← Chapters

တစ်ဖန် ပြန်လည်ထွက်ပေါ်လာသော ကြယ်ပျံ

Vol. 27 Ch. 365

တစ်ဖန် ပြန်လည်ထွက်ပေါ်လာသော ကြယ်ပျံ

Vol. 27 Ch. 365

ထန်…ထန်…ထန်…

ချွမ်…… ချွမ်………

လျိုကလန်ရဲ့ သိုင်းစင်မြင့် ပေါ်မှာတော့  လူနှစ်ယောက် တိုက်ခိုက်နေကြပါတယ်။

အဲသည်လူ နှစ်ယောက်ကတော့ လျိုယန်နဲ့  လျိုကလန်ရဲ့  ကောင်းကင်နယ်ပယ်အဆင့်၈ ပညာရှင် တစ်ယောက်ပါပဲ။

လျိုယန်က ကောင်းကင်နယ်ပယ် အဆင့်၅သာ ရှိနေသေးပေမယ့်လည်း  သူမရဲ့ ပင်ကိုပါရမီက  အတော်လေးကို ကောင်းပါတယ်။ ပြီးတော့ သူမ ထုတ်သုံးနေတဲ့ ဓားသိုင်းကလည်း အတော်လေးကို ချီးကျူးစရာပါပဲ။  သည်နှစ်ယောက်ရဲ့ တိုက်ပွဲကတော့ ဘယ်သူနိုင်မလည်း ဆိုတာကို ပြောရခက်နေပါတယ်။

တိုက်ပွဲက အတော်လေး စိတ်ဝင်စားဖို့ ကောင်းနေပါပြီ။  စင်အောက်ကနေ ကြည့်နေတဲ့  လျိုကလန်သား ပရိသတ်တွေကလည်း မျက်တောင် တစ်ချက်တောင် မခတ်တော့ပါဘူး။

လျိုယန်……

အသက်၂၇နှစ်။

ကြယ်၅ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်။

ကောင်းကယ်နယ်ပယ် အဆင့်၅။

ဆန်းကြယ် အထွတ်အထိပ် အတွင်းအားကျင့်စဉ် ရဲ့  အဆင့်၁၈။

ဆန်းကြယ် အထွတ်အထိပ် ဓားသိုင်းရဲ့  အလုံးစုံ တတ်သိနားလည်းအဆင့်။

လီဖူချန်းက တစ်ချက်ကြည့်လိုက်တာနဲ့  လျိုယန်ရဲ့ အစွမ်းအစကို ခန့်မှန်းနိုင်ပါတယ်။

အမှန်အတိုင်း ပြောရမယ်ဆိုရင်တော့ လျိုယန်ရဲ့ ပင်ကိုပါရမီဟာ  အရှေ့ယူနီကွန်းတိုက်က လက်ရွေးစင် ပါရမီရှင်တွေကို မယှဉ်နိုင်ပါဘူး။

သူမရဲ့ သိုင်းတာအို အခုလိုအဆင့်အထိ ရောက်နေတာက ရောင်စဉ်ခုနစ်ဖြာ တိုက်ကြီးရဲ့  တိုးတက်နေတဲ့ ကျင့်ကြံမှု အဆင့်အတန်းတွေနဲ့ သဘာဝပတ်ဝန်းကျင် အခြေအနေတွေကြောင့် ဖြစ်ပါတယ်။

အရှေ့ယူနီကွန်းတိုက်က  လက်ရွေးစင် ပါရမီရှင်တွေသာ သည်နေရာကို ရောက်လာမယ် ဆိုရင် သူတို့ရဲ့ ပင်ကိုပါရမီတွေကို အစွမ်းကုန် ထုတ်ပြနိုင်မှာ အသေအချာပါပဲ။

ဟုတ်ပါတယ်။ အရှေ့ယူနီကွန်းတိုက်က လက်ရွေးစင် ပါရမီရှင်တွေကို ရောင်စဉ် ခုနစ်ဖြာတိုက်ကြီးက သာမန်ပါရမီရှင်လေး တစ်ယောက်နဲ့ နှိုင်းယှဉ်တာက   တရားတော့ မတရားပါဘူး။

တကယ်လို့ အရှေ့ယူနီကွန်းတိုက်မှာ လက်ရွေးစင် ပါရမီရှင်တွေ ရှိမယ်ဆိုရင် ရောင်စဉ် ခုနစ်ဖြာ တိုက်ကြီးမှာလည်း လက်ရွေးစင် ပါရမီရှင်တွေ ရှိမှာပါပဲ။ ပြီးတော့ သူတို့တွေဟာ အရှေ့ယူနီကွန်းတိုက်က လက်ရွေးစင် ပါရမီရှင်တွေထက်ကို အများကြီးပိုပြီး ထူးချွန် လောက်ပါတယ်။

ပြီးတော့ မူလပင်လယ် နယ်ပယ်ကို ရောက်နေတဲ့ ပညာရှင်တွေဟာ အနိမ့်ဆုံး အနေနဲ့ ကြယ်၇ပွင့် အရိုးတည်ဆောက်ပုံတွေကို ပိုင်ဆိုင်ထားကြမှာ အသေအချာပါပဲ။

"လီဖူချန်း "

လီဖူချန်းကို မြင်လိုက်တဲ့ အခါမှာတော့ လျိုယန်ရဲ့ မျက်လုံးတွေက အရောင် တောက်သွားခဲ့ပါတယ်။

လွန်ခဲ့တဲ့ ရက်အနည်းငယ်လောက် ကတည်းက လီဖူချန်းရဲ့ မျက်နှာဟာ အတော်လေး ပြန်ကောင်းနေခဲ့ပါပြီ။  အဲသည်အတွက် သူမက လီဖူချန်းကို မြင်လိုက်တာနဲ့ တန်းပြီး မှတ်မိပါတယ်။

ဒါပေမဲ့ အခုလက်ရှိ လီဖူချန်းရဲ့ မျက်နှာနဲ့ အရှိန်အဝါက သူမကို အံ့အားသင့်စေ ဆဲပါပဲ။

လီဖူချန်းရဲ့ မျက်နှာက တစ်ခေတ်မှာ တစ်ယောက် ပေါ်တဲ့ ယောကျ်ားချောတွေလို အရမ်းကြီး  ချောမောနေတာမျိုး မဟုတ်ပါဘူး။ဒါပေမဲ့ သူ့ရဲ့ စူးရှတောက်ပတဲ့ မျက်လုံးတွေ၊ ပိရိသေသပ်တဲ့ နှုတ်ခမ်းနဲ့ နက်မှောင်လှတဲ့ မျက်ခုံးတစ်စုံတို့က ယောက်ျားပီသတဲ့ သူတစ်ယောက် ဆိုတာကို ဖော်ပြနေပါတယ်။  ဘာကြောင့်မှန်းတော့ မသိပါဘူး။ လီဖူချန်းထံမှာ ဆန့်ကျင်ဘက် ဣတ္ထိယတွေကို ဆွဲဆောင်နိုင်တဲ့ အရှိန်အဝါတစ်ခု ရှိနေတယ်လို့  လျိုယန်တစ်ယောက် ခံစားနေမိပါတယ်။

အရှိန်အဝါချင်းယှဉ်မယ်ဆိုရင်တော့  လျိုယန်ဟာ လီဖူချန်းနဲ့ ယှဉ်နိုင်မယ့် သူမျိုးကို မမြင်ဖူးသေးပါဘူး။

ရည်မွန်ခြင်း၊ စိတ်အားထက်သန်ခြင်း ၊ထက်မြက်ခြင်း၊ မာနတရား၊ တစ်ဖက်လူ အပေါ်မှာ လွမ်းမိုးနိုင်စွမ်းနဲ့  နိမ့်ချခြင်း။  အဲသည်အရာတွေ အားလုံးကို လီဖူချန်းရဲ့ အရှိန်အဝါထံကနေ  ခံစားမိနိုင်ပါတယ်။

လီဖူချန်းက သူ့ရဲ့ အရှိန်အဝါတွေကို တခြားလူတွေ သိအောင် ထုတ်ဖော်ထားခြင်း မရှိပါဘူး။ သူ့ရဲ့ အရှိန်အဝါက ခပ်ယဲ့ယဲ့လေးသာ ထွက်ပေါ်နေတာပါ။  ဒါပေမဲ့ အဲသည် ခပ်ယဲ့ယဲ့ အရှိန်အဝါကို ဘယ်သူမှ မသိကျိုးကျွန် မပြုရဲပါဘူး။

ဒါက လူယောင်ဆောင်ထားတဲ့ နတ်နဂါးတစ်ကောင်ထံကနေ ထွက်နေတဲ့ အရှိန်အဝါလိုပါပဲ။

လီဖူချန်းက လျိုယန်တစ်ယောက် သူ့ကို သေသေချာချာ အကဲခတ်နေတာကို မသိသလိုပဲ နေပေး လိုက်ပါတယ်။ သူက အရှေ့ယူနီကွန်းတိုက်ရဲ့ ပါရမီအရှိဆုံး နံပါတ်တစ် ကြယ်ဘုရင်လေ။  သူ့ရဲ့ အားကောင်းလှတဲ့ အရှိန်အဝါက လျိုယန်ကို အံ့အားသင့် စေတာဟာ သိပ်ပြီးတော့ အထူးအဆန်း မဟုတ်လှပါဘူး။ တကယ်လို့ စုမုယူ၊ ရန်ချင်းဟူ၊ စီးတုလေ့နဲ့ အခြားသော လက်ရွေးစင်ပါရမီရှင်တွေ ဆိုရင်လည်း သူ့လိုမျိုး အရှိန်အဝါတွေ ထွက်နေမှာပါပဲ။

ဒါပေမဲ့ လီဖူချန်းမသိတာကတော့ အရှေ့ယူနီကွန်း တိုက်ကြီးရဲ့ အခြားသော လက်ရွေးစင် ပါရမီရှင်တွေဟာ သူ့ရဲ့ အရှိန်အဝါလို အမျိုးအစား စုံလင်နေခြင်း မရှိဘူး ဆိုတာပါပဲ။

အခြားသော လက်ရွေးစင် ပါရမီရှင်တွေရဲ့ အရှိန်အဝါတွေဟာ အစွမ်းထက်ခြင်း၊ မာနကြီးခြင်းနဲ့ လွှမ်းမိုးနိုင်ခြင်းတွေပဲ  ကိန်းအောင်းနေတာပါ။

လီဖူချန်းရဲ့ အရှိန်အဝါတွေကတော့ သူ ကြုံတွေ့ခဲ့ရတဲ့ အခြေအနေတွေကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်ပါတယ်။

သူ့ရဲ့ ကျင့်ကြံခြင်းပါရမီတွေ ပျောက်ဆုံးသွားတဲ့ အခြေအနေမှာ နိမ့်ချခြင်း၊ ရွှေရောင် လက်ဖွဲ့အဆောင် ရောက်လာတဲ့ အချိန်မှာ စိတ်အား ထက်သန်ခြင်း၊ နံပါတ်တစ်ကြယ်ဘုရင် ဖြစ်လာတဲ့ အချိန်မှာ မာနကြီးခြင်းနဲ့ လွှမ်းမိုးခြင်း။  အဲသည် အရာတွေက သူ့ရဲ့ အရှိန်အဝါထဲမှာ အလိုလို ဖြစ်တည်လာတာပါ။

" လီဖူချန်း…… ငါတို့က  လက်ရည်စမ်း နေကြတာလေ။  နင်ကော စိတ်ဝင်စားလား။  ဒါပေမဲ့ ဒါက ဓားကွက် သက်သက်ပဲ အသုံးပြုရမှာနော်။  နင့်ရဲ့ ခွန်အားနဲ့ တစ်ဖက်လူကို ဖိနှိပ်လို့ မရဘူး "

လျိူယန်က လီဖူချန်းကို လက်ရည်စမ်းဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

" အင်း ……။ စိတ်ဝင်စားပါတယ်။  ငါအရင်တုန်းက ဓားသိုင်းအကြောင်း နည်းနည်းပါးပါး သင်ဖူးတယ်လေ "

လီဖူချန်းက လျိုယန် ဖိတ်ခေါ်တာကို မငြင်းဆန် လိုက်ပါဘူး။

သူက သိုလှောင်အိတ်ထဲက ဓားနက်တစ်လက်ကို ထုတ်ယူလိုက်ပြီး သိုင်းစင်မြင့်ပေါ်ကို ခုန်တက် သွားခဲ့ပါတယ်။

" အိုး…… နင်က ဓားသိုင်း သင်ဖူးတာလား "

လျိုယန်က အနည်းငယ် အံ့အားသင့် သွားမိပါပြီ။

ခန္ဓာကိုယ်အပြင်အား ပညာရှင်တွေ ဓားသိုင်း လေကျင့်သတဲ့လား……။

ထန် ………

ထို့နောက်မှာတော့ သူတို့နှစ်ယောက်ဟာ ဓားချက်တစ်ချက်စီ ထုတ်လိုက်ကြပါတယ်။ ဒါက တစ်ဖက်လူရဲ့ ခွန်အားကို ဆန်းစစ်ဖို့ အတွက် သက်သက်ပါပဲ။  လက်ရည်စမ်း တိုက်ပွဲမှာ ခွန်အားကို မထိန်းချုပ်ဘဲ စိတ်ရှိလက်ရှိ တိုက်ခိုက်လို့တော့ မဖြစ်ပါဘူး။

" သတိထားတော့ "

လျိုယန်က အရင်စလိုက်ပါတယ်။ သူမရဲ့ ဓားကွက်ကတော့ လေနက်ဓားသိုင်းပါပဲ။  ဒါပေမဲ့ ဓားချီတွေတော့ မပါဝင်ပါဘူး။

"အင်း "

လီဖူချန်းက လက်ကောက်ဝတ်ကို တစ်ချက်လှည့်လိုက်ပြီး  လျိုယန်ရဲ့ ဓားကွက်ကို ခုခံလိုက်ပါတယ်။

ထန်…… ထန်…… ထန်…… ထန်…… ထန်……

လျိူယန်ရဲ့ ဓားချက်တွေကတော့ တစ်စထက်တစ်စ ပိုမြန်လာခဲ့ပါပြီ။  ဒါပေမဲ့ သူမရဲ့ ဓားချက်က လီဖူချန်းကို ဘယ်လိုမှ ဒုက္ခ မပေးနိုင်ခဲ့ပါဘူး။ လီဖူချန်း လက်ထဲကဓား အရောက်တစ်ချက် လက်သွားတာနဲ့ သူမရဲ့ ဓားကွက်ဟာ ပျက်ပြယ် သွားတာပါပဲ။

" သူ့ရဲ့ ဓားပညာက  သည်လောက်အထိ နက်နဲနေပြီလား "

လျိုယန်ကတော့ နှုတ်ခမ်း တစ်ချက် ကိုက်လိုက်မိပါတယ်။

လီဖူချန်းရဲ့ ဓားပညာက သူမထက် အများကြီး သာတယ် ဆိုတာကတော့ အသိသာကြီးပါပဲ။  လီဖူချန်းရဲ့ ဓားချက်တွေက သူမရဲ့ ဟာကွက်တွေထဲကိုပဲ ဝင်လာနေတာပါ။

"ငါ့ရဲ့ ဓားချက်တွေထဲမှာ ချီအတွင်းအား မသုံးမိအောင် ဂရုစိုက်ရမယ် "

လီဖူချန်းက စိတ်ထဲကနေ သူ့ကိုယ်သူ သတိပေးနေ မိပါတယ်။

သူ့ရဲ့ လက်ရှိအခြေအနေက ချီအတွင်းအား လုံးဝ သုံးလို့မရတဲ့ အနေအထားပါ။  ချီအတွင်းအား သုံးမိရင်  သူ့ရဲ့ စွမ်းအင်ဗဟိုချက်မ ပင်လယ်ထဲမှာ ရှိနေတဲ့ မီးလျှံချီက  ထကြွ လာပါလိမ့်မယ်။

ဓားသိုင်းတွေဆိုတာက ချီအတွင်းအား မပါရင် သိပ်အစွမ်း မထက်တော့ပါဘူး။

ဒါက ဆားမပါတဲ့ ဟင်းတစ်ခွက်လိုပါပဲ။

ချီအတွင်းအား မပါတဲ့အတွက် လီဖူချန်း ဓားဆန္ဒကို အသုံးပြုလို့ မရပါဘူး။  သူ့အနေနဲ့ မြေကမ္ဘာအဆင့် ဓားဆန္ဒကို နားလည် အသုံးပြုနိုင်တဲ့အထိ လေ့ကျင့်ထားရင်တော့ တစ်မျိုးပေါ့။

ဒါပေမဲ့ ဓားဆန္ဒမပါတာတောင်မှ လီဖူချန်းရဲ့ ဓားပညာဟာ လျိုယန်ထက် အများကြီး သာနေဆဲပါပဲ။

" ကိုးဆင့်ချိုး လေနက်ဓားကွက် "

နောက်ဆုံးမှာတော့ လျိုယန်ဟာ သူမ အားအထားရဆုံး ဓားကွက်ကို ထုတ်လိုက်ပါပြီ။  သူမရဲ့ ဓားချက်က  အလှည့်အပြောင်း ၉မျိုးနဲ့ လီဖူချန်းဆီကို တိုးဝင်လာခဲ့ပါတယ်။

ဒါက မတူညီတဲ့ လူကိုးယောက်ဟာ  ဓားကွက် တစ်မျိုးတည်းကို သုံးပြီး   တိုက်လိုက် လိုက်သလိုပါပဲ။

" သည်ဓားကွက်ကတော့ နည်းနည်း စိတ်ဝင်စားဖို့ ကောင်းတယ် "

လီဖူချန်းက သူ့ရဲ့ ဓားနက်ကြီးကို စက်ဝိုင်းတစ်ပတ် ပတ်လိုက်ပြီး  လျိုယန်ရဲ့ ဓားကွက်ကို ချေဖျက် လိုက်ပါတယ်။  သူက လျိုယန်ရဲ့ ဓားကွက်ထဲက အားအနည်းဆုံး နေရာကို တိုက်ခိုက် လိုက်တာ ဖြစ်တဲ့အတွက် လျိုယန်အနေနဲ့ ဘာမှ မတတ်နိုင်ခဲ့ပါဘူး။

" ငါရှုံးပြီ "

လျိုယန်က လိုလိုလားလားပင်  အရှုံးပေး လိုက်ပါတယ်။  သူမရဲ့ မျက်လုံးတွေထဲမှာတော့ လေးစားအားကျမှုတွေ အပြည့်ပါပဲ။

လီဖူချန်းရဲ့ ဓားပညာက တစ်ဖက်ကမ်းခတ်တဲ့ အဆင့်ကိုတောင်မှ ရောက်လုနီးပါး ဖြစ်နေပါပြီ။  သူသာ ခန္ဓာကိုယ် သန့်စင်ခြင်း လမ်းစဉ်ကို မလျှောက်လှမ်းခဲ့ရင်တော့ အခုချိန် လောက်ဆိုရင် ဓားဆန္ဒကိုတောင် အသုံးပြုနိုင် လောက်ပါတယ်။

" လက်ရည်စမ်းခွင့် ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် လျိုယန် "

လီဖူချန်းက လက်နှစ်ဖက်ကို ဆုပ်ပြီး လျိုယန်ကို  အရိုအသေ ပေးလိုက်ပါတယ်။

" လီဖူချန်း…… ငါတို့ကော လက်ရည် စမ်းကြည့် ရအောင်လေ။  ဒါပေမဲ့  ငါတို့ရဲ့ လက်ရ ည်စမ်းပွဲမှာက ကြိုက်သလို တိုက်ခွင့် ရှိတယ်။  တစ်ဖက်လူရဲ့ တိုက်ခိုက်မှုကို ပထမဆုံး အထိခံရတဲ့ လူက အရှုံးပေါ့ "

အသံပိုင်ရှင်ကတော့ လျိုကလန်က လူရွယ်တစ်ယောက်ပါပဲ။

" လျိုဟွာ…… နင်က လီဖူချန်းရဲ့ ပြိုင်ဘက် မဟုတ်ဘူး "

လျိူယန်က အဲသည် လူရွယ်ကို တားလိုက်ပါတယ်။

လီဖူချန်းက ကောင်းကင်နယ်ပယ် အထွတ်အထိပ်ပညာရှင် တစ်ယောက်ကိုတောင်မှ လက်သီး တစ်ချက်တည်းနဲ့ သတ်နိုင်တဲ့ လူတစ်ယောက်ပါ။  သူ့ကိုသာ စိတ်ကြိုက်တိုက်ခွင့် ပေးလိုက်လို့ကတော့ ဘာတွေ ဖြစ်သွားမလည်း ဆိုတာ မတွေးဝံ့ စရာပါပဲ။

လျိုဟောင်ဆိုတာက လျိုကလန်ရဲ့ ပါရမီရှင် ဖြစ်ပေမယ့် လျိုယန်လောက် ပါရမီ မကောင်းပါဘူး။  သူက အသက်၃၅ နှစ် ရှိနေတာတောင်မှ ကောင်းကင်နယ်ပယ် အဆင့်၉မှာပဲ ရှိပါသေးတယ်။ သူ့အနေနဲ့ သာမန်ကောင်းကင် နယ်ပယ် အထွတ်အထိပ် ပညာရှင်တွေကိုတော့ အနိုင်ယူချင် ယူနိုင်ပါလိမ့်မယ်။  ဒါပေမဲ့  လီဖူချန်းနဲ့ ဆိုရင်တော့ လုံးဝ မဖြစ်နိုင်ပါဘူး။

လျိုယန်ရဲ့ ဟန့်တားမှုကို ကြားအပြီးမှာတော့ လျိုဟွာရဲ့  မျက်နှာဟာ သုန်မှုန်သွားခဲ့ပါပြီ။  သူက လျိုကလန်ရဲ့ အဖွဲ့ဝင်တစ်ယောက် ဖြစ်ပေမယ့်  လျိုယန်နဲ့ အတော်လေး သွေးဝေးပါတယ်။ ပြီးတော့ သူက လျိုယန်ကို တစ်ဖက်သတ် စိတ်ဝင်စား နေခဲ့တာပါ။  သူက လီဖူချန်းဟာ သူ့ရဲ့ အချစ်ခရီးလမ်းမှာ ဆူးငြောင့်ခလုတ်တစ်ခု ဖြစ်လာလိမ့်မယ်လို့ ခံစားနေရပါတယ်။ သူ  လီဖူချန်းကို စိမ်ခေါ်လိုက်ရတဲ့ အကြောင်းအရင်းက  ဒါကြောင့်ပါပဲ။

" ငါက သူရဲ့ ပြိုင်ဘက် ဟုတ်လား၊ မဟုတ်ဘူးလား ဆိုတာကို တိုက်ခိုက်တဲ့ အခါကျရင် သိလာပါလိမ့်မယ်။ လီဖူချန်း…… ငါပြောတာ မှန်တယ်မလား  "

လျိုဟွာက လီဖူချန်းကို ခန္ဓာကိုယ်အပြင်အား ပညာရှင် တစ်ယောက်လို့ပဲ သိထားတာပါ။ ဒါကြောင့်သူက ယုံကြည်ချက်ရှိရှိနဲ့ စိမ်ခေါ်လိုက်တာ ဖြစ်ပါတယ်။

ခန္ဓာကိုယ်အပြင်အား ပညာရှင်ဖြစ်တဲ့ လီဖူချန်းရဲ့ ခန္ဓာကိုယ် အရမ်းမာကျောရင် မာကျော နေပါလိမ့်မယ်။ ဒါပေမဲ့ ထိအောင် တိုက်ခိုက်လို့တော့ ရပါသေးတယ်။

ဒါကြောင့် သူ့ရဲ့ စည်းကမ်းမှာ  တစ်ဖက်လူ့ရဲ့ တိုက်ခိုက်မှုကို အရင်ဆုံး အထိခံရတဲ့လူက အရှုံးလို့ သတ်မှတ် ထားတာပါ။

" အင်း…… မင်းပြောတာ မှန်တယ်။ ငါတို့ စလိုက်ကြရအောင် "

လီဖူချန်းက လျိုဟွာဟာ မိတ်ဖြစ်ဆွေဖြစ်သဘောနဲ့ လက်ရည်စမ်းချင်တာ မဟုတ်ဘူးဆိုတာ ရိပ်မိပါတယ်။

" ငါ့ရဲ့  တိုက်ခိုက်မှု အရမ်း ပြင်းထန်သွားရင် နားလည်ပေးပါ "

လျိုဟွာက ကောင်းကင်ပေါ်ကို ခုန်တက်လိုက်ပြီး သူ့ရဲ့ ဓားကို အဆက်မပြတ် ဝှေ့ယမ်း လိုက်ပါတယ်။ သူ့ရဲ့ လက်ထဲက ဓားကတော့  ဓားစကြာတစ်စင်း အလားပါပဲ။

ရွှီး…… ရွှီး……ရွှီး…… ရွှီး……

လျိုဟွာရဲ့ ဓားအလင်းတန်းတွေဟာ လီဖူချန်းကို လွှမ်းခြုံထားခဲ့ပါပြီ။

ခန္ဓာကိုယ်အပြင်အား ပညာရှင်တွေက အဝေးကနေ တိုက်ခိုက်တာမျိုးကို မလုပ်နိုင်ပါဘူး။ လျိုဟွာက အဲသည်အချက်ကို အခွင့်ကောင်းယူပြီး  လီဖူချန်းကို တိုက်ခိုက်လိုက်တာပါ။

" သည်လိုစမ်းလို့ ရမှာလား "

လီဖူချန်းကလည်း မြေပြင်ကို ဖနောင်နဲ့ တစ်ချက်ပေါက်ပြီး ကောင်းကင်ပေါ်ကို ခုန်တက် လိုက်ပါပြီ။  သူ့ရဲ့ လှုပ်ရှားမှုကတော့ လျိုဟွာထက်တောင်မှ မြန်တယ်လို့ ဆိုရမှာပါ။  လီဖူချန်းက လမ်းတစ်ဝက်မှာတင် လျိုဟွာရဲ့ ဓားအလင်းတန်းတွေကို ဖျက်ဆီး လိုက်ပါသေးတယ်။

ထို့နောက်မှာတော့ လီဖူချန်းဟာ လျိုဟွာထက် မြင့်တဲ့ ကောင်းကင် တစ်နေရာကို ရောက်သွားခဲ့ပါပြီ။  သူက လျိုဟွာကို အပေါ်စီးကနေ ငုံ့ကြည့်နေပါတယိ။

"  ဘယ်သူက ပိုမြင့်မြင့် ပျံနိုင်တယ်ဆိုတာကို ပြိုင်ချင်တာလား "

လျိုဟွာက နှာခေါင်း ရှုံ့လိုက်ပါတယ်။ လီဖူချန်းက သူ့ရဲ့ဓားကွက်ကို ဖျက်ဆီး လိုက်တာကိုတော့  လျိုဟွာ အနေနဲ့ ထူးပြီး အံ့သြ မနေတော့ပါဘူး။ သူက ဒါကို မျှော်လင့် ပြီးသားပါပဲ။  သူ့ရဲ့ ပထမတိုက်ကွက်က လီဖူချန်းကို ကောင်းကင်ပေါ် တက်လာအောင် မြူဆွယ်တဲ့ ဓားကွက် တစ်ခုထက် မပိုပါဘူး။

လီဖူချန်းက ကောင်းကင်ပေါ်ကို လိုက်တက်လာပြီး ချိန်မှာတော့ လျိုဟွာရဲ့ အကြံအစည်ဟာ တစ်ဝက် အောင်မြင် သွားခဲ့ပြီလို့ ဆိုရမှာပါပဲ။

ခန္ဓာကိုယ်အပြင်အား ပညာရှင်တွေကို ကောင်းကင်ပေါ်မှာ တိုက်ရတာက မြေပြင် ပေါ်မှာထက် စာရင် အများကြီး ပိုလွယ်ကူပါတယ်။

' လအ '

လျိုဟွာ  လီဖူချန်းကို စိတ်ထဲကနေ ဟားတိုက် နေခဲ့ပါပြီ။  လီဖူချန်းက  သူ့ရဲ့ ထောင်ချောက်ထဲကို တန်းတန်းမတ်မတ်ကြီး ဝင်လာခဲ့ပြီ မဟုတ်ပါလား။

အဲသည်အချိန်မှာပဲ

" ကြယ်ကြွေ "

အေးစက်စက် အသံ တစ်ခုနဲ့အတူ ကောင်းကင်ယံပေါ်မှာ  အလင်းတန်းကြီး တစ်ခု ထွက်ပေါ် လာခဲ့ပါတယ်။ ဒါက ကြယ်တစ်စင်း ကြွေကျလာသလိုပါပဲ။

ဘာတွေဖြစ်လို့ ဖြစ်သွားမှန်းကို မသိလိုက်ပါဘူး။  ဒါပေမဲ့ လျိုဟွာသိလိုက်တာ တစ်ခုကတော့  ဓားနက်တစ်လက်ဟာ သူ့ရဲ့ လည်ပင်းပေါ်မှာ ရောက်နေခဲ့ပါပြီ။

" မင်းရှုံးပြီ "

ပြောပြီးတာနဲ့ တစ်ပြိုင်နက် လီဖူချန်းဟာ သူ့ရဲ့ဓားကို ပြန်သိမ်းလိုက်ပြီး  မြေပြင်ပေါ်ကို ပြန်ဆင်း သွားခဲ့ပါတယ်။

ဓားချက်တစ်ချက်………

တကယ့်ကို ကြောက်စရာ ကောင်းလှအောင် လျင်မြန်တဲ့ ဓားချက် တစ်ချက်ပါပဲ။

"ဟူး…… ကြောက်ဖို့ ကောင်းလိုက်တာ "

လျိုယန်ကတော့ သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်မိပါတယ်။

လျိုယန်က အခုထက်ထိ လီဖူချန်းရဲ့ ဓားချက်ကို  မြင်ယောင် နေဆဲပါပဲ။  လီဖူချန်းရဲ့  ဓားချက်က ဘာအလှည့်အပြောင်းမှ မပါပါဘူး။ ဒါပေမဲ့ ဓားချက်က မယုံနိုင်စရာ ကောင်းလောက်အောင် ပြင်းထန်ပြီး  လျင်မြန် လွန်းလှပါတယ်။

" အားပါးပါး……။ ကြောက်စရာ ကောင်းလိုက်တဲ့ ဓားချက်။  သည်လို ပါရမီရှင်က ဘယ်ကနေ ဘယ်လို ပေါ်လာတာလဲ "

လျိုကလန်သား ပွဲကြည့် ပရိသတ်တွေကလည်း ပါးစပ်အဟောင်းသား ဖြစ်နေခဲ့ပါပြီ။

" အား ……အခုမှ နေသာထိုင်သာ ရှိသွားသလိုပဲ "

လီဖူချန်း အစောပိုင်းတုန်းက သုံးသွားတဲ့ ဓားသိုင်းကတော့ သူအသုံးမပြုတာ ကြာလှပြီ ဖြစ်တဲ့  ကြယ်ပျံဓားပါပဲ။

သည်ဘက်နှစ်တွေမှာဆိုရင်  သူက ကြယ်ပျံ ဓားဆန္ဒကို အမျိုးမျိုး ပြုပြက်မွမ်းမံခဲ့ပါတယ်။ သူအခု ထုတ်သုံးလိုက်တဲ့ ကြယ်ပျံဓားသိုင်းက သူ့ရဲ့ ကိုယ်ပိုင် ဖန်တီးမှု လက်ရာ တစ်ခုလို့တောင် သတ်မှတ်လို့ ရနေပါပြီ။

လျိုဟွာကတော့ ကောင်းကင်ပေါ်မှာ ငိုင်ပြီး ရပ်နေဆဲပါပဲ။  သူက သူ့ရဲ့ အဖြစ်ကို  အခုထက်ထိ လက်မခံနိုင်သေးပါဘူး။

ဓားချက်တစ်ချက်……

သည်လူငယ်လေးက သူ့ကို ဓားချက်တစ်ချက်တည်းနဲ့ အနိုင်ယူသွားသတဲ့လား။

အချိန်အတန်ကြာမှသာ  လျိုဟွာဟာ သူ့ရဲ့ အရှုံးကို လက်ခံပြီး  မြေပြင်ပါ်ကို ပြန်ဆင်း လာခဲ့ပါတယ်။

တကယ်လို့သာ သူ့အနေနဲ့ လီဖူချန်းဟာ အရှေ့ယူနီကွန်း တိုက်ကြီးရဲ့  နံပါတ်တစ် ကြယ်ဘုရင် ဆိုတာကို သိခဲ့ရင်တော့ဖြင့် အခုလောက်အထိ  ခံစားနေရမှာ မဟုတ်ပါဘူး။

လက်ရည်စမ်းတာ ပြီးတဲ့နောက်မှာတေ့ာ လီဖူချန်းဟာ သူနေထိုင်ရာ ခြံဝင်းလေးဆီကို  ပြန်လာခဲ့ပါတယ်။

သူ့ရဲ့ ခန္ဓာကိုယ်ပေါ်မှာရှိတဲ့ ဒဏ်ရာတွေ ပျောက်သွားပြီး ဖြစ်တဲ့အတွက် သူ့မှာ လုပ်စရာတွေ ရှိလာပါပြီ။

သူ့အနေနဲ့ ကျင့်ကြံခြင်းကို မလုပ်နိုင် သေးပေမယ့်လည်း ဆင်နဂါးခန္ဓာကိုယ် သွန်းလောင်းခြင်း ပညာရပ်ကိုတော့ လေ့ကျင့် နိုင်ပါသေးတယ်။ ဆင်နဂါး ခန္ဓာကိုယ် သွန်းလောင်းခြင်း ပညာရပ်ဆိုတာက ခန္ဓာကိုယ် သန့်စင်ခြင်း ဖြစ်တဲ့အတွက် ချီအတွင်းအား အသုံးပြုစရာ မလိုပါဘူး။

သူ့ရဲ့ လက်ရှိခန္ဓာကိုယ်က ဆင်နဂါးစွမ်းအင်အမျှင် ၁၅၀၀ကို သိုလှောင် ထားနိုင်ပါပြီ။  ဒါပေမဲ့ သူဟာ မဟူရာ ကောင်းကင်ဂိုဏ်းရဲ့ အကြွင်းအကျန် နယ်မြေမှာတုန်းက ဆင်နဂါးစွမ်းအင်အမျှင် တော်တော်များကို သုံးခဲ့ပါတယ်။  အဲသည်အတွက် သူဟာ ကုန်ဆုံးသွားတဲ့ ဆင်နဂါး စွမ်းအင် အမျှင်တွေကို ပြန်ဖြည့်ရပါဦးမယ်။

မိစ္ဆာသားရဲ သွေးအဆီအနှစ် တွေကိုတော့ ဆက်သုံးလို့ မဖြစ်တဲ့အတွက် လီဖူချန်းဟာ ခန္ဓာကိုယ် သန့်စင်ပေးတဲ့ ဆေးတွေကိုပဲ သုံးပြီး သူ့ရဲ့ ဆင်နဂါးစွမ်းအင်တွေကို ပြန်ဖြည့် နေရပါတယ်။

လျိုကလန်ရဲ့  သြဇာ လွှမ်းမိုးမှုကတော့  မိုးပြာရောင်ဂိုဏ်းကို ယှဉ်လို့ မရပါဘူး။  ဒါပေမဲ့ သည်နေရာက သဘာဝ ရင်းမြစ်တွေ ပေါကြွယ်ဝတဲ့   ကုန်းမြေ တစ်ခုပါ။  အဲသည်အတွက် လျိုကလန်ရဲ့ ခန္ဓာကိုယ်သန့်စင်တဲ့ ဆေးတွေဟာ မိုးပြာရောင်ဂိုဏ်းက ဆေးတွေထက် အများကြီး အစွမ်းထက်ပါတယ်။

လျိုကလန်က လက်ဆောင် ပေးတာတွေကော သူကိုယ်တိုင် ဝယ်ထားတွေပါ  ပေါင်းလိုက်ရင်တော့ လီဖူချန်းဟာ  ဆန်းကြယ်အဆင့်မြင့် ခန္ဓာကိုယ် သန့်စင်ဆေးရည်တွေ အများကြီးကို ပိုင်ဆိုင်ထားခဲ့ပါပြီ။  အဲသည် အထဲမှာဆိုရင် ဆန်းကြယ် အထွတ်အထိပ်အဆင့် ခန္ဓာကိုယ် သန့်စင်ဆေးရည် တစ်ပုလင်းတောင် ပါလိုက်ပါသေးတယ်။

နောက်ထပ် ရက်အနည်းငယ် အကြာမှာတော့ လီဖူချန်းရဲ့ ဆင်နဂါး စွမ်းအင်အမျှင်ဟာ ၁၂၀၀ နီးပါးအထိ ရောက်လာခဲ့ပါပြီ။  စွမ်းအင်အမျှင် ၁၅၀၀ကို ရောက်ဖို့အတွက် အနည်းငယ်သာ လိုပါတော့တယ်။

" လခွီးပဲ…… သည်ဆေးရည်တွေက  မိစ္ဆာသားရဲ သွေးအဆီအနှစ် တွေလိုလည်း အစွမ်း မထက်ပါလား "

သည်ဆေးရည်တွေက မသန့်စင်မှုတွေ အတော်လေး နည်းတာတော့ အမှန်ပါပဲ။  ဒါပေမဲ့ သူတို့ရဲ့ အစွမ်းကလည်း အတော်လေးကို အားနည်းပါတယ်။

အခုဆိုရင် လီဖူချန်းဟာ သူ့ဆီမှာ ရှိသမျှ ခန္ဓာကိုယ် သန့်စင် ဆေးရည်တွေကို အသုံးပြုပြီး သွားခဲ့ပါပြီ။

အဲသည်အတွက် လီဖူချန်းဟာ လျိုကလန်ကိုပဲ မျက်နှာပူပူနဲ့ အကူအညီ တောင်းရ ပါတော့တယ်။  ရေစီးကြောင်းမြို့ထဲမှာ ရှိတဲ့ ခန္ဓာကိုယ် သန့်စင်ဆေးရည်တွေကို  ဝယ်ပေးဖို့ အတွက်ပေ့ါ။

လျိုကလန်ကလည်း လီဖူချန်းရဲ့ အကူအညီ တောင်းခံမှုကို မငြင်းပါဘူး။

နောက်ထပ် ရက်အနည်းငယ် အကြာမှာတော့ လီဖူချန်းရဲ့ ဆင်နဂါး စွမ်းအင်အမျှင်ဟာ အရေအတွက် ၁၅၀၀ကို ရောက်သွားခဲ့ပါပြီ။

အခုမှပဲ လီဖူချန်းတစ်ယောက် စိတ်သက်သာရာ ရပါတော့တယ်။

သည်ဆင်နဂါး စွမ်းအင်အမျှင် ၁၅၀၀နဲ့ ဆိုရင်တော့ သူဟာ ပြန်လည် ဝင်စားခြင်းနယ်ပယ် အဆင့်၄ ပညာရှင်ကိုတောင် ကြောက်စရာ မလိုတော့ပါဘူး။

***

All Chapters