ကောင်းကင် အမိန့်မှာတမ်း
Vol. 58 Ch. 810
အန္တိမသဟဇာတက ထိုလူ၇ယောက်ကို ကြည့်ပြီးသည့်နောက်တွင် သူ့မျက်ဝန်းက ပုံမှန်ထက်ပင် အေးစက်နေလေ၏။ သူက စိတ်ခံစားချက် မရှိသည့်အတွက်ကြောင့်သာ မဟုတ်လျှင် ထိုသူများကို ဒေါသပုန်ထမိလိမ့်မည်။ သူက ဤသို့ဆုံးရှုံးသည့် အပေးအယူမျိုးကို လုပ်မည် မဟုတ်ပေ။ သို့သော်လည်း ကောင်းကင်စာအုပ် စံပြ၏ အပေးအယူက သူ့အတွက် မက်လောက်ဖွယ်ဖြစ်နေ၏။
သူက ကမ္ဘာဦးဟွင်သွမ်းတစ်လျှောက် ပုံရိပ်နှင့် ကိုယ်ပွားများစွာကို စေလွှတ်ပြီး သူ့ပြဿနာများစွာ၏ ဖြေရှင်းနည်းကို ရှာဖွေခိုင်းခဲ့သည်။ သို့သော်လည်း ကြိုးစားမှုက မအောင်မြင်ခဲ့ပေ။ သို့သော် ယခုတွင် သူက အောင်မြင်နိုင်မည့် အခွင့်အရေး ရလာလေပြီ။ အန္တိမသဟဇာတက ထိုအရာသည် သူ့အတွက် ဘယ်လို အဓိပ္ပာယ်ရှိကြောင်း ကောင်းကောင်းသိထား၏။ သူ့ထူးကဲသာလွန်မှု တစ်ပိုင်းအဆင့်က ပြီးမြောက်သွားမည်ဖြစ်ကာ သူသည် ချုပ်နှောင်ခံထားရတော့မည် မဟုတ်ပေ။
သူက အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာတွင် နေနေသရွေ့ ပြိုင်ဘက်ကင်းမည်ဖြစ်ကာ မေတ္တယျသည် ပြဿနာတစ်ခု ဖြစ်လာတော့မည် မဟုတ်ပေ။ သူ အောင်မြင်သွားသရွေ့ စိတ်ခံစားချက် ၇ပါးနှင့် လိုအင်ဆန္ဒ ၆ပါးကိုလည်း ပြန်လည်ရရှိနိုင်လိမ့်မည်။
တကယ်တော့ သူက စိတ်ခံစားချက်များကို ဂရုမစိုက်ပေ။ ယခင်က သူသည် ကောင်းကင်၏ တစ်သတ်မှတ်တည်း တာအိုစိတ်သဘောထားကို ကျင့်ကြံထားပြီးသား ဖြစ်သည့်အတွက် ယခုလိုအခြေအနေနှင့် အတူတူသာ ဖြစ်၏။ သို့သော်လည်း သူ့တွင် ယခင်က စိတ်ခံစားချက်တချို့ ရှိခဲ့သော်လည်း ထိုအရာများကို ထိန်းချုပ်ထားခဲ့ရသည်။
အန္တိမသဟဇာတ ပိုမိုလိုချင်နေသည်က ထူးကဲသာလွန်မှုလမ်းစဉ်ကို ဆက်လက် လျှောက်လှမ်းဖို့ ဖြစ်၏။ သူ့အခြေအနေကို ရောက်ရှိပြီးသည့်နောက်တွင် အဆုံးသတ် မဟုတ်သေးကြောင်း သိလိုက်သည်။ အချုပ်အားဖြင့် ထိုအရာသည် ကျင့်ကြံသူများ တွေးမကြည့်နိုင်သည့် ကြီးမြတ်သော ခရီးလမ်းဖြစ်သည့် လမ်းစဉ်တစ်ခု အစဖြစ်ကြောင်း သိလိုက်သည်။
ကောင်းကင်စာအုပ် စံပြက သူ့စကားကို တည်ဖို့ပဲ မျှော်လင့်တယ်။ သူက တစ်စုံတစ်ခု ကြံစည်နေတယ်ဆိုတာ သိပေမဲ့ အရေးမကြီးဘူး…
သူ လိုအပ်နေသည့် အရာကို ရသရွေ့ ဘာကိုမှ ဂရုစိုက်မည် မဟုတ်ပေ။ အကယ်၍ ကောင်းကင်စာအုပ် စံပြက လှည့်ကွက်လုပ်ဖို့ ကြိုးစားပါက သူ့ကို အချိန်အဆုံးသတ်သည်အထိ အမဲလိုက်နိုင်သည်။
ထိုအသုံးမဝင်သည့် အမှိုက်များကို အေးစက်စက် ကြည့်ပြီးသည့်နောက်တွင် အန္တိမသဟဇာတက ထွက်ခွာသွား၏။
အချိန်စားသုံးသူ၏ အမူအရာကလည်း ပျက်ယွင်းနေလေသည်။
အချိန် မရှိတော့ဘူး…
သူက တွေးလိုက်မိသည်။ သူက အန္တိမသဟဇာတ၏ အကြည့်နောက်ကွယ်မှ အဓိပ္ပာယ်ကို နားလည်လေသည်။ သူတို့က အသုံးမဝင် ဖြစ်လာလေ၏။ သူတို့၏ ခေါင်းဆောင်က အသုံးမဝင်သည့် နယ်ရုပ်များကို မည်သို့ဖြေရှင်းကြောင်း ကောင်းကောင်းသိထားသည်။ ထို့ကြောင့် သူက အသက်ရှည်ရှည် နေလိုပါက သူ့အစီအစဉ်ကို အမြန်အဆန် ပြီးမြောက်ရမည်ဖြစ်ကြောင်း သိလေသည်။ အချိန်စားသုံးသူက အသက်ပြင်းပြင်းရှူကာ အဝေးထွက်သွားပြီဖြစ်သည့် ခရမ်းရောင်ခွန်ပန်ကို လှမ်းကြည့်လိုက်၏။
သူက ကောင်းကင်စာအုပ် စံပြနဲ့ ဘာတွေများပြောခဲ့တာပါလိမ့်…
သူက မျက်မှောင်ကြုတ်လိုက်သည်။ လမင်း ၇စင်း မြင့်တက်လာမှု၏ လျှို့ဝှက်ချက်သည် ကောင်းကင်စာအုပ် စံပြက တိတ်တဆိတ် ကြိုးကိုင်ထားကြောင်း သိလေ၏။ ထို့ကြောင့် သူသည် သိသွားသည်နှင့် သူ့အတွက်သူ အစီအစဉ်ဆွဲခဲ့သည်။
ကောင်းကင်စာအုပ်စံပြက ကြောက်ဖို့ကောင်းတဲ့သူဖြစ်နေတုန်းပဲ။ တကယ်လို့ အန္တိမသဟဇာတပါ ပါလာမယ်ဆိုရင် ငါကိုယ်တိုင် ဖြေရှင်းနိုင်တဲ့အရာတော့ မဟုတ်ဘူး…
အချိန်စားသုံးသူက ကောင်းကင်စာအုပ် စံပြသည် သူ့ရင်းနှီးမြှုပ်နှံမှုများကို ထိန်းချုပ်မှု ကင်းလွတ်သွားခွင့်ပြုမည် မဟုတ်ကြောင်း ခံစားမိနေသည်။ ယနေ့တွင် ယခုအဖြစ်အပျက်အပေါ် မူတည်၍ သူ့မှန်းဆချက်က မှန်ကန်နေကြောင်း သိလိုက်ရသည်။ ထို့ကြောင့် သူက အလျင်လိုလာမိသည်။
သူက ဘာမှမပြောဘဲ ထွက်လာလိုက်၏။
………………
ကမ္ဘာဦးဟွင်သွမ်းနယ်မြေ၊ တားမြစ်နယ်မြေ
ကောင်းကင်စာအုပ် စံပြက မျက်လုံးဖွင့်လာပြီးသည့်နောက်တွင် မျက်မှောင်ကြုတ်လိုက်ပြီး သူ့မျက်ဝန်းထဲ စိုးရိမ်သည့် အရိပ်အယောင်တချို့ရှိနေသည်။ သူ့အစီအစဉ်က အောင်မြင်သွားသော်လည်း အန္တိမသဟဇာတနှင့် အပေးအယူ လုပ်လိုက်ရသည့်အတွက် မပျော်ရွှင်ပေ။
သူက ထူးကဲသာလွန်မှုတစ်ပိုင်း အဆင့်နှင့် ပတ်သက်ပြီး သတင်းအချက်အလက်များစွာ လိုအပ်နေသည်။
တကယ်လို့ ငါ့ကိုယ်ငါသာ ထူးကဲသာလွန်မှုတစ်ပိုင်းအဆင့်ဆီကနေ ကာကွယ်နိုင်မဲ့ နည်းလမ်းသာရှိမယ်ဆိုရင်…
သူ့စိတ်ထဲ အတွေးများစွာ ဖြတ်ပြေးသွား၏။ သူက နည်းလမ်းတစ်ခု ရှိလေသည်။
ကောင်းကင် အမိန့်မှာတမ်း
ထိုအရာသည် ကမ္ဘာဦးဟွင်သွမ်းထဲ ပြန့်ကျဲနေသည့် ထူးကဲအမှတ်အသားပြား တစ်ခု ဖြစ်၏။ ထိုအရာဖြင့် ဘယ်သူမဆို စမ်းသပ်မှုကို ဝင်ရောက်ဆင်နွှဲနိုင်သည်။
အောင်မြင်သည့်အခါ သူတို့က သူတို့ လိုချင်သည့်အရာကို တောင်းဆိုနိုင်၏။
ကံဆိုးတာက ငါက ကောင်းကင်စီရင်သူကို ရန်စခဲ့မိပြီ…
ထိုအမိန့်မှာတမ်းကို စေလွှတ်ထားသည့်သူက ကာဒီနယ် ၆ယောက်ထဲမှ တစ်ယောက် ဖြစ်သည့် ကောင်းကင်စီရင်သူ ဖြစ်၏။ သူ့နာမည်အတိုင်း သူက ဟွင်သွမ်းစကြဝဠာရှိ ကောင်းကင်တာအိုအားလုံးအတွက် ဖန်ဆင်းမှုနှင့် အစီအစဉ်ကျမှုအတွက် တာဝန်ရှိလေသည်။
ကောင်းကင်စာအုပ် စံပြက ကောင်းကင်တာအို၏ အရင်းအမြစ်နေရာကို ရယူရင်းဖြင့် ထိုသူကို ရန်စခဲ့မိသည်။ ယခင် ပိုင်ရှင်က ကောင်းကင်တာအို စံပြ ဖြစ်ပြီး အသိစိတ် ဝင်လာသည့် အရင်းအမြစ်ဟွင်သွမ်းကမ္ဘာ၏ ကောင်းကင်တာအို ဖြစ်ကာ စတင်ကျင့်ကြံခဲ့သည်။
ထိုသူနှင့် တွေ့ဆုံပြီးသည့်နောက်တွင် ကောင်းကင်စာအုပ် စံပြက သူ့ကို အနိုင်ယူကာ ထိုနေရာကို သိမ်းပိုက်ခဲ့၏။ ဆက်တိုက်ဆိုသလို ကောင်းကင်တာအို စံပြ၏ ထူးကဲမှုကို မြင်တွေ့ပြီးသည့်နောက်တွင် ထိုသူကို ဖမ်းဆီးကာ လျှို့ဝှက်ချက်တချို့ကို လေ့လာခဲ့သည်။
ထို့နောက် သူက ထိုသူသည် ကောင်းကင်တာအို မျိုးနွယ်ဟုခေါ်သည့် ထူးကဲမျိုးနွယ်တစ်ခုမှ ဖြစ်ကြောင်း သိလိုက်ရသည်။ ထိုမျိုးနွယ်ကို ကာဒီနယ် ၆ယောက်ထဲမှ တစ်ယောက်က ဖန်တီးထားခြင်း ဖြစ်၏။
ကောင်းကင်စာအုပ် စံပြ၏ ကောင်းကင်တာအို စံပြ၏ ရာထူးကို ယူလိုက်သည့် အပြုအမူက ကောင်းကင်စီရင်သူကို ရန်စသလို ဖြစ်သွားခဲ့သည်။ သူက သူ့ဖန်ဆင်းမှုတစ်ခုကို ဖမ်းဆီးခဲ့သည့်အတွက် သူတို့၏ ဆက်ဆံရေးကို ပျက်ပြားသွားစေခဲ့သည်။
ကောင်းကင်စာအုပ် စံပြက ဂရုမစိုက်ပေ။ သူ့အား ထိုနေရာကို လက်လျှော့ကာ သူ့နောက်လိုက် ဖြစ်လာစေလိုသည့်သူက ကောင်းကင်စီရင်သူ ဖြစ်၏။ ကံကောင်းစွာဖြင့် ကာဒီနယ် ၆ယောက်က ကန့်သတ်ခံထားရသည့်အတွက် ကမ္ဘာအတွင်း အလွယ်တကူ ဝင်ရောက်မစွက်ဖက်နိုင်ပေ။
ငါက အမိန့်မှာတမ်းကို သုံးလို့တော့ မရသေးဘူး။ အဲဒါဆိုတော့ နောက်ထပ် နည်းလမ်းတစ်ခုကို စဉ်းစားရမယ်။ ဒါပေမဲ့ အဓိကပြဿနာက အဲဒီအယူနဲ့ ဖြေရှင်းတဲ့အခါပဲ…
သူ အန္တိမသဟဇာတဆီ ပေးမည်ဟု ကတိပေးထားသည့် နည်းလမ်းရှိနေသည့်သူက အရူးတစ်ယောက် ဖြစ်သည်။ ကောင်းကင်စာအုပ် စံပြက ထိုသို့သောလူမျိုးနှင့် ထိတွေ့ဆက်ဆံရသည်ကို သဘောမကျပေ။ သူတို့က ခန့်မှန်းရခက်ခဲပြီး တွက်ချက်ဖို့ မလွယ်ကူပေ။ အရူးများက တာအိုနယ်ရှင်များ၏ ရန်သူ ဖြစ်၏။
သူ့ကို ဖြေရှင်းတာ အချိန်တော့ လိုလိမ့်မယ်။ အဲဒါက ကိစ္စကောင်းတော့ မဟုတ်ဘူး…
ကောင်းကင်စာအုပ် စံပြက မျက်မှောင်ကြုတ်လိုက်သည်။
တကယ်လို့ သူတို့ထဲက တစ်ယောက်က ကြီးထွားနေတဲ့ အခြေအနေဆိုရင်တော့ ဖြေရှင်းရတာ ပိုပြီးတော့ လွယ်ကူသွားလိမ့်မယ်…
အကယ်၍ ဇာတ်လိုက်က မြင့်တက်နေဆဲကာလဖြစ်ကာ စံပြအဆင့်သို့ မရောက်ရှိသေးပါက ဖြေရှင်းဖို့ ပိုမိုလွယ်ကူသွားလိမ့်မည်။ ကောင်းကင်စာအုပ် စံပြက ထိုသူသည် ထိပ်သီးစံပြအဆင့်သို့ ရောက်ရှိသွားသည့်နောက်တွင်ပင် ရင်ဆိုင်ဖြေရှင်းဖို့ ယုံကြည်ချက် ရှိ၏။
တစ်ခုတည်းသော ပြဿနာက သူတို့ကြီးထွားမလာခင် အချိန်ဆက်နွယ်မှု မရှိနေတာပဲ…
ကောင်းကင်စာအုပ် စံပြက သက်ပြင်းချလိုက်သည်။ သူက ထိုအရူးကို သွားတွေ့ရုံမှအပ ရွေးချယ်စရာ မရှိပေ။ ထို့ကြောင့် သူ့စွမ်းအားအကုန်ရှိသည့် ကိုယ်ပွားတစ်ခုကို ဖန်ဆင်းကာ တားမြစ်နယ်မြေ အနက်ပိုင်းသို့ စေလွှတ်လိုက်သည်။
သူက အန္တိမသဟဇာတသည် သူ့နောက်မှ လိုက်လာနိုင်သည့်အရေးကို ကြိုတွေးကာ သတိကြီးကြီး ထားထားလေ၏။ ထို့ကြောင့် သူက အရူးဆီ အရင် သွားရောက်တွေ့ဆုံခဲ့သည်။ မီးနှင့် ကစားသည့်အခါ နံပါတ်တစ် စည်းကမ်းချက်က သတိထားရမည် ဖြစ်သည်။
……………………………
အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာ၊ ဒိုင်မေးရှင်းအနိမ့်၊ အသင်္ချေအင်ပါယာကမ္ဘာ၊ ကောင်းကင်အလိုဆန္ဒတိုက်ပွဲ၊ အရှေ့ဖက်ပိုင်း၊ ကျတ်တီးဂြိုလ်ပေါ်
အဲဒါက ဘာကိုပြောချင်တာလဲ…
လီကျွင်းက မေးလိုက်သည်။
ငါပြောလိုက်တာ ရှင်းတယ်လို့ ထင်တယ်…
မဟုတ်ဘူးလေ။ အစ်ကိုကြီး ဦးနှောက် ထိသွားတာ မဟုတ်ဘူးလို့ သေချာအောင် လုပ်ရတာပေါ့…
ဝမ်ဝေ့က ရှုံ့မဲ့သွားလေသည်။ သူက သူ့နတ်ဘုရားလို ခန္ဓာကိုယ်ကို ထိခိုက်ရဦးမည်လား။ ထို့အပြင် သူက ထိခိုက်လျှင်ပင် နှလုံးသားမရှိဘဲ နေထိုင်နိုင်သည့်အတွက် အဓိပ္ပာယ်တော့မရှိပေ။
ငါ တကယ်ပြောတာ…
အဲဒါဆိုတော့ ကျွန်တော်လည်း တကယ်ပဲ။ ကျွန်တော် လီလင်းကို နောက်ထပ်ဘယ်သူနဲ့မှ မပတ်သက်ဘူးလို့ ကတိပေးထားပြီးသား…
ငါက သူမကို ရှင်းပြပေးမယ်…
တကယ်လို့ ရှင်းပြပေးမယ်ဆိုရင်တောင် ဘာမှပြောင်းလဲသွားမှာ မဟုတ်ဘူး။ ဒါနဲ့ ဘာလို့ ချိုက်စုန့်ကို လိုက်စေချင်တာလဲ။ ချန်းချန်နဲ့ ပတ်သက်နေတာလား…
လီကျွင်းက မျက်မှောင်ကြုတ်လိုက်၏။
ဝမ်ဝေ့က ခေတ္တမျှ ရပ်တန့်သွားပြီးသည့်နောက်တွင် ချိုက်စုန့်၏ အရေးပါမှုအကြောင်း ပြောပြလိုက်သည်။
တကယ်လို့ သူမက အဲ့လောက် အရေးကြီးနေတယ်ဆိုရင် ဒီလိုမျိုး လက်ထပ်ပွဲကနေတဆင့် ရင်းနှီးအောင် လုပ်ချင်တာကိုတော့ နားလည်လို့ ရပါတယ်။ ဒါပေမဲ့ သူမကို ယုံကြည်ဖို့ ဆုံးဖြတ်ထားမှတော့ ရှင်းရှင်းလင်းလင်း လုပ်သင့်တယ်။ မဟုတ်ရင် အကျိုးဆက်က သူမကို တိတ်တဆိတ် ထိန်းချုပ်တာနဲ့ ဘာမှကွာမှာ မဟုတ်ဘူး။
ဝမ်ဝေ့က သူ့ပြောစကား မှန်ကန်ကြောင်း သိလေသည်။ ဉာဏ်ရည်ကောင်းသည့်သူတိုင်းကာ လီကျွင်းအနေဖြင့် ချိုက်စု့န်အပေါ် ရုတ်တရက် စိတ်ဝင်စားလာသည်မှာ ပုံမှန် မဟုတ်ကြောင်း သိလိမ့်မည်။ မဟာတာအိုပင် အပါအဝင် ဖြစ်၏။
ထို့ကြောင့် မဟာတာအိုက ထိုအချက်ကို ကြည့်ကာ ချိုက်စုန့်အား အမှန်တရားကို ပြောပြခြင်းဖြင့် သူ့အပေါ် သစ္စာဖောက်အောင် လုပ်လာနိုင်ချေ ရှိသည်။
ဟူး ငါလည်း အဲဒါကိုသိတယ်။ ဒါပေမဲ့ မတတ်နိုင်ဘူး…
သူက လီကျွင်း မလိုက်ခင် ယွမ်ခေတ်ကာလအနည်းငယ် စောင့်ဆိုင်းဖို့ ကြံစည်ထားလေ၏။ ထို့ကြောင့် သူက သူ့တကယ့် ရည်ရွယ်ချက်ကို ဖုံးကွယ်ထားပြီး မေးခွန်းများစွာကို ဖယ်ထုတ်ခဲ့သည်။
သို့သော်လည်း မဟာတာအိုလို သက်ရှိအတွက် လိမ်လည်ဖို့ရာ မလွယ်ကူကြောင်း နားလည်လိုက်သည်။
မဟုတ်သေးဘူး။ အဲဒါက ကျွန်တော်ရဲ့ လက်တွဲဖော် ဖြစ်လာပြီးတဲ့နောက်မှာတောင် သူမက သစ္စာဖောက်နိုင်ချေရှိတယ်ဆိုတာ သိသင့်တယ်…
လီကျွင်းက သူက ချိုက်စုန့်ကို လက်ထပ်လိုက်လျှင်ပင် ယန်းလီလင်းလောက် အရေးပါမည် မဟုတ်ပေ။ ထို့ကြောင့် သူ ပေးနိုင်သည့် ချစ်ခြင်းမေတ္တာနှင့် ထောက်ပံ့မှုပမာဏက တူညီမည် မဟုတ်ပေ။
ထို့ကြောင့် မဟာတာအိုက ထိုအချက်ကို အသုံးပြုကာ သူတို့အပေါ် သစ္စာဖောက်အောင် လုပ်သွားနိုင်သည်။
ဝမ်ဝေ့က ထိုအရာကို သိသည့်အတွက် တိတ်ဆိတ်နေလေ၏။
ကောင်းပြီ။ ငါလည်း အဲဒါက အကြံဆိုးဆိုတာကို သိပါတယ်…
အစ်ကိုကြီးဆီမှာ ဒုတိယအစီအစဉ် ရှိတယ်မလား…
အင်း ငါတို့တွေ သူမက အဲ့လောက်ကြီး ထူးကဲနေတာမဟုတ်အောင်ပဲ လုပ်ရတော့မှာပေါ့။
သူ့လက်အောက်တွင် ချိုက်စုန့်က ချန်းချန်၏ စွမ်းအားရှိသည့် တစ်ဦးတည်းသောသူ မဖြစ်သင့်ပေ။ သူမက ခေါင်းဆောင် ဖြစ်နိုင်သော်လည်း သူမက တစ်ဦးတည်းသောသူ မဖြစ်နိုင်ပေ။ သို့သော်လည်း ထိုအရာက ပြောသလောက် မလွယ်ကူပေ။ ချန်းချန်က သူ့အတွက်သာ အသုံးဝင်သည့် ထူးကဲသက်ရှိတစ်မျိုး ဖြစ်၏။ ထို့ကြောင့် ပြန်လည်ဖန်တီးခြင်း သို့မဟုတ် စွမ်းရည်ကို ကူးယူခြင်းက ဖြစ်နိုင်မည် မဟုတ်ပေ။
ထို့ကြောင့် ဝမ်ဝေ့အတွက် ရွေးချယ်မှု အနည်းငယ်သာ ရှိလေ၏။ ပထမတစ်ခုက ချန်းချန်၏ မဟာတာအိုပုံစံကို ခိုးယူဖို့ ဖြစ်သည်။ သို့သော်လည်း ဤစစ်ပွဲ၏ နည်းဗျူဟာကျကျ လက်နက်တစ်ခုအနေဖြင့် ဤသို့သော လူမျိုးက အင်မတန် အဖိုးတန်သည်ဖြစ်ကာ သေချာကာကွယ်ထားလိမ့်မည်။
တကယ်လို့ ခိုးယူဖို့ မဖြစ်နိုင်ဘူးဆိုရင်တော့ ဒါကို နောက်ဆုံး နည်းလမ်းအနေနဲ့ သုံးရတော့မှာပဲ…