခဲ့ပါပြီ။ သူ့ရဲ့ ခန္ဓာကိုယ်ကနေလည်း သတ်ဖြတ်ခြင်း အငွေ့အသက်တွေ ထွက်ပေါ်လာခဲ့ပါတယ်။
သည်လို ရတနာမျိုး အတွက်ဆိုရင်တော့ ခေါ့ယွင်ဟာ တစ်ဂိုဏ်းတည်းသား အချင်းချင်းကိုတောင်မှ သတ်ပစ်မှာပါ။ လီဖူချန်းလို ဂိုဏ်းမတူတဲ့ နောက်ပေါက်လေး တစ်ယောက်ကို ဆိုရင်တော့ ပြောနေစရာကို မလိုတော့ပါဘူး။
" ကံကောင်းလို့ မသေတာဟ "
လီဖူချန်းက သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်ပါတယ်။
နန်းတော်ရဲ့ အပြင်ဘက်မှာ ချီအတွင်းအား ထုတ်ပြီး တိုက်ခိုက်လို့ မရတာက အတော်လေး ကံကောင်းတယ်လို့ ဆိုရမှာပါပဲ။ မဟုတ်လို့ကတော့ ခေါ့ယွင်ဟာ သူ့ရဲ့ ချီအတွင်းအားတွေကို ထုတ်ပြီး အဝေးကနေပဲ သူ့ကို သတ်သွားမှာ ဖြစ်ပါတယ်။
( note - နန်းတော်ရဲ့ အဝင်ဝမှာ ခန္ဓာကိုယ်ထဲကနေ ချီအတွင်းအားထုတ်လိုက်တာနဲ့ အဲသည် ချီအတွင်းအားတွေကို စုပ်ယူတဲ့ ခြင်္သေ့ရုပ်ကြီး နှစ်ရုပ် ရှိနေတာကိုတော့ စာဖတ်သူတွေလည်း မှတ်မိမယ် ထင်ပါတယ်။ )
" ငါသည်နေရာမှာပဲ တည်နေရာရွှေ့ပြောင်း ဘုတ်ပြားကို အသက်သွင်းပြီး အရှေ့ယူနီကွန်း တိုက်ကြီးကနေ ထွက်သွားရင် ကောင်းမလား"
ခေါ့ယွင်ရဲ့ လက်သီးအားကို အသုံးပြုပြီး လီဖူချန်းဟာ တောင်အောက်ကို ဆင်းသက်နေတာပါ။ သူက လမ်းတစ်လျှောက်မှာ သူ့ရဲ့ အနာဂတ်အတွက် စဉ်းစားနေပါသေးတယ်။
သည်လောက် ပြဿနာတွေ ဖြစ်ပြီးမှတော့ လီဖူချန်းအနေနဲ့ အရှေ့ယူနီကွန်းတိုက်မှာ နေလို့ မဖြစ်တော့ပါဘူး။
" ဟုတ်ပြီကွာ ……။ သည်တည်နေရာ ရွှေ့ပြောင်း ဘုတ်ပြားကို အရင် အသက် သွင်းလိုက်မယ်"
နောက်ဆုံးမှာတော့ လီဖူချန်းဟာ အရှေ့ယူနီကွန်း တိုက်ကြီးကနေ ထွက်သွားဖို့ အတွက် ဆုံးဖြတ်လိုက်ပါပြီ။
လီဖူချန်းက တည်နေရာရွှေ့ပြောင်း ဘုတ်ပြားကို ထုတ်ပြီး သူ့ရဲ့ ချီအတွင်းအားတွေ ထည့်သွင်း လိုက်ပါတယ်။
" လခွီးပဲ။ မရဘူးဟ "
တကယ့်ကို စိတ်ပျက်စရာပါပဲ။ လီဖူချန်းရဲ့ ချီအတွင်းအားတွေက ခန္ဓာကိုယ်ထဲကနေ ထွက်သွားပြီ ဆိုတာနဲ့ တစ်ပြိုင်နက် တောင်ထိပ်ပေါ်မှာ ရှိနေတဲ့ ကျောက်ခြင်္သေ့ရုပ်ကြီး နှစ်ရုပ်ဟာ အဲသည် ချီအတွင်းအားတွေကို စုပ်ယူလိုက်ပါတယ်။ အဲသည် ခြင်္သေ့ရုပ်တွေက သည်လောက် ဝေးနေတာကိုတောင်မှ အလုပ်လုပ်နေဆဲပါပဲ။
သည်အတိုင်း ဆိုရင်တော့ လီဖူချန်းရဲ့ အကြံအစည်တွေဟာ အလုပ်ဖြစ်မှာ မဟုတ်တော့ပါဘူး။ သူက တည်နေရာရွှေ့ပြောင်း ဘုတ်ပြားကို လက်ဝါးနဲ့ထိပြီး ချီအတွင်းအားတွေ သွင်းပေးရင်တောင်မှ ခြင်္သေ့ရုပ်နှစ်ရုပ် အဲသည် ချီအတွင်းအားတွေကို စုပ်ယူနေဦးမှာပါ။
ထို့နောက်မှာတော့ လီဖူချန်းဟာ တည်နေရာရွှေ့ပြောင်း ဘုတ်ပြားကို အသက်သွင်းဖို့ မကြိုးစားတော့ဘဲ တောင်အောက်ခြေ အထိ ဆင်းသွားပါတော့တယ်။
ခေ့ါယွင်နဲ့ သွေးနတ်ဆိုးဘုရင်ကလည်း အသည်းအသန် လိုက်နေဆဲပါပဲ။
သူတို့နှစ်ယောက်ဟာ လီဖူချန်းနဲ့ နီးသထက် နီးလာခဲ့ပါပြီ။
" သေစမ်း "
သွေးနတ်ဆိုးဘုရင်က လီဖူချန်းနောက် လိုက်နေရတာကို စိတ်မရှည်တော့တဲ့ ပုံပါပဲ။ သူက လီဖူချန်းကို ဆူးချွန်တစ်ချောင်း နဲ့ လှမ်းပစ်လိုက်ပါတယ်။
သွေးနတ်ဆိုးဘုရင်ရဲ့ မိစ္ဆာချီတွေက ပြန်လည် အလုပ်လုပ်နေပြီ ဖြစ်တဲ့ အတွက် သည်တစ်ကြိမ် ပစ်လိုက်တဲ့ ဆူးချွန်မှာ ပါဝင်နေတဲ့အားတွေဟာ အတော်လေးကို ပြင်းထန် လှပါတယ်။
ထန်……
ဝေါ့……
လီဖူချန်းက သွေးအန်ပြီး နောက်ထပ်တစ်ကြိမ် လွင့်ထွက် သွားပြန်ပါပြီ။ သည်တစ်ကြိမ် လွင့်ထွက်သွားတာက ခေ့ါယွင်လက်ချက်နဲ့ လွင့်ထွက်သွားတုန်းက ထက်တောင် ပိုမြန် နေပါသေးတယ်။
လီဖူချန်းအနေနဲ့ သွေးနတ်ဆိုးဘုရင်ရဲ့ ဆူးချွန်ကို ရှောင်မယ်ဆိုရင် ရှောင်လို့ ရပါတယ်။ ဒါပေမဲ့ သူသာ အဲသည် ဆူးချွန်ကို ရှောင်လိုက်မယ်ဆိုရင် ခေါ့ယွင်နဲ့ သွေးနတ်ဆိုးဘုရင်က သူ့ကို လိုက်မီသွားမှာပါ။ အဲသည်အတွက် လီဖူချန်းဟာ ဆူးချွန်ကို အထိခံလိုက်ရခြင်း ဖြစ်ပါတယ်။
" လခွီးပဲ…… သည်ကောင်က အရမ်းကို ပါးနပ်လွန်းတယ် "
ခေါ့ယွင်ကတော့ လီဖူချန်းကို အကြီးအကျယ် ဒေါသထွက်နေပါပြီ။
လီဖူချန်းက သူတို့ တိုက်ခိုက် လိုက်တာတွေကို အနာခံကာ တွန်းအားရယူပြီး ဝေးသထက် ဝေးအောင် ထွက်ပြေးနေတာ မဟုတ်ပါလား။
လီဖူချန်းသာ သည်လောက် ပါးနပ်မယ်ဆိုတာကို သိခဲ့ရင် ခေ့ါယွင်အနေနဲ့ အခုလို လုပ်ခဲ့မှာ မဟုတ်ပါဘူး။ မဟူရာဂိုဏ်းရဲ့ အကြွင်းအကျန် နယ်မြေအပြင်ဘက်မှာဆိုရင် သူဟာ လီဖူချန်းရဲ့ ရတနာတွေကို အေးအေးဆေးဆေး လုယူလို့ ရပါတယ်။
အခုတော့ သူက အလောတကြီး လုပ်ခဲ့မိပါပြီ။
အခုချိန်မှာတော့ လီဖူချန်းက မဟူရာ ကောင်းကင်ဂိုဏ်းရဲ့ အကြွင်းအကျန်နယ်မြေ အပြင်ဘက်ကို ရောက်တာနဲ့ တစ်ပြိုင်နက် ဘယ်သူမှ ရှာမတွေ့အောင် ပုန်းအောင်း နေတော့မှာပါ။
" တောင်အောင်ကို ရောက်ပြီဟ "
တောင်အောက်ကို ဆင်းရတာက တောင်ပေါ်ကို တက်တုန်းကထက် အများကြီး ပိုမြန်ပါတယ်။
ထို့နောက်မှာတော့ လီဖူချန်းဟာ တိတ်ဆိတ်မှုတွေ ကြီးစိုးနေတဲ့ လမ်းကျဉ်းလေးထဲကို ပြန်ရောက် လာခဲ့ပါပြီ။
သည်လမ်းကျဉ်းလေးထဲမှာ လမ်းခွဲတစ်ခု ရှိနေတာကို လီဖူချန်း တစ်ယောက် ကောင်းကောင်းကြီး မှတ်မိပါတယ်။ အဲသည်အတွက် သူဟာ ထိုလမ်းခွဲ ရှိရာဆီသို့ အားသွန်ခွန်စိုက် ပြေးပါတော့တယ်။
သည်တိတ်ဆိတ်မှုတွေ ကြီးစိုးနေတဲ့ လမ်းကျဉ်းလေးရဲ့ အခြေအနေက တောင်ထိပ်ပေါ်မှာနဲ့ အတူတူပါပဲ။ ချီအတွင်းအားတွေကို ထုတ်လို့ မရပါဘူး။ အဲဒါကြောင့် လီဖူချန်းဟာ လမ်းခွဲရှိတဲ့ နေရာကို အားသွန်ခွန်စိုက် ပြေးနေတာပါ။ လီဖူချန်းအနေနဲ့ တည်နေရာရွှေ့ပြောင်း ဘုတ်ပြားကို အသက်သွင်းဖို့ဆိုရင် ချီအတွင်းအားတွေကို ထုတ်သုံးနိုင်ဖို့ လိုပါတယ်။
သိပ်မကြာခင်မှာပဲ လီဖူချန်းဟာ လမ်းခွဲလေးထဲကို ရောက်လာခဲ့ပါပြီ။ ထို့နောက်မှာတော့ သူက ပြေးဖို့ မကြိုးစားတော့ဘဲ သူ့ရဲ့ ချီအတွင်းအားတွေကို တည်နေရာရွှေ့ပြောင်း ဘုတ်ပြားထဲသို့ ထည့်သွင်း လိုက်ပါတယ်။
တည်နေရာရွှေ့ပြောင်း ဘုတ်ပြားကို အသက်သွင်းရတာက ဘာအခက်အခဲမှ မရှိပါဘူး။ ဒါပေမဲ့ တည်နေရာ ရွှေ့ပြောင်းဖို့အတွက် လုံလောက်တဲ့ စွမ်းအင်တွေကို ဖြည့်ဆည်း ပေးနိုင်ဖို့တော့ လိုပါသေးတယ်။
လီဖူချန်းအနေနဲ့ တည်နေရာရွှေ့ပြောင်း ဘုတ်ပြားကို အသက်သွင်းဖို့အတွက် ဆိုရင်တော့ အချိန်အတော်ကြာကြာ ယူရပါမယ်။
အဲသည်အချိန်မှာပဲ ခေါ့ယွင်နဲ့ သွေးနတ်ဆိုးဘုရင်ဟာ လီဖူချန်းကို လိုက်မီလာခဲ့ပါပြီ။
သည်နေရာမှာတော့ သူတို့ရဲ့ အစွမ်းတွေကို တားဆီး ပိတ်ပင်ထားတဲ့ အရာတွေ ဘာတစ်ခုမှ မရှိတော့ပါဘူး။
ခေ့ါယွင်က လီဖူချန်းကို ကြောက်စရာ ကောင်းလောက်အောင် ပူပြင်းနေတဲ့ မီးလက်သီးနဲ့ ထိုးထည့်လိုက်ပါတယ်။
သည်လက်သီးချက်ကိုတော့ လီဖူချန်း ဆယ်ယောက် ရှိနေရင်တောင် ခံနိုင်မှာ မဟုတ်ပါဘူး။
" ငါ့ကို ကာပေးပါဦး "
လီဖူချန်းက လေထဲကို ခုန်တက်လိုက်ပြီး တည်နေရာရွှေ့ပြောင်း ဘုတ်ပြားနဲ့ ခေါ့ယွင်ရဲ့ မီးလက်သီးကို ကာလိုက်ပါတယ်။
ဝုန်း……
မီးလက်သီးက တည်နေရာရွှေ့ပြောင်း ဘုတ်ပြားကို ထိမှန်သွားခဲ့ပါပြီ။
အစွမ်းထက်လှတဲ့ မီးလျှံချီ အချို့ကတော့ တည်နေရာရွှေ့ပြောင်း ဘုတ်ပြားထဲကို ဝင်သွားပြီး ကျန်တဲ့ မီးလျှံချီတွေကတော့ လီဖူချန်းကို လောင်ကျွမ်း သွားပါတယ်။
အား……အား……
လီဖူချန်းက အသံနက်ကြီးဖြင့် အော်ဟစ်နေပါပြီ။ သူက သည်မီးလျှံတွေကို တောင့်ခံနိုင်စွမ်း မရှိပါဘူး။
ခေါ့ယွင်ရဲ့ မီးလျှံချီတွေဟာ ငွေရောင်အကြေးခွံ ချပ်ဝတ်တန်ဆာရဲ့ အကာအကွယ်ကို ကျော်ဖြတ်ပြီး လီဖူချန်းကို လောင်ကျွမ်းနေတာပါ။ သည်ပုံစံအတိုင်း ဆက်ပြီး လောင်ကျွမ်းနေမယ် ဆိုရင်တော့ဖြင့် လီဖူချန်းဟာ သေတော့မှာ ကျိန်းသေပါပဲ။
ချွမ် …… ချွမ်……
လီဖူချန်းတစ်ယောက် သေခါနီးဆဲဆဲမှာပဲ တည်နေရာရွှေ့ပြောင်း ဘုတ်ပြားဟာ အရောင် တောက်လာပြီး လီဖူချန်းကို လွှမ်းခြုံသွားပါတယ်။
ဖျောက်……
ထို့နောက်မှာတော့ လီဖူချန်းကော တည်နေရာရွှေ့ပြောင်း ဘုတ်ပြားပါ ပျောက်ကွယ် သွားခဲ့ပါပြီ။
***