ရောင်စဉ်ခုနစ်ဖြာ တိုက်ကြီး
Vol. 27 Ch. 364
" လီဖူချန်း……။ နင့်ကို ကြည့်ရတာ ခရမ်းရောင်ပန်း နိုင်ငံတော်ထဲကနဲ့ မတူဘူးနော် "
လျိုယန်က စကားမရှိ စကားရှာပြီး လီဖူချန်းကို မေးလိုက်ပါတယ်။
လီဖူချန်းက ခေါင်းညိတ်လိုက်ပြီး
" အင်း။ ငါက ခရမ်းရောင်ပန်း နိုင်ငံတော်က မဟုတ်ဘူး။ ငါက တခြားနိုင်ငံ တစ်ခုက လာခဲ့တာ။ ပြီးတော့ ငါ့မှာ ဆရာလည်း ရှိတယ်။ တစ်နေ့မှာ ငါ့ဆရာရဲ့ ပြိုင်ဘက်တွေက ငါ့ဆရာကို အကောက်ကြံ သတ်ပစ်လိုက်တဲ့ အတွက် ငါထွက်ပြေးလာခဲ့တာ။ ငါ့ရဲ့ မျက်နှာ ရုပ်ပျက်ဆင်းပျက် ဖြစ်နေတာက သူတို့ လက်ချက်ကြောင့်ပေါ့ "
လီဖူချန်းက လျိုယန်ကို အမှန်အတိုင်း မပြောပြချင်ပါဘူး။ အဲသည်အတွက် လန်ကြုတ် ဇာတ်လမ်းတစ်ခု ထွင်ပြီး ပြောပြလိုက်ပါတယ်။
" အိုး…… ဝမ်းနည်းစရာ ကောင်းလိုက်တာ။ လျိုယန် အခု မေးမိတဲ့ အတွက် တောင်းပန်ပါတယ်နော် "
လီဖူချန်းရဲ့ လန်ကြုတ်ဇာတ်လမ်းကို ကြားလိုက်ရတဲ့ လျိုယန်ကတော့ အတော်လေး စိတ်မကောင်း ဖြစ်သွားတဲ့ ပုံပါပဲ။ သူမက သနားစဖွယ် လေသံလေးနဲ့ လီဖူချန်းကို အသေအလဲ တောင်းပန် နေပါတယ်။
သူမက လီဖူချန်း ဒဏ်ရာ အကြီးအကျယ် ရထားတယ် ဆိုတာကိုတော့ ရိပ်မိပါတယ်။ ဒါပေမဲ့ အခုလို အဖြစ်အပျက်ကြောင့် ဆိုတာကိုတော့ လုံးဝ မထင်ထားခဲ့ပါဘူး။
"ရပါတယ်။ အဲဒါတွေက ပြီးသွားခဲ့ပြီပဲ။ ပြီးတော့ ငါ့ရဲ့ ဒဏ်ရာတွေကလည်း သိပ်မကြာခင်မှာ အကောင်းအတိုင်း ပြန်ဖြစ်လာတော့မှာ "
လီဖူချန်းက ပြန်ပြောလိုက်ပါတယ်။
ထို့နောက်မှာတော့ လျိုယန်က အဲသည် အကြောင်းကို ဆက်မပြောတော့ဘဲ အရှေ့မှာရှိနေတဲ့ ရေကန်တစ်ကန်ကို ညွှန်ပြလိုက်ပြီး
" လီဖူချန်း…… နင်ကြည့်လိုက်။ ဟိုအရှေ့မှာရှိတဲ့ ရေကန်က ငါတို့ လျိုကလန် တစ်ခုလုံးမှာ ချီစွမ်းအင် အသိပ်သည်းဆုံး နေရာပဲ။ အဲသည်မှာရှိတဲ့ ချီအရည်အသွေးက အပြင်ဘက်မှာရှိတဲ့ ချီတွေထက် ၇၀ ရာခိုင်နှုန်း ပိုသန့်စင်တယ်။ ပြီးတော့ ဝိညာဉ်ငါးတွေ အများကြီးလည်း မွေးထားသေးတယ်။ လာ…… အဲဘက်ကို သွားကြည့်ရအောင် "
လျိုယန်ကတော့ လီဖူချန်းကို ဦးဆောင် ခေါ်သွားခဲ့ပါပြီ။
" အင်း "
လီဖူချန်းကလည်း မငြင်းဘဲ လျိုယန် ဦးဆောင်ရာ နောက်ကို လိုက်သွားပါတော့တယ်။
*******
ရေစီးကြောင်း မြို့တော်ရဲ့ အရှေ့ဘက်ခြမ်း ကျန်းကလန် တည်ရှိရာ နေရာ၌……………
" ကလန်ခေါင်းဆောင်ခင်ဗျား………။ တောင်နက် ကျားလေးဖော်က သူတို့ရဲ့ တာဝန်ကို မအောင်မြင်ခဲ့ပါဘူး။ သူတို့ပြောတာကတော့ သူတို့တာဝန် အောင်မြင်ခါနီးမှာ ရုပ်ဆိုးဆိုး လူငယ် တစ်ယောက်က ကြားဝင် နှောင့်ယှက် လာပါတယ်တဲ့။ ခြေတိုကျားကတော့ အဲသည်လူငယ်ရဲ့ လက်သီးတစ်ချက်နဲ့ပဲ သေဆုံးသွားခဲ့ပါပြီ "
ဥယျာဉ်ငယ်လေး တစ်ခုထဲမှာတော့ သက်လတ်ပိုင်း အရွယ် လူကြီးတစ်ယောက်ဟာ ကင်းထောက် တစ်ယောက် သတင်းအစီရင် ခံနေတာကို နားထောင်နေပါတယ်။
ထိုသက်လတ်ပိုင်းအရွယ် လူကြီးကတော့ ကျန်းကလန်ရဲ့ လက်ရှိခေါင်းဆောင် ကျန်းယွန်းပါပဲ။
ကင်းထောက်ရဲ့ အစီရင်ခံမှု အပြီးမှာတော့……
" အသုံးမကျလိုက်တဲ့ကောင်တွေ "
ကျန်းယွန်းက ဒေါသတကြီး ဖြစ်နေခဲ့ပါပြီ။
သည်တစ်ခေါက်က လျိုယန်ကို သတ်ဖို့အတွက် အကောင်းဆုံး အခွင့်အရေး တစ်ခုပါပဲ။ ဒါပေမဲ့ သည်အသုံးမကျတဲ့ ကျားလေးကောင်က အခွင့်အရေးကို ဖမ်းဆုပ်နိုင်ခြင်း မရှိခဲ့ပါဘူူး။ သည်အဖြစ်အပျက်ကြောင့် နောင်အနာဂတ်မှာ လျိုယန်ကို သတ်ဖို့ဟာ ဆယ်ဆမက ခက်ခဲ သွားတော့မှာပါ။
အချိန်အတန်ကြာ စဉ်းစားပြီးတဲ့ နောက်မှာတော့ ကျန်းယွန်းဟာ ဆုံးဖြတ်တစ်ခုကို ခိုင်ခိုင်မာမာ ချလိုက်ပါပြီ။
" မင်း……။ အခုချက်ချင်း တိမ်နက်မြို့ကိုသွားပြီး အဆိပ်ဆူးဂိုဏ်းခွဲကို ဆက်သွယ်လ။ ပြီးရင် သည်ကိစ္စကို ကိုင်တွယ်ဖို့အတွက် အဆင့်နိမ့် ငွေတံဆိပ် လုပ်ကြံရေးသမား တစ်ယောက် ငှားလိုက် "
" အဆင့်နိမ့် ငွေတံဆိပ် လုပ်ကြံရေးသမားလား "
ကျန်းယွန်းရဲ့ အမိန့်ကို ကြားအပြီးမှာတော့ ကင်းထောက်ဟာ အတော်လေး အံ့အားသင့် သွားပါတယ်။
အဆိပ်ဆူးဂိုဏ်းဆိုတာက ခရမ်းရောင်ပန်း နိုင်ငံတော်မှာ နာမည်ကျော်ကြားတဲ့ လုပ်ကြံ သတ်ဖြတ်သူတွေကို စုစည်းထားတဲ့ အဖွဲ့အစည်း တစ်ခုပါ။ အဆိပ်ဆူးဂိုဏ်းရဲ့ လုပ်ကြံ သတ်ဖြတ်သူတွေကို ကြေးတံဆိပ်၊ ငွေတံဆိပ်နဲ့ ရွှေတံဆိပ်ဆိုပြီး အဆင့်သုံးမျိုး ခွဲထားပါတယ်။
ကြေးတံဆိပ်ဆိုတာက ကောင်းကင် နယ်ပယ်အဆင့် လုပ်ကြံ သတ်ဖြတ်သူတွေပါ။
ငွေတံဆိပ် ဆိုတာကတော့ ပြန်လည် ဝင်စားခြင်း နယ်ပယ်အဆင့် လုပ်ကြံသတ်ဖြတ်သူတွေ ဖြစ်ပါတယ်။
အဆင့်နိမ့် ငွေတံဆိပ် လုပ်ကြံသတ်ဖြတ်သူ ဆိုတာကတော့ အဆင့်နိမ့် ပြန်လည် ဝင်စားခြင်းနယ်ပယ် ပညာရှင်ကို ဆိုလိုတာပါ။
သူတို့တွေက လုပ်ကြံ သတ်ဖြတ်သူတွေ ဖြစ်တဲ့အတွက် အလယ်အလတ် အဆင့် ပြန်လည် ဝင်စားခြင်း နယ်ပယ်ပညာရှင်တွေကိုတောင်မှ အလစ်အငိုက် ဖမ်းပြီး သတ်ဖြတ်နိုင်စွမ်း ရှိပါတယ်။
အဆင့်နိမ့် ငွေတံဆိပ် လုပ်ကြံ သတ်ဖြတ်ရေးသမား တစ်ယောက်ကို ငှားရတဲ့ အဖိုးအခကလည်း မနည်းလှပါဘူး။ အနည်းဆုံး အဆင့်နိမ့် ဝိညာဉ် ကျောက်တုံး တစ်သောင်း လောက်မှသာ ငှားရမ်းလို့ ရမှာပါ။
ပြီးတော့ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်သောင်းဆိုတာက ကျန်းကလန် အတွက်တောင်မှ အလွန်များပြားတဲ့ ပမာဏ တစ်ခုပါပဲ။ သည်လောက် များပြားတဲ့ ပမာဏကို ရင်းနှီးပြီး နောက်ပေါက် လူငယ်တစ်ယောက်ကို သတ်ရတာက တန်ရော တန်ပါရဲ့လား။
ကင်းထောက်ရဲ့ စိတ်ထဲမှာ မေးခွန်းတစ်ခု ဖြစ်ပေါ်လာခဲ့တယ်။
ဒါပေမဲ့လည်း သူက ကျန်းယွန်းကို ပြန်ပြီး မေးခွန်း မထုတ်ရဲပါဘူး။ သူ့ရဲ့ တာဝန်က ကျန်းယွန်း ပေးသမျှ အမိန့်ကို နာခံပြီး လုပ်ဆောင်ဖို့ပါပဲ။
" ဟုတ်ကဲ့ပါ ခေါင်းဆောင် "
ထို့နောက်မှာတော့ ကင်းထောက်ဟာ ကျန်းယွန်းရဲ့ အမိန့်အတိုင်း လုပ်ဆောင်ဖို့ အတွက် ဥယျာဉ်ထဲကနေ ထွက်သွား ပါတော့တယ်။
ဥယျာဉ်ထဲမှာ ကျန်နေခဲ့တဲ့ ကျန်းယွန်းကတော့ သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်ပြီး
" နောက်ပေါက် လူငယ်လေး တစ်ယောက်အတွက် သည်လောက် ပမာဏ ရင်းနှီးလိုက်တာက မတန်ဘူးဆိုတာ ငါသိပါတယ်ကွာ။ ဒါပေမဲ့ သိုင်းတက္ကသိုလ် အကြီးအကဲ တစ်ယောက်က သူမကို လက်ရင်း တပည့်အဖြစ် လက်ခံလိုက်ရင်တော့ ပြဿနာက ပိုကြီးသွားမှာကွ။ ဒါကြောင့် ငါက အခုလို ဆုံးဖြတ်လိုက်ရတာပါ "
ကျန်းယွန်းရဲ့ ပုံစံက တစ်ယောက်ယောက်ကို ရှင်းပြနေသလိုပါပဲ။ ဒါပေမဲ့ သူဘေးမှာတော့ လူတစ်ယောက်မှ ရှိမနေပါဘူး။
ဖြစ်နိုင်မယ်ဆိုရင် ကျန်းယွန်းအနေနဲ့ လျိုယန်ကို သတ်ဖို့အတွက် သူကိုယ်တိုင်တောင် လှုပ်ရှား လိုက်ချင်ပါသေးတယ်။ ဒါပေမဲ့ သူကိုယ်တိုင် လှုပ်ရှား လိုက်မယ်ဆိုရင် အရမ်းကြီးကို သိသာသွားမှာပါ။
ကျန်းကလန်ထဲမှာလည်း လျိုကလန်ရဲ့ သူလျှိုတွေ ရှိနေပါသေးတယ်။
ပြီးတော့ လျိုယန်ကို လုပ်ကြံတဲ့ ကိစ္စမှာ ကျန်းယွန်းကိုယ်တိုင် ပါဝင် ပတ်သက် နေတယ်ဆိုတဲ့ အကြောင်းသာ ပေါ်သွားခဲ့ရင် တောင်ပိုင်းတောအုပ် သိုင်းတက္ကသိုလ်ကလည်း ကျန်းကလန်ကို သည်အတိုင်း လွှတ်ထားမှာ မဟုတ်ပါဘူး။
****
ညပိုင်း အချိန်အခါ သမယမှာတော့ လျိုကလန်ဟာ မီးရောင် တဖျတ်ဖျတ်နဲ့ အတော်လေး စည်ကားသိုက်မြိုက် နေပါတယ်။
ဒါက လျိုကလန်ကို လျိုယန်ပြန်ရောက်လာတဲ့ အထိမ်းအမှတ် အဖြစ်လုပ်တဲ့ ညစာစားပွဲပါ။ လျိုယန်ရဲ့ အသက်ကို ကယ်တင်ပေးခဲ့ လီဖူချန်းအတွက် ပြုလုပ်ပေးတဲ့ ဂုဏ်ပြုညစာစားပွဲ ဆိုရင်လည်း မမှားပါဘူး။
ညစာစားပွဲမှာတော့ လျိုကျန်းဟာ လီဖူချန်းကို မကြာခဏဆိုသလို အရက်ခွက်ချင်း တိုက်ဖို့ ဖိတ်ခေါ် နေပါတော့တယ်။ လျိုကျန်းက လီဖူချန်းကို အတော်လေးကို ကျေးဇူးတင်နေတာပါ။
တစ်ချိန်တည်းလိုလိုမှာပဲ လျိုကလန်ရဲ့ သမီးပျို မိန်းမချောလေးများဟာ လီဖူချန်းနဲ့ ရင်းနှီးလိုဟန်ဖြင့် လာရောက် မိတ်ဆက် နေကြပါသေးတယ်။ သူတို့ရဲ့ မျက်နှာတွေကတော့ ရှက်သွေး အပြည့်နဲ့ပေါ့။
လျိုကလန်ရဲ့ သမီးပျိုလေးတွေက လီဖူချန်းရဲ့ ရုပ်ပျက်ဆင်းပျက် ဖြစ်နေတဲ့ မျက်နှာကို ဂရုစိုက်ပုံ မရပါဘူး။ ယောက်ျားတစ်ယောက်ဆိုတာက လက်ရုံးရည်နဲ့ နှလုံးရည် အစွမ်းထက်ဖို့သာ အဓိကပင် မဟုတ်ပါလား။
လီဖူချန်းက အသက်၃၀တောင် မပြည့်သေးပေမယ့် ကောင်းကင်နယ်ပယ် အထွတ်အထိပ် ပညာရှင် တစ်ယောက်ကို လက်သီးတစ်ချက်တည်းနဲ့ သတ်နိုင်စွမ်း ရှိနေပါပြီ။ ဒါက လီဖူချန်းဟာ ပါရမီရှင် တစ်ယောက်ဆိုတာကို သက်သေပြနေတာပါပဲ။ လီဖူချန်းရဲ့ အနာဂတ်ဟာ အတိုင်းအဆ မရှိပါဘူး။
အဲသည်အတွက် လျိုကလန်က သမီးပျိုလေးတွေဟာ လီဖူချန်းရဲ့ အမြှောင်မယား ဒါမှမဟုတ် ကိုယ်လုပ်တော် ဖြစ်ရမယ် ဆိုရင်တောင်မှ ကျေကျေနပ်နပ်ကြီး လက်ခံကြမှာပါ။
ညစားစားပွဲ ပြီးသွားချိန်မှာတော့ လီဖူချန်းဟာ အတော်လေးကို မူးနေပါပြီ။ ဒါက လျိုကျန်းနဲ့ လျိုကလန်က သမီးပျိုတွေကြောင့်ပါပဲ။ သူတို့တွေဟာ လီဖူချန်းနဲ့ အရက်ခွက်ချင်း တိုက်ဖို့အတွက် တစ်ယောက်ပြီး တစ်ယောက်ဆိုသလို လာခဲ့ကြတာပါ။
ထို့နောက်မှာတော့ လီဖူချန်းဟာ လျိုကလန်သားတွေကို နှုတ်ဆက်ပြီး လျိုကလန်က သူ့အတွက် ပေးထားတဲ့ ခြံဝန်းငယ်လေး ဆီသို့သာ ပြန်ခဲ့ပါတော့တယ်။
" သူရဲကောင်းလေးလီ……။ ဒါက ကလန်ခေါင်းဆောင်က သူရဲကောင်းလေးကို ပေးခိုင်း လိုက်တာပါ "
လီဖူချန်းတည်းခိုနေတဲ့ ခြံဝင်းထဲကို ပထမဦးဆုံး ရောက်လာသူကတော့ လျိုကလန်ရဲ့ အစောင့်တစ်ဦးပါပဲ။ သူက လီဖူချန်းကို သိုလှောင်အိတ် တစ်အိတ် ပေးပြီးတာနဲ့ စကားပြန်တောင် မစောင့်တော့ဘဲ ခြံဝင်းထဲကနေ တန်းထွက်သွားပါတယ်။
ကြည့်ရတာတော့ လျိုကျန်းက လီဖူချန်း လက်မခံမှာကို အတော်လေး စိုးရိမ်နေပုံပါပဲ။ ဒါကြောင့် သူက သူကိုယ်တိုင် လာမပို့ဘဲနဲ့ အစောင့် တစ်ယောက်ကို ပို့ခိုင်းလိုက်တာ ဖြစ်လောက်ပါတယ်။
" သည်လျိုကလန် တကယ်ကြီး ငါ့အပေါ် စေတနာ ထားတာလား "
သိုလှောင်အိတ်ကို ဖွင့်ကြည့်ပြီးတဲ့ အခါမှာတော့ လီဖူချန်းက ဘာပြောလို့ ပြောရမှန်းတောင် မသိတော့ပါဘူး။
အထဲမှာ ရှိနေတာက အဆင့်နိမ့် ဝိညာဉ် ကျောက်တုံးတွေပါ။ အကြမ်းဖျင်းအားဖြင့် တွက်လိုက်ရင်တောင်မှ သည်ဝိညာဉ် ကျောက်တုံး အရေအတွက်က ၂၀၀၀ ကျော်ပါတယ်။
အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၂၀၀၀ဆိုတာက နည်းတဲ့ ပမာဏ မဟုတ်ပါဘူး။ သည်တိုက်ကြီးက အရှေ့ယူနီကွန်း တိုက်ကြီးထက် အဆပေါင်း၁၀၀ ကြီးကျယ် ခမ်းနားရင် ခမ်းနားပါမယ်။ ဒါပေမဲ့ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံးရဲ့ တန်ဖိုးကတော့ အတူတူပါပဲ။ သည်ဝိညာဉ် ကျောက်တုံး အရေအတွက်က ပြန်လည် ဝင်စားခြင်းနယ်ပယ် ပညာရှင် တစ်ယောက်သာ ပိုင်ဆိုင်နိုင်တဲ့ အရေအတွက်ပါ။
ထို့နောက်မှာတော့ လီဖူချန်းဟာ သိုလှောင်အိတ်ကို ပြန်သိမ်းပြီး အိပ်လိုက်ပါတော့တယ်။
တစ်ည ကုန်ဆုံးပြီးတဲ့ နောက်မှာတော့ လီဖူချန်းရဲ့ ဒဏ်ရာဟာ အတော်လေး သက်သာလာခဲ့ပါပြီ။
လျိုကျန်းကတော့ မနက်စောစောမှာ လီဖူချန်းကို ကိုယ်တိုင်ကိုယ်ကျ လာရောက် နှုတ်ဆက်ပါတယ်။
" သူရဲကောင်းလေးလီ ……။ နေရထိုင်ရတာ အဆင်ပြေရဲ့လား……"
လီဖူချန်းက ခေါင်းညိတ်လိုက်ပြီး
" အဆင်ပြေတာပေါ့ဗျာ……။ ကလန်ခေါင်းဆောင်က သဘောကောင်းသလို လျိုကလန်ရဲ့ ပတ်ဝန်းကျင်ကလည်း အတော်လေး ကောင်းမွန်နေတာပဲကို "
လျိုကန်းက အားရပါးရ ပြုံးလိုက်ပြီး လီဖူချန်းကို ဖိတ်ခေါ်လိုက်ပါတယ်။
" သူရဲကောင်းလေးလီ ……။ မနက်စာ အတူတူ စားကြရအောင် "
" ကောင်းတာပေါ့ဗျာ "
လီဖူချန်းကလည်း ငြင်းမနေတာ့ပါဘူး။
သည်လိုနဲ့ပဲ သူတို့နှစ်ယောက်ဟာ လျိုကလန်ရဲ့ စားသောက်ခန်းမထဲကို ရောက်လာပါတော့တယ်။
စားသောက်ခန်းထဲကို လီဖူချန်းရောက်တဲ့ အချိန်မှာတော့ လျိုယန်နဲ့ သူ့အမေလည်း ရောက်နှင့်နေပါပြီ။ လျိုယန်ကတော့ မတွေ့တာ ကြာပြီဖြစ်တဲ့ သူ့အမေကို အတိုးချပြီး ချွဲနေပုံပါပဲ။
မနက်စာစားရင်း တစ်ဝက်လောက်မှာတော့ လီဖူချန်းက စားလက်စကို လက်စသတ်လိုက်ပြီး လျိုကျန်းကို မေးလိုက်ပါတယ်။
" ကလန်ခေါင်းဆောင်လျို……။ ကျွန်တော် တစ်ခုလောက် မေးရပါစေ။ လျိုကလန် ဒါမှမဟုတ် ရေစီးကြောင်းမြို့ထဲမှာ ခန္ဓာကိုယ်ထဲက မသန့်စင်မှုတွေကို ဖယ်ရှားပေးနိုင်တဲ့ ဆေးတွေ မရှိဘူးလားဗျ။ အဲသည်ဆေးတွေက ဆန်းကြယ်အဆင့်မြင့် ဆေးတွေဆိုရင် ပိုကောင်းပါတယ်။ ဝိညာဉ်ကျောက်တုံးတွေနဲ့ ရောင်းတယ် ဆိုရင်လည်း ကျွန်တော် ဝယ်ပါ့မယ် "
အခုဆိုရင် လီဖူချန်းရဲ့ ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ မသန့်စင်မှုတွေက သူ့ရဲ့ ခန္ဓာကိုယ် အတွင်းပိုင်း အင်္ဂါတွေကို စပြီး ဒုက္ခပေးနေပါပြီ။ သူ့အနေနဲ့ သည်မသန့်စင်မှုတွေ မဖယ်ရှားနိုင်ရင်တော့ အချိန်ကြာလာလေလေ ပိုဆိုးလာလေလေ ဖြစ်တော့မှာပါ။
ပြီးတော့ သူ့ရဲ့ လက်ရှိအခြေအနေကလည် ချီအတွင်းအားတွေကို အသုံးပြုလို့ မရပါဘူး။ အဲသည်အတွက် လီဖူချန်းမှာ အားကိုးစရာဆိုလို့ ဆေးတွေသာ ရှိပါတော့တယ်။
" ဆန်းကြယ်အဆင့်မြင့် ဆေးလား "
လျိုကျန်းက အနည်းငယ် စဉ်းစားဟန် ပြုလိုက်ပြီး အတန်ကြာမှ တောင်းပန်သည့် လေသံဖြင့်
" ဦးလေးတို့ လျိုကလန်မှာတော့ ဆန်းကြယ်အဆင့်မြင့် ဆေးတွေ ရှိပါတယ်။ ဒါပေမဲ့ ခန္ဓာကိုယ်ထဲက မသန့်စင်မှုတွေကို ဖယ်ရှားပေးနိုင်တဲ့ ဆေးတွေတော့ မရှိဘူး သူရဲကောင်းလေးရဲ့။ ရေစီးကြောင်း မြို့တော်မှာလည်း သည်လိုဆေးမျိုး ရှိမယ် မထင်ဘူး။ ဦးလေးစိတ်ထင် ပြောရရင် သူရဲကောင်းလေး လိုချင်တဲ့ ဆေးမျိုးက တောင်ပိုင်းတောအုပ် နယ်မြေရဲ့ ထိပ်တန်းမြို့ကြီး ၁၀မြို့မှာပဲ ရှိလောက်မယ် "
" တောင်ပိုင်းတောအုပ် သိုင်းတက္ကသိုလ်မှာတော့ ခန္ဓာကိုယ်ထဲက မသန့်စင်မှုတွေကို ဖယ်ရှားပေးနိုင်တဲ့ ဆေးမျိုးရှိတယ်။ ဒါပေမဲ့ အဲသည်လို ဆေးတွေကို ဝယ်ချင်ရင် တောင်ပိုင်း တောအုပ် သိုင်းတက္ကသိုလ်ရဲ့ကျောင်းသား ဖြစ်မှရမယ်။ စိတ်မကောင်း စရာကတော့ တောင်ပိုင်း တောအုပ် သိုင်းတက္ကသိုလ်က နောက်ထပ်သုံးလနေမှ ကျောင်းသားသစ် ခေါ်မှာရှင့် ……"
လျိုယန်ကလည်း သူမ သိသလောက်ကို ပြောပြပါတယ်။
" တောင်ပိုင်းတောအုပ် သိုင်းတက္ကသိုလ်ရဲ့ ကျောင်းသားဖြစ်မှ ရမှာလား……"
လီဖူချန်းက စိတ်ပျက်အားလျော့ သွားခဲ့ပါပြီ။
သူ့အတွက်တော့ သုံးလဆိုတဲ့ အချိန်ဟာ ကြာမြင့်လွန်း လှပါတယ်။ သူ့အနေနဲ့ အချိန်သုံးလ ထိုင်ဖြုန်းနေမယ့်အစား တောင်ပိုင်းတောအုပ် နယ်မြေရဲ့ ထိပ်တန်းမြို့ကြီး ၁၀မြို့ကို သွားတာက ပိုကောင်းပါဦးမယ်။
မနက်စာ စားပြီးနောက်မှာတော့ လီဖူချန်းဟာ သူ့ရဲ့ ခြံဝင်းလေးထဲကို ပြန်လာခဲ့ပါပြီ။
သူ့ရဲ့ အသိစိတ်ကို စွမ်းအင်ဗဟိုချက်မပင်လယ်ထဲသို့ ပို့လိုက်တဲ့ အခါမှာတော့ အထဲမှာ မီးလျှံချီငယ်လေး တစ်ခုနဲ့ နေဝန်းငယ်လေး တစ်ခုအလား တောက်ပနေတဲ့ အစစ်အမှန် ငရဲမီးတောက်ချီ စွမ်းအင်လုံးကြီးဟာ အားပြိုင်နေဆဲ ဖြစ်ပါတယ်။
ရုတ်တရက် ကြည့်လိုက်မယ် ဆိုရင်တော့ ငရဲမီးတောက်ချီ စွမ်းအင်လုံးကြီးဟာ မီးလျှံချီငယ်လေးကို ဖိနှိပ် ထားနိုင်သလိုပါပဲ။ ဒါပေမဲ့ သေသေချာချာ ဆန်းစစ်လိုက်တဲ့ အခါမှာတော့ မီးလျှံ ချီငယ်လေးဟာ ငရဲမီးတောက်ချီ စွမ်းအင်လုံးကြီးကို ဖောက်ထွက်တော့ မလိုတောင် ဖြစ်နေပါပြီ။
တကယ်လို့ ငရဲမီးတောက်ချီ စွမ်းအင်လုံးကြီးကို သွေးဆာနေတဲ့ သားရဲကြီး တစ်ကောင်နဲ့ နှိုင်းမယ်ဆိုရင် မီးလျှံငယ်လေးက ဒေါသထွက်နေနဲ့ နဂါးကြီး တစ်ကောင်ပါပဲ။
" သွားပါပြီကွာ……။ ငါ့ရဲ့ လက်ရှိ ချီအတွင်းအားက သည်မီးတောက်ချီကို ဘယ်လိုမှ ဖျက်ဆီးနိုင်မှာ မဟုတ်ဘူး။ ငါ့ရဲ အချိန်တွေကိုတော့ သည်အတိုင်း ကုန်ဆုံးနေရဦးမှာပဲ "
လီဖူချနိက သူ့ရဲ့ အဖြစ်ကို အတော်လေး မချင့်မရဲ ဖြစ်နေမိပါတယ်။ သူ့ရဲ့ ကျင်ကြံမှုနှုန်းနဲ့ ဆိုရင် သူဟာ သိပ်မကြာခင်မှာပဲ ကောင်းကင်နယ် အဆင့်၉ကို ချိုးဖောက် ဝင်ရောက်တော့မှာပါ။
ဒါပေမဲ့ အခုတော့ သူဟာ ကျင့်ကြံမှုတွေကို မလုပ်နိုင်ဘဲ သည်အတိုင်း အချိန်ဖြုန်းနေရပါပြီ။
" ခွေးမသား အဘိုးကြီး ခေါယွင်။ တစ်နေ့ကျမှ ငါ့အကြောင်းကို ကောင်းကောင်းကြီး သိစေရမယ် "
လီဖူချန်းက သတိရတိုင်း ခေါ့ယွင်ကို ကြိမ်းဝါးနေပါတော့တယ်။
ဘာမှ လုပ်စရာ မရှိတော့တဲ့ နောက်မှာတော့ လီဖူချန်းဟာ လျိုကလန်ရဲ့ စာကြည့်တိုက်ကို တစ်ချက်လောက် သွားကြည့်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။
သူက အရှေ့ယူနီကွန်း တိုက်က လာတာ ဖြစ်တဲ့အတွက် သည်တိုက်ကြီး အကြောင်းနဲ့ ပတ်သက်ပြီး ဘာမှ မယ်မယ်ရရ မသိသေးပါဘူး။ လူတွေကိုလည်း လိုက်မမေးချင်တော့တဲ့ အတွက် လီဖူချန်းဟာ လျိုကလန်ရဲ့ စာကြည့်တိုက်ကို လာခဲ့တာပါ။
လျိုကလန်ရဲ့ စာကြည့်တိုက်ကတော့ လေးထပ်ရှိပါတယ်။ ပထမဆုံး ထပ်မှာတော့ သာမန် အမျိုးအစား စာအုပ်တွေကိုပဲ ထားတာ ဖြစ်တဲ့ အတွက် လီဖူချန်းအနေနဲ့ စာကြည့်တိုက်ထဲ ဝင်ရာမှာ အတားအဆီး တစ်စုံတရာ ကြုံတွေ့ရခြင်း မရှိပါဘူး။
စာကြည့်တိုက်ရဲ့ ပထမထပ်မှာတော့ စာအုပ်အမျိုးအစားတွေက တော်တော်လေး စုံလင် လှပါတယ်။
ကိုယ်တိုင်ရေး အတ္ထုပတ္တိတွေ၊ ဒဏ္ဍာရီ ပုံပြင်တွေ၊ ကဗျာတွေ၊ သီချင်းတွေ၊ ရိုးရာ သမိုင်းအကြောင်းတွေ စုံလို့ပါပဲ။
ထို့နောက်မှာတော့ လီဖူချန်းဟာ သည်စာအုပ်တွေကို မဖတ်ရင် သေတော့မယ် သကဲ့သို့ ကြိုးစားပမ်းစား ဖတ်ပါတော့တယ်။ သူ့အတွက်ကတော့ သည်စာအုပ်တွေထဲမှာ ပါတဲ့ သမိုင်းကြောင်းတွေကို ဖတ်ရတာက အတော်လေး စိတ်ဝင်စားစရာပါပဲ။ ဒါက သူမသိသေးတဲ့ တိုက်ကြီးတစ်ခုရဲ့ အကြောင်းအရာတွေကို မှတ်တမ်းတင်ထားတဲ့ စာအုပ်တွေပင် မဟုတ်ပါလား။
နောက်ထပ် ရက်အနည်းငယ် အကြာမှာတော့ လီဖူချန်းရဲ့ စာကြည့်တိုက် ပထမထပ်မှာ ရှိသမျှ စာအုပ်တွေ အကုန်လုံးကို ဖတ်ပြီးသလောက် ရှိသွားခဲ့ပါပြီ။
ဒါက သူ့ရဲ့ စွမ်းရည် တစ်ရပ်ကြောင့် ဆိုရင်လည်း မမှားပါဘူး။ အစွမ်းထက်လှတဲ့ သူ့ရဲ့ အသိစိတ်ကြောင့် လီဖူချန်းဟာ တစ်ချိန်တည်းမှာ စာကြောင်း ၁၀ကြောင်းကို ဖတ်နိုင်သလို သူဖတ်ခဲ့သမျှ စာတွေကိုလည်း တစ်လုံးမကျန် ပြန်မှတ်မိပါတယ်။
" အိုးဟိုး…… သည်တိုက်ကြီးကို ရောင်စဉ် ခုနစ်ဖြာ တိုက်ကြီးလို့ ခေါ်တာပဲ "
လီဖူချန်းက သူရောက်နေတဲ့ တိုက်ကြီးအကြောင်းကို အတော်လေး သိရှိသွားခဲ့ပါပြီ။ ဒါက ရောင်စဉ်ခုနစ်ဖြာ တိုက်ကြီးဖြစ်ပြီး ကုန်းမြေအပိုင်းအစ ၇ခုနဲ့ ဖွဲ့စည်းထားတာပါ။
လက်ရှိ သူရောက်နေတဲ့ ကုန်းမြေကတော့ ဟုန်းထူကုန်းမြေ ဖြစ်ပြီး သက်တန့်နီဂိုဏ်းက အုပ်ချုပ်ပါတယ်။ သက်တန့်နီ ဂိုဏ်းဟာ တိုက်ပွဲဝိညာဉ် နယ်ပယ်အထက်က ပညာရှင် အမြောက်အမြားကို ပိုင်ဆိုင်ထားနဲ့ ဂိုဏ်းတစ်ဂိုဏ်း ဆိုရင်လည်း မမှားပါဘူး။ နောက်တစ်နည်း ပြောရမယ် ဆိုရင်တော့ သက်တန့်နီဂိုဏ်းဟာ မူလပင်လယ်နယ်ပယ် ပညာရှင် အမြောက်အမြားကို ပိုင်ဆိုင်ထားပါတယ်။
သူတို့ထဲမှာ အစွမ်းအထက်ဆုံးကတော့ သက်တန့်နီ ဘုရင်ပါပဲ။ သူက အဆင့်၈ မူလ ပင်လယ်နယ်ပယ်ကို ရောက်နေပါပြီ။ ပြီးတော့ သက်တန့်နီ ဘုရင်ရဲ့ သက်တန့်နီ ဓားသိုင်းကလည်း ပြိုင်ဘက်ကင်း ဓားသိုင်းတစ်ခုအဖြစ် အလွန်အမင်းကို ကျော်ကြားပါတယ်။
ဟုန်းထူကုန်းမြေမှာတော့ မဟာနိုင်ငံတော်ကြီး ၇နိုင်ငံ ရှိပါတယ်။ ခရမ်းရောင်ပန်း နိုင်ငံတော်ကတော့ အလယ်အလတ်အဆင့် နိုင်ငံ တစ်ခုပါပဲ။ ဘုရင့်တော်ဝင် အမျိုးအနွယ် ထဲမှာတော့ မူလပင်လယ် နယ်ပယ်အဆင့် ပညာရှင်တစ်ယောက် ရှိပါတယ်။ ဒါပေမဲ့ အဲသည် ပညာရှင်က အဆင့်၁ မူလပင်လယ်နယ်ပယ်မှာပဲ ရှိသေးတာပါ။
ခရမ်းရောင်ပန်း နိုင်ငံတော်မှာတော့ မဟာကလန်ကြီး လေးခုနဲ့ နာမည်ကျော် အထင်ကရ သိုင်းတက္ကသိုလ်ကြီး နှစ်ခု ရှိပါတယ်။
ပြီးတော့ ခရမ်းရောင်ပန်း နိုင်ငံတော်မှာ နယ်မြေဒေသ ၂၄ခု ရှိပြီး နယ်မြေဒေသ တစ်ခုချင်းစီမှာ သိုင်းတက္ကသိုလ် တစ်ခု ရှိပါတယ်။
ရောင်စဉ်ခုနစ်ဖြာ တိုက်ကြီးနဲ့ ပတ်သက်တာ တော်တော်များများကို သိပြီးသွားချိန်မှာတော့ လီဖူချန်းဟာ အတော်လေး အံ့အားသင့်ခဲ့ရပါပြီ။
သည်တိုက်ကြီးက သူထင်ထားတာ ထက်တောင် အများကြီး ကြီးကျယ် ခမ်းနားနေပါသေးတယ်။
သည်စာအုပ်တွေထဲကအရ ဆိုရင်တော့ တိုက်ပွဲဝိညာဉ် နယ်ပယ်ရဲ့ အထက်မှာ ရှိနေတာ မူလပင်လယ် နယ်ပယ်ပါ။
ပြီးတော့ မူလပင်လယ် နယ်ပယ်ကို ရောက်သွားတဲ့ ပညာရှင်တွေက သူတို့ကိုယ်သူတို့ ဘုရင်လို့ သုံးနှုန်းကြပါတယ်။
လီဖူချန်း ဖတ်ခဲ့ရတဲ့ အတ္ထုပတ္တိတွေအရ ဆိုရင်တော့ ဘုရင်တစ်ပါးရဲ့ အစွမ်းဟာ တကယ့်ကို ကြောက်စရာပါပဲ။
အပိုတွေ ပြောတာတော့ မဟုတ်ပါဘူး။ မူလ ပင်လယ်နယ်ပယ် ဘုရင်တစ်ပါးဟာ အရှေ့ယူနီကွန်း တိုက်တစ်ခုလုံးကို တောင်မှ ဖျက်ဆီး ပစ်နိုင်စွမ်း ရှိပါတယ်။ အရှေ့ယူနီကွန်း တိုက်က ပညာရှင်တွေဟာ မူလပင်လယ်နယ်ပယ် ဘုရင်တွေကို နတ်ဘုရားတွေအလား ကိုးကွယ်ကြရမှာပါ။
ဒါပေမဲ့ သည်ရောင်စဉ်ခုနစ်ဖြာ တိုက်ကြီးမှာတော့ သည်ဘုရင်တွေဟာ နတ်ဘုရားတွေလို ကိုးကွယ်ခြင်း မခံရပါဘူး။ ဘာဖြစ်လို့လည်း ဆိုတော့ သည်တိုက်ကြီးမှာ မူလပင်လယ် နယ်ပယ်အဆင့် ဘုရင်တွေ အများကြီး ရှိနေလို့ပါပဲ။
ပြီးတော့ သည်တိုက်ကြီးမှာက တိုက်ပွဲဝိညာဉ်နယ်ပယ် ပညာရှင်တွေကို ဘိုးဘေးတွေအဖြစ် သတ်မှတ် ကြပါတယ်။ ဟုန်းထူကုန်းမြေမှာတောင်မှ ဘိုးဘေးစာရင်းတစ်ခု ရှိပါသေးတယ်။
သည်ဘိုးဘေးစာရင်းထဲမှာ မှတ်တမ်းတင်ခြင်း ခံထားရသူတွေကတော့ တိုက်ပွဲ ဝိညာဉ်နယ်ပယ် အထွတ်အထိပ်က ပညာရှင်တွေပါပဲ။
လျိုကလန်ရဲ့ စာကြည့်တိုက် ထဲမှာတော့ ဟုန်းထူကုန်းမြေနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေပဲ ရှိပါတယ်။ အခြားကျန်တဲ့ ကုန်းမြေခြောက်ခုနဲ့ ပတ်သက်တဲ့ အကြောင်းတွေကိုတော့ မတွေ့ရပါဘူး။
***
သည်လိုနဲ့ပဲ လီဖူချန်းတစ်ယောက် လျိုကလန်ကို ရောက်လာခဲ့တာ တစ်ပတ်တိတိ ရှိသွားခဲ့ပါပြီ။
တစ်ပတ်လုံးလုံး ကြာသွားပြီးတဲ့ အခါမှာတော့ လီဖူချန်းရဲ့ ဒဏ်ရာတွေဟာ အကောင်းပကတိ နီးပါး ပြန်ကောင်း လာခဲ့ပါပြီ။ သူ့ရဲ့ မျက်နှာပေါ်မှာရှိနေတဲ့ မီးလောင်ဒဏ်ရာ အမာရွတ် တွေကလည်း မရှိတော့ပါဘူး။
" အိုး…… သည်လိုဆိုတော့လည်း သူက အရမ်းကို ယောကျားပီသပြီး ခန့်ညားနေပါရောလား "
လျိုကလန်က သမီးပျိုတွေကတော့ လီဖူချန်းကို မျက်စ ပစ်နေကြပါပြီ။
ယခုအချိန်မှာတော့ လီဖူချန်းရဲ့ မျက်နှာက ကျောက်စိမ်းနတ်သားလို့ တင်စားခေါ်ဝေါ် ရလောက်အောင် ချောမော ခန့်ညားနေပြီး ခန္ဓာကိုယ်ကနေလည်း နတ်နဂါး တစ်ကောင်လို ကြီးကျယ် မြင့်မြတ်တဲ့ အရှိန်အဝါတွေကို ထုတ်လွှတ်နေပါတယ်။
ယုံမှားသံသယ ဝင်နေစရာကို မလိုပါဘူး။ လျိုကလန် သမီးပျိုလေးတွေရဲ့ မျက်လုံးထဲမှာတော့ လီဖူချန်းဟာ ကြီးကျယ် မြင့်မြတ်တဲ့ ထွဋ်ခေါင်ပါရမီရှင် တစ်ပါးပါပဲ။
***