ကူးစွေချင်းကျင်ဆေး နဲ့ ရွှယ်ရိလင်ဆေး
Vol. 27 Ch. 367
အစ်ကိုလုံရဲ့ ခန္ဓာကိုယ်ပေါ်မှာတော့ ငွေရောင်ပိုးမျှင်နဲ့ ယက်လုပ်ထားတဲ့ သိုလှောင်အိတ် တစ်အိတ်ကို လီဖူချန်းတစ်ယောက် ရှာဖွေတွေ့ရှိခဲ့ပါတယ်။
အဲသည် သိုလှောင်အိတ်ထဲမှာတော့ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၁၀၀၀ကျော်နဲ့ ဆေးတွေလို့ ယူဆနိုင်တဲ့ ပစ္စည်းအချို့ ပါဝင်ပါတယ်။
အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၁၀၀၀ကျော် ဆိုတာက နည်းတော့ မနည်းလှပါဘူး။
ပြန်လည် ဝင်စားခြင်းနယ်ပယ်ကို ရောက်သွားတဲ့ ပညာရှင်တွေ အတွက်ကတော့ ရွှေဒင်္ဂါးတွေဆိုတာ အသုံးမဝင်တော့တဲ့ အရာတစ်ခုပါပဲ။ သူတို့ရဲ့ မျက်လုံးထဲမှာတော့ ဝိညာဉ် ကျောက်တုံးတွေပဲ ရှိပါတယ်။ အဆင့်နိမ့်ဝိညာဉ် ကျောက်တုံး တစ်တုံးကို ရွှေဒင်္ဂါးဆယ်သန်း ပေးနေရမှတော့ ဘယ်သူမှ ရွှေဒင်္ဂါးတွေကို သိမ်းထားမှာ မဟုတ်တေတာ့ပါဘူး။
အကိုလုံရဲ့ သိုလှောင်အိတ်နဲ့ ယှဉ်လိုက်မယ် ဆိုရင်တော့ တောင်နက် ကျားသုံးကောင်ရဲ့ သိုလှောင်အိတ်ထဲမှာ ပါတဲ့ ပစ္စည်းတွေဟာ အတော်လေး နည်းပါးပါတယ်။ သူတို့ သုံးယောက်စလုံးရဲ့ သိုလှောင်အိတ်ထဲမှာတဲ့ အဆင်နိမ့် ဝိညာဉ်ကျောက်တုံး အားလုံးကို ပေါင်းလိုက်တာတောင်မှ အရေအတွက် သုံးဆယ် မကျော်ပါဘူး။
ထို့နောက်မှာတော့ လီဖူချန်းဟာ သူ့ရဲ့ ခရီးကို ထပ်ဆက်ပါတယ်။
*******
ငရဲမီးမြို့ဟာ လူဦးရေ ဆယ်သန်းကျော်ရှိတဲ့ မြို့ကြီးတစ်မြို့ပါပဲ။ သည်မြို့ဟာ တောင်ပိုင်းတောအုပ် နယ်မြေဒေသမှာရှိတဲ့ ထိပ်တန်းမြို့ကြီး ဆယ်မြို့ထဲက မြို့ကြီးတစ်မြို့လည်း ဖြစ်ပါတယ်။
သည်ငရဲမီးမြို့မှာ ဆေးပညာရှင်တွေ အများကြီး ရှိတယ်ဆိုတဲ့ သတင်းကြောင့် လီဖူချန်းဟာ သည်မြို့ကိုလာဖို့ ဆုံးဖြတ်လိုက်တာပါ။
ယနေ့မှာတော့ လီဖူချန်းဟာ ငရဲမီးမြို့ရဲ့ အရှေ့ဘက် တံခါးကို ရောက်ရှိလာခဲ့ပါပြီ။
သည်မြို့ဟာ လီဖူချန်း ထင်ထားတာထက် အများကြီး ပိုကျယ်ပါတယ်။ မျက်စိတစ်ဆုံး ကြည့်လိုက်ရင်တောင်မှ မြို့ရဲ့အဆုံးကို မမြင်ရသေးပါဘူး။
သည်မြို့ကို ကာရံထားတဲ့ မြို့ရိုးကလည်း မီတာတစ်ရာကျော် မြင့်ပါတယ်။ အရပ်လေးမျက်နှာမှာ ရှိတဲ့ မြို့တံခါး လေးခုကနေ ဝင်ထွက်သွားလာနေတဲ့ သူတွေကလည်း မနည်းမနောပါပဲ။ အဲသည် လူတွေကြားထဲမှာ ပြန်လည် ဝင်စားခြင်းနယ်ပယ် ပညာရှင်အချို့တောင် ပါနေပါသေးတယ်။
" ပြန်လည်ဝင်စားခြင်း နယ်ပယ် ပညာရှင်တွေတောင်မှ လမ်းလျှောက်ပြီး မြို့ထဲကို ဝင်ရတာလား။ ကြည့်ရတာ သည်မြို့က လေပေါ်ပျံတာကို ကန့်သတ်ထားတဲ့ အစီအရင်တစ်ခု ခင်းကျင်းထားပုံ ရတယ် "
လေပေါ်ပံျတာကို ကန့်သတ်တဲ့ အစီအရင်ကိုတော့ ကုန်းရှီချန့် အစီအရင်လို့ ခေါ်ပါတယ်။
အရှေ့ယူနီကွန်း တိုက်မှာတော့ ကုန်းရှီချန့် အစီအရင်တွေဟာ ဒဏ္ဍာရီ ပုံပြင်တွေပါပဲ။ ဒါပေမဲ့ သည်ရောင်စဉ် ခုနစ်ဖြာတိုက်ကြီးမှာတော့ ကုန်းရှီချန့်အစီအရင်တွေဟာ သာမန် အစီအရင် တစ်ခုထက် မပိုလှပါဘူး။
ကုန်းရှီချန့် အစီအရင်တွေကိုလည်း အဆင့်တွေ ခွဲထားပါသေးတယ်။ အဆင့်၅ ကုန်းရှီချန့် အစီအရင်တစ်ခုဟာ ပြန်လည် ဝင်စားခြင်းနယ်ပည် ပညာရှင်တွေကိုတောင် ပျံသန်းလို့ မရအောင် ကန့်သတ်ထားနိုင်ပါတယ်။
လီဖူချန်း သိချင်တာ တစ်ခုကတော့ လူဦးရေ ဆယ်သန်းကျော်လောက် ရှိတဲ့ မြို့ကြီး တစ်မြို့လုံးကို လွှမ်းမိုးထားနိုင်တဲ့ သည်ကုန်းရှီချန့် အစီအရင်ကို ဘယ်ပညာရှင်က ခင်းကျင်း ထားသလည်း ဆိုတာပါပဲ။
" လူတစ်ယောက်ကို ရွှေချောင်းတစ်ချောင်း……။ မြို့ထဲကို ခိုးဝင်မယ် ဆိုရင်တော့ ငါ့ရဲ့ ဓားက ညှာမှာ မဟုတ်ဘူးဟေ့ "
မြို့စောင့်တပ်မှုးက မြို့ထဲကို ဝင်ဖို့ တန်းစီနေတဲ့ လူအုပ်ကြီးကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး သတိပေး လိုက်ပါတယ်။ သူ့မျက်နှာကို ကြည့်ရတာကတော့ တစ်လောကလုံး သူ့လုပ်စာ ထိုင်စားနေတဲ့ အလားပါပဲ။
မြို့တံခါးကို စောင့်ကြပ်ရတာ ဖြစ်တဲ့အတွက် မြို့စောင့် တပ်သားတွေဟာ အတော်လေး သတိထားပြီး တင်းတင်းကျပ်ကျပ် လုပ်ဆောင် နေပါတယ်။ ပြီးတော့ သည်မြို့စောင့်တပ်သားတွေ အားလုံး စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ်ကို ရောက်နေကြပါပြီ။
လီဖူချန်းရဲ့ အလှည့်ကို ရောက်တဲ့အခါမှာတော့ သူက ရွှေချောင်း တစ်ချောင်းကို မြို့စောင့်တပ်မှုးထံ ပစ်ပေးလိုက်ပါတယ်။
ရောင်စဉ်ခုနစ်ဖြာ တိုက်ကြီးမှာတော့ ရွှေချောင်း တစ်ချောင်းဟာ ရွှေဒင်္ဂါးဆယ်ပြားနဲ့ ညီမျှပါတယ်။
မြို့စောင့်တပ်မှုးက လီဖူချန်းကို ဝင်ခွင့်မပေးပါဘူး။ သူက မြင်းကို လင်ညှိုးထိုးလိုက်ပြီး သတိပေး လိုက်ပါတယ်။
"မြင်းအတွက်ပါ ရွှေချောင်းတစ်ချောင်း ပေးရမယ် "
လီဖူချန်းက နောက်ထပ် ရွှေချောင်း တစ်ချောင်းကို အလျင်အမြန်ထုတ်ပြီး ပေးလိုက်ရပါတယ်။
လီဖူချန်းထဲက ရွှေချောင်းနှစ်ချောင်း ရပြီးချိန်မှာတော့ မြို့စောင့်တပ်မှုးဟာ လီဖူချန်းကို ငရဲမီးမြို့ထဲ ဝင်ခွင့်ပြုလိုက်ပါပြီ။
" အိုး …… ဘယ်လောက်တောင် ကြီးကျယ်လိုက်တဲ့ လမ်းမကြီးလဲ "
လီဖူချန်း တစ်ယောက် မြို့ထဲကို ဝင်လိုက်တာနဲ့ ပထမဆုံး တွေ့ရတာကတော့ အဓိက လမ်းမကြီး တစ်ခုပါပဲ။
သည်လမ်းမကြီးကို အုတ်ခဲအနက်တွေနဲ့ ခင်းကျင်းထားပြီး လားရာမတူညီတဲ့ လမ်းနှစ်လမ်း အဖြစ် ပြန်ခွဲထားပါတယ်။ လမ်းတစ်လမ်းဟာ မီတာ၃၀ကျယ်ပြီး ရထားလုံး ဆယ်လုံးလောက်တောင် ဘေးချင်းယှဉ်ပြီး မောင်းလို့ရတဲ့ အနေအထားပါပဲ။ လမ်းနှစ်လမ်းရဲ့ အလယ်မှာ ဆိုရင်လည်း စိမ်းစိုနေတဲ့ သစ်ပင်ပန်းမန်တွေကို စိုက်ပျိုးထားပါသေးတယ်။
ဒါက အလွန်တရာကို ကြီးကျယ် ခမ်းနားလွန်းလှတဲ့ လမ်းမကြီး တစ်ခုလို့ ပြောမယ် ဆိုရင်တောင် လွန်ရာကျမယ် မထင်ပါဘူး။
လမ်းတွေရဲ့ ဘေးဘက်တွေမှာဆိုရင်လည်း လှပတင့်တယ်တဲ့ သုံးထပ် ဈေးဆိုင်တွေ ရှိနေပါသေးတယ်။ အဲသည် ဈေးဆိုင်တွေမှာတော့ လူတွေအတော်လေး စည်ကားနေပါတယ်။
၁၀ထပ်နီးပါးရှိတဲ့ အဆောက်အဦအချို့ ရှိနေပေမယ့်လည်း အဲသည် အဆောက်အဦ တွေထဲမှာတော့ လူနေထိုင်တဲ့ အရိပ်အယောင်တွေ မတွေ့ရပါဘူး။
ငရဲမီးမြို့ထဲကို ဝင်ပြီးရင် ပထမဦးဆုံး လုပ်ရမယ့် အရာကတော့ တည်းခိုဖို့ အတွက် နေရာတစ်ခု လိုက်ရှာရတာ ဖြစ်ပါတယ်။
ဒါပေမဲ့ လီဖူချန်းက တည်းခိုဖို့အတွက် နေရာရှာဖို့ကို စိတ်မဝင်စားသေးပါဘူး။
သည်ငရဲမီးမြို့ကို အတွင်းစည်းမြို့နဲ့ အပြင်စည်းမြို့ဆိုပြီး နှစ်ပိုင်းခွဲထားပါတယ်။
လီဖူချန်းလိုချင်တဲ့ ဆေးတွေက အတွင်းစည်းမြို့ထဲမှာပဲ ရှိလောက်မှာပါ။ အဲသည် အတွက်ကြောင့် လီဖူချန်းဟာ တည်းခိုဖို့ နေရာရှာတာကို လောမနေတာဘဲ ဖြစ်ပါတယ်။
အတွင်းစည်းမြို့တံခါးကို စောင့်ကြပ်တဲ့ မြို့စောင့် တပ်သားတွေရဲ့ ကျင့်ကြံခြင်း နယ်ပယ်ကတော့ အပြင်စည်းမြို့တံခါးကို စောင့်ကြပ်တဲ့ မြို့စောင့် တပ်သားတွေနဲ့ မတူပါဘူး။ သည်အတွင်းစည်း မြို့တံခါးကို စောင့်ကြပ်တဲ့ မြို့စောင့် တပ်သားတွေ အားလုံးဟာ မြေကမ္ဘာနယ်ပယ်ကို ရောက်နေကြပါပြီ။
သည်အတွင်းစည်း မြို့ကို လာလည်တဲ့ သူတွေက သာမန်လူတွေ မဟုတ်ဘူး ဆိုတာကို သိထားလို့လားတော့ မသိပါဘူး။ သည်အတွင်းစည်း မြို့တံခါးကို စောင့်ကြပ်တဲ့ မြို့စောင့်တပ်မှုးနဲ့ မြို့စောင့် တပ်သားတွေဟာ အတော် ဖော်ဖော်ရွေရွေ ရှိပါတယ်။
သည်အတွင်းစည်းမြို့ကို ဝင်ချင်ရင်တော့ လူတစ်ယောက်ကို ရွှေကွင်းဆယ်ကွင်း ပေးရမှာပါ။
ရွှေကွင်းတစ်ကွင်းက ရွှေချောင်း ဆယ်ချောင်းနဲ့ ညီမျှပါတယ်။
အဲသည် အဓိပ္ပာယ်ကတော့ သည်အတွင်းစည်း မြို့ကို ဝင်ဖို့အတွက် လူတစ်ယောက်ကို ရွှေဒင်္ဂါးတစ်ထောင် ပေးရမယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။မြင်းတွေအတွက် အဖိုးအခကလည်း လူတွေနဲ့ အတူတူပဲ ဖြစ်ပါတယ်။
ရွှေကွင်းနှစ်ဆယ် ပေးပြီးတဲ့နောက်မှာတော့ လီဖူချန်းဟာ အတွင်းစည်းမြို့ထဲကို ဝင်ခွင့် ရခဲ့ပါပြီ။
သည်အတွင်းစည်းမြို့ရဲ့ လမ်းမကတော့ အပြင်စည်းမြို့လောက် မကျယ်ပါဘူး။ ပြီးတော့ သည်နေရာမှာ ရှိနေတဲ့ လူတွေကလည်း အပြင်စည်း မြို့ထက်စာရင် အတော်လေးကို နည်းပါတယ်။ ဒါပေမဲ့ သည်အတွင်းစည်း မြို့ထဲမှာ ရှိတဲ့ လူတွေဟာ အနည်းဆုံးတော့ မြေကမ္ဘာအဆင့်ကို ရောက်နေကြပါပြီ။ ကောင်းကင်နယ်ပယ် ပညာရှင်တွေလည်း အများအကြား ရှိနေပြီး ပြန်လည် ဝင်စားခြင်းနယ်ပယ် ပညာရှင်တွေကိုတောင်မှ မကြာခဏ တွေ့နေရပါတယ်။
အချိန်တစ်နာရီလောက် အတွင်းစည်း မြို့တော်ကို လှည့်ပတ် ကြည့်ပြီးတဲ့ နောက်မှာတော့ လီဖူချန်းဟာ မိတ်သဟာလို့ အမည်ရတဲ့ တည်းခိုခန်းတစ်ခုမှာ တည်းခိုဖို့ ဆုံးဖြတ်လိုက်ပါတယ်။
သည်တည်းခိုခန်းမှာ တစ်ညတည်းခိုခက မနည်းလှပါဘူး။ တစ်ညကို ရွှေဒင်္ဂါး၅၀၀၀ ပေးရပါတယ်။ လီဖူချန်းက သည်မြို့မှာ ဘယ်လောက်အထိ ကြာမလည်းဆိုတာကို သေသေချာချာ မသိသေးတဲ့ အတွက် တစ်လစာ ငှားရမ်းထားလိုက်ပါတယ်။
သူ့ရဲ့ ယူနီကွန်းမြင်းကို တည်ခိုခန်းမှာ သေသေချာချာ အပ်ထားခဲ့ပြီး နောက်မှာတော့ လီဖူချန်းဟာ မြို့ထဲကို ထွက်လာခဲ့ပါပြီ။
သည်အတွင်းစည်း မြို့ကတော့ ပေးရတဲ့ တန်ဖိုးနဲ့ ထိုက်တန်ပါတယ်။ သည်က ဆေးဆိုင်တွေမှာ ရှိတဲ့ ဆေးတွေဟာ ဆန်းကြယ် အဆင့်တွေချည်းပါပဲ။ အဝါရောင် အဆင့် ဆေးတွေဆိုလို့ တစ်ခုကို မရှိပါဘူး။
နည်းနည်းပါးပါး မေးမြန်းပြီးတဲ့ နောက်မှာတော့ သည်အတွင်းစည်းမြို့ထဲမှာ နာမည်ကြီး ဆေးဆိုင်၅ဆိုင် ရှိတယ်ဆိုတာကို လီဖူချန်း တစ်ယောက် သိလိုက်ရပါပြီ။ ဆေးဆိုင်တိုင်းဟာ မြေကမ္ဘာအဆင့် ဆေးတွေကိုတောင် ရောင်းတဲ့အပြင် အမျိုးအစား စုံလင်လှတဲ့ ဆန်းကြယ်အဆင့် ဆေးတွေလည်း ရှိပါတယ်။
လီဖူချန်းက သူနဲ့ သိပ်မဝေးလှတဲ့ ဆေးဆိုင် တစ်ဆိုင်ကို ရွေးချယ်လိုက်ပါတယ်။ အဲသည်ဆေးဆိုင်ကတော့ လိုတရ ဆေးဆိုင် ပါပဲ။
သည်လိုတရ ဆေးဆိုင်ဟာ ဆေးအမျိုးအစား စုံလင်တယ်လို့ နာမည် ဂုဏ်သတင်းကြီးတဲ့ ဆေးဆိုင်ဆိုရင်လည်း မမှားပါဘူး။
လိုတရ ဆေးဆိုင်ဟာ အထပ်သုံးထပ်ရှိတဲ့ ဆေးဆိုင်ကြီးတစ်ဆိုင်ပါပဲ။ ဆိုင်ထဲမှာ အလှဆင်ထားတဲ့ ရတနာတွေ နဲ့ ပုလဲတွေကလည်း ဝင်လာတဲ့ သူတိုင်းကို အမျိုးအမည်မသိတဲ့ ခံစားချက် တစ်မျိုးကို ပေးစွမ်းနေပါတယ်။
လီဖူချန်းဆိုင်ထဲကို ဝင်လာတာနဲ့ တစ်ပြိုင်နက် ဆိုင်အကူ ကောင်လေး တစ်ယောက်က တန်းရောက်လာပြီး
" သခင်လေး…… ဘယ်လို ဆေးအမျိုးအစားမျိုးကို အလိုရှိပါသလည်း ခင်ဗျာ " ဟု ရိုရိုသေသေ မေးလိုက်ပါတယ်။
လီဖူချန်းက ခေါင်းတစ်ချက် ညိတ်ပြလိုက်ပြီး
" ကျွန်တော်က ခန္ဓာကိုယ်ထဲက မသန့်စင်မှုတွေကို ဖယ်ရှားပေးနိုင်တဲ့ ဆေးတွေ ဝယ်ချင်လို့ပါ။ ဆန်းကြယ် အထွတ်အထိပ်အဆင့် ဒါမှမဟုတ် မြေကမ္ဘာအဆင့် ဆိုရင် ပိုအဆင်ပြေပါတယ် "
" ဆန်းကြယ် အထွတ်အထိပ်အဆင့် ဒါမှမဟုတ် မြေကမ္ဘာအဆင့်လား"
ဆိုင်အကူကောင်လေးရဲ့ မျက်လုံးကတော့ ပြူးကျယ်သွားခဲ့ပါပြီ။ သည်လို ဝယ်သူမျိုးက သူဝန်ဆောင်မှု ပေးနိုင်တဲ့ သူမျိုး မဟုတ်ပါဘူး။ ဒါက ကြီးကြပ်သူ အဆင့်တွေနဲ့မှသာ အဆင်ပြေမှာပါ။
" သခင်လေး ……။ ကျေးဇူးပြုပြီး ခဏလေး စောင့်ပေးပါဦး။ သည်ကိစ္စက ကျွန်တော့် အဆင့်နဲ့ အဆင်မပြေလို့ပါ။ ကျွန်တော် ကြီးကြပ်သူ အကြီးအကဲဟွာကို သွားခေါ်ပေးပါ့မယ် "
ဆိုင်အကူကောင်လေးက လီဖူချန်းကို တောင်းပန်စကားဆိုပြီး ဆိုင်အတွင်းထဲကို အလျင်အမြန် ဝင်သွားပါတယ်။
အချိန်အနည်းငယ် အကြာမှာတော့ အစိမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားတဲ့ လူကြီး တစ်ယောက်ဟာ လီဖူချန်းဆီကို ရောက်လာခဲ့ပါတယ်။
အဲသည်လူကြီးကတော့ လိုတရဆေးဆိုင်ရဲ့ ကြီးကြပ်သူ ၁၈ယောက်ထဲက တစ်ယောက် ဖြစ်တဲ့ အကြီးအကဲဟွာ ပါပဲ။
အကြီးအကဲဟွာဟာ အရေးကြီးတဲ့ ဝယ်သူတွေကိုပဲ ဝန်ဆောင်မှု ပေးလေ့ ရှိတာပါ။
" သည်အဘိုးက သခင်လေးရဲ့ မိသားစုနာမည်ကို သိခွင့်ရှိမလား ခင်ဗျာ "
အကြီးအကဲဟွာက ပြုံးပြီး မေးလိုက်ပါတယ်။
" လီ "
" အိုး…… သခင်လေးလီပေါ့။ ဟုတ်ကဲ့ပါ ခင်ဗျာ။ သခင်လေးလီ အလိုရှိတဲ့ ဆေးတွေက ဒုတိယထပ်မှာပဲ ရှိပါတယ်။ ကျေးဇူးပြုပြီး ဒုတိယထပ်ကို တက်ပေးပါဦး "
အကြီအကဲဟွာက လီဖူချန်းကို ဒုတိယထပ်သို့ ဦးဆောင် ခေါ်သွားခဲ့ပါပြီ။
သူတို့နှစ်ဦးဟာ လျင်မြန်စွာနဲ့ပဲ ဒုတိယထပ်ကို ရောက်လာခဲ့ပါတယ်။
ဒုတိယထပ်မှာရှိတဲ့ ဆေးကောင်တာတွေကတော့ သိပ်မများလှပါဘူး။
ကောင်တာတစ်ခုရဲ့ အရှေ့ကို အရောက်မှာတော့ အကြီးအကဲဟွာက အထဲမှာရှိတဲ့ ဆေးပုလင်းကို လက်ညှိုး ထိုးပြလိုက်ပြီး ရှင်းပြလိုက်ပါတယ်။
" သခင်လေးလီ ……။ ဒါက ရိုးတွင်းချဉ်ဆီကို သန့်စင်ပေးနိုင်တဲ့ ဆန်းကြယ် အထွတ်အထိပ်အဆင့် ကူးစွေချင်းကျင် ဆေးရည်ပဲ။ အဲသည်ဆေးရည်ကို ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ မသန့်စင်မှုတွေကို ဖယ်ရှားတဲ့ နေရာမှာလည်း အသုံးပြုလို့ ရပါတယ်။ ဆေးရည် တစ်ပုလင်းကို အဆင့်နိမ့်ဝိညာဉ် ကျောက်တုံး၃၀ ကျသင့်မှာဖြစ်ပြီး ဆယ်ပုလင်း ဝယ်ယူရင်တော့ လက်ဆောင် တစ်ပုလင်း ရမှာပါ ခင်ဗျာ "
" ကူးစွေချင်းကျင်ဆေးလား……။ ကျွန်တော် တစ်ပုလင်း အရင်ဝယ်ကြည့်လို့ ရမလား……"
" ရတာပေါ့ ခင်ဗျာ "
လီဖူချန်းက အချိန်ဆွဲမနေဘဲ ဝယ်ဖို့ ပြောလိုက်တဲ့ အခါမှာတော့ အကြီးအကဲဟွာရဲ့ မျက်နှာပေါ်မှာ ရှိနေတဲ့ အပြုံးဟာ ပိုပြီး အသက်ဝင်လာခဲ့ပါပြီ။
အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၃၀ဆိုတာက မနည်းလှပါဘူး။ ပြန်လည် ဝင်စားခြင်းနယ်ပယ် ပညာရှင်တွေတောင်မှ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၃၀ကို သုံးဖို့အတွက်ဆိုရင် အတော်လေး ချင့်ချိန် စဉ်းစားကြတာ မဟုတ်ပါလား။
" အကြီးအကဲဟို……။ လိုတရဆေးဆိုင်မှာ သီးသန့်အခန်းတွေ ရှိလားဗျ။ ကျွန်တော်က သည်ကူးစွေချင်းကျင်ဆေးရည်ရဲ့ အကျိုး သက်ရောက်မှုကို စမ်းကြည့်ချင်လို့ပါ "
လီဖူချန်းက အကြီးအကဲဟွာကို အကူအညီ တောင်းလိုက်ပါတယ်။
အကြီးအကဲဟွာ အလျင်အမြန် ခေါင်းညိတ်လိုက်ပြီး
" ရှိ…… ရှိပါတယ် သခင်လေးလီ။ ကျွန်တော်တို့ရဲ့ လိုတရဆေးဆိုင်က ငရဲမီးမြို့ရဲ့ ထိပ်တန်းဆေးဆိုင်ကြီးတစ်ခုလေ။ ကြွပါ…… ကြွပါ ……"
အကြီးအကဲဟွာက လီဖူချန်းကို သီးသန့်ခန်းတွေ ရှိရာဆီသို့ လမ်းပြ ခေါ်ဆောင် သွားပါတယ်။
သီးသန့်ခန်းထဲကို ရောက်ပြီဆိုတာနဲ့ တစ်ပြိုင်နက် လီဖူချန်းဟာ အချိန်ဆွဲမနေတော့ပါဘူး။ သူက တင်ပျဉ်ခွေ ထိုင်ချလိုက်ပြီး ကူးစွေချင်းကျင် ဆေးရည်ကို သောက်သုံးလိုက်ပါတယ်။
လီဖူချန်းက အတွင်းအားချီတွေကို အသုံးပြုပြီး ဆေးစွမ်း နိုးထလာအောင် လှုံ့ဆော်လို့ မရတဲ့အတွက် ဆေးစွမ်းပြလာမယ့် အချိန်ကိုပဲ စိတ်ရှည်ရှည်နဲ့ စောင့်ရတော့မှာပါ။
ဒါပေမဲ့ သူ့အနေနဲ့ အချိန်သိပ်ကြာကြာ မစောင့်လိုက်ရပါဘူး။ ကူးစွေချင်းကျင် ဆေးရည်ကို သောက်ပြီး ၅မိနစ်လောက် အကြာမှာပဲ ဆေးစွမ်းပြလာခဲ့ပါတယ်။
" အား…… နာလိုက်တာကွာ "
လီဖူချန်းရဲ့ နဖူးကနေ ချွေးသီးချွေးပေါက်တွေ တဒီးဒီး ကျနေပါပြီ။ ဒါက သူ့ရဲ့ ခန္ဓာကိုယ် တစ်ခုလုံးမှာ ရှိတဲ့ အရိုးတွေနဲ့ အတွင်းအင်္ဂါတွေကို အပ်သေးသေးလေးတွေနဲ့ ထိုးဆွနေသလိုပါပဲ။ သည်ဝေဒနာက အတော်လေးကို ဆိုးပါတယ်။
ဒါပေမဲ့လည်း လီဖူချန်းဟာ ဝေဒနာကို သိပ်ပြီး မခံစားလိုက်ရပါဘူး။ တစ်နာရီလောက် အကြာမှာတော့ ဆေးစွမ်းဟာ ပျက်ပြယ် သွားခဲ့ပါပြီ။
" ဟူး……"
လီဖူချန်းကတော့ အခုမှ သက်ပြင်း ချနိုင်ပါတော့တယ်။
သူ့ရဲ့ မွေးညင်းပေါက်လေးတွေကနေတော့ ညှီစို့စို့ အနံ့အသက်တွေ ထွက်နေတဲ့ အနက်ရောင် အရည်လေးတွေ စိမ့်ထွက်နေပါပြီ။
" သည်ကူးစွေချင်းကျင်ဆေးက မိစ္ဆာသားရဲသွေးအဆီအနှစ်ရဲ့ မသန့်စင်မှုတွေကိုသာ ဖယ်ရှားပေးနိုင်တာပဲ။ သည်ဆေးက ရွှယ်ရှီးဆေးလုံးရဲ့ မသန့်စင်မှုတွေကိုတော့ မဖယ်ရှား ပေးနိုင်ဘူး။ အင်း…… ငါအနေနဲ့ နောက်ထပ် ဆေးတစ်မျိုး ဝယ်ရဦးမယ် ထင်တယ် "
လီဖူချန်းက ခပ်တိုးတိုး ရေရွတ်လိုက်ပါတယ်။
သည်ကူးစွေချင်းကျင်ဆေးက ဆိုးတော့ မဆိုးပါဘူး။ သည်ဆေးတစ်ပုလင်းက လီဖူချန်းရဲ့ ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ မိစ္ဆာသားရဲ သွေးအဆီအနှစ် မသန့်စင်မှုတွေကို ၅ရာခိုင်နှုန်းတောင် ဖယ်ရှား ပေးနိုင်ခဲ့ပါတယ်။
လီဖူချန်းလို ခန္ဓာကိုယ်ထဲမှာ မသန့်စင်မှုတွေ အများကြီး ရှိနေတဲ့သူ အတွက်ကတော့ ၅ရာခိုင်နှုန်းဆိုတာက အတော်လေး စိတ်ကျေနပ်စရာပါပဲ။
လီဖူချန်းရဲ့ ခန္ဓာကိုယ်ပေါ်က ထွက်နေတဲ့ ညှီစို့စို့ အနံ့ကတော့ အတော်လေးကို ပြင်းတယ်လို့ ပြောရမှာပါ။ လီဖူချန်း ကိုယ်တိုင်တောင်မှ သူ့အနံ့ကို သူရှူပြီး အန်ချင်သလိုလို ဖြစ်နေပါပြီ။
သည်သီးသန့်ခန်းထဲမှာ ရေချိုးခန်းတစ်ခု ရှိနေလို့သာ တော်ပါသေးတယ်။ မဟုတ်လို့ကတော့ လီဖူချန်းတစ်ယောက် အခန်းထဲကနေ ထွက်ရဲတော့မှာ မဟုတ်ပါဘူး။
ရေချိုးပြီးတဲ့ အခါမှာတော့ လီဖူချန်းဟာ သိုလှောင်အိတ်ထဲက အဝတ်အစား တစ်စုံကို ထုတ်ယူကာ လဲလှယ် ဝတ်ဆင်ပြီး သီးသန့်ခန်းအပြင်ကို ထွက်လာခဲ့ပါတယ်။
" သခင်လေးလီ……။ ဆေးစွမ်းက စိတ်ကျေနပ်မှု ရရဲ့လား ခင်ဗျာ … "
သီးသန့်ခန်းအပြင်မှာတော့ အကြီးအကဲဟွာ တစ်ယောက် ရှိနေဆဲပါပဲ။
" ဆေးစွမ်းက အဆင်ပြေပါတယ်။ ဒါပေမဲ့ ကျွန်တော်က နောက်ထပ် တခြားဆေးတွေ ရှိသေးလားဆိုတာကို ကြည့်ချင်သေးတယ် "
လီဖူချန်းက ပြန်ဖြေလိုက်ပါတယ်။
" ရပါတယ် …… ရပါတယ်ခင်ဗျာ……။ သည်ဘက်ကို ကြွပါ ……"
အကြီးအကဲဟွာကလည်း အတွေ့အကြုံရင့်နေတဲ့ လူတစ်ယောက်ပါပဲ။ အဲသည်အတွက် သူဟာ လီဖူချန်းကို ဦးဆောင် လမ်းပြပြီး ဒုတိထပ်ကို ပြန်ခေါ်သွားခဲ့ပါတယ်။ သူ့အတွက်ကတော့ လီဖူချန်းက ငွေထုပ်ကြီး တစ်ထုပ်ပင် မဟုတ်ပါလား။
( note - ဆေးဆိုင်တွေမှာက ရောင်းချပေးသူကို ရာခိုင်နှုန်းနဲ့ ပြန်ပေးဟန် တူပါတယ်။ )
ဒုတိယထပ်ရဲ့ ဆေးကောင်တာတွေ ရှိရာကို ပြန်အရောက်မှာတော့ အကြီးအကဲဟွာက ကောင်တာ တစ်ခုရှေ့မှာ ရပ်လိုက်ပြီး
" သခင်လေးလီ……။ ဒါက ရွှယ်ရိလင် ဆေးရည်ပဲ။ သည်ဆေးရည်ကတော့ တစ်ပုလင်းကို အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၃၂ တုံး ကျသင့်ပါတယ်။ သည်ဆေးရည်က မသန့်စင်မှုတွေကို ဖယ်ရှားပေးတဲ့ နေရာမှာ ပိုပြီး ထိရောက်တယ်လို့လည်း နာမည်ကြီးပါတယ်။ ဒါပေမဲ့ သည်ဆေးရည် ကတော့ ကူးစွေချင်း ကျင်ဆေးရည်လို အချိန်တိုတိုနဲ့ ဆေးစွမ်းပြမှာ မဟုတ်ဘူး။ သခင်လေးလီ အနေနဲ့ သည်ဆေးရည် အစွမ်းပြတာကို စိတ်ရှည်ရှည်နဲ့ စောင့်ရပါလိမ့်မယ် "
အကြီးအကဲဟွာကတော့ ရွှယ်ရိလင်နဲ့ ဆေးဟာ ကူးစွေချင်း ကျင်ဆေးလို ဆေးစွမ်းပြတာ မမြန်ကြောင်းကို သေသေချာချာ ရှင်းပြနေပါတယ်။
ဒါပေမဲ့ လီဖူချန်းရဲ့ ထက်မြက်လှတဲ့ အသိစိတ်အာရုံကတော့ သည်ရွှယ်ရိလင် ဆေးထံကနေ ပိုကောင်းမွန်တဲ့ ဆေးအငွေ့အသက်တွေကို အာရုံခံမိ နေပါပြီ။
သည်ရွှယ်ရိလင်ဆေးရဲ့ ဆေးစွမ်းပြတာက ကြာရင်ကြာပါလိမ့်မယ်။ ဒါပေမဲ့ ဆေးရဲ့ အကျိုးအာနိသင် ပိုင်းမှာတော့ ရွှယ်ရိလင်ဆေးက ကူးစွေချင်းကျင်ဆေးထက် ပိုကောင်းမယ်ဆိုတာ အသေအချာပါပဲ။
" ကျွန်တော့်ကို ကူးစွေချင်းကျင် ဆေးရည် ဆယ်ပုလင်းနဲ့ ရွှယ်ရိလင် ဆေးရည် ဆယ်ပုလင်းပေးပါ "
လီဖူချန်းက အချိန်ဆွဲမနေတော့ဘဲ ကူးစွေချင်းကျင် ဆေးရည်နဲ့ ရွှယ်ရိလင်ဆေးရည်ကို ဆယ်ပုလင်းစီ ဝယ်လိုက်ပါတယ်။
" သခင်လေးလီ ……။ သည်မှာ သခင်လေးရဲ့ ဆေးတွေပါ "
အကြီးအကဲဟွာကတော့ နွားပြာကြီး အောက်သွား လွတ်နေသလို တဟဲဟဲ ဖြစ်နေပါပြီ။
လီဖူချန်းက သူ့ထံကနေပြီး စုစုပေါင်း အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၆၂၀ဖိုးတောင် ဝယ်သွားခဲ့တာ မဟုတ်ပါလား။
သည်လအတွက် သူရမယ့် ရာခိုင်နှုန်းကတော့ တကယ့်ကို အချီကြီးပါပဲ။
***