← Chapters

မကောင်းဆိုးဝါးအိုကြီး

Vol. 34 Ch. 474

မကောင်းဆိုးဝါးအိုကြီး

Vol. 34 Ch. 474

ပန်ကုန်းစုန်က မှန်ထဲတွင် ရပ်နေသည်။ မှန်အတွင်း ဖန်သားပြင်မှာ အစိတ်စိတ်အမြွှာမြွှာ ကွဲကြေနေပြီး အပိုင်းအစ တစ်ခုနှင့်တစ်ခုအကြား ခုန်ကျော်မရလောက်အောင် ဝေးကွာနေ၏။

ဤမှန်သည် မဟာမြို့ပျက်မှ သူ ရခဲ့‌သော ဆန်းကြယ်ရတနာတစ်မျိုး ဖြစ်သည်။ မှန်အတွင်းကမ္ဘာက တကယ့်ကမ္ဘာနှင့် တစ်ထပ်ကျ၍ မည်သူမှ သတိမထားမိနိုင်ပေ။။ အားနည်းချက်ဟူ၍ အတွင်းကမ္ဘာထဲတွင် ‌ကောင်းကင်နတ်သိုင်းများ ထုတ်ဖော်မရခြင်းသာ ရှိသည်။

အတိတ်တုန်းက ဆန်းကြယ်မှန်ကို သုံးပြီး အမြဲလွတ်မြောက်ခဲ့သောကြောင့် မှန်ထဲတွင် ပိတ်မိသွားမည့်နေ့တစ်နေ့ ရောက်လာမည်ဟု ပန်ကုန်းစုန် တစ်ခါမှ မတွေးခဲ့ဖူးပေ။ ထွက်ပြေး၍လည်း မရတော့ပေ။ ချင်မူ ဖြတ်တောက်ခဲ့သည့် ကြိုးက မှန်ထဲမှ ခုန်ထွက်နိုင်မည့် တစ်ခုတည်းသော နည်းလမ်းဖြစ်၏။

“ဂိုဏ်းသခင်ချင်က ကျွန်တော့်ကို သတ်ဖို့ မဟုတ်ဘဲ စကားပြောဖို့ လာတာလား” ပန်ကုန်းစုန် ထွက်ပြေးမည့် အကြံအစည်ကို လက်လျှော့ပြီး သွေးတိုးစမ်းကြည့်လိုက်သည်။ “စောစောပြောတာ မဟုတ်ဘူးဗျာ”

ချင်မူမှာ မှန်ထဲရှိ ပန်ကုန်းစုန်ကို ကြည့်၍ ရယ်ရလား၊ ငိုရမလား မသိတော့ပေ။ “ပြောခွင့်မှ မရတာ။ မင်းက ငါ့ကို မြင်တိုင်း လူတတ်ကြီးပုံဖမ်းပြီး အမြဲသတ်ချင်နေခဲ့တာလေ။ အဲဒီတော့ ငါလည်း ကိုယ့်ကိုယ်ကို ခုခံရုံပဲ ရှိတော့တာပေါ့။ အမှန်တိုင်းပြောရရင်  စောစောက ငါ မင်းကို အဝေးက မိတ်ဆွေကြီး လာတွေ့တယ်၊ မဝမ်းသာဘူးလားလို့ပဲ ပြောခဲ့တာမဟုတ်ဘူးလား။ သတ်ဖို့ လာတာမဟုတ်ဘဲ အရင်တုန်းက အကြောင်းလေးတွေ ပြောဖို့ လာတာမှန်း မင်း သိသင့်တာပေါ့”

ပန်ကုန်းစုန် သွေးအန်လုနီးနီး ဖြစ်သွားသည်။ ဤခွေးသူ‌တောင်းစားက ‘အဝေးက မိတ်ဆွေကြီးလာတွေ့တယ်၊ ထွက်လာပါဦး’ ဟု ရှင်းလင်းပြတ်သားစွာ ပြောခဲ့ခြင်းမဟုတ်ပါလော။ ‘ဝမ်းမသာဘူးလား’ ဟု မည်သည့်အချိန်က ပြောခဲ့သနည်း။

သို့သော် ယခုအချိန်က စကားလုံးများအကြောင်း ငြင်းခုံနေရမည့်အချိန် မဟုတ်ပေ။ သူ့အသက်က ခွေးသူတောင်းချင်၏လက်ထဲ ရောက်နေသည့်အတွက် သူ့စိတ်တိုင်းကျ လိုက်မျောပေးရုံသာ ရှိသည်။

“ဂိုဏ်းသခင်က မြင့်မြတ်ခံ့ညားတယ်။ သဘောထားကြီးတယ်၊ အမြင်လည်း ကျယ်တယ်။ ကျွန်တော် ဂိုဏ်းသခင်ကို အမြဲလေးစားနေခဲ့မိတာပါ။ ဒီညီလေးက ဂိုဏ်းသခင်ရဲ့ အစွမ်းအစကို မြင်တွေ့ဖူးချင်လို့ နောက်နေတာပါဗျ။ ဂိုဏ်းသခင်က တကယ် ထူးချွန်တယ်နော်။ ကျွန်တော် လေးစားအားကျမိပါတယ်” ပန်ကုန်းစုန်က နှုတ်ခမ်း‌ထောင့်မှ စီးကျနေလာသော သွေးများကို သုတ်၍ ပြုံးဖြဲဖြဲဖြင့် ထိုင်ချလိုက်သည်။ “ဂိုဏ်းသခင် ဒီလောက်အဝေးကြီးထိ လိုက်လာတာဆိုတော့ ဘာများဆွေးနွေးချင်လဲ မသိဘူး”

“မင့်နောက်က နတ်ဘုရား” ချင်မူက မှန်ကို မြှောက်၍ ပြုံးရယ်ပြလိုက်သည်။ “ဧကရာဇ်အတိုင်ပင်ခံနဲ့ ငါ သူ့ကို တွေ့ပြီး ဂါဝရပြုချင်လို့ပါ။ မှော်ဆရာကြီး ခွင့်ပြုမလားမသိဘူး”

ပန်ကုန်းစုန်၏အမူအရာ မသိမသာ ပြောင်းလဲသွားသည်။

သူ့အနောက်ရှိ နတ်ဘုရားဆိုသည်မှာ ဝိညာဉ်ဂါဝရပြု မှော်အစီအရင်ကို သုံးလျှင် သူ့အနောက်၌ ဖွဲ့တည်လာသည့် နတ်ဘုရားမှတစ်ပါး အခြားမဟုတ်ပေ။

ချင်မူ သူ့ကို ထိုနတ်ဘုရားအကြောင်း မေးနေခြင်းက ဂါဝရပြုရန်မဟုတ်ကြောင်း ထင်ရှား၏။ ထိုနတ်ဘုရားအား ရှင်းပစ်ရန် ပြင်နေခြင်းဖြစ်သည်။

“ဂိုဏ်းသခင်ချင်၊ လူသားဧကရာဇ်ရယ် ကျွန်တော်က အဲဒီနတ်ဘုရားကို ဘယ်လိုလုပ် သိမှာလဲဗျာ” ပန်ကုန်းစုန်က တဟားဟား ရယ်လိုက်၏။ “ကျွန်တော့်အစွမ်းအစတွေကို ဂိုဏ်းသခင်လည်း သိသားနဲ့။ ဂိုဏ်းသခင် လက်ဝါးတစ်ချက်နဲ့ နှစ်ခြမ်းပိုင်းပစ်နိုင်တဲ့ ကျွန်တော်လို ဘာမဟုတ်တဲ့ကောင်လေးက နတ်ဘုရားတွေနဲ့ ဘယ်လိုလုပ် သိမှာတုန်း။ သူ ဘယ်မှာရှိလဲ သိဖို့ကတော့ အဝေးကြီး။ ဂိုဏ်းသခင်ရယ် စဉ်းစားကြည့်ပါဦး”

ချင်မူက မှန်ကို မြှောက်ပြီး ဓားဖြင့် သဲများအား ထိုးဆွနေသည်။ သူက အေးအေးလူလူ ပြောလိုက်၏။ “မှော်ဆရာကြီး နတ်ဘုရားတစ်ပါးနဲ့မှ မသိဘူးဆိုတာကတော့ လိမ်နေတာ သိသာပါတယ်။ နတ်ဘုရားတွေနဲ့ မသိဘူးဆိုရင် အထက်ကောင်းကင်ဘုံက နတ်ဘုရားတွေကို ဘယ်လိုလုပ် ဖိတ်ခေါ်နိုင်မှာလဲ။ ရှုရှန်းဟွာကို ဘယ်လိုလုပ် မျှားထုတ်နိုင်မှာလဲ။ နတ်ဘုရားတစ်ပါးနဲ့မှ မသိရင် အစစ်အမှန်ကောင်းကင်မယ်တော်ကြီးကို ဘယ်လိုလုပ်သိမှာလဲ

“မှော်ဆရာသခင်၊ မင်းနဲ့ ငါက ကလေးတွေ မဟုတ်တော့ဘူး၊ ဆိုတော့ ဒဲ့ပဲ ပြောရအောင်။ မင်းအနေနဲ့ နတ်ဘုရားတွေကို ကိုယ်တိုင် မသိလောက်ပေမယ့် မင့်နောက်က နတ်ဘုရားကတော့ သိတယ်။ မင်း အဲဒီနတ်ဘုရားနဲ့ ရင်းနှီးလိမ့်မယ်။ ဝိညာဉ်ဂါဝရပြုတဲ့အချိန် မင်းနောက်မှာ ပေါ်လာတဲ့ နတ်ဘုရားပုံရိပ်၊ အဲဒီနတ်ဘုရားက မင်းရဲ့ဆရာ မဟုတ်ရင် မင့်ဆရာရဲ့ဆရာ ဖြစ်လောက်တယ်မလား”

ပန်ကုန်းစုန်က ချင်မူ သဲထဲ ထိုးဆွနေသော ဓားကို ကြည့်ရင်း အခက်တွေ့နေသည်။ သူက ရုတ်တရက် ထရပ်ပြီး မှန်ထဲတွင် ဟိုလျှောက်သည်လျှောက် လျှောက်ကာ ဆုံးဖြတ်နေ၏။

သူက လိုလန်ရွှေနန်းတော်၏ ခေါင်းဆောင်ဖြစ်ကြောင်း ပြောကြသော်လည်း သူတို့မသိသော အဖြစ်အပျက်တစ်ခု ရှိသည်။ လိုလန်ရွှေနန်းတော်ကို တည်ထောင်ခဲ့သူ ထိုစဉ်တုန်းက သူနှင့်ရင်းနှီးသော နတ်ဘုရားဖြစ်ပြီး ခေါင်းဆောင်နေရာက ကံတိုက်ဆိုင်၍ သူ့လက်ထဲ ရောက်လာခဲ့ခြင်းဖြစ်၏။

အကျည်းတန်သော အတိတ်အဖြစ်အပျက်များစွာ ရှိခဲ့သည်။

“သူက ငါ့ဆရာ” ပန်ကုန်းစုန် ရပ်ပြီး မှန်အပြင်ရှိ ချင်မူ့အား မော့ကြည့်လိုက်သည်။ “မင်း မှန်းတာ မှန်တယ်။ ငါ အထက်ကောင်းကင်ဘုံနဲ့ အဆက်အသွယ် ရှိပြီး အစစ်အမှန်ကောင်းကင်မယ်တော်ကြီးကို သိတဲ့ အကြောင်းရင်းက သူ့ကြောင့်ပဲ။ ဒါပေမဲ့ သူ့ကို ရန်မစဖို့ ငါ အကြံပေးချင်တယ်။ သူက သိပ်မကောင်းဆိုးဝါးဆန်လွန်းတယ်”

သူ၏မျက်လုံးထောင့်စွန်းများ တွန့်နေပြီး သူက ခပ်တိုးတိုး ပြောလာသည်။ “ငါ့ကို မကောင်းဆိုးဝါးအိုကြီးလို့ ပြောကြပေမယ့် သူနဲ့ ယှဉ်ရင် ငါက ဘာမှမဟုတ်ဘူး။ ငါက သူ့တပည့်ဆိုပေမယ့် ဝိညာဉ်ဂါဝရပြုမှော်ဆရာအစီအရင်ကို သုံးတိုင်း သူ့စွမ်းအားကို ငှားရတယ်။ မင်း အဲဒါတော့ သိပါတယ် ဟုတ်တယ်မလား။ အဲဒီအစီအရင်ကို သုံးတိုင်း ငါ့သက်တမ်း အတော်များများ ဆုံးရှုံးရတယ်။ ဟီးဟီး သူ့တပည့်ကိုတောင် ဒီလို ဆက်ဆံရင် ကျန်တဲ့သူတွေဆို ဘယ်လိုဖြစ်မလဲ စဉ်းစားသာကြည့်။ အဲဒါကြောင့် ငါ အဲဒီမှော်အစီအရင်ကို အရမ်းလိုအပ်မှ သုံးတာ”

ချင်မူ့အမူအရာ မပြောင်းလဲသွားဘဲ မနေပေ။ ပန်ကုန်းစုန်လို မကောင်းဆိုးဝါးအိုကြီးက မကောင်းဆိုးဝါးဆန်‌သော နတ်ဘုရားတစ်ပါးအကြောင်း ပြောနေသည်တဲ့လား။ မည်သူမှ ယုံနိုင်မည်မဟုတ်ပေ။

ဤကမ္ဘာတွင် ယုတ်မာဆိုးသွမ်းမှုအရာ၌ မြက်ခင်းလွင်ပြင်တစ်ခုလုံးကို အဆိပ်ခပ်၍ အပြစ်မရှိသော လူပေါင်းများစွာကို သတ်ပစ်ခဲ့သည့် ပန်ကုန်းစုန်ထက် လက်စောင်းထက်သူ ရှိပါသေး၏လော။

“သူ့နာမည်အရင်းကို ငါလည်း မသိဘူး။ သူ့ကို ခေါ်ကြတဲ့နာမည်ကိုပဲ သိတယ်” ပန်ကုန်းစုန်က ပြောလိုက်သည်။ “သူ့ကို မှော်ဆရာနတ်ဘုရားခွေ့ လို့ ခေါ်ကြတယ်။ သူ့မျိုးရိုးက ခွေ့ဖြစ်လောက်ပေမယ့် ငါတို့လိုလူတွေက နာမည်အရင်း၊ မျိုးရိုးအစစ်တွေ သုံးခဲတော့ သူ့မျိုးရိုးလည်း အစစ်မဟုတ်လောက်ဘူး”

“မှော်ဆရာနတ်ဘုရားခွေ့ တဲ့လား”

ချင်မူ မှင်သက်သွား၏။ ခွေ့သည် မျိုးရိုးတစ်ခု ဖြစ်သော်လည်း မှော်ဆရာနတ်ဘုရားခွေ့၏ ခွေ့က မျိုးရိုးမဟုတ်နိုင်ပေ။ မျိုးရိုးမဟုတ်လျှင် မျိုးနွယ်တစ်စု၏ နာမည်များ ဖြစ်နိုင်မည်လား။

သို့ဆိုလျှင် မှော်ဆရာနတ်ဘုရားခွေ့သည် သရဲသဘက်တစ်ကောင် ဖြစ်လောက်၏။

“ဒါပေမဲ့ ဂိုဏ်းသခင် သူ့ကို ရှာဖို့ မဖြစ်နိုင်ဘူး” ပန်ကုန်းစုန်က ပြောသည်။ “သူက ကမ္ဘာခြားက လာတာ၊ ငါ့ ပထမဘဝမှာကတည်းက အစောကြီး ထွက်သွားတာပဲ” ချင်မူ မှန်ထဲရှိ ပန်ကုန်းစုန်၏မျက်နှာကို အကဲခတ်နေသော်လည်း ပန်ကုန်းစုန်ကြည့်ရသည်မှာ လိမ်နေဟန်မတူပေ။ “ဂိုဏ်းသခင်ချင်၊ သံသယ မဝင်ပါနဲ့။ ငါ့အနေနဲ့ မင်းကို လိမ်စရာကြောင်းမှ မရှိပဲ။ အခု ငါ့သေခြင်းရှင်ခြင်းက မင်း လက်ထဲမှာလေ။ မင်းကို လိမ်တော့ရော ငါ ဘာရမှာမလို့လဲ”

ချင်မူ အတန်ကြာ စဉ်းစားပြီး ပြုံးလိုက်သည်။ “မှော်ဆရာကြီး၊ မင်း ငါ့ကို လိမ်နေပြန်ပြီ”

“ဘယ်တုန်းက လိမ်လို့တုန်း” ပန်ကုန်းစုန်က ကမန်းကတန်း မေး၏။

“သူ တကယ်ထွက်သွားတယ်ဆိုရင် မင်း ဘာလို့ ဝိညာဉ်ဂါဝရပြုအစီအရင်ကို သုံးနိုင်သေးတာလဲ။ မင်းနောက်မှာ ပေါ်လာတဲ့ ပုံရိပ်က သူ့ရဲ့ မူလဝိညာဉ်မဟုတ်ဘူးလား” ချင်မူ ပြုံးလိုက်သည်။ “သူက ကမ္ဘာခြားကနေ မူလဝိညာဉ်ကို ဖွဲ့တည်ပြနိုင်တဲ့ အစွမ်းရှိတယ်ဆိုတာ ငါ ယုံမယ်ထင်လား။ သူ့မှာ အဲဒီအစွမ်းရှိရင် အထက်ဘုံက နတ်ဘုရားတွေအနေနဲ့ ကျောက်ရုပ်တုတွေကို အရင်လွှတ်ပြီး အထက်ကောင်းကင်ဘုံက နတ်ဘုရားတွေ အသက်သွင်းခိုင်းဖို့ ဒုက္ခအများကြီး ခံစရာလိုပါ့မလား”

ပန်ကုန်းစုန်၏အမူအရာ ရုတ်ခြည်း ပြောင်းလဲသွားသည်။

ချင်မူက သူ့ထက်ပင် ငယ်ရွယ်သော လူငယ်ကို ကြည့်ကာ ခပ်အေးအေး ပြောလိုက်၏။ “ဒါ့အပြင် သူက မင်းရဲ့ဆင့်ခေါ်မှုတွေကိုလည်း သိပြီး ရန်သူကို ဂါဝရပြုရုံနဲ့ သတ်နိုင်အောင် သူ့မူလဝိညာဉ်ကိုလည်း ဖွဲ့တည်ပေးနိုင်တယ်။ နတ်ဘုရားတစ်ပါးက အဲဒီလောက် အားယားနိုင်ပါ့မလား။ ငါတော့ ဝိညာဉ်ဂါဝရပြုမှော်ဆရာအစီအရင်ကို အဲဒီလိုသုံးရတယ်မထင်ဘူး။ တစ်ရက် သူ စိတ်မကြည်လို့ ပုံရိပ်မလွှတ်လိုက်ဘူးဆိုရင် မင်း ဒုက္ခမရောက်ဘူးလား။ မှော်ဆရာကြီး၊ ငါတို့အားလုံးက ဉာဏ်ကောင်းတဲ့လူတွေပါ။ ဒီတော့ ငါ့ကို အမှန်အတိုင်းပြောပြ၊ အသက်ချမ်းသာပေးမယ်”

ပန်ကုန်းစုန်၏အမူအရာ လှုပ်လှုပ်ရှားရှား ဖြစ်သွား၏။ သူက ရုတ်တရက် ကျယ်လောင်စွာ ရယ်ပြီး လက်ခုပ်လက်ဝါး တီးလိုက်သည်။ “ဂိုဏ်းသခင်ချင်ဆိုတဲ့ အတိုင်းပါပဲ။ ငါ့ရဲ့ မဟာရန်သူတော်ကြီး ပီသတယ်။ မင်းကို လှည့်စားရတာ မလွယ်ဘူးပဲ။ ဟုတ်တယ် သူ ထွက်မသွားခဲ့ဘူး။ ထွက်သွားဖို့ ပြင်ခဲ့ပေမယ့် ငါက သူ ဒဏ်ရာအကြီးအကျယ် ရအောင် အကောက်ကြံပြီး သူ့မူလဝိညာဉ်ကို ယူခဲ့တာ”

ချင်မူ သူ့ကို မျက်လုံးပြူးလျက် ကြည့်လိုက်မိသည်။

ပန်ကုန်းစုန်၏ အပြုံးတွင် ဂုဏ်ယူမှုတို့ ပြည့်နေ၏။ “ဒီဆရာ ဒီတပည့်ပေါ့ကွာ။ သူ ငါ့ကို သင်ပေးခဲ့သမျှအကုန်လုံးကို ငါ တတ်သွားတဲ့အပြင် သူ့ထက်တောင် သာသွားသေးတယ်။ ဒါပေမဲ့ အဲဒီလူအိုကြီးက နတ်ဘုရားဖြစ်နည်းကို တမင်ညစ်ပြီး မပေးခဲ့ဘူး။ အဲဒီအချိန်တုန်းက ငါက အိုနေပြီ၊ နှစ်အနည်းငယ်နေရင် သေရတော့မှာ။ ဒါပေမဲ့ သူက ငါတို့ရဲ့ဆက်ဆံ‌ရေးကို ဆရာတပည့်အဖြစ် တစ်ခါမှ မတွေးခဲ့ဖူးဘူးလေ

“ဟမ့် သူက ငါ့ကို သေစေချင်မှတော့ သူ့ကို အရင် သေခိုင်းဖို့ ဆုံးဖြတ်လိုက်တာပဲ။ ဒီတော့ သူ ဒီကမ္ဘာကနေ ထွက်ပြီး အထက်ဘုံကို တက်ဖို့ ကောင်းကင်အလင်းတန်းတစ်တန်း ကျရောက်လာတဲ့အချိန်မှာ ငါ လှုပ်ရှားလိုက်တယ်”

ချင်မူ့ရင်ထဲတွင် အေးစိမ့်သွားသည်။

ပန်ကုန်းစုန်က ပြုံးကာ ပြောလိုက်၏။ “ငါက သူ သင်ပေးခဲ့တဲ့ ကောင်းကင်နတ်သိုင်းနဲ့ ကောင်းကင်အလင်းတန်းကို နှောင့်ယှက်ပြီး နှစ်ခြမ်းခွဲပစ်လိုက်တယ်။ ဂိုဏ်းသခင်ချင်၊ မင်းက နေရာရွှေ့ပြောင်းကောင်းကင်နတ်သိုင်းမှာ ကျွမ်းတယ်ဆိုတော့ မင်းရဲ့နေရာရွှေ့ပြောင်းကောင်းကင်နတ်သိုင်း နှစ်ခြမ်းကွဲသွားရင် ဘယ်လိုအဆုံးသတ်သွားမယ်ထင်လဲ”

ချင်မူ အသည်းထဲ အေးသွားပြန်သည်။ “ငါလည်း နှစ်ခြမ်းကွဲသွားလိမ့်မယ်”

“အဲဒီကောင်းကင်အလင်းတန်းက နေရာရွှေ့ပြောင်းကောင်းကင်နတ်သိုင်းနဲ့ အတူတူပဲ။ မတူတာဆိုလို့ ရုပ်ခန္ဓာနဲ့ မူလဝိညာဉ် ကွဲထွက်သွားပဲ ရှိတယ်”

ပန်ကုန်းစုန်က သူ့ကိုယ်သူ ကျေနပ်နေပြီး အေးအေးဆေးဆေး ပြောနေသည်။ “ငါ မှော်ဆရာအစီအရင်နဲ့ ငါ့တပည့်ကို စတေးပြီး ကောင်းကင်အလင်းတန်းကို နှစ်ခြမ်းခွဲပစ်လိုက်တယ်။ ငါ့ဆရာ၊ မှော်ဆရာနတ်ဘုရားခွေ့ ရဲ့ ရုပ်ခန္ဓာနဲ့ မူလဝိညာဉ်လည်း နှစ်ခုကွဲသွားပြီး ကောင်းကင်အလင်းတန်းထဲကနေ ပြုတ်ကျလာတယ်။ ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင် ပစ်သလိုပေါ့”

“ငါ့တပည့်က ငါ သေတော့မှာကို သိလို့ ငါ့နေရာကို ယူဖို့ ချောင်းနေတာ။ ဒီတော့ နှစ်ယောက်လုံးကို တစ်ပြိုင်တည်း ရှင်းပစ်လိုက်ရတာပေါ့။ ရုပ်ခန္ဓာမရှိတော့ မှော်ဆရာနတ်ဘုရားခွေ့ရဲ့ မူလဝိညာဉ်ကို ထိန်းချုပ်ရလွယ်သွားတယ်လေ။ အဲဒီအချိန်မှာ မူလဝိညာဉ်ထဲကို ဝိညာဉ်ပိုးကောင်တစ်ကောင် ထည့်ပေးလိုက်တာပဲ”

ချင်မူ ခေါင်းမွှေးများ ထောင်သွားပြီး သက်ပြင်းချလိုက်၏။ “မှော်ဆရာကြီး၊ မင်းပြောတော့ မှော်ဆရာနတ်ဘုရားခွေက မကောင်းဆိုးဝါးဆန်တယ်ဆို။ ဒါပေမဲ့ ငါ့မျက်လုံးထဲမှာ မင်းလောက် မကောင်းဆိုးဝါး မဆန်သလိုပဲ”

ပန်ကုန်းစုန် ခေါင်းယမ်းလိုက်သည်။ “မင်း ငါ့ကို အထင်ကြီးနေတာပဲ။ ငါက သူနဲ့ မယှဉ်နိုင်ပါဘူးကွ။ သူကမှ တကယ့် မကောင်းဆိုးဝါး။ အကြာကြီး ပိတ်လှောင်ခံထားရတာတောင်မှ သူ့ရုပ်ခန္ဓာက မသေနိုင်သေးဘူး။ သူ့မူလဝိညာဉ်ကလည်း အကောင်းကြီးရှိသေးတယ်။ ငါ ဝိညာဉ်ဂါဝရပြုအစီအရင်နဲ့ အသုံးချဖို့ လုပ်တုန်းက ငါ့ချိတ်စည်းကိုတောင် ချိုးဖျက်နိုင်တော့မလို့

“ဂိုဏ်းသခင် မထင်ထားဘူးမလား။ ငါက ပထမဘဝမှာ တစ်လောကလုံးရဲ့ ထိပ်တန်းပညာရှင်တစ်ယောက် ဖြစ်ခဲ့တယ်။ နတ်ဘုရားအဆင့်နီးနီး သန်မာအားကောင်းတဲ့ သိုင်းပညာရှင်ပေါ့။ ခဏခဏ ပြန်ရှင်လာလို့ ငါ့ရဲ့ တိုးတက်ချင်တဲ့စိတ်တွေ အားနည်းသွားပေမယ့် အဲဒီတုန်းက ငါ့အရှိန်အဝါကလည်း ဂိုဏ်းသခင်ချင်အောက် မလျော့ပါဘူး”

ချင်မူ ခေါင်းညိတ်လိုက်၏။ “မှန်တယ်၊ မှော်ဆရာသခင်ရဲ့ အစွမ်းအစတွေက ထူးခြားပါတယ်။ တခြားဂိုဏ်းတွေနဲ့ အထွတ်အမြတ်မြေတွေဆီက ကျင့်စဉ်ပညာရပ်တွေ သင်ယူခဲ့ပေမယ့် မှော်ဆရာအစီအရင်တွေက မင်းရဲ့ သန်မာအားကောင်းဆုံး စွမ်းရည်တွေပဲ။ ပထမဘဝမှာထဲက သန်မာအားကောင်းနေပြီးသားဆိုတော့ နောက်ဘဝတွေမှာ လေ့လာခဲ့တဲ့ ကျင့်စဉ်ပညာရပ်တွေက ပြည့်စုံနေပြီးသားကို အလှဆင်ပေးရုံပဲ ရှိတယ်။ အဲဒါတွေက မင်းအတွက် သိပ်အသုံးမဝင်ဘူး။ မင်းအနေနဲ့ မင်းရဲ့အောင်မြင်မှုတွေက အခုလို ဖြစ်နေမှာမဟုတ်ဘူး”

ပန်ကုန်းစုန်၏အမူအရာ မည်းမှောင်သွားပြီး အသံလည်း ခက်ထန်လာသည်။ “ဒါပေမဲ့ ငါ့မှော်ဆရာအစီအရင်တွေကို ကျင့်ကြံနေလို့ရော ဘယ်လောက် သန်မာအား‌ကောင်းလာမှာမလို့လဲ။ နတ်ဘုရားဖြစ်လာနိုင်မှာ မဟုတ်ဘူး။ အဲဒါကို သဘောပေါက်လို့ တခြားလမ်းတွေကို လျှောက်ကြည့်ပြီး အထွတ်အမြတ်မြေတွေ ၊ ဂိုဏ်းတွေမှာ နတ်ဘုရားဖြစ်နိုင်မယ့် နည်းလမ်းကို ရှာခဲ့တာပဲ

“နှမြောစရာကောင်းတာက သူတို့မှာလည်း မရှိဘူး။ ငါ့အရင်ဘဝတွေမှာ သင်ယူခဲ့တာတွေတောင် မစဉ်းစားနိုင်ကြဘူး။ နောက်ဆုံးတော့ ဟော့ဒီဂိုဏ်းသခင်ချင်၊ ငါ့ရဲ့ အကြီးမားဆုံး ရန်သူတော်ကြီးလို့ မြင်ထားခဲ့တဲ့လူက နတ်ဘုရားဖြစ်နိုင်မယ့် နည်းလမ်းကို လူသိထင်ရှား ဖြန့်ဝေပေးခဲ့ပြီး ငါ့အတွက် နတ်ဘုရားအဆင့် ရောက်နိုင်မယ့် မျှော်လင့်ချက်တွေ ပေးခဲ့တယ်။ မင်းကြောင့် ငါ ဘာပြောရမှန်း မသိဘဲ အမြဲ သက်ပြင်းချခဲ့ရတယ်”

သူ ငေးနေပြီးနောက် ရုတ်တရက် ပြောလိုက်သည်။ “ငါ မင်းကိုသာ ပထမဘဝမှာ တွေ့ခဲ့ရင် ရန်သူတွေ ဖြစ်လောက်မှာမဟုတ်ဘူး။ မိတ်ဆွေတွေတောင် ဖြစ်နိုင်သေးတယ်”

ချင်မူ ရှက်သွားပြီး ရယ်လိုက်မိ၏။ “မှော်ဆရာကြီး၊ မနောက်ပါနဲ့။ ငါက နည်းနည်းလေးမှ မကောင်းဆိုးဝါး မဆန်ပါဘူး။ မင်း မှော်ဆရာနတ်ဘုရားခွေ့ရဲ့ ရုပ်ခန္ဓာကို ဘယ်မှာဖွက်ထားလဲ။ သူ့ရဲ့ မူလဝိညာဉ်ကို ဘယ်မှာ ချုပ်ထားတာလဲ”

“ငါ မင်းကို ပြောပြရင် မသတ်ဘဲ အလွှတ်ပေးမှာလား”

“မြေအောက်ဘုံအရှင်သခင်နဲ့ တိုင်တည်နိုင်ပါတယ်” ချင်မူက အခိုင်အမာ ပြောလိုက်၏။

ပန်ကုန်းစုန် ခေါင်းယမ်းလိုက်သည်။ “ဂိုဏ်းသခင်၊ မနောက်ပါနဲ့”

ချင်မူ ကျယ်လောင်စွာ ရယ်မောကာ လက်ခါလိုက်သည်။ “မြေအောက်ဘုံအရှင်သခင် ပဋိပညာဉ်စာချုပ် မချုပ်ချင်ဘူးဆိုရင် မှော်ဆရာနတ်ဘုရားခွေ့ရဲ့ မူလဝိညာဉ်နဲ့ တိုင်တည်ကျမ်းကျိန်ကြတာပေါ့။ မင်း ငါ့ကို နေရာအမှား ပြောရင် ငါ သူ့ကို တွေ့တာနဲ့ မင်း ချက်ချင်း သေရမယ်။ ငါ့အတွက်လည်း အတူတူပဲ။ မင်းကို အလွှတ်မပေးရင် ငါလည်း သူ့ကို တွေ့တာနဲ့ ချက်ချင်း သေရမယ်”

All Chapters