ဟို့ဖုန်းဟွမ်နှင့် မိုရှင်းယွင်တို့ ပြိုင်ဆိုင်ခြင်း အပိုင်း(၁)
Vol. 57 Ch. 787
မိုရှင်းယွင်က စကားဆက်မပြောတော့ဘဲ စတင် တိုက်ခိုက်လိုက်သည်။ သူက သူမနှင့် တူညီသည့် နည်းဗျူဟာကို အသုံးပြုခဲ့ပြီး သူ့တပ်ဖွဲ့ကို အသုံးပြုကာ စမ်းသပ်ကြည့်ခဲ့သည်။ ထို့ကြောင့် သူက လက်ကိုဝှေ့ကာ သူ့တပ်ဖွဲ့ကို ဆင့်ခေါ်လိုက်၏။
(ဒီနေရာကနေ မိုရှင်းယွင်ကို သူမအစား သူလို့ပဲ သုံးပါ့မယ် … ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်မလို့ပါ။ ဟို့ဖုန်းဟွမ်ဘက်က မိုရှင်းယွင်ကို ပြောရင်တော့ သူမလို့ သုံးပါ့မယ်။)
ထို့ကြောင့် အနက်ရောင်ချပ်ဝတ်နှင့် အနီရောင်မျက်လုံးရှိသည့် တပ်ဖွဲ့က ဝေဟင်အထက် ထွက်ပေါ်လာသည်။ သူတို့၏ ခန္ဓာကိုယ်မှ ကံအပြစ်ကြွေး အမြောက်အများ ထွက်ပေါ်နေပြီး ပြင်းထန်သည့် သွေးဆာမှုနှင့်အတူ မိုးမြေကြားရှိ အရာအားလုံးကို ဝါးမျိုလိုသည့် လိုအင်ဆန္ဒပါ ကပ်ပါလာသည်။
တစ်ဖက်လူကို မြင်တွေ့ပြီးသည့်နောက်တွင် ဟို့ဖုန်းဟွမ်က တည်တည်ငြိမ်ငြိမ်ဖြင့် တိုက်ပွဲကို စတင်ကြီးကြပ်လိုက်သည်။
သူမတွင် စစ်သူကြီးတချို့ရှိသော်လည်း သူတို့က ကောင်းကင်ရွေးချယ်ခံများ မဟုတ်ကြပေ။
ရှေးဟောင်းမျိုးနွယ်က စည်းလုံးသော်လည်း အချင်းချင်း ယှဉ်ပြိုင်ကြလေသည်။ မျိုးနွယ်များစွာ ရှိနေသည့်အတွက် ပြီးပြည့်စုံစွာ သဟဇာတဖြစ်ဖို့ မဖြစ်နိုင်ပေ။ မျိုးနွယ်တစ်ခုက ထာဝရအထွတ်အထိပ် ဧကရာဇ် မရှိသရွေ့ ဖြစ်သည်။
ရှေးဟောင်းမျိုးနွယ်၏ အရှုပ်အထွေးက ဟို့ဖုန်းဟွမ်၏ ပြဿနာတချို့ အကြောင်းခံလာရာနေရာ ဖြစ်၏။ အများစုက သူမသည် တားမြစ်ချက်ကို ချိုးဖောက်ကာ တခြားသူ၏ သွေးမျိုးဆက် စုပ်ယူသည်ကို သဘောမကျကြပေ။ အဖွဲ့အစည်းက သူမ၏ အပြစ်ကြွေးကို ခွင့်လွှတ်ကာ လုပ်ပိုင်ခွင့် ပေးခဲ့သော်လည်း သူမ၏ အပြုအမူများကို မကျေနပ်သည့် မျိုးနွယ်စုများ ရှိနေသေးပြီး သူမကို ဆန့်ကျင်နေကြဆဲ ဖြစ်သည်။
ထိုပဋိပက္ခများက ဟို့ဖုန်းဟွမ်အနေနှင့် စစ်သူကြီးများ ရွေးချယ်ရာ၌ သတိထားလာရသည်။
ဒုတိယအနေဖြင့် ဟို့ဖုန်းဟွမ်သည် ပွင့်ချပ်တစ်လွှာ ထာဝရအရှင်နှင့် ညီမျှသည့် စွမ်းအားရှိထားသည့် သူမ၏ စစ်သူကြီးများကို မယုံပေ။ အကယ်၍ သူမထံ တစ်စုံတစ်ခု ဖြစ်ပျက်သွားပြီး အားနည်းချက် ပြသမိခဲ့ပါက ထိုစစ်သူကြီးသည် သူမကို သစ္စာဖောက်ပြီး အခွင့်အရေးကို ယူကာ နောက်ဆုံးတိုက်ပွဲကို အနိုင်သိမ်းသွားလိမ့်မည်။
ထိုအချက်များကြောင့် ဟို့ဖုန်းဟွမ်နှင့် တခြားကောင်းကင်ရွေးချယ်ခံများ၏ စစ်သူကြီးများက အတော်လေးအားနည်းကြသည်။ သူတို့၏ စွမ်းအားအပေါ် အကြွင်းမဲ့ယုံကြည်ချက် ရှိထားပြီး သူတို့နားရှိ လူများအပေါ် ယုံကြည်ထားသည့်သူများကသာ စစ်သူကြီးများကို ကောင်းကင်ရွေးချယ်ခံ ဖြစ်လာအောင်အထိ လေ့ကျင့်ပေးကြလိမ့်မည်။
ဟို့ဖုန်းဟွမ်က သူမ၏ တပ်ဖွဲ့ကို ထိုမိစ္ဆာကျင့်ကြံသူများ၏ အပြစ်ကြွေးကို ပစ်မှတ်ထားသည့် သန့်စင်ရေးမီးတောက်ကို အသုံးပြုဖို့ အမိန့်ပေးခဲ့သည်။ ထိုနည်းဗျူဟာက အလုပ်ဖြစ်ခဲ့သော်လည်း အပေါ်ယံမျှသာ ဖြစ်၏။
တပ်သားရာချီကို သတ်ပြီးသည့်နောက်တွင် မိုရှင်းယွင်၏ တပ်ဖွဲ့ကလည်း သူတို့၏ ကံအပြစ်ကြွေးကို တိုက်စားရေး မီးတောက်အဖြစ် ဖွဲ့စည်းပြီး တစ်ဖက်လူ၏ မီးတောက်၏ သန့်စင်မှုကို တိုက်စားခြင်းဖြင့် ပြန်လည်တုံ့ပြန်လာခဲ့သည်။
ဟို့ဖုန်းဟွမ်ကလည်း နည်းဗျူဟာ ပြောင်းလဲလိုက်သည်။ သူမ၏ တပ်ဖွဲ့အပေါ်တွင် ပုံရိပ်ယောင် ကျားဖြူတစ်ကောင် ပေါ်ထွက်လာပြီး သူမအနားရှိ သတ်ဖြတ်ရေးစွမ်းအားများကို စုစည်းပေးလာသည်။ အချိန်တိုအတွင်း လူများစွာ သေဆုံးသွားကြရ၏။ ထို့ကြောင့် သတ်ဖြတ်ရေးချီကဲ့သို့သော အရာများက နေရာအနှံ့ရှိနေသည်။
ထိုအစီအရင်ဖြင့် တပ်ဖွဲ့က ထိုစွမ်းအားများကို သူတို့ကိုယ်တိုင်အတွက် အသုံးပြုနိုင်လာသည်။
သူတို့က မိုးမြေကြားရှိ သတ်ဖြတ်ရေးချီကို အသုံးပြုကာ သူတို့၏ ခုခံရေး၊ အရှိန်နှင့် တိုက်ခိုက်ရေးများကို အားမြှင့်တင်နိုင်သည်။ ထိုအနေအထားတိုးမြှင့်သွားမှုကြောင့် သူတို့သည် ပိုမိုခက်ထန်ပြီး မိစ္ဆာကျင့်ကြံသူများကို တတ်နိုင်သမျှမြန်မြန်သာ သတ်ပစ်ကြသည်။
သို့သော်လည်း တစ်ဖက်လူကလည်း နောက်ကောက်မကျန်ပေ။ မိုရှင်းယွင်၏ တပ်ဖွဲ့က အနေအထားပြောင်းကာ ကြောက်မက်ဖွယ်ကောင်းသည့် ဝါးမျိုရေးစွမ်းအားကို စတင်ထုတ်လွှတ်ပြီး မိုးမြေကြားရှိ သတ်ဖြတ်ရေးအငွေ့အသက် အားလုံးကို စုပ်ယူသွားသည်။ ထိုနည်းလမ်းက တစ်ဖက်လူကို အားနည်းအောင် လုပ်ရင်း သတ်ဖြတ်ရေး စွမ်းအားကို လုယူကာ သူတို့၏ ရုပ်ခန္ဓာအနေအထားကို မြှင့်တင်နိုင်သည်။ အခြေအနေက မဆုတ်သာ မတိုးသာ ဖြစ်လာလေ၏။
ဟို့ဖုန်းဟွမ်၏ တပ်ဖွဲ့က တတိယအကြိမ် နည်းဗျူဟာ ပြောင်းလဲလိုက်သည်။ သူတို့အထက် မြင့်မြတ်ကာ ခမ်းနားသည့် နဂါးပြာတစ်ကောင် ထွက်ပေါ်လာပြီး အရာအားလုံးကို ပျက်သုဉ်းသည်အထိ ဖိချေပစ်မည့် ဖိအားကို ထုတ်လွှတ်လာသည်။
မိစ္ဆာကျင့်ကြံသူများက မြေဆွဲအားအပေါ် အခြေခံသည့် အစီအရင်ကိုအသုံးပြုကာ တုံ့ပြန်ခဲ့၏။ မိုရှင်းယွင်က အဆင့် ၃၂ ကောင်းကင်ရုပ်ခန္ဓာဖြစ်သည့် မြေဆွဲအားပြိုလဲခြင်း ရုပ်ခန္ဓာကို တိတ်တဆိတ် ဝါးမျိုထားခဲ့သည်။
ထိုမြေဆွဲအား၏ စွမ်းအားဖြင့် သူသည် နဂါးပြာဆီမှ ထုတ်လွှတ်နေသည့် အုပ်စိုးသူအငွေ့အသက်ကို ချေဖျက်နိုင်ခဲ့သည်။
နဂါးပြာအစီအရင်က တိုက်ခိုက်ရေး နှစ်မျိုးရှိပြီး ဖိအားနှင့် ရေထိန်းချုပ်နိုင်စွမ်းတို့ ဖြစ်သည်။ ပထမတစ်ခု ကျရှုံးသွားပြီးသည့်နောက်တွင် ဟို့ဖုန်းဟွမ်က ဒုတိယတစ်ခုကို ဆက်လက် လုပ်ဆောင်လိုက်၏။
ထို့ကြောင့် တပ်ဖွဲ့က တစ်ဖက်လူဆီ စီးဆင်းသွားမည့် ဧရာမဆူနာမီတစ်ခုကို ဖန်တီးလိုက်သည်။
နှမြောစရာကောင်းလှသည်က မိုရှင်းယွင်သည် သန့်စင်ယင်ရုပ်ခန္ဓာကိုပါ ဝါးမျိုထားသည့်အတွက် သူ့တပ်ဖွဲ့က အနေအထားပြောင်းကာ ပြင်းထန်သည့် အအေးဓာတ် ထုတ်လွှတ်လာပြီး ထိုဆူနာမီကို ချက်ချင်းဆိုသလို အေးခဲသွားစေသည်။
ကျစ်…
ငါတို့တွေ သံသရာလည်နေတာပဲ…
ဟို့ဖုန်းဟွမ်က တွေးလိုက်မိသည်။ သူမ၏ အစီအစဉ်က မိုရှင်းယွင်၏ တပ်ဖွဲ့ကို လွှမ်းမိုးပြီး ဝှက်ဖဲတချို့ ထုတ်ဖော်ပြသလာဖို့ ဖိအားပေးရန် ဖြစ်သည်။ သို့သော်လည်း သူမ၏ တပ်ဖွဲ့များက ကောင်းကောင်းမွန်မွန် လေ့ကျင့်ထားလေ၏။
ပြီးတော့ ငါက ဇာမဏီမီးတောက်ရဲ့ ကောင်းချီးကြောင့် တပ်သားတစ်ယောက်မှ မဆုံးရှုံးရသေးပေမဲ့ သူမရဲ့ တပ်ဖွဲ့ဘက်က စစ်သားတစ်ထောင်လောက်ပဲ သတ်နိုင်သေးတယ်…
တပ်သားတစ်ထောင်က သန်းတစ်ရာတပ်ဖွဲ့အတွက် ဘာမှမဟုတ်ပေ။ ထို့အပြင် ထိုမဆုတ်သာ မတိုးသာ အခြေအနေက ဆက်လက် ကျန်ရှိနေသေး၏။
ခေတ္တမျှစဉ်းစားပြီးသည့်နောက်တွင် ဟို့ဖုန်းဟွမ်က နည်းဗျူဟာ ထပ်မံ ပြောင်းလဲလိုက်သည်။ သူမက လိပ်နက်အစီအရင်ကို အသုံးပြုဖို့ အမိန့်ပေးလိုက်ပြီး ပြိုင်ဘက်ကင်း ခုခံကာကွယ်နိုင်စွမ်းကို ရယူခဲ့သည်။
ထို့နောက် သူမက တပ်သားများအား ဒဏ်ရာရဖို့ အကြောက်တရားမရှိဘဲ တိုက်ခိုက်ဖို့ အမိန့်ပေးခဲ့၏။ ထို့ကြောင့် သူတို့၏ ကြောက်မက်ဖွယ်ကောင်းသည့် ကုစားနိုင်သည့် အချက်ပါ ထည့်တွက်လိုက်လျှင် သူတို့က အိပ်မက်ဆိုးသဖွယ် ဖြစ်လာခဲ့သည်။
သူမက ပိုပြီးတော့ ပြင်းထန်လာပြီပဲ…
မိုရှင်းယွင်က ဟို့ဖုန်းဟွမ်၏ စိတ်အခြေအနေကို ခံစားမိနေ၍ တွေးလိုက်မိသည်။ သူမက သူ့ကို ပစ်မှတ်ထားသည့် ရည်ရွယ်ချက်ရှိမှန်း သိနေ၏။ ထို့ကြောင့် သူက သူမ၏ ရည်ရွယ်ချက်ကို သိရှိဖို့ စမ်းသပ်ကြည့်ဖို့ရာ ရွေးချယ်ခဲ့သည်။
ယင်ယန် - ယင်ကတိုက်ခိုက်ပြီးတော့ ယန်က ကာကွယ်ပေးတယ်…
မိုရှင်းယွင်က သူ့တပ်ဖွဲ့အား ယန်စွမ်းအားဖြင့် သူတို့၏ ခုခံမှုကို ကောင်းချီးပေးကာ ရန်သူကို ထိပ်တိုက်ရင်ဆိုင်စေခဲ့သည်။
ထို့အပြင် တပ်ဖွဲ့က တိုက်ပွဲမတိုင်ခင် အသွေးအသားများစွာကို စုပ်ယူထားပြီး နောက်ပိုင်းအသုံးပြုမှုအတွက် သိုလှောင်ထားခဲ့သည်။ သူတို့ဒဏ်ရာရရှိသည့်အခါ ထိုအရာမှ အသက်ဓာတ်ဖြင့် ကုစားနိုင်လေ၏။ တခြားနည်းဖြင့်ဆိုရလျှင် သူတို့၏ ကုစားရေးစွမ်းရည်က ဇာမဏီကောင်းချီး ရရှိထားသည့် ဟို့ဖုန်းဟွမ်၏ တပ်ဖွဲ့နှင့် ယှဉ်နိုင်လေသည်။
နောက်ထပ် မဆုတ်သာမတိုးသာ အခြေအနေတစ်ခုပဲ…
ဟို့ဖုန်းဟွမ်က သုံးသပ်လိုက်သည်။ သူမ၏ ချဉ်းကပ်မှု ကျရှုံးသွားကြောင်း သိလိုက်၏။
ငါ ထပ်ပြီး စွန့်စားရတော့မယ်…
သူမ၏ အမိန့်အောက်တွင် တပ်ဖွဲ့က တိုက်ပွဲကိုလျစ်လျူရှုကာ အဝေးတစ်နေရာသို့ နောက်ဆုတ်လိုက်ကြသည်။
“အခု ဘာလဲ” မိုရှင်းယွင်က လူအများ သူ့ကို ရိုက်ပစ်ချင်လိုသည့် အပြုံးမျိုးဖြင့် ပြုံးကာ ပြောလိုက်သည်။
“လျှောက်ကစားမနေပဲနဲ့ ငါတို့ကြားက အနိုင်ရရှိမှုကိုပဲ ဆုံးဖြတ်ရအောင်” ဟို့ဖုန်းဟွမ်က တဲ့တိုးပြောလိုက်သည်။
မိုရှင်းယွင်က တန်းသဘောတူချင်သော်လည်းတစ်စုံတစ်ခုကို ခံစားမိ၍ ရပ်တန့်လိုက်သည်။
သူက ပတ်ဝန်းကျင်ကို အာရုံခံပြီးသည့်နောက်တွင် သိရှိသွား၏။
အကဲဖြတ်နိုင်စွမ်းအပေါ်မှာ သက်ရောက်မှုရှိစေတဲ့ ဖြစ်နိုင်ချေစက်ကွင်းလား…
ကောင်းကင်ဝါးမျိုခြင်းဧကရာဇ်က သူ့အပေါ် ကျရောက်နေသည့် လွှမ်းမိုးမှုကို ဖယ်ရှားပစ်ခဲ့သည်။ သို့သော်လည်း သူက တိတ်တဆိတ် သက်ပြင်းချလိုက်၏။ အကယ်၍ သူသာ သူ့စွမ်းအား တစ်စိတ်တစ်ပိုင်းသာ ရှိပါက ဤသို့သော အရာမျိုးဖြင့် လွှမ်းမိုးခံရမည် မဟုတ်ပေ။
“အလျင်မလိုဘူး” မိုရှင်းယွင်က ပြောလိုက်၏။ သူက အခြေအနေကို ထိန်းချုပ်ထားချင်သည်။
“နင်က ကြောက်နေတာလား”
“ဒီလိုမျိုးနိမ့်ကျတဲ့ နည်းဗျူဟာက ငါ့အပေါ် အလုပ်မဖြစ်ဘူး” ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်က ပြောလိုက်၏။
သို့သော်လည်း ဟို့ဖုန်းဟွမ်က နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။
“နင်တို့ မိစ္ဆာကျင့်ကြံသူတွေက ကြီးနိုင်ငယ်ညှင်း လုပ်တတ်ကြတာပဲလေ။ ဒီလိုသဘောမျိုးက ကမ္ဘာပေါ်မှာ အမြင့်ဆုံးစွမ်းအား ပုံစံရရှိသွားတာတောင် ပြောင်းလဲသွားမှာ မဟုတ်ဘူး”
“နင်က ဘာတွေ စောင်းမြောင်းပြောနေတာလဲ” မိုရှင်းယွင်က ကြောက်မက်ဖွယ် သတ်ဖြတ်ငွေ့ကို ထုတ်လွှတ်ကာ ပြောလိုက်၏။
“နင်နဲ့ နင့်ဘိုးဘေးက တကယ့်ကို ငကြောက်တွေလို့ ပြောနေတာ” ဟို့ဖုန်းဟွမ်က ဆက်ပြောလိုက်သည်။
“ကောင်းကင်ဝါးမျိုခြင်းက ထာဝရဧကရာဇ်ဆိုပေမဲ့ သူက ထိပ်တန်းဧကရာဇ်မျိုးနွယ်တွေကိုတော့ မတိုက်ခိုက်ရဲပဲနဲ့ သာမန်ဖြစ်ပြီးတော့ ကူကယ်ရာမဲ့တဲ့ သေမျိုးတွေကိုပဲ စုပ်ယူခဲ့တယ်။ တကယ်လို့ သူသာ ငကြောက် မဟုတ်ရင် သူ့ကို ဘယ်လိုပြောရမှာလဲ။ ပြီးတော့ နင်က သူ့ဆီကနေ အဲဒီအမွေအနှစ် အရည်အသွေး လက်ခံရရှိထားတဲ့ပုံပဲ”
မိုရှင်းယွင်က သူမကို စိုက်ကြည့်လိုက်သည်။ အကယ်၍ အကြည့်နှင့်သာ သတ်နိုင်ပါက ဟို့ဖုန်းဟွမ်သည် စက္ကန့်ပိုင်းအတွင်း အကြိမ်ရေသန်းချီ သေဆုံးပြီးသွားလောက်လေပြီ။
ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်က သူမသည် သူ့ကို တမင်လှုံ့ဆော်ဖို့ လှောင်ပြောင်နေမှန်း သိလိုက်၏။ သို့သော်လည်း သူက မဟာဧကရာဇ်တစ်ပါး ဖြစ်၏။ ပြောရလျှင် ထာဝရဧကရာဇ်တစ်ပါး ဖြစ်ပြီး ထာဝရသဘောတရား ခြုံငုံထားသည့် သက်ရှိတစ်ပါး ဖြစ်သည်။
ထို့ကြောင့် သက်တမ်းတိုတောင်းသည့် သေမျိုးပုရွက်ဆိတ် တစ်ကောင်ကို မည်သို့သည်းခံနိုင်မည်နည်း။
သူက အသက်ပြင်းပြင်းရှူလိုက်သည်။ မည်သို့ပင် သူက ခံစားရစေကာမူ တည်တည်ငြိမ်ငြိမ် နေဖို့သာ ရွေးချယ်ခဲ့၏။ သူ့အတိတ်က ကျရှုံးမှုများက အရာအားလုံးကို ဝိရောဓိဖြစ်အောင် လုပ်နေသည်။
ဒီအမျိုးသမီးက ငါ့ဇစ်မြစ်ကို သိသွားတာလား…
ဝမ်ဝေ့နှင့် မိုမျိုးနွယ်ထဲမှ လူတချို့ကသာ သူသည် မိုရှင်းယွင်ခန္ဓာကိုယ်ကို သိမ်းပိုက်ထားကြောင်း သိကြသည်။ တခြားသူများက သံသယဝင်ကြသော်လည်း မည်သူကမှ သက်သေအခိုင်အမာ မရှိကြပေ။
သို့သော် ယခုတွင် ဟို့ဖုန်းဟွမ်က သိနေလိမ့်မည်ဟု သံသယရှိလာမိ၏။
ရှေးဟောင်းမျိုးနွယ်က သွေးမျိုးဆက်အမှတ်အသားတွေကို ပြန်လည်အသက်ရှင်တဲ့ နည်းလမ်းအဖြစ် အသုံးပြုတဲ့အကြောင်း အများကြီး သိထားတယ်။ သူမက ငါ့ကို ရုတ်တရက် ပစ်မှတ်ထားတယ်ဆိုတော့ သူမက သိလို့ ရောက်လာတာ ဖြစ်နိုင်ချေရှိတယ်။
ဒါပေမဲ့ ဘာကြောင့်လဲ…
သူ့စိတ်ထဲ လျင်မြန်စွာ တွက်ချက်ကြည့်နေသည်။
ရှေးဟောင်းမျိုးနွယ်ထဲမှာ အသက်ပြန်ရှင်လာတဲ့ ဧကရာဇ်တွေကို ပစ်မှတ်ထားတဲ့ လျှို့ဝှက်နည်းစနစ်တွေ တစ်ခုရှိတယ်လို့ ကြားဖူးတယ်။ သူတို့က အဲဒီနည်းစနစ်ကို သွေးမျိုးဆက်အမှတ်အသားကနေ တစ်ဆင့် အသက်ပြန်ရှင်လာတဲ့ ဧကရာဇ်တွေရဲ့ ပြဿနာကို ဖြေရှင်းဖို့ ဖန်တီးခဲ့ကြတာ။ သူမက ဒီနည်းလမ်းနဲ့ ငါ့ကို သတ်ချင်နေတာလား။ မဟုတ်သေးဘူး။ ငါ့ရဲ့ စွမ်းအားကို ခိုးယူချင်နေတာလား…
နောက်ဆုံးတွင် သူမ၏ ရည်ရွယ်ချက်ကို သိရှိသွားလေပြီ။ ကောင်းကင်ဝါးမျိုခြင်းဧကရာဇ်က သူမသည် အလျင်လိုနေပြီး သူ့ဆီ တိုက်ရိုက်ပြေးဝင်လာသည့် အကြောင်းကို မှန်းဆမိသွားသည်။
သူမက ဝမ်ဝေ့နှင့် တိထျန်းတို့ဆီမှ နဝမအဆုံးစွန်အုတ်မြစ် ရှိတာကို သိသွားပြီးတော့ ငါ့ကို သူတို့နဲ့ ရင်ဆိုင်မဲ့ နည်းလမ်းအဖြစ် သုံးချင်နေတာပဲ…
သူက ထိုအကြောင်းများကို ရှာဖွေတွေ့ရှိပြီးသည့်နောက်တွင် နှာခေါင်းရှုံ့လိုက်၏။ ယခု တစ်ဖက်လူ၏ ရည်ရွယ်ချက်ကို သိသွားပြီဖြစ်ကာ အခြေအနေကို ထိန်းချုပ်ပြီး အခွင့်ကောင်းယူဖို့သာ ကျန်တော့သည်။
“နင်က အန္တရာယ်များတဲ့ ကစားပွဲ ကစားချင်နေတာပဲ”
သူ့တုံ့ပြန်မှုက ငါ ထင်ထားသလိုလည်း မဟုတ်ဘူး။ သူ တစ်ခုခုရှာတွေ့သွားတာလား…
ဟို့ဖုန်းဟွမ်က တွေးလိုက်မိသည်။