လျိုယန်
Vol. 27 Ch. 362
" ပျောက်သွားတာလား "
သွေးနတ်ဆိုးဘုရင် သူ့မျက်လုံးကိုတောင် သူမယုံနိုင် ဖြစ်နေပါတယ်။ သူက ဘာဖြစ်သွားတာလည်း ဆိုတာကိုတောင် ရေရေရာရာ မသိတဲ့ ပုံပါပဲ။
" သွားပြီ။ သည်ကောင်က တည်နေရာ ရွှေ့ပြောင်းပေးနိုင်တဲ့ ရတနာတစ်ခုကို ပိုင်ဆိုင်ထားတာပဲ "
" သေလိုက်ပါတော့ကွာ……"
ခေါ့ယွင်ကလည်း လီဖူချန်း ပျောက်ကွယ်သွားတာနဲ့ ပတ်သက်ပြီး ယူကျုံးမရ ဖြစ်နေပါတယ်။
ဆန်းကြယ်အဆင့် ရတနာတွေမှာဆိုရင် သည်လို တည်နေရာ ရွှေ့ပြောင်းပေးနိုင်တဲ့ ရတနာတွေက တန်ဖိုး အကြီးဆုံးပါပဲ။ သည်လိုရတနာ တစ်ခုက အရှေ့ယူနီကွန်း တိုက်ကြီး တစ်ခုလုံးကိုတောင် သွေးမုန်တိုင်းတွေ ထန်သွားစေနိုင်ပါတယ်။
စိတ်မကောင်းစရာ တစ်ခုကတော့ သည်လို ရတနာမျိုးကို ရခဲ့တာက သူမဟုတ်တာပါပဲ။
*******
" ဝိုး…… ငါတည်နေရာ ရွှေ့ပြောင်းနေပြီဟ "
လီဖူချန်းက ခန္ဓာကိုယ်တစ်ခုလုံး သေလောက်အောင် နာကျင် နေပေမယ့်လည်း သတိမပြတ်သေးပါဘူး။
သူက ဟင်းလင်းပြင် နယ်မြေတစ်ခုထဲကို ရောက်ရှိနေတာပါ။ သူ့ရဲ့ အောက်မှာတော့ တောတောင် ရေမြေတွေကို အတိုင်းသား မြင်နေရပါတယ်။သူ့ရဲ့ ခြေထောက်အောက်က တောတောင် ရေမြေတွေဟာ ပုံသဏ္ဍာန် အမျိုးမျိုး ပြောင်းနေပါတယ်။ ဒါက တည်နေရာ ရွှေ့ပြောင်းနေတယ် ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။
နဂိုမူလ အခြေအနေ မှာတုန်းကတော့ လီဖူချန်းဟာ တည်နေရာရွှေ့ပြောင်း ဘုတ်ပြားကို အသက်သွင်းဖို့ အတွက် အချိန်တော်တော်များများ ယူရဦးမှာပါ။ ဒါပေမဲ့လည်း ခေါ့ယွင်ရဲ့ မီးလျှံချီတွေဟာ တည်နေရာ ရွှေ့ပြောင်း ဘုတ်ပြားထဲကို ဝင်သွားခဲ့တဲ့ အတွက် ဘုတ်ပြားအထဲမှာ ရှိနေတဲ့ သတ္တုစက်လုံးဟာ အသက်ဝင်လာခဲ့ပုံပါပဲ။
သည်ဟင်းလင်းပြင် နယ်မြေထဲကို ရောက်နေတာ ဘယ်လောက်မှ မကြာသေးပေမယ့်လည်း လီဖူချန်းကတော့ ဆယ်ကမ္ဘာလောက်ကို ကြာသွားသလားလို့တောင် ထင်မှတ်နေမိပါပြီ။
နောက်ဆုံးမှာတော့ လီဖူချန်းဟာ အလင်းရောင်စဉ်တန်းလေး အဖြစ် ပြောင်းသွားပြီး မြေပြင်ပေါ်ကို ကျသွားပါတော့တယ်။
ဝေါ့……
မြေပြင်ပေါ်ကို ရောက်သွားတဲ့ လီဖူချန်းရဲ့ ပထမဦးဆုံး အလုပ်ကတော့ သွေးအန်တာပါပဲ။ ခေါ့ယွင်ရဲ့ မီးလျှံချီတွေကြောင့် သူ့ရဲ့ အတွင်းပိုင်းအင်္ဂါတွေဟာ မီးနဲ့မြိုက်ထားသလိုကို ဖြစ်နေပါပြီ။
" ခွေးအဘိုးကြီး ခေါ့ယွင် ……။ ငါ အရှေ့ယူနီကွန်းတိုက်ကို ပြန်လာမှ တွေ့မယ် "
လီဖူချန်းက သွေးအန်နေရင်းနဲ့ ခေါ့ယွင်ကို ကြိမ်းနေလိုက်ပါသေးတယ်။ သူ့အနေနဲ့ ခေါ့ယွင်ကိုတော့ ကမ္ဆာမကျေပါပဲ။
ခေါ့ယွင်ရဲ့ မီးလျှံချီတွေကြောင့်သာ သူအခုလို ခံစားနေရတာပါ။
မီးလျှံချီတွေဟာ လီဖူချန်းရဲ့ ခန္ဓာကိုယ်ထဲမှာ နဂါးတစ်ကောင် မာန်ဟုန်အပြည့် လျှောက်သွား နေပါတယ်။ သည်အတိုင်းသာ ဆက်သွားနေမယ် ဆိုရင်တော့ လီဖူချန်းဟာ အတွင်းပိုင်း အင်္ဂါ အစိတ်အပိုင်းတွေ လောင်ကျွမ်းပြီးတော့ သေတော့မှာပါ။
" မဖြစ်ဘူး…။ ငါမသေချင်သေးဘူးကွ "
လီဖူချန်းက သူ့ရဲ့ အစစ်အမှန် ငရဲမီးတောက်ချီတွေကို လှည့်ပတ်စေလိုက်ပြီး မီးလျှံချီတွေကို ဖိနှိပ်ဖို့ ကြိုးစားပါတော့တယ်။
ဒါပေမဲ့လည်း လီဖူချန်းရဲ့ အစစ်အမှန် ငရဲမီးတောက်ချီတွေဟာ မီးလျှံချီတွေကို ဖိနှိပ်နိုင်ခြင်း မရှိခဲ့ပါဘူး။
သေသေချာချာ စဉ်းစားကြည့်မယ် ဆိုရင်တော့လည်း ဒါက ယုတ္တိရှိပါတယ်။ သည်မီးလျှံချီတွေက ပြန်လည် ဝင်စားခြင်းနယ်ပယ် အထွတ်အထိပ်က ပညာရှင် တစ်ယောက်ရဲ့ ချီတွေပင် မဟုတ်ပါလား။
လီဖူချန်းရဲ့ အစစ်အမှန် ငရဲမီးတောက်ချီတွေက အဆင့်၂၁ကို ရောက်နေပြီ ဆိုပေမယ့်လည်း ပြန်လည် ဝင်စားခြင်းနယ်ပယ် အထွတ်အထိပ်က ပညာရှင်တစ်ယောက်ရဲ့ ချီတွေကိုတော့ ဖိနှိပ်နိုင်စရာ အကြောင်း မရှိပါဘူး။
" ပြောင်းလဲခြင်းကိုးပါး ခရမ်းရောင်ချီ နတ်ဘုရားအင်းကွက် အသက်ဝင်စမ်း "
လီဖူချန်းက သူ့ရဲ့ အစစ်အမှန် ငရဲမီးတောက်ချီတွေကို ပြောင်းလဲခြင်းကိုးပါး ခရမ်းရောင်ချီ နတ်ဘုရားအတွင်းအားတွေ အဖြစ် ပြောင်းလဲလိုက်ပါတယ်။ အခုလို အခြေအနေမှာတော့ ပြောင်းလဲခြင်းကိုးပါး ခရမ်းရောင်ချီတွေကသာ ခေါ့ယွင်ရဲ့ မီးလျှံချီတွေကို ဖိနှိပ်ဖို့အတွက် အသင့်တော်ဆုံးပါပဲ။
" လခွီးပဲကွာ……။ မရသေးဘူးဟ "
လီဖူချန်းက အတော်လေးကို တုန်လှုပ် ချောက်ချားနေပါပြီ။ သူက သေရမှာကို တကယ်ကြောက်တာပါ။
ဒါကလည်း သူ့အမှားတော့ မဟုတ်ပါဘူး။ ဘယ်လောက်ပဲ သတ္တိရှိတယ်ဆိုတဲ့ လူဖြစ်ဖြစ်ပါ။ တကယ်တမ်း သေရတော့မယ်ဆိုတဲ့ အခြေအနေတစ်ခုနဲ့ ကြုံရတဲ့ အခါမှာတော့ အနည်းနဲ့ အများတော့ ကြောက်ကြတာပါပဲ။
ပြန်လည် ဝင်စားခြင်းနယ်ပယ် အထွတ်အထိပ်က ပညာရှင်တစ်ယောက်ရဲ့ ချီတွေက တကယ်ကို ကြောက်စရာ ကောင်းလွန်း လှပါတယ်။ ဒါက ချီစွမ်းအင်အမျှင်လေး တစ်ခုသာ ဖြစ်ပေမယ့်လည်း လီဖူချန်းအနေနဲ့ ဘယ်လိုမှကို ဖိနှိပ်နိုင်ခြင်း မရှိသေးပါဘူး။ တကယ်လို့ လီဖူချန်းသာ ဆင်နဂါးခန္ဓာကိုယ်သွန်း လောင်းခြင်း ပညာရပ် ပဉ္စမအခန်းရဲ့ အကြိုပြီးပြည့်စုံခြင်း အဆင့်အထိ လေ့ကျင့်ထားခြင်း မရှိလို့ကတော့ အစောကြီး ကတည်းကနေ သေနေလောက်ပါပြီ။
ထို့နောက်မှာတော့ လီဖူချန်းဟာ သူ့ရဲ့ သိုလှောင်အိတ်ထဲမှာ ရှိတဲ့ ဆေးတွေအကုန်လုံးကို ထုတ်ယူ လိုက်ပါတယ်။ သူက ဆေးပညာအကြောင်းကို နကန်း တစ်လုံးမျှ နားမလည်ပါဘူး။ အဲသည်အတွက် လီဖူချန်းဟာ သူ့စိတ်ထဲမှာ ကောင်းမယ်ထင်တဲ့ အရာမှန်သမျှကို ဝါးစား ပစ်လိုက်ပါတော့တယ်။
လူမိုက်ကံကောင်းလို့ ပြောရမလားတောင် မသိတော့ပါဘူး။ နောက်ဆုံးမှာတော့ လီဖူချန်းဟာ သူ့ရဲ့ ကိုယ်တွင်းမှာ ရှိနေတဲ့ မီးလျှံချီကို ဖိနှိပ်လိုက်နိုင်ပါပြီ။ ဒါပေမဲ့လည်း အခြေအနေက ဖိနှိပ်နိုင်တယ် ဆိုရုံမျှသာ ရှိနေသေးတာပါ။ လီဖူချန်းအနေနဲ့ သည်မီးလျှံချီကို သူ့ရဲ့ ခန္ဓာကိုယ်ထဲကနေ တွန်းထုတ်နိုင်ဖို့ အတွက် အများကြီး ကြိုးစားရပါဦးမယ်။
လီဖူချန်းရဲ့ စွမ်းပင်ဗဟိုချက်မ ပင်လယ်ထဲမှာတော့ မီးလျှံချီလေး တစ်ခုဟာ မျောလွင့်နေပါတယ်။ အဲသည်မီးလျှံချီကတော့ လီဖူချန်းအတွက် ခေါ့ယွင် လက်ဆောင်ပေးလိုက်တဲ့ အရာပါပဲ။ လီဖူချန်းကတော့ ခေါ့ယွင်ရဲ့ ကျေးဇူးကို သေတာတောင် မေ့မှာ မဟုတ်တော့ပါဘူး။
လီဖူချန်းရဲ့ စွမ်းအင်ဗဟိုချက်မ ပင်လယ်ထဲမှာ မီးလျှံချီ ရောက်နေတာက အတော်လေးကို ကောင်းပါတယ်။
ဘာကောင်းတာလည်းဆိုတော့ စိတ်ညစ်ဖို့ပါပဲ။
သူ့ရဲ့ စွမ်းအင်ဗဟိုချက်မ ပင်လယ်ထဲမှာ မီးလျှံချီ ရောက်နေတဲ့အတွက် လီဖူချန်းဟာ သူ့ရဲ့ ချီအတွင်းအားကို သုံးလို့ မရတော့ပါဘူူး။
တကယ်လို့ လီဖူချန်းသာ ချီအတွင်းအားကို သုံးလိုက်တာနဲ့ ခေါ့ယွင် လက်ဆောင် ပေးလိုက်တဲ့ မီးလျှံချီဟာ ထကြွလာပြီး လီဖူချန်းရဲ့ အတွင်းအင်္ဂါတွေကို လောင်ကျွမ်း သွားစေမှာပါ။ သည်တစ်ကြိမ် အဲသည်လို ထပ်ဖြစ်လာရင်တော့ လီဖူချန်းတစ်ယောက် သေချာပေါက်ကို သေပါင်္ပြီ။
လီဖူချန်အပေါ်မှာ ရှိနေတဲ့ ခေါ့ယွင်ရဲ့ ကျေးဇူးတွေကတော့ တကယ့်ကို ဆပ်မကုန် လောက်အောင်ပါပဲ။ အဲသည်အတွက် လီဖူချန်းက အခါအခွင့်ကြုံရင် ခေါ့ယွင်ကို ကျေးဇူး ဆပ်ချင်ပါသေးတယ်။ ခေါ့ယွင်နဖူးကိုဒူးနဲ့ တိုက်ပြီးတော့ပေါ့။
သူ့ရဲ့ ခန္ဓာကိုယ်ထဲမှာရှိတဲ့ မီးလျှံချီကို ထိန်းချုပ်လိုက်နိုင်တာ သေချာပြီဆိုမှ လီဖူချန်းတစ်ယောက် သက်ပြင်း ချနိုင်ပါတော့တယ်။
သူ့ရဲ့ ခန္ဓာကိုယ်က မီးလောင်ကျွမ်းမှုကြောင့် ရစရာ မရှိတော့အောင် စုတ်ပြတ် သတ်နေပေမယ့်လည်း သေလောက်တဲ့ အထိတော့ မပြင်းထန်သေးပါဘူး။
ဒါပေမဲ့ လီဖူချန်း စိတ်မကောင်းနေတာ တစ်ခုတော့ ရှိပါတယ်။ အဲဒါကတော့ သူ့ရဲ့ မျက်နှာတစ်ခြမ်းဟာ မီးလောင်မှုကြောင့် အတော်လေး ကြောက်စရာ ကောင်းသွားခဲ့ပါပြီ။
လီဖူချန်းအနေနဲ့ သူ့ရဲ့ ဒဏ်ရာတွေကနေ ပြန်နလန် ထူနိုင်ဖို့အတွက် အချိန် တော်တော်ကြာကြာ စောင့်ရဦးမှာပါ။
သိပိမကြာခင်မှာတော့ တွေ့သမျှ ကောက်ဝါးထားတဲ့ ဆေးစွမ်းတွေက ပြလာခဲ့ပါပြီ။ လီဖူချန်း စားထားသမျှ ဆေးဝါးတွေဟာ ဘာဘေးထွက် ဆိုးကျိုးမှ မဖြစ်စေဘဲ သူ့ရဲ့ ဒဏ်ရာတွေကို ပြန်လည် သက်သာ လာစေတာကတော့ တကယ့်ကို အံ့သြစရာပါပဲ။
" ငါ့ရဲ့ အတွင်းအားတွေကို သုံးမရတာ နာတာပဲ။ မဟုတ်ရင် ငါ့ရဲ့ ပြန်လည် သက်သာလာတဲ့ နှုန်းက သည်ထက်တောင် မြန်နေဦးမှာ "
လီဖူချန်းက ခပ်တိုးတိုး ရေရွတ်လိုက်ပါတယ်။
သည်နှုန်းအတိုင်းဆိုရင်တော့ သူ့ရဲ့ ဒဏ်ရာတွေ အကောင်းပကတိ ဖြစ်လာစေဖို့အတွက် တစ်လမက ကြာနေဦးမှာပါ။
ထို့နောက်မှာတော့ လီဖူချန်းဟာ ထိုင်နေရာကနေ ထလိုက်ပြီး ပတ်ဝန်းကျင် အခြေအနေကို လေ့လာပါတော့တယ်။
" အိုး……သည်နေရာမှာ ရှိနေတဲ့ ကောင်းကင်နဲ့ မြေကြီးရဲ့ စွမ်းအင်တွေက သိပ်သည်း လှချည်လား……"
လီဖူချန်းက အတွင်းအားတွေကို လည်ပတ်လို့ မရပေမယ့်လည်း ကောင်းကင်နဲ့ မြေကြီးရဲ့ ချီစွမ်းအင်တွေကို အာရုံခံနေနိုင်ဆဲပါပဲ။
အရှေ့ယူနီကွန်း တိုက်ကြီးနဲ့ ယှဉ်မယ်ဆိုရင်တော့ သည်နေရာမှာ ရှိနေတဲ့ ကောင်းကင်နဲ့ မြေကြီးရဲ့ ချီစွမ်းအင်တွေဟာ အဆပေါင်းများစွာ ပိုသိပ်သည်းပါတယ်။
အသက်တစ်ချက် ရှူလိုက်ရင်တောင်မှ ကောင်းကင်နဲ့ မြေကြီးရဲ့ ချီစွမ်းအင်တွေဟာ သူ့ရဲ့ ခန္ဓာကိုယ်ထဲကို ဝင်လာခဲ့တာပါ။ အရှေ့ယူနီကွန်း တိုက်ကြီးမှာ ဆိုရင်တော့ သည်လို ဖြစ်ဖို့အတွက် အတွင်းအား ကျင့်စဉ်တွေကို အသုံးပြုရပါတယ်။
" ဒါပေမဲ့ သည်နေရာက အားကူးပြောင်းတဲ့နေရာမှာ အားနည်းချက် တစ်ခု ရှိနေသလိုပဲ "
လီဖူချန်းရဲ့ အသိစိတ်အာရုံဟာ မယုံနိုင်စရာ ကောင်းလောက်အောင်ကို အစွမ်းထက်နေပါပြီ။ အဲသည်အတွက် သူဟာ လေတိုက်မှုကြောင့် ယိမ်းထိုးလှုပ်ရှားနေတဲ့ မြက်ပင်လေးတွေကို ကြည့်ပြီး ပတ်ဝန်းကျင် အနေအထားကို ပိုင်းခြားဆန်းစစ် နိုင်ပါတယ်။
သူ့ရဲ့ ထင်မြင်ယူဆချက် မှန်မမှန်ဆိုတာကို သိဖို့အတွက် လီဖူချန်းဟာ လေထဲကို လက်သီးတစ်လုံး ထိုးလိုက်ပါတယ်။
ဝုန်း……
သူ့ရဲ့ လက်သီးချက်က မုန်တိုင်းငယ်လေး တစ်ခုအလားပါပဲ။ ဒါပေမဲ့ သိပ်မကြာခင်မှာပဲ သူ့ရဲ့ လက်သီးအားဟာ ပြယ်ပျက် သွားခဲ့ပါပြီ။
" ငါထင်တဲ့ အတိုင်းပဲ။ သည်နေရာမှာ ရှိနေတဲ့ ကြားခံနယ်အားက အရှေ့ယူနီကွန်း တိုက်ထက် အားနည်းနေတာပါလား။ "
လီဖူချန်းက နောက်ထပ် လေ့လာ ဆန်းစစ်စရာတွေ အများကြီး ရလာခဲ့ပြန်ပါတယ်။
နောက်ထပ် ရက်အနည်းငယ် အကြာမှာတော့ လီဖူချန်းရဲ့ ဒဏ်ရာတွေဟာ အတော်လေး ကောင်းမွန် လာခဲ့ပါပြီ။
လီဖူချန်းကတော့ သူရောက်နေတဲ့ နေရာအကြောင်းကို သိဖို့အတွက် တစ်နေရာပြီး တစ်နေရာကို လေ့လာ ဆန်းစစ်နေဆဲပါပဲ။
နာရီအနည်းငယ် အကြာတော့ လီဖူချန်းဟာ သည်နေရာနဲ့ ပတ်သက်ပြီး အနည်းငယ် သိလာခဲ့ပါပြီ။
သည်နေရာမှာ ရှိနေတဲ့ မြေဆီမြေနှစ်တွေဟာ အနီရောင်ဘက်ကို သန်းနေပါတယ်။ အဲသည် အဓိပ္ပာယ်ကတော့ သည်နေရာမှာ ရှိနေတဲ့ မြေဆီမြေနှစ်တွေက အရှေ့ယူနီကွန်း တိုက်ကြီးထက် အများကြီး ပိုကောင်းနေတယ် ဆိုတာပါပဲ။
ပြီးတော့ သည်နေရာမှာရှိတဲ့ သစ်ပင်တွေ၊ ကျောက်တုံးတွေကလည်း အရှေ့ယူနီကွန်း တိုက်ကြီးမှာရှိတဲ့ သစ်ပင်တွေ၊ ကျောက်တုံးတွေ ပိုမာကျောပါတယ်။
နောက်ထပ် ရက်အနည်းငယ် အကြာမှာတော့ လီဖူချန်းရဲ့ ဒဏ်ရာတွေဟာ ၅၀ ရာခိုင်နှုန်းနီးပါး ပြန်ကောင်း လာခဲ့ပါပြီ။ သူ့ရဲ့ ပြန်လည် သက်သာလာတဲ့နှုန်းက သူထင်ထားတာထက်ပို နှစ်ဆနီးပါး ပိုမြန်နေတာပါ။
ဒါက ပတ်ဝန်းကျင် အခြေအနေကြောင့်ပဲ ဖြစ်မယ်လို့ လီဖူချန်းတစ်ယောက် ကောက်ချက် ချလိုက်ပါတယ်။
" သည်နေရာက ကျင့်ကြံဖို့အတွက် တကယ်ကောင်းတဲ့ နေရာပဲ "
လီဖူချန်းက ခပ်တိုးတိုး ရေရွတ် လိုက်မိပါတယ်။
*****
" ဟိုက်ယား…… ဟိုက်ယား……ဟိုက်ယား……"
ယနေ့မှာတော့ မြင်းစီသမား အုပ်စုတစ်စုဟာ လမ်းမကြီးတစ်လျှောက် ဒုန်းစိုင်းပြီး ခရီးနှင်နေပါတယ်။
သည်အုပ်စုမှာတော့ လူနှစ်ဆယ်ကျော် ပါဝင်ပြီး အဲသည်လူ အားလုံးဟာလည်း ကောင်းကင်နယ်ပယ် ပညာရှင်တွေပါပဲ။ သည်လူစုကို ရှေ့ဆုံးကနေ ဦးဆောင်နေတဲ့ လူနှစ်ယောက်ကတော့ ကောင်းကင်နယ်ပယ် အထွတ်အထိပ်ကို ရောက်နေပါပြီ။
သည်လူတွေက သာမန် မဟုတ်သလို သူတို့ စီးနင်းလာတဲ့ မြင်းတွေကလည်း သာမန် မဟုတ်ပါဘူး။