← Chapters

ကြောက်မက်ဖွယ်ရာ အားလှိုင်းများ

Vol. 34 Ch. 475

ကြောက်မက်ဖွယ်ရာ အားလှိုင်းများ

Vol. 34 Ch. 475

ပန်ကုန်းစုန်တစ်ယောက်တည်း ပွစိပွစိ ရေရွတ်နေသည်။ ချင်မူ၏အကြံပြုချက်က အမှန်တကယ် ရိုးသားသော်လည်း အလွန်လည်း ဉာဏ်များလှ၏။ ပန်ကုန်းစုန်အနေဖြင့် ချိုးဖောက်လျှင် ဝိညာဉ်ဂါဝရပြုခြင်းကို သုံးနိုင်တော့မည်မဟုတ်ပေ။ ထုတ်ဖော်လိုက်သည်နှင့် တမုဟုတ်ချင်း သေရလိမ့်မည်။

ထိုပညာရပ် အသုံးမဝင်တော့လျှင် သူ၏အစွမ်းအစများက ထိုမျှကြောက်မက်ဖွယ်ရာကောင်းတော့မည်မဟုတ်ပေ။ ‌ကောင်းကင်နတ်သိုင်းသည်လည်း မည်သူ့ကိုမျှ လက်ဆင့်မကမ်းနိုင်ဘဲ တိမ်ကောပျောက်ကွယ်သွားလိမ့်မည်။

ပန်ကုန်းစုန်၏ အရှိန်အဝါလည်း အလွန်အားနည်းသွားလိမ့်မည်။

အမှန်တွင် ချင်မူ ပန်ကုန်းစုန်ကို ယှဉ်နိုင်ပြီး ဆော်ပလော်တီးနိုင်သည့် အကြောင်းရင်းမှာ ဝိညာဉ်ဂါဝရပြုအစီအရင်က သူ့အပေါ်တွင် အလုပ်မဖြစ်သောကြောင့် ဖြစ်သည်။

ပန်ကုန်းစုန်အနေဖြင့် ချင်မူမဟုတ်သည့် တခြားလူတစ်ယောက်သာဆိုပါက သူ့ထက် အဆင့်တစ်ဆင့် သို့မဟုတ် နှစ်ဆင့် မြင့်လျှင်ပင် သူ၏အစီအရင်လက်ချက်ဖြင့် မုချ သေရလိမ့်မည်။

ချင်မူကသာ နာမည်အရင်းမဟုတ်သဖြင့် ပန်ကုန်းစုန်၏ သန်မာအားကောင်းဆုံး တိုက်ကွက်ကို အဖက်မလုပ်ဘဲ ပုံမှန်အတိုင်း တိုက်ခိုက်နိုင်ခြင်းဖြစ်၏။

“ဟုတ်ပြီ” ပန်ကုန်းစုန် တွန့်ဆုတ်တွေဝေခြင်းမရှိ ပြောလိုက်သည်။ “မှော်ဆရာနတ်ဘုရားခွေ့နဲ့ တိုင်တည်ပြီး ကျိန်မယ်”

သူ တမုဟုတ်ချင်း ဝိညာဉ်ဂါဝရပြုအစီအရင်ကို ထုတ်ဖော်လိုက်သည့်အခါ သူ၏အနောက်၌ ယဇ်ပလ္လင်တစ်ဆူ ပေါ်လာသည်။ ပလ္လင်ထက်တွင် မှော်ဆရာနတ်ဘုရားခွေ့၏ ပုံရိပ် ရှိနေ၏။

နှစ်ယောက်သား မှော်ဆရာနတ်ဘုရားခွေ့ကို တိုင်တည်၍ ကျိန်ဆိုပြီး တစ်ယောက်၏ ကျမ်းစာကို တစ်ယောက် စေ့စေ့စပ်စပ် ဖတ်ကြည့်ကြသည်။ နှစ်ယောက်လုံး လည်ကြကြောင်း သတိထားမိကြပြီး ကျမ်းစာများတွင် ပြစ်ချက်များများစားစား မရှိသည့်အပြင် ထောင်ချောက်တချို့ ကိန်းဝပ်နေသည်။

“ဒီမြေခွေးအိုကြီးက‌တော့/ ဒီမြေခွေးလေးကတော့” နှစ်ယောက်သား စိတ်ထဲတွင် ကြိတ်၍ ဆဲမိကြသည်။

ပန်ကုန်းစုန် ယိုင်ယိုင်ယွဲ့ယွဲ့ သက်ပြင်းချပြီး ပြောလိုက်သည်။ “မှော်ဆရာနတ်ဘုရားခွေ့ရဲ့ ရုပ်ခန္ဓာကို မဟာမြို့ပျက်ရဲ့ တောင်ဘက်အကျဆုံးအခြမ်းမှာ ရှိတဲ့ ယန်တောင်မှာ ဖွက်ထားတယ်။ သူ့မူလဝိညာဉ်ကတော့ ယင်တောင်ရဲ့ မြောက်ဘက်အကျဆုံးအခြမ်းမှာ ချုပ်ထားတယ်။ အဲဒီနှစ်နေရာကို သွားရင် မင်း သူ့ကို တွေ့လိမ့်မယ်” သူက မှန်အပြင်ရှိ ချင်မူ့အား မော့ကြည့်သည်။ “ဂိုဏ်းသခင်ချင်၊ မင်း ကတိတည်သင့်တယ်နော်”

“မင်း ချိတ်တံဆိပ်တွေလည်း စီရင်ထားတယ်မဟုတ်လား။ ဘာလို့ အဲဒီအကြောင်း မပြောတာလဲ”

ပန်ကုန်းစုန်က သိပ်မဖော်ရွေသောအပြုံးဖြင့် သူ့ကို ပြုံးပြသည်။ “ဂိုဏ်းသခင်၊ ငါတို့နှစ်ယောက် ကျမ်းကျိန်တဲ့အထဲမှာ ဒီအကြောင်း မပြောထားဘူး။ ပြီးတော့ ငါ ပြောရင်တောင် မင်း ငါ့ကို ယုံမှာတဲ့လား”

ချင်မူက သမ်းလိုက်ပြီး ပြုံးနေဆဲဖြစ်သည်။ “ငါ မယုံရဲပါဘူး။ ဒါပေမဲ့ ငါ မင်းကို မသတ်ဘူးဆိုပေမယ့် ဧကရာဇ်အတိုင်ပင်ခံ မင်းကို မသတ်ဘူးလို့ မဆိုလိုဘူးနော်”

ပန်ကုန်းစုန်က ကျယ်လောင်စွာ ရယ်၍ အနက်ရောင်အရိပ်အသွင်ပြောင်းကာ မှန်ထဲမှ ထွက်လာပြီး ပုံမှန်အသွင် ပြန်ဖြစ်သွား၏။ “ဧကရာဇ်အတိုင်ပင်ခံက အစစ်အမှန်ကောင်းကင်မယ်တော်ကြီးနဲ့ တိုက်ခိုက်နေရတယ်။ နှစ်ယောက်လုံး အခု အရေးကြီးတဲ့အခြေအနေမှာ။ သူတို့နှစ်ယောက်ရဲ့ အစွမ်းအစက သူမသာ, ကိုယ်မသာပဲဆိုတော့ အနိုင်ကို ဆုံးဖြတ်ဖို့ ခက်တယ်”

သူက ချင်မူ့ကို နှစ်ပတ်ပတ်လိုက်ပြီး ညစ်ကျယ်ကျယ် ရယ်ရင်း တိုက်ခိုက်သည်။ “ဂိုဏ်းသခင်ချင်၊ ငါတို့အကြားက ကျမ်းစာအရ မင်း ငါ့ကို လွှတ်ပေးပြီး မသတ်ဘူးဆိုပေမယ့် ငါ မင်းကို တိုက်ခိုက်လို့မရဘူးလို့ မဆိုလိုဘူး”

ချင်မူ့အမူအရာ ရုတ်တရက် ပြောင်းလဲသွားပြီး လျင်မြန်စွာ နောက်ဆုတ်သွား၏။ ပန်ကုန်းစုန်က အပြင်းအထန် တိုက်ခိုက်ကာ တဟားဟား ရယ်သည်။ လှုပ်ရှားမှုများနှင့် ကိုယ်ဟန်အနေအထားများကို စိတ်တိုင်းကျ ထုတ်ဖော်နေရ၍ စောစောက အရှက်ကွဲခဲ့ရသည့် ခံစားချက်အားလုံး ပျောက်ကွယ်သွားသည်။

ချင်မူအတွက် ခုခံရန် ခက်နေသည်။ သူတို့နှစ်ယောက်ကြား အကွာအဝေးက သိပ်မကွာဝေးသဖြင့် ပန်ကုန်းစုန်က ဆက်တိုက်တိုက်ခိုက်နေပြီး ချင်မူ ဆက်လက်ခုခံနေရလျှင် ပန်ကုန်းစုန် အသာစီးရသွားလိမ့်မည်။

အဆုံးသတ်တွင် ချင်မူ သူ့လက်ထဲ၌ သေရလောက်၏။

“မှော်ဆရာကြီး” ချင်မူက ဓားကို ဆွဲထုတ်ကာ ပြုံးပြလိုက်သည်။ “ငါ မင်းကို မသတ်ဘူးလို့ ကျမ်းကျိန်ခဲ့ပေမယ့် မင်းရဲ့ ခြေလက်တွေကို မဖြတ်နိုင်ဘူးလို့ မဆိုလိုဘူး။ မပူနဲ့ ညီလေး၊ ငါက ဆေးပညာမှာ ကျွမ်းတော့ မင်း ခေါင်းကို ဖြတ်နိုင်ရင်တောင်မှ မင်း အသက်ရှင်နေအောင် လုပ်ပေးနိုင်တယ်။ အလွန်ဆုံး မင့်ခေါင်းကို ဝက်တစ်ကောင်ကိုယ်နဲ့ တွဲပေးရုံပေါ့ကွာ”

ပန်ကုန်းစုန်မှာ လက်မောင်းတစ်ဖက် ပြတ်လုနီးနီး ဖြစ်သွား၍ ကပျာကယာ နောက်ဆုတ်လိုက်သည်။ သူ၏ငယ်ထိပ်သို့ သွေးဆောင့်တက်သွားသကဲ့သို့ ခံစားလိုက်ရ၏။ “ခွေးသူတောင်းစား”

“ခွေးသူတောင်းစား” ချင်မူလည်း စိတ်တိုနေသည်။ “မင်းလည်း ငါ့ကို အကောက်ကြံဖို့ လျှိုထားတာ မဟုတ်ဘူးလား”

ပန်ကုန်းစုန်က ဘေးယိမ်းလိုက်၊ ညာလိမ်းလိုက် ရှောင်တိမ်းနေပြီး ထောင်ကျယ်အိတ်ကို ပုတ်လိုက်ရာ ဓားအိမ်တစ်ခု ပျံထွက်လာသည်။ ဓားပျံများ ကောင်းကင်ယံတွင် ဝဲပျံသွားကာ တာအိုဓား၏ ဆဋ္ဌမဓားကွက်ကို ထုတ်ဖော်လိုက်သည်။

ဆန်းကြယ်ရွှေကျိုင်းကောင် ခုနစ်ကောင်၊ သဘောထားကြီးမားသော ချင်းမျိုးဆက်၏ ကြင်နာမှု။

ဤသည်မှာ တာအိုဂိုဏ်း၊ တာအိုဓား၏ ခုနစ်စဉ်ကြယ်အဆင့် ဓားကွက်ဖြစ်သည်။ ဓားများက ကြယ်ခုနစ်စင်းထဲသို့ ပျံသန်းဝင်ရောက်သွားပြီး ကျိုင်းကောင်ခုနစ်ကောင်အသွင် ပြောင်းသွား၏။ ကျိုင်းကောင်များက ဓာတ်ကြီးငါးပါးကို သိုဝှက်ကာ နေနှင့် လအား ကြိုဆိုလက်ခံသည်။

ဤဓားကွက်တွင် ထူးဆန်းစွာ အင်အားကြီးမားနေသည့် စွမ်းအား ကိန်းဝပ်နေချေသည်။

ချင်မူလည်း မာန်သွင်းအော်ဟစ်၍ တာအိုဓား၏ ဆဋ္ဌမဓားကွက်ကို အသုံးပြုလိုက်သည်။ ဓားကွက်နှစ်ကွက် ထိခတ်သွားပြီး ပန်ကုန်းစုန် လွင့်ထွက်သွား၏။ သူက ရုတ်တရက် မြေကြီးထဲ ဝင်သွား၍ ချင်မူ တရှိန်ထိုး ပြေးကာ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ “ဖက်တီးနဂါး၊ သူ ဒဏ်ရာရအောင် ငါ လုပ်ပေးမယ်၊ မင်း သူ့ကို သတ်” ထိုသို့ပြောပြီးနောက် သူလည်း မြေကြီးထဲ ဝင်သွားသည်။

အဝေးမှ မျက်ခြေမပြတ် စောင့်ကြည့်နေသော နဂါးချီလင်လည်း ချင်မူ့အမိန့်ကို ကြားလျှင် ကရောသောပါး ပြေးလာ၏။

သူ ချင်မူနှင့် ပန်ကုန်းစုန် ပျောက်ကွယ်သွားသည့်နေရာသို့ ရောက်သွားသည့်အချိန်မှာပဲ ဆယ်မိုင်အကွာရှိ သဲကန္တာရ ပေါက်ကွဲသွားပြီး လူရိပ်နှစ်ခု ကောင်းကင်ယံသို့ တဟုန်ထိုး ပျံတက်သွားသည်။ နဂါးချီလင် အပြေးအလွှား သွားသည့်အခါ နှစ်ယောက်သား နေရာရွှေ့ပြောင်းသင်္ကေတများဖြင့် ပျောက်ကွယ်သွားသည်။

သူတို့နှစ်ယောက် ပြန်ပေါ်လာသောအခါ ဆယ်မိုင်အကွာတွင် ဖြစ်ပြန်၏။ ဓားရောင်များ တချွင်ချွင် ထိခတ်သွားပြီး နှစ်ယောက်သား တိုက်ခိုက်ကြသည်။

“ဒီလူနှစ်ယောက်က ဒီလောက်အပြေးသန်မှတော့ ငါ ဘယ်လိုလုပ် လိုက်မှီတော့မှာလဲ” နဂါးချီလင် ညည်းတွားလိုက်မိသည်။

သူ သူတို့နောက် ပြေးလိုက်ရန် ပြင်လိုက်စဉ်မှာပဲ ချင်မူနှင့် ပန်ကုန်းစုန်က ပျောက်ကွယ်သွားပြန်သည်။ ကောင်းကင်ယံတွင် ဓားများ မီးပွင့်သွားကာ သွေးရောင်ဖြာသွား၏။

“ဂိုဏ်းသခင် မပြေးပါနဲ့တော့” နဂါးချီလင် ရှေ့သို့ ကြည့်လိုက်သည့်အခါ မျက်နှာအမူအရာ အကြီးအကျယ် ပျက်ယွင်းသွားတော့သည်။ သူ လှမ်းအော်လိုက်သည်။ “ဧကရာဇ်အတိုင်ပင်ခံနဲ့ အစစ်အမှန်ကောင်းကင်မယ်တော်ကြီးရဲ့ တိုက်ပွဲကွင်းပြင်”

ပန်ကုန်းစုန်မှာ လွတ်မြောက်ဖို့သာ အတွေးရှိ၍ အံတင်းတင်းကြိတ်ကာ သဲမုန်တိုင်းထဲ ပြေးဝင်သွား၏။

ချင်မူလည်း နောက်မှ လိုက်သွားရာ ကြောက်မက်ဖွယ်ရာ လေမုန်တိုင်းတစ်လုံး တဝေါဝေါ တိုက်ခတ်နေသော နေရာသို့ ရောက်သွားသည်။ လျှပ်စီးများ ပြိုးပြိုးပြက်ပြက် လက်နေပြီး မိုးကြိုးများ တဂျိန်းဂျိန်း ပစ်ချနေ၏။ သဲမှုန်များက ဝိညာဉ်လက်နက်အသေးလေးများသဖွယ် သူ့အရေပြားကို ပွတ်သပ်တိုက်စားနေရာ စပ်ဖျင်းဖျင်း နာကျင်လာ၏။

“အစစ်အမှန်နဂါး လောကသခင်ခန္ဓာ” ချင်မူ အော်ဟစ်လိုက်သည်။

‌နဂါးကိုးကောင်ဧကရာဇ်ကျင့်စဉ်နှင့် လောကသခင်ခန္ဓာ ပေါင်းစည်းနေသော အရိပ်အယောင်များ ပြသလာသည်။ သူ၏ချီစွမ်းအင်က နဂါးတစ်‌ကောင်သဖွယ် ဖွဲ့တည်ကာ သူ၏ခန္ဓာကိုယ်ကို ရစ်ပတ်လိုက်၏။ သူ၏သွေးကြောများက တရှိန်ထိုး စီးဆင်းနေပြီး ကြွက်သားများမှာ မိုးကြိုးလျှပ်စီးများသဖွယ် တဝုန်းဝုန်း ပေါက်ကွဲရင်း ရွေ့လျားနေသည်။

သဲမှုန်များ သူ့ခန္ဓာကိုယ်ကို ဝင်တိုက်သည့်အခါ ပြန်ကန်ထွက်ကုန်၏။ နာကျင်မှုကို သူ သိပ်မခံစားရတော့ပေ။

အလင်းတန်းနှစ်တန်းက သူ၏မျက်လုံးများမှ ထွက်လာပြီး သဲများမှာ သူ့မျက်လုံးထဲ မဝင်နိုင်ခင် ကောင်းကင်အလင်းတန်းကြောင့် အငွေ့ပျံသွားသည်။

ချင်မူ ပတ်ဝန်းကျင်ကို ကြည့်လိုက်သော်လည်း သူ့အကြည့်က ဝေးဝေးလံလံ မမြင်ရပေ။ သို့သော် ပန်ကုန်းစုန်က သိပ်မဝေးပေ။ ချင်မူ သူ့ကို တိုက်ခိုက်ရန် တရှိန်ထိုး ပြေးသွားလိုက်သည်။ ပန်ကုန်းစုန်၏ ခြေထောက်အောက်၌ လိပ်အမှတ်အသားဧရာမဒိုင်းကြီးတစ်ခု ရှိ၏။ အမှတ်အသားများက ဝင်းလက်တောက်ပနေပြီး ခမ်းနားကြီးကျယ်သည့် လိပ်ခွံဝင်္ကပါတစ်ခုက သူ့ခန္ဓာကိုယ်ကို အလွှာအထပ်ထပ် ဖုံးအုပ်ကာကွယ်ပေးထားသည်။

ပန်ကုန်းစုန်  ပိုင်ဆိုင်ထားသော ရတနာအရေအတွက်ကား မယုံနိုင်စရာပင်။

ဧကရာဇ်အတိုင်ပင်ခံ ရွှေနန်းတော်ကို ကျူးကျော်စဉ်တုန်းက ပန်ကုန်းစုန်သည် နှစ်တစ်သောင်းကျော် စုဆောင်းထားရသော ဝိညာဉ်ရတနာအများစုကို ယူထုတ်သွားခဲ့၏။ လိပ်ခွံဝင်္ကပါဒိုင်းက အတိုင်းထက်အလွန် သန်မာအားကောင်းသည့် ဆန်းကြယ်ရတနာတစ်ခု ဖြစ်သည်မှာ ထင်ရှားပေသည်။

ချင်မူနှင့်ပန်ကုန်းစုန်မှာ ဤမျှပြင်းထန်သော သဲမုန်တိုင်းထဲတွင် ဟန်ချက်မပျက်အောင် မနည်းထိန်းနေရသည်။ ကြောက်မက်ဖွယ်ရာ လေပြင်းများက သူတို့၏ခန္ဓာကိုယ်များအား အပြင်းအထန် သိမ်းကျုံးတိုက်ခတ်နေသည်။ ဝိညာဉ်လက်နက်များပင် ဝေးဝေးလံလံ ပျံသန်းမသွားနိုင်ပေ။

မိုးကြိုးများက သဲကန္တာရထဲတွင် ဂျိုးဂျိုးဂျိမ့်ဂျိမ့် မြည်ဟည်း၍ သူတို့နှစ်ယောက်အနားသို့ ပစ်ချနေသည်။ ရုတ်တရက် အားလှိုင်းတစ်လှိုင်း လိမ့်ထွက်လာသဖြင့် နှစ်ယောက်လုံး ပြင်းပြင်းထန်ထန် တုန်ခါသွားကာ မြောက်တက်သွားကြ၏။ ဟင်းလင်းပြင်မှာ မြင့်ချည်၊ နိမ့်ချည် တွန့်ခေါက်သွားသည်။ သူတို့၏ခန္ဓာကိုယ်များမှာ တစ်ခါတရံ ဆွဲဆန့်ခံရပြီး တစ်ခါတရံ ဖိညှပ်ခံရတတ်ကာ ဆယ့်ရှစ်ပေအထိ မြင့်သွားလိုက်၊ ငါးပေအထိ ပုသွားလိုက် ဖြစ်နေ၏။

ဝှီး

ဧရာမနေလုံးကြီး သူတို့ဘေးမှ ကပ်သီကာ ဖြတ်သွားသည့်အခါ တရှိန်းရှိန်း တောက်လောင်နေသော အပူရှိန်ကြောင့် ပတ်ဝန်းကျင်ရှိ သဲများ၊ လေများ မီးဟုန်းဟုန်းတောက်ကုန်သည်။ မီးတောက်များက အလွန်တရာ လျင်မြန်ကြမ်းတမ်းသော မီးလေပွေများ အသွင်ဖွဲ့တည်သွားသည်။

ချင်မူနှင့် ပန်ကုန်းစုန်မှာ ဟန်ချက်မထိန်းနိုင်တော့ဘဲ လေပွေများထဲ သိမ်းကျုံးဆွဲငင်ခံလိုက်ရသည်။ ကြီးမားလှသော မီးလေပွေကြီးက တဝီးဝီးလည်ကာ သူတို့ကို ကောင်းကင်ယံသို့ ပင့်မြှောက်ပေးလိုက်၏။

ဒင် ဒင် ဒင်

ဓားများ အကြိမ်တစ်ရာကျော် ထိခတ်သွားပြီး အလျားလိုက်ဓားရောင်တစ်ချက်က မီးလေပွေကို ပိုင်းဖြတ်သွား၏။ ချင်မူနှင့် ပန်ကုန်းစုန်က ခန္ဓာကိုယ်များကို လျင်မြန်စွာ လှည့်လိုက်သော်လည်း သူတို့ ဟန်ချက်မထိန်းနိုင်ခင် ကိုက်သုံးရာထူသည့် သဲမြွေကြီးတစ်ကောင်က နားကွဲလုမတတ် တွန်ကာ ပါးစပ်ကြီးဖြဲလျက် သူတို့အား လှမ်းဟပ်သည်။

အစစ်အမှန်ကောင်းကင်မယ်တော်ကြီးနှင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ၏ တိုက်ပွဲကွင်းပြင်မှာ အလွန်ပြင်းထန်လွန်း၏။ နတ်ဘုရားနှစ်ပါးမှ ဖြာထွက်လာသော တုန်ခါလှိုင်းများကိုပင် တောင့်မခံနိုင်၍ သူတို့နှစ်ယောက်လုံး သဲမုန်တိုင်းထဲတွင် အချိန်မရွေး သေသွားနိုင်သည်။

ပန်ကုန်းစုန်က သဲမြွေကြီးကို ရှောင်တိမ်းပြီးနောက် သဲမုန်တိုင်းအပြင် ပြေးထွက်သွားသည်။ သို့သော် ထိုအခိုက်အတန့်တွင် အလွန်ကျယ်လောင်‌သော ခြေသံကြီး ထွက်ပေါ်လာ၍ ချင်မူနှင့် ပန်ကုန်းစုန် မှင်သက်သွား၏။

ဧရာမမြေထုကြီးက သဲကန္တာရထဲတွင် ရွေ့လျားနေသည်။ ၎င်းဖြတ်လာတိုင်း ဟင်းလင်းပြင်မှာ တွန့်လိမ်ပုံပျက်သွားပြီး တုန်ခါမှုများမှ လှိုင်းဂယက်များ ဖြစ်ပေါ်လာသည်။

ပုံမှန်အားဖြင့် ဟင်းလင်းပြင်အား မမြင်ရသော်လည်း နေသင်္ဘော၏ နင်းခြေခြင်းခံလိုက်ရသည်နှင့် ဟင်းလင်းပြင်အတွန့်အခေါက်များအား အမှန်တကယ် မြင်လာရသည်။

“ပြေး” ပန်ကုန်းစုန် အော်ဟစ်လိုက်သော်လည်း သဲမုန်တိုင်းထဲတွင် သူ့အသံ တိမ်မြုပ်သွား၏။

ချင်မူ တရှိန်ထိုး ပြေးရန် ကြိုးစားသော်လည်း ထော့ကျိုး၏ ကောင်းကင်ခိုးယူခြေလှမ်းသိုင်းကို ထုတ်လွှတ်သည့်အချိန်တွင်ပင် မြန်မြန်မပြေးနိုင်ပေ။ လေက ကြမ်းလွန်း၏။

မယုံနိုင်လောက်အောင် ပြင်းထန်အားကောင်းသည့် နတ်ဘုရားအရှိန်အဝါ ဖြာထွက်လာသည့်အခါ ထိတိုက်မှုကြောင့် နှစ်ယောက်လုံး သွေးအန်ကြရသည်။ ချင်မူ၏ အစစ်အမှန်နဂါးလောကသခင်ခန္ဓာနှင့် ပန်ကုန်းစုန်၏ လိပ်နက်ဒိုင်းပင် တောင့်မခံနိုင်ပေ။

သူတို့၏သိုင်းအဆင့်က သေချာပေါက် ခုနစ်စဉ်ကြယ်အဆင့်၏ အထွတ်အထိပ်တွင် ဖြစ်၏။ ကောင်းကင်နတ်အသွင်အဆင့်ထံမှ ခြေတစ်လှမ်းသာ ဝေးကွာတော့သော်လည်း သဲမုန်တိုင်း၏ နတ်ဘုရားအရှိန်အဝါမှာ အားကောင်းလွန်းပေသည်။

ဘန်း ဘန်း

ချင်မူမှာ နေသင်္ဘော၏ ခြေထောက်တစ်ချောင်းနှင့် ရိုက်မိသွားပြီး ကုပ်တွယ်ထားလိုက်သည်။ သဲလေကြမ်းများက သူ့မျက်နှာကို ပွတ်တိုက်နေပြီး ဟင်းလင်းပြင်အတွန့်အခေါက်များကြောင့် သူ့ခန္ဓာကိုယ်မှာ ပေနှစ်ဆယ်ကျော် ရှည်ထွက်သွားသည်။ ဦးနှောက်လည်း စူးအောင်နာကျင်လာသကဲ့သို့ ခံစားနေရပြီး မြင်ကွင်းသည်ပင် ထူးဆန်းလာ၏။

သူ့အနောက်တွင် ပန်ကုန်းစုန်မှာလည်း ဂျုံခေါက်ဆွဲကဲ့သို့ ဆွဲဆန့်ခံနေရပြီး နေသင်္ဘော၏ ခြေထောက်ကို ကျားကုပ်ကျားခဲ ဖက်ထားသည်။

ထိုအားလှိုင်းပြီးနောက် လေကြမ်းများ အားနည်းသွား၍ ချင်မူက ဓားကို လက်နှစ်ဖက်လုံးဖြင့် မြှောက်ကာ လျင်မြန်စွာ လွှဲယမ်းရင်း ရန်သူရှိသော နေသင်္ဘော၏ ခြေထောက်ဆီ ခုတ်ချလိုက်သည်။

ပန်ကုန်းစုန်က လိပ်ခွံကို နင်း၍ ဓားပင့်မြှောက်ကာ ခုခံသည်။ ထို့နောက် အင့်ခနဲ ညည်းလိုက်ရပြီး သူ့ခြေထောက်၌ ဓားခုတ်ရာ ပွင့်ထွက်သွား၏။

ဘုန်း

နေသင်္ဘောဆီမှ လှိုင်းများ ဖြာထွက်လာပြန်ပြီး ဤတစ်ကြိမ်တွင် သူတို့နှစ်ယောက်အား လုံးသွားသည့်တိုင်အောင် ဖိညှပ်လိုက်သည်။

ထိုအချိန်တွင် ဓားရောင်တစ်ချက်က သဲမုန်တိုင်းအား ပိုင်းချလိုက်သည်ကို ချင်မူ မြင်လိုက်ရသည်။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ကြောက်မက်ဖွယ်ရာလှိုင်းများကို ဖြတ်၍ နေသင်္ဘောဆီသို့ လျှောက်လာပြီး သူ၏ဓားရောင်က တိုင်လေးတိုင်အကြားရှိ အစစ်အမှန်ကောင်းကင်မယ်တော်ကြီး၏ ခေါင်းကို နှစ်ခြမ်းခွဲပစ်လိုက်၏။ သို့သော် အစစ်အမှန်ကောင်းကင်မယ်တော်ကြီးက ရက်စက်ကြမ်းကြုတ်စွာ ပြုံးလိုက်ပြီး အနက်ရောင်နေလုံးကြီးက ဧကရာဇ်အတိုင်ပင်ခံ၏ကျောဆီသို့ ပြေးဝင်လာသည်။

နေလုံးကြီးသည် နေသင်္ဘောအပေါ်ရှိ အရာအားလုံးကို တိုက်ချပြီး အဆုံးထိ လိမ့်ကျသွားကာ နေသင်္ဘောကို ဇောက်ထိုးမှောက်ခုံ လှန်သွားစေ၏။

ပြင်းထန်အားကောင်းလှသည့် လေမုန်တိုင်းကြီးတစ်လုံးကြောင့် ချင်မူမှာ လွင့်ထွက်သွားသည်။ လေမုန်တိုင်းကြီးက ကမူးရှူးထိုး တိုက်ခတ်နေပြီး မီးကန္တာရကို ဝါးမြို‌နေသည်။ နဂါးချီလင်ပင်လျှင် ယက်ကန်ယက်ကန် မြောက်တက်သွား၏။ များစွာမကြာလိုက်ဘဲ ချင်မူနှင့် နဂါးချီလင်မှာ ကံတရားကို အရှုံးပေးလိုက်ပြီး လေမုန်တိုင်းကြီးနှင့်အတူ လိုက်ပါသွားလိုက်တော့သည်။

All Chapters