ရှေးဟောင်းမျိုးနွယ်၏ ကံကြမ္မာ
Vol. 57 Ch. 795
တချို့သော အင်အားစုက ဝမ်ဝေ့၏ သတင်းကို မတုံ့ပြန်ကြပေ။ ပထမအင်အားစုက နတ်ဆိုးမျိုးနွယ်အပေါ်ကိုသာ ဆက်လက် အာရုံစိုက်ဖို့ ဆုံးဖြတ်ခဲ့သည်။ သူတို့အတွက် ဝမ်ဝေ့၏ ရဲတင်းသည့် စကားများက အနာဂတ်အတွက် ဖြစ်သောကြောင့် လက်ရှိအကျိုးအမြတ်ကို မစွန့်ပစ်လိုကြပေ။ နှမြောစရာကောင်းလှသည်က မဟာမိတ်များ၏ များပြားလှသည့် အရေအတွက် မပါဘဲ ထိုသူများသည် ဓားအရှင်နှင့် နတ်ဆိုးမျိုးနွယ်၏ တားဆီးမှုကို ရင်ဆိုင်ဖို့ အင်အားမဲ့နေလေသည်။
ထိုသတင်း၏ သက်ရောက်မှု မခံရသည့် နောက်ထပ် အင်အားစုနှစ်ခုကမူ တာအိုအခွင့်အလမ်းဂိုဏ်းနှင့် တိမျိုးနွယ်တို့ ဖြစ်၏။ တာအိုအခွင့်အလမ်းဂိုဏ်းက ကြိုတင်ပြင်ဆင်ထားခဲ့သည်မှာ ကြာမြင့်လှပြီဖြစ်ပြီး ဝမ်ဝေ့က ဤအချိန်ကို အသုံးပြုကာ လူများအား ကြိုတင်ပြင်ဆင်ထားဖို့ ကမ္ဘာကြီးထံ သတင်းပါးမည် ဖြစ်ကြောင်း သိထားကြသည်။
သူတို့က ရှေးဟောင်းမျိုးနွယ်အား ဗဟုသုတများကို အသုံးပြု၍ အရင်းအမြစ်များနှင့် မဟာမိတ်များကို မစုစည်းနိုင်စေရန် စောင့်ကြည့်ဖို့ တာဝန် ရှိသည်။
ထိုစဉ် တိမျိုးနွယ်က များများစားစား မတုံ့ပြန်ပေ။ အကြောင်းမှာ သူတို့၏ ခေါင်းဆောင်က နောက်ဆုံးအနိုင်ရရှိသူ ဖြစ်လိမ့်မည်ဟု ယုံကြည်ထားကြ၏။ မည်သို့ပင်ဆိုစေကာမူ သူတို့က ဝမ်ဝေ့၏ အစီအစဉ်သည် ထူးခြားလှပြီး လက်ခံနိုင်ချေကိုပင် စဉ်းစားခဲ့ကြ၏။
အကယ်၍ ယခင်ကသာ ဖြစ်နေပါက တိမျိုးနွယ်သည် သူတို့ခေါင်းဆောင်၏ အကျင့်စရိုက်အရ အခွင့်အရေး မရှိကြောင်း သိထားလေသည်။ ကံကောင်းစွာဖြင့် ထိုသူသည် နောက်ပိုင်းတွင် ကုသိုလ်အမြောက်အများ စုဆောင်းရသည်ကို စိတ်ဝင်စားလာဟန်ပေါ်သည့်အတွက် ဖျောင်းဖျလို့ ရနိုင်သည်။
ထိုသုံးသပ်ချက်အောက်တွင် သူတို့က အနာဂတ်အတွက် စတင်ပြင်ဆင်ကြ၏။
…………………………
လပေါ်၊ ရှေးဟောင်းမျိုးနွယ်၊ ဟို့မျိုးနွယ်
“ဒါက နည်းလမ်းမှန်ဆိုတာ သေချာရဲ့လား။” ဟို့ဖုန်းဟွမ်၏ အဖေဖြစ်သူက မေးလိုက်သည်။
“ဟုတ်တယ်။ ဒီနှစ်ယောက်ထဲက တစ်ယောက်ကတော့ ထာဝရဧကရာဇ် ဖြစ်လာမှာပဲ။ ထာဝရအထွတ်အထိပ်တောင် ဖြစ်လာနိုင်တယ်။ တကယ်လို့ သမီးတို့မျိုးနွယ်က ဒီခေတ်သစ်မှာ အသက်ရှင်ချင်တယ်။ ဒါမှမဟုတ် အခွင့်ကောင်းလိုချင်တယ်ဆိုရင် သူတို့ကို ယှဉ်ပြိုင်နိုင်မဲ့ စွမ်းအား ရှိရမယ်။ အနည်းဆုံးတော့ အဟန့်အတား ရှိအောင်ပေါ့။ ပြီးတော့ အောင်းရှန်က အောင်မြင်နိုင်ချေ နည်းတယ်ဆိုပေမဲ့ သူသာ အောင်မြင်ခဲ့တယ်ဆိုရင် သမီးအပေါ် အငြိုးထားပြီးတော့ တိုက်ခိုက်လာမှာပဲ”
သူမအဖေက ပြောလိုက်သည်။
“ကြယ် ၆လုံး ယွမ်ထီ ဖြစ်လာတာက အကျိုးအမြတ်အများကြီးရှိတယ်။ အဖွဲ့အစည်းအတွင်းက လူတွေကိုလည်း ဖိနှိပ်ထားနိုင်တယ်။ ပြီးတော့ ထာဝရဧကရာဇ်စွမ်းအား ရှိထားတဲ့ ဓားအရှင် ပေါ်ထွက်လာမှုလည်း ရှိနေသေးတယ်”
သူက သက်ပြင်းချကာ ထပ်ပြောလိုက်သည်။
“ဒါပေမဲ့ မင်းကို ထာဝရဧကရာဇ် ဖြစ်လာစေချင်တာ”
ရှေးဟောင်းမျိုးနွယ်က သွေးမျိုးဆက်ကို အားထားကြသော်လည်း အံ့ဖွယ်တာအိုမျိုးနွယ်လိုမျိုး သွေးမျိုးဆက်အပေါ် အပြည့်အဝ မှီခိုထားခြင်း မဟုတ်ပေ။
ရှေးဟောင်းမျိုးနွယ်၏ လူတိုင်းက သွေးမျိုးဆက်သည် အရန်အကူအညီသာ ဖြစ်ကြောင်း သင်ထားပေးခံရပြီး သူတို့သည် သူတို့ကိုယ်သူတို့ မှီခိုကာ အနာဂတ်လမ်းစဉ် သို့မဟုတ် တာအိုကို ထုဆစ်ကြရမည်။
ထို့အပြင် ဧကရာဇ်လမ်းစဉ်သည် အထွတ်အထိပ်ဖြစ်သည့်အတွက် ဟို့ဖုန်းဟွမ်၏ ဖခင်သည် သူ့သမီးအား ထာဝရဧကရာဇ် ဖြစ်လာစေလိုသည်။
ဟို့ဖုန်းဟွမ်က သက်ပြင်းချလိုက်ပြီး
“သမီးတို့မှာ ရွေးချယ်စရာ မရှိဘူး။ နောင်အနာဂတ်မှာ နည်းလမ်းကောင်း ရှာတွေ့နိုင်ပေမဲ့ အခုကတော့ ဒီဟာက အကောင်းဆုံးရွေးချယ်မှုပဲ”
“မင်း ဘာမှစိုးရိမ်နေစရာ မလိုဘူး” လေဟာနယ်ထဲမှ ရုတ်တရက် အသံတစ်သံ ထွက်ပေါ်လာ၏။
ဟို့ဖုန်းဟွမ်က သတိကြီးကြီးထားရင်း မော့ကြည့်လိုက်သည်။ ထို့နောက် သူမက နဖူးအထက် အပြာရောင်မီးတောက် အမှတ်အသားရှိသည့် အသက်ကြီးကြီး အမျိုးသမီးတစ်ဦးကို မြင်လိုက်ရသည်။
“ဘိုးဘေး”
သူမက အရိုအသေ ပြုလိုက်၏။
“တကယ်လို့ မင်းသာ ကြယ်၆လုံး ယွမ်ထီဖြစ်လာတာနဲ့ အရာအားလုံး အဆင်ပြေသွားလိမ့်မယ်။ နောင်အနာဂတ်ကျရင် မင်းမှာ အခွင့်အရေး ရလာမှာပါ” အသက်ကြီးကြီး အမျိုးသမီးက ပြောလိုက်သည်။
“အဲဒါက ဘာကို ပြောချင်တာပါလဲ”
“အရင်စစ်ပွဲအလယ်တုန်းက ပင်ကိုနတ်ဆိုး နတ်ဘုရားတွေက ဧကရာဇ်လမ်းစဉ်ရဲ့ သာလွန်မှုကို ရှာဖွေတွေ့ရှိခဲ့ပြီးတော့ လမ်းစဉ် ပြောင်းဖို့ နည်းလမ်းတွေ ဖန်တီးခဲ့ကြတယ်။ ဒါပေမဲ့ စည်းမျဉ်းတွေနဲ့ ကန့်သတ်ချက်တွေတော့ ရှိတယ်”
အသက်ကြီးကြီး အမျိုးသမီးက ပြန်တွေးတောလိုက်သည့်အလား ရပ်တန့်သွားသည်။
“ကြယ်၅လုံး ယွမ်ထီက ပထမတန်းစား ဧကရာဇ်ဖြစ်လာနိုင်ပြီးတော့ ကြယ်၄လုံးက ဒုတိယတန်းစား အစရှိသဖြင့်ပဲ။ ဒါပေမဲ့ ကြယ်၁လုံးနဲ့ ကြယ်၂လုံး ယွမ်ထီတွေကတော့ တာအိုဖြတ်တောက်ခြင်းလိုမျိုး တူညီတဲ့ နည်းလမ်းကို မသုံးသရွေ့တော့ ဧကရာဇ် ဖြစ်မလာနိုင်ဘူး”
ဟို့ဖုန်းဟွမ်က ထိုအတားအဆီးများကို နားလည်လေသည်။ ကြယ်၁လုံးနှင့် ကြယ်၂လုံး ယွမ်ထီများက ထာဝရအရှင်နှင့် တာအိုဘိုးဘေးစွမ်းအား ရှိကြသည့်အတွက် အကန့်သတ်ခံရသည်မှာ အဓိပ္ပာယ်ရှိလေသည်။
“အဲဒါဆို ကျွန်မသာ ကြယ်၆လုံး ယွမ်ထီဖြစ်လာတာနဲ့ ကောင်းကင်အလိုဆန္ဒကို ရယူပြီးရင် ထာဝရဧကရာဇ်အဖြစ် ပြောင်းလဲနိုင်မယ်လို့ ပြောတာလား”
“မဟုတ်ဘူး။ မင်းက ထာဝရဧကရာဇ်ဖြစ်လာဖို့ အခွင့်အရေး ရလာမှာ။ ငါ သိထားသလောက်တော့ လူတချို့က ဒီနည်းလမ်းကို ကျရှုံးသွားပြီးတော့ အတုအယောင် ထာဝရဧကရာဇ် ဖြစ်လာကြတယ်” ထိုအမျိုးသမီးက ခေါင်းခါကာ ပြောလိုက်၏။
“မျှော်လင့်ချက် ရှိနေသရွေ့တော့ ကိစ္စမရှိပါဘူး။ တစ်ခုတည်းသော ပြဿနာက ကောင်းကင်အလိုဆန္ဒကို ဘယ်လိုရယူရမလဲဆိုတာပဲ။ ကျွန်မ တက်လှမ်းဖို့ လိုသေးလား” သူမက ဝန်ပိနေသည့် အပြုံးမျိုးဖြင့် မေးလိုက်သည်။
ကုရွှမ်၏ လှည့်ဖျားရေး စစ်ဆေးမှုအပြီးတွင် ဟို့ဖုန်းဟွမ်က ဒိုင်မေးရှင်းအမြင့်အကြောင်း တတ်နိုင်သမျှ များများသင်ယူဖို့ ကြိုးစားခဲ့သည်။ ထို့ကြောင့် သူမက လျှို့ဝှက်ချက်များစွာကို သိထားခဲ့၏။
“မင်းအနေနဲ့ အထက်ဘုံတက်လှမ်းစရာ မလိုဘူး။ ငါတို့တွေ ကုသိုလ်ကို အသုံးပြုလို့ ရတယ်”
ရှေးဟောင်းမျိုးနွယ်က အစီအစဉ်အောင်မြင်ဖို့အတွက် ထာဝရဧကရာဇ်တစ်ယောက် ဦးဆောင်ပေးဖို့ လိုအပ်လေသည်။ ကံဆိုးစွာဖြင့် ခေတ်ကာလများစွာ စောင့်ဆိုင်းပြီးသည့်နောက်တွင် ဟို့ဖုန်းဟွမ်လိုမျိုး ကောင်းကင်ရွေးချယ်ခံ တစ်ယောက် ရှိလာခဲ့သည်။ ထို့ကြောင့် သူတို့က တာဝန်မပြီးမြောက်ခင် သူမကို အလွယ်တကူ ထွက်သွားခွင့်ပြုမည် မဟုတ်ပေ။
သူတို့က သူမအဆင့်လောက် တူညီသည့် နောက်ထပ် ပါရမီရှင်တစ်ယောက် ဘယ်အချိန်တွေ့ရမလဲ မသိပေ။ သူမက ထာဝရအထွတ်အထိပ် ဖြစ်လာနိုင်ချေ မြင့်မားကြောင်းအချက်ကိုပါ ထည့်ပေါင်းလိုက်လျှင် သူမ၏ တန်ဖိုးက မြင့်တက်သွား၏။
သူမက မှားယွင်းတဲ့ ခေတ်ကာလမှာ မွေးဖွားလာတာတော့ နှမြောစရာပဲ…
ထို အသက်ကြီးကြီး အမျိုးသမီးက တွေးလိုက်မိသည်။
ဒီမျိုးဆက်က တကယ်ကို မကောင်းဆိုးဝါးတွေနဲ့ ပြည့်နှက်နေပြီးတော့ ဟို့ဖုန်းဟွမ်လိုမျိုး ထိပ်သီးကောင်းကင်ရွေးချယ်ခံကိုတောင် စိတ်ပျက်သွားစေနိုင်တယ်…
“ကုသိုလ်နဲ့ ကောင်းကင်အလိုဆန္ဒကို ရယူနိုင်ပါ့မလား” သူမက ကိုယ့်ဘာသာကိုယ်မေးပြီး ပြန်ဖြေလိုက်သည်။
“ဟုတ်တာပေါ့။ ကုသိုလ်က အဆုံးမဲ့တန်ခိုးပဲ။ ပြီးတော့ လူသားဧကရာဇ်ကလည်း တူညီတဲ့ နည်းလမ်းကို အသုံးပြုခဲ့တာပဲ။ ဒါပေမဲ့ ကျွန်မတို့တွေ ဘယ်လိုစုဆောင်းမှာလဲ။ လိုအပ်တဲ့ပမာဏက အတော်လေး များမယ်လို့ ထင်တယ်”
“အဖွဲ့အစည်းက အဲဒီအတွက် အစီအစဉ် ရှိထားပြီးသား။ ကမ္ဘာကြီးကို မကယ်တင်ခင် မိစ္ဆာကပ်ဘေးပုံစံ ဖန်တီးလိမ့်မယ်” အသက်ကြီးကြီး အမျိုးသမီးက ပြောလိုက်၏။
“မိစ္ဆာကပ်ဘေးလား” ဟို့ဖုန်းဟွမ်က စိတ်ရှုပ်ထွေးသွားသည်။ သူမက သတင်းအချက်အလက် လိုအပ်မှုကြောင့် ဘိုးဘေး၏ စကားဝိုင်းကို လိုက်မမှီတော့ပေ။
“ငါတို့တွေ နှစ်အများကြီး အနောက်ပိုင်းကုန်းမြေက မိစ္ဆာကျင့်ကြံသူတွေနဲ့ အင်အားစုတွေနဲ မဟာမိတ် ဖွဲ့ခဲ့ရတာ။ အခု သူတို့အတွက် လှုပ်ရှားဖို့အချိန်ပဲ”
ဟို့ဖုန်းဟွမ်က မျက်မှောင်ကြုတ်လိုက်သည်။
“ဘယ်သူကမှ တုံးအနေတာ မဟုတ်ဘူးဆိုတော့ အားကောင်းတဲ့ အင်အားစုတွေဆီကနေ ဒီအရာကို ဘယ်လိုလုပ် ဖုံးကွယ်ထားနိုင်မှာလဲ”
“မင်း စိုးရိမ်နေတာကို သိတယ်။ ဒါပေမဲ့ ငါတို့အားလုံး စီစဉ်ပြီးသွားပြီ။ ဒီကပ်ဘေးက တခြားကမ္ဘာ့အသိုက်အဝန်းတွေဆီ ရောက်ရှိသွားလိမ့်မယ်။ ငါတို့က ဧကရာဇ်တာအိုကမ္ဘာ၊ ကြယ်တာရာသားရဲကမ္ဘာတို့လိုမျိုး အားကောင်းတဲ့ ကမ္ဘာတွေကို တိုက်ခိုက်မှာ မဟုတ်ဘူး။”
ဟို့ဖုန်းဟွမ်က တည်ငြိမ်လာပြီးသည့်နောက်တွင် အကြည့်များ တောက်ပလာသည်။
“တကယ်လို့ ကျွန်မတို့ အောင်မြင်ချင်ရင် ဝမ်ဝေ့ ဒါမှမဟုတ် ဒီမျိုးဆက်ရဲ့ အနိုင်ရရှိသူကို ကျော်လွှားနိုင်မှာ မဟုတ်ဘူး”
“အမှန်ပဲ။ ဒါပေမဲ့ အခု ငါတို့တွေ လုပ်စရာ မလိုသေးဘူး။ သူတို့တွေ တက်လှမ်းသွားတဲ့အထိ စောင့်ပြီးမှ လှုပ်ရှားလို့ရတယ်” အသက်ကြီးကြီး အမျိုးသမီးက ခေါင်းညိတ်ကာ ပြောလိုက်၏။
ဟို့ဖုန်းဟွမ်က မျက်မှောင်ကြုတ်လိုက်ပြီး သူမ၏ မျိုးနွယ်သည် မှန်မှန်ကန်ကန် မကစားနိုင်ပါက ဤမျိုးဆက်အတွင်း ကပ်ဘေး ခံရနိုင်ချေရှိကြောင်း ပြောပြနေ၏။
“ မင်း တွေးနေတာကို သိတယ်။ ဒါပေမဲ့ ဘယ်သူပဲဖြစ်ဖြစ် သူတို့တွေက ငါတို့မျိုးနွယ်ကို ဖျက်ဆီးပစ်ရဲမှာ မဟုတ်ဘူး။ အဆိုးဆုံးအခြေအနေအရ အားနည်းသွားအောင် လုပ်ပြီးတော့ စည်းပိတ်ခံရမှာပဲ။ အဲ့လိုထပ်ဖြစ်လာတယ်ဆိုရင် ငါတို့တွေ တစ်ခဏလောက် သိုသိုသိပ်သိပ်နေရုံပဲ”
အမှန်ပဲ…
ဟို့ဖုန်းဟွမ်က တွေးလိုက်မိသည်။ မည်သူကမှ သူတို့၏ ရှေးဟောင်းမျိုးနွယ်ကို မဖျက်ဆီးရဲပေ။ ထိုသူများထဲတွင် ဝမ်ဝေ့လည်း အပါအဝင် ဖြစ်၏။
အကြောင်းအရင်းက ရိုးရှင်းလှသည်။ သူတို့တွင် ကြမ္မာများစွာ ရှိနေလေ၏။
သူတို့၏ ရှေးဟောင်းမျိုးနွယ်တွင် မီးကို ရှာတွေ့ခဲ့သည့် ပထမဆုံးလူ၊ အမဲလိုက်ခြင်းကို ရှာတွေ့ခဲ့သည့် ပထမဦးဆုံးလူ၊ စိုက်ပျိုးရေး၊ ပြက္ခဒိန်၊ စည်းကမ်းကျင့်ဝတ် ဖန်တီးသူ၊ ပထမဆုံးတိုင်းပြည်၊ ပထမဆုံးမဟာဧကရာဇ်၊ ပထမဦးဆုံးလက်နက် ဘိုးဘေး၊ အစီအရင် ဘိုးဘေး၊ ဆေးလုံး ဘိုးဘေးနှင့် အဆောင်ဘိုးဘေးများရှိသည့် မိသားစုများ ရှိသည်။ ထိုအရာက အပေါ်ယံမျှသာ ရှိသေး၏။
ထိုသိပ်သည်းလှသည့် ကြမ္မာဖြင့် ကောင်းကင်တာအိုသည် သူတို့မျိုးနွယ်အား ပျက်သုဉ်းခွင့်ပြုမည် မဟုတ်ပေ။ ထိုအရာကို လုပ်ရဲသည့်သူများက ကြမ္မာ တန်ပြန်သက်ရောက်မှုကို ခံစားကြရမည်။ ဤသည်က ချီယွမ်သည် ရှေးဟောင်းဧကရာဇ်ခေတ်ကာလတွင် သူတို့ကို မသုတ်သင်ပစ်ခဲ့သည့် အကြောင်းအရင်းထဲမှ တစ်ခု ဖြစ်၏။
ထိုသေဆုံးမှုကင်းလွတ်ခွင့် ကတ်ကြောင့် ရှေးဟောင်းမျိုးနွယ်သည် အသင်္ချေအင်ပါယာကမ္ဘာနှင့် ဒိုင်မေးရှင်းအနိမ့်တွင် မဆင်မခြင် ပြုမူနိုင်သည်။
တိထျန်း သို့မဟုတ် ဝမ်ဝေ့တို့က အနာဂတ်တွင် မည်မျှအားကောင်းလာစေကာမူ သူတို့က ဆိုးဆိုးရွားရွား အကျိုးဆက်ကို ခံစားသွားရလိမ့်မည်။
ဟို့ဖုန်းဟွမ်က မျက်မှောင်ကြုတ်လိုက်ပြီးသည့်နောက်တွင် တစ်စုံတစ်ခုကို တွေးမိသွား၏။
မျိုးနွယ်ရဲ့ တကယ့်အစီအစဉ်က ပတ်ဝန်းကျင် ပြန်ပြောင်းတာရော။ ပင်ကိုနတ်ဆိုးနတ်ဘုရားတွေနဲ့ စစ်ပွဲဖြစ်တာရော ပါမနေဘူးပေါ့။ ဒီအစီအစဉ်က သူတို့ရဲ့ရည်ရွယ်ချက်ကို ဖုံးကွယ်ထားဖို့ အာရုံလွှဲဖို့ကလွဲပြီး ဘာမှမဟုတ်ဘူးပေါ့…
သူ့စိတ်ထဲ အတွေးများစွာ ဖြတ်ပြေးသွား၏။ အကယ်၍ ရှေးဟောင်းမျိုးနွယ်ကသာ နောက်ထပ် ပင်ကို-ဟော်သဲ့စစ်ပွဲကို ဖန်တီးခဲ့ချင်ပါက မည်သူကမှ မိစ္ဆာကပ်ဘေး သို့မဟုတ် ထိုနှစ်ဘက် ဆက်နွယ်နေသည်ကို အာရုံစိုက်မည် မဟုတ်ပေ။
ထို့ကြောင့် သူတို့က နောက်ကွယ်မှသာ တိတ်တဆိတ် လှုပ်ရှားထားကြသည်။
ကမ္ဘာကြီးကို မိစ္ဆာတွေလက်ထဲက ကယ်တင်တာက ပင်ကိုနတ်ဆိုးနတ်ဘုရားတွေထဲကနေ ကယ်တင်လိုက်တာနဲ့ သက်ရောက်မှုအတူတူပဲ။ ဒါပေမဲ့ ပထမတစ်ခုက လျှို့ဝှက်ပြီးတော့ စွန့်စားမှုနည်းတယ်…
ပြီးတော့ ဒီအစီအစဉ်က ကောင်းကင်အလိုဆန္ဒကမ္ဘာ ဒါမှမဟုတ် အသိုက်အဝန်းတစ်ခုထဲနဲ့ ချုပ်နှောင်မခံထားရဘူး။
ထိုအရာအားလုံးကို သိရှိပြီးသည့်နောက်တွင် ဟို့ဖုန်းဟွမ်က တအံ့တဩဖြင့် သက်ပြင်းချလိုက်သည်။ သူမက အမှန်အတိုင်း မသိခဲ့သည့်အတွက် ဒေါသထွက်မိပြီး အခြေအနေတစ်ခုလုံး၌ နယ်ရုပ်တစ်ခုသာ ဖြစ်ခဲ့ရသည်။
“အချိန်မရောက်ခင်အထိ ငါတို့တွေ အမှန်တရားကို ထုတ်ဖော်လို့ မဖြစ်ဘူး။ ဘာကိုမှ မဖြစ်ပျက်လာအောင် ကြိုတင်ပြင်ဆင်ထားတဲ့ သဘောပဲ။ အခု မင်း သိသွားပြီဆိုတော့ ဒီသတင်းပေါက်ကြားသွားတာကို တားဆီးဖို့ အမြင့်ဆုံး စည်းတံဆိပ်ကို အသုံးပြုဖို့ လိုအပ်ပြီ” အသက်ကြီးကြီး အမျိုးသမီးက သူမ စိတ်ကို ဖတ်လိုက်သည့်အလား ပြန်ပြောလာသည်။
ဟို့ဖုန်းဟွမ်က သက်ပြင်းချလိုက်ပြီး ထိုအရာသည် အဖွဲ့အစည်း အလုပ်လုပ်ပုံဖြစ်ကြောင်း သိလေ၏။ သူမက သူတို့ကို မုန်းတီးသော်လည်း အသားကျနေလေပြီ။ ကံကောင်းစွာဖြင့် သိပ်မကြာခင် သူမက မျိုးနွယ်ထဲတွင် အားအကောင်းဆုံး အဖွဲ့ဝင် ဖြစ်လာမည်ဖြစ်ကာ သတင်းအချက်အလက် အားလုံးကို သင်ယူပြီး ကစားသူနေရာကို ရယူနိုင်လိမ့်မည်။