ဟို့ဖုန်းဟွမ်နှင့် ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်တို့ ပြိုင်ဆိုင်ခြင်း အပိုင်း(၂)
Vol. 57 Ch. 788
ဟို့ဖုန်းဟွမ်က အခြေအနေ ပြင်းထန်လာမှုကို သိလိုက်သည်။ အကယ်၍ ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်ကသာ သူမ၏ ရည်ရွယ်ချက်ကို တွေ့ရှိသွားပါက သူမ၏ တာဝန်သည် အဆရာချီ ပိုမိုခက်ခဲလာမည် ဖြစ်၏။
ငါ သတိလက်လွတ် ဖြစ်သွားတယ်။ ထာဝရဧကရာဇ်ကို မပြောနဲ့။ မဟာဧကရာဇ်တွေကို လျှော့မတွက်သင့်ဘူး…
အဆင့် (၁၀) ရောက်ရှိထားတဲ့ သက်ရှိတိုင်းကို လျှော့မတွက်သင့်ပေ။ သူတို့၏ ရှည်ကြာလှသည့် သက်တမ်း၊ စစ်ဆေးမှုနှင့် အမှားအယွင်းများ၊ အချိန်နှင့် အတွေ့အကြုံများမှတဆင့် ရင့်ကျက်နေပြီ ဖြစ်သည်။
ဟို့ဖုန်းဟွမ်က အချိန်ခဏမျှယူကာ တည်ငြိမ်အောင် ထိန်းလိုက်ရသည်။
ကိစ္စတွေက အဆိုးဆုံးအခြေအနေအထိတော့ မရောက်သေးပါဘူး။ အရာအားလုံးအတွက် ဖြေရှင်းနည်းက သူ့ကို တိုက်ပွဲအတွင်းမှာ အနိုင်ပိုင်းနိုင်မလားဆိုတာပဲ…
သူမက သုံးသပ်လိုက်သည်။ သူမက အချိန်ထပ်မဖြုန်းတော့ဘဲ ပြင်းထန်သည့် ခွန်အားနှင့်အတူ ထိုလက်သီးဖြင့် ထိုးချလိုက်သည်။
ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်က လှောင်ပြောင်သည့် အပြုံးမျိုးဖြင့် တိုက်ကွက်ကို ရှောင်ရှားလိုက်၏။ သို့သော်လည်း ဟို့ဖုန်းဟွမ်က ဂရုမစိုက်ပေ။ သူမ ရည်ရွယ်သည့် ပစ်မှတ်က သူသာလျှင်မကဘဲ သူ့နောက်မှ တပ်ဖွဲ့ကို ဖြစ်၏။
ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်က တစ်စုံတစ်ခုဖြစ်ပျက်သွားသည်ကို ခံစားမိသည့်အခါ အမူအရာ ပျက်ယွင်းသွားသည်။ သူက သူ့တပ်သားများသည် ထိုတိုက်ကွက်ကို မတားဆီးနိုင်ကြောင်း သိလိုက်၏။ ထို့ကြောင့် သူက ဝါးမျိုခြင်းစွမ်းအား တစ်ခုကို ဖန်တီးပြီး တိုက်ကွက်နောက်ကွယ်မှ ခွန်အားကို စုပ်ယူရန် ဝင်ရောက်စွက်ဖက်လိုက်ရသည်။
သို့သော်လည်း ဟို့ဖုန်းဟွမ်က လက်သီးချက်များ တစ်ချက်ပြီးတစ်ချက် ထိုးခွင်းနေပြီး ထိုအားနည်းလှသည့် တပ်သားများကို ပစ်မှတ်ထားနေသည်။ အဆုံးသတ်တွင် ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်က သူတို့ကို သိုလှောင်လက်စွပ်အတွင်း ထည့်သိမ်းလိုက်ရ၏။
ထို့နောက် သူက ကောင်းကင်ကို ရုတ်တရက်မော့ကြည့်ကာ ဟို့ဖုန်းဟွမ်၏ တပ်ဖွဲ့ ဖန်တီးထားသည့် အကာအရံအတွင်း ရောက်ရှိနေသည်ကို မြင်လိုက်ရသည်။
အရင်တိုက်ကွက်က အာရုံလွှဲတာလား…
ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်က ဂရုမစိုက်သည့်အလား တိတ်တဆိတ် ခေါင်းခါလိုက်သည်။ ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်အနေနှင့် သူမက သူ့ဝိညာဉ်ကို သန့်စင်ချင်သလောက် သူကလည်း သူမ၏ သွေးမျိုးဆက်ကို ဝါးမျိုလိုသည်။ ထို့ကြောင့် သူ့အနေဖြင့် တိုက်ခိုက်ဖို့ရည်ရွယ်ချက်မရှိယောင်ဆောင်နေသည့် တစ်ခုတည်းသော အကြောင်းအရင်းက သူမကို သတိလက်လွတ်ဖြစ်စေပြီး မျှားခေါ်နိုင်ဖို့အတွက် ဖြစ်သည်။
ကြည့်ရတာ ငါ သူမကို လျှော့တွက်ခဲ့တာပဲ…
သူက သုံးသပ်လိုက်သည်။ ဤသို့သောအခြေအနေမျိုးတွင် တည်ငြိမ်နေပြီး အကောင်းဆုံး ရွေးချယ်မှုလုပ်ဆောင်ဖို့ မလွယ်လှပေ။
ယင်ယန် စည်းပိတ်ခြင်းလက်သီးချက်
ဟို့ဖုန်းဟွမ်က လက်သီးဖြင့် ထိုးချလိုက်ပြီး တစ်ဖက်လူဆီ ယင်ယန်ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။
ထိုစဉ် အနက်ရောင်တွင်းနက်ကြီးတစ်ခုက ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်ရှေ့ ပေါ်ထွက်လာပြီး သူက ထိုတိုက်ကွက်ကို ဝါးမျိုလိုက်၏။
ထိုတိုက်ကွက်၏ ရည်ရွယ်ချက်က ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်၏ ဝါးမျိုခြင်းစွမ်းအားကို စည်းပိတ်ဖို့ ဖြစ်သည်။ ကံဆိုးစွာဖြင့် တွင်းနက်ကြီးသည် စည်းတံဆိပ်များကို ဝါးမျိုနိုင်စွမ်းရှိသည့်အတွက် သူမ၏ တိုက်ကွက်အား အသုံးမဝင်ဖြစ်သွားစေသည်။
ဟို့ဖုန်းဟွမ်က လက်မလျှော့ဘဲ ထပ်မံတိုက်ခိုက်လိုက်ပြီး ယင်ယန်စွမ်းအားကို အသုံးပြုထားဆဲ ဖြစ်၏။ သို့သော်လည်း တိုက်ကွက်၏ သက်ရောက်မှုက ဤတစ်ကြိမ်ယင်ယန်ပြောင်းပြန်ဖြစ်ပြီး ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်အား သူ ဝါးမျိုထားသည့် အရာအားလုံးကို ပြန်အန်ထွက်လာဖို့ ဖိအားပေးခဲ့သည်။
ကံဆိုးစွာဖြင့် ကောင်းကင်ဝါးမျိုခြင်းဧကရာဇ်က လူတချို့သာ သူတို့ဘဝတစ်လျှောက် ရောက်ရှိနိုင်သည့် ဝါးမျိုခြင်းတာအိုအနေအထားတစ်ခုသို့ ရောက်ရှိနေပြီ ဖြစ်သည်။ ထို့ကြောင့် သူဝါးမျိုထားသည့် အရာကို ပြန်အန်ထုတ်ဖို့ ဖိအားပေးနိုင်ခဲ့လျှင် အရှက်ကွဲမှု ဖြစ်လာလိမ့်မည်။
ဟို့ဖုန်းဟွမ်က သူမ၏ ကျားဖြူဓားကို ဆင့်ခေါ်လိုက်ပြီး သူမ၏ ကြောက်မက်ဖွယ် ဓားဆန္ဒကို ထုတ်ဖော်လိုက်သည်။ သူမက သွေးနီရောင် လခြမ်းကွေးသဏ္ဌာန် ဓားချက်ကို ထုတ်လွှတ်လိုက်သည်။
ဝုန်း
ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်၏ တွင်းနက်ကြီးက အက်ကွဲသွား၏။ တိုက်ကွက်၏ ရည်ရွယ်ချက်က ထိုတွင်းနက်ကြီးနှင့် ဝါးမျိုခြင်းကို သတ်ဖြတ်ပစ်ဖို့ ဖြစ်သည်။ ဟိုဖုန်းဟွမ်က သတ်ဖြတ်ရေးတာအိုကို အယူအဆသဘောတရား အမျိုးမျိုး သတ်ဖြတ်ဖို့အထိ ကျင့်ကြံထားသည့်အတွက် သူမ၏ တိုက်ကွက်က အောင်မြင်ခဲ့လေသည်။
အနည်းဆုံးတော့ ထိုသို့ထင်ရဟန်ပေါ်၏။
တွင်းနက်ကြီးက အပြီးတိုင် မပျက်သုဉ်းသွားခင် ဧရာမပါးစပ်ကြီးတစ်ခု ထွက်ပေါ်လာပြီး ထိုဓားချက်နှင့်အတူ အကုန်ဝါးမျိုသွားသည်။
ဟို့ဖုန်းဟွမ်က သူမ၏ အားအကောင်းဆုံး တိုက်ကွက်နှစ်ခုသည် အသုံးမဝင်ကြောင်း သိလိုက်ရ၍ အနည်းငယ် ပျာယာခတ်သွားမိ၏။ သို့သော်လည်း ထိုအဆိုးမြင် စိတ်ခံစားချက်က ခေတ္တမျှသာ ကြာမြင့်ခဲ့သည်။ သူမက အာရုံပြန်စိုက်နိုင်ခဲ့၏။ တိုက်ပွဲက စတင်ခါစဖြစ်ကာ အနိုင်ရရှိသူကို မဆုံးဖြတ်ရသေးပေ။
သူမက ဓားကို ကိုင်ဆွဲကာ ရေနှင့်မီး အမွှာနဂါးကို ဖန်တီးလိုက်သည်။ ထိုဧရာမသက်ရှိနှစ်ကောင်က တစ်ကောင်နှင့် တစ်ကောင် ရစ်ပတ်ပြီး ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်ဆီ ပြေးဝင်လာသည်။
သူတို့ကလည်း ဝါးမျိုခံလိုက်ရပြီး တူညီသည့် ကံကြမ္မာကို တွေ့ကြုံခံစားသွားရသည်။
ဟို့ဖုန်းဟွမ်က မျက်မှောင်ကြုတ်ပြီးသည့်နောက်တွင် တစ်စုံတစ်ခု ဖြစ်ပျက်ဖို့ စောင့်ဆိုင်းနေလေ၏။ သူမ၏ မူလရည်ရွယ်ချက်က တစ်ဖက်လူသည် သူ ဝါးမျိုထားသမျှ အရာများကို သိုလှောင်ထားသည့် အံ့ဖွယ်အသိစိတ်၊ အသိစိတ်ပင်လယ်၊ ဆင့်ကဲအစာအိမ် သို့မဟုတ် သီးသန့်နေရာလွတ်တစ်ခုဆီ ရောက်ရှိစေဖို့ ဖြစ်သည်။
ထို့နောက် သူမက အထဲမှ ပေါက်ကွဲစေလိုက်မည်။
နှမြောစရာကောင်းလှသည်က သူမ၏ တိုက်ကွက်သည် ချက်ချင်းဆိုသလို အစာချေဖျက်ခံလိုက်ရပြီး တစ်ဖက်လူ၏ အင်အားဖြစ်လာကြောင်း ခံစားမိလိုက်၏။
“ဒါပဲလား။ မင်းဆီမှာ ရှိတာ ဒါအကုန်ပဲလား” ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်က နှာခေါင်းရှုံ့ကာ မေးလိုက်သည်။
ဟို့ဖုန်းဟွမ်က တည်ငြိမ်နေပြီး ထိုလူ၏ စကားများကြောင့် သက်ရောက်မှုခံရဟန်မပေါ်ပေ။ ယခင်တိုက်ကွက်က အလုပ် မဖြစ်ခဲ့သောကြောင့် နောက်ထပ် တစ်ခုပြောင်းလဲလိုက်သည်။
ကောင်းကင်ကပ်ဘေး
ဇာမဏီမီးတောက် ဥက္ကာပျံများက နေရာအနှံ့မှ ကျဆင်းလာသည်။ ထိုအရာက ဂလက်ဆီတချို့ကိုပင် ပြည့်နှက်သွားလောက်အောင် များပြားလွန်းလှ၏။
သို့သော်လည်း ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်ကမူ တည်ငြိမ်နေဆဲ ဖြစ်သည်။ သူ့ရှေ့ရှိ တွင်းနက်ကြီးက ဘတ်စကတ်ဘောအရွယ်မှ ဘောလုံးကွင်းအရွယ်လောက် ကြီးမားလာသည်။ ထို့နောက် ထိုအရာက ထိုမီးတောက်များကို အလွယ်တကူ အလျင်အမြန် ဝါးမျိုသွားလေ၏။
သို့သော်လည်း ကောင်းကင်ဝါးမျိုခြင်းဧကရာဇ်က မကြာခင်မျက်မှောင်ကြုတ်လိုက်ပြီး ထိုတိုက်ကွက်ကို မချေဖျက်နိုင်ကြောင်း သိလိုက်ရသည်။ ထိုစဉ် အားကောင်းသည့် စိတ်ဆန္ဒတစ်ခုက ထိုတိုက်ကွက်ကို သူ့ကိုယ်ပိုင်စွမ်းအားအဖြစ် အသုံးပြုခြင်းမှ တားဆီးနေသည်။
ဇာမဏီမသေမျိုးဆန္ဒလား…
သူက မျက်မှောင်ကြုတ်ကာ တွေးလိုက်မိ၏။
ကြည့်ရတာ ငါ ပိုပြီးတော့ လှုပ်ရှားရမဲ့ပုံပဲ…
ဟို့ဖုန်းဟွမ်က သူမ၏ နည်းလမ်း အလုပ်ဖြစ်သွားကြောင်း သိလိုက်ရသော်လည်း မပျော်ရွှင်ပေ။ ထိုနည်းစနစ်က တစ်ဖက်လူအား သူမ၏ စွမ်းရည်ဖြင့် သူမအပေါ် အသုံးပြုပြီး ပြန်လည်မဆန့်ကျင်နိုင်အောင် တားဆီးနိုင်ရုံမျှ ဖြစ်သည်။ ထိုအရာက ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်ကို အထဲဘက်မှ တိုက်ခိုက်ခွင့်မပြုထားပေ။
သူမ၏ စိတ်ထဲ နောက်ထပ် နည်းဗျူဟာတစ်ခုကို အလျင်အမြန် စဉ်းစားနေ၏။ နာနိုစက္ကန့်ပိုင်းလေးအတွင်း သူမက နောက်ထပ် တိုက်ပွဲအစီအစဉ်တစ်ခု ထွက်ပေါ်လာသည်။
အကြွင်းမဲ့အရှိန်
သူမက ယင်ယန်တာအိုကို အသုံးပြုကာ သူတို့နှစ်ဦးကြားမှ အလှမ်းဝေးသည့် အကွာအဝေးကို အနီးကပ်အဖြစ် ပြောင်းလဲလိုက်ပြီး ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်ရှေ့ မဖော်ပြနိုင်လောက်သည့် အလျင်မျိုးဖြင့် ရောက်ရှိသွားလေ၏။ ထို့အပြင် သူမက မီးတောက်တာအိုကို အသုံးပြုကာ သူတို့နှစ်ယောက်ကြားရှိ အကွာအဝေးကို လောင်ကျွမ်းပစ်ခဲ့သည်။
ထိုနည်းစနစ်နှစ်ခုက တစ်ခုနှင့်တစ်ခု အထောက်အပံ့ဖြစ်နေသည့်အတွက် သူမ၏ အရှိန်က သူမ၏ အင်အားထက်ပင် ကျော်လွန်သွားလေသည်။
ဟို့ဖုန်းဟွမ်၏ ရည်ရွယ်ချက်က ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်၏ ဝါးမျိုခြင်းစွမ်းအားနှင့် တုံ့ပြန်နိုင်ချိန်ကို ကျော်လွန်ဖို့ ဖြစ်သည်။ တခြားနည်းဖြင့်ပြောရလျှင် သူမက အောင်မြင်ခဲ့၏။ ကောင်းကင်ဝါးမျိုခြင်းဧကရာဇ်က ထိုလူ၏ တိုက်ကွက်ကို မတုံ့ပြန်နိုင်ခဲ့ပေ။
နှမြောစရာကောင်းလှသည်က သူက တုံ့ပြန်ဖို့ မလိုအပ်ခဲ့ပေ။ ဧကရာဇ်တစ်ပိုင်းအဆင့်အနေဖြင့် သူ့ သူတော်စင်ပိုင်နက်က အလိုလိုအသက်ဝင်လာလိမ့်မည်။ ထို့ကြောင့် လက်သီးချက်က သူ့မျက်နှာကို ထိတွေ့လိုက်သည်နှင့် ဝါးမျိုခြင်းစွမ်းအားက ချက်ချင်းဆိုသလို ထွက်ပေါ်လာကာ စွမ်းအားကို ချက်ချင်း ဝါးမျိုသွား၏။
သို့သော်လည်း ဧကရာဇ်ကို အံ့အားသင့်သွားစေသည်ကား ဟို့ဖုန်းဟွမ်သည် ထိုရလဒ်နှင့် ပတ်သက်ပြီး အံ့အားသင့်ခြင်း မရှိပေ။ သူမ၏ အကြည့်အရ သူမသည် ထိုရလဒ်ကို မျှော်လင့်ထားပြီးသားဖြစ်ကြောင်း မြင်တွေ့နိုင်လေသည်။ ထို့နောက် သူ့အလိုလိုသိစိတ်က အန္တရာယ်သတိပေးချက်တစ်ခု ထွက်ပေါ်လာ၏။
သို့သော် နောက်ကျလွန်းသွားခဲ့လေပြီ။
ဟို့ဖုန်းဟွမ်က ဓားကို ဝှေ့ယမ်းလိုက်၏။ ထိုတိုက်ကွက်က ဓာတ်၊ စည်းမျဉ်းစွမ်းအား သို့မဟုတ် ရှုပ်ထွေးသည့်အရာ တစ်ခုမှ မပါဝင်ဘဲ သန့်စင်ကာ အကြမ်းဆန်သည့် ခွန်အားသာ ပါဝင်သည်။
ပွင့်ချပ် ၈လွှာပဲ…
ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်က တွေးလိုက်မိသည်။
ဘန်း
ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်က အလင်းနှစ်ရာချီ လွင့်စင်သွား၏။ ဟို့ဖုန်းဟွမ်၏ တိုက်ကွက်က စစ်မှန်ကာ အကြမ်းဆန်သည့် ခွန်အား ပါဝင်နေသည်။ ထိုဓားချက်၏ နောက်ကွယ်မှ ခွန်အားသည် ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်၏ ဝါးမျိုရေးတာအိုနှင့် သူ့ပိုင်နက်ကို သုတ်သင်ပစ်ခဲ့သည်။
အဝေးတစ်နေရာ၌ ပြန်လည်ထွက်ပေါ်လာသည့် ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်သည် သူ့မျက်နှာမှ သွေးကို အသာအယာ သုတ်လိုက်၏။ ထိုဒဏ်ရာက စက္ကန့်ပိုင်းလေးအတွင်း ချက်ချင်းဆိုသလို ပြန်ကောင်းသွားသော်လည်း သူက နာကျင်မှုကို ခံစားရဆဲ ဖြစ်သည်။
ငါ့စိတ်အခြေအနေက မှားယွင်းနေတုန်းပဲ…
သူက သုံးသပ်လိုက်သည်။ သူက သူမကို လျှော့မတွက်သင့်ကြောင်း ကိုယ့်ကိုယ်ကို သတိပေးနေခဲ့သော်လည်း တူညီသည့် အမှားမျိုးကို ကျူးလွန်ခဲ့ဆဲ ဖြစ်သည်။ ထိုပြဿနာ၏ အဓိကအရင်းအမြစ်က ထာဝရဧကရာဇ်တစ်ပါး တစ်ယောက်အနေနှင့် သူ့မှာ စိတ်ကြီးဝင် မောက်မာမှု ဖြစ်သည်။
သူ အလေးအနက် ထားသည့်သူများက တိထျန်းနှင့် ဝမ်ဝေ့သာ ဖြစ်၏။ သူက တိထျန်းကို အလေးအနက်ထားသည်မှာ ထိုသူ၏ အင်အားကြောင့် ဖြစ်ပြီး ဝမ်ဝေ့ကိုမူ သူ့အင်အားနှင့် အသိဉာဏ်ကြောင့် ဖြစ်ပေသည်။
ထိုသူ ယခင်က ပြသခဲ့သည့် ဉာဏ်ပညာအပေါ် မူတည်၍ ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်သည် ဝမ်ဝေ့နှင့် ရင်ဆိုင်စဉ် ဂရုမစိုက်ပါက ဆိုးဆိုးရွားရွား အဆုံးသတ်သွားနိုင်ကြောင်း သိထားသည်။ သူက ဝမ်ဝေ့သည် ပိုမိုရက်စက်ကာ ဉာဏ်များသည့် သူ့ပုံစံအဖြစ် မှတ်ယူထား၏။
သို့သော်လည်း ဤမျိုးဆက်ရှိ တခြားကောင်းကင်ရွေးချယ်ခံများနှင့် ရင်ဆိုင်ရသည့်အခါ သူက အရိုးအတွင်း ကိန်းအောင်းနေသည့် မာနမျိုးရှိနေပြီး တစ်ဖက်လူကို လျှော့တွက်ခဲ့မိသည်။
သို့သော်လည်း ဤဒဏ်ရာ ရရှိပြီးသည့်နောက်တွင် ဤမျိုးဆက်၏ ပါရမီရှင်များကလည်း အကောင်းဆုံးထဲမှ အကောင်းဆုံးဖြစ်ကြောင်း သဘောပေါက်လိုက်သည်။ အကယ်၍ သူတို့သာ ဤမျိုးဆက်အတွင်း မမွေးဖွားလာပါက တစ်ယောက်ချင်းစီသည် ခေတ်ကာလဖိနှိပ်နိုင်သည့် ကောင်းကင်ရွေးချယ်ခံ ဖြစ်လာနိုင်သည်။
မိုရှင်းယွင်၏ ပါရမီကိုသာ အသုံးပြုနိုင်စွမ်းဖြင့် ကန့်သတ်ခံထားရသည်ကို တွက်ချက်ကြည့်လိုက်လျှင် သူ့အနေဖြင့် မောက်မာဖို့ အခွင့်အရေးမရှိပေ။
ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်က ဟို့ဖုန်းဟွမ်ကို တည်တည်ငြိမ်ငြိမ်သာ ကြည့်လိုက်၏။
တကယ်လို့ သူမသာ ငါ့ခေတ်ကာလတုန်းကဆိုရင် ငါ ကောင်းကင်အလိုဆန္ဒကို အနိုင်ရခဲ့မှာမဟုတ်ဘူး…
သူက ထိုအချက်ကို သဘောပေါက်သွားသည်။ သူ့မျိုးဆက်အတွင်း သူက ပုံမှန်ဧကရာဇ်တစ်ပိုင်းအဆင့်သာ ဖြစ်ခဲ့ပြီး သေမျိုးနှင့် မသေမျိုးအတားအဆီးကိုပင် မချိုးဖောက်နိုင်ခဲ့ပေ။ သူ့အင်အားက ပွင့်ချပ် ၁လွှာနှင့် နီးကပ်သော်လည်း ထိုအတားအဆီးကို မကျော်လွှားနိုင်ခဲ့ပေ။
သူက ပါရမီလစ်ဟာနေ၍ မဟုတ်ပေ။ ထာဝရဧကရာဇ် ဖြစ်လာသည့်သူတိုင်းက ကျင့်ကြံရေးပါရမီ၊ ကံကောင်းမှုနှင့် ကံကြမ္မာနှင့် ပတ်သက်သည့်အခါ ထိပ်တန်းထဲမှ ထိပ်တန်းသာ ဖြစ်ပေသည်။
ထို့ကြောင့် အချက်များစွာက ထိုအချက်နှင့် ပတ်သက်နေသည်။ ပထမတစ်ခုက ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်သည် မှားယွင်းသောအချိန်၌ မွေးဖွားလာခဲ့သည်။ ထိုအကာအရံကို ချိုးဖောက်နိုင်သည့် ပါရမီရှိသည့်သူ မရှိသလို သူ့ကို ရရှိအောင် လှုံ့ဆော်ပေးမည့်သူလည်း မရှိပေ။
ဒုတိယအကြောင်းအရင်းကမူ သူ့အဆင့်အတန်း ဖြစ်၏။ ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်က မိုမိသားစု၏ မိစ္ဆာသားတော် ၉ယောက်ထဲမှ တစ်ယောက် ဖြစ်ခဲ့သည်။ သို့သော်လည်း သူက အားအနည်းဆုံး ဖြစ်ခဲ့ပြီး မြင့်မားသည့် နားလည်နိုင်စွမ်းကြောင့်သာ ထိုအဆင့်အတန်းကို ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။
မိစ္ဆာကျင့်ကြံသူများအနေဖြင့် သူတို့၏ ကောင်းကင်ရွေးချယ်ခံကို ပြုစုပျိုးထောင်သည့် ပုံစံက ရက်စက်လွန်းလှသည်။ သူတို့က အချင်းချင်းယှဉ်ပြိုင်ကာ သတ်ဖြတ်ဖို့ လိုအပ်၏။ နောက်ဆုံးကျန်ရှိနေသည့်သူကသာ အနိုင်ရရှိသူဖြစ်လာကာ မိသားစု၏ အထောက်အပံ့ကို ရယူနိုင်လိမ့်မည်။
ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်က အစောပိုင်းကျင့်ကြံရေးကာလများတွင် ဆိုးဆိုးရွားရွား ခံစားခဲ့ရပြီး သူ့အသက်ကို ကယ်ဖို့အတွက် ဧကရာဇ်ဉာဏ်အလင်းပွင့် ကျောင်းတော်ကိုပင် သွားရောက်ခဲ့ရသည်။
သူ အားကောင်းပြီး မိုမိသားစုအတွက် အဖိုးတန်လာသည့်အခါ သူတို့က သူ့အကျင့်စရိုက်ကို မယုံကြည်ကြပေ။ ထို့ကြောင့် သူက အဖိုးတန်းသည့် သတင်းအချက်အလက် များများစားစား မရယူနိုင်ခဲ့သောကြောင့် ထိုအတားအဆီးကို ချိုးဖောက်ဖို့ အခွင့်အရေး လျော့ကျခဲ့ရ၏။
နောက်ဆုံးတွင် သူက ကံကြမ္မာ လိုအပ်နေခဲ့သည်။ သူ့မျိုးဆက်က ထာဝရကြမ္မာ ပြည့်နှက်နေပြီး အများစုက သူ့ဆီ ကျရောက်လာသည်မှာ ကောင်းကင်တာအိုက အနောက်ပိုင်းကုန်းမြေရှိ မိစ္ဆာကျင့်ကြံသူများနှင့် ပတ်သက်ပြီး ဖြေရှင်းပေးလို၍ ဖြစ်သည်။
ကံဆိုးစွာဖြင့် သူ အရွယ်ရောက်လာသည့်အခါ ကောင်းကင်တာအိုက သူ့အကျင့်စရိုက်နှင့် သူ့ကံကြမ္မာကို ဖြည့်စည်းနိုင်ပါ့မလားဟု မေးခွန်းထုတ်လာသည်။ ထို့ကြောင့် ထိုအရာက ကောင်းကင်ဝါးမျိုခြင်းဧ ကရာဇ်၏ ကံကောင်းမှုနှင့် ကံကြမ္မာကို လျှော့ချပြီး ထိုအတားအဆီးကို ချိုးဖောက်ခြင်းမှ တားဆီးခဲ့သည်။