ပစ်မှတ်ထားခံရပြီ
Vol. 27 Ch. 368
- မိတ်သဟာ တည်းခိုခန်း -
လီဖူချန်းတစ်ယောက် မိတ်သဟာ တည်းခိုခန်းမှာ တည်းခိုနေခဲ့တာ သုံးရက်တောင် ကြာသွားခဲ့ပါပြီ။
မိတ်သဟာ တည်းခိုခန်းရဲ့ အခန်းတစ်ခုထဲမှာတော့ လီဖူချန်းဟာ လက်ဖက်ရည် ကြမ်းလေး တစ်ခွက်နဲ့ စည်းစိမ်ခံနေပါတယ်။
" အင်း …… သည်ကူးစွေချင်းကျင် ဆေးရည်နဲ့ ရွှယ်ရိလင်ဆေးရည်က တကယ် အစွမ်းထက်တာပဲ။ အခုဆိုရင် ငါ့ရဲ့ ခန္ဓာကိုယ်ထဲက မိစ္ဆာသားရဲအဆီအနှစ် မသန့်စင်မှုတွေ ၆၀ ရာခိုင်နှုန်းတောင် ပျောက်သွားခဲ့ပြီ။ ရွှယ်ရိလင်းဆေးရည် အကုန်လုံးကို သောက်ပြီးသွားရင်တော့ ဘယ်လိုဖြစ်သွားမလဲ မသိဘူး"
သည်သုံးရက် အတွင်းမှာတော့ လီဖူချန်းဟာ သူ့ရဲ့ ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ မသန့်စင်မှုတွေကို ဖယ်ရှားဖို့ အတွက်သာ လုံးပမ်းနေတာပါ။ အခုဆိုရင် သူဟာ ကူးစွေချင်းကျင် ဆေးရည် အကုန်လုံးကို သောက်သုံးပြီး သွားပါပြီ။ ရွှယ်ရိလင် ဆေးရည်ကိုတော့ တစ်ပုလင်းသာ သောက်ရပါသေးတယ်။
မိစ္ဆာသားရဲအဆီအနှစ် မသန့်စင်မှု ၆၀ရာခိုင်နှုန်းကို ဖယ်ရှားပြီးသွားတဲ့ အချိန်မှာတော့ လီဖူချန်းက သူ့ရဲ့ ခန္ဓာကိုယ်ဟာ ပိုပြီး သွက်လက်ပေါ့ပါး လာတယ်လို့ ခံစားနေရပါတယ်။ သူ့ရဲ့ မွေးညင်းပေါက်တွေ အားလုံးဟာလည်း ပွင့်ထွက်သွားခဲ့ပါပြီ။
ဒါပေမဲ့ ရွှယ်ရှီးဆေးကနေ ပါလာတဲ့ မိစ္ဆာအငွေ့အသက်တွေကတော့ ကျန်နေဆဲပါပဲ။
" လခွီးပဲ ……။ သည်မိစ္ဆာဓာတ်တွေကို ဖယ်ရှားဖို့အတွက် ဘာဆေးသောက် ရမှာလဲကွာ "
သည်ကိစ္စကတော့ သူ့ကို အတော်လေး ခေါင်းကိုက်စေပါတယ်။
သာမန်လူတစ်ယောက်ကတော့ ရွှယ်ရှီးဆေးလုံးကနေ ပါလာတဲ့ မိစ္ဆာဓာတ် အကြောင်းကို နားလည်မှာ မဟုတ်ပါဘူး။ အမှန်အတိုင်း ပြောရမယ် ဆိုရင်တော့ဖြင့် သူကိုယ်တိုင်လည်း အဲသည် အကြောင်းနဲ့ ပတ်သက်ပြီး ဘာမှ မသိပါဘူး။
" အကြီးအကဲဟွာကို သွားမေးတာက ပိုကောင်းမယ် ထင်တယ် "
သည်နေ့မှာတော့ လီဖူချန်းဟာ လိုတရဆေးဆိုင်ကို နောက်ထပ်တစ်ကြိမ် ပြန်ရောက် လာခဲ့ပြန်ပါပြီ။
" အိုးဟိုး…… သခင်လေးလီ ပါလား……"
လီဖူချန်းကို မြင်လိုက်တာနဲ့ တစ်ပြိုင်နက် အကြီးအကဲဟွာဟာ အပြေးအလွှား ခရီးဦးကြို ပြုပါတယ်။
အကြီးအကဲဟွာအနေနဲ့ လီဖူချန်းကို ခရီးဦးကြို မပြုလို့လည်း မရပါဘူး။ ဒါက သူ့ရဲ့ ငွေထုပ်ကြီးပင် မဟုတ်ပါလား။
" မင်္ဂလာပါ အကြီးအကဲဟွာ "
လီဖူချန်းကလည်း လက်နှစ်ဖက်ကိုဆုပ်ကာ ပြန်နှုတ်ဆက် လိုက်ပါတယ်။
" သခင်လေးလီ……။ သည်တစ်ကြိမ်မှာကော ဘယ်လို ဆေးမျိုးကို ဝယ်ဖို့ စဉ်းစားထားလဲ "
အကြီးအကဲဟွာက သူ့ရဲ့ ငွေထုပ်ကြီး လီဖူချန်းကိုတော့ အတော်လေး ခင်ခင်မင်မင် ရှိပုံပါပဲ။ သူက လီဖူချန်းကို မြင်တာနဲ့ တန်းပြီး ဆေးရောင်းဖို့ ကြိုးစားပါတော့တယ်။
လီဖူချန်းက ပြုံးပြလိုက်ပြီး
" မိစ္ဆာချီတွေကို ဖယ်ရှားပေးနိုင်တဲ့ဆေး "
" ကြည့်ရတာတော့ သခင်လေးလီက မသန့်စင်တဲ့ ဆေးတွေကို သောက်မိထားတဲ့ပုံပဲ "
အကြီးအကဲဟွာ သည်ဆေးလောထဲက အတွေ့အကြုံရှိ လူတစ်ယောက်ပါပဲ။ သူက လီဖူချန်းရဲ့ စကားကို ကြားလိုက်တာနဲ့ တစ်ပြိုင်နက် တန်းပြီး အခြေအနေကို ပြောနိုင်ပါတယ်။
" လိုတရဆေးဆိုင်မှာ မိစ္ဆာချီတွေကို သန့်စင်ပေးနိုင်တဲ့ဆေး ရှိတာလား……"
လီဖူချန်းရဲ့ မျက်လုံးတွေကတော့ အရောင်တောက် သွားခဲ့ပါပြီ။
" ဟူး……"
အကြီးအကဲဟွာက သက်ပြင်းတစ်ချက် ချလိုက်ပြီး တောင်းပန်တဲ့ လေသံဖြင့်
" အဲသည်လို ဆေးမျိုးက လျှို့ဝှက်ဆန်းကြယ် သခင်ယန်ပဲ ဖော်စပ်နိုင်တာပါ သခင်လေးလီ။ သခင်ယန်က တစ်နှစ်မှာမှ ဆေးတစ်လုံးပဲ ဖော်စပ်ပါတယ်။ ဝမ်းနည်းစရာပါပဲ။ အဲသည်ဆေးက ရောင်းထွက် သွားခဲ့ပါပြီ "
" အဲသည် ဆေးနာမည်နဲ့ အဆင့်ကကော "
လီဖူချန်းက မေးလိုက်ပါတယ်။
အကြီးအကဲဟွာက သူသိသမျှကို ပြောပြပါတယ်။
" မြေကမ္ဘာအဆင့်နိမ့် လိပ်ပြာ သန့်စင်ဆေးပါ သခင်လေးလီ။ အဲသည်ဆေးက စိတ်ဝိညာဉ်ကို သန့်စင်ပေးနိုင်ရုံ သာမက မိစ္ဆာချီတွေကိုပါ ဖယ်ရှား ပေးနိုင်ပါတယ်။ ပြီးတော့ အဲသည်ဆေးက အရိုးတည်ဆောက်ပုံ ကိုလည်း အဆင့်မြှင့်ပေးနိုင်တယ်လို့ သတင်းကြီးပါတယ်။ ကြယ်၃ပွင့် အရိုးတည်ဆောက်ပုံ အောက်က လူတစ်ယောက်သာ လိပ်ပြာ သန့်စင်ဆေးကို သောက်သုံးလိုက်မယ်ဆိုရင် သူ့ရဲ့ အရိုးတည်ဆောက်ပုံက ကြယ်၁ပွင့် ဒါမှမဟုတ် ကြယ်၂ပွင့်အထိ ဖြစ်လာနိုင်ပါတယ် "
" လျှို့ဝှက်ဆန်းကြယ် သခင်ယန်က ဘယ်မှာနေတာလဲ အကြီးအကဲဟွာ။ ကျေးဇူးပြုပြီး ကျွန်တော့်အတွက် ဆေးဖော်စပ်ပေးဖို့ အကူအညီ တောင်းပေးပါလား "
လီဖူချန်းရဲ့ မျက်လုံးတွေကတော့ အရောင် တဖျတ်ဖျတ် တောက်ပနေခဲ့ပါပြီ။
မိစ္ဆာချီတွေကို ဖယ်ရှားပေးနိုင်ရုံမက အရိုးတည်ဆောက်ပုံ ကိုပါ မြှင့်တင့် ပေးနိုင်တဲ့ ဆေး။ ဒါက သူ့အတွက်ကတော့ တကယ့်ကို တစ်ချက်ခုတ် နှစ်ချက်ပြတ်ပါပဲ။
" အဲ…… အဲဒါကတော့…… "
အကြီးအကဲဟွာက ချီတုံချတုံ ဖြစ်နေပါတယ်။ မြေကမ္ဆာအဆင့် ဆေးပညာရှင် တစ်ယောက်ကို သွားရောက် နှောင့်ယှက်တာက တကယ့်ပြဿနာပါပဲ။ အဲသည်ကိစ္စကြောင့် သူကိုယ်တိုင်တောင် အလုပ်ပြုတ်သွားနိုင်ပါတယ်။
လီဖူချန်းကလည်း အခြေအနေကို နားမလည်တဲ့ ငနုံတစ်ယောက် မဟုတ်ပါဘူး။ သူက အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး အတုံး၅၀ကို အကြီးအကဲဟွာရဲ့ လက်ထဲကို ထည့်ပေးလိုက်ပြီး မျက်နှာငယ်လေးဖြင့် အကူအညီ တောင်းလိုက်ပါတယ်။
" အကြီးအကဲဟွာ ……။ကျွန်တော်လည်း အကြီးအကဲဟွာရဲ့ အခက်အခဲကို နားလည်ပါတယ်။ ဒါပေမဲ့ ကျေးဇူးပြုပြီးပြီး တစ်ကြိမ်လောက် ကူညီပေးပါဦးဗျာ……"
သည်တစ်ကြိမ်မှာတော့ အကြီးအကဲဟွာက မငြင်းတော့ပါဘူး။
သူက လီဖူချန်းပေးလိုက်တဲ့ အဆင့်နိမ့် ဝိညာဉ် ကျောက်တုံး ၅၀ကို ပျစ်ကျစ်ပါအောင် ဆုတ်လိုက်ပြီး
" ဟုတ်ပြီလေ။ ကျွန်တော် ကြိုးစား ကြည့်ပေးမယ်။ ဒါပေမဲ့ ရမလား၊ မရဘူးလား ဆိုတာကိုတော့ အာမ မခံဘူးနော် "
အကြီးအကဲဟွာက ကောင်းကင်နယ်ပယ် အဆင့်မှာသာ ရှိပါသေးတယ်။ သူ့အတွက် ကတော့ လီဖူချန်းပေးလိုက်တဲ့ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၅၀က မက်လောက်စရာ ပမာဏ တစ်ခုပါပဲ။ သူ့အနေနဲ့ အလုပ်ထုတ်ခံရမယ် ဆိုရင်တောင်မှ ကျေကျေနပ်နပ်ကြီး အလုပ် ထုတ်ခံမှာပါ။
ဝိညာဉ် ကျောက်တုံးတွေကို သေသေချာချာ သိမ်းဆည်းပြီးတဲ့ အခါမှာတော့ အကြီးအကဲဟွာက လီဖူချန်းကို ရက်ချိန်း ပေးလိုက်ပါတယ်။
" လျှို့ဝှက်ဆန်းကြယ်သခင်ယန်က သည်အတွင်းစည်း မြို့ထဲမှာပဲ နေထိုင်ပါတယ်။ သခင်လေးလီ အနေနဲ့ နောက်ထပ် တစ်ရက်ကြာမှာ ပြန်လာခဲ့လိုက်ပါလား……"
" ဟုတ်ပြီလေ "
အကြီးအကဲဟွာက သူ့ရဲ့ ဝိညာဉ် ကျောက်တုံးတွေကို လက်ခံပြီးသွားမှတော့ လီဖူချန်းအနေနဲ့ သိပ်ပြီး စိုးရိမ် မနေတော့ပါဘူး။ အကြီးအကဲဟွာက သေချာပေါက်ကို အစွမ်းကုန် ကြိုးစားပေးမယ် ဆိုတာ မြေကြီးလက်ခတ် မလွဲပါပဲ။
နောက်ထပ် တစ်ရက် အကြာမှာတော့ လီဖူချန်းဟာ လိုတရဆေးဆိုင်ကို နောက်ထပ် တစ်ကြိမ် ပြန်ရောက်လာခဲ့ပြန်ပါပြီ။
အကြီးအကဲဟွာက လီဖူချန်းကို အပြေးအလွှား ခရီးဦးကြိုပြုလိုက်ပြီး ဝမ်းသာစရာ သတင်းကောင်းကို ပြောပြပါတော့တယ်။
" ဟိုး……ဟိုး……။ သခင်လေးလီက အရမ်းကံကောင်း တာပဲဗျို့။ လျှို့ဝှက်ဆန်းကြယ် သခင်ယန်က သခင်လေးလီအတွက် ဆေးဖော်စပ် ပေးဖို့ကို သဘောတူလိုက်ပြီ။ ဒါပေမဲ့ လိပ်ပြာ သန့်စင်ဆေးကို ဖော်စပ်ဖို့အတွက် ထျန်းသျှဆိုတဲ့ ဆေးပင်တစ်မျိုးတော့ လိုနေသေးတယ်ဗျ။ အဲသည် ဆေးပင်ကိုတော့ သခင်လေးလီကပဲ ရှာပေးရမယ်။ ပြီးတော့ ဆေးဖော်စပ်ခက အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး အတုံး၅၀၀ ကျမယ်။ အလျှော့အတင်း မရှိဘူးတဲ့ ……"
" ရတယ်……။ ကိစ္စမရှိဘူး "
လီဖူချန်းက အလျင်အမြန် သဘောတူလိုက်ပါတယ်။
သူ့အတွက်ကတော့ အဆင့်နိမ့်ဝိညာဉ် ကျောက်တုံး ၅၀၀က ပြဿနာ မဟုတ်ပါဘူး။ ဒါပေမဲ့ ထျန်းသျှဆေးပင်ကတော့ ပြဿနာပါပဲ။
" အကြီးအကဲဟွာ……။ ထျန်းသျှဆေးပင်တွေကို ဘယ်မှာ ဝယ်လို့ ရနိုင်မလည်းဗျ "
လီဖူချန်းက ထျန်းသျှဆေးပင်နဲ့ ပတ်သက်ပြီး ဘာမှ မသိတဲ့အတွက် အကြီးအကဲဟွာကိုပဲ မေးရပါတော့တယ်။
အကြီးအကဲဟွာက ခေါင်းညိတ်လိုက်ပြီး
" ထျန်းသျှဆေးပင် ဆိုတာက မြေကမ္ဘာအဆင့် ဆေးပင် ဖြစ်တဲ့အတွက် ရောင်းချတာတော့ အတော်လေး ရှားတယ် သခင်လေးလီ ……။ ဒါပေမဲ့ ငရဲမီးမြို့ရဲ့ အနီးအနားမှာရှိတဲ့ ယွင်ရှင်း တောင်တန်းပေါ်မှာတော့ ထျန်းသျှဆေးပင်တွေ ပေါက်တယ်လို့ ကျွန်တော် ကြားဖူးတယ်ဗျ "
" ယွင်ရှင်း တောင်တန်းလား "
လီဖူချန်းတစ်ယောက်ကတော့ မျက်မှောင်ကြုတ် လိုက်မိပါပြီ။
သုက ယွင်ရှင်းတောင်တန်းနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို လျိုကလန်ရဲ့ စာကြည့်တိုက်ထဲမှာ ဖတ်ခဲ့ဖူးပါတယ်။
ယွင်ရှင်းတောင်တန်းက နှယ်နှယ်ရရတော့ မဟုတ်ပါဘူး။ သည်တောင်တန်းက အဆင့်၅ အန္တရာယ် နယ်မြေ တစ်ခု ဖြစ်ပြီး အဆင့်၅ မိစ္ဆာသားရဲတွေ ကျင်လည် ကျက်စားတဲ့ နယ်မြေတစ်ခုပါ။ ပြန်လည် ဝင်စားခြင်းနယ်ပယ် ပညာရှင်တွေတောင်မှ သည်တောင်တန်းထဲကို တစ်ယောက်တည်း မဝင်ရဲပါဘူး။
ထို့နောက်မှာတော့ လီဖူချန်းဟာ လိုတရ ဆေးဆိုင်ထဲကနေ ပြန်ထွက် လာခဲ့ပါတယ်။ သူက ယွင်ရှင်း တောင်တန်းပေါ်ကို ချက်ချင်းကြီး သွားဖို့တော့ မစဉ်းစားထားသေးပါဘူး။ သူ့အနေနဲ့ ပြင်ဆင်စရာ ရှိတာတွေကို ပြင်ဆင်ရပါဦးမယ်။ မျက်စိတစ်မှိတ် အတွင်းမှာပဲ အချိန်တစ်လ ကုန်ဆုံးသွားခဲ့ပါပြီ။
လီဖူချန်းဝယ်လာတဲ့ ရွှယ်ရိလင် ဆေးပုလင်းတွေဟာလည်း တစ်ပုလင်းမှကို မကျန်တော့ပါဘူး။
" ဟား…ဟား…ဟား……။ ငါ့ရဲ့ ခန္ဓာကိုယ်ထဲက မိစ္ဆာသားရဲ သွေးအဆီအနှစ် မသန့်စင်မှုတွေ အားလုံး ပျောက်သွားပြီကွ။ ဆင်နဂါးခန္ဓာကိုယ် သွန်းလောင်းခြင်း ပညာရပ်ကို ဆက်ကျင့်လို့ ရတော့မယ် "
လီဖူချန်းက သူ့ရဲ့အခန်းထဲမှာ အရူးတစ်ယောက်လို ရယ်မောနေပါတယ်။
ခန္ဓာကိုယ်သန့်စင်ခြင်း ဆေးရည်တွေကို သုံးပြီး လေ့ကျင့်တာက လီဖူချန်းအတွက်တော့ အလကားပါပဲ။ သူ့ရဲ့ ခန္ဓာကိုယ်က ဆန်းကြယ် အထွတ်အထိပ်အဆင့် ခန္ဓာကိုယ်သန့်စင်ခြင်း ဆေးရည်တွေနဲ့တောင်မှ သိပ်မတိုးတော့ပါဘူူး။
အဲဒါကြောင့် လီဖူချန်းက မိစ္ဆာသားရဲ သွေးအဆီအနှစ်တွေကို အသုံးပြုပြီးသာ သူ့ရဲ့ခန္ဓာကိုယ်ကို လေ့ကျင့်ချင်နေတာ ဖြစ်ပါတယ်။
ဒါပေမဲ့ မိစ္ဆာသားရဲ သွေးအဆီအနှစ်တွေကို အသုံးပြုပြီး လေ့ကျင့်တယ် ဆိုတာက လူတိုင်း လုပ်နိုင်တဲ့ အရာမျိုးတော့ မဟုတ်ပါဘူး။ လီဖူချန်းလို စိတ်ဓာတ် ခိုင်မာပြီး စိတ်ဝိညာဉ် အားကောင်းတဲ့ လူတွေမှသာ လုပ်ဆောင်နိုင်မှာပါ။
မဟူရာကောင်းကင်ဂိုဏ်းရဲ့ အကြွင်းအကျန် နယ်မြေတုန်းက လီဖူချန်းဟာ သံမဏိဂိုဏ်းရဲ့ အထွဋ်ခေါင်ချုပ် အကြီးအကဲကို သတ်ပြီး အဆင့်၅ အလယ်အလတ် အဆင့် မိစ္ဆာသားရဲ သွေးအဆီအနှစ် တစ်ပုလင်း ရခဲ့ပါတယ်။
လီဖူချန်းက သွေးအဆီအနှစ် ၁၀စက်ကိုသာ သုံးရသေးတဲ့အတွက် အဲသည်ပုလင်းထဲမှာ သွေးအဆီအနှစ် အစက်၉၀ ကျန်ရှိနေဆဲပါပဲ။
ထို့နောက်မှာတော့ လီဖူချန်းဟာ သွေးအဆီအနှစ် ပုလင်းကို ထုတ်ယူလိုက်ပြီး သွေးအဆီအနှစ် တစ်စက်ကို သောက်သုံးလိုက်ပါတယ်။
ဝုန်း……
ပေါက်ကွဲခါနီးဖြစ်နေတဲ့ မီးတောင်တစ်လုံးထဲကို ရောက်သွားသလိုပါပဲ။ လီဖူချန်းရဲ့ ချီတွေနဲ့ သွေးတွေဟာ တပွက်ပွက် ဆူပွက်လာခဲ့ပါပြီ။
ထို့နောက်မှာတော့ ဆင်နဂါးစွမ်းအင်တစ်မျှင် ဖြစ်တည် လာခဲ့ပါတယ်။
နှစ်စက်……ငါးစက် …… ဆယ်စက်………။
လီဖူချန်းရဲ့ လက်ရှိ ခန္ဓာကိုယ် ကြံ့ခိုင်မှုကြောင့်လားတော့ မသိပါဘူး။ အဆင့်၅ အလယ်အလတ်အဆင့် မိစ္ဆာသားရဲ သွေးအဆီအနှစ် သွေးစက်၉၀ကို သောက်သုံးပြီး သွားတာတောင်မှ သူ့ရဲ့ ခန္ဓာကိုယ်ထဲမှာ မသန့်စင်မှုတွေက သိသိသာသာကြီး မများလာခဲ့ပါဘူး။ ဒါက ရွှယ်ရိလင်ဆေးရဲ့ နှောင့်နှေးတဲ့ ဆေးစွမ်းသက်ရောက်မှုနဲ့လည်း ဆိုင်ရင် ဆိုင်ပါလိမ့်မယ်။
" ဆင်နဂါးစွမ်းအင်အမျှင် ၃၀၀ ထပ်တိုးလာတာလား။ မဆိုးဘူးပဲ "
အဆင့်၅ အလယ်အလတ်အဆင့် မိစ္ဆာသားရဲ သွေးအဆီအနှစ် အစက်၉၀ကို သောက်သုံးပြီးသွားတဲ့ နောက်မှာတော့ လီဖူချန်းရဲ့ ဆင်နဂါးစွမ်းအင်အမျှင်ဟာ နောက်ထပ်၃၀၀ တိုးလာခဲ့တဲ့ အတွက် စုစုပေါင်း ဆင်နဂါးစွမ်းအင်အမျှင် ၁၈၀၀ အထိ ဖြစ်သွားခဲ့ပါပြီ။
" သည်ကျိလင်ချောင်မြက်ကို မြေကမ္ဘာအဆင့်နိမ့် ဆေးအဖြစ် ဖော်စပ်တဲ့ နေရာမှာ သုံးရင်တော့ ပိုကောင်းမှာ အမှန်ပဲ။ ခက်တာက ငါက အဲသည်အချိန်အထိ မစောင့်နိုင်တော့ဘူး "
ထို့နောက်မှာတော့ လီဖူချန်းဟာ သူ့ရဲ့ သိုလှောင်အိတ်ထဲက ဆေးမြက်ပင် တစ်ပင်ကို ထုတ်ယူလိုက်ပြီး ဝါးစား လိုက်ပါတော့တယ်။
သည်ဆေးမြက်ပင်ကလည်း မဟူရာဂိုဏ်း အကြွင်းအကျန် နယ်မြေထဲက ရခဲ့တာပါပဲ။
သည်ကျိလင်ချောင်မြက်ကို ဝါးစားပြီးတဲ့ အခါမှာတော့ ပူပြင်းလှတဲ့ စွမ်းအင် စီးကြောင်းတစ်ခုဟာ လီဖူချန်းရဲ့ ဝမ်းဗိုက်ထဲကနေ အစပြုလာပြီး ခန္ဓာကိုယ်တစ်ခုလုံး အနှံ့ကို ပျံနှံ့ သွားခဲ့ပါတယ်။
ဆင်နဂါး စွမ်းအင်အမျှင် ၁၈၅၀… ၁၉၀၀…… ၁၉၅၀……။
လီဖူချန်းရဲ့ ခန္ဓာကိုယ်အတွင်းပိုင်းထဲမှာ တည်ရှိနေတဲ့ ဆင်နဂါးစွမ်းအင်တွေ ကတော့ နောက်ထပ်တစ်ကြိမ် တိုးပွားလာပြန်ပါပြီ။ သည်တစ်ကြိမ် တိုးပွားတဲ့ နှုန်းကတော့ အဆင့်၅ အလယ်အလတ်အဆင့် မိစ္ဆာသားရဲ သွေးအဆီအနှစ်ကို အသုံးပြုတာ ထက်တောင် ပိုမြန်ပါတယ်။
ဆင်နဂါးစွမ်းအင်အမျှင် ၂၀၀၀ကို ရောက်တဲ့အခါမှာတော့ ကျိလင်ချောင်မြက်ရဲ့ အစွမ်းဟာ မပြနိုင်တော့ပါဘူး။
" ဆင်နဂါးစွမ်းအင်အမျှင် ၂၀၀၀။ သည်လောက်ဆိုရင်တော့ ငါရဲ့ ခန္ဓာကိုယ်အပြင်အားက အဆင့်၄ ပြန်လည် ဝင်စားခြင်းနယ်ပယ် ပညာရှင်ကို ယှဉ်နိုင်ဖို့ အတွက်တောင် သိပ်မလိုတော့ဘူး ထင်တယ် "
ပြန်လည်ဝင်စားခြင်း နယ်ပယ်အဆင့် ခန္ဓာကိုယ်အပြင်အား ပညာရှင်တစ်ယောက် အတွက်ကတော့ အဆင့်မြင့်လာလေလေ ကျင့်ကြံရတာ ပိုခက်လာလေလေပါပဲ။
ဆင်နဂါးစွမ်းအင်အမျှင် ၁၅၀၀ က ပြန်လည် ဝင်စားခြင်းနယ်ပယ် အဆင့်၃ ပညာရှင်နဲ့ ညီမျှတယ်ဆိုရင် ပြန်လည် ဝင်စားခြင်း နယ်ပယ်အဆင့်၄ ပညာရှင်နဲ့ ညီမျှဖို့အတွက် အနည်းဆုံး ဆင်နဂါးစွမ်းအင်အမျှ ၂၅၀၀လောက် လိုပါလိမ့်မယ်။
ဒါက လီဖူချန်းရဲ့ ခန့်မှန်းချက်သက်သက် ဖြစ်တဲ့အတွက် အရမ်းကြီး တိကျမှာတော့ မဟုတ်ပါဘူး။
" ဆင်နဂါးခန္ဓာကိုယ် သွန်းလောင်းခြင်း ပညာရပ် လေ့ကျင့်တာကို ခဏဆိုင်းထားရမယ် ထင်တယ်။ ငါ့ရဲ့ ခွန်အားက အရမ်း များနေတော့ နေရထိုင်ရတာ အဆင်မပြေတော့ဘူး "
ဆင်နဂါးစွမ်းအင်အမျှင် ၂၀၀၀ ကို ရောက်သွား အပြီးမှာတော့ လီဖူချန်းဟာ အနည်းငယ် မအီမသာ ခံစားနေရပါတယ်။ အဲသည် အဓိပ္ပာယ်ကတော့ သူ့ရဲ့ခွန်အားဟာ ကျင့်ကြံမှုအဆင့် အများကြီး သာလွန်နေပြီ ဆိုတာပါပဲ။
လီဖူချန်းအနေနဲ့ ကောင်းကင်နယ်ပယ် အဆင့်၉ကို ချိုးဖောက် ဝင်ရောက်ဖို့ လိုနေပါပြီ။ ပြဿနာက လီဖူချန်းဟာ ကျင့်ကြံလို့ မရသေးတာပါပဲ။ သူကျင့်ကြံဖို့ ကြိုးစားလိုက်တာနဲ့ သူ့ရဲ့ စွမ်းအင် ဗဟိုချက်မထဲမှာရှိတဲ့ မီးလျှံချီဟာ ထကြွလာတော့မှာပါ။
" တိုက်ပွဲဆိုတာက လူတစ်ယောက်ကို တိုးတက်စေနိုင်တဲ့ အကောင်းဆုံး နည်းလမ်းပဲ။ ယွင်ရှင်းတောင်တန်းကို သွားဖို့ အချိန်ကျပြီ "
ထို့နောက်မှာတော့ လီဖူချန်းဟာ မိတ်သဟာ တည်းခိုခန်းကနေ ထွက်သွား ပါတော့တယ်။ သူက မထွက်သွားခင်မှာ တည်းခိုခန်းခ နောက်ထပ်တစ်လစာကိုလည်း ကြိုရှင်းသွားခဲ့ပါသေးတယ်။
မိတ်သဟာ တည်းခိုခန်းနဲ့ သိပ်မဝေးလှတဲ့ အရက်ဆိုင်တစ်ခုမှာတော့ လူတစ်စု ရှိနေပါတယ်။ ကြည့်ရတာတော့ အဲသည်လူတွေထဲက တစ်ယောက်ဟာ လီဖူချန်းကို စောင့်ကြည့်နေပုံပါပဲ။
"ခေါင်းဆောင် …… အဲသည်ကလေးက မြို့ထဲကနေ ထွက်ခွာ သွားခဲ့ပါပြီ "
ထိုစကားကို ကြားပြီးသွားတဲ့ အခါမှာတော့ အရက်ဆိုင်ရဲ့ ထောင့်တစ်နေရာမှာ အိပ်ငိုက် နေဟန်ရှိတဲ့ လူတစ်ယောက်ဟာ မျက်လုံး ပွင့်လာခဲ့ပါတယ်။ ထိုသူက အသက်လေးဆယ်ကျော် လူကြီးတစ်ယောက် ဖြစ်ပြီး သူ့ရဲ့ မျက်လုံးတွေကတော့ ရက်စက်ယုတ်မာမယ့် ပုံပါပဲ။
" ငါပြန်လာရင် မင်းကို ဆုပေးမယ် "
စားပွဲခုံပေါ်မှာ ရှိနေတဲ့ အရက်ခွက်ကို တစ်ရှိန်ထိုး မော့ပစ်လိုက်ပြီးတဲ့ နောက်မှာတော့ ထိုလူကြီးဟာ ဆိုင်ထဲကနေ ထွက်သွားခဲ့ပါပြီ။
" အဆင့်တက်ပြီးကတည်းက ခေါင်းဆောင်ဟာ မလှုပ်ရှားတော့ကြာပြီ ။ အင်း…… သည်ကလေး ကတော့ တကယ်ကံဆိုးတာပဲ "
ထိုလူကြီးကို သတင်းလာပေးတဲ့ မီးခိုရောင် ဝတ်စုံနဲ့လူက ခပ်တိုးတိုး ရေရွတ် လိုက်ပါတယ်။
သူတို့ဟာ သွေးဝံပုလွေဟု ခေါ်တဲ့ ဓားပြအဖွဲ့တစ်ဖွဲ့က ဖြစ်ပါတယ်။ သွေးဝံပုလွေအဖွဲ့က ချမ်းသာတဲ့ ပညာရှင်တွေကိုသာ ပစ်မှတ်ထားပြီး သတ်ဖြတ်လုယက် ကြတာပါ။
သူတို့ရဲ့ ခေါင်းဆောင်ရဲ့ အမည်ကတော့ ရှိန်လန် ဖြစ်ပြီး ပြန်လည် ဝင်စားခြင်းနယ်ပယ် အဆင့်၃ကို ရောက်နေပါပြီ။
ငရဲမီးမြို့တော်ကနေ ထွက်ခွာပြီးတာနဲ့ လီဖူချန်းဟာ ယွင်ရှင်းတောင်တန်း ဆီကိုသာ တန်းတန်းမတ်မတ် ဦးတည် လိုက်ပါတယ်။
ဒါပေမဲ့ လမ်းတစ်ဝက်မှာပဲ လီဖူချန်းဟာ သူ့နောက်ကနေ လူတစ်ယောက် နောက်ယောင်ခံ လိုက်နေတာကို သတိပြုမိ လိုက်ပါတယ်။ သူ့နောက်ကနေ နောက်ယောင်ခံ လိုက်လာတဲ့ လူကတော့ ပြန်လည်ဝင်စားခြင်း နယ်ပယ် အဆင့်၃ကို ရောက်နေပါပြီ။
" လိုတရဆေးဆိုင်က သတင်းဖြန့်လိုက်တာလား"
လီဖူချန်းက တွေးလိုက်မိပါတယ်။
သူထင်တာ မမှားဘူးဆိုရင်တော့ လိုတရဆေးဆိုင်က လူတစ်ယောက်ဟာ သူနဲ့ပတ်သက်တဲ့ သတင်းတွေကို ဖြန့်လိုက်ပါပြီ။ အဲသည်လူက အကြီးအကဲဟွာလား ဆိုတာကိုတော့ သူလည်း မသေချာသေးပါဘူး။
သူ့အနောက်မှာ နောက်ယောင်ခံလိုက်လာတဲ့သူ ရှိတယ်ဆိုတာကို သိပေမယ့်လည်း လီဖူချန်းဟာ သူ့ရဲ့သွားနှုန်းကို မလျော့ဘဲ ခရီးဆက်နေဆဲပါပဲ။
သည်နေရာက တိုက်ခိုက်ဖို့အတွက် သိပ်ပြီး အဆင်မပြေသေးပါဘူး။
" ငါက ချူးကျီထိရှန်း ဆေးတစ်ပုလင်းကို ဝယ်ဖို့အတွက် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၃၀၀၀ ပေးခဲ့ရတာကွ။ အဲသည် ဝိညဉ်ကျောက်တုံး ပမာဏကို မင်းဆီက ပြန်ယူရမယ် "
လီဖူချန်းရဲ့ အနောက်ကနေ နောက်ယောင်ခံ လိုက်နေသူကတော့ သွေးဝံပုလွေ အဖွဲ့ခေါင်းဆောင် ရှိန်လန်ပါပဲ။
ရှိန်လန်က ပြန်လည် ဝင်စားခြင်းနယ်ပယ် အဆင့်၃ကို သူ့ရဲ့ ကိုယ်ပိုင်အစွမ်းနဲ့ ချိုးဖောက် ဝင်ရောက်နိုင်ခဲ့တာ မဟုတ်ပါဘူး။ သူက အဆင့်တက်စေနိုင်တဲ့ ချူးကျီထိရှန်း ဆေးရည် တစ်ပုလင်းကို ဝယ်ယူ သောက်သုံးခဲ့လို့သာ ပြန်လည် ဝင်စားခြင်း နယ်ပယ် အဆင့်၃ပညာရှင် တစ်ယောက် ဖြစ်လာခဲ့တာပါ။
ရှိန်လန်ဟာ အဲသည်ချူးကျီထိရှန်း ဆေးရည်ကို ဝယ်ယူဖို့အတွက် သူသတ်ဖြတ် လုယက်ပြီး စုဆောင်းခဲ့တဲ့ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး အားလုံးကို အသုံးပြုလိုက်ရပါတယ်။
ဒါကြောင့်သူက လီဖူချန်းကို သတ်ပြီး ဝိညာဉ်ကျောက်တုံးတွေ ရယူဖို့ ကြံရွယ်နေတာပါ။
သည်လိုနဲ့ပဲ သူတို့နှစ်ယောက်ဟာ ငရဲမီးမြို့နဲ့ မိုင်ပေါင်း တစ်ထောင်ကျော် ကွာဝေးတဲ့ အရပ်တစ်ခုအထိ ရောက်လာခဲ့ပါတယ်။
" အချိန်ကျပြီ "
ရှိန်လန်က လီဖူချန်းကို လိုက်မီဖို့အတွက် သူ့ရဲ့ သွားနှုန်းကို မြှင့်တင်လိုက်ပါပြီ။
***