← Chapters

ရေစီးကြောင်း မြို့ရဲ့ လျိုကလန်

Vol. 27 Ch. 363

ရေစီးကြောင်း မြို့ရဲ့ လျိုကလန်

Vol. 27 Ch. 363

ထိုရုပ်ဆိုးဆိုး လူငယ်ကတော့ လီဖူချန်းပါပဲ။

လီဖူချန်းက  ချီအတွင်းအားတွေကို အသုံး မပြုနိုင်သေးပေမယ့်လည်း သူ့ရဲ့ ခန္ဓာကိုယ်က အဆင့်နိမ့် ပြန်လည် ဝင်စားခြင်းနယ်ပယ် ပညာရှင်တစ်ယောက်ရဲ့ တိုက်ခိုက်မှုကို ခံနိုင်တဲ့အထိ မာကျောနေပါသေးတယ်။

ဒါပေမဲ့ အခုချိန်မှာတော့ လီဖူချန်းဟာ အဆင့်၂ ပြန်လည် ဝင်စားခြင်းနယ်ပယ် ပညာရှင် တစ်ယောက်ရဲ့ တိုက်ခိုက်မှုကိုသာ ခံနိုင်ဦးမှာပါ။ ဘာဖြစ်လို့လည်း ဆိုတော့ သူ့ရဲ့ ခန္ဓာကိုယ်ထဲမှာ ဆင်နဂါး စွမ်းအင်အမျှင် ၈၀၀ နီးပါးသာ ကျန်ရှိနေတော့လို့ပါပဲ။

ဆင်နဂါးစွမ်းအင်အမျှင်တွေ အကုန်လုံး ကုန်ဆုံးသွားလို့ကတော့ လီဖူချန်းဟာ အဆင့်၁ ပြန်လည် ဝင်စားခြင်းနယ်ပယ် ပညာရှင်တစ်ယေက်ရဲ့ တိုက်ခိုက်မှုကိုတောင် ခံနိုင်တော့မှာ မဟုတ်ပါဘူး။

ဒါပေမဲ့ ဆင်နဂါး စွမ်းအင်အမျှင်တွေ အကုန်လုံး ကုန်သွားရင်တောင်မှ လီဖူချန်းရဲ့ ခန္ဓာကိုယ်ဟာ ကောင်းကင်နယ်ပယ် အထွတ်အထိပ် ပညာရှင်တွေရဲ့ တိုက်ခိုက်မှုကိုတော့ အသာလေး ခံနေနိုင်ဦးမှာပါ။

" သည်ကောင်လေးက ခန္ဓာကိုယ် သန့်စင်တဲ့ လမ်းစဉ်ကို လိုက်စားတဲ့ ပညာရှင် တစ်ယောက်ပဲ။  သူက သာမန် ကောင်းကင်နယ်ပယ် အထွတ်အထိပ် ပညာရှင် တစ်ယောက်ရဲ့ တိုက်ခိုက်မှုကိုတောင် မှုမှာ မဟုတ်ဘူး "

အဝေးမှာ ရှိနေတဲ့ ဝတ်စုံပြာ အဘိုးအိုကတော့ လီဖူချန်းနဲ့ ပတ်သက်ပြီး ကောက်ချက် ချလိုက်ပါတယ်။

လီဖူချန်း ရှိနေမှတော့ သူဟာ လျိုယန်ရဲ့ အသက်အန္တရာယ်ကို မစိုးရိမ်တော့ပါဘူး။

" နံပါတ်လေး…… အဲသည်ကလေးနဲ့ သွားဇယား မရှုပ်နဲ့။  လျိုယန်ကို အရင် ရအောင်သတ် "

ဗလတောင့်တောင့်နဲ့ ဝတ်စုံနက်က လူပုလေးကို အမိန့်ပေးလိုက်ပါတယ်။

လီဖူချန်းဟာ အစွမ်းထက်တဲ့  ခန္ဓာကိုယ်အပြင်အား ပိုင်ရှင် တစ်ယောက်ဆိုတာကို  သူ့လို ခေါင်းဆောင် တစ်ယောက် အနေနဲ့  မရိပ်မိစရာ အကြောင်းမရှိပါဘူူး။

" ဟုတ် "

လူပုလေးက ဒေါသ အရမ်းထွက်နေပေမယ့်လည်း သူ့ရဲ့တာဝန်ကို သူသိပါတယ်။

ရွှစ်……

လူပုလေးက လီဖူချန်းကို ဂရုမစိုက်တော့ဘဲ လျိုယန်ဆီသို့ ခုန်ဝင်သွားခဲ့ပါပြီ။

" မင်းက ငါ့ကို  အဖတ်မလုပ်တာလား……"

လူပုလေးရဲ့ လှုပ်ရှားမှုတွေက မြန်ပါတယ်။ ဒါပေမဲ့ လီဖူချန်းက သူ့ထက်ကို ပိုမြန်ပါတယ်။

မျက်စိတစ်မှိတ် အတွင်းမှာပဲ လီဖူချန်းဟာ လူပုလေးရဲ့  သွားလမ်းကို ပိတ်ထားလိုက်ပါပြီ။

" မင်းက အတော်မြန်တာပဲ "

" သေစမ်းကွာ "

လူပုလေးက လီဖူချန်းကို လက်ဝါးနဲ့ ရိုက်လိုက်ပါတယ်။

" သေမှာက မင်းကွ "

သည်တစ်ကြိမ်မှာတော့ လီဖူချန်းက ငြိမ်ခံမနေတော့ပါဘူး။ သူက လူပုလေးရဲ့  လက်ဝါးရိုက်ချက်ကို လက်သီးနဲ့ ပြန်ထိုး လိုက်ပါတယ်။

ဘန်း……

လီဖူချန်းရဲ့ လက်သီးက  လက်ဝါးရိုက်ချက်ကို ဖျက်ဆီး လိုက်ရုံသာမက လူပုလေးရဲ့ ဦးခေါင်းကိုပါ ဟက်တက်ကွဲသွား စေခဲ့ပါပြီ။

ဒါက ဖရဲသီးတစ်လုံးကို  ကျောက်တုံးတစ်တုံးနဲ့ ထုခွဲလိုက်သလိုပါပဲ။

နီရဲနေတဲ့ သွေးစိမ်းရှင်ရှင်တွေနဲ့  ဦးနှောက် အပိုင်းအစတွေကတော့ မြေပြင်ပေါ်မှာ ပြန့်ကျဲ နေပါတယ်။

" ဟင်…… လက်သီး တစ်ချက်တည်းနဲ့ သတ်ပစ်လိုက်တာလား "

လီဖူချန်းကို စောင့်ကြည့်နေတဲ့ ဝတ်စုံပြာ အဘိုးအိုနဲ့ ဝတ်စုံစိမ်း အဘိုးအိုတို့ကတော့ ဘာပြောလို့ ပြောရမှန်းကို မသိတော့ပါဘူး။

ဗလတောင့်တောင့်လူနဲ့ နောက်ထပ် ဝတ်စုံနက် နှစ်ယောက်ကလည်း ကြောက်ဒူး တုန်နေကြပါပြီ။

လျိုယန်ကလည်း ပါးစပ် အဟောင်းသားနဲ့ ပါပဲ။

လီဖူချန်းက မျက်နှာတစ်ခြမ်း စုတ်ပြတ်ရင် စုတ်ပြတ်နေပါမယ်။ ဒါပေမဲ့ အကောင်းပကတိ ကျန်နေတဲ့ သူ့ရဲ့ မျက်နှာ အရဆိုရင်တော့ အသက်၃၀ မကျော်နိုင်သေးပါဘူး။  သည်လို ပါရမီနဲ့ အစွမ်းအစက တောင်ပိုင်းတောအုပ် သိုင်းတက္ကသိုလ်မှာတောင် အတော်လေး ရှားပါးတယ်။

" ဆုတ်…… ဆုတ်ကြဟေ့……"

ဗလတောင့်တောင့်နဲ့ လူက တကယ့်ကို လူပါးလူနပ် တစ်ယောက်ပါပဲ။  သူက အခြေအနေကို ကောင်းကောင်းကြီး သဘောပေါက်ပါတယ်။

မျက်စိတစ်မှိတ် အတွင်းမှာဘဲ ဝတ်စုံနက်သုံးယောက်ဟာ  အရိပ်အယောင်တောင် ရှာမရအောင် ပျောက်ကွယ် သွားခဲ့ပါပြီ။

"  ကျေးဇူးတင်ပါတယ် သူရဲကောင်းလေး……။ ညီမအနေနဲ့ သူရဲကောင်းလေးရဲ့ နာမည်ကို သိပါရစေ "

လျိုယန်က သူမရဲ့ နှုတ်ခမ်းထောင့်က သွေးတွေကို သုတ်လိုက်ပြီး လီဖူချန်းကို အရိုအသေ ပေးလိုက်ပါတယ်။

" လီဖူချန်း "

လီဖူချန်းကလည်း သူ့ရဲ့ အမည်ကို လျို့ဝှက်ထားဖို့ အစီအစဉ် မရှိပါဘူး။ အဲသည်အတွက် သူ့ရဲ့နာမည် အမှန်ကို ပြောလိုက်ပါတယ်။

" သူရဲကောင်းလေး လီ……။ သည်အဘိုးကြီးကတော့ လျိုဆောင်ပါ။  သူကတော့ လျိုယု ဖြစ်ပါတယ်။     အစောပိုင်းတုန်းက ဝင်ရောက် အကူအညီ ပေးတာကို ကျေးဇူးတင်ပါတယ် "

ဝတ်စုံပြာ အဘိုးကြီးနဲ့ ဝတ်စုံစိမ်း  အဘိုးကြီးတို့ကလည်း လီဖူချန်း အနားကို ရောက်လာခဲ့ပါပြီ။ သူတို့နှစ်ယောက်ရဲ့ မျက်လုံးတွေကို ကြည့်လိုက်တာနဲ့  သူတို့နှစ်ယောက်ဟာ လီဖူချန်းကို အမှန်တကယ် ကျေးဇူးတင်နေမှန်း သိသာပါတယ်။ သူတို့အနေနဲ့ လီဖူချန်းကို  ကျေးဇူးမတင်လို့လည်း မဖြစ်ပါဘူး။

တကယ်လို့ လီဖူချန်းသာ ရောက်မလာလို့ကတော့   လျိုယန်ဟာ လူပုလေးရဲ့ လက်ချက်နဲ့ သေသွားတော့မှာ အသေအချာပါပဲ။  လျိုယန်သာ သေသွားရင်တော့ သူတို့ နှစ်ယောက်ဟာ ကလန်ကို  ဘယ်မျက်နှာနဲ့ ပြန်ပြီး ရှင်းပြရမယ်ဆိုတာကို မသိတော့ပါဘူး။

" အရမ်းလည်း ကျေးဇူးမတင်ပါနဲ့ဗျာ ……။ ကျွန်တော်က မတရားတာတွေ့ရင် ငြိမ်ပြီး ကြည့်မနေတတ်လို့ပါ "

လီဖူချန်းက လျိုယန်ကို အကြောင်းအရင်း နှစ်ချက်ကြောင့် ကယ်ခဲ့တာ ဖြစ်ပါတယ်။

ပထမအချက်ကတော့ သူဟာ တရားမျှတမှုကို လိုလားတဲ့ လူတစ်ယောက် ဖြစ်နေလို့ပါပဲ။    ဒုတိယ အချက်ကတော့ သူက သည်တိုက်ကြီးနဲ့ ပတ်သက်ပြီး သိချင်တာလေးတွေကို မေးဖို့အတွက် မိတ်ဆွေတွေ လိုနေလို့ပါ။

" ညီမကတော့ အစ်ကိုလီရဲ့ ကျေးဇူးတွေကို  ဘယ်လို ပြန်ဆပ် ရမလည်းတောင် မသိတော့ပါဘူးရှင်။   တကယ်လို့ အစ်ကိုလီအနေနဲ့ စိတ်မရှိဘူးဆိုရင် ညီမတို့ လျိုကလန်ကို အလည်လိုက်ခဲ့ပါလား။  ညီမတို့ လျိုကလန်က အစ်ကိုလီကို အကောင်းဆုံး ဧည့်ခံပါ့မယ် "

လျိုယန်က လီဖူချန်းကို ဖိတ်မန္တက ပြုလိုက်ပါတယ်။

ဝတ်စုံပြာအဘိုးအိုနဲ့ ဝတ်စုံစိမ်း အဘိုးအိုတို့ကလည်း လျိုယန် တစ်ယောက် လီဖူချန်းကို ဖိတ်ခေါ်လိုက်တာကို သဘောတူတဲ့ ပုံပါပဲ။

သူတို့နှစ်ယောက်က ခေါင်းတညိတ်ညိတ်နဲ့ လီဖူချန်းကို ကြည့်နေပါတယ်။

လီဖူချန်းက အသက်ငယ်ငယ်လေးနဲ့  ကောင်းကင်နယ်ပယ် အထွတ်အထိပ်ပညာရှင် တစ်ယောက်ကိုတောင် သတ်ပစ်နိုင်စွမ်း ရှိနေပါပြီ။ အဲဒါကို ကြည့်လိုက်တာနဲ့ လီဖူချန်းရဲ့ နောက်ခံဟာ မရိုးရှင်းဘူး ဆိုတာကို သိနိုင်ပါတယ်။ လျိုကလန်အနေနဲ့ လီဖူချန်းနဲ့ မိတ်ဆွေဖွဲ့တာက ကောင်းတဲ့ အရာတစ်ခုပါပဲ။

" ဟုတ်ပြီလေ။  လိုက်လည်ကြည့်တာပေါ့ "

လီဖူချန်းက အနည်းငယ် စဉ်းစားချင်ဟန် ဆောင်လိုက်ပြီး အဆုံးမှာတော့  လျိုကလန်ကို လိုက်လည်ဖို့ အတွက် လက်ခံလိုက်ပါတယ်။

သည်လိုနဲ့ပဲ လီဖူချန်းဟာ လျိုကလန် မြင်းစီးသမားအုပ်စုနဲ့ ပေါင်းမိ သွားခဲ့ပါပြီ။

လမ်းတစ်လျှောက်မှာတော့ သူဟာ လူတိုင်းဆီကနေ သူသိချင်တဲ့ သတင်း အချက်အလက်တွေကို မေးမြန်းခဲ့ပါတယ်။

ပထမဆုံး သူသိခဲ့တာကတော့ သည်နေရာက ခရမ်းရောင်ပန်း နိုင်ငံတော်ရဲ့ ပိုင်နက် ဆိုတာပါပဲ။

ဒုတိယတစ်ခု သူသိလာတာကတော့ တောင်ပိုင်းတောအုပ် သိုင်းတက္ကသိုလ် အကြောင်းပါ။  တောင်ပိုင်းတောအုပ် သိုင်းတက္ကသိုလ်က တောင်ပိုင်း တောအုပ် နယ်မြေမှာ တစ်ခုတည်းရှိတဲ့ သိုင်းတက္ကသိုလ် ဖြစ်ပါတယ်။  သည်သိုင်း တက္ကသိုလ်ကို တက်ရောက်နိုင်ဖို့က သိပ်တော့ မလွယ်လှပါဘူး။  ယေဘုယျအားဖြင့် ပြောရမယ် ဆိုရင်တော့ သည်သိုင်းတက္ကသိုလ်ကို တက်ရောက်ချင်တဲ့ လူတွေက အနည်းဆုံး ကြယ်၅ပွင့် အရိုးတည်ဆောက်ပုံကို ပိုင်ဆိုင်ထားရပါမယ်။

တောင်ပိုင်းတောအုပ် တက္ကသိုလ်ဟာ တစ်ခါတစ်ရံမှာတော့  အရိုးတည်ဆောက်ပုံ ညံ့ပေမယ့်  ပင်ကိုပါရမီ ကောင်းတဲ့ သူအချို့ကို  ချွင်းချက်အဖြစ် လက်ခံပါတယ်။

တတိယတစ်ခုအနေနဲ့  လီဖူချန်း သိလာတာကတော့  လျိုကလန် အကြောင်းပါပဲ။  လျိုကလန်ဟာ   ရေစီးကြောင်းမြို့ရဲ့ အဓိက ကလန်ကြီးသုံးခုထဲက တစ်ခု ဖြစ်တဲ့အပြင် ပြန်လည် ဝင်စားခြင်းနယ်ပယ် ပညာရှင် နှစ်ယောက်ကိုပါ  ပိုင်ဆိုင်ထားပါသေးတယ်။

" ခရမ်းရောင်ပန်း နိုင်ငံတော်တဲ့လား……"

သည်တိုက်ကြီးမှာ နိုင်ငံတော်တွေ ရှိတာကို သိခဲ့ပြီးနောက်မှာတော့  လီဖူချန်းဟာ အတော်လေး အံ့အားသင့် သွားခဲ့ရပါတယ်။

တစ်ချိန်တုန်းကတော့ အရှေ့ယူနီကွန်း တိုက်ကြီးမှာလည်း  နိုင်ငံတော်တွေ ရှိခဲ့တာပါပဲ။  ဒါပေမဲ့ အခုတော့ အဲသည်နိုင်ငံတော်တွေ အကုန်လုံးဟာ ပျက်သုဉ်း သွားခဲ့ပါပြီ။

" သည်ခရမ်းရောင်ပန်း နိုင်ငံတော်က အရမ်း အစွမ်းထက်တာလား……။ ဒါဆိုရင် တိုက်ပွဲ ဝိညာဉ်နယ်ပယ် အထက်က ပညာရှင်တွေလည်း ရှိနေမှာပေါ့ …… "

လီဖူချန်းရဲ့ ခန့်မှန်းချက်အရဆိုရင် သည်တိုက်ကြီးမှာ  တိုက်ပွဲဝိညာဉ် နယ်ပယ်အထက်က ပညာရှင်တွေ သေချာပေါက်ကို ရှိရပါမယ်။  ဒါပေမဲ့ သည်ခရမ်းရောင်ပန်း နိုင်ငံတော်မှာတော့ ရှိလား၊ မရှိဘူးလားဆိုတာကိုတော့  သူလည်း မသေချာပါဘူး။

ပြီးတော့ တောင်ပိုင်းတောအုပ် သိုင်းတက္ကသိုလ်………။

သိုင်းတက္ကသိုလ်တွေကတော့ လီဖူချန်းအတွက် သိပ်ပြီး အထူးအဆန်းကြီး မဟုတ်ခဲ့ပါဘူး။

အရှေ့ယူနီကွန်း တိုက်ကြီးမှာလည်း သိုင်းတက္ကသိုလ်တွေ ရှိတာပါပဲ။  ဒါပေမဲ့ အဲသည် သိုင်းတက္ကသိုလ်တွေက အရမ်း အားနည်းပါတယ်။ အရှေ့ယူနီကွန်း တိုက်ကြီးမှာက ဂိုဏ်းတွေသာ ကြီးစိုးတာပါ။

သည်တောင်ပိုင်းတောအုပ် သိုင်းတက္ကသိုလ်ကတော့ အရှေ့ယူနီကွန်း တိုက်ကြီးမှာရှိတဲ့ သိုင်းတက္ကသိုလ်တွေလို အားမနည်းပါဘူး။  သူတို့က  တိုက်ပွဲ ဝိညာဉ်နယ်ပယ် ပညာရှင် အမြောက်အများကို ပိုင်ဆိုင် ထားပါတယ်။

လီဖူချန်းအတွက် အံ့အားအသင့်ရဆုံးကတော့ ရေစီးကြောင်းမြို့က အဓိက ကလန်ကြီး သုံးခုပါပဲ။  သည်အဓိက ကလန်ကြီး သုံးခုစလုံးဟာ ပြန်လည် ဝင်စားခြင်းနယ်ပယ် ပညာရှင်တွေကို ပိုင်ဆိုင်ထားပါတယ်။

အရှေ့ယူနီကွန်းတိုက်မှာ ဆိုရင်တော့ ပြန်လည် ဝင်စားခြင်းနယ်ပယ် ပညာရှင်တွေဟာ တကယ့် ဆရာကြီးတွေပါပဲ။  လူတစ်ယောက်ဟာ ပြန်လည် ဝင်စားခြင်းနယ်ပယ် ပညာရှင်  ဖြစ်လာပြီဆိုတာနဲ့ နယ်မြေတစ်ခုကို အပိုင်စား ရနိုင်ပါတယ်။ ဒါပေမဲ့ သည်တိုက်ကြီးမှာတော့ ပြန်လည်ဝင်စားခြင်းနယ်ပယ် ပညာရှင် နှစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့ လျိုကလန်ဟာ  ရေစီးကြောင်းမြို့ရဲ့ အဓိကကလန်သုံးခု စာရင်းပဲ ဝင်ပါတယ်တဲ့။

ပြီးတော့  သည်မြင်းစီးသမားတွေရဲ့ ပြောပြချက်တွေ အရဆိုရင် ပြန်လည် ဝင်စားခြင်း နယ်ပယ် ပညာရှင်နှစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့ လျိုကလန်ဟာ သာမန် အတန်းအစားထဲက ကလန် တစ်ခုပါပဲတဲ့။

" ငါက အခြားနယ်မြေ တစ်ခုက လာခဲ့တာ။  အဲသည်တော့ သည်နယ်မြေက အကြောင်းတွေကို မသိဘူး။   မင်းတို့လျိုကလန် အခြေချတဲ့ ရေစီးကြောင်းမြို့က မြို့ကြီး တစ်ခုလား……"

လီဖူချန်းက သူ့ရဲ့ မြင်းကို ရထားလုံးနား ကပ်ပြီး လျိုယန်ကို မေးလိုက်ပါတယ်။

ရထားလုံးထဲမှာ ရှိနေတဲ့ လျိုယန်က ခေါင်းခါလိုက်ပြီး

" တောင်ပိုင်းတောအုပ် နယ်မြေထဲမှာက မြို့ပေါင်းရာနဲ့ချီပြီး ရှိတယ်။  ရေစီးကြောင်းမြို့က သာမန် မြို့လေး တစ်ခုထက် မပိုပါဘူးရှင် "ဟု ချိုသာစွာ ပြန်ဖြေလိုက်ပါတယ်။

လျိုယန်ရဲ့ ပြောစကားကို ကြားပြီးတဲ့ နောက်မှာတော့ လီဖူချန်းဟာ အံ့အားသင့် ရလွန်းလို့ မြင်းပေါ်ကတောင် ပြုတ်ကျတော့ မလိုပါပဲ။  ဒါပေမဲ့ သူက အလျင်အမြန်ပဲ ဟန်ချက်ကို ပြန်ထိန်း လိုက်ပါတယ်။

" လခွီးပဲ ……။ ဒါက ဘယ်လို တိုက်ကြီးမျိုးလည်း "

လီဖူချန်းရဲ့ စိတ်ထဲမှာတော့  တွေးစရာတွေ တသီတတန်းကြီး ဖြစ်ပေါ်လာခဲ့ပါပြီ။

နယ်မြေတစ်ခုမှာ မြို့ပေါင်း ရာနဲ့ချီ ရှိပြီး မြို့တိုင်းမှာရှိတဲ့ ကလန်တိုင်းဟာလည်း ပြန်လည် ဝင်စားခြင်းနယ်ပယ် ပညာရှင်တွေကို ပိုင်ဆိုင်ထားတယ်။

ဒါက သည်တိုက်ကြီးမှာရှိနေတဲ့ နယ်မြေတစ်ခုတိုင်းဟာ အရှေ့ယူနီကွန်းတိုက်ကြီးနဲ့ ညီမျှနေတယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။

" သည်တိုက်ကြီးက တကယ့်ကို ကြောက်စရာ ကောင်းတဲ့ နေရာတစ်ခုပဲ "

လီဖူချန်းက ခပ်တိုးတိုး ရေရွတ်လိုက်ပါတယ်။

နောက်ထပ် ထပ်ပြီးတော့ လီဖူချန်း သိလာတာကတော့ သူစီးနေတဲ့ မြင်းဟာ ယူနီကွန်းမြင်း ဖြစ်တယ် ဆိုတာပါပဲ။

ယူနီကွန်းတွေက မိစ္ဆာသားရဲကနေ ဝိညာဉ် သားရဲအဖြစ် ပြောင်းလဲခြင်း ခံထားရတဲ့ သားရဲတွေ မဟုတ်ပါဘူး။  သူတို့က မွေးကတည်းကနေ အဆင့်၃ ဝိညာဉ် သားရဲတွေ အဖြစ် မွေးဖွားလာခဲ့တာပါ။

အဆင့်၃ ဝိညာဉ်သားရဲတွေ ဖြစ်တဲ့အလျောက် ယူနီကွန်းတွေဟာ ပြေးတဲ့နေရာမှာ အရမ်းမြန်တဲ့အပြင် သက်လုံလည်း အတော်လေး ကောင်းပါတယ်။  သူတို့က ခရီးရှည်တွေ သွားတဲ့ နေရာမှာတော့ တကယ့်ကို အသုံးဝင်တဲ့ သားရဲတွေပါပဲ။

နောက်ထပ်တစ်ပတ်အကြာမှာတော့ လီဖူချန်းပါဝင်တဲ့ လျိုကလန်ရဲ့ မြင်းစီးသမားတွေဟာ ရေစီးကြောင်းမြို့ကို ရောက်ရှိလာခဲ့ပါပြီ။

အဝေးက ကြည့်လိုက်တာနဲ့ ခန့်ငြားထည်ဝါလှတဲ့ မြို့ကြီးတစ်မြို့ကို လီဖူချန်းတစ်ယောက် မြင်နေရပါတယ်။ သည်မြို့က ယုံဝူးမြို့ထက်တောင်မှ အဆပေါင်းများစွာ ကျယ်ဝန်းပါတယ်။

" သူရဲကောင်းလေးလီ…… ရေစီးကြောင်းမြို့ကို ရောက်ပြီဗျို့ "

အပြာရောင်ဝတ်စုံနဲ့ လျိုဆောင်က  လီဖူချန်းကို အသိပေးလိုက်ပါတယ်။

လျိုဆောင်ကို ကြည့်ရတာတော့ အခုမှ စိတ်အေးလက်အေး ဖြစ်သွားပုံပါပဲ။

လျိုကလန်က ရေစီးကြောင်းမြို့ထဲမှာ အခြေချနေတာ မဟုတ်ဘဲ မြို့စွန်မှာသာ  တည်ရှိ နေပါတယ်။

ရေစီးကြောင်းမြို့ထဲမှာ အခြေချနေတဲ့ ကလန်ကတော့ အဓိက ကလန်ကြီး သုံးခုထဲက" စု "ကလန်ပါပဲ။

နောက်ထပ် အချိန်အနည်းငယ် အကြာမှာတော့ သူတို့ဟာ လျိုကလန် တည်ရှိရာ တောင်ပေါ်ဒေသကို ရောက်ရှိလာခဲ့ပါပြီ။

လီဖူချန်းက မြင်းကို အသားတကျ စီးနေရင်းနဲ့ ပတ်ဝန်းကျင် တစ်ခုလုံးကို လေ့လာ နေပါတယ်။  သည်နေရာမှာက ကြီးမားပြီး ခန့်ငြားထည်ဝါလှတဲ့ အဆောက်အဦကြီးတွေ သာမက  တောင်တွေ၊ မြစ်တွေလည်း ရှိနေပါသေးတယ်။ ဒါက မြို့ငယ်လေး တစ်ခုလိုပါပဲ။

" သခင်မလေးနဲ့ အကြီးအကဲတွေ ပြန်ရောက်လာပြီဟေ့ "

လျိုယန်ရောက်လာပြီဆိုတာကို သိလိုက်တဲ့ လျိုကလန်သားတွေဟာ သူမကို ကြိုဆိုဖို့အတွက် ရောက်လာခဲ့ကြပါတယ်။

" ယန်အာ …… နောက်ဆုံးတော့ မင်းပြန်ရောက်လာပြီပဲ "

လျိူကလန်ရဲ့ အဆောက်အအုံ တစ်ခုထဲကနေ လူရိပ်တစ်ရိပ် ပျံသန်း ထွက်ခွာလာပြီး လျိုယန်ကို ကြိုဆိုလိုက်ပါတယ်။

အဲသည်လူကတော့ အဆင့်၁ ပြန်လည် ဝင်စားခြင်းနယ်ပယ် ပညာရှင် တစ်ယောက်ပါပဲ။

" ဖေဖေ "

လျိုယန်ရဲ့ မျက်နှာပေါ်မှာလည်း ဝမ်းသာ ပျော်ရွှင်မှုတွေ ဖြစ်ပေါ်လာခဲ့ပါပြီ။

ထိုလူရိပ်က မြေပြင်ပေါ်ကို ရောက်လာတာနဲ့ တစ်ပြိုင်နက်  လျိုယန်ကို  တင်းတင်းကျပ်ကျပ် ထွေးပွေ့ လိုက်ပါတယ်။

" ကလန်ခေါင်းဆောင် "

လျိုဆောင် ၊ လျိုယုနဲ့ အခြားသော လျိုကလန်သားတွေက ထိုလူရိပ်ကို အရိုအသေ ပေးလိုက်ကြပါပြီ။

ထိုလူရိပ်ကတော့ အခြားသူ မဟုတ်ပါဘူး။  သူက လျိုကလန်ရဲ့ လက်ရှိ ခေါင်းဆောင် လျိုကျန်း ပါပဲ။

သူ့ရဲ့ သမီးဖြစ်သူ လျိုယန်ကို အတန်ကြာ ထွေးပွေ့ပြီးသွားတဲ့ နောက်မှာတော့ လျိုကျန်းဟာ  မြင်းစီးသမားတွေကို သေသေချာချာ အကဲခတ် လိုက်ပါတယ်။

လီဖူချန်းကို အတွေ့မှာတော့ လျိုကျန်းရဲ့ အကဲခတ်မှုတွေဟာ ခေတ္တခဏ ရပ်တန့် သွားခဲ့ပါပြီ။

သူက လျိုဆောင်ဘက်ကို လှည့်လိုက်ပြီး

"  လျိုဆောင် …… ငါ့သမီးကို သွားကြိုတဲ့ခရီးက  အဆင်ပြေရဲ့လား "

" အဟမ်း "

လျိုကျန်းရဲ့ မေးခွန်းကို ကြားအပြီးမှာတော့ လျိုဆောင်ဟာ လည်ချောင်း တစ်ချက် ရှင်းလိုက်ပြီး ဖြစ်ကြောင်း ကုန်စင်ကို ရှင်းပြလိုက်ပါတယ်။ ပြီးတော့ သူက  လျိုကျန်းနဲ့ လီဖူချန်းကိုလည်း မိတ်ဆက် ပေးလိုက်ပါသေးတယ်။

" ဒါက ကျန်းကလန်ရဲ့ လက်ချက်ပဲ ဖြစ်ရမယ်။  ဟမ့်…… တွေ့ကြသေးတာပေါ့ကွာ။   ငါ့ခွင်ထဲ ရောက်လာလို့ကတော့ မင်းတို့ ကျန်းကလန်က ကောင်တွေကို တစ်ယောက်မှ အရှင်မထားဘူးကွ "

အကြောင်းစုံကို သိပြီးတဲ့ နောက်မှာတော့ လျိုကျန်းဟာ တောက်တခေါက်ခေါက်နဲ့  ကျန်းကလန်ကို ကြိမ်းဝါးနေခဲ့ပါပြီ။  တကယ်လို့ လီဖူချန်းသာ ရောက်မလာခဲ့ရင် လျိုယန် တစ်ယောက်  ဘာတွေ ဖြစ်သွားမလည်းဆိုတာ မတွေးဝံ့စရာပါပဲ။

ထို့နောက်မှာတော့ လျိူကျန်းဟာ လက်နှစ်ဖက်ဆုပ်ကာ လီဖူချန်းကို အရိုအသေ ပေးလိုက်ပါတယ်။

" သူရဲကောင်းလေးလီ……။ အခုလို ကျွန်တော့်သမီးရဲ့ အသက်ကို ကယ်တင် ပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်ဗျာ။  ကျေးဇူးပြုပြီး ကျွန်တော်တို့ လျိုကလန်မှာ  အချိန်တစ်ခုလောက် အထိ တည်းခိုသွားပါဦး။  မဟုတ်လို့ရှိရင် ကျွန်တော့ စိတ်ထဲမှာ နေလို့ ကောင်းမှာ မဟုတ်ဘူဗျ "

လျိုကျန်းက စိတ်သဘောထား ဖြောင့်မတ်တဲ့ လူတစ်ယောက်ပါပဲ။  သူက ကလန်ခေါင်းဆောင် တစ်ယောက် ဆိုတဲ့ ဂုဏ်ပုဒ်ကိုတောင် ဂရုမစိုက်ဘဲ လီဖူချန်းကို လှိုက်လှိုက်လှဲလှဲကို အရိုအသေ ပေးနေတာပါ။

" ကလန်ခေါင်းဆောင် လျိုကတော့ အရမ်းကို ယဉ်ကျေးလွန်းနေပါပြီဗျာ။  စိတ်မပူပါနဲ့။  ကျွန်တော်က လျိုကလန်မှာ တည်းခိုဦးမှာပါ "

လျိုကျန်းက အရမ်းကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်နေတဲ့ အတွက် လီဖူချန်းကလည်း မနေသာတော့ပါဘူး။  သူကလည်း လျိုကျန်းကို တစ်ဖန် ပြန်ပြီး အရိုအသေ ပေးလိုက်ပါတယ်။

" သူရဲကောင်းလေးလီ …… ကြွပါ "

လျိုကျန်းက လီဖူချန်းကို ကလန်ထဲဝင်ဖို့ အတွက် လမ်းပြလိုက်ပါတယ်။

လျိုကလန်က တကယ့်ကို အံ့အားသင့်စရာပါပဲ။  လျိုကလန်ထဲကို ဝင်လိုက်တာနဲ့ လီဖူချန်းဟာ မမြင်ရတဲ့ အကာအကွယ်တစ်ခုကို ဖောက်ပြီး ဝင်လိုက်ရသလို ခံစားလိုက်ရပါတယ်။

" ဘာလည်းဟ …… လျိုကလန်က အကာအကွယ် ဝင်္ကပါ တစ်ခုကိုတောင် ခင်းကျင်း ထားတာလား "

နောက်ဆုံးမှာတော့ လီဖူချန်းဟာ သည်တိုက်ကြီးရဲ့ ကြောက်စရာ ကောင်းပုံကို သိလိုက်ရပါပြီ။  သာမန်မြို့လေး တစ်မြို့မှာရှိတဲ့ ကလန် တစ်ခုမှာတောင်မှ အကာအကွယ် ဝင်္ကပါတစ်ခု ရှိနေပါတယ်။ ဒါက တကယ့်ကို မယုံချင်စရာပါပဲ။ သည်လျိုကလန်ရဲ့ အခြေခံ အုတ်မြစ်က မိုးပြာရောင်ဂိုဏ်းနဲ့ ယှဉ်ရင်တောင် သိပ်ကွာလှမှာ မဟုတ်ပါဘူး

လျိုကလန်ထဲကို အရောက်မှာတော့ သိပ်သည်းလှတဲ့ ကောင်းကင်နဲ့ မြေကြီးရဲ့ ချီစွမ်းအင်တွေက လီချန်းရဲ့ မျက်နှာကို လာရောက် ရိုက်ခတ်ပါတယ်။  ကြည့်ရတာတော့ သည်နေရာမှာ ရှိနေတဲ့ ကောင်းကင်နဲ့ မြေကြီးရဲ့ ချီစွမ်းအင်တွေက အပြင်ဘက်မှာထက် ငါးဆလောက် ပိုသိပ်သည်းနေပုံပါပဲ။

" နင့်မေကလွှားတဲ့မှပဲ။  လျိုကလန်က အကာအကွယ် ဝင်္ကပါအပြင် ချီအစုအဝေး ဝင်္ကပါကိုလည်း ခင်းကျင်းထားတာလား "

လီဖူချန်းကတော့ နောက်ထပ်တစ်ကြိမ် အံ့သြရပြန်ပါပြီ။

အရှေ့ယူနီကွန်း တိုက်ကြီးမှာဆိုရင် ထိပ်တန်းဂိုဏ်းကြီး ၁၀ဂိုဏ်းမှသာ သည်လို ချီအစုအဝေး ဝင်္ကပါကို ခင်းကျင်းနိုင်တာပါ။  သည်ဝင်္ကပါက  အချင်းဝက် ၁၀မိုင်ကနေ မိုင်၁၀၀ အတွင်းမှာရှိတဲ့  ကောင်းကင်နဲ့ မြေကြီးရဲ့ ချီစွမ်းအင်တွေကို စုစည်း စေနိုင်ပါတယ်။

လျိူကလန်ရဲ့ အံ့သြစရာတွေကတော့ မကုန်သေးပါဘူး။

လမ်းတစ်ဝက်မှာ လီဖူချန်းဟာ ဆေးဥယျာဉ်ငယ်လေး တစ်ခုကို ထပ်တွေ့ရ ပြန်ပါတယ်။

သည်ဆေးဥယျာဉ်ထဲမှာ စိုက်ထားတာကတော့ ဆန်းကြယ်အဆင့် ဆေးပင်တွေပါပဲ။

အရှေ့ယူနီကွန်း တိုက်ကြီးမှာဆိုရင် ဆန်းကြယ် အဆင့်နိမ့် ဆေးပင်တွေနဲ့  ဆန်းကြယ် အလယ်အလတ်အဆင့် ဆေးပင်တွေကိုတောင် မနည်းရှာနေရတာပါ။

အခု လျိုကလန်ရဲ့ ဆေးဥယျာဉ်ထဲမှာတော့ ဆန်းကြယ်အဆင့်နိမ့် ဆေးပင်တွေနဲ့  ဆန်းကြယ် အလယ်အလတ်အဆင့် ဆေးပင်တွေကို စိုက်ထားပါတယ်။

" ဟ …… ဟ …… "

" ငါ့အဖြစ်က မင်းနေပြည်တော်ကို ရောက်သွားတဲ့  ကျေးတောသားလို ဖြစ်နေပြီပဲ "

သည်တစ်ကြိမ်မှာတော့ လီဖူချန်းဟာ သိပ်ပြီး မအံ့သြတော့ပါဘူး။  အဲသည်အစား  သူက သူ့အဖြစ်ကို သူတွေးပြီး ကျိတ်ရယ် နေမိပါပြီ။

အဆောက်အဦး တော်တော်များမျာ ဖြတ်ကျော်ခဲ့ အပြီးမှာတော့ လျိုကျန်းက ခေတ္တခဏ ရပ်လိုက်ပြီး  လျိုယန်ကို ပြောလိုက်ပါတယ်။

" ယန်အာ……။  သူရဲကောင်းလေးလီကို လျိုကလန် တစ်ပတ် လိုက်ပြပေးလိုက်ဦး။  ပြီးတော့ သူရဲကောင်းလေး နေမယ့် နေရာကိုလည်း  သမီးပဲ ကြည့်စီစဉ်ပေးလိုက်  "

" ဟုတ်ကဲ့ပါ ဖေဖေ "

လျိုယန်က လျိုကျန်းကို ခေါင်းညိတ်ပြလိုက်ပါတယ်။

( note -အာ …… ဆိုတာက လူကြီးမိဘတွေက သူတို့ရဲ့ သား၊သမီးတွေကို  တရုတ်လို ချစ်စနိုးနဲ့ ခေါ်တာပါ။  လီဖူချန်းကိုဆိုရင် သူ့အမေက  ချစ်စနိုးနဲ့ ချန်းအာလို့ ခေါ်လေ့ ရှိပါတယ်။  )

ထို့နောက်မှာတော့ လျိုယန်က လီဖူချန်းကို  ချစ်စဖွယ် ပြုံးပြလိုက်ပြီး

" လီဖူချန်း…… သည်ဘက်ကို လာခဲ့ "

" အင်း "

လီဖူချန်းက လျိုယန်ခေါ်တာကို ငြင်းမနေတော့ပါဘူး။

သူတို့နှစ်ယောက် ထွက်သွားပြီဆိုမှ လျိုကျန်းနဲ့ အခြားသော အကြီးအကဲတွေဟာ လျိူကလန်ရဲ့ အဓိက ပင်မခန်းဆောင်ကို ဦးတည်ပါတော့တယ်။

သည်တစ်ကြိမ် ချုံခိုတိုက်ခိုက် ခံရတာက ပေါ့သေးသေး ကိစ္စတစ်ခု မဟုတ်ပါဘူး။ ဒါက လျိုကလန်ရဲ့ အတော်ဆုံး ပါရမီရှင်ကို လုပ်ကြံ သတ်ဖြတ်ဖို့ ကြိုးစားတာပါ။  အဲသည်ကိစ္စကို ဆွေးနွေးတိုင်ပင်ဖို့ အတွက် လျိုကျန်းဟာ လျိုယန်နဲ့ လီဖူချိန်းကို ပထုတ်လိုက်တာ ဖြစ်ပါတယ်။ လျိုကလန်ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ လျိုကျန်းဟာ သူတို့ရဲ့ ဧည့်သည်ဖြစ်တဲ့ လီဖူချန်းကို သည်ကိစ္စထဲမှာ ဝင်မပါစေချင်လို့ ပထုတ်လိုက်တာ ဆိုရင်လည်း မမှားပါဘူး။

***

All Chapters