← Chapters

ချန်းချန်နှင့် ထုံရို့ပင်းတို့ ပြိုင်ဆိုင်ခြင်း အပိုင်း(၁)

Vol. 58 Ch. 800

ချန်းချန်နှင့် ထုံရို့ပင်းတို့ ပြိုင်ဆိုင်ခြင်း အပိုင်း(၁)

Vol. 58 Ch. 800

ငါ မှားသွားပြီလား…

ချန်းချန်က တွေးလိုက်မိသည်။ သူ့အသွင်ပြောင်းမှုအပြီးတွင် သူ့ဦးနှောက်က ပြောင်းလဲသွားခဲ့ပြီး ဝိညာဉ်က ဆင့်ကဲပြောင်းလဲကာ အခြေအနေအများစု၌ အေးစက်စက်နှင့် ယုတ္တိရှိရှိ ဆင်ခြင်တုံတရား ရှိလာသည်။ ဤသို့သော အခြေအနေမျိုးတွင် ချန်းချန်က သူသည် မိုးမြေနှင့် သဟဇာတ ပိုဖြစ်လာသလို ခံစားရပြီး သူ့နားလည်နိုင်စွမ်းနှင့် သုံးသပ်နိုင်စွမ်းတို့က တိုးမြင့်လာသည်ဟု ခံစားမိသည်။

သို့သော်လည်း သူ့စိတ်ခံစားချက်များကမူ ဗြောင်းဆန်နေလေ၏။ သူက ယုတ္တိဆန်ကာ စိတ်ခံစားချက်ကင်းမဲ့သည့် သက်ရှိအဖြစ် အပြည့်အဝ ပြောင်းလဲသွားသင့်သော်လည်း ထုံရို့ပင်းအပေါ် စွဲလမ်းမှုက သူ့အား လူသားဆန်စိတ်ကို ထိန်းသိမ်းထားနိုင်သည့် စိတ်ခံစားချက်တချို့ ရှိနေစေသည်။

ယခုတွင် သူမ၏ အမြင်ဘက်မှ အကြောင်းအရာကို ကြားပြီးသည့်နောက်တွင် သူ့စွဲလမ်းမှုအုတ်မြစ်က စတင်ပြိုလဲလာပြီး သူ့ဝိညာဉ်အပေါ် သက်ရောက်မှု ဖြစ်လာသည်။

ငါ ကွဲပြားအောင် လုပ်ခဲ့သင့်တာလား။ ငါ ဒီထက် ပိုပြီး ကောင်းနေမှာလား…

ချန်းချန်က သူ့ဘာသာသူ မေးခွန်းထုတ်လိုက်သည်။

သူ့တွင် ရှိခဲ့သည့် ကံအပြောင်းအလဲ အခွင့်အရေးကို တွေးလိုက်မိ၏။ သူက ထိုအရာကို လေ့လာပြီး ထိုနည်းစနစ်က တားမြစ်ချက်တစ်ခုဖြစ်ကြောင်း သတိပေးချက်ကို နှလုံးသွင်းခဲ့သင့်သည်။ သူက စက်ယန္တရားရုပ်သေးရုပ်ကမ္ဘာမှ သမာသမတ်ကျသည့် ကျင့်ကြံရေးနည်းစနစ်ကို လေ့လာပြီး အင်မော်တယ်အဆင့် ရုပ်သေးရုပ်ကို ဖန်တီးခဲ့သင့်သည်။

ကိုယ့်ဘာသာကိုယ် စိတ်ပျက်ကာ သနားနေမည့်အစား ထုံရို့ပင်း၏ ခြေလှမ်းအတိုင်း လိုက်ကာ သူမကို မမှီမချင်း လက်မလျှော့ဖို့ လုပ်ခဲ့သင့်သည်။

မဟုတ်သေးဘူး။ ဒါတွေအကုန်လုံးက အသုံးမဝင်ဘူး။ ငါ့ရဲ့ ကံအပြောင်းအလဲ အခွင့်အရေးက နောက်ကျလွန်းတယ်။ ငါ ရတဲ့ အချိန်မှာ နက်နက်နဲနဲ လေ့လာပြီး အောင်မြင်မှုရဖို့ အချိန်မလုံလောက်တော့ဘူး…

ချန်းချန်က သုံးသပ်လိုက်သည်။

ငါသာ ထုံရို့ပင်းက ဝူမင်နဲ့ တွေ့ခဲ့တဲ့အချိန်တုန်းကသာ အခွင့်အရေး ရရှိခဲ့မယ်ဆိုရင် အခြေအနေတွေက ကွဲပြားသွားနိုင်တယ်။ အဲ့လိုဆိုရင် ငါ့ရဲ့ အောင်မြင်မှုတွေက သူ့ထက် နိမ့်ကျနေမှာ မဟုတ်ဘူး…

ချန်းချန်၏ စိတ်က ဗြောင်းဆန်မနေတော့ဘဲ ပုံမှန်အေးစက်စက် ယုတ္တိဆန်သည့် အနေအထားသို့ ပြန်လည်ရောက်ရှိသွားသည်။ သူက ထုံရို့ပင်းကို ကြည့်လိုက်ပြီးသည့်နောက်တွင် စိတ်ရှုပ်ထွေးနေသည့် အရိပ်အယောင် မရှိတော့ပေ။

“ငါ မှန်နေတယ်ဆိုတာကို သက်သေပြဖို့ မင်းကို အနိုင်ယူဖို့ပဲ လိုတယ်” ချန်းချန်က ပြောလိုက်သည်။

“ပြီးတော့ ငါ့ရဲ့ ရည်ရွယ်ချက်က တာအိုကို သက်သေပြပြီး ထာဝရဧကရာဇ်ဖြစ်လာပြီးတော့ ခန္ဓာကိုယ်တစ်ပိုင်း၊ ရုပ်သေးရုပ်တစ်ပိုင်း သက်ရှိအစစ်အမှန်အနေနဲ့ အဆင့်တက်မှုကို ပြီးမြောက်ဖို့ပဲ”

ထုံရို့ပင်းက ခေါင်းအသာယမ်းကာ “ရှင့်ရဲ့ စွဲလမ်းမှုက ရှင့်တာအိုနှလုံးသားမှာ ပြစ်ချက်ကြီး ဖြစ်နေပြီ။ ရှင့်ရဲ့ လက်ရှိအခြေအနေနဲ့ အနိုင်ရရှိမယ်ဆိုရင်တောင် အတုအယောင် ဧကရာဇ်ပဲ ဖြစ်လာနိုင်တယ်။ ရှင် ဧကရာဇ် ဖြစ်လာချင်တဲ့ ရည်ရွယ်ချက်ကတော့ …. အခွင့်အရေးက သုညလို့ မပြောရင်တောင် အဲ့လောက်နီးပါးပဲ”

ထုံရို့ပင်းက မျက်မှောင်ကြုတ်လိုက်ပြီးသည့်နောက်တွင် ချန်းချန်ဆီမှ ခံစားရသည့် တခြားသော မူမမှန်မှုကို မပြောလိုက်ပေ။

သူက အဘယ်ကြောင့် သက်ရှိပုံစံအသစ်ကို ဖြစ်လိုသနည်း။ သူက ရုပ်သေးရုပ်နှင့် ပေါင်းစပ်ခြင်းကို ထူးကဲသည့် ခန္ဓာကိုယ်လေ့ကျင့်ရေးနည်းစနစ်အဖြစ် အဘယ်ကြောင့် မမှတ်ယူရသနည်း။

ချန်းချန်၏ အတွေးအခေါ်များက သူ့စိတ်သည် အခြေခံအားဖြင့် ပြောင်းလဲသွားပြီ ဖြစ်ကြောင်း ညွှန်ပြနေသည်။ ယခုတွင် သူက သူ့ကိုယ်သူ လူသားဟုပင် မမြင်နိုင်တော့ပေ။

သူ ပေးဆပ်လိုက်ရတဲ့ တန်ကြေးက သူ ထင်ထားတာထက်ပိုပြီးတော့ ပြင်းထန်နေတာပဲ…

သူမက သုံးသပ်လိုက်သည်။

“ငါ့ရဲ့ ပြစ်ချက်တွေ အကုန်လုံးက မင်းကို အနိုင်ယူပြီးတဲ့နောက်မှာ အဆင်ပြေသွားလိမ့်မယ်။ အဲဒီနှစ်ယောက်အတွက်တော့ ကောင်းကောင်းမွန်မွန် စီမံနိုင်ရင် အခွင့်အရေး ရှိပါသေးတယ်။” ချန်းချန်က ပြောလိုက်သည်။

ချန်းချန်က ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ် သူ့ကို ဆက်သွယ်စဉ်အခါက ခံစားမိသည့် စွမ်းအားကို အမှတ်ရသွားသည်။ ထိုစွမ်းအားက သူ့ဝိညာဉ်ကိုပင် တုန်ခါသွားစေသည်။ မည်သို့ပင်ဆိုစေကာမူ သူက လက်လျှော့မည့် အကြောင်း မတွေးဖူးပေ။

“အဲဒါဆိုတော့ ရှင် သိတယ်လား” သူက ရေရွတ်လိုက်ပြီး ထိုမကောင်းဆိုးဝါး နှစ်ယောက်၏ စွမ်းအားအကြောင်း သိပြီးသည့်နောက်တွင် သူမ ခံစားခဲ့ရသည့် စိတ်ပျက်မှုအကြောင်းကို တွေးမိသွားသည်။ သူမက ထိုကောင်းကင်ဘုံ သွေဖယ်နေသည့် ပါရမီရှင်နှစ်ယောက်နှင့် မျိုးဆက်တူအတွင်း ရှိရသည်မှာ ကောင်းချီး ဖြစ်သလို ကျိန်စာတစ်ခုလည်းဖြစ်ကြောင်း ညည်းတွားမိခဲ့သည်။

“သိတယ်”

“သူတို့ကို ဖြေရှင်းဖို့ ကျွန်မနဲ့ ပူးပေါင်းချင်လား” ထုံရို့ပင်းက ရုတ်တရက်ကောက်မေးလိုက်သည်။

“မင်း ဘယ်လိုထင်လဲ” ချန်းချန်၏ အသံက ပုံမှန်ထက်ပင် ပိုမိုအေးစက်နေလေ၏။

“ကျွန်မတို့ စမ်းကြည့်သင့်တယ်လို့ ထင်တယ်”

ဖျက်ဆီးရေး မီးတောက်အဆောင်

ထုံရို့ပင်းက ခိုးကြောင်ခိုးဝှက် တိုက်ခိုက်လိုက်ပြီး အားအကောင်းဆုံး တိုက်ကွက်ကို အသုံးပြုခဲ့သည်။ သူမက ချန်းချန်နှင့် တိုက်ခိုက်ဖို့ အကြောင်းအရင်းများစွာအတွက် တပ်ဖွဲ့ကို အသုံးမပြုလိုပေ။ အဓိကအကြောင်းအရင်းကမူ အရင်းအမြစ်နှင့် ချမ်းသာမှု ဖြစ်၏။

သူမ တပ်ဖွဲ့၏ အရေးသာချက်တစ်ခုက အဆောင်အမြောက်အများ ထုတ်သုံးနိုင်ခြင်း ဖြစ်သည်။ ထို့ကြောင့် သူမ၏ တပ်ဖွဲ့က တစ်ဖက်လူကို အနိုင်ယူဖို့ ပိုက်ဆံ သို့မဟုတ် အရင်းအမြစ်များကို အသုံးပြုနိုင်သည်။ သို့သော်လည်း ချန်းချန်အတွက်လည်း အတူတူဖြစ်ကာ ထိုသူသည် သူမထက်ပင် ပိုမိုချမ်းသာကြောင်း သိလေသည်။

သူတို့၏ ကံကောင်းမှု စစ်ဆေးပွဲအတွင်း သူမက မူလအသုံးအဆောင်ပစ္စည်းများ ကိုင်ဆောင်ထားသည့် သူ့တပ်ဖွဲ့၏ လက်ချက်ဖြင့် ခံစားခဲ့ရသည်။ သဘောတရားအရ ထိုနည်းဗျူဟာကို အသုံးပြုလို့ရမည် မဟုတ်ပေ။ အကြောင်းမှာ ချန်းချန်က အဆင့်မြင့် လက်နက်များစွာကို ဖန်တီးဖို့ လိုအပ်နေ၍ ဖြစ်သည်။

သို့သော် ထုံရို့ပင်းက မစွန့်စားလိုပေ။ သူမအနေဖြင့် ချန်းချန်၏ မွမ်းမံသန့်စင်ရေး အရည်အချင်းသည် သူမထက် နောက်ကောက်မကျကြောင်း သိလေသည်။ သူက ဧကရာဇ်တစ်ပိုင်းအဆင့် အသုံးအဆောင်များအပေါ် သန့်စင်နိုင်ခြင်း၏ အောင်မြင်နှုန်းသည် ယုတ္တိမဆန်လှသည့်အတွက် သူ့တပ်ဖွဲ့သန်းတစ်ရာလုံးကိုပင် လက်နက်တစ်ခုစီ တပ်ဆင်ပေးနိုင်၏။

ထို့ကြောင့် သူမက ပတ်ဝန်းကျင် ဂလက်ဆီများကိုပင် လွှမ်းခြုံသွားသည့် အနက်ရောင် မီးခိုးတိမ်တိုက်ကိုသာ ကြည့်နေလိုက်သည်။ သို့သော်လည်း မကြာခင် သူမက မျက်မှောင်ကြုတ်သွား၏။ သူမ၏ အံ့ဖွယ်အသိစိတ်ထဲ သူမ၏ တိုက်ကွက်သည် သက်ရောက်မှုရှိသော်လည်း ချန်းချန်က အသက်ရှင်လျက် ရှိနေသေးကြောင်း အာရုံခံမိလိုက်သည်။

သူမက သူ့ခေါင်းတစ်ပိုင်းက ဗလာလေဟာနယ်ထဲ မြောလွင့်နေသည်ကို မြင်လိုက်ရသည်။

ထို့နောက် သူ၏ ပုံမှန်အေးစက်စက် အကြည့်မျိုးဖြင့် ချန်းချန်က ပြောလာသည်။

“ငါက ခန္ဓာကိုယ်ရှိတဲ့ သက်ရှိတွေရဲ့ အားနည်းချက်ဖြစ်တဲ့ ဝိညာဉ်အပါအဝင် အရာအားလုံးကို ကျော်လွန်သွားခဲ့ပြီ”

ဘန်း

ချန်းချန်၏ ခေါင်းအနောက်မှ လေဟာနယ် အက်ကြောင်းတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် ထိုအက်ကြောင်းမှ တစ်စုံတစ်ယောက် ဖြည်းဖြည်းချင်း ထွက်ပေါ်လာ၏။

ထုံရို့ပင်းက အကောင်းအတိုင်းရှိနေသည့် ချန်းချန်ကို မြင်လိုက်ရသည့်အခါ မျက်မှောင်ကြုတ်မိသွားသည်။

ပထမဦးစွာ ချန်းချန်အသစ်က အသက်ကင်းမဲ့နေဟန်ပေါ်ပြီး ဝိညာဉ် သို့မဟုတ် အသက်ဓာတ် မရှိသည့် သစ်သားအပိုင်းအစအလား ဖြစ်နေသည်။ ထိုအရာက ပုံမှန် ရုပ်သေးရုပ်တစ်ခုနှင့် တူ၏။ ထို့နောက် သူ့အကြည့်က ချက်ချင်းဆိုသလို ပြောင်းလဲသွားကာ အသက်ဝင်လာသည်။

ထုံရို့ပင်းက ယခင် ချန်းချန်ဆီမှ အေးစက်စက် မထူးမခြားနား အကြည့်ကို ယခုတစ်ယောက်တွင်လည်း ရှိနေကြောင်း သတိထားမိလိုက်သည်။

သူက ခန္ဓာကိုယ်ပူးကပ်ခြင်းလိုမျိုး ရုပ်သေးရုပ်အသစ်ဆီ ဝိညာဉ်ကို ကူးပြောင်းနိုင်တာလား…

သူမက မူမမှန်တစ်ခုကို ခံစားမိလိုက်၍ မျက်မှောင်ကြုတ်မိလိုက်သည်။

ဒီချန်းချန်အသစ်က ရုပ်သေးရုပ်ပဲ။ မဟုတ်သေးဘူး။ ဒါကအရင်လိုမျိုး ခန္ဓာကိုယ်နဲ့ ရုပ်သေးရုပ် ပေါင်းစပ်ထားတာပဲ။ ပြောရမယ်ဆိုရင်တော့ ပြီးပြည့်စုံတဲ့ ပုံပွားတစ်ခုပဲ။ ဒါပေမဲ့ ဒါက ငါ မူမမှန်မှုကို ခံစားမိတဲ့နေရာ မဟုတ်သေးဘူး…

သူမက တစ်စုံတစ်ခု မှားယွင်းနေသည်ကို သတိပြုမိပြီးသည့်နောက်တွင် အကြမ်းဖျင်း တွေးလိုက်မိသည်။

ငါ ဝိညာဉ်ကူးပြောင်းမှုကို မခံစားမိဘူး…

ထုံရို့ပင်းက ချက်ချင်းဆိုသလို အလေးအနက် ဖြစ်လာသည်။

အဲဒါဆိုတော့ ချန်းချန်ရဲ့ ဝိညာဉ်အပေါ် နားလည်နိုင်စွမ်းက ငါ့ရဲ့နားလည်နိုင်စွမ်းထက် ကျော်လွန်တဲ့ အဆင့်အနေအထားကို ရောက်နေတာလား….

ထုံရို့ပင်းက ထိုအချက်ကို လက်ခံဖို့ ငြင်းဆန်လေသည်။ အဓိကအကြောင်းအရင်းကမူ သူမ၏ မာနကြောင့် ဖြစ်ပြီး ဒုတိယအချက်ကမူ ချန်းချန်၏ စွမ်းအားသည် ပွင့်ချပ် ၄လွှာမျှသာ ရှိသေးသည့်အတွက် သူမနှင့် အလှမ်းကွာနေသေးသည်။

အဲဒါဆိုတော့ တစ်ခုခုတော့ တစ်ခုခုပဲ…

သူမက သူသည် အလွယ်တကူ သတိမပြုမိနိုင်သည့် ထူးကဲသော နည်းစနစ်တစ်ခုကို အသုံးပြုနေကြောင်း ကောက်ချက်ချလိုက်သည်။ သို့သော်လည်း အချိန်တစ်ခုမျှ လေ့လာပြီးသည့်နောက်တွင် အမှန်တရားကို ရှာဖွေတွေ့ရှိလိမ့်မည်ဟု ယုံကြည်ချက် ရှိနေ၏။

အတုအယောင် နတ်ဘုရားအပြစ်ဒဏ် အဆောင်

ထုံရို့ပင်းက လက်ဝှေ့လိုက်ပြီးသည့်နောက်တွင် ကောင်းကင်တစ်ခုလုံးကို လွှမ်းခြုံသွားသည့် ဧရာမအဆောင်တစ်ခုကို ဆင့်ခေါ်လိုက်သည်။ ထို့နောက် ကောင်းကင်ဘုံမှ နတ်ဘုရားအပြစ်ဒဏ် မိုးကြိုးချက်အလား အနက်ရောင် မိုးကြိုးများ ကျဆင်းလာသည်။

အင်မော်တယ် ခန္ဓာ

ချန်းချန်၏ ခန္ဓာကိုယ်မှ မြင့်မြတ်ကာ မသေမျိုးဆန်သည့် အငွေ့အသက်တစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် သူ့ခန္ဓာကိုယ်က အင်မော်တယ်အဆင့် အသုံးအဆောင်ပစ္စည်း တစ်ခု၏ ဂုဏ်သတ္တိမျိုး ထွက်ပေါ်လာသည်။

ဘန်း…ဘန်း…ဘန်း

ချန်းချန်က ထိုအနက်ရောင်မိုးကြိုးများကို တိုက်ခိုက်လိုက်၏။ သူ့အမူအရာက မပြောင်းလဲပေ။ သူက နာကျင်မှုကို မခံစားရပေ။ သူ့အပြုအမူများက တိကျကာ နည်းစနစ် ကျလာသည်။ ထို့ကြောင့် မိုးကြိုးချက် ထောင်ချီကို ထုတ်လွှင့်ပြီးသည့်နောက်တွင် အဆောင်က ပျောက်ကွယ်သွားလေ၏။

ထိုစဉ် ချန်းချန်က သူ့လက်နှစ်ဖက်နှင့် ခြေထောက်နှစ်ချောင်း ဆုံးရှုံးလိုက်ရသည်။ ထို့နောက် အာကာပြင်အက်ကြောင်း သုံးခုထွက်ပေါ်လာပြီး ခြေလက်အသစ်များကို သူ့ဆီ ပို့ဆောင်လာသည်။ သူက ထိုအရာများကို အပိုတန်ဆာအလား ပြန်ပြီး ချိတ်ဆက်လိုက်၏။

ထုံရို့ပင်းက သူမ၏ တိုက်ကွက်ကြောင့် ရရှိသွားသော အတွင်းဒဏ်ရာတချို့သည် ထိုခြေလက်အသစ်များမှ ထုတ်လွှတ်နေသည့် သတ္တုစွမ်းအားကြောင့် ပျောက်ကင်းသွားကြောင်း သတိထားမိလိုက်သည်။

ထူးဆန်းတဲ့ ခန္ဓာကိုယ်ပဲ…

ထုံရို့ပင်းက တွေးလိုက်မိသည်။ သူမ၏ တာအိုလက်တွဲဖော်က ခန္ဓာကိုယ်လေ့ကျင့်သူ ဖြစ်သည့်အတွက် သွေးတစ်စက်မှ ခန္ဓာကိုယ်တစ်ခုလုံးကို ပြန်လည်ကြီးထွားစေခြင်း သို့မဟုတ် ခြေလက်များကို ပြန်ပေါက်စေခြင်းတို့ကို ကြုံတွေ့ဖူးပြီး သိထားလေသည်။

သဘောတရားအရ ပြောရလျှင် ချန်းချန်၏ အပြုအမူများက ကွဲပြားသည့် နည်းစနစ်များကို အသုံးပြုထားခြင်း၏ တူညီသည့် ရလဒ်သာ ဖြစ်၏။ သို့သော်လည်း ထုံရို့ပင်းက သူ့နည်းစနစ်သည် မအပ်စပ်ဘူးဟု ထင်မိ၏။

ထို့အပြင် သူမက အကြောင်းအရင်းကို ရှင်းမပြနိုင်ပေ။ ထိုအချက်က သူမစိတ်ထဲ အမည်မသိ အကြောက်တရားတချို့ကို ယူဆောင်လာသည်။ ကံကောင်းစွာဖြင့် သူမက အကောင်းဆုံး တာအိုနှလုံးသားနှင့် စိတ်ဓာတ်ခိုင်မာသည့် ထိပ်သီးကောင်းကင်ရွေးချယ်ခံ တစ်ယောက် ဖြစ်ပေသည်။ ထို့ကြောင့် သူမက အလျင်အမြန် ထိန်းချုပ်လိုက်ပြီးသည့်နောက်တွင် တစ်ဖက်လူကို လေ့လာလိုက်သည်။

သူမ၏ အကြောက်တရားက အမည်မသိဆီမှ ဆင်းသက်လာသည်။ ထို့ကြောင့် သူမက ချန်းချန်၏ လျှို့ဝှက်ချက်များကို ရှာဖွေဖို့သာ လိုအပ်၏။

ဒြပ်ထုအမှုန့်ခြေအဆောင်

ထုံရို့ပင်းက တစ်ဖက်လူက ခန္ဓာကိုယ်အပိုင်းအစတစ်ခုမှ မကျန်သည့်အခါ မည်သို့ဖြစ်သွားမည်ကို မြင်တွေ့ချင်လာသည်။

“အသုံးမဝင်ဘူး” လေဟာနယ်ထဲမှ အသံတစ်သံ ထွက်ပေါ်လာ၏။ ထို့နောက် အာကာပြင်အက်ကြောင်းတစ်ခု ထွက်ပေါ်လာကာ နောက်ထပ် ချန်းချန်တစ်ယောက် ထွက်ပေါ်လာသည်။

“မင်း ငါ့ကို အနိုင်မယူနိုင်ပါဘူး” တတိယမြောက် ချန်းချန်က သူမဆီ ပြေးဝင်လာကာ ပြောလိုက်သည်။

ထုံရို့ပင်းက ထိုသူ၏ စကားကို ဂရုမစိုက်ပေ။ ချန်းချန်၏ နည်းလမ်းက ထူးဆန်းလှသော်လည်း ထိုအရာမှာ သူမအနေဖြင့် သတင်းအချက်အလက် လိုအပ်နေသည့်အတွက်ကြောင့် ဖြစ်၏။

ယေဘုယျအားဖြင့် တစ်ဖက်လူ၏ စွမ်းအားသည် သူမ ဂရုစိုက်ဖို့ မလုံလောက်သေးပေ။

ဝိညာဉ်သုတ်သင်ရေး အဆောင်

ကြောက်မက်ဖွယ် စွမ်းအားတစ်ခုက ချန်းချန်၏ ခန္ဓာကိုယ်အတွင်း ဝင်ရောက်သွားကာ ဝိညာဉ်ကို သုတ်သင်ပစ်ဖို့ ကြိုးစားနေသည်။

သို့သော်လည်း ချန်းချန်အသစ်က တစ်စက္ကန့်လောက် ရပ်တန့်သွားပြီးသည့်နောက်တွင် ဆက်လက် ချီတက်လာ၏။ ထုံရို့ပင်းက နောက်ထပ် ဝိညာဉ်နှင့် စိတ်ဝိညာဉ်ဆိုင်ရာ တိုက်ကွက်များကို အသုံးပြုလိုက်သော်လည်း အသုံးမဝင်ကြောင်း သိရှိသွားသည်။

ကြိုးစားမှုတစ်ခုချင်းစီအပြီးတွင် ချန်းချန်က ပိုမိုရဲတင်းလာပြီး သူမ၏ ကြိုးစားမှုက အသုံးမဝင်ဖြစ်သွားလေသည်။ ထိုအချက်က ချန်းချန်၏ ဝိညာဉ်နှင့် ပတ်သက်ပြီး တစ်စုံတစ်ခု မှားယွင်းနေကြောင်း သူမ၏ သံသယကို အတည်ပြုလိုက်နိုင်သည်။ အထူးသဖြင့် သူမက သူ့အသိစိတ်ပင်လယ်ကို အာရုံမခံမိကြောင်း တွေ့ရှိသွားသည့်အခါတွင် ဖြစ်၏။

ဘန်း

သူမက ချန်းချန်၏ ခန္ဓာကိုယ်ကို တတိယအကြိမ် ပျက်သုဉ်းသွားသည်အထိ ထိုးချလိုက်သည်။

All Chapters