← Chapters

ချန်းချန်နှင့် ထုံရို့ပင်းတို့ ပြိုင်ဆိုင်ခြင်း အပိုင်း(၃)

Vol. 58 Ch. 803

ချန်းချန်နှင့် ထုံရို့ပင်းတို့ ပြိုင်ဆိုင်ခြင်း အပိုင်း(၃)

Vol. 58 Ch. 803

ဝမ်ဝေ့က အသက်ပြင်းပြင်းရှူထုတ်လိုက်ပြီးသည့်နောက်တွင် သူ့ကိုယ်သူ စိတ်ငြိမ်အောင် ထိန်းလိုက်သည်။ သူက ချန်းချန်နှင့် ထုံရို့ပင်းတို့ တိုက်ပွဲကို ဆက်လက် ကြည့်ရှုလိုက်၏။ ယခုတွင် ထုံရို့ပင်း၏ ကိုယ်ပွားများက ချန်းချန်၏ တပ်ခွဲနှင့် ယှဉ်နိုင်သည့်အတွက် နှစ်ဦးသားက မဆုတ်သာမတိုးသာ အခြေအနေသို့ ကျရောက်နေသည်။

ထုံရို့ပင်းက ထိုနှစ်ဖွဲ့ကြားမှ ထိပ်တိုက်ရင်ဆိုင်မှုကို တည်တည်ငြိမ်ငြိမ် ကြည့်နေလေ၏။ သူမ၏ တောက်ပနေသည့် အကြည့်များအရ သူမသည် စောင့်ကြည့်နေခြင်းထက် ပိုကြောင်း ညွှန်ပြနေသည်။ ထို့နောက် ကိုယ်ပွားအရေအတွက်က သေချာသည့် အနေအထားတစ်ခုသို့ ရောက်သွားသည့်အခါ သူမက လှုပ်ရှားလိုက်သည်။

အဆောင်အစီအရင်

ကိုယ်ပွားများက ရပ်တန့်သွားပြီးသည့်နောက်တွင် သူတို့ရှေ့၌ သေးငယ်သည့် အဆောင်တစ်ခုစီ ထွက်ပေါ်လာသည်။ ထိုအရာက ထောင့်မှန်စတုဂံလိုမျိုး စာရွက်ငယ်လေး တစ်ခုလိုမျိုး ဖြစ်ပြီး အပေါ်တွင် ရေးသားထားလေသည်။ ထို့နောက် အဆောင်က လေထဲတွင် မြောလွင့်လာပြီး ဧရာမအစီအရင်တစ်ခုအဖြစ် ပေါင်းစပ်သွားသည်။

ထို့ကြောင့် မိုးမြေကြားရှိ ဧရာမအဆောင်စာရွက် တစ်ခု ဖြစ်တည်လာ၏။ ဆက်တိုက်ဆိုသလို ထိုအဆောင်ဆီမှ အဖျက်စွမ်းအား ခရမ်းရောင်အလုံးများ ကျဆင်းလာပြီး ချန်းချန်ကို အမှုန်ပင် မကျန်စေဘဲ သုတ်သင်ပစ်လေသည်။

မည်သို့ပင်ဆိုစေကာမူ ထုံရို့ပင်းက သူမ၏ အောင်မြင်မှုကို အောင်ပွဲမခံသေးပေ။ ထင်ထားသည့်အတိုင်း သိပ်မကြာခင် နောက်ထပ် ချန်းချန်တစ်ယောက် ထွက်ပေါ်လာ၏။ သို့သော်လည်း ထုံရို့ပင်းက မျက်မှောင်ကြုတ်လိုက်သည်။

ဒီမှာ အာကာပြင်အတက်အကျမရှိသလို စွမ်းအား အတက်အကျလည်း မရှိဘူး။ သူက ဒီအတိုင်း ပေါ်ထွက်လာတာပဲ…

ထုံရို့ပင်းက သုံးသပ်လိုက်သည်။

သူက သူ့လူသားဆန်စိတ်ကို ပိုပြီးတော့ ဆုံးရှုံးသွားတာပဲ…

သူမက ချန်းချန်၏ တည်ငြိမ်ကာ ယုတ္တိဆန်သည့် ဘက်အခြမ်းသည် ဖြည်းဖြည်းချင်း အားကောင်းလာကြောင်း နားလည်လေသည်။ ထိုသူက တပ်မဟာကို စေလွှတ်ဖို့ နည်းလမ်းကောင်းကိုပင် အသုံးပြုခဲ့၏။

သူက အာကာပြင်အက်ကြောင်း ဘယ်နေရာကို ဦးတည်နေတယ်ဆိုတာကို ရှာမတွေ့စေချင်တဲ့ပုံပဲ…

ထုံရို့ပင်းက သုံးသပ်လိုက်သည်။ အကယ်၍ ချန်းချန်၏ လူသားဘက်အခြမ်းသည် အမှားအယွင်းများ လုပ်သည်ဆိုပါက တခြားဘက်အခြမ်းသည် ထိုအမှားများကို လုပ်မည် မဟုတ်ပေ။ ပြောရလျှင် ထိုအမှားများမှ အမြန်အဆန် သင်ယူနိုင်သေး၏။

ကံကောင်းတာ နောက်ကျလွန်းသွားခဲ့တာပဲ…

သူတို့ခေါင်းထက်ရှိ အဆောင်အစီအရင်သည် ပျောက်ကွယ်မသွားပေ။ ထိုအစား ထိုအရာက အပေါ်ယံတွင် ရေးသားထားသည့် သင်္ကေတများ ပြောင်းလဲသွား၏။ ထို့နောက် ထိုအဆောင်မှ ကြိုးမျှင်တစ်ခု ထွက်ပေါ်လာကာ လေဟာနယ်ထဲ ဦးတည်သွားသည်။

ထုံရို့ပင်းက လေဟာနယ်ဖြိုခွင်းရေးအဆောင်ကို အသုံးပြုကာ ထိုကြိုးမျှင်ဦးတည်ရာဆီ လိုက်လာလိုက်သည်။ အာကာပြင်မုခ်ပေါက်တစ်ခုက သူမကို ဝါးမျိုသွားပြီးသည့်နောက် သိပ်မကြာခင် သူမက တောင်တစ်ခုမှလွဲ၍ ဘာမှမရှိသည့် မြင်ကွင်းတစ်ခုကို မြင်လိုက်ရသည်။

ဒီနေရာက မြေဓာတ်စွမ်းအားနဲ့ ပြည့်နှက်နေတာပဲ။ မြေဓာတ်စည်းမျဉ်းတွေကတောင် တခြားတွေထက် ပိုပြီးတော့ အသက်ဝင်နေတယ်…

ကံဆိုးစွာဖြင့် ထုံရို့ပင်းသည် ပတ်ဝန်းကျင်ကို နားလည်ဖို့ အချိန် မရှိပေ။ သူမ၏ အံ့ဖွယ်အသိစိတ်ဖြင့် အကြမ်းဖျင်း စစ်ဆေးကြည့်ပြီးသည့်နောက်တွင် သူမ၏ ရည်ရွယ်ချက်ကိုသာ အာရုံစိုက်လိုက်၏။

သူမက ထိုကြိုးမျှင်သည် နောက်ထပ် ဒိုင်မေးရှင်းတစ်ခုဆီ ဖြတ်သန်းသွားသည်ကို မြင်လိုက်ရသည်။ ထို့ကြောင့် သူမက နောက်ထပ် လေဟာနယ်ဖြိုခွင်းခြင်းအဆောင်ကို အသုံးပြုကာ ဦးတည်ရာနောက် လိုက်လာလိုက်သည်။

ထုံရို့ပင်းက လေဟာနယ်ဂိတ်ပေါက်ထဲ ရပ်လိုက်ပြီး ခုခံရေးအားအကောင်းဆုံး မန္တန်ဖြင့် လွှမ်းခြုံထားလိုက်သည်။

သူမ၏ ဦးတည်ရာသို့ ရောက်ရှိပြီးသည့်နောက်တွင် သူမရှေ့တွင် မြင်လိုက်ရသည့် မြင်ကွင်းကြောင့် မျက်မှောင်ကြုတ်မိသွားသည်။

“တကယ်ကို ပြောင်မြောက်တဲ့ ဖန်တီးမှုပဲ” သူမက လေထဲတွင် မြောလွင့်နေသည့် မိုးထိလုမတတ် မြို့ကိုကြည့်ကာ ရေရွတ်လိုက်သည်။ သူမ၏ ဗဟုသုတဖြင့်ပင် ထိုမြို့သည် အင်မော်တယ်အဆင့် အသုံးအဆောင်ဖြစ်ပြီး အဆင့်က ပွင့်ချပ် ၇ လွှာနှင့် ယှဉ်နိုင်ကြောင်း ချက်ချင်းပြောနိုင်သည်။

“မင်းရဲ့ ချီးကျူးမှုက ငါ့အတွက် ဘာအဓိပ္ပာယ်မှ မရှိဘူး” ထိုမြို့မှ အသံတစ်သံ ထွက်ပေါ်လာ၏။

“ကျွန်မ နားမလည်ဘူး။ ရှင့်ရဲ့ အောင်မြင်မှုက ကျွန်မထက် မဆိုးရွားတာကို ဘာလို့ ရန်လိုနေရတာလဲ။” ထုံရို့ပင်းက ပြောလိုက်သည်။

“ငါလည်း အဲဒါကို သိတယ်။ အနိုင်ပိုင်းတာကပဲ ကမ္ဘာကြီးဆီ ဒီအချက်ကို ပြသဖို့ လိုအပ်နေတဲ့ သက်သေ ဖြစ်လာမှာ။ အသင်္ချေအင်ပါယာကမ္ဘာက လူတွေအားလုံး ကြည့်နေတဲ့အချိန်မှာ ပိုပြီး မကောင်းဘူးလား”

ထုံရို့ပင်းက တိတ်တဆိတ် ခေါင်းခါလိုက်သည်။ သူ့စကားများက အမှန် ဖြစ်သော်လည်း သူမ၏ တာအိုနှလုံးသားနှင့် စိတ်အခြေအနေသည် ချန်းချန်ထက် ကျော်လွန်နေသည့်အတွက် အရေးသာချက်ရှိမှန်း သိလေသည်။

အကယ်၍ သူသာ သူမကို အနိုင်ယူနိုင်ခဲ့လျှင်ပင် သူ့ခန္ဓာကိုယ်က သိပ်ကောင်းမည် မဟုတ်ပေ။ ချန်းချန်က ထာဝရ သေဆုံးသွားနိုင်ပြီး တစ်စုံတစ်ယောက် သို့မဟုတ် တစ်စုံတစ်ခုဖြင့် အစားထိုးသွားနိုင်သည်။

ထုံရို့ပင်း၏ သုံးသပ်ချက်က သူမ သိထားသည်ထက်ပင် ပိုမိုမှန်ကန်နေခဲ့၏။ ချန်းချန်၏ တည်ရှိမှုက ထိုနည်းစနစ်အပြီး သွေဖယ်သွားကာ ပြောင်းလဲသွားခဲ့သည့်အတွက် ယခင်ချန်းချန်နှင့် အတူတူလားဟု ပြောဖို့ရာ အခက်တွေ့လာသည်။

“အနိုင်ရရှိတဲ့သူက မဆုံးဖြတ်ရသေးပါဘူး” ထုံရို့ပင်းက ပြန်လည်ချေပလိုက်၏။ ဤအချိန်တိုအတွင်း သူမက ချန်းချန်၏ မူမမှန်မှုများစွာကို ရှာဖွေတွေ့ရှိခဲ့သည်။ သူမက လွင့်မြောနေသည့် မြို့ကို ကြည့်ရင်း ချန်းချန်များသာ ထိုနေရာကို အုပ်စိုးထားကြောင်း မြင်လိုက်ရသည်။

ထို့အပြင် အများစုက မွမ်းမံသန့်စင်ထားသည့် ရုပ်သေးရုပ်များ ဖြစ်၏။ သူတို့က သူတို့ကိုယ် သူတို့နှင့် သူတို့၏ ခန္ဓာကိုယ်အစိတ်အပိုင်းများကို ပြုပြင်ထုတ်လုပ်နေကြသည်။

သူက ကိုယ်ပွားပြဿနာကို ဖြေရှင်းနိုင်လိုက်တာလား…

သူမက စဉ်းစားလိုက်သည်။ ကျွမ်းကျင်အတတ်ပညာများသည် တူညီသည့် ပြဿနာကို ကြုံတွေ့ရလေ့ရှိပြီး သူတို့၏ ထုတ်လုပ်မှု လိုအပ်ချက် ဖြစ်သည်။ ဆေးဝါးပညာရှင်တိုင်းက ဆေးလုံးများစွာ ဖော်စပ်လိုပြီး လက်နက်သန့်စင်သူ သို့မဟုတ် အဆောင်ပြုလုပ်သူများအတွက်လည်း အတူတူသာဖြစ်၏။

ထို့ကြောင့် သူတို့က ထိုပြဿနာကို ကိုယ်ပွားနှင့် ရုပ်သေးရုပ်များကို အသုံးပြုပြီး ဖြေရှင်းဖို့ ကြိုးစားခဲ့ကြသည်။ အတွေးကမူ သူတို့၏ ကိုယ်ပွားများစွာကို ဖန်တီးပြီး ထုတ်လုပ်နိုင်စွမ်းကို တိုးမြှင့်ဖို့ ဖြစ်၏။

နှမြောစရာကောင်းလှသည်က ထိုနည်းလမ်းက ကျရှုံးခဲ့လေသည်။ ကိုယ်ပွားများများ ရှိခြင်းက အသုံးမဝင်ပေ။ တချို့ ထူးကဲသည့် အရာများက ကိုယ်ပွားသန့်စင်နိုင်သည့် အရေအတွက် ကန့်သတ်ချက်ကြောင့် ကန့်သတ်ခံထားရသည်။

ရုပ်သေးရုပ်များကို အသုံးပြုသည့်အခါတွင်လည်း တူညီသည့် ပြဿနာ ထွက်ပေါ်လာ၏။ သူတို့က ဘာကိုမှ သန့်စင်နိုင်စွမ်း မရှိပေ။ ကျွမ်းကျင်အတတ်ပညာရှင်များက သူတို့၏ ဝိညာဉ်ကို ရုပ်သေးရုပ်နှင့် ဆက်နွယ်ထားလျှင်ပင် အသုံးမဝင်ပေ။

ရှေးဟောင်းဝိဇ္ဇာများက ထိုအရာသည် မိုးမြေကန့်သတ်ချက်ထဲမှ တစ်ခုဖြစ်ကြောင်း ရှာဖွေတွေ့ရှိခဲ့ကြသည်။ ထိုနည်းလမ်းကို လေ့လာခြင်းဖြင့် ရှေးဟောင်းဝိဇ္ဇာနှင့် ဉာဏ်ကြီးသူများက မိုးမြေသည် တစ်ယောက်တည်း သို့မဟုတ် တစ်ကိုယ်တည်း ဖွံ့ဖြိုးတိုးတက်မှုကို မျက်နှာသာပေးကြောင်း ကောက်ချက်ချခဲ့ကြ၏။

အကယ်၍ ကျွမ်းကျင်အတတ်ပညာရှင်များက သူတို့၏ ထုတ်လုပ်နိုင်စွမ်းကို တိုးမြှင့်လိုလျှင် သူတို့သည် အရာများစွာကို တစ်ပြိုင်နက်သန့်စင်နိုင်ဖို့ သူတို့၏ စွမ်းဆောင်ရည်ကို တိုးမြှင့်ဖို့သာ လိုအပ်၏။ နမူနာအားဖြင့် ယန်းလီလင်းလိုမျိုး ပါရမီထူးကဲသည့် ဆေးဝါးပညာရှင် တစ်ယောက်အတွက် တစ်ခါတည်းဖြင့် ဧကရာဇ်တစ်ပိုင်းအဆင့် ဆေးလုံး၏ ဆေးပြင်းမီးဖို ရာချီကို သန့်စင်နိုင်သည်။

ဆေးလုံး၏ အဆင့်က နိမ့်လေလေ သူမ သန့်စင်နိုင်သည့် ဆေးပြင်းမီးဖို ပမာဏက များပြားလေလေဖြစ်၏။

ဒါပေမဲ့ ချန်းချန်က အဲဒီကန့်သတ်ချက် မရှိတော့တဲ့ ပုံပဲ…

ထုံရို့ပင်းက သုံးသပ်လိုက်သည်။

“ မင်း သိသွားပြီလား” ချန်းချန်၏ အသံက မြို့ထဲမှ ထွက်ပေါ်လာသည်။

“ အခု ငါက ခန္ဓာကိုယ်ရှိတဲ့ သက်ရှိတွေနဲ့ တူညီတဲ့ ကန့်သတ်ချက်မျိုး မရှိတော့ဘူး”

ထုံရို့ပင်းက သူ့လေသံနှင့် စကားအရ မသက်မသာ ခံစားမိလေသည်။

“ဒါက ရှင်ရဲ့ ဒီအချက်က ကျွန်မတို့ထက် ကျော်လွန်သွားပြီလို့များ ထင်နေလား”

“ကျော်လွန်သွားတာတဲ့လား။ မဟုတ်ဘူး။ နည်းလမ်းများစွာအရ ပိုကောင်းလာတာ။ ဟုတ်တယ်။”

“မွေးဖွားခြင်း၊ အသက်ကြီးရင့်ခြင်း၊ ဖျားနာခြင်းနဲ့ သေဆုံးခြင်းတွေက ကျင့်ကြံသူတွေ တာအိုလမ်းစဉ် နောက်လိုက်ရင် ကျော်လွှားရမဲ့ အတားအဆီးတွေထဲက တစ်ခုပဲ။ ပထမ ၃ ခုလို့တော့ မပြောတော့ဘူး။ ဒါပေမဲ့ ရှင်က သေခြင်းတရား အနှောင်အဖွဲ့ကနေ လွတ်မြောက်နိုင်ပြီလား” ထုံရို့ပင်းက မေးလိုက်သည်။

သို့သော်လည်း ချန်းချန်က ပြန်မဖြေပေ။

“ တာအိုကို သက်သေ မပြရသေးတဲ့ သက်ရှိအားလုံးရဲ့ သက်တမ်းကန့်သတ်ချက်က တစ်ယွမ်ခေတ်ကာလလို့ ကြားဖူးတယ်။ ပြောပါဦး။ ရှင့်ရဲ့ ဇစ်မြစ်အသစ်က ဒီကန့်သတ်ချက်ကို ချိုးဖောက်နိုင်ပြီလား”

ချန်းချန်က တိတ်ဆိတ်သွားလေ၏။ သူ့ခန္ဓာကိုယ်က ဤကန့်သတ်ချက်ကို ကျော်လွန်ပြီးနေထိုင်ဖို့ ကန့်သတ်ချက် မရှိပေ။ မိုးမြေကြားတွင် အရင်းအမြစ်များ ရှိနေသရွေ့ သူက အစိတ်အပိုင်းများကို ပြန်လည်အစားထိုးနိုင်သည်။

သို့သော်လည်း သူ ဆင့်ကဲပြောင်းလဲခြင်း၏ ခန္ဓာကိုယ်ကဏ္ဍတွင်မူ ဝိညာဉ်ပုံစံ ရှိနေသည်။ ကံဆိုးစွာဖြင့် သူ့ဝိညာဉ်က ထိုမျှကြာမနေနိုင်ပေ။

ငါ့ရဲ့ ခန္ဓာကိုယ်ကို စွန့်ပယ်လိုက်ရမလား…

ချန်းချန်က တွေးလိုက်မိသည်။

မဟုတ်သေးဘူး။ ငါ့ရဲ့ထူးကဲမှုက ဝိညာဉ်ကနေ ရောက်လာတာ။ ဒါကို ဘာမှဖြစ်လို့ မဖြစ်ဘူး။ ပြီးတော့ ငါ အဲ့လိုသာလုပ်လိုက်မယ်ဆိုရင် ရုပ်သေးရုပ် စိတ်ဝိညာဉ်မျိုးနွယ်က လွဲပြီး ဘာမှမဟုတ်တော့သလို ဖြစ်သွားလိမ့်မယ်…

“အဖြေက မဟုတ်ဘူးမလား” ထုံရို့ပင်းက နှာခေါင်းရှုံ့ကာ ပြောလိုက်၏။

“လူသားတွေ ဒါမှမဟုတ် အသွေးအသား သက်ရှိတွေထက် ကျော်လွန်နေတဲ့ သက်ရှိအများကြီး ရှိတယ်။ ဒါပေမဲ့ ကျွန်မတို့က အစာကွင်းဆက်ရဲ့ ထိပ်ဆုံးမှာ ရောက်နေပြီ။ အဲဒါဆိုတော့ ရှင့်ရဲ့ တည်ရှိမှုက ကျွန်မနဲ့ တခြားသက်ရှိတွေအတွက် ဘာအဓိပ္ပာယ်မှ မရှိဘူး။ ရှင်က ကျွန်မတို့ရဲ့ အဆင့်အတန်းအပေါ် သက်ရောက်မှု မဖြစ်စေနိုင်ဘူး”

ထုံရို့ပင်းက ကောင်းကင်အလိုဆန္ဒ တည်ရှိပြီး သေခြင်းတရားမှ လွတ်မြောက်ဖို့ တစ်ခုတည်းသော နည်းလမ်းဖြစ်နေသရွေ့ ထိုထူးကဲနေသည့် မျိုးနွယ်က မည်မျှပင် အားကောင်းစေကာမူ ကိစ္စမရှိကြောင်း နားလည်လေသည်။

သေဆုံးဖို့သာ ကံကြမ္မာဖန်လာသည့် သေမျိုးများသာ ဖြစ်နေလိမ့်မည်။

………………………………………………………………….

အရှေ့ဘက်ပိုင်း

ဝမ်ဝေ့က တိုက်ပွဲကို ကြည့်နေလေ၏။ သို့သော်လည်း ထုံရို့ပင်းနှင့် မတူဘဲ သူက ပိုမိုမြင်လေသည်။

ချန်းချန်က ကြောက်မက်ဖွယ်ကောင်းအောင် ယိုယွင်းပျက်စီးလာတာပဲ။ ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်နဲ့ စကားဝိုင်းတုန်းက သူက ထာဝရဧကရာဇ် ဖြစ်လာပြီးတဲ့နောက်မှာ သူ့ကိုယ်သူ ပြန်လည်ကုစားဖို့အကြောင်း ပြောခဲ့တာ။ ကြည့်ရတာ တည်ရှိမှု ပြန်လည်တည်ဆောက်ခြင်း ဖြစ်လောက်တယ်…

ဒါပေမဲ့ အခုတော့ သူက ကွဲပြားတဲ့ သက်ရှိမျိုးနွယ်အသစ် တစ်ခုလို့ ယုံကြည်လာပြီ…

ဝမ်ဝေ့က တစ်စုံတစ်ခုကို ခံစားမိလိုက်၍ မျက်မှောင်ကြုတ်လိုက်သည်။ ချန်းချန်၏ အပြုအမူများက ကမ္ဘာမြေတွင် သိပ္ပံဝတ္ထုများမှ စက်ရုပ်များနှင့် တူလေသည်။ ထိုအချက်က သမိုင်းမတိုင်မီကမ္ဘာ သို့မဟုတ် ကမ္ဘာမြေသည် ဟွင်သွမ်းစကြဝဠာကို လွှမ်းမိုးထားကြောင်း သက်သေပြခဲ့၏။

သို့သော်လည်း ဝမ်ဝေ့က ကိစ္စများသည် မရိုးရှင်းကြောင်း ခံစားမိနေသည်။ ထို့ကြောင့် သူ့ဦးနှောက်ကို အလုပ်ပေးလိုက်ပြီး အမှန်တရားကို ကောက်ချက်ချဖို့ ကြိုးစားလိုက်သည်။

“စမ်းသပ်ချက်တစ်ခုပဲ” သူက သူ့ဘာသာသူ ရေရွတ်လိုက်၏။

ချန်းချန်က မဟာတာအိုရဲ့ စမ်းသပ်ချက်တစ်ခုဖြစ်နေရင် ဘယ်လိုလုပ်မလဲ။ စက်ရုပ် ဒါမှမဟုတ် စက်ရုပ်လူသားတွေကို ပုံကြမ်းအဖြစ် သုံးပြီးတော့ ခန္ဓာကိုယ်တစ်ဝက်၊ စက်ယန္တရားတစ်ဝက်ရှိတဲ့ မျိုးနွယ်ကို ဖန်တီးချင်တာဆိုရင်ရော…

ဝမ်ဝေ့က ပဟေဠိများစွာကို ဆက်နွယ်မိသွားသည့်အလား မျက်မှောင်ကြုတ်လိုက်သည်။ သူ သိထားသလောက် ချီယွမ်၏ အပြုအမူသည် အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာကို ဟွင်သွမ်းစကြဝဠာ၏ ဗဟိုချက်အဖြစ် ပြုလုပ်နိုင်ခဲ့သည်။ သူက အပြည့်အဝ မအောင်မြင်လျှင်ပင် ကြမ္မာအများစုက ထိုနေရာတွင် စုဝေးနေလေ၏။

အဲဒါဆိုတော့ ဒဿမသာလွန် အုတ်မြစ်က ဒီနေရာကနေ အစပြုထားတဲ့ အကြောင်းအရင်းကို ရှင်းပြပြီးသား ဖြစ်သွားပြီ။ နောင်အနာဂတ်ကျရင်လည်း နောက်ထပ် ထပ်ပြီး ရှိလာလိမ့်မယ်…

ဝမ်ဝေ့က မဟာတာအိုသည် အဘယ်ကြောင့် မျိုးနွယ်အသစ်ကို ဖန်တီးလိုလဲဟု စဉ်းစားမိသွားသည်။

အကျိုးအကြောင်းသင့်သည့် တွေးခေါ်မှုကမူ မျိုးနွယ်အသစ်ကို ဖန်တီးခြင်းသည် ဟွင်သွမ်းစကြဝဠာ၏ ဖွံ့ဖြိုးတိုးတက်မှုကို အကျိုးရှိစေ၍ ဖြစ်သည်။ ထို့ကြောင့် မဟာတာအိုက သူတို့ကို ဖန်တီးခဲ့ခြင်း ဖြစ်၏။ သို့သော်လည်း အရင်းအမြစ် ဖျက်ဆီးသူများဖြစ်သည့် စက်ရုပ်များ၏ အကျင့်စရိုက်ကို ထည့်သွင်းစဉ်းစားပြီးသည့်နောက်တွင် ထိုအတွေးအခေါ်က အသုံးမဝင်တော့ပေ။

စက်ရုပ်တစ်ရုပ်ကို ယွမ်ခေတ်ကာလ အနည်းငယ်ပေးတယ်ဆိုရင်တောင် သူတို့က ကောင်းကင်အလိုဆန္ဒ ကမ္ဘာတစ်ခုလုံးရဲ့ အရင်းအမြစ်တွေကို တူးဖော်နိုင်မှာပဲ။ ယွမ်ခေတ်ကာလသန်းချီကိုသာ ပေးလိုက်မယ်ဆိုရင် သူတို့တွေက အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာလိုမျိုး ဟွင်သွမ်းကမ္ဘာကိုတောင် အဲလိုလုပ်နိုင်လောက်တယ် …

မျှခြေကို ဂရုစိုက်တဲ့ မဟာတာအိုက ဒီလိုမျိုးနွယ်မျိုး တည်ရှိတာကို ခွင့်ပြုပေးမှာ မဟုတ်ဘူး။ ဘာကြောင့်များ ဒီလိုသက်ရှိကို ဖန်တီးနေတာလဲ။ ငါ့ရဲ့ ကောက်ချက်ချမှုက မှားယွင်းနေတာလား…

ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်၏။

မဟုတ်သေးဘူး။ ငါ လက်ရှိအခြေအနေကို ထည့်မစဉ်းစားခဲ့မိဘူး။ တကယ်လို့ ငါ့ရဲ့ အနာဂတ်ကိုယ်က မဟာတာအိုနဲ့ ယှဉ်ပြိုင်နေရတယ်ဆိုရင် မဟာတာအိုက ငါ့ကို ဖျက်ဆီးဖို့ အဲဒီမျိုးနွယ်ကို နယ်ရုပ်တစ်ရုပ်အဖြစ် ဖန်တီးနိုင်ခဲ့ချေရှိတယ်။

ဝမ်ဝေ့က ချန်းချန်လိုမျိုး မျိုးနွယ်သည် စံပြဖြစ်လာပြီး ဟွင်သွမ်းကမ္ဘာတစ်ခုလုံးကို ထိန်းချုပ်ခဲ့လျှင် မည်မျှပင် ဖွတ်ဖွတ်ညက်ကြေကာ ပျက်စီးသွားမည်ကို မြင်နိုင်လေသည်။ သူတို့၏ တိုက်ခိုက်ရေးက ကပ်ဘေး ဖြစ်လာလိမ့်မည်။

တကယ်လို့ ငါ ဒီသဘောတရားကို လိုက်ကြည့်မယ်ဆိုရင် ချန်းချန်ရဲ့ တည်ရှိမှုက မဟာတာအိုရဲ့ နယ်ရုပ်တော့ မဖြစ်နိုင်ဘူး။ ငါ့ရဲ့ နယ်ရုပ်ပဲ ဖြစ်ရမယ်။ သူက ဒီနေရာမှာ ထားတာက ငါ ကြိုသိပြီးတော့ ပြင်ဆင်ထားနိုင်အောင်လို့ပဲ။

ပြောရမယ်ဆိုရင် ချိုက်စု့န်ရဲ့ တည်ရှိမှုကလည်း တူညီတဲ့ ရည်ရွယ်ချက်မျိုး ရှိနေနိုင်တယ်…

ဝမ်ဝေ့က သူ့အနာဂတ်ကိုယ်၏ အပြုအမူကို နားလည်သွားသည်။ သူက ချန်းချန်ကို နှိမ်းနင်းတာမျိုး သို့မဟုတ် သူ့စွမ်းရည်နှင့် ကံကြမ္မာကို ခိုးယူကာ ချိုက်စုန့်ဆီ ကူးပြောင်းပေးတာမျိုး လုပ်ဆောင်ရမည်။ စက်ရုပ်များကို တိုက်ခိုက်ဖို့ တစ်ခုတည်းသော နည်းလမ်းက စက်ရုပ်များနှင့် ပြန်လည်တိုက်ခိုက်ဖို့သာ ဖြစ်၏။

All Chapters