မဟာတာအို၏ သားတော်နှင့် ဝမ်ဝေ့
Vol. 58 Ch. 808
ကမ္ဘာဦးဟွင်သွမ်း၊ ကောင်းကင်ဘုံနန်းဆောင်
ကောင်းကင်တာအိုစံပြက လေထဲ မျောလွင့်နေရင်း သူ့ရှေ့တွင် စာအုပ်တစ်အုပ် ရှိနေသည်။ သူက မျက်လုံးပိတ်လျက်ရှိပြီး အာရုံစူးစိုက်နေ၏။ သူ့အနောက်မှ သံကြိုးမြစ်ကြောင်းတစ်ခု ထွက်ပေါ်လာပြီး ထိုသံကြိုးများက စာအုပ်အတွင်း ဝင်ရောက်သွားလေ၏။ ဆက်တိုက်ဆိုသလို ထိုနန်းဆောင်တွင် ရှိနေသည့် အစီအရင်သည် စာအုပ်ထဲ လျှို့ဝှက်ဆန်းကြယ်စွမ်းအား တစ်ခု ထုတ်လွှတ်လာသည်။
ကောင်းကင်စာအုပ် စံပြ၏ ဘဝက ဒဏ္ဍာရီတစ်ခု ဖြစ်၏။ သူက သေမျိုးပညာရှင် တစ်ယောက်ကလွဲ၍ ဘာမှမဟုတ်ပေ။ သို့သော်လည်း သူ့ဇနီးက ဖျားနာလာပြီး သူမနှင့် သူ့ကံကြမ္မာကို ပြောင်းလဲပြီးသည့်နောက် သူက ကံကြမ္မာကြယ် ဖြစ်လာခဲ့သည်။
ထို့နောက် မဟာတာအို၏ လက်ဆောင်ဖြစ်သည့် ကောင်းကင်စာအုပ်ဖြင့် မဟာတာအို၏ လက်ဆောင်ဖြင့် ကောင်းကင်စာအုပ် စံပြသည် ဖြည်းဖြည်းချင်း မြင့်တက်လာခဲ့သည်။
စာအုပ်က သူ့အား သူ့ကမ္ဘာရှိ ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ယောက်၏ မြင့်တက်လာမှုကို ပြသထား၏။ ကံအပြောင်းအလဲ အခွင့်အရေးမြောက်များစွာနှင့် တိုက်ပွဲအမြောက်အများ တွေ့ကြုံပြီးသည့်နောက်တွင် ထိုပါရမီရှင်က ထိပ်တန်းကောင်းကင် ရွေးချယ်ခံတစ်ယောက်ဖြစ်လာပြီး သေမျိုးနှင့် မသေမျိုးအတားအဆီးကို ချိုးဖောက်နိုင်ခဲ့သည်။
ကောင်းကင်စာအုပ် စံပြက ထိုစာအုပ်ကို အသုံးပြုကာ သူ့မျိုးဆက်အတွင်းရှိ ကောင်းကင်ရွေးချယ်ခံများစွာနှင့်အတူ ထိုပါရမီရှင်ကိုပါ ခိုးယူခဲ့ပြီး ထိပ်ဆုံးသို့ တက်လှမ်းလာ၏။ သို့သော်လည်း ထိုသို့နည်းဗျူဟာဖြင့်ပင် ထိုပါရမီရှင်က သူ၏ အကြီးမားဆုံး စိန်ခေါ်သူတစ်ယောက် ဖြစ်လာခဲ့သည်။
ထို့နောက် နောက်ဆုံးတိုက်ပွဲအတွင်း သူက ထိုသူကို အနိုင်ယူကာ တာအိုကို သက်သေပြပြီး ထာဝရဧကရာဇ်တစ်ယောက် ဖြစ်လာခဲ့သည်။
သူ့သေမျိုးဘဝတွင် အရေးကြီးသည့်ဖြစ်ရပ် ၃ခု ရှိခဲ့သည်။ ပထမတစ်ခုက သူ ကံကြမ္မာကြယ် ဖြစ်လာသည့် အချိန် ဖြစ်၏။ ဒုတိယတစ်ခုကမူ ပထမဆုံးအကြိမ်အနေဖြင့် သူ့စာအုပ်သည် အသုံးမဝင်သည့် အထွတ်အထိပ် တားမြစ်ခံစစ်ဆေးမှု ဖြစ်သည်။
တတိယတစ်ခုကမူ ထိုပါရမီရှင်နှင့် တိုက်ပွဲ ဖြစ်၏။
တာအိုကို သက်သေပြပြီးသည့်နောက်တွင် ကောင်းကင်စာအုပ် စံပြက သူ့ရတနာသည် အသုံးမဝင်တော့ကြောင်း သိလိုက်ရသည်။ သို့သော်လည်း သူက ထိုရလဒ်ကို မျှော်လင့်ထားပြီးသားဖြစ်သည့်အတွက် သိပ်ဂရုမစိုက်ပေ။ ထို့အပြင် သူက အထွတ်အထိပ် တားမြစ်ခံစစ်ဆေးမှုအတွင်း ထိုစာအုပ်အပေါ် အမှီအခိုကင်းဖို့ သင်ယူခဲ့ရသည်။
ထို့ကြောင့် သူက ကိုယ်ပိုင်စွမ်းအားကို အသုံးပြုကာ စာအုပ်ကို ပိုမိုအားကောင်းလာစေခဲ့သည်။ သူ အထက်ဘုံသို့ တက်လှမ်းပြီးသည့်နောက်တွင် ဉာဏ်ပညာနှင့် ဉာဏ်ရည်ဖြင့် စာအုပ်၏ စွမ်းရည်ကို အသုံးပြုကာ ဟွင်သွမ်းစကြဝဠာတစ်ခုလုံးအတွင်း အားအကောင်းဆုံး စံပြများထဲမှ တစ်ယောက်ဖြစ်လာခဲ့သည်။
သူက အထွတ်အထိပ်သို့ ရောက်ရှိပြီးသည့်နောက်တွင် မြင့်မားသည့် နယ်ပယ်အဆင့်သို့ တက်လှမ်းလိုသော်လည်း အောင်မြင်မှု မရှိခဲ့ပေ။ ကောင်းကင်စာအုပ်နှင့် သူ့ကောင်းကင်တာအိုက လျှို့ဝှက်ချက်နှင့် အသိပညာများကို စုစည်းဖို့ လွယ်ကူစေ၏။ မည်သို့ပင်ဆိုစေကာမူ သူ့ကြိုးစားမှုက ကျရှုံးခဲ့သည်။
ထို့နောက် သူက နောက်ထပ် ကျင့်ကြံဆင့် မရှိတော့ကြောင်း သဘောပေါက်သွားခဲ့ပြီး သူ့ကိုယ်တိုင် ဖန်တီးယူဖို့ လိုအပ်လာလေ၏။ ထို့ကြောင့် သူက စတင်ပြင်ဆင်ခဲ့သည်။ သို့သော်လည်း ထိုအခိုက်အတန့်တွင် ဒုတိယမူလတိုက်ပွဲ စတင်ခဲ့၏။
ချီယွမ်နှင့် စံပြအမြောက်အများက ကမ္ဘာဦးဟွင်သွမ်းတစ်လျှောက်အတွင်း မဟာမိတ်များ စတင်စုဆောင်းလာသည်။ ကောင်းကင်စာအုပ် စံပြက သူ့အခွင့်အရေး ရောက်လာမှန်း သိလိုက်ပြီး ချီယွမ်နှင့် သူ့အဖွဲ့ကို သေသေချာချာ လေ့လာစောင့်ကြည့်ခဲ့သည်။
သူက ချီယွမ်၏ တကယ့်ရည်ရွယ်ချက်သည် အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာကို ဟွင်သွမ်းစကြဝဠာတစ်ခုလုံး၏ ကံကြမ္မာဗဟိုချက် လုပ်ဖို့ရာ မဟုတ်မှန်း သိထားသည့်သူထဲမှ တစ်ဦး ဖြစ်၏။ ထိုအစား ထိုသူက စကြဝဠာ၏ အစောပိုင်းခေတ်ကာလမှ ဆင်းသက်လာသည့် ဒဏ္ဍာရီတစ်ခုကို ဆင့်ခေါ်ဖို့ ကြိုးစားနေခြင်း ဖြစ်သည်။
အကြွင်းမဲ့တားမြစ်ချက်ကို ထူးကဲသာလွန်မှု လမ်းစဉ်ဟုလည်း ခေါ်ဆိုကြ၏။
ကောင်းကင်စာအုပ် စံပြက ချီယွ်၏ အစီအစဉ်ကို လေ့လာစောင့်ကြည့်ကာ သုံးသပ်လိုက်ပြီးသည့်နောက်တွင် ထိုအစီအစဉ်သည် အနည်းဆုံးတော့ အပြည့်အဝ အောင်မြင်မည် မဟုတ်ကြောင်း သဘောပေါက်သွားခဲ့သည်။ ချီယွမ်၏ အစီအစဉ်က စကြဝဠာထဲ စံပြများသည် အထွတ်အထိပ် မဟုတ်တော့သည့် အနေအထားတစ်ခုသို့ ရောက်ရှိသွားစေလိမ့်မည်။ သို့သော်လည်း သူက စံပြအထက်ရှိ လူများက ခွေးတွေလို များပြားသည့် ခေတ်ကာလကို ဖန်တီးနိုင်မည် မဟုတ်ပေ။
ချီယွမ်၏ ကျရှုံးမှုနှင့် အကြွင်းမဲ့တားမြစ်ချက်အတွက် ပါဝင်ဆင်နွှဲသူများ၏ ကံကြမ္မာကို ခန့်မှန်းပြီးသည့်နောက်တွင် သူကလည်း သူ့ကိုယ်ပိုင်အစီအစဉ်ကို စတင်ခဲ့သည်။ သူက အကြွင်းမဲ့ တားမြစ်ချက်အတွင်း ဖြစ်ပျက်ခဲ့သမျှ အရာများကို အသိပညာနှင့် သတင်းအချက်အလက်များ စုဆောင်းဖို့ လိုကြောင်း သိလေ၏။ ထို့ကြောင့် သူက စံပြအဆင့် လက်အောက်ငယ်သားတချို့ကို ပြုစုပျိုးထောင်ကာ သူတို့အား အကြွင်းမဲ့တားမြစ်ချက်ထဲ စေလွှတ်ခဲ့သည်။
ဒုတိယအနေဖြင့် သူက ထိုဖြစ်ရပ်အတွင်း လူများစွာ သေဆုံးသွားမည်ကို သိလေသည်။ ထို့ကြောင့် ကောင်းကင်စာအုပ် စံပြက ထိုအားကောင်းသည့် ဟွင်သွမ်းကမ္ဘာများအတွင်း နေရာလွတ်များအတွက် စတင်စီစဉ်ခဲ့သည်။
သူ့အစီအစဉ်၏ နောက်ဆုံးအဆင့်ကမူ ကောင်းကင်စာအုပ်ကို ဟွင်သွမ်းစကြဝဠာတစ်ခုလုံး၏ ဇာတ်ကြောင်းအဖြစ် ပြောင်းလဲလိုခြင်း ဖြစ်သည်။ သူက တစ်စုံတစ်ယောက်သည် ထူးကဲသာလွန်မှုကို ရယူပါက ထိုသူသည် စကြဝဠာ၏ ဇာတ်လိုက် ဖြစ်လာလိမ့်မည်ဟု ယုံကြည်ထားသည်။
ကံဆိုးစွာဖြင့် ကိစ္စများက သူ လိုချင်သည့်အတိုင်း မချောမွေ့ခဲ့ပေ။ တိုးတက်မှုတချို့ ရှိသော်လည်း သူ့အတွက် မလုံလောက်ခဲ့ပေ။
“ဟမ်” ကောင်းကင်စာအုပ်က မျက်လုံး ဖွင့်လာသည်။ သူက စာအုပ်အတွင်း စာပိုဒ်အနည်းငယ် ပေါ်ထွက်လာသည်ကို မြင်လိုက်ရ၏။ ထိုဖြစ်စဉ်က ရုတ်ချည်းဆိုသလို မြန်ဆန်လွန်းလှသည်။
တစ်ခုခုဖြစ်သွားတာလား…
ကောင်းကင်စာအုပ် စံပြက ရည်မှန်းချက် ကြီးမားပြီး ထူးကဲသာလွန်မှုကို ရလိုသည်။ သို့သော်လည်း နှေးကွေးသည့် ဖြစ်စဉ်က သူ့အား စိတ်မရှည်အောင် ပြုလုပ်နေပြီး အကြွင်းမဲ့တားမြစ်ချက်ဆီမှ နည်းလမ်းများကို အသုံးပြုကာ ထူးကဲသာလွန်မှု တစ်ပိုင်းအဆင့် ဖြစ်လာခဲ့သည်။
(အစွဲကင်းတစ်ပိုင်းအဆင့်ကို ထူးကဲသာလွန်မှုတစ်ပိုင်းအဆင့်လို့ ပြောင်းသုံးထားပါတယ်)
ထို့နောက် သူက အသစ်ရှာဖွေတွေ့ရှိထားသည့် စွမ်းအားဖြင့် စာအုပ်ကို ပြီးမြောက်စေခဲ့ပြီး သူ့ကိုယ်သူ ဖြတ်တောက်ကာ စံပြအဆင့်သို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။
အစစ်အမှန် ထူးကဲသာလွန်မှုရှေ့တွင် ထူးကဲသာလွန်မှုတစ်ပိုင်း အဆင့်ကဘာလဲ…
သို့သော် ယခုတွင် သူ့စာအုပ်၏ ဖြစ်စဉ်က ရုတ်ချည်းဆိုသလို အရှိန်မြင့်တက်လာ၏။
ကောင်းကင်စာအုပ်က သူ့ရှေ့မှာ ရှိနေသည့် စာအုပ်ကို ကြည့်ကာ တွေးလိုက်သည်။
“ငါ သုံးသပ်ထားသလောက် ဘယ်သူကမှ မဟာတာအိုကို မရင်ဆိုင်ပဲနဲ့ ထူးကဲသာလွန်မှုကို မရယူနိုင်ဘူး။ ဒီအပြုအမူက စမ်းသပ်ချက်တစ်ခု ဖြစ်နေနိုင်တယ်။ ဘာလို့လဲဆိုတော့ မဟာတာအိုက ထူးကဲသာလွန်မှုအတွက် တည်ရှိမှုကို ခွင့်ပြုမှာ မဟုတ်ဘူး။ အမှန်တရားက ဘယ်လိုပဲဖြစ်ဖြစ် ဒီအချက်က မပြောင်းလဲဘူး။ လက်ရှိ ဇာတ်လိုက်က မဟာတာအိုနဲ့ တိုက်ပွဲဆင်နွှဲနေတယ်။ ဒီတိုက်ပွဲက အတိတ်၊ ပစ္စုပ္ပန်နဲ့ အနာဂတ်အထိ သက်ရောက်မှု ရှိနေတယ်…”
ကောင်းကင်စာအုပ် စံပြက မျက်မှောင်ကြုတ်လိုက်၏။
ဒီစာအုပ်က ရုတ်တရက်ပြောင်းလဲသွားတာက တိုက်ပွဲကြောင့်ပဲ ဖြစ်ရမယ်။ ဒီတိုက်ပွဲရဲ့ စီးကြောင်းကို ပြောင်းလဲသွားစေတဲ့ တစ်စုံတစ်ခုတော့ ဖြစ်ပျက်သွားပြီ။ အဲဒါကြောင့် မဟာတာအိုက ငါ့ပုံစံနဲ့ နယ်ရုပ်တစ်ရုပ်ကို ဖန်တီးဖို့ ဆုံးဖြတ်ခဲ့တာပဲ။
သူ့အကြည့်တွင် လှောင်ပြောင်မှုကို ဖုံးကွယ်ထားခြင်း မရှိပေ။ မိုးမြေက စစ်တုရင်ခုံ ဖြစ်၏။ အကယ်၍ တစ်စုံတစ်ယောက်က စွမ်းအား သို့မဟုတ် ဉာဏ်ရည် မရှိပါက နယ်ရုပ်သာ ဖြစ်နိုင်သည်။
ကောင်းကင်စာအုပ် စံပြက စာအုပ်ကို ကြည့်ပြီးသည့်နောက်တွင် နာမည်နှစ်ခုက သူ့အာရုံကို ဖမ်းစားသွားလေ၏။
“မဟာတာအိုရဲ့ သားတော်နဲ့ ဝမ်ဝေ့” သူက ရေရွတ်လိုက်သည်။ သို့သော်လည်း သူ့စာအုပ်ထဲရှိ စာပိုဒ်က မပြီးဆုံးသေးသည့်အတွက် သူ့အနေနှင့် သတင်းအချက်အလက် များများစားစား ကောက်ချက်မချနိုင်ပေ။
အဲဒါဆိုတော့ ဒီနှစ်ယောက်ထဲက တစ်ယောက်ပဲ…
သူက သတင်းအချက်အလက်ကို ရှာဖွေဖို့ ကြိုးစားရင်း တွေးလိုက်မိသည်။ သူ ထင်ထားသည့်အတိုင်း သူ့ကြိုးစားမှုက အသုံးမဝင်ခဲ့ပေ။
ကိစ္စမရှိဘူး။ ဒီလူထဲကတစ်ယောက်က ဘယ်မှာရှိလဲဆိုတာ သိတယ်။
အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာ…
ချီယွမ်၏ အပြုအမူက တစ်နည်းနည်းဖြင့် အလုပ်ဖြစ်ခဲ့လေသည်။ အကြောင်းမှာ အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာက ဒုတိယမူလတိုက်ပွဲအပြီးတွင် ကြမ္မာအမြောက်အများကို စုစည်းနိုင်ခဲ့သည်။
ထို့ကြောင့် ဇာတ်လိုက် ရှိနေပါက ထိုအရာသည် ထိုလူ မြင့်တက်နိုင်သည့် နေရာတချို့ထဲမှတစ်ခု ဖြစ်၏။
“အဆုံးမဲ့တက်လှမ်းခြင်း ကမ္ဘာ။ ကိစ္စတွေက နည်းနည်းတော့ ရှုပ်ထွေးလာပြီ။ ငါက အဲဒီနယ်ရုပ် ၈ခုကို ပျိုးထောင်ခဲ့ပေမဲ့ အန္တိမသဟဇာတနဲ့ မေတ္တယျတို့ရဲ့ တည်ရှိမှုက ငါ ဝင်စွက်ဖက်ဖို့ ခက်ခဲအောင် လုပ်နေတယ်” ကောင်းကင်စာအုပ် စံပြက ရေရွတ်လိုက်သည်။
အကြွင်းမဲ့တားမြစ်ချက်အပြီးတွင် ကောင်းကင်စာအုပ် စံပြက နေရာလစ်ဟာမှုကို အခွင့်ကောင်းယူကာ ကွဲပြားသည့် ဟွင်သွမ်းကမ္ဘာများအတွင်း နယ်ရုပ်များကို မွေးမြူထားခဲ့သည်။ အထူးသဖြင့် အရင်းအမြစ်ဟွင်သွမ်းကမ္ဘာ ၃၈၀၀တွင် ဖြစ်၏။
သို့သော်လည်း ထိုကမ္ဘာတချို့တွင် ထူးကဲသာလွန်မှုတစ်ပိုင်းအဆင့် ပေါ်ထွက်လာပြီး သူ့ကြိုးစားမှုများအား အရာမထင်အောင် သို့မဟုတ် ထိုနယ်ရုပ်များကို အသုံးမပြုနိုင်အောင် တားဆီးထားသည်။
သူက ဉာဏ်ရည်မည်မျှ မြင့်မားစေကာမူ ထူးကဲသာလွန်မှုတစ်ပိုင်းရှေ့တွင် ထိုသူများက သူ့ကို လက်ချောင်းတစ်ချောင်းဖြင့် သတ်နိုင်သည့်အတွက် ထိုသူများရှေ့တွင် တစ်စုံတစ်ခုလုပ်ဖို့ ကြိုးစားသည်မှာ အင်မတန် အန္တရာယ်များလာသည်။
စွန့်စားဖို့ ထိုက်တန်ရဲ့လား…
ကောင်းကင်စာအုပ် စံပြက ရေရွတ်လိုက်၏။
ငါက ဇာတ်လိုက်ကို ရှာတွေ့တယ်ဆိုရင်တောင် သင့်တော်တဲ့ အချိန်ဆက်နွယ်မှု မရှိရင်အလကားပဲ။ ပြီးတော့ အဲဒါတွေက ရှားတယ်…
ဒါပေမဲ့ ဇာတ်လိုက်မှာ အရေးသာချက် များလေလေ ငါက မဟာတာအိုအတွက် ပိုမိုအဖိုးတန်တဲ့ နယ်ရုပ်တစ်ရုပ် ဖြစ်လာလေလေပဲ…
ပြီးတော့ အချိန်က ငါ့ဘက်မှာ ရှိတယ်…
မဟာတာအို၏ အခြေအနေက အချိန်ကြာလာသည်နှင့်အမျှ ပို၍ ဆိုးရွားလာလိမ့်မည်။ ကောင်းကင်စာအုပ်က ထိုတိုက်ပွဲအတွင်း မျက်နှာသာမပေးပေ။ အဓိကအကြောင်းအရင်းက ထူးကဲသာလွန်မှုကို အောင်မြင်သွားသည့် လူနှစ်ဦးကြောင့် ဖြစ်၏။
မဟာတာအိုအပေါ် ယုံကြည်ချက် ကင်းမဲ့နေသည့် အဓိကအကြောင်းက သူ စုဆောင်းထားသည့် သတင်းအချက်အလက်များကြောင့် ဖြစ်၏။ သူတို့၏ တိုက်ပွဲက ကာလံဒေသံကိုပင် ပြောင်းလဲသွားစေပြီး သူ ကောက်ချက်ချထားသည့် သဲလွန်စများအရ မဟာတာအိုအတွက် အခြေအနေမကောင်းကြောင်း သိလေသည်။
မဟုတ်သေးဘူး။ ငါ့အတွေးတွေက မှားနေတယ်။ ငါက ဇာတ်လိုက်ကိုရှာပြီးတော့ သူ့ရဲ့ ကြီးထွားလာမှုကို စောင့်ကြည့်ရမယ်။ မဟုတ်ရင် အချိန်ဆက်နွယ်မှုတစ်ခု ပေါ်ထွက်လာရင်တောင် ငါ့အတွက် အသုံးဝင်မှာမဟုတ်ဘူး။ ဒီစွန့်စားမှုကို ယူရမယ်…
ကောင်းကင်စာအုပ် စံပြက သူ လိုချင်သည့်အရာကို ရဖို့အတွက် စတေးမှုကို မည်မျှလျှော့ချနိုင်ကြောင်း တွက်ချက်ကြည့်ခဲ့သည်။
အရင်တုန်းက အန္တိမသဟဇာတနဲ့ မေတ္တယျကြားမှာ မျှခြေ ရှိတယ်။ ဒါပေမဲ့ လတ်တလောမှာ သူမက အရေးသာချက် ရှိလာတဲ့ပုံပဲ။ ငါက အဲဒီအခြေအနေကို သုံးပြီးတော့ အဆုံးမဲ့တက်လှမ်းခြင်း ကမ္ဘာနဲ့ ထိတွေ့အောင် လုပ်လို့ရတယ်။ ပြီးတော့ ငါက အန္တိမသဟဇာတနဲ့ ထိတွေ့နိုင်မဲ့ နည်းလမ်းကို ရှာပြီးတော့ မျှခြေညီအောင် ပြန်လုပ်ပေးရမယ်…
သူ့စိတ်ထဲ အတွေးများစွာ ဖြတ်ပြေးသွား၏။
သူ ငါ့ဆီကနေ လိုတာ ၂ခု ရှိတယ်။ ပထမတစ်ခုက ထူးကဲသာလွန်မှုတစ်ပိုင်း ဖြစ်လာဖို့ နောက်ထပ် နည်းလမ်းတစ်ခု။ သူက အဲဒီကနေ တစ်ခုခုတော့ သင်ယူချင်မှာ သေချာတယ်။
ကောင်းကင်စာအုပ်က တခြားဟွင်သွမ်းအရင်းအမြစ်ကမ္ဘာများမှ ထိုသို့သော နည်းလမ်းမျိုးကို ရရှိထားခဲ့သည်။ သို့သော်လည်း ထိုဖြစ်စဉ်က စိန်ခေါ်မှုတစ်ခု ဖြစ်ပြီး အချိန်များစွာ လိုအပ်လေ၏။ ထို့အပြင် သူက အန္တိမသဟဇာတထံ ထိုအရာကို ပေးလိုက်ပြီး သူ့ပြစ်ချက်ကို ပြုပြင်ကာ ပိုအားကောင်းလာမည်ကို မတွေ့လိုပေ။
ရုပ်ခန္ဓာနှစ်ခု ရှိထားတဲ့ သူ့တပည့်အရ သူက သူ့ရဲ့ တည်ရှိမှုကို နှစ်ပိုင်းခွဲမဲ့ နည်းလမ်းရှာနေတာ ဖြစ်နိုင်တယ်…
ကောင်းကင်စာအုပ်က ထိုအရာတွင် အောင်မြင်သွားသည့် အရူးတစ်ယောက်ကို သိထားလေသည်။ ထိုသူက အန္တရာယ်များသည့် နေရာတွင် ပုန်းအောင်းနေသော်လည်း သူ့အနေဖြင့် ထိုသူကို သွားရှာပြီး နည်းလမ်း ရယူဖို့ ပြဿနာ မရှိပေ။
ကောင်းပြီ။ သူ့ကို ဒီနည်းလမ်းနဲ့ ဆွဲဆောင်နိုင်ဦးမလားဆိုတာ ကြည့်ရသေးတာပေါ့။ တစ်ခုတည်းသော ပြဿနာက မေတ္တယျကို မသိစေဘဲ သူ့ကို ဘယ်လိုဆက်သွယ်ရမလဲဆိုတာပဲ…
သို့သော်လည်း ကောင်းကင်စာအုပ် စံပြက စက္ကန့်ပိုင်းမျှဖြင့် နည်းလမ်းကို ရှာတွေ့သွားသည်။ လူများစွာက အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာကို တိုက်ခိုက်နေသည့်အတွက် သူ့နယ်ရုပ် ၈ခုက ထိန်းထားနိုင်ရုံမျှသာ ဖြစ်၏။
ထို့ကြောင့် သူသာ သူတို့ကို လွှမ်းမိုးနိုင်သည့် လူတစ်ယောက် စေလွှတ်လိုက်သည်နှင့် မေတ္တယျ သို့မဟုတ် အန္တိမသဟဇာတက ဝင်ရောက်စွက်ဖက်ရလိမ့်မည်။
ကောင်းကင်စာအုပ် စံပြက လက်ဝှေ့လိုက်ပြီးသည့်နောက်တွင် သတင်းစကားတစ်ခု ပို့ဆောင်လိုက်၏။
ထို့နောက် အဆုံးစွန်မဲ့ စံပြတစ်ဦးက အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာဆီ အပြေးရောက်လာသည်။
ငါ့ရဲ့ မျှော်လင့်ချက်တွေ အားလုံးကို အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာမှာပဲ ပုံအောထားလို့ မဖြစ်ဘူး။ ဒီလူတွေထဲက တစ်ယောက်က ဒီမှာနေတယ်ဆိုပေမဲ့ ဒုတိယတစ်ယောက်ကရော ဘယ်မှာလဲ…
ကောင်းကင်စာအုပ် စံပြက မတ်တတ်ရပ်လိုက်ပြီး အချိန်မြစ်ကြောင်းက သူ အလိုရှိသည့်အတိုင်း ကွေးညွှတ်သွားသည်။ ထို့နောက် ထိုအရာ၏ စွမ်းအားကို အသုံးပြုကာ သူက အဆုံးမဲ့ဟွင်သွမ်းကမ္ဘာများထဲ ရေထဲမှ ငါးတစ်ကောင်အလား ဖြတ်သန်းသွားလိုက်သည်။